← Chapters

အခန်း (၁၃၆)

Vol. 14 Ch. 136

အခန်း (၁၃၆)

Vol. 14 Ch. 136

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၁၃၆)

ကျောက်ဖုန်းကလည်း ရန်သူစစ်တပ်ထဲ တိုးဝင်သွားပြီး အပြင်းအထန် သတ်ဖြတ်တော့သည်။ သူ၏ စွမ်းအားနှင့် ဝေစစ်သည်များက သူ၏ လှံတစ်ချက်ကို မခုခံနိုင်ကြပေ။

မြို့တံခါးမှ ဝေစစ်သည်များကို ရှင်းလင်းပြီးနောက် ကျောက်ဖုန်းတို့က ရပ်တန့်ခြင်းမရှိပေ။ သူတို့က မြို့ရိုးပေါ်ကို တက်သွားပြီး ထိုနေရာမှ အစောင့်များကို လျင်မြန်စွာ သတ်ဖြတ်လိုက်ကြသည်။

မြို့ရိုးပေါ်မှ တိုက်ခိုက်သံများကို ကြားသောအခါ ကျန်းဟန်က စစ်သည်ကိုးထောင်ကို ဦးဆောင်ပြီး ရှန်းဝေမြို့ဆီသို့ ချီတက်လာကြသည်။ သူတို့က တံခါးအတိုင်း လျင်မြန်စွာ ဝင်ရောက်လာပြီး စတင်သတ်ဖြတ်လေတော့သည်။

" ချင်စစ်သည်တို့ ငါ့အမိန့်ကို နာခံကြ။ " ကျောက်ဖုန်း၏ အသံက ထွက်ပေါ်လာသည်။ " မြို့တစ်ခုလုံးကို သိမ်းပိုက်ကြ။ ဝေစစ်သည်တစ်ယောက်မှ မချန်နဲ့။ ဒီတိုက်ပွဲမှာ ငါ လက်နက်ချတာကို လက်မခံပါဘူး။ "

သူက ရန်သူနယ်မြေထဲသို့ လူတစ်သောင်းတည်းနှင့် ဝင်ရောက်လာခြင်းဖြစ်သည်။ သုံ့ပန်းများကို ဖမ်းဆီးခြင်းက ဝန်ထုပ်ဝန်ပိုး ဖြစ်စေပေလိမ့်မည်။ အထူးသဖြင့် ဝေနိုင်ငံက ဟန်လက်နက်ချစစ်သည်များနှင့် မတူဘဲ အားကောင်းဆဲနိုင်ငံတစ်ခုဖြစ်နေသောကြောင့်ဖြစ်သည်။

အကယ်၍ သူတို့က လက်နက်ချစစ်သည်များကို အသက်ချမ်းသာခွင့်ပေးလိုက်လျှင် သူတို့၏ အလစ်ငိုက်တိုက်ခိုက်မည့် အစီအစဉ်ကို ထိခိုက်သွားစေပေလိမ့်မည်။ အောင်ပွဲအတွက် စစ်မှန်သော လမ်းစဉ်က ညှာတာမှုမရှိ တိုက်ခိုက်ပြီး ရှန်းဝေမြို့မှ တပ်စွဲထားသော ဝေစစ်တပ်ကို အပြတ်အသတ် ချေမှုန်းရန်သာ ဖြစ်သည်။

" စစ်သူကြီးရဲ့ အမိန့်အတိုင်းပါ။ " ချင်စစ်သည်များက တစ်ညီတစ်ညွတ်တည်း ပြန်ဖြေလိုက်သည်။

ကျန်းဟန်နှင့် တပ်မှူးများက စစ်သည်များကို ဦးဆောင်ပြီး ရှန်းဝေမြို့၏ ထောင့်တိုင်းကို အရှိန်အဟုန်နှင့် ထိုးဖော်ဝင်ရောက်ခဲ့သည်။ မြို့က သိပ်မကြီးဘဲ မကြာမီ အော်ဟစ်သံများက မြို့တစ်ခုလုံး လွှမ်းခြုံသွားတော့သည်။

ထိုမြို့က ကျောက်ဖုန်း၏ အလစ်ငိုက်တိုက်ခိုက်မှုကြောင့် ထိုးဖောက်ခံလိုက်ရခြင်းဖြစ်သည်။ မြစ်ကို ဖြတ်ကျော်စဉ်ကအတိုင်း ဝေစစ်တပ်ကို လုံးဝ အငိုက်မိသွားစေခဲ့သည်။ ထို့အပြင် ညပိုင်းစီးနင်းတိုက်ခိုက်မှုဖြစ်သောကြောင့် ခုခံရန် ပိုပြီးခင်ခဲသွားစေခဲ့သည်။

ကျောက်ဖုန်းက သူ၏ တပ်ဖွဲ့များကို မနားတမ်း တိုက်စစ်ဆင်ရန် ဦးဆောင်နေသည်။ သူ၏ စစ်မြင်းက ဖြတ်ကျော်သွားချိန်တွင် သူ၏ လှံရှည်က ဝေစစ်သည်များ၏ အသက်များကို နုတ်ယူသွားခဲ့သည်။

ညအမှောင်ထု၏ အောက်တွင် ကျောက်ဖုန်းက ဘာကိုမှမချန်ထားဘဲ အစွမ်းကုန်ထုတ်သုံးလေသည်။ သူက လက်တစ်ဖက်နှင့် လှံရှည်ကို ဝှေ့ရမ်းပြီး ကျန်လက်တစ်ဖက်နှင့် အစစ်အမှန်ချီများကို စုစည်းကာ ရှေ့တွင် ရှိနေသော ဝေစစ်သည်များဆီသို့ ပစ်လွှတ်လိုက်သည်။

လက်ဝါးတစ်ချက် တွန်းလိုက်ရုံနှင့် ပြင်းထန်သော ချီလှိုင်းလုံးကြီးက အပြင်ဘက်သို့ ပေါက်ကွဲသွားသည်။ ခဏအတွင်း ဝေစစ်သည်ဆယ်ယောက်ကျော်က ထိုစွမ်းအားအောက်တွင် နစ်မြှုပ်သွားပြီး နေရာတင်သေဆုံးသွားကြသည်။

" ဝေစစ်သည်တစ်ယောက်ကို သတ်ဖြတ်ပြီး ခွန်အား ၅မှတ် ရရှိပါတယ်။ "

" ဝေစစ်သည်တစ်ယောက်ကို သတ်ဖြတ်ပြီး အမြန်နှုန်း ၅မှတ် ရရှိပါတယ်။ "

ကျောက်ဖုန်း၏ စိတ်ထဲတွင် အသိပေးချက်များ ဆက်တိုက်ထွက်ပေါ်လာပြီး သူ့ကို ပိုမိုသတ်ဖြတ်ရန် တွန်းအားပေးနေသည်။ ထိုအချိန်တွင် သူက လူများ၏ ဝိညာဉ်များကို အသည်းအသန် ရိတ်သိမ်းနေသော သေမင်းတမန်တစ်ယောက်နှင့် တူနေသည်။

သူ၏ စွမ်းအား အပြည့်အဝကို ထုတ်ဖော်လိုက်သောအခါ သူတစ်ယောက်တည်းနှင့် စစ်သည်တစ်ထောင်ကို ရင်ဆိုင်နိုင်စွမ်းရှိသွားသည်။ သူ၏ စစ်မြင်းဖြတ်သွားသော နေရာတိုင်းတွင် အလေယင်းများပြည့်နှက်နေသော ငရဲခန်းတစ်ခုသဖွယ် ဖြစ်သွားသည်။ သတ်ဖြတ်မှုများက ရှန်းဝေတစ်မြို့လုံးကို ဖုံးလွှမ်းသွားသည်။

ရှန်းယန်မြို့တော် နံနက်ခင်းညီလာခံတွင်။

" အစီရင်ခံပါတယ်။ " သတင်းပို့သူတစ်ယောက်က အော်ဟစ်လိုက်သည်။

" ယင်ချွမ်းက အရေးပေါ်သတင်းပါ။ ဝေဝူကျိက သူ့ရဲ့ အသန်မာဆုံး တပ်ဖွဲ့ဖြစ်တဲ့ ဝေဝူတပ်ဖွဲ့ကို စေလွှတ်လိုက်ပါပြီ။ သူတို့က ဝေမြို့က စစ်တပ်နဲ့ အပြင်းအထန် တိုက်ခိုက်နေပါတယ်။ လက်ရှိအခြေအနေကိုတော့ မသိရသေးပါဘူး။ " ယွီလျောင်က အစီရင်ခံလိုက်သည်။

" ဝေဝူတပ်ဖွဲ့လား။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။ " ဒါက ဝေဝူကျိရဲ့ နောက်ဆုံးလက်နက်ဖြစ်မှာပဲ။ ဝေမြို့မှာ သူတို့ကို ဒီလောက်အစောကြီး အသုံးပြုရတယ်ဆိုကတည်းက သူတကယ်အကျပ်ရိုက်နေတဲ့ပုံပဲ။ "

သူက ဝေဝူတပ်ဖွဲ့အကြောင်းကို ကောင်းကောင်းသိနေသည်။ သို့သော် ဝေမြို့က ဆက်တိုက်တိုက်ခိုက်မှုများကို ကြံ့ကြံ့ခံနိုင်ခဲ့သည်။ ဝေဝူကျိအနေဖြင့် ဝေဝူတပ်ဖွဲ့ကို အသုံးပြုလိုက်သောကြောင့် မြို့ကို ထိုးဖောက်ရန် အခြားနည်းလမ်းမရှိတော့သည်ကို ပြသနေသည်။

ထို့ကြောင့် ကျောက်ဖုန်း၏ ကာကွယ်မှုအောက်တွင် ဝေမြို့က စိတ်ချရသည်ဟု ရင်ကျန့်ကို ကောက်ချက်ချသွားစေသည်။

" ဝေဝူတပ်ဖွဲ့က ဝေနိုင်ငံမှာ အသန်မာဆုံးပဲ။ " ယွီလျောင်က ပြုံး၍ ပြောလိုက်သည်။ " ဝေဝူကျိက သူတို့ကို သုံးရတယ်ဆိုတော့ ဝေမြို့ရဲ့ ခုခံမှုက ဘယ်လောက်ကြောက်စရာကောင်းတယ်ဆိုတာ ပြနေတာပဲ။ စစ်သူကြီးကျောက်ဖုန်းက အရှင်မင်းကြီးကို စိတ်ပျက်စေမှာမဟုတ်ဘူးလို့ ကျွန်တော်မျိုး ယုံကြည်ပါတယ်။ "

" ဝန်ကြီးယွီ စကားကို အလောတကြီး မပြောပါနဲ့ဦး။ " ဟွိုက်ကျွမ်းက ရှေ့သို့ တိုးလာသည်။ သူက သူ၏ ညီလာခံတက်ရောက်ခွင့်တံဆိပ်ကို မြှောက်ပြီး ပြောလိုက်သည်။

" အရှင်မင်းကြီး ကျွန်တော်မျိုးက ဝေမြို့နဲ့ ပက်သက်တဲ့ လျို့ဝှက်အစီရင်ခံစာတစ်ခုကို ရရှိထားပါတယ်။ ဒါက ယင်ချွမ်းခရိုင်တစ်ခုလုံးရဲ့ လုံခြုံရေးနဲ့ သက်ဆိုင်နေပါတယ်။ "

" ပြောစမ်း။ " ရင်ကျန့်က ဟွိုက်ကျွမ်းကို ကြည့်ပြီး ပြောလိုက်သည်။

" ကျောက်ဖုန်းက ဝေမြို့မှာ မရှိတော့တာ ဖြစ်နိုင်ပါတယ်။ " ဟွိုက်ကျွမ်းက ပြောလိုက်သည်။

ထိုစကားများကြားသောအခါ ခန်းမထဲမှ လူအားလုံးက အံ့ဩတုန်လှုပ်သွားကြသည်။ ရန်သူ၏ ပြင်းထန်သော တိုက်ခိုက်နေချိန်တွင် မြို့စောင့်စစ်သူကြီးက တာဝန်ကျရာနေရာတွင် မရှိခြင်းက ကြီးလေးသော တာဝန်ပျက်ကွက်မှုပင်ဖြစ်သည်။

ပလ္လင်ပေါ်မှ ရင်ကျန့်ကလည်း မျက်မှောင်ကြုတ်သွားသည်။ " ကျောက်ဖုန်းက မြို့ထဲမှာမရှိရင် သူက ဘယ်မှာလဲ။ "

" အဲ့ဒါနဲ့ပက်သက်လို့ ကျွန်တော်မျိုး သေချာမသိသေးပါဘူး။ လျို့ဝှက်အစီရင်ခံစာထဲမှာ ကျောက်ဖုန်းက မြို့ထဲမှာ မရှိဘူးလို့ပဲ အတည်ပြုရသေးတာပါ။ " ဟွိုက်ကျွမ်းက ပြန်ဖြေလိုက်သည်။

" ဖြစ်နိုင်တာက ဝန်ကြီးဟွိုက်က အရမ်းစိုးရိမ်နေတာဖြစ်နိုင်ပါတယ်။ " ယွီလျောင်က ပြောလိုက်သည်။ " ကျောက်ဖုန်းကို ဝေမြို့ကို ခုခံဖို့ အမိန့်ပေးထားတာပါ။ ခုခံရေးကိစ္စတွေအားလုံးက သူ့ရဲ့ ကွပ်ကဲမှုအောက်မှာပဲ ရှိပါတယ်။ သူ့ရဲ့ စီစဉ်မှုတွေမှာ အကြောင်းပြချက်ရှိမှာပါ။ "

" အရှင်မင်းကြီး " ဟွိုက်ကျွမ်းက သစ္စာရှိသော အမူအရာနှင့် ပြောလိုက်သည်။ " ကျွန်တော်မျိုး စိုးရိမ်တာက ကျောက်ဖုန်းက တာဝန်ကို စွန့်ခွာသွားတဲ့အပြင် ကျွန်တော်မျိုးတို့ နိုင်ငံကို သစ္စာဖောက်ပြီး ရန်သူဘက်ကို ကူးပြောင်းသွားမှာကိုပါ။ အဲ့ဒါကြောင့် အရှင်မင်းကြီး သတိပြုရအောင် တင်ပြရတာပါ။ "

" ဝန်ကြီးဟွိုက် မင်းစည်းကျော်နေပြီ။ " ရင်ကျန့်က အပြစ်တင်သော လေသံနှင့် ပြောလိုက်သည်။

" အရှင်မင်းကြီး စိတ်လျှော့ပါ။ " ဟွိုက်ကျွမ်းက ချက်ချင်း ဦးညွှတ်လိုက်သည်။ " ကျွန်တော်မျိုးစကားပြောတာ လွန်သွားတာမှန်ပါတယ်။ ဒါပေမယ့် ကျွန်တော်မျိုး ပြောသမျှက ချင်နိုင်ငံရဲ့ ကောင်းကျိုးအတွက်ပါ။ "

သူက နောက်ဆက်တွဲဖြစ်လာမည့် ကိစ္စများအတွက် လမ်းခင်းနေခြင်းသာဖြစ်သည်။ အကယ်၍ ဝေမြို့သာ ကျဆုံးသွားလျှင် ကျေက်ဖုန်းကို တာဝန်ပျက်ကွက်မှုအပြင် ထိုထက်ကြီးလေးသော ပြစ်မှုများနှင့် စွဲချက်တင်နိုင်မည်ဖြစ်သည်။

" ဝန်ကြီးယွီ စစ်ပွဲအခြေအနေကို ဆက်ပြီး အစီရင်ခံပါ။ " ရင်ကျန့်က ဟွိုက်ကျွမ်းကို ပြန်လွှတ်လိုက်ပြီး ယွီလျောင်ဘက်သို့ လှည့်လိုက်သည်။

" အရှင်မင်းကြီး မြောက်ဘက်နယ်စပ်က တိုက်နယ်မြေမှာ စစ်သေနာပတိချုပ် မုန့်ဝူက စစ်သေနာပတိချုပ် လီမုနဲ့ ရင်ဆိုင်နေပါတယ်။ " ယွီလျောင်က ဆက်လက်အစီရင်ခံလိုက်သည်။ " သူက လက်ရှိမှာ တိုက်ခိုက်ရင်း နောက်ဆုတ်တဲ့ နည်းဗျူဟာကို အသုံးပြုပြီး အဆုံးအဖြတ်ပေးမယ့် ထိပ်တိုက်ရင်ဆိုင်မှုတွေကို ရှောင်ရှားနေပါတယ်။ "

" စစ်သေနာပတိချုပ် မုန့်ဝူက မြောက်ဘက်နယ်စပ်အတွက် စိုးရိမ်စရာမလိုဘဲ သူက လီမုကို အမြဲတမ်းထိန်းထားနိုင်ကြောင်း အစီရင်ခံပါတယ်။ "

" ကျောက်နိုင်ငံရဲ့ နယ်စပ်မှာတော့ စစ်သေနာပတိချုပ် ဝမ်ကျန့်က သူ့ရဲ့ စစ်တပ်ကို ချွီယန်မြို့ရိုးအထိ ဦးဆောင်သွားပြီး မြို့သိမ်းတိုက်ပွဲကို စတင်နေပါပြီ။ ဒါပေမယ့် လျန်ပိုက ခံစစ်မှာ ကျွမ်းကျင်လို့ မြို့ကို အမြန်သိမ်းဖို့တော့ မလွယ်ကူပါဘူး။ " ယွီလျောင်က ပြောလိုက်သည်။

" လျန်ပိုက ဘယ်လိုလူလဲဆိုတာ ငါသိပါတယ်။ " ရင်ကျန့်က ပြောလိုက်သည်။ " စစ်သေနာပတိချုပ်ဝမ်ကျန့်ဆီကို ငါ့ရဲ့ အမိန့်တော်ပို့လိုက်။ စစ်သေနာပတိချုပ် စစ်မြေပြင်မှာရှိနေရင် မြို့တော်မှာရှိတဲ့ ငါက ​ဝင်ရောက်စွက်ဖက်မှာမဟုတ်ဘူးလို့ ပြောလိုက်။ လျန်ပိုကို သူ့စိတ်ကြိုက်ရင်ဆိုင်နိုင်တယ်။ သူ့ရဲ့ ရိက္ခာလမ်းကြောင်းတွေ ပွင့်နေဖို့ ငါအာမခံသလို စစ်တပ်ကို ကွပ်ကဲဖို့ အကြွင်းမဲ့အာဏာကိုလည်း သူ့ကို ငါပေးမယ်။ "

" အရှင်မင်းကြီးက အမြော်အမြင်ကြီးမားလှပါတယ်။ " ယွီလျောင်က ပြောလိုက်သည်။

" ကျောက်ယန်က ယန်နိုင်ငံကနေ သူ့စစ်တပ်တွေကို မရုတ်သိမ်းတာက လျန်ပိုက နယ်စပ်ကို ကာကွယ်နေလို့ပဲ။ အဲ့ဒီနယ်စပ်ကို ဖောက်ထွက်နိုင်တာနဲ့ ကျောက်ယန်က ယန်နိုင်ငံကစစ်တပ်ကို ဆုတ်ခွာဖို့ကလွဲပြီး အခြားရွေးချယ်စရာမရှိ​တော့ဘူး။ အဲ့ဒီအချိန်ကျရင် တကယ်စစ်ပွဲကြီးစတင်မှာပဲ။ " ရင်ကျန့်က တည်ငြိမ်စွာ ပြောလိုက်သည်။

သူက ကျောက်နိုင်ငံကို အမြစ်ပြတ်ချေမှုန်းမည့် ထိုစစ်ဆင်ရေးကို အထူးအလေးထားလေသည်။ ကျောက်နိုင်ငံကို သိမ်ပိုက်ပြီးသည်နှင့် ချင်နိုင်ငံ၏ အခြားနိုင်ငံများကို သိမ်းပိုက်မည့် အနာဂတ်က ပိုမိုလွယ်ကူသွားမည်ဖြစ်ပြီး အရှေ့ဘက်သို့ နယ်မြေချဲ့ထွင်မည့် လမ်းကြောင်းကလည်း ပွင့်သွားပေလိမ့်မည်။

" ကျောက်နိုင်ငံကို အမြစ်ပြတ်ချေမှုန်းရမယ်။ တစ်နှစ်နဲ့မပြီးရင် နှစ်နှစ် နှစ်နှစ်နဲ့ မပြီးရင် သုံးနှစ် ဒီစစ်ပွဲက စစ်တပ်အချင်းချင်း ယှဉ်ပြိုင်တိုင်တာတင်မကဘဲ နိုင်ငံအချင်းချင်း ယှဉ်ပြိုင်တာလည်းဖြစ်တယ်။ ဒီတစ်ကြိမ်မှာ ကျောက်နိုင်ငံကို မဖြစ်မနေ ဖျက်ဆီးပစ်ရမယ်။ "

All Chapters