အခန်း (၁၃၈)
Vol. 14 Ch. 138
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၁၃၈)
" ဝေစစ်တပ်က နောက်ဆုတ်သွားပြီ။ "
ဝေချွမ်၊ တုဆွေနှင့် အခြားသူများကလည်း ရန်သူများ ဆုတ်ခွာသွားကြသည်ကို ကြည့်ပြီး ကြောင်သွားကြသည်။
သို့သော် ဝေစစ်တပ်က မြို့ကို ထိုးဖောက်ရန် ခုနှစ်ရက်တိုင်တိုင် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ကြသည်။ ယခု သူတို့ ဆုတ်ခွာသွားပြီဖြစ်သောကြောင့် နောက်တစ်ကြိမ် အခွင့်အရေး ရှိတော့မည်မဟုတ်ပေ။
" ဒါက စစ်သူကြီးရဲ့ အလစ်ငိုက်တိုက်ခိုက်မှုကြောင့်ဖြစ်ရမယ်။ " တုဆွေက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ " သူက ဝေစစ်တပ်ရဲ့ ရိက္ခာလမ်းကြောင်းကို ဖြတ်တောက်ပြီး အခု သူတို့ နောက်ကျောကနေ တိုက်ခိုက်နေပြီ။ "
သူ့ဘေးမှ စစ်သည်များက သူဘာကိုဆိုလိုသည်ကို နားမလည်ကြပေ။ ကျောက်ဖုန်း၏ အလစ်ငိုက်တိုက်ခိုက်မည့်အစီအစဉ်ကို သူအယုံကြည်ရဆုံး လူအနည်းငယ်သာ သိထားကြသည်။ သူတို့ ဝေမြို့မှ ထွက်သွားချိန်မှာပင် လျို့ဝှက်စွာ လုပ်ဆောင်ခဲ့ကြသည်။
" ညီအကိုတို့..." တုဆွေက သွေးများပေနေသော သူ၏ ဓားကို မြှောက်ပြီး ပြောလိုက်သည်။ " ငါတို့က ဝေစစ်တပ်ရဲ့ ဖိနှိပ်မှုကို ခံခဲ့ရတာကြာပြီ။ အခု ငါတို့ တန်ပြန်တိုက်ခိုက်ရမယ့် အချိန်ရောက်ပြီ။ "
" တပ်ဖွဲ့အားလုံး ငါ့အမိန့်ကို နာခံကြ။ ဝေစစ်တပ်နောက်ကို လိုက်ကြ။ သတ်...."
" ဒီခွေးမသားတွေကို သတ်ကြ..."
ထိန်းချုပ်ထားသော ဒေါသများက နောက်တုံးတွင် ပေါက်ကွဲထွက်လာပြီး ချင်စစ်သည်များက နောက်မှ လိုက်လံတိုက်ခိုက်ကြတော့သည်။ လေးသည်တော်များက နောက်ဆုတ်နေသော ဝေစစ်တပ်ဆီသို့ မြားများနှင့် ဆက်တိုက် ပစ်ခတ်လိုက်ကြသည်။
ဝေမြို့၏ တစ်ဖက်ခြမ်းတွင် စစ်သည်နှစ်သောင်းက မြို့ရိုးအနီးတွင် စစ်ဗျူဟာ ခင်းထားကြသည်။
" တပ်မှူးတို့ကို အစီရင်ခံပါတယ်။ " မြင်းစီးကင်းထော်က ချန်တောက်နှင့် ကျောက်ထို့ဆီသို့ ရောက်လာသည်။ " ဝေမြို့ကနေ ဆုတ်ခွာတဲ့ အချက်ပေးသံကို ကြားရပါတယ်။ အကြောင်းကိုတော့ သေချာမသိရပါဘူး။ "
" ဆုတ်ခွာဖို့ အချက်ပေးသံလား။ " သူတို့နှစ်ယောက်က သံသယများနှင့် အံ့ဩစွာ ကြည့်လိုက်ကြသည်။
" ဝေစစ်တပ်က တကယ်ပဲ ဆုတ်ခွာသွားတာလား။ " ချန်တောက်က အံ့ဩစွာ မေးလိုက်သည်။
" မဖြစ်နိုင်ဘူး။ " ကျောက်ထို့က ခေါင်းခါလိုက်သည်။
" ဝေစစ်တပ်က သူတို့ရဲ့ ဝေဝူတပ်ဖွဲ့ကိုတောင် ထုတ်သုံးထားပြီးပြီ။ ခုနှစ်ရက်၊ ရှစ်ရက် အသည်းအသန် တိုက်ခိုက်နေပြီးမှ ဘာလို့နောက်ဆုတ်သွားတာလဲ။ "
ဝေစစ်တပ်၏ နောက်ကျောဘက်တွင် စစ်သည်များစွာက ဝေဝူကျိ၏ ပတ်လည်တွင် ပြန်လည်စုစည်းနေကြသည်။ သို့သော် ထိုအချိန်တွင် အနက်ရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားသော ပုံရိပ်တစ်ခုက မြင်းစီးရင်း လှံရှည်ကို ကိုင်ကာ သူတို့နောက်မှ လျင်မြန်စွာ ပြေးလာသည်။
သူ၏ နောက်တွင် အနက်ရောင်ချပ်ဝတ်နှင့် ချင်စစ်သည်ထောင်ချီက လိုက်ပါလာကြသည်။
" လေးသည်တော်တို့ ပြင်ဆင်ကြ။ " ကျောက်ဖုန်းက ဝေစစ်တပ်နှင့် နီးကပ်လာသည်ကို ကြည့်ပြီ သူ၏ လှံကို မြှောက်ကာ အမိန့်ပေးလိုက်သည်။
" ဟေ့ ဟေ့ ဟေ့...." စစ်သည်များ၏ ကြွေးကြော်သံများက ကောင်းကင်ကို တုန်ခါသွားစေသည်။ ထို့နောက် မြားပေါင်းများစွာက ဝေစစ်တပ်ပေါ်သို့ မိုးများသဖွယ် ရွာကျလာသည်။
ခဏအတွင်း နောက်ဆုတ်နေသော ဝေစစ်တပ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း ခံလိုက်ရသည်။ ဤတစ်ကြိမ်တွင် ကျောက်ဖုန်း၏ တပ်ဖွဲ့က လက်နက်များကိုသာမက လေးနှင့်မြားများကိုပါ ပြင်ဆင်ထားကြပြီး ကြောက်စရာကောင်းသော တိုက်ခိုက်နိုင်စွမ်းကို ပိုင်ဆိုင်ထားကြသည်။
ယခုအချိန်တွင် ကျောက်ဖုန်းက စစ်သည်ငါးထောင်ကိုသာ ဦးဆောင်ခဲ့ပြီး ကျန်သော လေးထောင်က ရှန်းဝေမြို့ကို ခုခံရန် ကျန်ရစ်ခဲ့ကြသည်။ ဝေစစ်တပ်၏ ရိက္ခာလမ်းကြောင်းနှင့် ထွက်ပြေးမည့် လမ်းကြောင်းကို ဖြတ်တောက်ရန် အသည်းအသန် အားထုတ်ခဲ့ပြီး ထိုနေရာကို ထိန်းထားရန် အင်အားချန်ထားခြင်းက သဘာဝကျပေသည်။
" သတ်ကြ..." ကျောက်ဖုန်းက ဟိန်းဟောက်လိုက်သည်။
သူက ဝေစစ်တပ်ဆီသို့ ပထမဆုံး ထိုးဖောက်ဝင်ရောက်သူဖြစ်သည်။ သူက အာဏာရှင်လှံထဲသို့ အစစ်အမှန်ချီများထည့်သွင်းပြီး ဝှေ့ရမ်းလိုက်သည်။ အစစ်အမှန်ချီများ၏ အားဖြည့်မှုကြောင့် လှံအလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။
ဝေစစ်သည်ဆယ်ယောက်ကျော်က တုန့်ပြန်ချိန်မရဘဲ လွင့်စင်သွားကြပြီး လေထဲမှ လှံအလင်းများက သူတို့၏ ခန္ဓာကိုယ်များကို ထိုးဖောက်သွားသည်။ ထိုကဲ့သို့ ဖရိုဖရဲဖြစ်နေသော စစ်မြေပြင်တွင် ကျောက်ဖုန်းက သူ၏ အစစ်အမှန်စွမ်းအားကို ထုတ်ပြရန် မကြောက်ပေ။ အကြောင်းမှာ ၎င်းကို မြင်လိုက်သူမှန်သမျှက မကြာခင် သေဆုံးရတော့မည်ဖြစ်သောကြောင့် ဖြစ်သည်။
" ဝေစစ်သည်တစ်ယောက်ကို သတ်ဖြတ်ပြီး ခွန်အား ၅မှတ် ရရှိပါတယ်။ "
" ဝေစစ်သည်တစ်ယောက်ကို သတ်ဖြတ်ပြီး..... "
အသိပေးချက်များ ထွက်ပေါ်လာသည်။ ကျောက်ဖုန်းက သူ၏ မြင်းကို ဝေစစ်တပ်ဆီသို့ တိုက်ရိုက်မောင်းနှင်သွားသည်။
" စစ်ဗျူဟာခင်ကြ။ မြားတွေပစ်ကြ...." ဝေပေါက ချက်ချင်း ဟိန်းဟောက်လိုက်သည်။
ရှေ့တန်းမှ ဝေစစ်သည်များက ဒိုင်းများကို မြှောက်ပြီး ဒိုင်းကာကြီးတစ်ခုကို တည်ဆောက်လိုက်ကြသည်။ သူတို့နောက်တွင် ဝေလေးသည်တော်များက ချက်ချင်း စုဝေးလာကြသည်။
သို့သော် ကျောက်ဖုန်းကတော့ ကြောက်ရွံ့ခြင်းမရှိပေ။ သူက ဒိုင်းကာများအနီးသို့ ရောက်သောအခါ သူ၏ အာဏရှင်လှံကို ဝေ့ရမ်းလိုက်ပြီး အစစ်အမှန်ချီနှင့် အားဖြည့်ထားသောကြောင့် လှံအလင်းတန်းများက အရပ်မျက်နှာအနှံ့သို့ လွင့်စင်နေသည်။
ဝုန်း ဝုန်း ဝုန်း....
" အား...."
ဒိုင်းများပျက်စီးသံများနှင့် နာကျင်စွာ အော်ဟစ်သံများက ထွက်ပေါ်လာပြီး သွေးစက်များက လေထဲသို့ လွင့်စင်သွားသည်။ ဝေစစ်တပ်၏ ဒိုင်းဗျူဟာက ချက်ချင်း ထိုးဖောက်ခံလိုက်ရသည်။
ကျောက်ဖုန်း၏ နောက်မှ ချင်စစ်တပ်က တိုက်စစ်ဆင်လာပြီး ရှေ့သို့တိုးရင်း မြားများဖြင့် ပစ်ခတ်လိုက်ကြသည်။ ထိတ်လန့်တကြား တိုက်ခိုက်နေသော ဝေစစ်တပ်က အကြီးအကျယ် အထိနာခဲ့သည်။
တစ်ချိန်တည်းတွင် ဝေမြို့ဘက်မှ ချင်စစ်သည်သောင်းချီက မြို့ရိုးမှ ထွက်ခွာလာပြီး ရန်သူများကို အသည်းအသန် လိုက်လံတိုက်ခိုက်ကြသည်။ ကျောက်ဖုန်းက လူအနည်းငယ်ကို ကွပ်ကဲရသော်လည်း ဝေစစ်တပ်ကို ဝန်းရံနိုင်ခဲ့သည်။
" အဲ့ဒီလူ... သူက ကျောက်ဖုန်းဖြစ်ရမယ်။ " ဝေဝူကျိက အဝေးမှ ကြောက်စရာကောင်းသော ချင်စစ်သူကြီးကို ကြည့်လိုက်သည်။
" သူပဲ ဖြစ်ရမယ်။ " ဝေတပ်မှူးက ပြောလိုက်သည်။
" ဒီလောက်ငယ်ငယ်လေးနဲ့ ချင်ရဲ့ လက်ထောက်စစ်သူကြီးဖြစ်လာတာလား။ "
" ချင်နိုင်ငံမှာ ဒီလောက်ငယ်ပြီး အရည်အချင်းရှိတဲ့ စစ်သူကြီးတစ်ယောက် ရှိနေတာက ငါတို့ ဝေနိုင်ငံအတွက် အနာဂတ်မှာ ကြီးမားတဲ့ ခြိမ်းခြောက်မှုပဲ။ " ဝေဝူကျိက သက်ပြင်းချလိုက်သည်။
" အရှင် " ဝေပေါက ကျယ်လောင်စွာ ပြောလိုက်သည်။ " ဒီကျောက်ဖုန်းက စစ်သည်အနည်းငယ်ပဲ ပါတယ်။ ကျွန်တော်မျိုး တိုက်စစ်ဆင်ပြီး သူ့ကို သတ်ချင်ပါတယ်။ "
ရှေ့ဆုံးမှ တိုက်စစ်ဆင်လာသော ကျောက်ဖုန်းကို ကြည့်ပြီး ဝေပေါ၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။ သူက ဤစစ်ဆင်ရေးတွင် ပါဝင်နိုင်ရန် ကြိုးစားခဲ့ရပြီး နောက်ဆုံးတွင် သူ့ကိုသူ သက်သေပြရန် အခွင့်အရေး ရခဲ့သော်လည်း ယခု အားလုံး ပျက်စီးသွားပြီဖြစ်သည်။
ဝေဝူကျိက ဝေပေါကို တစ်ချက်ကြည့်လိုက်ပြီး အဝေးမှ တိုက်ခိုက်နေသော ကျောက်ဖုန်းကို ကြည့်လိုက်သည်။ သူ၏ မျက်နှာတွင် ထုတ်ဖော်မပြနိုင်သော စိတ်ပျက်မှုများ ရှိနေသည်။
ဝေဝူကျိ၏ စိတ်ထဲတွင် နက်ရှိုင်းသော နောင်တများ ရှိနေသည်။ သူ၏ ဆက်ခံသူကသာ ကျောက်ဖုန်းဖြစ်ခဲ့လျှင် အလွန်ကောင်းပေလိမ့်မည်။ သူ၏ တူဖြစ်သူက အရည်အချင်း မရှိသည့်အပြင် ဆင်ခြင်တုံတရားလည်း မရှိပေ။ သူက အနာဂတ်တွင် အသုံးဝင်မည့်သူမဟုတ်ပေ။
" ချင်ကို ရှုံးနိမ့်သွားရင် ငါတို့ဝေနိုင်ငံက အနာဂတ်မှာ အန္တရာယ်နဲ့ ရင်ဆိုင်ရလိမ့်မယ်။ ငါသေလို့မဖြစ်ဘူး။ မဟုတ်ရင် ဝေနိုင်ငံမှာ ချင်နိုင်ငံကို ရင်ဆိုင်နိုင်မယ့်သူ တစ်ယောက်မှ ကျန်မှာမဟုတ်ဘူး။ " ဝေဝူကျိက သူ၏ စိတ်ကို အတင်းအကျပ် မြှင့်တင်လိုက်သည်။
" ငါ့အမိန့်ကို နာခံကြ။ " ဝေဝူကျိက အော်ဟစ်လိုက်သည်။ " ရှေ့တန်းကို ဖောက်ထွက်ကြ။ ငါတို့ ကုန်းလမ်းကနေ ဝေနိုင်ငံကို ဆုတ်ခွာမယ်။ ဒီတိုက်ပွဲမှာ ငါတို့ အခွင့်အရေး ဆုံးရှုံးသွားပြီ။ ဝေစစ်တပ်ဟာ ရှုံးနိမ့်သွားပြီ။ "
ဝေဝူကျိက သူ၏ စစ်ရထားပေါ်သို့ တက်လိုက်သည်။
" ဝေဝူတပ်ဖွဲ့ဝင်တို့ အရှင်ကို ကာကွယ်ကြ။ ဝန်းရံမှုကို ဖောက်ထွက်ပြီး ဝေနိုင်ငံကို ပြန်ကြမယ်။ " ဝေတပ်မှူးများက အမိန့်ပေးလိုက်ကြသည်။
ထိပ်တန်းဝေဝူတပ်ဖွဲ့ဝင်များက ဝေဝူကျိ၏ စစ်ရထားဘေးတွင် စုဝေးလိုက်ကြပြီး ရှေ့တန်းကို ထိုးဖောက်ရန် တိုက်စစ်ကို စတင်ကြတော့သည်။
" ဝေစစ်တပ်က ဖောက်ထွက်ဖို့ ကြိုးစားနေတာပဲ။ " ကျောက်ဖုန်းက သူ၏ လှံရှည်ကို ဝှေ့ရမ်းပြီး ရန်သူကို ခုတ်ပိုင်းလိုက်သည်။
" ညီအကိုတို့ သတ်နိုင်သမျှ မြန်မြန်သတ်ကြ။ " ကျောက်ဖုန်းက ရှုပ်ထွေးနေသော စစ်မြေပြင်တွင် ဝေဝူကျိ၏ အရိပ်အယောင်ကို လိုက်ရှာနေသည်။ ဝေဝူကျိကို သတ်ဖြတ်ခြင်းက ကြီးမားသော အောင်မြင်မှုတစ်ခု ဖြစ်ပေလိမ့်မည်။
" အဲ့ဒီမှာပဲ။ " ကျောက်ဖုန်းက မျက်မှောင်ကြုတ်ပြီး ကြည့်လိုက်သည်။
တိုက်ပွဲကြားတွင် ဝေစစ်သည်များက စစ်ရထားတစ်စီးကို ကာကွယ်ပြီး သူ့ဘက်သို့ ဦးတည်လာနေသည်ကို မြင်လိုက်ရသည်။
ကျောက်ဖုန်းက သူ၏ စစ်မြင်းကို ထိုနေရာသို့ ဦးတည်လိုက်သည်။ သူက လှံရှည်ကို ဝှေ့ရမ်းပြီး ဝေဝူကျိ ရှိရာသို့ နီးကပ်သွားသည်။
" စစ်သူကြီးနောက်ကို လိုက်ကြ။ " ကျန်းဟန်က အော်ဟစ်လိုက်သည်။ သူ၏ လက်ထဲမှ လှံက သေမင်း၏ အရိပ်တစ်ခုကဲ့သို့ ကခုန်နေပြီး ဝေစစ်သည်တစ်ယောက်ပြီး တစ်ယောက်ကို အလွယ်တကူ သတ်ဖြတ်နေသည်။
ဟောက်ထျန်းအဆင့်ခြောက်ရှိသော သူ၏ အတွင်းအားကြောင့် ကျန်းဟန်၏ တိုက်ခိုက်ရေးစွမ်းအားက လူပေါင်းများစွာကို တစ်ယောက်တည်း ရင်ဆိုင်နိုင်ပြီး ကြောက်စရာကောင်းသော စစ်သည်တစ်ယောက်ဖြစ်စေသည်။
" စစ်သူကြီးနောက်ကို လိုက်ကြ။ ရန်သူကို သတ်ကြ။ " ချင်စစ်သည်များက တစ်ညီတစ်ညွတ်တည်း ဟိန်းဟောက်လိုက်ကြသည်။
ကျောက်ဖုန်း၏ ကွပ်ကဲမှုအောက်တွင် ခြေလျင်ချင်စစ်သည်များက မယုံကြည်နိုင်လောက်အောင်မြန်ဆန်ပြီး ဝေစစ်တပ်ကို ထိုးဖောက်ရန် ဓားသွားတစ်လက်၏ အဖျားကဲ့သို့ စုစည်းသွားကြသည်။ စစ်တပ်နှစ်ခုက ထိပ်တိုက်ရင်ဆိုင်နေပြီး ဝေမြို့ဘက်မှ ထွက်လာသော ချင်စစ်သည်များကလည်း ရန်သူများကို မညှာမတယ လိုက်လံ သတ်ဖြတ်နေကြသည်။