← Chapters

အခန်း (၂၁)

Vol. 3 Ch. 21

အခန်း (၂၁)

Vol. 3 Ch. 21

အခန်း (၂၁)

ညဉ့်ယံသည် ရေကဲ့သို့ အေးမြနေပြီး ခြံဝင်းအတွင်း၌လည်း တိတ်ဆိတ်နေလျက်ရှိ၏။

မှိန်ဖျော့သော မီးအလင်းရောင်လေးက အခန်းငယ်လေးအတွင်းရှိ ပုံရိပ်နှစ်ခုကို လွှမ်းခြုံထားကာ လူသူကင်းမဲ့၍ အေးစက်နေသော တောင်ခြေရင်းသို့ အိမ် ဟူသော နွေးထွေးမှုတစ်စွန်းတစ်စကို ပေါင်းထည့်ပေးနေလေသည်။

ထုံးစံအတိုင်း လီနန်ခယ့်က အရင်ဆုံး အိပ်ရာဝင်ခဲ့သည်။

ထို့အပြင် သူသည် အရင်ဆုံး အိပ်ပျော်သွားသူလည်း ဖြစ်သည်။

လော့ချန်းချိုးကမူ ထောင့်တစ်နေရာတွင် တစ်ကိုယ်တည်း ထိုင်ကာ မှိန်ဖျော့သော ဖယောင်းတိုင်မီးရောင်အောက်၌ ဆေးကျမ်းများကို တိတ်ဆိတ်စွာ ဖတ်ရှုနေခဲ့သည်။

သန်းခေါင်ယံ ညဉ့်သုံးယံအချိန်သို့ နီးကပ်လာသောအခါ သူမသည် လက်ထဲမှ ဝါကြန့်နေသော စာအုပ်ကိုချလိုက်ပြီး အိပ်ပျော်နေသော ခင်ပွန်းဖြစ်သူကို လှည့်ကြည့်လိုက်ရာ သူမ၏အမူအရာတွင် ဖော်ပြရခက်သော ရှုပ်ထွေးဝေခွဲမရမှုတစ်စွန်းတစ်စ ပေါ်လာခဲ့သည်။

ထုံးစံအတိုင်း သူမသည် တံခါးပြင်သို့ တိတ်ဆိတ်စွာ လျှောက်ထွက်သွားခဲ့သည်။

တောက်ပကာ ဖောက်ထွင်းမြင်နိုင်သော နားကပ်တစ်စုံက သူမ၏ခြေလှမ်းများနှင့်အတူ ညင်သာစွာ ယိမ်းခါနေလျက်ရှိ၏။

ညကောင်းကင်ယံသည် ပင်လယ်ပြင်ကဲ့သို့ နက်ရှိုင်းနေသည်။

တလက်လက်တောက်ပနေသော ရေကန်ဘေးတွင် ငန်းမမကြီးသည် ကန်ပေါင်ပေါ်၌ ငြိမ်သက်စွာ လှဲလျောင်းနေ၏။

သူမ၏ ရှည်လျားသော လည်တိုင်ကို အနောက်ဘက်သို့ လှည့်ကာ သေးငယ်သော ဦးခေါင်းလေးကို ဖြူစင်သော အမွှေးအတောင်များကြားသို့ ထိုးသွင်း၍ နှစ်ခြိုက်စွာ အိပ်မောကျနေလေသည်။

လိပ်ဆရာကြီးသည်လည်း ခေါင်းကို ရုပ်သိမ်းထားကာ အေးချမ်းစွာ အိပ်စက်နေလေသည်။

လော့ချန်းချိုးသည် ကန်ပေါင်ဘေးရှိ ကျောက်ခုံပေါ်တွင်ထိုင်ကာ အဝေးမှ တောင်တန်းများကို ငေးမောကြည့်ရင်း အတွေးများထဲ နစ်မျောနေခဲ့သည်။

လရောင်နှင့် ထိတွေ့နေသော သူမ၏ ဖြူစင်သန့်ရှင်းသည့် ဝတ်စုံလေးသည် လောကီနှင့်မသက်ဆိုင်သော မြင့်မြတ်သည့် အရှိန်အဝါများဖြင့် တောက်ပနေသယောင်ရှိကာ နောက်တစ်စက္ကန့်တွင် လွင့်မျောနေသော ဆီးနှင်းများကဲ့သို့ ပျံသန်းထွက်ခွာသွားတော့မည့်အလား။

အချိန်မည်မျှကြာသွားသည်မသိ၊ အမျိုးသမီးသည် ရုတ်တရတ် စိတ်ကူးပေါက်သွားဟန်ဖြင့် ရင်ခွင်ထဲမှ ကြွေပုလင်းဖြူလေးတစ်ခုကို ထုတ်ယူလိုက်ပြီး ဆေးရည်အချို့ကို လောင်းချလိုက်သည်။ သူမ၏ လက်ဝါးထဲတွင် အကြိမ်အနည်းငယ်မျှ ပွတ်သပ်လိုက်ပြီးနောက် ဆေးရည်များပေကျံနေသော လက်များဖြင့် သူမ၏ ပါးပြင်များကို လိမ်းကျံလိုက်လေသည်။

စက္ကန့်သုံးဆယ်ခန့် စောင့်ဆိုင်းပြီးနောက် သူမသည် ရေတွင်းဆီသို့သွားကာ မျက်နှာပေါ်မှ ဆေးရည်များကို ဂရုတစိုက် ဆေးကြောပစ်လိုက်သည်။

အမျိုးသမီးက သူမ၏လှပသော ဦးခေါင်းကို ပြန်လည်မော့လိုက်သောအခါ သူမ၏ သာမန်မျက်နှာလေးမှာ ပျောက်ကွယ်သွားပြီး သက်ရှိအားလုံးကို ညှို့ငင်ဖမ်းစားနိုင်စွမ်းရှိသည့် လွန်စွာလှပသော ကျောက်စိမ်းကဲ့သို့ မျက်နှာသွင်ပြင်ဖြင့် အစားထိုးဝင်ရောက်လာခဲ့လေသည်။

သူမ၏ အသားအရေမှာ သိုးဆီခဲကျောက်စိမ်းကဲ့သို့ ကြည်လင်သန့်စင်နေပြီး အနည်းငယ်မျှ ထိလိုက်ရုံဖြင့် ကျိုးပဲ့သွားနိုင်လောက်အောင် နူးညံ့လှပပေသည်။

တကယ့်ကိုပင် နတ်မိမယ်လေးတစ်ပါးအလား။

နောက်ထပ် နံနက်ခင်းတစ်ခု ရောက်ရှိလာပြီး အရာအားလုံးမှာ အရင်တိုင်းပင် ဖြစ်သည်။

လီနန်ခယ့်က စားပွဲပေါ်တွင် ပြင်ဆင်ထားသော နံနက်စာကိုကြည့်ရင်း မျက်နှာရှုံ့မဲ့ကာ ဆိုသည်။ "မလုပ်ပါနဲ့ ဇနီးလေးရယ်၊ ကိုယ့်ရဲ့ကျောက်ကပ်ကို အားဖြည့်ဖို့အတွက် ထပ်လုပ်ထားပြန်ပြီလား၊ မင်းရဲ့ယောက်ျားက အားနည်းနေတာမှ မဟုတ်တာ"

ဤကမ္ဘာသို့ သူရောက်ရှိလာကတည်းက နံနက်စာတိုင်းနီးပါးမှာ ကျောက်ကပ်ကို အားဖြည့်ပေးသည့် ဆေးစွမ်းပါသော အစားအစာများသာ ဖြစ်နေခဲ့သည်။

လော့ချန်းချိုး၏ ကောင်းမွန်လှသော ဟင်းချက်လက်ရာနှင့် မကြာခဏ ပြောင်းလဲချက်ပြုတ်တတ်သော ပါဝင်ပစ္စည်းများကြောင့်သာ တော်သေးသည်။ သို့မဟုတ်ပါက လီနန်ခယ့် အန်ထွက်သွားရုံသာမက သူ၏ ညီနောင်နှစ်ဆယ့်ရှစ်ပါး သည်လည်း ထပ်တူအန်ထွက်သွားလောက်ပေပြီ။

"ဟင် ယောက်ျားက ကန့်ကွက်စရာရှိလို့လား"

လော့ချန်းချိုး၏ ကြည်လင်ကာ သက်ဝင်လှုပ်ရှားနေသော မျက်ဝန်းများက သူ့ကို စူးစိုက်ကြည့်နေပြီး သူမ၏ ခေါင်းလေးကို အနည်းငယ် စောင်းထားလိုက်သည်။

သို့သော် အပေါ်ယံအားဖြင့် နူးညံ့သိမ်မွေ့ကာ အနည်းငယ် ချစ်စရာကောင်းနေပုံပေါ်သော ဤအမူအရာက အမျိုးသားကို အကြောင်းပြချက်မရှိဘဲ အနည်းငယ် စိတ်လှုပ်ရှားသွားစေခဲ့သည်။

လီနန်ခယ့်က လည်ချောင်းကို ညင်သာစွာ ရှင်းလိုက်ပြီး အနေရခက်စွာဖြင့် ဆိုသည်။ "အဓိကကတော့ ဇနီးလေးအတွက် အရမ်းဒုက္ခများလွန်းနေမှာစိုးလို့ပါ၊ တကယ်တော့ ရိုးရိုးရှင်းရှင်းလေးဆိုရင်ပဲ ကောင်းပါတယ်၊ ဒါမှလည်း ဇနီးလေး ကောင်းကောင်း အနားယူနိုင်မှာလေ"

"ဒုက္ခမများပါဘူး၊ ယောက်ျားက ကိုယ့်ခန္ဓာကိုယ်ကို သေသေချာချာ ဂရုစိုက်သင့်တယ်လေ" လော့ချန်းချိုးက ညင်သာစွာ ပြုံးသည်။

လီနန်ခယ့်လည်း စကားဆက်မပြောတော့ဘဲ သူ၏ နံနက်စာကို စတင်စားသောက်လိုက်တော့သည်။

နံနက်စာစားပြီးနောက် လီနန်ခယ့်က ပြောသည်။ "ဇနီးလေး၊ မနေ့ညက စီနီယာလိန်က ကိုယ့်ကို အမှုကိစ္စတစ်ခုမှာ ကူညီပေးဖို့ ပြောထားတယ်၊ ကိုယ် လင်အိမ်တော်ကို သွားရမယ်၊ အကယ်၍ ကိုယ် ပြန်လာတာနောက်ကျခဲ့ရင် မင်းဘာသာအရင် စားနှင့်လိုက်ပါ"

"ဟုတ်ပါပြီ ယောက်ျား၊ အပြင်သွားရင် ဂရုစိုက်နော်"

လော့ချန်းချိုးက သိပ်ပြီး တုံ့ပြန်မှုမပြသော်လည်း သူမ၏ စကားလုံးများမှာ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

လီနန်ခယ့် တစ်ခဏမျှ အချိန်ဆွဲနေခဲ့ပြီးနောက်ဆုံးတွင် သူ၏ စူးစမ်းလိုစိတ်ကို မဖိနှိပ်နိုင်တော့ဘဲ ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။ "ဒါနဲ့ ဇနီးလေး စီနီယာလိန်ရဲ့ ရောဂါက မဆိုးရွားပါဘူးနော်၊ ကိုယ့်ဆီကိုကော ကူးစက်နိုင်လား"

ပန်းကန်များကို ရှင်းလင်းနေသော လော့ချန်းချိုးက ရပ်တန့်သွားပြီး သူမ၏ ခင်ပွန်းဖြစ်သူကို မော့ကြည့်လာကာ နှုတ်ခမ်းထက်တွင် အပြုံးရေးရေးလေး တစ်ခုက ဆော့ကစားနေလေသည်။

ဤအပြုံးက ပါးနပ်မှုတစ်စွန်းတစ်စကို ဖုံးကွယ်ထားသကဲ့သို့ ရှိ၏။

မြင်တယ်မလား ရှင်က နောက်ဆုံးတော့ မမေးဘဲ မနေနိုင်ဘူးမဟုတ်လား ဟု ပြောနေသည့်အလားပင်။

လီနန်ခယ့်က သူမ၏ အကြည့်ကိုရှောင်လွှဲကာ ခြောက်ကပ်ကပ် ရယ်မောလိုက်သည်။ "ကူးစက်တတ်တဲ့ရောဂါ မဟုတ်ရင်တော့ ရပါပြီ၊ ကဲ ထားလိုက်တော့ ကိုယ် အမှုကိစ္စသွားဖြေရှင်းလိုက်ဦးမယ်"

"သူမမှာ နက်နဲတဲ့ ယင်စုန်းမအရိုး ဖွဲ့စည်းတည်ဆောက်ပုံ ရှိတယ်၊ ဒါက အရမ်းကို ရှားပါးတယ်" သခင်မက ဆိုသည်။

"အဲ့ဒါက ဘာကြီးလဲ"

လီနန်ခယ့်သည် ဇဝေဇဝါဖြစ်နေသော အမူအရာဖြင့် နားထောင်နေခဲ့သည်။

လော့ချန်းချိုးသည် ခပ်ဖျော့ဖျော့ ပြုံးလိုက်ရာ သူမ၏ သာမန်ကာလျှံကာ ရုပ်ရည်သွင်ပြင်လေးမှာ ဖော်ပြရခက်သော လောကီနှင့်မသက်ဆိုင်သည့် အလှတရားတစ်စွန်းတစ်စကို ရရှိသွားခဲ့သည်။ "ရိုးရိုးရှင်းရှင်း ပြောရရင် သူမဟာ အမျိုးသားတစ်ယောက်နဲ့ရင်းနှီးကျွမ်းဝင်မှု အချစ်ရေးကို တွေ့ကြုံခံစားရတာနဲ့တစ်ပြိုင်နက် အေးစက်နေတဲ့စောင်ကို အသည်းအသန် ဖက်တွယ်ထားသလိုမျိုး၊ ခြင်ဆီရဲ့ အရသာကို သိသွားသလိုမျိုး ကာမရာဂကွန်ရက်ထဲကို ကျရောက်သွားလိမ့်မယ်၊ အဲ့ဒီ ရမ္မက်ရွှံ့နွံထဲမှာ နက်နက်ရှိုင်းရှိုင်း နစ်မွန်းသွားပြီး သူမကိုယ်တိုင်တောင် ပြန်ရုန်းထွက်နိုင်တော့မှာ မဟုတ်ဘူး"

"ဒါက မဖြစ်နိုင်လောက်ပါဘူးနော်"

အမျိုးသားဖြစ်သူ၏ ပါးစပ်မှာ အနည်းငယ် ဟသွားပြီး သူ၏မျက်နှာတွင် အံ့ဩတုန်လှုပ်မှုများ ပြည့်နှက်သွားခဲ့သည်။

ဘာပဲဖြစ်ဖြစ် ထို ပိုင်စိုးပိုင်နင်းနိုင်သော အမျိုးသမီးအထက်လူကြီးမှာ ရေခဲတုံးကြီးတစ်တုံးကဲ့သို့ အနားမကပ်ရ ဟု သူမ၏ တစ်ကိုယ်လုံးတွင် ရေးသားထားသကဲ့သို့ ရှိသည်လေ။

သေချာပေါက် ဤကဲ့သို့သော လက္ခဏာများမှာ ကမ္ဘာကူးပြောင်းလာသူတစ်ဦးဖြစ်သည့် သူ၏အတွက်တော့ စိမ်းသက်နေသော အရာများမဟုတ်ပေ။

ဆေးပညာအရဆိုလျှင် ၎င်းသည် လိင်ပိုင်းဆိုင်ရာ အာရုံကြောဗဟိုချက်များ လှုံ့ဆော်မှု မြင့်တက်လာသည့် လုပ်ငန်းစဉ်တစ်ခုတွင် ပါဝင်သည်။

ထို့အပြင် ဖြစ်စဉ်အများစုတွင် ၎င်းသည် လိင်ပိုင်းဆိုင်ရာ အသိပညာ ဗဟုသုတ နည်းပါးမှုကြောင့် ဖြစ်ပေါ်လာသော စိတ်ပိုင်းဆိုင်ရာနှင့် စိတ်ပညာဆိုင်ရာ ကမောက်ကမဖြစ်မှုများ သို့မဟုတ် စိုးရိမ်ပူပန်မှုများကြောင့် ဖြစ်ပွားရခြင်းဖြစ်သည်။

သို့သော် လိန်ရှင်းနန်၏ အခြေအနေမှာ ဤခေတ်သစ် ကိစ္စရပ်များနှင့် မတူညီကြောင်း သိသာထင်ရှားလှသည်။

၎င်းမှာ ထူးခြားသော ခန္ဓာကိုယ်ဖွဲ့စည်းပုံကြောင့် ဖြစ်ပေါ်လာရခြင်းပင်။

ဘာပဲဖြစ်ဖြစ် လျှို့ဝှက်ဆန်းကြယ်ကာ ပုံရိပ်ယောင်တွေနဲ့ ပြည့်နှက်နေတဲ့ ဒီကမ္ဘာကြီးမှာ ထူးဆန်းအံ့ဩဖွယ်ရာ အရာများစွာကို သိပ္ပံပညာနဲ့ ရှင်းပြလို့မရနိုင်ဘူးလေ။

"ဒါဆို အဲ့ဒါကို ကုသဖို့ နည်းလမ်းမရှိတော့ဘူးလား" လီနန်ခယ့်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

လော့ချန်းချိုးသည် တစ်ခဏမျှ တိတ်ဆိတ်သွားပြီး ကြက်သွန်မြိတ်ကဲ့သို့ သွယ်လျသော လက်ချောင်းလေးများဖြင့် လက်ဖက်ရည်ခွက်ကို သိမ်မွေ့စွာ ကိုင်ထားကာ သူမ၏ ကြက်သွေးရောင် နှုတ်ခမ်းလေးများကို အနည်းငယ် ဟဟထားလျက် ဆိုသည်။ " အရာအားလုံးကို သဘာဝအတိုင်းပဲ ဖြစ်ခွင့်ပေးလိုက်ပါ"

လီနန်ခယ့် နားလည်သွားသည်။

စိတ်ခံစားမှု ရမ္မက်ဆိုသည်မှာ မွေးရာပါ လူ့သဘာဝတစ်ခုဖြစ်သည်။ လူတို့သည် စိတ်ခံစားမှုနှင့် ရမ္မက်တို့ ကင်းမဲ့၍ မရနိုင်သောကြောင့် ၎င်းကို လုံးဝကုသပျောက်ကင်းအောင် မလုပ်နိုင်ပေ။

သင့်လျော်သော ထိန်းချုပ်မှုကိုသာ လေ့ကျင့်နိုင်ပြီး အလွန်အကျွံ မလိုက်စားရန်သာ ရှိသည်။

သို့သော် မေးစရာရှိသည်က ၎င်းကို ထိန်းချုပ်နိုင်ပါ့မလား။

လီနန်ခယ့် တိတ်တဆိတ် သက်ပြင်းချလိုက်ပြီး လိန်ရှင်းနန်၏ အနာဂတ်ခင်ပွန်းအတွက် ကိုယ်ချင်းစာ သနားကာ ဝမ်းနည်းပူဆွေးပေးလိုက်မိသည်။

ညီအစ်ကိုရေ မြန်မြန်လေးသာ မင်းရဲ့ ကျောက်ကပ်ကို သေသေချာချာ ဂရုစိုက်ထားပေတော့။

All Chapters