← Chapters

မိန်းကလေးလင်

Vol. 3 Ch. 22

မိန်းကလေးလင်

Vol. 3 Ch. 22

လင်အိမ်တော်တွင်။

ခြံဝင်းဂိတ်၏အရှေ့တွင် ချိတ်ဆွဲထားသော မီးအိမ်များက လေပြေအေးနှင့်အတူ ယိမ်းနွဲ့လှုပ်ရှားနေလျက်ရှိသည်။

ဖယောင်းတိုင်မီးနှင့် အချိန်အတော်ကြာ ထိတွေ့နေရ၍ပေလား၊ အစေခံများ၏ ပျင်းရိမှုကြောင့်ပေလားမသိ၊ မီးအိမ်၏ အနီရောင်ပိုးသားအစွပ်မှာ မီးလောင်ကျွမ်းတော့မည့် လက္ခဏာများ ပြနေပြီဖြစ်သည်။

လီနန်ခယ့်သည် တံခါးအရှေ့တွင်ရပ်နေရင်း ခံစားချက်များ ရှုပ်ထွေးပွေလီလျက်သားရှိ၏။

ထိုအမျိုးသမီးအထက်လူကြီး၏ ဖိအားပေးခိုင်းစေမှုကြောင့်သာမဟုတ်လျှင် ဤနေရာသို့ သူခြေဦးပင်လှည့်မိမည်မဟုတ်။

လင်ကျောက်ယွဲ့၏မှတ်ဉာဏ်များကို မိုးနီအိပ်မက်ထဲတွင် သူကြိုးစားပမ်းစား ဖျောက်ဖျက်ပစ်ခဲ့ပါသော်ငြား မိန်းမတစ်ယောက်၏ ဆဌမအာရုံမှာ မထင်ထားလောက်အောင် ကြောက်စရာကောင်းလှပေသည်မဟုတ်လော။ သူ့သရုပ်မှန်ကို ထိုမိန်းကလေး ရိပ်မိပြီးဖြစ်နိုင်သည်ပင်။

ထို့နောက် အလှလေးကိုကယ်တင်သောသူရဲကောင်း ဇာတ်ထုပ်ကြောင့် မိန်းမပျိုလေးမှာ သူ့ကိုအပူတပြင်း ချစ်ကျွမ်းဝင်မိပြီး ခွာမရအောင် ပူးကပ်နေလေတော့မည်။

ကလေးတစ်အုပ်လောက်တော့ မွေးပေးပါရစေဟုပင် နားပူနားဆာ လုပ်လာမလားမသိနိုင်။

ထို့နောက် အသစ်စက်စက် သားမက်ရာထူးလေးတွင် ယောက္ခမထံမှ မကြည်မလင်ရန်ငြှိုးထားခံရပေတော့မည်။

ထို့နောက်--

"ဟေ့ မင်းအဲ့မှာဘာလုပ်နေတာလဲ"

လီနန်ခယ့်၏ ရောက်တတ်ရာရာ စိတ်ကူးယဥ်ခန်းများကို အသံတစ်သံက ရိုက်ခွဲပစ်လိုက်သည်။

အသံလာရာသို့လှည့်ကြည့်လိုက်သော် သူ့ထံလျှောက်လာနေသော သံမဏိနွားနှင့် ကောကန်းတို့ကို မြင်လိုက်ရပေသည့် ထိုအထက်လူကြီး လီရှင်းနန်ကိုတော့ အစအနပင်မတွေ့ရ။

လီနန်ခယ့်က လက်နှစ်ဖက်ကိုယှက်ကာ ဦးညွှတ်နှုတ်ဆက်လိုက်သည်။

"နှုတ်ခွန်းဆက်သပါတယ် လူကြီမင်းများ။ ကျွန်တော်က သခင်မလိန်ကို အမှုကိစ္စဖြေရှင်းရာမှာကူညီပေးဖို့ ရောက်လာသူပါ"

"ဘာလဲဟ"

သံမဏိနွားက ရှုပ်ထွေးသွားဟန်ရှိသော်လည်း အပြုံးတစ်ခုက သူ့မျက်နှာထက် ဖြည်းဖြည်းချင်းနေရာယူလာသည်။

ထို့နောက် လီနန်ခယ့်အနားသို့ ဖြည်းဖြည်းချဥ်းကပ်ကာ ခေါက်ယပ်တောင်ကို ဖျတ်ခနဲဖြန့်ချလိုက်ပြီး လှောင်ပြောင်သည်။

"မဆိုးဘူး။ ဒီညီအကို အတော်လေးဉာဏ်ကောင်းသားပဲ။ အထက်လူကြီးဆီက မျက်နှာသာရဖို့ အခုကတည်းကကြံစည်နေပြီပေါ့လေ"

လီနန်ခယ့်မှာ အခွင့်ကောင်းယူတတ်သူ မျက်နှာရူးငယ်သားတစ်ယောက်အဖြစ် စွပ်စွဲခံနေရလေပြီ။

အလုပ်သင်အလောင်းစစ်တစ်ဦးအနေဖြင့် တစ်နေရာရာတွင် ထင်ပေါ်ကျော်ကြားဖို့မှာ အခွင့်အရေးမရှိသလောက်ရှားပေသည်။ ထို့ကြောင့် မနေ့ကရရှိခဲ့သောအခွင့်အရေးကို အမိအရယူကာ အာဏာရှိသူ အထက်လူကြီးရှေ့ အထင်ကြီးချင်စရာကောင်းအောင် ကြိုးစားမျက်နှာလုပ်နေသည်ဆိုလျှင်လည်း နားလည်ပေးနိုင်စရာပါပေ။

ကံဆိုးသည်က လိန်ရှင်းနန်ဆိုသည့်အမျိုးသမီးကား ကျန်အရာရှိမင်းများနှင့်မတူ၊ တမူကွဲသောကြောင့် ဤအလုပ်သင်လေးတော့ သေချာပေါက် အခက်တွေ့ရပေတော့မည်။

ကောကန်းက ဘေးတွင်ရပ်ကြည့်နေရင်း တိတ်ဆိတ်လျက်သား။

လီနန်ခယ့်က မျက်နှာသေဖြင့်ပြောသည်။

"သခင်မလိန်က ကျွန်တော့်ကို စုံစမ်းစစ်ဆေးရာမှာကူညီပေးဖို့ အထူးတလည်ဖိတ်ကြားထားတာပါ"

သံမဏိနွားက အံ့သြသွားဟန်ရှိသည်။

"ဒီမှာ လူသေမှုထပ်ဖြစ်ပြန်ပြီလား"

လီနန်ခယ့်က ခေါင်းယမ်းသည်။

"မဖြစ်ပါဘူး။ သခင်မလိန်က သင်္ချိုင်းလူသား ဟယ့်ချင်းယွီကိုဖမ်းတဲ့နေရာမှာ ကျွန်တော့်ကိုကူညီစေချင်လို့ပါတဲ့"

သံမဏိနွားက ထပ်မထိန်းထားနိုင်တော့ဟန်ဖြင့် ဝါးလုံးကွဲရယ်ချလာသည်။

ရယ်သံကျယ်ကြီးကြောင့် လူအာရုံစိုက်ခံရမည်စိုးသဖြင့် သူချက်ချင်းအသံလျှော့လိုက်သော်လည်း ပုခုံးများက အနည်းငယ်တုန်ခါနေဆဲပင်။ ထို့နောက် လေသံတိုးတိုးဖြင့်ဆိုလာသည်။

"ညီလေး၊ မင်းက အလောင်းစစ်တဲ့နေရာမှာ တကယ်ကျွမ်းကျင်တာကိုတော့သိပါတယ်။ ဒါပေမဲ့ သင်္ချိုင်းလူသားကိုဖမ်းဖို့ အစ်မလိန်ကိုယ်တိုင် မင်းကိုဖိတ်ထားတယ်ဆိုတာကတော့ နည်းနည်းလွန်သွားပြီ။ အစ်မလိန်က လူကဲခတ်ညံ့တဲ့ထဲမပါဘူးကွ"

"ကျွန်တော်မလိမ်ပါဘူး အမှန်အတိုင်းပြောပြနေတာ"

လီနန်ခယ့်က ကူကယ်ရာမဲ့စွာဖြင့် ထပ်ပေါင်းပြောလိုက်သည်။

"ကျွန်တော်လည်း သူကျွန်တော့်ကိုဘာလို့ဒီခေါ်မှန်း မသိရပါဘူး။ ကြည့်ရတာ ရှိတဲ့လက်အောက်ငယ်သားတွေက အရည်အချင်းမပြည့်မီလို့ထင်တာပဲ"

သံမဏိ၏အပြုံးက တောင့်ခဲသွားသည်။ ထို့နောက် ဘေးပတ်လည်ကိုတစ်ချက်ကြည့်ကာ တံခါးရှေ့ရှိ ကျောက်ခြင်္သေ့ရုပ်အနီးက ခွေးချေးပုံကို ခေါက်ယပ်တောင်ဖြင့် ညွှန်ပြလိုက်သည်။

"ဒီလိုလုပ်ကြရအောင်၊ တကယ်လို့ အစ်မလိန်က မင်းကို သင်္ချိုင်းလူသားဖမ်းဖို့ တကယ်ကြီးခေါ်ထားတာဆိုရင် ငါအဲ့ဒါကိုချက်ချင်းစားပြ—"

"အစ်မလိန်"

ဘေးတွင်ရပ်နေသော ကောကန်းက ရုတ်တရတ်ထခေါ်လိုက်သည်။

လမ်းထောင့်တစ်နေရာတွင် ရင်းနှီးနေသော တည်တည်ငြိမ်ငြိမ်ပုံရိပ်တစ်ခု လူလုံးပေါ်လာသည်။

အမျိုးသမီးသည် ဝတ်နေကျ အနက်ရောင်ကိုယ်ကျပ်ဝတ်ရုံကို ဝတ်ဆင်ထားဆဲဖြစ်ပြီး ဝတ်ရုံအရောင်ကြောင့် ဖြူဝင်းသောလည်တိုင်နှင့် ညီညာပြေပြစ်သောအသားအရည်မှာ ပို၍ဆွဲဆောင်မှုရှိကာ ထက်မြက်တိကျဟန်ကိုလည်း ပေါ်လွင်စေသည်။

"အစ်မလိန်"

သံမဏိက ပြုံးလျက်နှုတ်ဆက်လိုက်သည်။

လိန်ရှင်းနန်၏ မျက်လုံးလှလှများက လီနန်ခယ့်ကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး သွက်လက်ပြတ်တောင်းသောအသံဖြင့် ဆိုသည်။

"ငါတို့မနေ့ကတွေ့ခဲ့ပြီးသားဆိုတော့ မိတ်ဆက်ပေးနေစရာမလိုတော့ဘူးမလား။ သူ့ကိုငါ အမှုဖြေရှင်းရာမှာကူညီပေးဖို့ တောင်းဆိုထားတယ်။ ဒီအကူအညီနဲ့ဆို ဟယ့်ချင်းယွီကို မြန်မြန်ရှာတွေ့ဖို့ မျှော်လင့်ရတာပဲ"

"ဆိုတော့ ဒီအမှုဖြေရှင်းဖို့အတွက် သူတို့ လူတစ်ယောက်ထပ်ငှားလိုက်သေးတာပေါ့" ကောကန်းက တအံ့တသြမေးသည်။

"မင်းဘာစကားပြောတာလဲ"

သံမဏိက ခေါက်ယပ်တောင်ကို ဖျတ်ခနဲဝှေ့ယမ်းကာ မကျေမနပ်ဆိုသည်။

"ဒီလူငယ်လေးမှာ သာမန်ထက်ထူးကဲတဲ့ ပါရမီအပြည့်ပါတာ ရှင်းရှင်းလင်းလင်းမြင်နိုင်နေတာပဲ။ တစ်နေ့မှာ သေချာပေါက် ရာထူးမြင့်မြင့်မှာ တောက်ပနိုင်မဲ့လူမျိုး။ မနေ့ကလည်း ဒီလူငယ်လေးကြောင့်သာမဟုတ်ရင် ဒီအချိန် အကြီးအကျယ်ဒုက္ခများနေကြလောက်ပြီ။ ဒါတောင်မင်းကဘယ်လိုများ မေးခွန်းထုတ်နေရဲသေးတာလဲ ကောကန်း။ မင်းဟာ အစ်မလိန်ကို အကြီးအကျယ်စိတ်ပျက်စေမိရုံတင်မက ငါ့ကိုပါ စိတ်ပျက်စေခဲ့တာပဲ။"

တံတွေးများစင်ထွက်နေအောင် ပြောဆိုအပြီး သံမဏိက နှာခေါင်းတစ်ချက်ရှုံ့ကာ လိန်ရှင်းနန်ဘက်သို့လှည့်၍ လက်မထောင်ပြလိုက်သည်။

"အစ်မလိန်က အမြင်ရှိတာပဲ။ ဒီအရည်အချင်းရှိတဲ့ လူငယ်လေးကို ကျွန်တော်သဘောကျလွန်းလို့ သူ့ကိုခေါ်ဖို့ တိုက်တွန်းမယ်တောင် စိတ်ကူးနေသေးတာ။ ဒါပေမဲ့ အစ်မကတစ်ခါတည်းဖိတ်ခေါ်လာလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။ အထင်ကြီးလောက်ပါပေတယ် ငါတို့အစ်မကတော့"

"မနက်စာစားပြီးပြီလား"

လိန်ရှင်းနန်က သံမဏိကိုအဖက်မလုပ်ဘဲ လီနန်ခယ့်ကိုသာမေးလိုက်သည်။

လီနန်ခယ့်က တလေးတစားတုံ့ပြန်၏။

"သခင်မကို တင်ပြပါတယ်၊ ကျွန်တော်တို့ စားသောက်ခဲ့ပြီးပါပြီ"

"ငါ့ကိုအရမ်းယဥ်ကျေးပြနေဖို့ မလိုပါဘူး"

တစ်ဖက်လူမှ တမင်တကာ အကွာအဝေးတစ်ခုခြားထားကြောင်း သတိထားမိလိုက်သဖြင့် လိန်ရှင်းနန်က မျက်မှောင်ရေးရေးကြုတ်ကာ ကောကန်းဘက်လှည့်၍ ညွှန်ကြားသည်။

"အသီးအရွက်ပေါင်မုန့်နှစ်ခုလောက် သွားဝယ်ချေ"

"လူကြီးမင်း ကျွန်တော်စားပြီးပြီခင်ဗျ" သူအမြန်ဝင်တားရသည်။

"ငါမစားရသေးဘူးလေ"

အမျိုးသမီးက ခပ်ပြတ်ပြတ်ဆိုကာ ခြံဝင်းတံခါးဆီဦးလှည့်ပြီ လျှောက်သွားလေသည်။

"..."

လီနန်ခယ့်မှာ ရှက်ကိုးရှက်ကန်းဖြစ်သွားပြီး အရှက်ပြေအထွန့်တက်လိုက်ချင်သေးသော်ငြား အမြန်နှုတ်ဆိတ်လိုက်ရသည်။

လိန်ရှင်းနန်၏ ကျုံ့နေသောမျက်ခုံးများကြားမှ ဖုံးကွယ်ထား၍မရသော ပင်ပန်းနွမ်းနယ်မှုများကို မြင်ရရုံဖြင့် ဤအမျိုးသမီးသည် မပြီးပြတ်သေးသောအမှုကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေဟန်ရပြီး ညက ကောင်းကောင်းအိပ်ပျော်ခဲ့ပုံမရကြောင်း ခန့်မှန်းမိနိုင်သည်။

"အစ်မလိန် ကျွန်တော်လည်းမစားရသေးဘူးဗျာ တစ်ချိန်လုံးအလုပ်ရှုပ်နေတာနဲ့"

သံမဏိက တတွတ်တွတ်ဆိုရင်း အနောက်ကလိုက်ပါသွားသည်။

လိန်ရှင်းနန်က ကျောက်ခြင်္သေ့ရုပ်အနီးက ခွေးချေးပုံကို တစ်ချက်ကြည့်လိုက်သည်။

"မင်းအဖို့ အဲ့မှာရှိတယ်မဟုတ်လား။ ပူပူနွေးနွေးရှိသေးပုံပဲ"

သံမဏိမှာ ပါးစပ်အဟောင်းသားကျန်ရစ်ခဲ့၏။

All Chapters