← Chapters

ဗျပ်စောင်းလုလင်

Vol. 3 Ch. 23

ဗျပ်စောင်းလုလင်

Vol. 3 Ch. 23

သူဌေးကြီးလင်၏ဦးဆောင်မှုနောက်တွင် သူတို့အုပ်စု ဧည့်ခန်းဆီရောက်လာခဲ့ကြသည်။

တုန်းချီခရိုင်မှ ဤချမ်းသာပြီး နာမည်ကျော်ကြားသော ကုန်သည်ကြီးသည် လိန်ရှင်းနန်တို့ အဖွဲ့သားများအတွက် တန်ဖိုးကြီးလက်ဖက်ရည်များကို ကိုယ်တိုင်ငှဲ့ပေးပြီး ဘေးတွင် စိုးရိမ်မကင်းဟန်ဖြင့် ရပ်စောင့်နေသည်။

"သခင်မလိန် စုံစမ်းစစ်ဆေးရေးက ရလဒ်တစ်ခုခုများထွက်လာသေးလား"

သူဌေးကြီးလင်မှာ ခြေမကိုင်မိလက်မကိုင်မိ ဖြစ်နေဟန်ဖြင့် စကားပြောသံသည်ပင် တုန်တုန်ယင်ယင်ဖြစ်နေရှာသည်။

မိုးနီဖြစ်ရပ်သည် သူ၏အသက်နှင့် စည်းစိမ်ဥစ္စာများအတွက် ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်လို့နေသည်ပင်။ လင်ယွမ်ဝေ့၏မျက်လုံးအောက်မှ မျက်ကွင်းညိုညိုများကိုကြည့်ခြင်းအားဖြင့် ဤအဘိုးကြီး နှစ်ညလောက် ဆက်တိုက်အိပ်ရေးပျက်ထားရကြောင်း သိနိုင်ပေသည်။

"ထိုင်ပါဦး"

လိန်ရှင်းနန်က စိတ်လှုပ်ရှားလွန်နေသော တစ်ဖက်လူကို လက်ဟန်ပြကာ ခပ်အေးအေးဆိုသည်။

"စုံစမ်းစစ်ဆေးရေးကို ဆက်လုပ်နေကြတုန်းပဲ။ အမှုရဲ့တိုးတက်မှုကို ရှင်လည်း တိတ်တဆိတ်စုံစမ်းနေလိမ့်မယ်လို့ ထင်ပါတယ်"

သေချာပေါက်ပေါ့။

သူဌေးကြီးလင် မနေတတ်စွာ ပြုံးပြလိုက်ရသည်။

မည်သို့ပင်ဆိုစေ ထိုအမှုကိစ္စသည် သူတို့လင်မိသားစုတစ်ခုလုံး၏ အသက်အိုးအိမ်စည်းစိမ်နှင့် သက်ဆိုင်နေသောကြောင့် သူတို့လည်း သေချာပေါက် တစ်ကွက်မှမလွတ်လေရအောင် လိုက်လံစောင့်ကြည့်စစ်ဆေးနေမည်အမှန်ပင်။ အထူးသဖြင့် မနေ့က တုန်းချီခရိုင်ကို ပိတ်ဆို့လိုက်သည့်ဖြစ်ရပ်ကြောင့် အခြေအနေ မည်မျှပြင်းထန်နေပြီဆိုတာ သူတို့အားလုံး နားလည်ထားကြပါ၏။

"ငါ လူတစ်ယောက်ကိုစုံစမ်းဖို့ ဒီရောက်လာတာ"

"ဟယ့်ချင်းယွီဆိုတဲ့လူ"

သူဌေးကြီးလင်က ဒီတစ်ခေါက်တော့ ဘုမသိဘမသိဟန်ဆောင်မနေတော့ပေ။

လိန်ရှင်းနန်က စကားဆက်သည်။

"ရှစ်လပိုင်း လေးရက်နေ့၊ ရှင့်သမီး မိစ္ဆာရဲ့ တိုက်ခိုက်မှုကို ခံရတဲ့နေ့က ဟယ့်ချင်းယွီဟာ ည ၁၁နာရီ ၄၅မိနစ်ဝန်းကျင်မှာ ရှင့်သမီးကိုတွေ့ဖို့ တံတိုင်းကျော်တက်ခဲ့ပေမဲ့ အစေခံတွေနဲ့မိသွားပြီး မောင်းထုတ်ခံလိုက်ရတယ်လို့ ကြားထားတယ်"

"မှန်ပါတယ်ခင်ဗျာ"

သူဌေးကြီးလင်က ခေါင်းညိတ်သည်။ ဆက်ပြောလာသောစကားတွင် ခါးသက်မှုများအပြည့်ဖြင့်။

"အဲဒီအချိန်ကျမှပဲ အဲဒီခွေးကောင်ဟယ့်ချင်းယွီ ကျွန်တော့်သမီးကို တစ်လျှောက်လုံးလိုက်နှောင့်ယှက်နေမှန်း သိခဲ့ရတာ"

"သမီးဖြစ်သူဘက်ကရော ဟယ့်ချင်းယွီနဲ့ ပက်သက်မှုတစ်ခုခုရှိခဲ့သေးလား"

လိန်ရှင်းနန်က တည့်တည့်မေးသည်။

"လုံးဝ လုံးဝကိုမရှိခဲ့ပါဘူး"

လင်ယွမ်ဝေ့က နီရဲသွားသောမျက်နှာနှင့် လက်နှစ်ချောင်းထောင်ကာ အော်ဟစ်ကျိန်ဆိုသည်။

"ကျွန်တော့်သမီးလေး လုံးဝအပြစ်ကင်းစင်ကြောင်း ကျွန်တော့်အသက်ကိုထပ်ပြီး ကျိန်ဆိုပါတယ်။ သူက အဲ့လိုလူပေလူလွင့်တွေနဲ့ ဘယ်တော့မှပက်သက်မှာမဟုတ်ဘူး"

သူဌေးကြီးလင်သည် ထိုသို့အမေးခံလိုက်ရရုံဖြင့်ပင် သမီးငယ်၏ဂုဏ်သတင်းပျက်ပြားသွားမည်ကို စိုးရိမ်ကာ ပျာယာခတ်သွားကြောင်း ထင်ရှားလှသည်။

လိန်ရှင်းနန်က သူ့ကို စူးစမ်းသလို စိုက်ကြည့်လိုက်သည်။

"သူတို့ တစ်ခါမှ မဆုံဖူးဘူးလား?"

"ဆုံဖူးတာတော့ရှိပါတယ်"

သူဌေးကြီးလင်က အမှန်ကို ကွယ်ဝှက်ထားရဲတော့ဟန်မရှိဘဲ ရိုးရိုးသားသားဖြေဆိုလာသည်။

"ဟဲ့ချင်းယွီက အတော်လေးပါရမီရှိတဲ့ ဗျပ်စောင်းတီးခတ်သူတစ်ယောက်ပါ။ ထျန်ပေါင်အိမ်တော်ရဲ့သမီး ဝမ်ယင်းယင်းက သူ့ဆီမှာ ဗျပ်စောင်းတီးသင်ဖူးပါတယ်။ သမီးလေးနဲ့ ဝမ်ယင်းယင်းက အလွန်ရင်းနှီးခင်မင်ကြတဲ့အတွက် တစ်ယောက်အိမ်တစ်ယောက်သွားလည်ချိန်မှာ ဟယ့်ချင်းယွီနဲ့သူ အကြိမ်အနည်းငယ်တော့ ဆုံဖူးခဲ့ကြပါတယ်"

ထို့နောက် သူဌေးကြီးလင်က ခဏတုံ့ဆိုင်းသွားပြီးမှ ဆက်ပြောသည်။

"ဒါပေမဲ့ အတိအကျပြောရရင် တစ်ခါပဲတွေ့ခဲ့ဖူးကြတာပါ။ အဲ့ဒီနောက် သူတို့ကြားမှာ ဘယ်လိုပတ်သက်မှုမှ မရှိခဲ့ပါဘူး။ ဟယ့်ချင်းယွီက သမီးလေးရဲ့ထူးခြားတဲ့အလှကြောင့် စွဲလမ်းရူးသွပ်နေတာ ဖြစ်ပါလိမ့်မယ်"

"အဖေတစ်ယောက်က သမီးတစ်ယောက်ရဲ့ခံစားချက်တွေကို ဒီလောက်ထိနားလည်နေတာ ဖြစ်နိုင်ပါ့မလား"

သံမဏိက ခပ်မဲ့မဲ့ရေရွတ်သည်။

ဟယ့်ချင်းယွီသည် သန့်ပြန့်ခန့်ညားသောရုပ်ရည်ရှိသလို ပညာတတ် ဂီတသမားတစ်‌ဦးလည်းဖြစ်သည်။ အသက်သုံးဆယ်ကျော်ပြီဆိုသော်ငြား ရင့်ကျက်သောအသွင်အပြင်က တမူထူးခြားသောဆွဲဆောင်မှုရှိလေရာ ငယ်ရွယ်နုနယ်သော မိန်းမပျိုတို့ ရင်ဖိုစွဲလမ်းစရာပင်။

အထူးသဖြင့် ဗျပ်စောင်းတီးသမားလည်း ဖြစ်နေပြန်သေးရာ တူရိယာကြိုးအနည်းငယ်ကို တစ်ချက်မျှတီးခတ်လိုက်ရုံဖြင့် မိန်းကလေးငယ်၏နှလုံးသားကို လှုပ်ခတ်သွားစေဖို့ လုံလောက်ပေမည်။

လင်ကျောက်ယွဲ့သည်လည်း ပျိုဖော်ဝင်စအရွယ်ကို လွန်ရုံသာရှိသေးရာ ကြည်နူးဆွတ်ပျံ့ဖွယ် ခံစားချက်တို့ စတင်ခိုအောင်းရာအရွယ်ဖြစ်နေခဲ့၏။

ဒီလူနှစ်ယောက် ချစ်ကျွမ်းဝင်သွားသည်ဆိုလျှင် ထူးဆန်းသောကိစ္စမဟုတ်။

"ရှင်ကရော မိန်းမငယ်လေးတစ်ယောက် ဘာတွေတွေးနေလဲဆိုတာ တကယ်နားလည်နိုင်လို့လား"

ရုတ်တရက် ချိုသာငြိမ့်ညောင်းသော်ငြား အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်နေဟန်ရှိသည့် မိန်းကလေးသံတစ်ခု ထွက်ပေါ်လာသည်။

ခန်းမ၏အပြင်ဘက်တွင် ပိန်ပါးကျော့ရှင်းသောပုံရိပ်တစ်ခုအား သူတို့တွေ့လိုက်ရ၏။

ထိုသူမှာ လင်ကျောက်ယွဲ့ပင်။

မိန်းမငယ်လေး၏မျက်ခုံးများက ရေခဲရိုက်ထားသည့်အလား အေးစက်တွန့်ချိုးနေခဲ့သည်။ သူမသည် တန်ဖိုးကြီး ပုလဲပန်းထိုးထားသော ကတ္တီပါဝတ်စုံကို ဝတ်ဆင်ထားရာ သခင်မလေးတစ်ပါးနှယ် ကျက်သရေရှိသောအငွေ့အသက်များအား ထုတ်လွှတ်နေလျက်။ လည်တိုင်ကျော့ထက်မှ ပုလဲလည်ဆွဲသည် မနက်ခင်းအလင်းရောင်တွင် ခပ်ဖျော့ဖျော့တောက်ပနေကာ သူမ၏အသားအရည်အား နှင်းပွင့်အလားဖြူစင်အောင် တွန်းအားပေးနေသကဲ့သို့ရှိ၏။

"အခုကျဘာလို့ ဘာမှထပ်မပြောတော့တာလဲ"

မိန်းမငယ်ကိုမြင်သော် သံမဏိ အသံတိတ်သွားခဲ့သည်။ လင်ကျောက်ယွဲ့က ခန်းမတွင်းသို့ လျှောက်ဝင်လာကာ စိတ်ဆိုးမာန်ဆိုးဆိုသည်။

"ရှင်က လူတွေကို နောက်ကွယ်မှာပဲမကောင်းပြောရဲတာလား။ ဘယ်လိုယောက်ျားမျိုးပါလိမ့်"

"ကျောက်ယွဲ့"

သူဌေးကြီးလင်က မာန်ပါပါခေါ်လိုက်ပြီး ပါးစပ်ပိတ်ဖို့ အချက်ပြသည်။

မိန်းကလေးငယ်၏ ဒေါသထွက်နေသော မျက်နှာလှလှကိုကြည့်ရင်း သံမဏိကပြုံးသည်။

"မိန်းကလေးလင် စိတ်မဆိုးပါနဲ့။ ကျွန်တော်ပြောသမျှထဲ အဓိပ္ပာယ်မရှိတာ တစ်ခုမှမပါပါဘူး။ ကြည့်ရတာ မိန်းကလေးကပဲ ခံစားချက်တွေသိပ်များနေတာမဟုတ်ဘူးလား။ တစ်ခါတလေမှာ လူတစ်ယောက် ဘယ်လောက်အထိမခံဖြစ်နေသလဲဆိုတာကို ကြည့်ရုံနဲ့ သိလာနိုင်တာတွေ အများကြီးရှိပါတယ်"

"ဟမ့် ရှင့်လိုယောက်ျားတစ်ယောက်က အမျိုးသမီးတစ်ယောက်ရဲ့ ဂုဏ်သတင်းမထိခိုက်ဖို့ ဘယ်လောက်အရေးကြီးမှန်း ဘယ်လိုလုပ်နားလည်နိုင်မလဲ။ ကျွန်မသာ ရှင့်အမေအကြောင်း ဒီလိုသွားပုပ်လေလွင့်ပြောမယ်ဆိုရင်—"

"ကျောက်ယွဲ့"

သမီးငယ်၏ ဒေါသကြောင့် သူဌေးကြီးလင် ခေါင်းကိုက်လာရသည်။

သူကိုယ်တိုင်လည်း တစ်ဖက်လူ၏ ရမ်းသမ်းခန့်မှန်းချက်များအပေါ် မကျေနပ်သော်လည်း လိန်ရှင်းနန်နှင့် အခြားသူများမှာ ညကင်းလှည့်တပ်ဖွဲ့၏ အရာရှိများ ဖြစ်ကြရာ သူတို့ကို တကယ်သာ ဒေါသထွက်အောင်လုပ်မိပါက ကောင်းကျိုးရှိနိုင်မည်မဟုတ်ပေ။

လင်ကျောက်ယွဲ့က စူပုပ်ပုပ်နှင့် တစ်ဖက်သို့လှည့်သွားသည်။

သူဌေးကြီးလင်က ခါးသီးစွာပြုံးကာ သံမဏိကို ဦးညွှတ်၍ တောင်းပန်လိုက်သည်။

"တောင်းပန်ပါတယ် အရာရှိမင်း။ သမီးလေးက အလိုလိုက်ခံထားရလို့ နည်းနည်းဆိုးနေတာပါ။ ကျေးဇူးပြုပြီး စိတ်ထဲမထားပါနဲ့။"

"မထားပါဘူး။ ကျွန်တော်လည်းစနောက်ရုံပါ"

သံမဏိက ရှုခင်းပုံများ ခြယ်သရေးဆွဲထားသော စက္ကူခေါက်ယပ်တောင်ကို ဝှေ့ယမ်းလိုက်ပြီး နှုတ်ခမ်းထက်တွင် အဓိပ္ပာယ်ဖော်မရသော အပြုံးတစ်ခု ပေါ်လာသည်။

စူပုပ်နေသောမျက်နှာဖြင့် လင်ကျောက်ယွဲ့ကို လိန်ရှင်းနန်ကမေးလိုက်သည်။

"ဟယ့်ချင်းယွီသေသွားတာကိုတော့ မင်းသိပြီးသားဖြစ်မှာပါ ဟုတ်တယ်မလား"

"အွန်း"

သံမဏိကို သူတိုက်ရိုက်ရန်လုပ်ရဲသော်လည်း ထိုအေးစက်စက်အမျိုးသမီး လိန်ရှင်းနန်ရှေ့တွင်တော့ သူမကကျီကကြောင်မလုပ်ရဲ။ သူမ စူပုပ်နေသောမျက်နှာဖြင့်သာ ပြန်ဖြေလိုက်သည်။

"မင်း ဘယ်လိုခံစားနေရလဲ"

"ဘာသဘောလဲရှင့်"

လင်ကျောက်ယွဲ့ မျက်မှောင်ပြန်ကြုတ်လာကာ ဒေါသတကြီးပေါက်ကွဲတော့မည်အပြု တစ်ဖက်အမျိုးသမီး၏ အေးစက်စက်အကြည့်များဖြင့် တည့်တည့်တိုးချိန်တွင် ဒေါသများမှာ မီးကိုရေနှင့်ဖြန်းလိုက်သည့်အလား အရှိန်သေသွားခဲ့ပြီး ခပ်တိုးတိုးပြန်ဖြေမိလိုက်သည်။

"သူသေသေရှင်ရှင် ကျွန်မနဲ့ဘာဆိုင်လို့လဲ။ ယင်းယင်းသာဆိုရင်တော့ သေချာပေါက် ဝမ်းနည်းနေမှာပေါ့။ သူတို့နှစ်ယောက်က..."

လင်ကျောက်ယွဲ့သည် သေဆုံးသွားသော သူငယ်ချင်းမလေးအား ပြန်လည်သတိရမိဟန်ဖြင့် မျက်နှာညှိုးကျသွားသည်။

လိန်ရှင်းနန်ကမေးသည်။

"ဆိုတော့ ဝမ်ယင်းယင်းနဲ့ ဟယ့်ချင်းယွီက ပက်သက်ခဲ့ဖူးတာပေါ့"

"မဟုတ်ပါဘူး"

လင်ကျောက်ယွဲ့က သူငယ်ချင်းဘက်မှ အမြန်ကာပြောသည်။

"ယင်းယင်းဘက်က အဲ့လူကိုကြိုက်မိတာပါ။ ဒါပေမဲ့ သူတို့နှစ်ဦးကြား ဘာပက်သက်မှုမှမရှိခဲ့ပါဘူး"

"ဝမ်ကျင်းအာနဲ့ရော" လိန်ရှင်းနန်က ထပ်‌ေ မးသည်။

လင်ကျောက်ယွဲ့မှာ တွန့်ဆုတ်သွားဟန်ဖြင့် တစ်ခဏမျှငြိမ်သက်နေပြီးမှ ခေါင်းယမ်းသည်။

"ကျွန်မမသိဘူး"

"ဘာတစ်ခုမှသိမထားဘူးပေါ့"

"အင်း၊ သူဘာတွေတွေးနေလဲဆိုတာ သတိထားမိဖို့ခက်ခဲတယ်။ အဲ့လူကို သူကြိုက်ခဲ့လား မကြိုက်ခဲ့ဘူးလားဆိုတာ ကျွန်မလည်းမသိဘူး။ ဒါပေမဲ့ သေချာတာတစ်ခုက ကျင်းအာဘက်ကကြိုက်ခဲ့ရင်တောင် ဟယ့်ချင်းယွီနဲ့သူ့ကြား ဘာလျှို့ဝှက်ပက်သက်မှုမှ မရှိခဲ့ပါဘူး"

လင်ကျောက်ယွဲ့က သူမ၏သူငယ်ချင်းနှစ်ယောက်လုံးဘက်မှ အပြည့်အဝကာကွယ်သည်။

သူမ၏ညီအစ်မများ သေဆုံးသွားသည့်တိုင် သူတို့၏အပြစ်ကင်းမှုကိုတော့ ရအောင်ကာကွယ်ပေးမည်။

လိန်ရှင်းနန်က မေးခွန်းများမေးနေခြင်းကိုရပ်ကာ နှုတ်ခမ်းကိုတစ်ချက်ဖိကိုက်လျက် လီနန်ခယ့်အား တစ်ချက်လှမ်းကြည့်သည်။ ထိုသူသည် မျက်နှာချင်းဆိုင်တွင် ခေါင်းငုံ့လျက် လက်ဖက်ရည်သောက်နေဆဲ။

"လီနန်ခယ့် ရှင်ဘယ်လိုထင်သလဲ"

All Chapters