မိစ္ဆာ ပေါ်ထွက်လာခြင်း
Vol. 3 Ch. 24
မျက်နှာချင်းဆိုင်ထိုင်နေသော အထက်လူကြီး၏မေးခွန်းကို လီနန်ခယ့်တစ်ယောက်ကတော့ ဘာတစ်ခုမှမကြားလိုက်သယောင်။ ထိုသူသည် ဗရုတ်သုတ်ခများအလယ်တွင် ခေါင်းကိုတွင်တွင်ငုံ့၍ လက်ဖက်ရည်ကိုသာ တစ်ငုံချင်း အရသာခံသောက်နေရင်း အတွေးကမ္ဘာထဲ လုံးလုံးလျားလျား နစ်မျောနေပုံရသည်။
"လီနန်ခယ့်"
လိန်ရှင်းနန်က အသံကို အနည်းငယ်မြှင့်လိုက်သည်။
လင်ကျောင်ယွဲ့၏ အာရုံစိုက်မှုမှာလည်း ထိုဘက်သို့ ရောက်ရှိသွားသည်။
ဝင်လာကတည်းက ဤလူသည် ဘာတစ်ခွန်းတစ်ပါဒမှဝင်မပြော ခေါင်းငုံ့၍သာ တိတ်ဆိတ်နေခဲ့သဖြင့် ထိုသူကို လိန်ရှင်းနန်၏ လက်အောက်ငယ်သားတစ်ဦးဟုသာ မှတ်ယူကာ အာရုံမစိုက်ခဲ့ခြင်းဖြစ်သည်။
ယခု ထိုသူ၏ကိုယ်ဟန်ကို အနီးကပ် ကြည့်ရှုအကဲခတ်လိုက်သောအခါ သူမကိုယ်တိုင်ပင် နားမလည်နိုင်သော ရင်းနှီးမှုအရိပ်အယောင်တစ်ခုကို ခံစားလိုက်ရသည်။
တစ်နေရာရာတွင် မြင်ဖူးနေသလို ခံစားချက်။
ငါသူ့ကိုဘာလို့ကြည့်နေမိတာလဲ။
နာမည်ထုတ်ခေါ်ခြင်းခံလိုက်ရသော လီနန်ခယ့်သည် စိတ်ထဲမှကျိန်ဆဲလိုက်ပြီး ဦးခေါင်းကိုမော့ကာ ခံစားချက်ကင်းမဲ့သော မျက်နှာသေဖြင့် ပြန်ဖြေလိုက်၏။
"ဒီလက်အောက်ငယ်သားမှာ ထင်မြင်ချက်တစ်စုံတစ်ရာမရှိပါဘူး။ အရာရှိမင်းအမိန့်ကိုပဲ တသွေမတိမ်း လိုက်နာပါ့မယ်"
ပြောပြီးနောက် ခန်းမအဝင်ဝဘက်သို့ သူလှည့်ကြည့်လိုက်သည်။
မိန်းကလေးငယ်နှစ်ဦးသည် ခန်းမကြီးအပြင်တွင် ကျော့ရှင်းစွာရပ်နေကြသည်။
ထိုနှစ်ဦးကြားတွင် ကိုယ်လုံးကိုယ်ပေါက်၊ ရုပ်ရည်၊ အသားအရည်အရောင်ကအစ ခြားနားမှု တစ်စုံတစ်ရာမရှိဘဲ ပုံစံခွက်တစ်ခုတည်းမှ ထွင်းထုထားသကဲ့သို့ တူညီလှ၏။
နှစ်ခါပြန်ကြည့်စရာမလို သေချာပေါက် အမြွှာညီအစ်မများပင်။
ရုပ်ရည်သွင်ပြင်မှာ လိန်ရှင်းနန်လောက် အချိုးတကျမလှပသော်လည်း နုနယ်ကာ ချစ်စဖွယ်ရှိကြသည်။
ထိုညီအစ်မမှာ လိန်ရှင်းနန်ကိုယ်တိုင် လင်ကျောင်ယွဲ့ဘေးတွင် အနီးကပ်စောင့်ရှောက်ရန် အထူးစီစဉ်ထားပေးသော ဆိုင်ယွင်နှင့်ဆိုင်ယွဲ့ ညီအစ်မနှစ်ဦး ဖြစ်ကြသည်။
"ထင်မြင်ချက် လုံးဝမရှိဘူး ဟုတ်လား။"
ထိုလူ၏ ဝတ်ကျေတန်းကျေတုံ့ပြန်မှုကို ရင်ဆိုင်ရသောအခါ လိန်ရှင်းနန်၏ ဖီးနစ်မျက်လုံးလှလှများ ကျဥ်းမြောင်းသွားခဲ့သည်။
အထက်လူကြီးထံမှ မမြင်ရနိုင်သော ဖိအားများကြောင့် လီနန်ခယ့်လည်း ရေသာခိုလိုက်ချင်စိတ်ကို ပြင်ဆင်လိုက်ရတော့သည်။ သူက လင်ကျောက်ယွဲ့အား တိုက်ရိုက်မေးမြန်းလာ၏။
"မိန်းကလေးလင်၊ ဟယ့်ချင်းယွီက မင်းကိုနှောင့်ယှက်နေစဉ်အတွင်း မင်းသူငယ်ချင်းမလေးနှစ်ယောက်က ဘယ်လိုသဘောထားရှိကြသလဲ"
မိန်းမငယ်လေးက စကားတစ်ခွန်းမှပြန်မပြော။
သူမသည် မေးခွန်းကိုပြန်ဖြေမည့်အစား လီနန်ခယ့်၏ ခန့်ညားသည့် မျက်နှာသွင်ပြင်ကို စူးစိုက်ကြည့်နေခဲ့သည်။
လုံးဝစွဲလမ်းနစ်ဝင်သွားသည့်အလားပင်။ သူမလေး၏ မျက်နှာမှာ ရှုပ်ထွေးမှုများ ရှိနေပြီး တစုံတစ်ခုကို ပြင်းပြင်းထန်ထန် စဉ်းစားနေသယောင်။
"အဟမ်း၊ အဟမ်း..."
အခြေအနေကို ရိပ်စားမိလိုက်သော် သူဌေးကြီးလင်သည် သမီးငယ်လေး အမျိုးသားချောချောကိုမြင်တွေ့လိုက်ရသဖြင့် ရူးသွပ်စွဲလမ်းသွားသည်ဟုထင်မှတ်ကာ အရှက်ရသလို ခံစားလိုက်ရသဖြင့် အလျင်စလို ချောင်းနှစ်ချက်မျှဟန့်၍ သမီးငယ်ကိုသတိပေးရသည်။
သို့သော် အမျိုးသမီးငယ်မှာ မည်သည့်တုံ့ပြန်မှုမှ မပြဘဲ လီနန်ခယ့်ကိုသာ မျက်စိမလွှဲ စူးစိုက်ကြည့်နေဆဲပင် ဖြစ်သည်။
မျက်နှာချင်းဆိုင်ရှိ သံမဏိမှာ မနာလိုအူတိုဖြစ်သွားရသည်။
ဒါက ဘာအဓိပ္ပာယ်လဲ။ ငါ သံမဏိရဲ့ ရုပ်ရည်ကလည်း မဆိုးပါဘူး၊ ဘာလို့ မိန်းကလေးတွေက ငါ့ကိုကျ ဒီလိုရူးမပြကြတာလဲ။
အကောင်းအညံ့ မခွဲခြားတတ်ကြသေးဘူးပဲ။
"ယွဲ့အာ၊ အရာရှိမင်းက မင်းကို မေးခွန်းမေးနေတာ မကြားဘူးလား။"
သူဌေးကြီးလင်၏ မျက်နှာမှာ ညိုမှောင်သွားပြီး အသံကိုမြှင့်လိုက်သည်။ သမီးငယ် ဤသို့ဖြစ်သွားရသည့်အကြောင်းရင်းကိုလည်း သူနားမလည်နိုင်။ သမီးဖြစ်သူသည် ယခင်က ယောက်ျားတစ်ယောက်ကို ဤမျှရူးသွပ်သည့်ဟန် မပြစဖူးပါပေ။
ဤခပ်ချောချောလူငယ်သည် မိစ္ဆာအတတ်တွေများ တတ်မြောက်ထားပါလေသလော။
လင်ကျောင်ယွဲ့မှာ နောက်ဆုံးတွင် သတိပြန်ဝင်လာသော်လည်း အကြည့်ကတော့ လီနန်ခယ့်ထံတွင် ခွာမရအောင်ကပ်နေဆဲပင် ဖြစ်သည်။
"ကျွန်မ ရှင့်ကို တစ်နေရာရာမှာ တွေ့ဖူးသလား။"
လီနန်ခယ့်မှာ တည်ငြိမ်စွာပင် ပြုံးလျက်ပင် ပြန်ဖြေသည်။
"ဖြစ်နိုင်ပါတယ်။ ကျွန်တော်က တုန်းချီခရိုင် ရုံးတော်က မှုခင်းဆရာဝန်ပါ။ ပြီးခဲ့တဲ့တစ်ခေါက်က ခရိုင်ဝန်နဲ့အတူ ဒီကိုလာခဲ့ဖူးတာဆိုတော့ မိန်းကလေးအနေနဲ့ မြင်ဖူးသလိုဖြစ်နေတာ သဘာဝကျပါတယ်"
"မှုခင်းဆရာဝန် တစ်ယောက်လား..."
မိန်းမငယ်လေးမှာ အလွန်ဇဝေဇဝါဖြစ်နေဆဲပင်။
ဘာကြောင့်မှန်းမသိသော်လည်း လင်ကျောက်ယွဲ့သည် မိမိ၏မှတ်ဉာဏ်ကို ပါးလွှာသော ပိတ်စလွှာတစ်ခုဖြင့် ပိတ်ဆို့ထားသကဲ့သို့ ခံစားနေရသည်။ အဖြေမှာ လက်တစ်ကမ်းတွင် ရှိနေသယောင် ထင်ရသော်လည်း ဖမ်းဆုပ်၍မရနိုင်သော ခံစားချက်မျိုးပင်။
"မိန်းကလေးလင်ရဲ့ ထက်မြက်ပါးနပ်တဲ့အမြင်နဲ့ဆိုရင် ဟယ့်ချင်းယွီလိုလူကို သဘောကျလိမ့်မယ်လို့တော့ ကျွန်တော်မထင်ဘူး"
လီနန်ခယ့်က စကားဝိုင်းကို ပင်မအကြောင်းအရာဘက်သို့ ပြန်လှည့်လိုက်သည်။
"ဟယ့်ချင်းယွီက မင်းကို လိုက်နှောင့်ယှက်တာကတော့ နားလည်ပေးလို့ရပါတယ်။ ဘာပဲဖြစ်ဖြစ် မိန်းကလေးလင်က အမျိုးသားတွေရဲ့နှလုံးသားကို တုန်လှုပ်စေနိုင်လောက်အောင် ရင်သပ်ရှုမောဖွယ် လှပနေတာကိုး။ ဒါပေမဲ့ ကျွန်တော်သိချင်တာက ဟယ့်ချင်းယွီက မင်းကိုနှောင့်ယှက်နေတာ မြင်တဲ့အခါ ဝမ်ယင်းယင်းနဲ့ ဝမ်ကျင်းအာတို့ရဲ့ တုံ့ပြန်မှုက ဘယ်လိုရှိသလဲ ဆိုတာပါပဲ။"
ထိုလူ၏ ကျင်လည်သပ်ရပ်သော ချီးကျူးစကားကြောင့် လင်ကျောင်ယွဲ့၏ ဒေါသစိတ်အကြွင်းအကျန်များလည်း အကုန်အစင်လွင့်ပျယ်သွားသည်။
မိန်းကလေးသည် နှုတ်ခမ်းကိုနည်းနည်းစူကာ ပြန်ဖြေသည်။
"သူတို့က ဘာမှ ထူးထူးခြားခြား မတုံ့ပြန်ကြပါဘူး။ ယင်းယင်းက ကျွန်မသူ့ကို မကြိုက်ဘူးဆိုတာ သိနေတော့ စိတ်ထဲ သိပ်မထားပါဘူး။ ကျင်းအာလည်း အတူတူပါပဲ"
"ရှစ်လပိုင်း လေးရက်နေ့မှာ မင်းတို့ဘာလို့ လီချန်ဘုရားကျောင်းကိုသွားပြီး အမွှေးတိုင်ထွန်း ဆုတောင်းခဲ့ကြတာလဲ။"
လီနန်ခယ့်က မေးလိုက်သည်။
"ယင်းယင်းက ရုတ်တရက် သွားချင်တယ်လို့ ပြောလာလို့ ကျွန်မတို့က အတူလိုက်သွားပေးတာပါ" အမျိုးသမီးငယ်က ဆိုသည်။
"ပြီးတော့သူက စိတ်အပန်းဖြေဖို့ တောင်တက်ချင်သေးတယ်ဆိုတာနဲ့ ကျွန်မတို့ ချွေးဟုန်တောင်ကို သွားခဲ့ကြတာ၊ ဒါပေမဲ့ ဘယ်သူကြိုသိမှာလဲ..."
အမျိုးသမီးငယ်၏ မျက်လုံးများမှာ နီမြန်းလာပြီး စကားကို ဆက်မပြောနိုင်တော့ပေ။ ဝေ့တက်လာသော မျက်ရည်များမှာ နက်ရှိုင်းသောဝမ်းနည်းမှုကို ဖော်ပြနေသည်။
"ကျွန်တော်တို့ စုံစမ်းကြည့်ပြီးပါပြီ၊ သူပြောတာ အမှန်ပါပဲ။"
နောက်ဆုံးတွင်ထိုင်နေသော ကောကန်းက အေးစက်စက်လေသံဖြင့် ဝင်ပြောသည်။ ဝမ်ယင်းယင်းဖခင်၏ ထွက်ဆိုချက်အရ ရှစ်လပိုင်း သုံးရက်နေ့တွင် ဝမ်ယင်းယင်းက လီချန်ဘုရားကျောင်းသို့ သွားရောက်၍ အမွှေးတိုင်ထွန်းလိုကြောင်း ပြောကြားခဲ့ပြီး လေးရက်နေ့တွင် မိန်းကလေးလင်နှင့် ဝမ်ကျင့်အာတို့ကို အတူလိုက်ပါရန် ခေါ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် လီချန်ဘုရားကျောင်းမှ ရဟန်းများကိုလည်း သူတို့စစ်ဆေးမေးမြန်းခဲ့ပြီး ဖြစ်သည်။ ရဟန်းများကလည်း ထိုစဉ်က ဝမ်ယင်းယင်းသည် ချွေးဟုန်တောင်သို့ အပန်းဖြေခရီးသွားရန် အကြံပြုနေခဲ့သည်ကို ကြားသိခဲ့ရကြောင်း သက်သေခံကြ၏။
လီနန်ခယ့်သည် မသိစိတ်ဖြင့် စားပွဲပေါ်သို့ လက်ချောင်းဖြင့် အသာအယာခေါက်လိုက်မိသည်။ စက္ကန့်အနည်းငယ်မျှ စဉ်းစားပြီးနောက် လင်ကျောင်ယွဲ့ဘက်သို့ပြန်လှည့်ကာ မေးလိုက်သည်။
"ဒါဆို မင်းလည်း ဝမ်ယင်းယင်း ဘာလို့ ဘုရားကျောင်းသွားပြီး အမွှေးတိုင်ထွန်းချင်ရသလဲ ဆိုတာကို မသိဘူးပေါ့။"
"မသိပါဘူး။" အမျိုးသမီးငယ်က ခေါင်းခါပြသည်။
"အဲဒီအချိန်တုန်းက သူ့စိတ်အခြေအနေ ဘယ်လိုရှိခဲ့သလဲ။ တခြားထူးဆန်းတဲ့အပြုအမူတွေ ရှိခဲ့သေးလား"
လင်ကျောင်ယွဲ့က ခဏမျှ ပြန်လည်စဉ်းစားပြီးနောက် ဖြေသည်။
"အဲဒီတုန်းက ဝမ်ယင်းယင်း စိတ်အခြေအနေ အရမ်းကောင်းနေပြီး ပုံမှန်မဟုတ်တာ တစ်ခုမှမရှိပါဘူး။ သူ့အဖေကိုလည်း မေးကြည့်လို့ရပါတယ်။"
မေးမြန်းမှုမှာ ဤတွင် လမ်းပိတ်သွားပြီး အမှုမှာလည်း ရှေ့ဆက်မတိုးနိုင် ဖြစ်နေရသည်။
သူတို့အနေဖြင့် လောလောဆယ် သိရှိထားသော သတင်းအချက်အလက်များအပေါ် အခြေခံ၍ အမှုကို အကြမ်းဖျင်းသာ စုစည်းနိုင်သည်။
ဝမ်ယင်းယင်းက ဟယ့်ချင်းယွီကို ကြိုက်နှစ်သက်သည်။ ဟယ့်ချင်းယွီက လင်ကျောင်ယွဲ့ကို သဘောကျသည်။ ဝမ်ကျင့်အာကလည်း ဟယ့်ချင်းယွီအပေါ် တိတ်တဆိတ် စိတ်ဝင်စားမှု ရှိနေနိုင်သည်။ သူငယ်ချင်းသုံးယောက်နှင့် အမျိုးသားတစ်ယောက်ပါဝင်သော ဂန္ထဝင်မြောက် လေးပွင့်ဆိုင် ချစ်ဇာတ်လမ်းလေးတစ်ခုနှယ်။
ထိုလေးပွင့်ဆိုင် ဆက်ဆံရေးကြားတွင် အချစ်မှလွဲ၍ မည်သည့်ခံစားချက်မှ မရှိနိုင်ဟု ပြောဆိုလာပါက မည်သူတစ်ဦးတစ်ယောက်မှ ယုံကြည်လိမ့်မည်မဟုတ်။
ရှစ်လပိုင်း လေးရက်နေ့တွင် ဝမ်ယင်းယင်းက ဘုရားကျောင်းအတူသွားရန် အကြံပြုခဲ့ပြီးနောက် ချွေးဟုန်တောင်သို့ အပန်းဖြေသွားရန် အတင်းအကျပ် စုစည်းခဲ့သည်။ နောက်ဆုံးတွင် ထိုအပန်းဖြေခရီး၌ သူတို့သုံးဦးသည် မမျှော်လင့်ဘဲ မိစ္ဆာတစ်ကောင်နှင့် ထိပ်တိုက်တိုးခဲ့ကြရ၏။
ယင်းဖြစ်ရပ်ကြောင့် ဝမ်ကျင့်အာသေဆုံးခဲ့ရပြီး ဝမ်ယင်းယင်း လေဖြတ်သွားခဲ့သည်။
လင်ကျောင်ယွဲ့လည်း ဒဏ်ရာကြီးစွာ ရရှိခဲ့သည်။
ထိုညတွင်ပင် ဟယ့်ချင်းယွီသည် လင်ကျောင်ယွဲ့၏ဒဏ်ရာကို စစ်ဆေးကြည့်ရှုရန် တံတိုင်းကျော်၍ ခြံဝင်းအတွင်းသို့ ဝင်ရောက်ဖို့ကြိုးစားခဲ့သော်လည်း အစေခံများ တွေ့ရှိသွားသဖြင့် မောင်းထုတ်ခံခဲ့ရသည်။
ဤသို့ဖြင့် ထိုသူသည် စိတ်ဓာတ်ကျဆင်းပြီး ပိုင်ယွင်စားသောက်ဆိုင်သို့ အရက်သွားသောက်ရန် ကြံစည်ခဲ့သော်လည်း လမ်းတွင်ပျောက်ကွယ်သွားခဲ့ပြီး နေအိမ်၌ သေဆုံးလျက်တွေ့ရှိခဲ့ကြသည်။
ထိုသူ၏သေဆုံးမှုကို မတော်တဆ မီးခိုးမွှန်၍ အဆိပ်မိခြင်းဟု သတင်းလွှင့်ခဲ့ကြ၏။
သို့ဆိုလျှင် လူသတ်သမားမှာ မည်သူနည်း။ အဘယ်ကြောင့် ဒီလူကို သတ်ရသနည်း။ ထို့ပြင် အဘယ်ကြောင့် ဤအချိန်ကာလကိုမှ ရွေးချယ်သတ်ဖြတ်ရပါသနည်း။
ဤအချက်များအားလုံးမှာ လျှို့ဝှက်ဆန်းကြယ်စွာ ကျန်ရစ်သည်။
ကျိုးကြောင်းဆီလျော်စွာ ဆင်ခြင်ရလျှင် အမှုသည် ဤနေရာတွင်ပင် ပြီးဆုံးသင့်သော်လည်း နောက်ဆက်တွဲ ဖြစ်ရပ်များက ပို၍ဆန်းကြယ်လာခဲ့၏။
နှစ်ရက်အကြာ၊ ရှစ်လပိုင်း ခုနစ်ရက်နေ့တွင် ဟယ့်ချင်းယွီသည် သင်္ချိုင်းလူသားအဖြစ် ပြန်လည် နိုးထလာခဲ့သည်။
သင်္ချိုင်းလူသားဖြစ်ရပ်၏ စည်းကမ်းချက်အရ ကွယ်လွန်သူသည် ပြန်လည်နိုးထလာသောအခါ မိမိ မည်သို့သေဆုံးခဲ့သည်ဟူသော မှတ်ဉာဏ်များ မရှိတော့ဘဲ မသေဆုံးမီလေးက မိမိဘာလုပ်နေသည်ဟူသော အချက်ကိုသာ ဝေဝေဝါးဝါး မှတ်မိတတ်သည်။
ထို့ကြောင့် သင်္ချိုင်းလူသား ဟယ့်ချင်းယွီသည် ပိုင်ယွင်စားသောက်ဆိုင်သို့ အရက်သောက်ရန် ပုံမှန်အတိုင်း သွားရောက်ခဲ့လေသည်။
သို့သော် အရက်သောက်ပြီးနောက် ၎င်းသည် ထပ်မံပျောက်ကွယ်သွားပြန်၏။
နောက်တစ်ညတွင် ကုတင်ပေါ်၌ လေဖြတ်၍သတိမေ့နေသော ဝမ်ယင်းယင်းသည် မိုးနီအိပ်မက်ကမ္ဘာအတွင်းသို့ ကျရောက်သွားပြီး သေဆုံးသွားခဲ့သည်။
ထို့နောက်တွင် လင်ကျောင်ယွဲ့သည် တစ်စုံတစ်ယောက်၏ မိုးနီဆေးရည် တိုက်ကျွေးခြင်းကို ခံခဲ့ရပြန်သည်။
အကယ်၍ လီနန်ခယ့်သာ အိပ်မက်တွင်းသို့ ဝင်ရောက်မကယ်တင်ခဲ့ပါက ဤမိန်းကလေးလည်း သေဘေးမှ လွတ်မြောက်မည် မဟုတ်သည်မှာ သေချာသလောက်ပင်။
"မိန်းကလေးလင်၊ ကျွန်တော့်မှာ မေးခွန်းတစ်ခု ကျန်သေးတယ်။" လီနန်ခယ့်က အမျိုးသမီးငယ်၏ မျက်လုံးများကို စိုက်ကြည့်လိုက်သည်။
"ယေဘုယျအားဖြင့် ပြောရရင် အိပ်မက်ဆိုးတွေနဲ့ ကြုံတွေ့ရတာဟာ ကာယကံရှင်ရဲ့စိတ်အစွဲကြောင့်ပဲ။ မင်းရဲ့စိတ်အစွဲကဘာလဲဆိုတာ ငါသိချင်တယ်"
အခန်းအတွင်းရှိ ကျန်သူအားလုံးလည်း စိတ်ဝင်စားခြင်းကြီးစွာ လှမ်းကြည့်လာကြသည်။
ဖခင်ဖြစ်သူ သူဌေးကြီးလင်ပင် နားမလည်နိုင်သော အမူအရာဖြင့်။
ငယ်စဉ်ကတည်းက စည်းစိမ်ချမ်းသာများကြားတွင် ပူပန်မှုမရှိ ကြီးပြင်းလာခဲ့ရသော အမျိုးသမီးငယ်တစ်ဦး၌ မည်သည့်စိတ်အစွဲမျိုး ရှိနေနိုင်မည်နည်း။
"ရှင့်ရှေ့မှာတင် အချစ်ဆုံးသူငယ်ချင်းတစ်ယောက် မိစ္ဆာလက်ချက်ကြောင့် သေဆုံးသွားတာကို မြင်လိုက်ရရင်၊ ရှင့်ကို မိစ္ဆာတစ်ကောင်က လိုက်လံတိုက်ခိုက်နေရင်၊ အသက်ဘေးလွတ်ဖို့ ချောက်ကမ်းပါးပေါ်ကနေ ခုန်ချခဲ့ရရင်... ရှင်ကော ကြောက်စိတ်ဝင်မိမှာ မဟုတ်ဘူးလား။ ရှင်ကော အိပ်မက်ဆိုးတွေ မမက်နိုင်ဘူးလား။"
အမျိုးသမီးငယ်က ချုပ်တည်းထားသော ခံစားချက်များ ပြည့်နှက်နေသည့် အသံဖြင့် ပြန်လည်တုံ့ပြန်လိုက်သည်။
ဤအဖြေမှာ အလွန်ပင် ကျိုးကြောင်းဆီလျော်လှသည်။
ကျန်သူအားလုံးလည်း ခေါင်းတညိတ်ညိတ်ဖြင့် မိန်းကလေးအား စာနာသနားစွာ ဝိုင်းကြည့်နေကြသည်။
ဤမျှငယ်ရွယ်သော အသက်အရွယ်တွင် ဤကဲ့သို့ ကြောက်စရာကောင်းသော ဝမ်းနည်းဆို့နင့်ဖွယ် ဖြစ်ရပ်များကို ကြုံတွေ့ခဲ့ရပြီးနောက် အမှုစစ်များရှေ့ မားမားမတ်မတ်ရပ်တည်ကာ စစ်မေးသမျှ မေးခွန်းများကို ဖြေကြားနိုင်နေခြင်းမှာ မည်မျှရှားပါးသော စိတ်ဓာတ်ကြံ့ခိုင်မှုမျိုးပေနည်း။
သို့သော် ထိုအဖြေကို ကြားသိပြီးနောက်တွင် လီနန်ခယ့်မှာ ထူးဆန်းသော အနေရခက်မှုတစ်ခုကို ခံစားလိုက်ရသည်။
အကြောင်းရင်းကို တိတိကျကျ မဖော်ပြနိုင်သော်လည်း တစ်ခုခုလိုအပ်နေသလို စိတ်မဖြောင့်ရသည့် ခံစားချက်မျိုးပင်။
သူမ၏ အဖြေမှာ အလွန်ပင် ချောမွေ့မြန်ဆန်လွန်းနေသည်ဟု ခံစားရသည်။
မေးခွန်းများကို ကြိုတင်ခန့်မှန်းထားပြီး အဖြေများကို ကြိုတင်ပြင်ဆင်ထားသကဲ့သို့ဟု ဆိုရမည်။
လီနန်ခယ့်က မေးခွန်းထပ်ထုတ်ဖို့ ပြင်ဆင်နေစဉ်မှာပင် စူးရှရှအော်ဟစ်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
ထိုအော်ဟစ်သံကြောင့် ဧည့်ခန်းအတွင်းရှိ တင်းမာနေသော အခြေအနေမှာ ချက်ချင်းပြိုကွဲသွားပြီး သူတို့အားလုံး အထိတ်တလန့်ဖြစ်ကုန်ကြ၏။
"နောက်ဖေးကလာတဲ့အသံပဲ"
သူဌေးကြီးလင်က အော်ဟစ်လိုက်သည်။
ထိုစကားအဆုံး ချက်ချင်းဆိုသလိုပင် မှင်ရည်ကဲ့သို့ နက်မှောင်ကျော့ရှင်းသော ပုံရိပ်တစ်ခု ခန်းမအတွင်းမှ လှစ်ခနဲပြေးထွက်သွားသည်။ ထိုသူမှာ လိန်ရှင်းနန်ပင်။
ကောကန်းနှင့် သံမဏိတို့လည်း ချက်ချင်း နောက်မှလိုက်ပါသွားကြသည်။
ခန်းမအတွင်းမှ ပြေးထွက်သွားရင်း လိန်ရှင်းနန် တစ်ခုခုကိုသတိရသွားသည်။ ထို့နောက် ရုတ်တရက် လှည့်ကြည့်ပြီး ဆိုင်ယွင်နှင့်ဆိုင်ယွဲ့တို့ကို ညွှန်ကြားသည်။
"ဒီမှာပဲနေခဲ့၊ ဘယ်မှမသွားနဲ့။ သူတို့ကို ကာကွယ်ထား။"
"ဟုတ်ကဲ့။"
ညီအစ်မနှစ်ဦးမှာ တညီတညွတ်တည်း အလျင်အမြန်ခေါင်းညိတ်လိုက်ကြသည်။
လီနန်ခယ့်သည် မူလက ထိုင်နေခဲ့ရန်သာ ရည်ရွယ်ထားသော်လည်း စပ်စုလိုစိတ်ကြောင့် မနေနိုင်မထိုင်နိုင် သံမဏိနောက်မှ ကပ်လိုက်သွားတော့သည်။
နောက်ဖေးသို့ ရောက်ရှိသောအခါ အစေခံအချို့မှာ ထိတ်လန့်တကြား ထွက်ပြေးနေကြပြီး ရုန်းရင်းဆန်ခတ်အခြေအနေဖြစ်နေသည်ကို တွေ့ရှိလိုက်ရသည်။
နီရဲလတ်ဆတ်သော သွေးလမ်းတစ်ခုမှာ စင်္ကြံလမ်းတစ်လျှောက် ဆွဲယူခံသွားရသကဲ့သို့ အကြောင်းလိုက်ထင်လျက်။
ကျောက်မီးအိမ်များသည် မြေပြင်ပေါ်၌ ပြန့်ကျဲနေပြီး အပိုင်းပိုင်း ကွဲအက်နေခဲ့သည်။
လိန်ရှင်းနန်တို့အဖွဲ့ တုံ့ပြန်ချိန် မရမီမှာပင် လူတစ်ဦး၏ပုံရိပ်မှာ သဲအိတ်တစ်ခုကဲ့သို့ လွင့်ထွက်လာပြီး ခြံဝင်းတံတိုင်းကို ပြင်းထန်စွာ ဆောင့်မိသွားသည်။
ထိုသူမှာ အစေခံများထဲမှ တစ်ဦးပင်။
ကံကောင်းထောက်မစွာဖြင့် ထိုအစေခံမှာ အသက်ရှူနေဆဲဖြစ်ပြီး နာကျင်မှုကြောင့် အော်ဟစ်နေနိုင်သေးသည်။
ခြံဝင်း၏ အလယ်ဗဟိုတွင် အရပ်အမြင့်နှစ်မီတာကျော်ရှိသော မိစ္ဆာတစ်ကောင် ရပ်နေသည်။
ထိုမိစ္ဆာ၏ ကိုယ်လုံးကိုယ်ပေါက်မှာ ကြီးမားထွားကျိုင်းပြီး ခြေလက်များမှာ ဖောင်းကြွနေသော ကြွက်သားများဖြင့် ကျစ်လျစ်နေကာ အသားအရည် မျက်နှာပြင်ပေါ်တွင် အပြာရောင် သွေးပြန်ကြောများကို အထင်အသား မြင်တွေ့နေရသဖြင့် အားအင်များဖြင့် ပြည့်နှက်ဖောင်းကားနေကာ အချိန်မရွေးပေါက်ထွက်လာနိုင်သည့်အလား ခံစားရစေ၏။
၎င်းတွင် ဆံပင်မပါရှိသော်လည်း ထိပ်ပြောင်နေခြင်းမဟုတ်ဘဲ ထူထပ်သော ရေညှိကဲ့သို့ အဖုအကျိတ်များက ဦးခေါင်းတစ်ခုကို ဖုံးလွှမ်းထားသည်။
လက်သီးနှစ်ဖက်မှာ ရာဝင်အိုးကြီးများအလား ကြီးမားလှ၏။
မိစ္ဆာ၏ မျက်နှာသွင်ပြင်မှာ ဆိုးရွားစွာတွန့်လိမ်နေသောကြောင့် မည်သူမည်ဝါမှန်း ခွဲခြားမရပေ။
သွေးကဲ့သို့ နီမြန်းသော မျက်လုံးတစ်စုံမှ သွေးဆာနေဟန် အကြည့်များကို ကြောက်စရာကောင်းစွာ ထုတ်လွှတ်နေသည်။
"မိစ္ဆာတစ်ကောင်ပဲ။"
ကောကန်းက အော်ဟစ်လိုက်သည်။
ဤမြင်ကွင်းကို မြင်လိုက်ရချိန်၌ လီနန်ခယ့်သည် မျက်မှောင်ရေးရေးကြုတ်ကာ လူအုပ်ကြီး၏ နောက်ကွယ်သို့ တိတ်တဆိတ် ဆုတ်ခွာလိုက်တော့သည်။