← Chapters

အလှလေးကိုကယ်တင်မဲ့ သူရဲကောင်း

Vol. 3 Ch. 25

အလှလေးကိုကယ်တင်မဲ့ သူရဲကောင်း

Vol. 3 Ch. 25

လီနန်ခယ့်သည် သူကိုယ်တိုင်၏အစွမ်းအစကို ကောင်းစွာနားလည်ထားသည်။

မိုးနီအိပ်မက်ကမ္ဘာအတွင်း၌ အိပ်မက်ဆိုးကို မကြောက်မရွံ့တိုက်ခိုက်နိုင်သော်လည်း လက်တွေ့ဘဝတွင်မူ သူ၏လက်ရှိစွမ်းရည်မှာ ထိုမိစ္ဆာငယ်လေးများကို တိုက်ခိုက်နှိမ်နင်းဖို့ရန်ပင် မလုံလောက်သေးပါ။

အသိဉာဏ်သေချာကပ်ကာ မသေချာသေးချိန်တွင် ကံမစမ်းကြည့်တာ အကောင်းဆုံးပင်။

"ဝူး"

မိစ္ဆာသတ္တဝါသည် ကောင်းကင်သို့မော့၍ ဟိန်းဟောက်လိုက်ပြီး ရာဝင်လက်သီးကြီးများဖြင့် မြေပြင်ကို ပြင်းထန်စွာ ထုနှက်လိုက်သည်။

ခြံဝင်းတစ်ခုလုံး တုန်ခါသွားတော့၏။

ရေတွက်၍မရသော လက်ရန်းအကျိုးအပဲ့များနှင့် ကျောက်စအစိတ်စိတ်အမွှာမွှာတို့ ပျံ့လွင့်ထွက်သွားပြီး ထိတ်လန့်တကြား ထွက်ပြေးနေကြသော အစေခံများဘက်သို့ လွင့်စင်သွားသည်။

သွေးသံရဲရဲဖြင့် ဖုံးလွှမ်းသွားမည့် မြင်ကွင်းကို ကြိုတင်၍ပင် မြင်ယောင်ကြည့်နိုင်ပေသည်။

ဤအရေးကြီးသော အချိန်တွင် လိန်ရှင်းနန် စတင်လှုပ်ရှားလိုက်သည်။

အမျိုးသမီးသည် အပေါ်သို့ ခုန်တက်လိုက်ပြီး စကတ်အောက်ရှိ သွယ်လျသော ခြေထောက်များဖြင့် ဝရန်တာတိုင်ကို အသာအယာနင်းကာ လေထဲသို့ ပျံတက်သွားသည်။ ပျံသန်းနေစဥ် ရင်ဘတ်ရှေ့တွင် ဝိညာဉ်စွမ်းအားများဖြင့် ဖွဲ့စည်းထားသော ရေမှုန်ရေမွှားများမှာ ပန်းချီကားတစ်ချပ်အား စုတ်တံဖြင့် ခြယ်သရေးဆွဲလိုက်သည့်အလား လေဟာနယ်ထဲ ပျံ့နှံ့ထွက်ပေါ်လာသည်။

ထို့နောက် နုနယ်သွယ်ပျောင်းသော လက်မောင်းများကို ဝှေ့ယမ်းလိုက်သောအခါ ရေမှုန်ရေမွှား ပန်းချီကားမှာ ချက်ချင်းပင် ကြီးမားပျံ့နှံ့သွားပြီး သေစေနိုင်သော ကျောက်စအကျိုးအပဲ့များနှင့် သစ်သားစများကို လမ်းတစ်ဝက်မှ ကြားဖြတ်ပိတ်ဆို့နိုင်လိုက်သည်။

"သွားကြစို့။"

လိန်ရှင်းနန်က အစေခံအုပ်စုကို ကာကွယ်ပေးနေစဉ် သံမဏိနှင့် ကောကန်းတို့သည် ဟန်ချက်ညီစွာဖြင့် မိစ္ဆာသတ္တဝါထံသို့ ပြေးဝင်သွားကြသည်။

သူတို့နှစ်ဦးသည် လက်ထဲတွင် တောက်ပနေသော အကြောကြိုးတစ်ကြိုးကို ကိုင်ဆောင်ထားပြီး ပါးနပ်သော ကိုယ်ဟန်လှုပ်ရှားမှုများဖြင့် မိစ္ဆာသတ္တဝါ၏ တိုက်ခိုက်မှုများကို ရှောင်တိမ်းကာ ၎င်း၏အောက်က်မှ လျှောတိုက်ဝင်ရောက်၍ မိစ္ဆာ၏ နောက်ကျောဘက်သို့ ပတ်သွားကြသည်။

(အကြောကြိုး - တိရိစ္ဆာန်အသေတွေရဲ့ ကြွက်သားအမျှင်အကြောတွေကနေ ကျစ်ထားတဲ့ကြိုးပါ။ ဆွဲဆန့်နိုင်စွမ်းရှိပြီး သာမန်ကြိုးတွေထက် ခိုင်မာပါတယ် - ဇွန်)

သူတို့သည် မိစ္ဆာ၏‌ပတ်ပတ်လည် အကြိမ်ကြိမ်ရှောင်တိမ်းလှည့်ပတ်ပြီး မိစ္ဆာသတ္တဝါအား အကြောကြိုးဖြင့် တင်းကျပ်စွာ ချည်နှောင်လိုက်ကြသည်။

သို့သော် သူတို့နှစ်ဦး အောင်ပွဲမခံမီမှာပင် အဆမတန် အင်အားကြီးလှဟန်ရှိသော မိစ္ဆာသတ္တဝါသည် ခိုင်မာတောင့်တင်းလှသော အကြောကြိုးကို အတင်းအကျပ် ဆွဲဖြတ်လိုက်သည်။ ၎င်း၏ လည်ချောင်းအတွင်းမှ ပေါက်ကွဲထွက်လာသော ဟိန်းဟောက်သံကြောင့် အနားရှိလူတိုင်း နားစည်များအူတက်ကာ သွေးများပင်ပွက်ပွက်ဆူမတတ် လန့်ဖျပ်သွားကြရ၏။

မိစ္ဆာသတ္တဝါသည် ပြတ်တောက်သွားသော အကြောကြိုးနှစ်စကို လက်တစ်ဖက်စီဖြင့် ဆွဲကိုင်လိုက်ပြီး ကောကန်းနှင့် သံမဏိတို့ကို သူ့ဘက်သို့ ဆွဲချလိုက်၏။

သို့သော် နှစ်ဦးလုံးမှာ အတွေ့အကြုံရှိသော မိစ္ဆာနှိမ်နင်းသူများ ဖြစ်ကြသောကြောင့် အခြေအနေမဟန်သည်ကို မြင်သောအခါ ကြိုးများကို အမြန်လွှတ်လိုက်ပြီး အနီးကပ် တိုက်ခိုက်ရေးစနစ်သို့ ပြောင်းလဲလိုက်ကြသည်။

"ငါ့ဓားချက်ကို ခံစားလိုက်"

သံမဏိသည် လက်ထဲရှိခေါက်ယပ်တောင်ကို ဝှေ့ယမ်းလိုက်ရာ ၎င်းမှာ ရုတ်တရက် ဓားရှည်တစ်လက်အဖြစ် ပြောင်းလဲသွားပြီး မိစ္ဆာသတ္တဝါ၏ မျက်ခုံးအလယ်ဆီသို့ ထိုးစိုက်လိုက်သည်။

ဓားအလင်းမှာ သက်တံကဲ့သို့ တောက်ပထင်းလင်းနေပြီး ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ပါဝင်နေသည်။

ကောကန်းသည် လှည့်ပတ်နေသောချီစွမ်းအင်ကို ဒန်ထျန်ဆီသို့ ပို့ဆောင်လိုက်သည်။ ထို့နောက် လက်သီးနှစ်ဖက်ကိုဆန့်ထုတ်ကာ ဒူးကွေး၍ အသင့်အနေအထားဖြင့်ရပ်လိုက်သော် သူ၏အဝတ်အစား အနားသတ်အစွန်းများမှ လေပြင်းမှာပေါက်ကွဲတိုက်ခတ်လာတော့၏။

စုတ်ပြဲသံနှင့်အတူ အပေါ်ပိုင်းအဝတ်အစားများ အပိုင်းပိုင်း ပြတ်ထွက်သွားသည်။ အမျိုးသား၏ ပေါ်ထွက်လာသော အပေါ်ပိုင်းကိုယ်ထည်မှာ ရွှေမှုန့်များ သုတ်လိမ်းထားသကဲ့သို့ တောက်ပနေပြီး ဖျက်ဆီး၍မရသော ကြေးရုပ်တုကြီးအဖြစ် ပြောင်းလဲသွားသည်။

ဖျက်ဆီး၍မရသော ဝိဇ္ဇာကိုယ်ထည်။

တိုက်ပွဲကို အဝေးမှကြည့်နေသော လီနန်ခယ့်သည် ပြုံးလျက်ဆို၏။

"အဝတ်အစားချွတ်ရလောက်တဲ့အထိဆိုတော့ တိုက်ပွဲက တကယ်ပြင်းထန်နေပြီပဲ"

ထိုစဥ် စက္ကန့်ပိုင်းမျှသောအချိန်အတွင်း ကြမ်းတမ်းရူးသွပ်နေသော မိစ္ဆာသတ္တဝါသည် သံမဏိကို အားဖြင့် ဆွဲယူလွှင့်ပစ်လိုက်ပြီး ကြီးမားသောလက်သီးဖြင့် ကောကန်း၏ခန္ဓာကိုယ်ကို တိုက်ရိုက် ထိုးနှက်လိုက်သည်။

ကောကန်းသည် ကြိုးပြတ်သွားသော စွန်တစ်ကောင်ကဲ့သို့ နောက်ပြန်လွင့်သွားပြီး အခန်းတစ်ခုအတွင်းသို့ ဆောင့်ဝင်သွား၏။

တိုက်ခိုက်ဖို့ အဝတ်အစားပင် ချွတ်ထားရသော်လည်း အလဟဿဖြစ်သွားရပုံပင်။

မိစ္ဆာသတ္တဝါက ဆက်လက်တိုက်ခိုက်ရန် ပြင်ဆင်နေစဉ် အစေခံများအား ဘေးကင်းရာသို့ ပို့ဆောင်ပေးခဲ့သော လိန်ရှင်းနန်သည် လျှပ်စီးကဲ့သို့ ပြေးဝင်လာပြီး မြားပုံသဏ္ဍာန် ရေစီးကြောင်းများကို မိစ္ဆာသတ္တဝါထံသို့ မိုးသည်းထန်စွာရွာသွန်းသည့်အလား ပိုက်စိပ်တိုက်ပစ်လွှတ်လိုက်သည်။

အဆိုပါ ရေမြားများသည် မိစ္ဆာသတ္တဝါအား ဒဏ်ရာကြီးကြီး မရရှိစေနိုင်သော်လည်း နောက်ဘက်သို့ တစ်ချက်ယိုင်ကျသွားစေဖို့တော့ လုံလောက်၏။

"ဖြတ်တောက်စမ်း။"

လိန်ရှင်းနန်သည် လက်တစ်ဖက်ဖြင့် လေဟာနယ်ကို အသာအယာဆွဲလိုက်ရာ ရေစက်များမှာ ရုတ်ချည်းခဲသက်ကာ နှစ်မီတာမျှရှည်လျားသော ရေခဲဓားကြီးအဖြစ် ပြောင်းလဲသွားပြီး မိစ္ဆာသတ္တဝါအပေါ်သို့ ပြင်းထန်စွာ ခုတ်ပိုင်းချလိုက်သည်။

ပြင်းထန်သော စွမ်းအင်များသည် ခြံဝင်းလွင်ပြင်တကြောအား တောမီးကဲ့သို့ ပျံ့နှံ့သွားလျက်။

စင်္ကြံလမ်းတွင် ပုန်းခိုနေသော လီနန်ခယ့်ပင်လျှင် နောက်သို့ နှစ်လှမ်းမျှ ဆုတ်ခွာလိုက်ရသည်။

ရေခဲဓားဖြင့် အခုတ်ခံလိုက်ရသော မိစ္ဆာသတ္တဝါသည် နုနယ်ပုံရသော ဤအမျိုးသမီးမှာ ဤမျှအစွမ်းထက်လိမ့်မည်ဟု မမျှော်လင့်ထားဟန်ပင်။ ပြင်းထန်သော ဖိအားအောက်တွင် ၎င်းသည် ဒူးတစ်ဖက် ထောက်ကျသွားပြီး လည်ပင်းမှ နက်မှောင်သော သွေးစအချို့ စင်ထွက်လာသည်။

သို့သော် ထူထဲသောအရေပြားနှင့် ကြံ့ခိုင်သောကြွက်သားစိုင်များရှိသည့် မိစ္ဆာသတ္တဝါအတွက်မူ ဤဒဏ်ရာမှာ ခြစ်ရာလေးတစ်ခုထက်မပိုခဲ့။

ဒေါသအလွန်ထွက်သွားပုံရသော မိစ္ဆာသတ္တဝါ၏ ဟိန်းဟောက်သံကား ခေါင်းလောင်းသံကြီးအလား ပဲ့တင်ထွက်ပေါ်လာသည်။

ထို့နောက် ၎င်းသည် လက်ကိုဆန့်ထုတ်၍ ရေခဲဓားကို ချက်ချင်းပင် အပိုင်းပိုင်းချေမှုန်းလိုက်သည်။

အမျိုးသမီးသည် တိုက်ခိုက်မှုကို လျင်မြန်စွာတုံ့ပြန်လိုက်ပြီး သွယ်လျသော ခါးကိုလိမ်၍ လေထဲတွင် တစ်ပတ်လှည့်လိုက်ကာ မိစ္ဆာသတ္တဝါ မတ်တတ်ရပ်ရန် ပြင်ဆင်နေစဉ်မှာပင် ထိုမိစ္ဆာ၏မျက်နှာအား ဒူးဖြင့် ခပ်ပြင်းပြင်းတိုက်ချလိုက်၏။

ဒုန်း

မိစ္ဆာသတ္တဝါမှာ နောက်သို့ လွင့်ထွက်သွားပြီး မြေပြင်ပေါ်သို့ ပြင်းထန်သော အသံနှင့်အတူ ခွေးကျဝက်ကျကျလေရာ စကျင်ကျောက်ကြမ်းပြင်ထက် အက်ကြောင်းများစွာ ရောယှက်ပြည့်နှက်သွားတော့သည်။

ချက်ချင်းပင် လိန်ရှင်းနန်သည် လေထဲသို့ ခုန်တက်လိုက်ပြီး ခိုင်မာသော ရေခဲလွှာများ ဖုံးအုပ်ထားသော လက်သီးဖြင့် မိစ္ဆာသတ္တဝါ၏ မျက်နှာကို ထပ်ဆင့်ထိုးနှက်လိုက်သည်။

တစ်ချက်ပြီးတစ်ချက်။

၎င်းသည် ပြိုင်ဘက်ကို ပြန်လည်ထရပ်ဖို့ပင် အခွင့်အရေးလုံးဝမပေး။

မိစ္ဆာသတ္တဝါမှာ အစပိုင်းတွင် အသည်းအသန် ခုခံနေသော်လည်း နောက်ပိုင်းတွင် ဒေါသထွက်ရန်မှလွဲ ဘာလုပ်ရမှန်းပင်မသိတော့ချေ။

တစ်ဖက်သတ်ကြီး အထိုးအရိုက်ခံနေရသည်မဟုတ်လော။

ကြမ်းတမ်းသော အမျိုးသမီး၏ ပထမဆုံးအကြိမ်နှုတ်ဆက်မှုကား နွေးထွေးလှပေချည့်။

မမျှော်လင့်ထားသော နောက်ဆက်တွဲအဖြစ်အပျက်များသာ ရှိမလာပါက ဤမိစ္ဆာလောက်ကို လိန်ရှင်းနန် အေးအေးဆေးဆေး ကိုင်တွယ်နိုင်ပေသည်။

သို့သော်...

ထိုအချိန်မှာပင် မတော်တဆမှုတစ်ခု ပေါ်ပေါက်လာသည်။

လိန်ရှင်းနန်သည် အဆုံးသတ်တိုက်ကွက်ကို ပစ်သွင်းရန် ပြင်ဆင်နေစဉ်မှာပင် ရင်ဘတ်တွင် စူးရှသော နာကျင်မှုတစ်ခု ရုတ်ချည်းပေါ်ပေါက်လာခဲ့၏။ ခန္ဓာကိုယ်အတွင်း သမမျှတစွာ လှည့်ပတ်နေသော ဝိညာဉ်စွမ်းအားများသည် ရုတ်ချည်းစိတ်ဖောက်ကာ အကြောများကိုဆွဲဖြတ်ရန် ကြိုးစားနေသကဲ့သို့ ထိန်းချုပ်မရဘဲ လှုပ်ခတ်လာသည်။

တိုက်ခိုက်နေစဥ် ခေါင်းမှာ မိုက်ခနဲဖြစ်သွားရလျက်။

"ဒုက္ခပဲ။"

ထိုအခါမှသာ လော့ချန့်ချိုး၏ သတိပေးချက်ကို ပြန်လည်သတိရမိသည်။ သူမ၏ လက်ရှိအခြေအနေအရ အင်အားသုံးတိုက်ခိုက်ခြင်းကို ရှောင်ကျဥ်ပါရန်၊ မဟုတ်ပါက ဝေဒနာပို၍ဆိုးရွားလာမည်ဖြစ်ကြောင်း သတိပေးခဲ့သည်မဟုတ်လော။

သို့သော် ထိုသတိပေးချက်ကို သူမ ပေါ့ပေါ့တန်တန်သာ သဘောထားခဲ့မိလေသည်။

ဤခဏတာ အားနည်းချက်မှာ မိစ္ဆာသတ္တဝါကို အသက်ရှူပေါက်ပေးလိုက်သည့်အလား ရှိ၏။

သစ်ပင်ပင်စည်ကဲ့သို့ ထူထဲသော လက်မောင်းတစ်ဖက်သည် အမျိုးသမီးကို တွန်းထုတ်လိုက်ပြီး ကျရောက်လာသောလက်သီးမှာ တောင်ကြီးတစ်လုံး ပြိုကျလာသကဲ့သို့ရှိရာ ပတ်ဝန်းကျင်ရှိ လေဟာနယ်တွင်ပင် ပေါက်ကွဲသံများ ထွက်ပေါ်လာတော့၏။

လိန်ရှင်းနန်သည် လက်မောင်းများကို အမြန်မြှောက်လိုက်ရာ သူမရှေ့တွင် ရေခဲဒိုင်းလွှာတစ်ခု ပေါ်ပေါက်လာသည်။

သို့သော် အတွင်းဒဏ်ရာများ ပိုမိုဆိုးရွားလာမှုနှင့်အတူ ခုခံရန်အင်အားလည်း မရှိသလောက် လျော့ပါးလာသည်ပင်။ ဤသို့ဖြင့် ရေခဲဒိုင်းလွှာမှာ စက္ကူကဲ့သို့ ကွဲအက်သွားပြီး အမျိုးသမီး၏ နုနယ်သောခန္ဓာကိုယ်မှာ နောက်သို့ အရှိန်ပြင်းပြင်း လွင့်ထွက်သွားသည်။ ဦးခေါင်းပေါ်ရှိ သစ်သားဆံထိုးမှာလည်း ကျွတ်ကျသွားပြီး ဖြောင့်စင်းသော ဆံပင်အနက်ရောင်များမှာ ရေတံခွန်ကဲ့သို့ ဖြန့်ကျက်ကျဆင်းလာတော့၏။

All Chapters