အခန်း (၂၆)
Vol. 3 Ch. 26
၂၆
ကံအားလျော်စွာ သူမလွင့်ထွက်သွားသောဘက်မှာ လီနန်ခယ့်ရပ်နေသော နေရာပင် ဖြစ်သည်။
လီနန်ခယ့်အနေဖြင့် ဘာတွေဖြစ်လို့ဖြစ်ကုန်မှန်း မစဉ်းစားနိုင်မီမှာပင် အရိပ်မည်းတစ်ခု မိမိဘေးမှ ဖြတ်လွ်င့သွားသည်ကို တွေ့လိုက်ရသည်။ ထိုအရိပ်သည် လက်ရန်းကိုရိုက်မိကာ တိုင်ကို အရှိန်ဖြင့်ဝင်ဆောင့်မိပြီး သွေးတစ်ပွက်အန်ထုတ်လိုက်သည်။
"အစ်မလိန်။"
သံမဏိသည် ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီး ဓားကိုရွယ်၍ မိစ္ဆာသတ္တဝါထံသို့ ပြေးဝင်သွားသည်။
သို့သော် မိစ္ဆာသတ္တဝါသည် သံမဏိ၏တိုက်ခိုက်မှုကို လုံးဝလျစ်လျူရှုထားပြီး လိန်ရှင်းနန်ထံသို့သာ တိုက်ရိုက်ဦးတည်၍ ပြေးဝင်လာသည်။ မိမိကို ပြင်းထန်စွာ ရိုက်နှက်ခဲ့သော အမျိုးသမီးအား အပိုင်းပိုင်းချေမှုန်းပစ်ရန် ကြံစည်ထားပုံပင်။
လီနန်ခယ့်သည် အခြေအနေများ ဤသို့ဆိုးရွားသွားလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားပေ။
ဒေါသထွက်နေသော မိစ္ဆာသတ္တဝါ မိမိထံသို့ တဟုန်ထိုးပြေးဝင်လာသည်ကို မြင်သောအခါ စိတ်ထဲမှ အုတ်ခဲကို အမြန်သတိရလိုက်မိသည်။
ထိုစဥ် တိုက်ခတ်လာသော အေးစက်စက်လေပြင်းများကြောင့် လီနန်ခယ့် ဟန်ချက်ပျက်ကာ ယိုင်နဲ့သွားသည်။ မြေပြင်ပေါ်တွင် ရေခဲအစအနများ ပြန့်ကျဲနေသဖြင့် သူအုတ်ခဲကို ထုတ်လိုက်စဥ်မှာပင် ခြေချော်ကာ လဲကျမလိုဖြစ်သွားရ၏။
နောက်ဆုံးတွင် ဟန်ချက်ပြန်ထိန်းလိုက်နိုင်သောအခါ လိန်ရှင်းနန်၏ရှေ့တွင် တိုက်ရိုက်ကာဆီးလျက်သား အနေအထားဖြစ်နေသည်အား သိလိုက်ရသည်။
တစ်ဖက်မှ ဒေါသငယ်ထိပ်တက်နေသော မိစ္ဆာနှင့် သူ ထိပ်တိုက်ရင်ဆိုင်ရတော့မည်။
ဒီခွေးကောင်ကတော့
လီနန်ခယ့် စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။
ယခုအချိန်တွင် အုတ်ခဲကို ပစ်ပေါက်ရန်မှာ မဖြစ်နိုင်တော့ပေ။
လိန်ရှင်းနန်မှာတော့ ထိုးတက်လာသောနာကျင်မှုကြောင့် ကိုယ်တွင်းအင်္ဂါများပင် တွန့်လိမ်နေသကဲ့သို့ အလူးအလဲ ခံစားနေရ၏။ ထိုစဥ် ခေါင်းမော့ကြည့်လိုက်မိချိန်တွင် မိမိရှေ့၌ အသက်စွန့်ကာကွယ်ပေးနေသော လီနန်ခယ့်၏ကျောပြင်အား မြင်လိုက်ရလေသည်။
ထိုယောက်ျား၏ မြင့်မားသောကိုယ်ဟန်မှာ တောင်ကြီးတစ်လုံးကဲ့သို့ မားမားမတ်မတ်ရှိနေပြီး နားမလည်နိုင်သော လုံခြုံမှုအသိတစ်ခုကို ပေးစွမ်းနေသည်။
"ဒီကောင်လေး ဘာတွေလုပ်နေတာလဲ။"
လိန်ရှင်းနန်သည် အချိန်မီဝင်ရောက်ကယ်တင်ဖို့ ပြင်ဆင်လိုက်သော်လည်း မိစ္ဆာသတ္တဝါမှာ လီနန်ခယ့်ထံသို့ ခုန်ဝင်လိုက်ပြီးလေပြီ။
ဂျွတ်
အရိုးကျိုးသံတစ်ချက်မှာ ခြံဝင်းအတွင်း ရှင်းလင်းစွာ ထွက်ပေါ်လာသည်။
အရိပ်တစ်ခု နောက်သို့လွင့်ထွက်သွားခဲ့၏။
သို့သော် လွင့်ထွက်သွားသူမှာ လီနန်ခယ့်မဟုတ်ဘဲ မိစ္ဆာသတ္တဝါ ဖြစ်နေခဲ့သည်။
မည်သူမျှ သတိမထားမိခင်တွင် လူတစ်ရပ်စာမကသော အုတ်ခဲကြီးတစ်ခုသည် လီနန်ခယ့်၏ ရှေ့တွင် ကာဆီးလျက် ပေါ်ပေါက်လာခဲ့ခြင်းပင်။ ထိုအုတ်ခဲကြီးသည် အေးစက်သော အငွေ့အသက်များကို ထုတ်လွှတ်နေပြီး သံမဏိစစ်စစ်များအား အရည်ကျိုသွန်းလုပ်ထားသော သံတံတိုင်းကြီးအလား ထင်မှားမိစေ၏။
အထင်ရှားဆုံးအရာမှာ ထိုမျက်နှာပြင်ထက် ရေးထွင်းထားသော 'သီလ' ဟူသော စာလုံးကြီးပင် ဖြစ်သည်။
ထိုစာလုံးကြီးမှာ တောက်ပသော ရွှေရောင်အလင်းများကို ထုတ်လွှတ်နေသည်။
မိစ္ဆာသတ္တဝါ နောက်သို့လွင့်စင်သွားသောအခါ ထိုဧရာမအုတ်ခဲကြီးမှာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး လီနန်ခယ့်၏ လက်ထဲသို့ ပြန်လည်ကျရောက်လာကာ ပုံမှန်အရွယ်အစားသို့ ပြန်လည်ရောက်ရှိသွားသည်။
ဤအရာအားလုံးမှာ အလွန်တိုတောင်းလှသော အချိန်တစ်ခုအတွင်း ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သဖြင့် ဘေးပတ်လည်တွင်ရပ်နေသော လူအုပ်ကြီးပါ ဘာဖြစ်လို့ဖြစ်မှန်း ရှင်းရှင်းလင်းလင်းမမြင်လိုက်ရချေ။
လီနန်ခယ့်လည်း နဝေတိမ်တောင် ကျန်ရစ်နေခဲ့လျက်။
ဒါက ပစ်ပေါက်ရတဲ့လက်နက်မဟုတ်ဘူးလား။ အလိုအလျောက် ခုခံရေးစွမ်းအားပါ ပါနေတာလား။
မှတ်ချက်ပေးရမယ်ဆိုရင်တော့ ကြယ်ငါးပွင့်အဆင့်ပဲ။
မိစ္ဆာသတ္တဝါ၏ လည်ချောင်းအတွင်းမှ နာကျင်သောအော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။
အသွင်အပြင်မှာတော့ ကြည့်ရက်စရာပင်မရှိတော့။ လက်မောင်းတစ်ဖက်မှာ အလယ်မှ သွင်သွင်ကျိုးသွားပြီး ကြောက်စရာကောင်းသော အရိုးဖြူဖြူများကို မြင်တွေ့နေရသည်။ သွေးနှင့်အဆီများ ရောနှောနေသော အရည်ချွဲချွဲများမှာ ကျိုးရာမှတစ်ဆင့် စီးကျနေသဖြင့် အလွန်ပင် ရွံရှာထိတ်လန့်ဖွယ်။
လီနန်ခယ့်ကို စိုက်ကြည့်နေသော ထိုမျက်လုံးများမှာ မုန်းတီးမှုနှင့် ကြောက်ရွံ့မှုအရိပ်အယောင်များ ပြည့်နှက်နေသည်။
အခြေအနေမဟန်သည်ကို သိရှိသွားသောအခါ မိစ္ဆာသတ္တဝါသည် ခြေထောက်များဖြင့် မြေပြင်ကိုကန်၍ ခုန်တက်လိုက်ရာ ကြီးမားသော ခန္ဓာကိုယ်မှာ ခန်းမဆောင်အမိုးပေါ်သို့ ရောက်ရှိသွားပြီး မြင့်မားသော တံတိုင်းများ၏ အပြင်ဘက်သို့ ခုန်ထွက်ပျောက်ကွယ်သွားတော့သည်။
"လိုက်ကြမယ်"
လိန်ရှင်းနန်သည် သတိပြန်ဝင်လာပြီး အခန်းအတွင်းမှ အရှက်တကွဲ ထွက်လာကြသော သံမဏိနှင့် ကောကန်းတို့ကို အရေးတကြီး အော်ဟစ်ညွှန်ကြားလိုက်သည်။
ထိုနှစ်ဦးသည် မဆိုင်းမတွပင် တံတိုင်းကိုကျော်ဖြတ်၍ အမြန် လိုက်လံဖမ်းဆီးကြတော့သည်။
လီနန်ခယ့်သည် မိစ္ဆာသတ္တဝါကို တားဆီးရန်အတွက် လက်ထဲရှိအုတ်ခဲကို မသိလိုက်စွာ လှမ်းပစ်လိုက်မိ၏။
ရှူး
အုတ်ခဲသည် အလင်းတန်းတစ်ခုကဲ့သို့ တံတိုင်းကိုကျော်ဖြတ်၍ ပျံသန်းသွားလေသည်။
လေထဲသို့ လှမ်းခုန်လိုက်သော သံမဏိမှာ အုတ်ခဲစာမိ၍ ဖုတ်ခနဲပြုတ်ကျလာရှာ၏။
လီနန်ခယ့်မှာ ခဏမျှကြောင်အသွားပြီး လက်ထဲသို့ ပြန်လည်ရောက်ရှိလာသော အုတ်ခဲကိုကြည့်ကာ ဘာမှဖြစ်မသွားသလို ပြန်လည် သိမ်းဆည်းလိုက်သည်။
မိစ္ဆာသတ္တဝါကိုမူ တားဆီးနိုင်ခြင်း မရှိခဲ့ပေ။
ခဏအကြာတွင် အင်္ကျီမပါဘဲ ဖုန်မှုန့်များ တစ်ကိုယ်လုံးပေကျံနေသော ကောကန်းသည် ခြံဝင်းအတွင်းသို့ ပြန်လည်ရောက်ရှိလာပြီး ကူကယ်ရာမဲ့စွာဆို၏။
"အစ်မလိန်၊ မိစ္ဆာသတ္တဝါက အရမ်းမြန်တယ်။ ကျွန်တော်တို့လိုက်မမီဘူး။ ယုန်မလေးမုန့်ကို ခေါ်လိုက်ရမလား"
လီနန်ခယ့်မှာ ပြောစရာစကားပင် ရှာမတွေ့နိုင်တော့။
သူတို့ တကယ်ပဲ ဒီတိုင်းလွှတ်ပေးလိုက်ကြတာလား။
ဤအမှိုက်စနှစ်ခုကို ဦးဆောင်ရသော အထက်လူကြီးတစ်ယောက်အနေဖြင့် မည်မျှပင်ပန်းလိုက်လေမည်နည်း။
မကြာမီ သံမဏိလည်း ပြန်လည်ရောက်ရှိလာသည်။
သူ့ခေါင်းပေါ်တွင် အလွန်သိသာသော အဖုကြီးတစ်ခု ပြူထွက်နေပြီး မျက်နှာညိုညိုဖြင့် အော်ဟစ်သည်။
"ခုနက ဘယ်သူ အုတ်ခဲနဲ့လှမ်းပစ်တာလဲ။ မင်းတို့ မျက်စိမပါဘူးလား။ ငါ့ရဲ့ ချောမောတဲ့မျက်နှာလေး ပျက်စီးတော့မလို့ နည်းနည်းပဲလိုတယ်"
လီနန်ခယ့်သည် မကြားချင်ယောင်ဆောင်ကာ လိန်ရှင်းနန်ထံသို့ လျှောက်သွားပြီး စိုးရိမ်တကြီး မေးမြန်းလိုက်သည်။
"ခေါင်းဆောင်လိန်၊ အဆင်ပြေရဲ့လား။"
"အဆင်ပြေပါတယ်။"
လိန်ရှင်းနန်သည် မတ်တတ်ထရပ်ရန် ကြိုးစားသော်လည်း ခန္ဓာကိုယ်ကို လှုပ်လိုက်သည်နှင့် ပြင်းထန်သောနာကျင်မှုက ချက်ချင်းလှိုက်တက်လာသည်ပင်။
ပါးပြင်များမှာ ဖြူဖျော့သွေးဆုတ်ကာ အရောင်အသွေးကင်းမဲ့နေလျက်။
လီနန်ခယ့်က တွဲထူပေးရန် အနားကပ်လာသော်လည်း အမျိုးသမီးက လက်တစ်ဖက်မြှောက်၍ ငြင်းဆန်လိုက်သည်။
"မလိုပါဘူး၊ ငါ့ဘာသာ ထနိုင်ပါတယ်။"
ထို့နောက် မျက်လုံးများကိုမှိတ်၍ ခေတ္တအနားယူပြီးနောက် လိန်ရှင်းနန်သည် ရင်ဘတ်ကိုတင်းတင်းဖိကာ နာကျင်မှုများကို အံတု၍ မတ်တတ်ရပ်လိုက်သည်။
အမျိုးသမီး၏ ခေါင်းမာပြီး စိတ်ဓာတ်ကြံ့ခိုင်သော ပင်ကိုယ်စရိုက်မှာ ဤအပြုအမူတွင် အပြည့်အဝပေါ်လွင်နေလျက်။
"ဒီနေရာမှာ မိစ္ဆာသတ္တဝါက ဘယ်လိုလုပ် ပေါ်လာနိုင်တာလဲ။"
လီနန်ခယ့်မှာ ထိုအချက်ကို နားမလည်နိုင်ဖြစ်နေသည်။
လိန်ရှင်းနန်သည် ပရမ်းပတာဖြစ်နေသော ခြံဝင်းတခွင်ကို လှည့်ပတ်ကြည့်ရှုလိုက်ပြီး မျက်နှာလှလှမှာလည်း အလိုမကျဟန် ပျက်ယွင်းလျက်။
သူတို့ဘက်က မိစ္ဆာကို အားကြိုးမာန်တက်ရှာဖွေခြင်းပင်မပြုရသေး၊ ၎င်းကိုယ်တိုင်က တံခါးဝသို့ အတင့်ရဲစွာ လာရောက်တိုက်ခိုက်သည်။ ဤသို့ တစ်ဖက်ကစိန်ခေါ်လာသော အရေးတကြီးအချိန်တွင် သူမဒဏ်ရာက ပိုဆိုးသွားခဲ့ပြန်သည်။
ကံကြမ္မာက အဆိုးဘက်သို့သာကျရောက်နေသည်ဟု ခံစားမိရ၏။
သံမဏိ၏ မပြီးနိုင်မဆီးနိုင် ဆဲဆိုမြည်တမ်းနေသံများကို ကြားချိန်တွင် လိန်ရှင်းနန်စိတ်မရှည်စွာ ထပြောလိုက်သည်။
"ငါပစ်လိုက်တာ"
သံမဏိသည် ဆဲဆိုနေရာမှ ချက်ချင်းပင် မျက်နှာချိုချိုသို့ပြောင်းကာ လက်မထောင်ပြလိုက်သည်။
"ကောင်းကောင်းပစ်နိုင်တာပဲ။ ဒီလောက်အဝေးကြီးကနေ ကြည့်တောင်မကြည့်ဘဲ ထိအောင်ပစ်နိုင်တာ၊ ဒီလို လက်တည့်အစွမ်းမျိုးက ဘယ်လောက်ကြောက်စရာကောင်းလိုက်သလဲ။ အစ်မလိန်က တကယ်ကို အံ့သြဖို့ကောင်းတယ်။"
"ခေါင်းဆောင်လိန်၊ အဲဒီ မိစ္ဆာသတ္တဝါက..."
လင်ကျောင်ယွဲ့သည် တံခါးတိုင်ကို ဆုပ်ကိုင်ထားပြီး သေလူကဲ့သို့ ဖြူဖျော့နေသောမျက်နှာဖြင့် အထစ်ထစ်အငေါ့ငေါ ဆိုလိုက်သည်။
"သူက ကျွန်မနဲ့ယင်းယင်း... ကျွန်မတို့ ချွေးဟုန်တောင်မှာ ကြုံခဲ့ရတဲ့ မိစ္ဆာပဲ။"