သခင်မကြီး ပျောက်ဆုံးခြင်း
Vol. 3 Ch. 27
အိမ်တော်သည် မိစ္ဆာသတ္တဝါ၏ ကျူးကျော်ဖျက်ဆီးမှုကို ခံခဲ့ရသော်လည်း ကံကောင်းထောက်မစွာဖြင့် အစေခံတချို့ ထိခိုက်ရှနာရရုံမှအပ အသက်ဆုံးရှုံးမှု မရှိခဲ့ပေ။ အသေအပျောက်မရှိသည်ကပင် ကောင်းချီးတစ်ခု ဖြစ်သည်။
လိန်ရှင်းနန်သည် ဆေးသောက်အပြီး ခေတ္တမျှအနားယူပြီးနောက် ပုံမှန်အတိုင်း လှုပ်ရှားသွားလာနိုင်သော်လည်း ပြင်းထန်သော အတွင်းဒဏ်ရာများမှာမူ အချိန်ကြာမြင့်စွာ အနားယူရန် လိုအပ်ပေမည်။
"ခေါင်းဆောင်လိန်၊ ဘာလို့... ဘာလို့ ဒီမိစ္ဆာသတ္တဝါက ကျွန်တော်တို့မိသားစုကို ပစ်မှတ်ထားရတာလဲ။"
သူဌေးကြီးလင်၏ မျက်နှာမှာ ဗူးသီးပုပ်အလား ညိုမည်းနေပြီး ငိုချခါနီးဆဲဆဲအခြေအနေသို့ ရောက်ရှိနေလေပြီ။
ပထမဦးစွာ သမီးဖြစ်သူမှာ မိစ္ဆာသတ္တဝါထံမှ လိုက်လံတိုက်ခိုက်ခံခဲ့ရသည်။ ထို့နောက် တစ်စုံတစ်ယောက်၏ပယောဂဖြင့် မိုးနီအိပ်မက်ကမ္ဘာအတွင်းသို့ ကျရောက်ခဲ့သည်။ ယခု ထိုမိစ္ဆာသတ္တဝါမှာ မိမိတို့အိမ်တံခါးဝသို့ပင် ကျူးကျော်ရောက်ရှိလာလေပြီ။
သူဌေးကြီးလင်မှာ မည်မျှပင် စိတ်ဓာတ်ကြံ့ခိုင်လှပါသည်ဆိုဆို၊ ဆက်တိုက်လာနေသော အန္တရာယ်များကြား တောင့်ခံနိုင်စွမ်းမရှိတော့ပြီ။
ညဘက်အိပ်နေရင်းပင် ကုတင်ပေါ်မှ မိစ္ဆာမတစ်ကောင် ထွက်ပေါ်လာပြီး သူ့အသည်းကျောက်ကပ်များအား ဆွဲနှုတ်သွားပေမည်လားဟုပင် စိုးရိမ်နေရသည်။
လိန်ရှင်းနန်ကလည်း နှစ်သိမ့်ချော့မော့ပေးလိုစိတ် မရှိဟန်ပင်။ သူမသည် အဝတ်အစားသစ်များ လဲလှယ်လာသော ကောကန်းဘက်သို့ လှည့်၍ ညွှန်ကြားသည်။
"ခရိုင်ဝန်မင်းရှန်ဆီသွားပြီး မြို့စောင့်တပ်သားတွေကို ၁၂နာရီပတ်လုံး အလှည့်ကျ ကင်းလှည့်ခိုင်းလိုက်၊ အထူးသဖြင့် နတ်ဘုရားစက်မှုဆောင်က လက်နက်တွေကို သေချာတပ်ဆင်ထားခိုင်းပါ။ အကျိုးအကြောင်းကိုတော့ နောက်မှ ငါကိုယ်တိုင် အထက်လူကြီးတွေကို ရှင်းပြလိုက်မယ်လို့"
"ပြီးတော့ ယုန်မလေးမုန့်ကိုလည်း ဒီဘက်ပြန်လာခိုင်းလိုက်၊ မိစ္ဆာသတ္တဝါကို အမြန်ဆုံးခြေရာခံနိုင်ဖို့ မှော်လက်နက်တွေကို အသုံးပြုပြီး ပိုက်စိပ်တိုက်ရှာဖွေရေးကို ဦးဆောင်ခိုင်းလိုက်ပါ။ ဒါပေမဲ့ ချူဟုန်တောင်မှာတော့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်ဖို့ လူတချို့ချန်ထားခဲ့ရဦးမယ်"
"ကောင်းပါပြီ၊ ကျွန်တော် အခုချက်ချင်း သွားလိုက်ပါ့မယ်။"
ကောကန်းက ခေါင်းညိတ်၍ အလျင်အမြန် ထွက်ခွာသွားသည်။
သံမဏိက တစ်ခုခုမူမမှန်သည်ကို ခံစားမိဟန်ဖြင့် ရှေ့တိုးကာ တိုးတိုးကပ်မေးလာသည်။
"အစ်မလိန်၊ ဒီမိစ္ဆာသတ္တဝါက ကျွန်တော်တို့ဖမ်းရမယ့်တစ်ကောင် မဟုတ်တာများလား။"
"မဟုတ်ဘူးထင်တာပဲ"
လိန်ရှင်းနန်၏ အမူအရာက တည်ကြည်လေးနက်နေသည်။
"ဒါက တိမ်တိုက်မြို့တော်ကနေ ထွက်ပြေးလာတဲ့မိစ္ဆာတော့ မဖြစ်လောက်ဘူး။ တုန်းချီခရိုင်မှာ မိစ္ဆာအသစ်တစ်ကောင် ပေါ်လာတာပဲ။"
ထိုစဉ်မှာပင် အစေခံမလေးတစ်ဦးသည် ထိတ်လန့်တကြား အမူအရာဖြင့် ရုတ်တရက်ပြေးဝင်လာသည်။
"ဒုက္ခပါပဲ သခင်ကြီးရေ"
အစေခံမလေးမှာ အလျင်စလို ပြေးလာခဲ့ရသဖြင့် ခြေလှမ်းမှားကာ တံခါးခုံကိုတိုက်မိပြီး မြေပြင်ပေါ်သို့ ဟပ်ထိုးလဲကျလုနီးပါး ဖြစ်သွားသည်။ ကံကောင်းထောက်မစွာဖြင့် လီနန်ခယ့်က သူမကိုအမြန်ဆွဲထူပေးလိုက်နိုင်သည်၊
"ရှန်းအာ"
အစေခံမလေး၏ ကပျာကယာအဖြစ်ကို မြင်သောအခါ သူဌေးကြီးလင်မှာ ခေါင်းရှုပ်သွားဟန်ဖြင့် မေးလိုက်သည်။
"ဘာလို့ ဒီလောက်တောင် အလန့်တကြားဖြစ်နေရတာလဲ။"
"သခင်မကြီး... သခင်မကြီး ပျောက်နေပါပြီ"
အစေခံမလေးက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
"ဘာ"
သူဌေးကြီးလင်မှာ ကြောင်အသွားပြီးနောက် ချက်ချင်းပင်ခုန်ထ၍ အတွင်းအဆောင်သို့ ပြေးဝင်သွားသည်။
မေရှင်းအာ ပျောက်ဆုံးသွားကြောင်း ကြားလိုက်ရသောအခါ လိန်ရှင်းနန်နှင့် လီနန်ခယ့်တို့လည်း ပူပန်စိတ်များဖြင့် လေးလံသွားကြရ၏။ တစ်ယောက်နှင့်တစ်ယောက် လှမ်းကြည့်မိလိုက်ပြီးနောက် အနီးကပ် စုံစမ်းစစ်ဆေးရန် သူဌေးကြီးလင်နောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားလိုက်ကြသည်။ မေရှင်းအာ၏ အဆောင်ခန်းအတွင်း၌ စားပွဲကုလားထိုင်များ တစ်နေရာစီပြန့်ကျဲနေပြီး ဝရုန်းသုန်းကား အဖြစ်အပျက်များ ဖြစ်ပွားခဲ့ပုံပင်။
ညီညာသော ကြမ်းပြင်ပေါ်ရှိ သွေးစသွေးနများက အခန်းတွင်း မကောင်းသောအရာတစ်ခုခုဖြစ်ပွားခဲ့ကြောင်း တစ်ဆင့်ပြောပြနေသကဲ့သို့။
လီနန်ခယ့် တံခါးမှတစ်ဆင့် အခန်းတွင်းသို့ ဝင်လိုက်သည်နှင့်တပြိုင်နက် ခြောက်ခြားဖွယ်ရာ အေးစက်စက်အနံ့အသက်တစ်မျိုးကို ခပ်ဖျော့ဖျော့ရရှိလိုက်သည်။
အခန်းတစ်ခုလုံးသည် လျှပ်စစ်မီး ပြတ်တောက်သွားခါစ မှောင်မိုက်အေးစက်နေသော ရေခဲခန်းကြီးတစ်ခုအလား။
"မိန်းမရေ"
"မိန်းမ"
သူဌေးကြီးလင်သည် စိုးရိမ်ပူပန်မှုများ ဖိစီးပူလောင်နေသောမျက်နှာဖြင့် ကျယ်လောင်စွာ အော်ဟစ်ခေါ်ဝေါ်နေပြီး အခန်းတွင်းရှိ ပရမ်းပတာအခြေအနေကြောင့် ခြေမကိုင်မိလက်မကိုင်မိ ဖြစ်နေပုံရ၏။ ထိုစဥ် ကြမ်းပြင်ပေါ်မှသွေးကွက်များကို အကြည့်ရောက်မိသောအခါ ထိတ်လန့်မှုမှာ နှစ်ဆတိုးသွားသည့်အလား မြေပြင်ပေါ်လဲကျ၍ ကြောင်အအဖြင့် စကားပင်ဆက်မပြောနိုင်တော့။
လိန်ရှင်းနန်၏ အကြည့်စူးစူးများက အခန်းတွင်းအခြေအနေကို အသေးစိတ်လိုက်လံစစ်ဆေးကာ မသက်ဆိုင်သောသူများအား အရင်ထွက်သွားရန် အချက်ပြလိုက်သည်။
စားပွဲကုလားထိုင်များတင်မက၊ အိပ်ရာတစ်ခုလုံးလည်း ရှုပ်ထွေးပွေလီကျန်ရစ်၏။
အနီးရှိ မှန်တင်ခုံပေါ်တွင် မှတ်စုစာအုပ်အချို့နှင့် သစ်သီးပန်းကန်တစ်ခု ရှိနေသည်။
ပြတင်းပေါက်ဘောင်ရှိ ပန်းအိုးအချို့မှာလည်း ကြမ်းပြင်ပေါ်တွင် ကွဲအက်ပြန့်ကျဲနေလျက်။
အချိန်တစ်ခုမျှ စစ်ဆေးကြည့်ရှုပြီးနောက် လီနန်ခယ့်တစ်ယောက် ကြမ်းပြင်ပေါ် ဆောင့်ကြောင့်ထိုင်ချလိုက်သည်အား မြင်လိုက်ရ၏။ ထိုသူသည် သွေးစက်များအား ငေးမောကြည့်ရှုနေဟန်ရှိသဖြင့် သူမ သူ့အနားသို့ တိုးကပ်သွားလိုက်သည်။
"တစ်ခုခုတွေ့မိလို့လား"
အမျိုးသမီးသည် ခါးကိုငုံ့ကိုင်း၍ မေးခွန်းထုတ်လာသောကြောင့် ဆံနွယ်မျှင်ပျော့ပျော့လေးများ တစ်စနှစ်စ ဝဲကျလာကာ မရည်ရွယ်မိစွာ တစ်ဖက်အမျိုးသား၏ပါးပြင်ထက် ပွတ်တိုက်ထိခတ်သွားခဲ့သည်။ မွေးရနံ့သင်းသင်းနှင့် ရေခဲစအလား ကြက်သီးထဖွယ်ခံစားချက်တချို့အား ချန်ရစ်သွားခဲ့လျက်။
လီနန်ခယ့်သည် အတွေးကမ္ဘာထဲနစ်မျောနေရာမှ ပြန်လည်နိုးထလာပြီး ခေါင်းယမ်းပြသည်။
"ဘာမှမတွေ့သေးပါဘူး"
ထို့နောက် လီနန်ခယ့်သည် ပြန်ထရပ်လိုက်ပြီး အခန်းပြင်ရှိ ကြောက်ရွံ့တုန်လှုပ်နေဆဲဖြစ်သော အစေခံများကို မေးသည်။
"မင်းတို့ထဲ သခင်မကြီးကို အနီးကပ်ခစားရတဲ့သူက ဘယ်သူလဲ"
သေးသေးသွယ်သွယ် မိန်းမငယ်လေးတဦးက တုန်တုန်ယင်ယင်ဖြင့် ထွက်လာသည်?
"ကျွန်မပါ"
ထိုမိန်းကလေးမှာ အစောက သူတို့ကို အပြေးအလွှား သတင်းလာပို့ခဲ့သူပင်။
"ဖြစ်ကြောင်းကုန်စင် ပြောပြ"
မိန်းကလေး၏နာမည်မှာ ရှန်းအာဖြစ်ကြောင်း လီနန်ခယ့်မှတ်မိသည်။
မိန်းမငယ်လေး၏ သေးသေးဖြူဖြူလက်ကလေးနှစ်ဖက်မှာ ဂါဝန်စထောင့်စွန်းကို ပွတ်ချေနေရင်း မျက်လုံးများမှာလည်း မျက်ရည်တို့ဝေ့သီလျက်။ သူမသည် လင်ကျောက်ယွဲ့ကို ဖျတ်ခနဲတစ်ချက်ကြည့်လိုက်ပြီးမှ အထစ်ထစ်အငေါ့ငေါ့ဆိုလာ၏။
"ကျွန်..ကျွန်မလည်း အကုန်တော့မသိထားပါဘူး။ ဒီမနက်က သခင်မကြီး နေလို့သိပ်မကောင်းဘူးဆိုပြီး အခန်းထဲမှအနားယူနေတာကြောင့် ကျွန်မလည်း အေးအေးဆေးဆေးနားရအောင် အနှောင့်အယှက်မပေးခဲ့ပါဘူး"
"ဒါပေမဲ့ အစောကလေးတင်ပဲ အခန်းထဲက ဝုန်းဒိုင်းကြဲအသံတွေ အတော်ကျယ်ကျယ်ကြားလိုက်ရလို့ အမြန်ပြေးလာခဲ့တာပါ။ ကျွန်..ကျွန်မရောက်တော့ မကောင်းဆိုးဝါးတစ်ကောင်ထွက်ပြေးသွားတာ မြင်လိုက်ရပါတယ်"
အစေခံမလေးသည် တစ်ကိုယ်လုံးတုန်ယင်နေလျက် အသံမှာလည်း အကြောက်တရားများအပြည့်ဖြင့် ထစ်ငေါ့နေလျက်ရှိသည်။ ပြောရင်း အစောကမြင်ကွင်းကို ပြန်လည်စဥ်းစားမိဟန်ဖြင့် လေသံပင်ဖြောင့်ဖြောင့်မထွက်နိုင်တော့။
လီနန်ခယ့် သူဌေးကြီးလင်ကို တစ်ချက်လှမ်းကြည့်ကာ မေးသည်။
"ခင်ဗျားဇနီး နေမကောင်းဖြစ်နေသလား"
သူဌေးကြီးလင်မှာ ဘာကိုမှကောင်းကောင်းမတွေးနိုင်သေးသည့် အခြေအနေတွင် ပိတ်မိနေဆဲဖြစ်သောကြောင့် လီနန်ခယ့်မေးခွန်းကို တုံ့ပြန်ဖို့ရာပင် အချိန်တော်တော်ယူလိုက်ရ၏။ ထို့နောက် သူကခေါင်းညိတ်ကာ ပြန်ဖြေလာသည်။
"ဟုတ်ပါတယ်။ ဒီမနက် ဇနီးသည် တော်တော်နေမကောင်းဖြစ်နေခဲ့တာပါ။ ကျွန်တော်ကတော့ သူ ယွဲ့အာကိုအစိုးရိမ်လွန်ပြီး တစ်ညလုံးအိပ်မပျော်ခဲ့တာကြောင့်ဖြစ်မယ်လို့ထင်တာနဲ့ သိပ်အာရုံမစိုက်လိုက်မိဘူး"
"အစ်မလိန် မဟုတ်မှ—"
သံမဏိက မျက်စိမျက်နှာပျက်ဖြင့် တစ်ခုခုဝင်ပြောမည်ပြုလိုက်သော်လည်း လိန်ရှင်းနန်ထံမှ ခပ်တင်းတင်းတစ်ချက်စိုက်ကြည့်ခံလိုက်ရ၍ အသံတိတ်သွားသည်။
သက်သေအထောက်အထားမရှိပါဘဲ ဘာတစ်ခုကိုမှ အလျင်စလိုကောက်ချက်ချလို့မရ။
ထို့အပြင် အစောက လင်ကျောက်ယွဲ့၏ခန္ဓာကိုယ်ကို စစ်ဆေးရာတွင်လည်း သူမဂါထာသုံးကာ အခြားသူများကိုပါ တစ်ပါတည်းစစ်ဆေးခဲ့လိုက်သေးသည်။ မေရှင်းအာ၏ခန္ဓာကိုယ်မှ မိုးနီနှင့်ပက်သက်သော မည်သည့်လက္ခဏာရပ်ကိုမှ မတွေ့ခဲ့ရပေ။
သို့သော် သူမစစ်ဆေးပြီးခါမှ မိုးနီရေအမြောက်အများကို တစ်ခါတည်းသောက်လိုက်မိသည်ဆိုလျှင်တော့ ဘာမဆို မြန်မြန်ဆန်ဆန်ဖြစ်ပျက်သွားနိုင်သည်ပင်။
"ဒီနေ့မနက် သခင်မကြီး ဘာစားခဲ့သလဲ"
လိန်ရှင်းနန်ကမေးသည်။
အစေခံမလေးက ခေါင်းကိုတွင်တွင်ခါသည်။
"သခင်မကြီးက စားချင်စိတ်မရှိဘူးလို့ပြောပြီး ဘာမှမစားခဲ့ပါဘူး"
"ဒါဆို ဒီမနက် သခင်မကြီးဆီက မူမမှန်တဲ့အပြုအမူတစ်ခုခု တွေ့လိုက်မိသေးလား"
အစေခံမလေးက မျက်မှောင်ကြုတ်ကာ သေချာစဥ်းစားပြီး ဆိုသည်။
"မူမမှန်တဲ့အပြုအမူရယ်လို့တော့မဟုတ်ဘူးရှင့်။ ဒါပေမဲ့ တစ်ခုရှိတာကလေ—"
"အစ်မလိန်၊ ကျွန်မအမေ... အမေဒုက္ခမရောက်လောက်ပါဘူးနော်။ သူတစ်ခုခုဖြစ်နေပြီလားဟင်"
လင်ကျောက်ယွဲ့က ရုတ်တရတ်ကြားဖြတ်ပြောလာသည်။ နှုတ်ခမ်းများက သွေးဆုတ်ဖြူရော်နေလျက် မျက်လုံးများတွင် မျှော်လင့်တကြီးမျက်ရည်များ အပြည့်ရစ်ဝိုင်းလျက်။
လိန်ရှင်းနန်က ဘာမှပြန်မဖြေသည်ကိုမြင်သော် လင်ကျောက်ယွဲ့က အရှေ့သို့အမြန်ပြေးတက်ကာ ဒူးထောက်ချပြီး လက်ဖဝါးသေးသေးလေးများဖြင့် လိန်ရှင်းနန်၏စကတ်စကိုဆွဲဆုပ်ကိုင်လျက် ဆို့နင့်နေသာအသံဖြင့်ပြောလာသည်။
"ကျေးဇူးပြုပြီး အစ်မလိန်ရယ်၊ ကျွန်မအမေ အဲ့ဒီမိစ္ဆာဆီက ဖမ်းခေါ်ခံသွားရတယ်ဆိုရင် အမြန်ကယ်ဆယ်ပေးပါနော်။ တောင်းဆိုပါတယ်"
ကူကယ်ရာမဲ့စွာ ငိုယိုရှိုက်ငင်နေသော မိန်းကလေးငယ်မှာ သနားစဖွယ်အတိ။
သံမဏိက သက်ပြင်းချသည်။
သူဌေးကြီးလင်ကလည်း ကြမ်းပြင်ပေါ်ဒူးထောက်ချလာကာ တောင်းပန်တိုးလျှိုးသည်။
"အစ်မလိန်၊ တောင်းဆိုပါတယ်။ ကျွန်တော့်ဇနီးလေးကိုကယ်ပေးပါနော်။ ကျွန်တော်ဘာမဆိုလုပ်ပေးနိုင်ပါတယ်။ ရွှေစင်သောင်းချီတဲ့ ဒီစည်းစိမ်ဥစ္စာတွေကို စွန့်လွှတ်ရမယ်ဆိုရင်တောင် ကျွန်တော်နောက်မတွန့်ပါဘူး"
လိန်ရှင်းနန်က လင်ကျောက်ယွဲ့ကို အသာထူမပေးလိုက်ပြီး နူးညံ့စွာနှစ်သိမ့်သည်။
"စိတ်မပူပါနဲ့ကွယ်၊ သခင်မကြီး အဆင်ပြေသွားပါလိမ့်မယ်"