← Chapters

အခန်း (၂၈)

Vol. 3 Ch. 28

အခန်း (၂၈)

Vol. 3 Ch. 28

၂၈

အစေခံများက မျက်လုံးများနီရဲအောင်ငိုကြွေးနေသော လင်ကျောက်ယွဲ့ကို တွဲကူခေါ်ထုတ်သွားကြချိန်တွင်မှ လိန်ရှင်းနန်က သူဌေးကြီးလင်ကိုမေးလိုက်သည်။

"ရှင့်အနေအထားအရဆိုရင် မလိုသူတွေ ပြိုင်ဘက်တွေ အလွန်များလိမ့်မယ်ထင်တယ်။ ရှင့်ကိုဘယ်သူ မနာလိုဆုံးလဲ အမုန်းဆုံးလဲ စဥ်းစားကြည့်ပါ။ မိသားစုကိုဖျက်ဆီးချင်လောက်တဲ့အထိ အမုန်းကြီးနေတဲ့သူရှိလား"

"မသိပါဘူး အရာရှိမင်းရယ်"

သူဌေးကြီးလင်က ခါးသီးစွာညည်းညူလာသည်။

"ကျွန်တော်ကအမြဲ သိုသိုသိပ်သိပ်ပဲနေတတ်တဲ့သူပါ။ မလိုမုန်းထားတဲ့သူ မရှိလောက်ပါဘူး"

"ခင်ဗျားဇနီးဆိုရင်ရော"

လီနန်ခယ့်က ဝင်မေးလာသည်။

သူဌေးကြီးလင်က တအံ့တသြဟန်ဖြင့် ခေါင်းကိုတွင်တွင်ခါပြလာသည်။

"သူဆိုရင် ပိုတောင်မဖြစ်နိုင်သေးတယ်။ ကျွန်တော့်ဇနီးက အမြဲတမ်း အိမ်တော်အတွင်းမှာပဲ ခပ်ကုပ်ကုပ်နေတတ်ပြီး အပြင်ကို သိပ်မထွက်တတ်ပါဘူး။ သူ့ကို ဘယ်သူကများ အငြိုးထားနိုင်မှာလဲ။"

လီနန်ခယ့်က မေးစေ့ကိုပွတ်ရင်း အခန်းအား ဆက်လက်စစ်ဆေးသည်။

ရုတ်တရတ် သူ့အကြည့်က သစ်သားဗီရိုထောင့်ရှိ အဝတ်ခြင်းတောင်းတစ်ခုဆီသို့ ကျရောက်သွားသည်။

ဝါးဖြင့်ရက်လုပ်ထားသော အဝတ်ခြင်းတောင်းအတွင်း၌ အကောင်းစားအထည်စများဖြင့် ပြုလုပ်ထားပြီး တန်ဖိုးကြီးလှသော အမျိုးသမီးအတွင်းဝတ်နှစ်ထည် ရှိနေသည်။ ပုံစံနှင့် အရွယ်အစားအရ မေးရှင်းအာ၏ပစ္စည်းများ ဖြစ်လောက်ပေမည်။

လီနန်ခယ့်က ရင်ခံအဝတ်ကို ဖျတ်ခနဲကောက်ယူ၍ နမ်းကြည့်လိုက်သည်။

ဤမြင်ကွင်းကို နေရာရှိလူတိုင်းမြင်တွေ့လိုက်ရပြီး အမူအရာများမှာ ချက်ချင်းပင် အထူးတဆန်းဖြစ်ကုန်ကြတော့၏။

"မင်း—"

သံမဏိက မကျေမနပ်ဆူပူချင်ဟန်ဖြင့် စကားစလိုက်ရာတွင် အထက်လူကြီးထံမှ အေးစက်စက်စိုက်ကြည့်ခံလိုက်ရပြန်သောကြောင့် ထွက်ကျလုဆဲဆဲ စကားလုံးများကို ပြန်မျိုချလိုက်ရသည်။

သူဌေးကြီးလင်မှာလည်း တစ်ဖက်လူ၏အဆင့်အတန်းကြောင့် တစ်ခွန်းမှဝင်မပြောရဲဟန်ပင်။

သို့သော် တစ်ဖက်လူက တာဝန်ရှိသူပင်ဖြစ်နေသည်ဆိုစေ၊ ဇနီးဖြစ်သူ၏အတွင်းဝတ်ကိုမှ အနံ့ခံနမ်းရှုပ်နေခြင်းကိုတော့ သူစိတ်မတိုဘဲမနေနိုင်။ သို့သော် ဒေါသထွက်ပြလို့ကလည်းမဖြစ်သေးသဖြင့် ခိုးလိုးခုလုသာမေးလိုက်ရသည်။

"အရာရှိမင်း၊ ကျွန်တော့်ဇနီးအဝတ်က ဘာများဖြစ်နေလို့လဲ"

"ဘာမှမဖြစ်ပါဘူး"

လီနန်ခယ့် အားနာပြုံးလေးပြန်ပြုံးပြပြီး အဝတ်ဗီရိုကိုဖွင့်ကာ တစ်ချက်စစ်ဆေးလိုက်သည်။

"ဗီရိုကဘာလို့ ဒီလောက်တောင်လစ်ဟာနေရတာလဲ။ သခင်မကြီးမှာ အဝတ်အစား ဒီလောက်တောင်နည်းသလား"

လီနန်ခယ့်က တံခါးဝတွင်ရပ်နေသော ရှန်းအာကိုမေးလိုက်သည်။

ရှန်းအာမှာ ဖြေဖို့ရာပင် ကြောက်ရွံ့နေပုံရသည်။

"လွန်ခဲ့တဲ့ ရက်အနည်းငယ်က သခင်မကြီးရဲ့ အဝတ်ဗီရိုထဲကို ကြွက်တွေဝင်သွားပါတယ်၊ သခင်မကြီး က နိမိတ်မကောင်းဘူးလို့ ယူဆတာကြောင့် အထဲက အဝတ်အစားတချို့ကို ကျွန်မကို မီးရှို့ခိုင်းခဲ့ပါတယ်။"

"မီးရှို့ခိုင်းတာလား"

လီနန်ခယ့်က အနည်းငယ်လန့်ဖျပ်သွားဟန်ဖြင့် တစူးတစိုက်ရှိသော မျက်လုံးအကြည့်များက ပို၍ပင်စူးရှလာခဲ့၏။

"ဘယ်အချိန်တုန်းကရှို့လိုက်တာလဲ"

"ဘယ်တုန်းကလဲဆိုတော့..."

ရှန်းအာက ခေါင်းအသာငဲ့ကာ အချိန်အကြာကြီးပြန်လှန်စဥ်းစားနေပြီးမှ ပြောလာသည်။

"ရှစ်လပိုင်း ငါးရက်နေ့လောက်က ဖြစ်မယ်ထင်တယ်"

"ဪ"

လီနန်ခယ့်က ထိုသို့သာတုံ့ပြန်ပြီး ဘာတစ်ခွန်းမှထပ်မမေးတော့။

ထို့နောက် ဗီရိုတံခါးကိုပိတ်ပြီး သူ့ခြေရင်းတွင်ကြွေကျနေသော ပန်းပင်မှသစ်ရွက်နှစ်ရွက်ကိုသာ စိုက်ကြည့်နေသည်။

သစ်ရွက်များမှာ ရိုးတံတိုတိုရှိပြီး ဘဲဥပုံမှသည် လှံသွားပုံအထိ ချွန်တက်သွားကာ အနားသတ်များတွင် အပေါ်သို့ကွေးတက်နေသော အမွှေးအမျှင်များ ပါရှိနေသဖြင့် အခြားသောသစ်ရွက်များနှင့် ယှဉ်လျှင် တော်တော်လေးထူးခြားနေပုံရသည်။

လီနန်ခယ့်က ထိုသစ်ရွက်နှစ်ရွက်ကိုကောက်ပြီး အချိန်အတော်ကြာ အသေးစိတ်ကြည့်ရှုနေပြီးမှ ကွဲအက်ပြန့်ကျဲနေသော ပန်းပင်များဆီယူသွားကာ နှိုင်းယှဥ်ကြည့်သည်။

တစ်ခဏမျှယှဥ်ကြည့်ပြီးနောက် ထိုသစ်ရွက်နှစ်ရွက်ကို စက္ကူဖြင့်ထုတ်ပိုးကာ ရင်ဘတ်ထဲထိုးထည့်လိုက်သည်။

"သွားကြစို့ တခြားနေရာတွေကိုလည်း စစ်ဆေးကြည့်ရအောင်"

လီနန်ခယ့်ကဆိုသည်။

လိန်ရှင်းနန်က ခေါင်းဆတ်ပြီး သူဌေးကြီးလင်ကိုပြောလိုက်သည်။

"သခင်မကြီးကို အမြန်ရှာတွေ့ဖို့ ကျွန်မတို့အတတ်နိုင်ဆုံးစုံစမ်းပါမယ်။ ဒီကာလအတွင်းတော့ ရှင်ဘယ်ကိုမှမသွားဘဲ အိမ်မှာပဲနေတာအကောင်းဆုံးပဲ"

သူဌေးကြီးလင်က မျက်နှာညိုညိုဖြင့် စကားမပြန်ခဲ့။

အခန်းတွင်းမှ ပြန်ထွက်လာချိန် သံမဏိကရုတ်တရတ် အာမေဋိတ်ပြု၍ ကြမ်းပြင်ထက်မှ ကျိုးပဲ့နေသော ကျောက်စိမ်းဗုဒ္ဓရုပ်ပွားငယ်လေးတစ်ဆူအား ကောက်ယူကာ မေးလာသည်။

"ဒါက သခင်မကြီးဟာလား"

ဗုဒ္ဓရုပ်ပွားတော်မှာ လက်ဖဝါးတစ်ဝက်စာပင်မရှိသော အရွယ်အစားလေးဖြစ်ပြီး အစိမ်းရင့်ရောင်ရှိသည်။ သန့်စင်ချောမွတ်နေခြင်းမရှိသောကြောင့် အရည်အသွေးနိမ့်ပစ္စည်းတစ်ခုဖြစ်မှန်း သိသာပေသည်။

"အဲ့ဒါ အဘိုးကြီးချင်ရဲ့ပစ္စည်းထင်တာပဲ"

ရှန်းအာက တအံ့တသြဆိုလာသည်။

လီနန်ခယ့်က ကျောက်စိမ်းရုပ်ပွားတော်ကိုယူကြည့်နေရင်း ရှန်းအာကိုမေးလိုက်သည်။

"အဘိုးကြီးချင်က ဘယ်သူလဲ"

ရှန်းအာက သွက်သွက်လက်လက် ပြန်ဖြေလာ၏။

"သူက အိမ်တော်ရဲ့ မိသားစုအစေခံဟောင်းတစ်ယောက်ပါ"

ထိုအဘိုးကြီးချင်က လီနန်ခယ့်၏အာရုံကို ဖမ်းဆုပ်လိုက်နိုင်သည်ပင်။

အနားတွင်ရပ်နေသော သူဌေးကြီးလင်က စကားဝိုင်းထဲဝင်ကာ ရှင်းပြလာသည်။

"အဘိုးချင်က ကျွန်တော်တို့လင်အိမ်တော်မှာ ဆယ်နှစ်နီးပါးလောက်ထိ အလုပ်လုပ်ခဲ့ဖူးတယ်။ သူက ဇွဲကောင်းပြီး အလုပ်ကိုသေချာလုပ်တဲ့သူ၊ ဒါပေမဲ့ အရက်တော့နည်းနည်းကြိုက်တယ်"

"သူအခုဘယ်ရောက်နေသလဲ။ ကျွန်တော်တို့ သူ့ဆီသွားလို့ရမလား"

လီနန်ခယ့်က တောင်းဆိုလိုက်သည်။

သူဌေးကြီးလင်မှာတော့ အခက်တွေ့သွားဟန်ရှိ၏။

"သူက အိမ်တော်မှာအလုပ်မလုပ်တော့ဘူးဗျ"

"မလုပ်တော့ဘူးလား။ ဘာလို့လဲ။" လီနန်ခယ့်က မျက်ခုံးပင့်ကာမေးသည်။

"အဲ့ဒါက..."

သူဌေးကြီးလင်မှာ တစ်ခုခုပြောဖို့ကို အခက်တွေ့နေဟန်ဖြင့် သက်ပြင်းချလိုက်ပြီးမှ ဖြစ်ကြောင်းကုန်စင်ရှင်းပြလာသည်။

"လွန်ခဲ့တဲ့ လဝက်လောက်တုန်းက ဝမ်ကျင်းအာနဲ့ ဝမ်ယင်းယင်းတို့ ကျွန်တော့်သမီးနဲ့ အတူလာကစားကြတယ်။ အဘိုးချင်က အရက်မူးပြီး ဝမ်ကျင်းအာအပေါ် မဖွယ်မရာလုပ်ဖို့ ကြံစည်ခဲ့တယ်။ အဲဒါနဲ့ ကျွန်တော်လည်း ဒေါသထွက်ပြီး အဘိုးချင်ရဲ့ခြေထောက်ကို ရိုက်ချိုးပြီးတော့ လင်အိမ်တော်ကနေ နှင်ထုတ်လိုက်တာပါ"

"ဒီကိစ္စကြောင့် အဘိုးချင်က အာဏာပိုင်တွေဆီ တိုင်ချက်ဖွင့်ခဲ့သေးတယ်၊ အဲဒါနဲ့ အစိုးရအရာရှိတွေ လာရောက် စုံစမ်းစစ်ဆေးတဲ့အထိ ဖြစ်ခဲ့တာ။ နောက်ဆုံးတော့ တော်တော်လေး စိတ်အနှောင့်အယှက် ဖြစ်ပြီး အဆုံးသတ်ခဲ့ရတာပါပဲ။"

အကြောင်းစုံကြားသိလိုက်ရသော် လိန်ရှင်းနန်ရင်ထဲ မနှစ်မြို့စိတ်နှင့်ဒေါသကမြင့်တက်ကာ မျက်နှာမကြည်တော့သော်လည်း စိတ်ထိန်းပြီး ထပ်မေးလိုက်သည်။

"အခုလေးတင် ရှင့်မှာ ရန်သူမရှိဘူးလို့ပြောခဲ့တာမဟုတ်လား"

"အဘိုးချင်က ကျွန်တော့်ကိုနာကျည်းသွားရင်တောင် လူကိုအန္တရာယ်ပေးတဲ့အထိ မလုပ်လောက်ပါဘူးခင်ဗျာ"

သူဌေးကြီးလင်မှာ ပြောရင်း သူ့ဘက်ကအတွက်မှားသွားသည်ကို နားလည်သွားဟန်ဖြင့် လေသံပျော့သွားသည်။

"ကျွန်တော် အဘိုးချင်အကြောင်း ကောင်းကောင်းသိပါတယ်။ တစ်ခါတလေ မဟုတ်တာတွေထလုပ်တတ်တယ်ဆိုပေမဲ့ လူတွေကိုအန္တရာယ်ပြုရလောက်အောင်ထိ သတ္တိမရှိဘူးရယ်"

"အဲ့အဘိုးချင် အခုဘယ်မှာနေနေသလဲသိလား"

လီနန်ခယ့်ကမေးသည်။

"မြောက်ဘက်လမ်းကြားက ရပ်ကွက်ဟောင်းတစ်ခုမှထင်တယ်"

သူဌေးကြီးလင်က မသေချာဟန်ဖြင့် နံဘေးရှိရှန်းအာကို လှမ်းကြည့်လိုက်သည်။

ရှန်းအာက ချက်ချင်းပြန်ဖြေသည်။

"မြောက်ဘက်လမ်းက ရပ်ကွက်ဟောင်းမှာ ဟုတ်ပါတယ်။ အဘိုးချင်က အမျိုးအဆွေမရှိ တစ်ယောက်တည်းပဲနေတဲ့သူပါ။ လင်အိမ်တော်ကမောင်းထုတ်ခံရပြီး သူအဲ့ဒီမှာပဲ တစ်ယောက်တည်း ဒဏ်ရာတွေပြန်ကုသနေပါတယ်"

"ကျွန်တော့်ကို သူ့ဆီခေါ်သွားပေးပါ" လီနန်ခယ့်ကဆိုသည်။

ရှန်းအာက သူမဘာသာ မဆုံးဖြတ်တတ်ပုံဖြင့် သူဌေးကြီးလင်ကို အရင်လှမ်းကြည့်သည်။ သခင်ဖြစ်သူက ခေါင်းညိတ်ပြမှသာ သွက်သွက်လက်လက်ပြန်ဖြေလာ၏။

"ဟုတ်ကဲ့ ကျွန်မခေါ်သွားပေးပါ့မယ်"

All Chapters