မိစ္ဆာကသူပဲ
Vol. 3 Ch. 29
ဤသို့ဖြင့် ရှန်းအာ၏ဦးဆောင်မှုနောက်တွင် လီနန်ခယ့်တို့အဖွဲ့ အဘိုးချင်အိမ်သို့ ရောက်လာခဲ့ကြသည်။
မြောက်ဘက်လမ်းကြား၏ ရပ်ကွက်ဟောင်းဟုဆိုသော်ငြား လင်အိမ်တော်နှင့် ဘယ်လောက်မှဝေးသည်မဟုတ်။ စိမ်းလန်းသော တောအုပ်တစ်ခုကိုပတ်၍ ဖြတ်လမ်းအတိုင်း ဆက်သွားပါက လင်အိမ်တော်၏ နောက်ဖေးတံခါးသို့ ဒုတ်ဒုတ်ထိ ရောက်ရှိနိုင်သည်ပင်။
သို့သော် ထိုရပ်ကွက်မှာ အလွန်လူသူပြတ်လပ်လှ၏။
လမ်းဘေးဝဲယာရှိ ခပ်နိမ့်နိမ့် တံတိုင်းဟောင်းများပေါ်တွင် ရောင်စုံရေညှိကွက်များကို နေရာအနှံ့ တွေ့မြင်နေရသည်။
ရှန်းအာ၏အဆိုအရ ဤနေရာတွင် မီးအကြီးအကျယ်လောင်ခဲ့ဖူးသဖြင့် အိမ်ခြေများပျက်စီး၊ လူများစွာသေကျေကုန်သောကြောင့် ကျန်ရှိသူများမှာလည်း ပြောင်းရွှေ့နေထိုင်ကုန်ကြလေသည်ဟု။
ထိုစဥ်က လင်အိမ်တော်တွင်နေထိုင်သော အဘိုးချင်သာလျှင် တကူးတကမပြောင်းရွှေ့လိုသောကြောင့် ကျန်ခဲ့ခြင်းဖြစ်သည်ဟု ဆို၏။
လင်အိမ်တော်မှ မောင်းထုတ်ခံလိုက်ရပြီး သွားစရာနေရာမရှိတော့ချိန်တွင် အိမ်နီးချင်းပင်မကျန်တော့သည် ရပ်ကွက်ဟောင်း၌ ဟောင်းနွမ်းယိုယွင်းနေပြီဖြစ်သော အိမ်အိုကြီးတွင် ဒဏ်ရာများပျောက်ကင်းသက်သာဖို့ရန် ယာယီနေထိုင်ခဲ့ရခြင်းဖြစ်သည်။
"အဘိုးချင် အိမ်မှာရှိလား"
ရှန်းအာက အော်ခေါ်လိုက်သည်။
ပျက်စီးရှုပ်ပွနေသော ခြံဝင်းငယ်လေးအတွင်း အပုပ်နံ့တစ်မျိုးထွက်နေလျက်။
အမိုးပေါ်ရှိအုတ်ကြွပ်များမှာ ဟိုတကွက်သည်တကွက် လစ်ဟာနေသောကြောင့် မိုးသည်းသည်းသာရွာချလျှင် လုံအောင်ခိုစရာနေရာပင် ရှိလိမ့်မည်မဟုတ်။
"လူမရှိဘူးလား"
တုံ့ပြန်သံတစ်စုံတစ်ရာ မကြားရသော် ရှန်းအာသည် ခေါင်းလေးငဲ့ကာ နားမလည်နိုင်ဟန်ရှိသည်။
"မဟုတ်သေးပါဘူး။ အဘိုးချင်က ခြေထောက်တွေဒဏ်ရာရထားတာ၊ ဟိုဟိုဒီဒီလျှောက်သွားနေနိုင်မှာမဟုတ်ဘူး"
"တစ်ခုခုတော့မှားနေပြီ"
လိန်ရှင်းနန်က ပွင့်ဟလျက်ရှိသောတံခါးမကြီးကို ကြည့်ပြီး စိတ်ထဲ နိမိတ်မကောင်းခြင်းကို ခံစားလိုက်ရသည်။
လီနန်ခယ့်က အိမ်ထဲသို့ အရင်ဝင်သွားသည်။
သူ့မျက်လုံးထဲ အရင်ဆုံးဝင်လာသည့်တစ်ခုက ကြမ်းပြင်ထက်မှ သွေးအမည်းကွက်ကြီးတစ်ကွက်ဖြစ်သည်။ ပရိဘောဂဟောင်းများက နေရာတကာ ပြန့်ကျဲနေလျက်ရှိကာ နေအိမ်အတွင်း ရုန်းရင်းဆန်ခတ်တစ်ခုခု ဖြစ်ပွားခဲ့ပုံရ၏။
ကြမ်းပြင်ပေါ်တွင် အဝတ်စအစုတ်အပြဲတချို့ ပြန့်ကျဲနေကာ သွေးစများစွန်းထင်လျက်။
"ဒါ မိစ္ဆာတစ်ကောင်ရဲ့သွေးတွေများလား"
လိန်ရှင်းနန်က အဆီခဲများရောပါနေသော သွေးမည်းကွက်ကြီးကိုကြည့်ပြီး မျက်နှာပျက်သွားသည်။
"ဒီအိမ်ထဲက တစ်ယောက်ယောက်က ဗီဇပြောင်းလဲပြီး မိစ္ဆာအဖြစ် ပြောင်းသွားတာပဲ"
"ဘယ်အချိန်လောက်က ပြောင်းလဲသွားတာလဲ ခန့်မှန်းနိုင်လား"
လီနန်ခယ့်ကမေးသည်။
လိန်ရှင်းနန်က တစ်ခဏမျှစစ်ဆေးကြည့်ပြီး တည်ငြိမ်စွာဆို၏။
"ဗီဇပြောင်းမိစ္ဆာတစ်ကောင်ရဲ့သွေးက သာမန်လူတွေနဲ့မတူဘူး။ သူတို့ဆီက ထွက်တဲ့သွေးက အရောင်ပြောင်းပြီး တဖြည်းဖြည်းအငွေ့ပျံသွားဖို့ ဆယ်ရက်ကျော်လောက်ကြာတတ်တယ်။"
လီနန်ခယ့် ပြောသည်။
"တစ်နည်းဆိုရရင် ဒီဗီဇပြောင်းလဲခြင်းဖြစ်တာ ဆယ်ရက်မကြာသေးဘူးပေါ့"
"အဘိုးချင်များ ဖြစ်သွားတာလား"
လူတိုင်းခန့်မှန်းပြီးသော အဖြေကို သံမဏိကထုတ်ပြောလိုက်သည်။
တံခါးဝတွင်ရပ်နေခဲ့သော ရှန်းအာ၏ခန္ဓာကိုယ်သေးသေးလေးက ပြိုလဲကျသွားပြီး မယုံကြည်နိုင်စွာဖြင့် ပါးစပ်ကို လက်ဖြင့်ဖိပိတ်ထားမိလျက်။
သံမဏိက အလေးအနက်ဆိုလာသည်။
"မိန်းကလေးလင်က လွန်ခဲ့တဲ့တစ်ပတ်လောက်ကမှ ချူဟုန်တောင်မှာ မိစ္ဆာတိုက်ခိုက်မှုခံခဲ့ရတာဆိုတော့ အဘိုးချင်ရဲ့ဗီဇပြောင်းလဲမှုကလည်း အဲ့ဒီအချိန်ကပဲဖြစ်မယ်"
ကောက်ချက်ကို ခိုင်မာစေရန် သံမဏိက မြေပြင်ပေါ်ရှိ အသားခြောက်များနှင့် ပုပ်သိုးနေသော ကန်စွန်းဥဖုတ်များကို ညွှန်ပြလိုက်သည်။
"ဒီအစားအသောက်တွေဆို လွန်ခဲ့တဲ့ရက်အနည်းငယ်ကမှ စပြီးပုပ်သိုးလာတာတွေပဲ။ အဘိုးချင်က မိစ္ဆာအဖြစ်ပြောင်းလဲသွားတာနဲ့ ချူဟုန်တောင်ဆီအပြေးသွားခဲ့တာဖြစ်မယ်။ အဲ့ဒီမိစ္ဆာကလည်း သူပဲဖြစ်မယ်"
"ဘာကြောင့် ချူဟုန်တောင်ကိုမှ တည့်တည့်သွားရတာလဲ"
လီနန်ခယ့်က တစ်ခွန်းဝင်မေးသည်။
"အဲ..."
သံမဏိက ချက်ချင်းမဖြေနိုင်၊ အချိန်အတော်ကြာ တိတ်ကျနေပြီးမှ ဆိုသည်။
"မိစ္ဆာတွေက သဘာဝအားဖြင့် လူသားတွေလို တွေးတောဆင်ခြင်နိုင်စွမ်းမရှိကြဘူး။ မဟုတ်မှ သတိလက်လွတ်ပြေးသွားခဲ့မိတာလား"
"အဲ့လိုမဟုတ်ဘူး။ မိစ္ဆာတစ်ကောင်က ဗီဇပြောင်းလဲသွားရင်တောင် အများအားဖြင့် သတိနဲ့မှတ်ဉာဏ်အချို့ ကျန်ရှိနေတတ်တယ်"
လိန်ရှင်းနန်က တည်ငြိမ်စွာဆိုသည်။
"အဲ့လောက်အဝေးကြီးထိကို အကြောင်းမရှိဘဲ ပြေးသွားတာတော့ မဖြစ်နိုင်ဘူး။ သူ့မှာ ပြင်းထန်တဲ့ရည်ရွယ်ချက်တစ်ခုခု ရှိထားလို့ပဲဖြစ်မယ်။ ဒီနေ့လင်အိမ်တော်ကို ဝင်မွှေသွားတာလည်း သူပဲဖြစ်မှာပေါ့။ လင်မိသားစုကို ပစ်မှတ်ထားနေတာ အသိသာကြီးပဲ"
"လက်စားချေတာ...သူက...သူက လက်စားချေဖို့ ကြိုးစားနေတာပဲ"
တံခါးဝတွင် ခွေလဲနေသောရှန်းအာက တုန်တုန်ယင်ယင် ထပြောလာသည်။
"ဘာကိုလက်စားချေတာလဲ"
လူတိုင်းက တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြပြီး ဤကိစ္စ၏ နောက်ကွယ်တွင် သူတို့မသိသေးသော လျှို့ဝှက်ချက်တစ်ခု ရှိနေကြောင်း သိရှိလိုက်ကြသည်။
ရှန်းအာသည် တံခါးဘောင်ကို တင်းကျပ်စွာဆုပ်ကိုင်ထားရာ သူမ၏လက်ဆစ်ကလေးများမှာ ဖြူလျော့နေလျက်၊
"တကယ်တော့ ဒီကိစ္စက လျှို့ဝှက်ချက်မဟုတ်ပါဘူး။ အဘိုးချင်က အကွက်ဆင်အစွပ်စွဲခံရတာပါ။ အဲဒီနေ့က မိန်းကလေးဝမ်ယင်းယင်းနဲ့ တခြားသခင်မလေးတွေရော အလိုတူအလိုပါ အဘိုးချင်ကို အပျော်စနောက်ခဲ့ကြတာ"
ရှန်းအာ၏ ပြောပြချက်အရ မိန်းကလေးယင်းယင်းက မိန်းကလေးဝမ်ကျင်းအာကို အဘိုးချင်အား သွားရောက်မြူဆွယ်ရန် မြှောက်ပင့်ပေးခဲ့ပြီး အဘိုးကြီးအား လူအများရှေ့စနောက်ကာ ရယ်မောခဲ့ကြသည်။ သို့သော် စနောက်မှုက အလွန်အကြူးဖြစ်သွားခဲ့သည်ပင်။
နောက်တော့ သခင်ကြီးနှင့် ကျန်သူများကပါ အဘိုးချင်က မိန်းကလေးဝမ်ကျင်းအာကို မဖွယ်မရာပြုဖို့ကြိုးစားပါသည်ဟု ယုံကြည်သွားခဲ့ကြပြီး သခင်ကြီးက ဒေါသအလျောက် အဘိုးချင်၏ခြေထောက်ကိုရိုက်ချိုးကာ အိမ်တော်မှ ချက်ချင်းနှင်ထုတ်လိုက်ဖို့ အမိန့်ပေးခဲ့သည်။
အဘိုးချင်က မတရားမှုကို လက်မခံနိုင်သဖြင့် အစိုးရအာဏာပိုင်များဆီ တင်ပြတိုင်ကြားခဲ့လေ၏။
အရာရှိများ စစ်ဆေးစုံစမ်းကြပြီးနောက် မိန်းကလေးလင်တို့ သူငယ်ချင်းအဖွဲ့ကလည်း အမှန်အတိုင်းဝန်ခံလာကြသည်။ သို့သော် သခင်ကြီးနှင့် သူဌေးကြီးဝမ်တို့က သတင်းများမပြန့်အောင် ငွေပေးဖုံးဖိခဲ့ပြီး အမှုအား ပိတ်သိမ်းစေခဲ့လိုက်သည်ဟု။
"အဲ့ဒီနောက် အဘိုးချင်က လင်အိမ်တော်နဲ့ လုံးဝအဆင်မပြေတော့ဘဲ လင်မိသားစုကိုလက်စားချေမယ်လို့ အော်ဟစ်နေခဲ့တော့တာပဲ"
ရှန်းအာ၏ အမှန်အတိုင်းဖွင့်ဟချက်ကို ကြားသိရပြီးနောက် လီနန်ခယ့်နှင့် ကျန်အဖွဲ့သားသုံးဦးမှာ ဘာပြောလို့ပြောရမှန်းမသိအောင်ပင် ကြောင်အသွားခဲ့ကြသည်။ ထို့နောက် လင်ကျောက်ယွဲ့နှင့် သူမ၏ ချစ်လှစွာသောသူငယ်ချင်းလေးများအကြောင်းအား တဖြည်းဖြည်းစတင်နားလည်လာမိသလိုပင်။
ထိုမိန်းမငယ်လေးသုံးဦးမှာ အပေါ်ယံကြည့်လျှင်တော့ လိမ္မာယဥ်ကျေးကာ ချစ်စဖွယ်ကောင်းလှသည်ဟု ထင်ချင်စရာပင်။
သို့သော် "လူဆိုးမလေးများ" ဟု ခေါ်ရန်အထိ မဆိုးသွမ်းလောက်သေး။ မိဘဆွေမျိုးများ၏ တရားလွန်အလိုလိုက်မှုကြား ဆင်ခြင်ဉာဏ်ကင်းမဲ့စွာကြီးပြင်းလာသော ကလေးဆိုးလေးများသာ ဖြစ်ကြမည်ပင်။
ဒုန်း
ပြိုခါနီးစားပွဲအိုလေးကို သံမဏိက ထိုးချလိုက်သည်။
"ဒါကြောင့်မိစ္ဆာက ဝမ်ကျင်းအာတို့နောက်ကို လိုက်ခဲ့တာကိုး၊ လင်အိမ်တော်ကို ဒီလောက်စွဲလမ်းတွယ်ကပ်နေတာ မဆန်းတော့ပါဘူး။ သူတို့ကိုယ်တိုင်ဖန်တီးခဲ့တဲ့ ပြဿနာပဲကို"
လိန်ရှင်းနန်က နားထင်ကိုအသာပွတ်သပ်နေရင်း နောင်တနှင့် ကူကယ်ရာမဲ့မှုများ ရောယှက်နေသည့်လေသံဖြင့် ဆိုလာသည်။
"လူတစ်ယောက်က မိစ္ဆာအဖြစ်ပြောင်းလဲသွားပြီဆိုတာနဲ့ သူတို့ရဲ့စိတ်ထဲ ကိန်းအောင်းနေတဲ့ အငြိုးအတေးတွေဟာ အဆပေါင်းများစွာ ကြီးထွားလာပြီး ကြမ်းတမ်းရက်စက်ကုန်ကြတတ်တယ်။ ဒီမိန်းကလေးသုံးယောက် တကယ်ကို ဆင်ခြင်ဉာဏ်ကင်းမဲ့ကြတာပဲ။ အခုမှနောင်တရနေလည်း နောက်ကျသွားပြီ"
"ဒီသူဌေးကြီးလင်ကလည်း ကုန်သည်ဆိုတဲ့ ကိုယ်ကျိုးရှာဖို့ကလွဲပြီး ဘာသိမှာလဲ။ သူသာဒီကိစ္စကို ကောင်းကောင်းကိုင်တွယ်ပေးခဲ့ရင် ဒီလောက်ထိဆိုးရွားသွားစရာ အကြောင်းမရှိဘူး"
လီနန်ခယ့်လည်း နောင်တရသလို ခံစားမိရ၏။
ယခုတော့ မိစ္ဆာမှာ အဘိုးချင်ဖြစ်ကြောင်း အတည်ပြုပြီးခဲ့လေပြီ။
ရှန်းအာ၏ ပြောကြားချက်မှာ လုပ်ကြံထားခြင်းတော့ မဟုတ်နိုင်ပေ။ အစိုးရအရာရှိများ ပါဝင်ပတ်သက်နေသဖြင့် ထိုသူတို့ကိုမေးမြန်းရုံဖြင့် အလွယ်တကူ အတည်ပြုနိုင်ပေသည်။
သို့သော် ဤပြဿနာ၏ အဓိကအချက်ကား...
အဘိုးချင်ကဘာကြောင့် မိုးနီရေကို အသုံးပြုခဲ့ရသနည်း။
ထို့ထက်ပို၍စဥ်းစားစရာကား ဤမိုးနီရေ ဘယ်ကရောက်လာခဲ့သနည်း။
"ဒီရက်တွေအတွင်း အဘိုးချင်ဆီ တစ်ယောက်ယောက်လာလည်သေးလား"
လီနန်ခယ့်က ရှန်းအာကိုမေးလိုက်သည်။
ရှန်းအာက ဖြူဖတ်ဖတ်မျက်နှာလေးဖြင့် ခေါင်းယမ်းပြသည်။
"ဒီအစေခံလည်း မသိပါဘူးရှင်။ အဘိုးချင်က ဇနီးမရှိ၊ သားသမီးမရှိ တစ်ကောင်ကြွက်ပါ။ အနီးအနားမှာ အိမ်နီးချင်းလည်းမရှိသလို သူ့မှာ ဆွေမျိုးညာတကလည်းရှိတယ်လို့ မကြားမိဘူးရှင့်။ သူ့ဆီလာလည်တဲ့သူတော့ မရှိလောက်ဘူးထင်တာပဲ"
လီနန်ခယ့်မှာ တွေးမရဖြစ်နေရသည်။
မိစ္ဆာ၏ နောက်ကွယ်မှလူသားကို ဖော်ထုတ်လိုက်နိုင်ခဲ့သော်လည်း တစ်ခုခုကလွတ်ကျန်ခဲ့သလို ခံစားနေမိရ၏။
အလွန်သံသယပွားစရာ အချက်တစ်ချက်ပင်။
လီနန်ခယ့်က အကြည့်ကို အိမ်အတွင်းပိုင်းသို့ပြန်ပို့လိုက်ပြီး အိပ်ရာခုတင်မှအစ သစ်သားဗီရို၊ မီးဖိုချောင်သုံးပစ္စည်းများအဆုံး စကန်ဖတ်သကဲ့သို့ အသေးစိတ်စစ်ဆေးနေမိသည်။
"ယေဘုယျအားဖြင့် မိစ္ဆာအဖြစ်ပြောင်းလဲသွားရတာက မိုးနီရေပမာဏကို အလွန်အကျွံသောက်သုံးမိလို့ပဲ။ လောလောဆယ်တော့ အိမ်ထဲမှာ တခြားသဲလွန်စရှိဦးမလား ရှာကြည့်တာပေါ့"
မိစ္ဆာမှာ အဘိုးချင်ဖြစ်ကြောင်း ကောက်ချက်ချထားပြီးဖြစ်သဖြင့် လိန်ရှင်းနန်က ဤအိမ်ကို စုံစမ်းစစ်ဆေးမှု၏ အချက်အချာအဖြစ် သတ်မှတ်လိုက်သည်။
စစ်ဆေးရေးမှာ ချောမွေ့သည်ဆိုရမည်။ သိပ်မကြာခင်မှာပင် သံမဏိက စားပွဲအောက်တွင် ဆေးအိုးတစ်လုံးရှာတွေ့ခဲ့သည်။
စမ်းသပ်စစ်ဆေးပြီးနောက် ထိုဆေးအိုးထဲတွင် မိုးနီရေများ ရောနှောပါဝင်နေကြောင်း တွေ့ရှိခဲ့ရ၏။
တစ်ချိန်တည်းမှာပင် လီနန်ခယ့်သည် သစ်သားဗီရိုအတွင်း၌ ဆေးဖက်ဝင်အပင်ထုပ် လေးထုပ်ကို တွေ့ရှိခဲ့ရာ ၎င်းတို့အတွင်း၌ ခရုခွံပုံစံ ဆေးလုံးငယ်လေးများ ရောနှောနေပြီး သင်းပျံ့သောရနံ့တစ်မျိုး ရှိနေသည်။
"အဲ့ဒါ ခရုနီပဲ"
လိန်ရှင်းနန်၏ မှင်ရောင်မျက်ခုံးတန်းထူထူများ တွန့်ချိုးသွားခဲ့သည်။
လီနန်ခယ့်က နားမလည်ဟန်ပေါက်သဖြင့် သူမရှင်းပြလိုက်သည်။
"ဒါက မိုးနီကနေ ပြုပြင်ဖော်စပ်ထားတဲ့ ဆေးဖက်ဝင်အပင်တစ်မျိုးပဲ။ လူတွေကို ဒဏ်ရာပျောက်ကင်းသက်သာစေဖို့ အရမ်းအကူအညီဖြစ်တယ်"
"မိုးနီကိစ္စ ဖြစ်ပွားပြီးနောက်မှာ ဒီဆေးက အရောင်းအသွက်ဆုံး မိုးနီထုတ်ကုန်ဖြစ်ခဲ့တယ်၊ ဒါပေမဲ့ နောက်ပိုင်းမှာ နန်းတော်က အမိန့်ချပိတ်ပင်လိုက်တာကြောင့် ဈေးကွက်ထဲကနေ ပျောက်ကွယ်သွားခဲ့တာ။ ဒါပေမဲ့ မှောင်ခိုဈေးကွက်မှာတော့ လျှို့ဝှက် ရောင်းနေကြတုန်းပဲ။"
"ဒီလောက်ပမာဏဆို ဗီဇပြောင်းလဲခြင်းဖြစ်နိုင်တဲ့အထိပြင်းလား"
လီနန်ခယ့်ကတော့ ထိုဆေးအကြောင်း နားမလည်ပေ။
လိန်ရှင်းနန်က ဆေးပင်များကို လက်ဖြင့်ကောက်ယူစစ်ဆေးကြည့်ကာ တည်ငြိမ်စွာဆိုသည်။
"ဆေးတစ်ထုပ်တည်းမှာ မိုးနီနည်းနည်းပဲရောထားရင်တော့ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ဒီမှာကျ ဆေးထုပ်တွေအားလုံးမှာ ပါနေတာဆိုတော့ ပမာဏက လူသားခံနိုင်ရည်ထက် လုံးဝကျော်လွန်သွားပြီ၊ ဗီဇပြောင်းလဲမှုကတော့ မလွဲမသွေ ဖြစ်မှာပဲ။"
သံမဏိက နှာတစ်ချက်မှုတ်သည်။
"ဒီပစ္စည်းတွေကို မှောင်ခိုရောင်းနေတဲ့ဆေးဆိုင်တွေ ရှိနေသေးပုံပဲ"
အကျိုးအမြတ်ကြီးကြီးလိုချင်မှတော့ စွန့်စားရမည်သာပင်။
ဤလူ့လောကတွင် လူသားတိုင်းမှာ အကျိုးအမြတ်အတွက် ရုန်းကန်နေကြခြင်း ဖြစ်သည်။ နှစ်ပေါင်းများစွာအတွင်း ထိုမိုးနီကြောင့် လူအများအပြား အသတ်ခံရပြီး ပိုင်ဆိုင်မှုများပါ သိမ်းဆည်းခံခဲ့ရသော်လည်း အချို့မှာ သက်စွန့်ဆံဖျား စွန့်စားနေကြဆဲပင်။
အထူးသဖြင့် မကြာသေးမီနှစ်များအတွင် မိုးနီမှောင်ခိုဈေးကွက်က ပို၍ပင်တွင်ကျယ်လာခဲ့သည်။
နန်းတော်အတွင်းသို့ပင် ထိုးဖောက်ဝင်ရောက်သွားပြီး အရာရှိများစွာလည်း အကျိုးအမြတ်သံသရာထဲမှ ရုန်းမထွက်နိုင်ခဲ့ကြ။
"သံမဏိ၊ ဒီဆေးပင်တွေကို အကုန်သိမ်းလိုက်၊ ပြီးတော့ ဘယ်ဆေးဆိုင်ကရောင်းသလဲဆိုတာကို လူလွှတ်ပြီး စုံစမ်းခိုင်းပါ။ သိတာနဲ့တစ်ပြိုင်နက် ဆိုင်ရှင်ကိုဖမ်းပြီး ဆိုင်ကို သေချာရှာဖွေပါ။"
လိန်ရှင်းနန်က အမိန့်ပေးသည်။
"နားလည်ပါပြီ"
သံမဏိလည်း ဆေးထုပ်များကိုယူကာ အမြန်ပင် ထွက်ခွာသွားသည်။
သံမဏိကို တာဝန်ပေးပြီး လိန်ရှင်းနန်က နေအိမ်ကိုဆက်လက်စစ်ဆေးသည်။
လီနန်ခယ့်က အခန်းတစ်ဝိုက် လှည့်ပတ်ကြည့်နေရင်း ရှန်းအာနားသို့လျှောက်လာကာ ရုတ်တရတ်မေးလိုက်သည်။
"သခင်မကြီးက မနေ့ကတည်းကနေမကောင်းတာလား။ ဒီနေ့မှ ရုတ်တရတ်နေမကောင်းဖြစ်တာလား"
ရှန်းအာက မျက်လုံးတောက်တောက်လေးများဖြင့် ပြန်ဖြေသည်။
"ဒီမနက်မှဖြစ်တာပါ"
"အနီးကပ်အစေခံတစ်ယောက်အနေနဲ့ သခင်မကြီးဘာကြောင့်နေမကောင်းဖြစ်တယ်လို့ထင်လဲ"
"ကျွန်မအထင်တော့..."
ရှန်းအာက တွန့်ဆုတ်နေဟန်ပေါ်သော်လည်း အရှေ့မှလူ၏မျက်နှာချောချောကို ကြည့်လိုက်မိတော့ မသိလိုက်စွာ အမှန်အတိုင်း လွှတ်ခနဲထွက်သွားမိသည်။
"ကျွန်မအထင် သခင်မကြီးက မမလေးကြောင့် ဒေါသထွက်သွားတာပါ"