ဒီအထက်လူကြီးက အပြောတစ်မျိုး အလုပ်တစ်မျိုး
Vol. 3 Ch. 30
"ဘယ်သူစိတ်ဆိုးတာလဲ"
လီနန်ခယ့်က စကားကို နားမလည်လိုက်ဟန်ပင်။
ရှန်းအာ၏မျက်ခွံလေးများ မဆိုစလောက်စိုက်ကျသွားပြီး အချိန်အတော်ကြာတိတ်ဆိတ်လျက် စဥ်းစားနေပြီးမှ ပြောလာသည်။
"ဒီမနက် သခင်မကြီးနဲ့မမလေးတို့ စကားများခဲ့ကြတယ်။ ကျွန်မလည်းအဲ့နားမှာရှိမနေဘူး။ ရှိလည်း သူတို့ငြင်းခုံနေကြတာကို ချောင်းနားမထောင်ရဲပါဘူး"
"နောက်တော့ မမလေးက တံခါးကိုဝုန်းခနဲဆောင့်ပိတ်ပြီး ထွက်သွားတယ်။ အရမ်းလည်းစိတ်ဆိုးနေပုံပဲ။ ကျွန်မ သခင်မကြီးကိုသွားကြည့်တော့လည်း သူတော်တော်လေးဒေါသထွက်နေပြီး ပန်းအိုးတစ်လုံးတောင် ရိုက်ခွဲပစ်လိုက်သေးတယ်"
"အဲ့ဒီနောက်တော့ သခင်မကြီးက နေလို့ထိုင်လို့မကောင်းလို့ နားအေးပါးအေးနေချင်တယ်ပြောပြီး ကျွန်မကိုပြန်နားခိုင်းလိုက်တာ။ သခင်မကြီးနေမကောင်းတာ မမလေးကြောင့် ဒေါသထွက်ရလို့ဆိုတာ ရှင်းနေတာပါပဲ"
စကားအဆုံးတွင် မိန်းကလေးငယ်မှာ မကျေမနပ်နှုတ်ခမ်းမဲ့လာပြီး သခင်မကြီး၏ပျောက်ဆုံးမှုအတွက် ကူကယ်ရာမဲ့ခံစားရကာ လင်ကျောက်ယွဲ့အပေါ် အပြစ်တင်စိတ်ဝင်ဟန်ပြသည်။
ဤမိန်းကလေးသည် သခင်မကြီးအား နေ့စဥ်နှင့်အမျှခစားရသူဖြစ်သည်နှင့်အညီ အလွန်တွယ်တာခင်မင်ကြောင်း ထင်ရှားလှ၏။
လီနန်ခယ့် ထပ်မေးလိုက်သည်။
"ဒီတော့ စကားများရတဲ့အကြောင်းရင်းကို မင်းမသိဘူးပေါ့ ဟုတ်လား"
ရှန်းအာက ခေါင်းကိုတွင်တွင်ညိတ်ပြီးမှ တစ်ခုခုကိုသတိရလိုက်ပုံပေါ်ပြီး နှုတ်ခမ်းကိုတစ်ချက်ကိုက်ကာ ဆက်ပြောသည်။
"တကယ်တော့ သခင်မကြီးနဲ့မမလေးတို့ ရန်ဖြစ်စကားများတာ အခုမှမဟုတ်ဘူးရယ်။ မမလေး မိစ္ဆာလိုက်လို့ ဒဏ်ရာရခဲ့တဲ့ညကလည်း သူ့အခန်းထဲမှာ နှစ်ယောက်စကားများကြသေးတယ်"
"အဲ့တုန်းကလည်း ဘာကြောင့်ရန်ဖြစ်ကြမှန်း မသိလိုက်ပေမဲ့ သခင်မကြီးက မမလေးအခန်းကထွက်လာတော့ သခင်မကြီး စိတ်တိုတိုနဲ့ပြောတာတော့ကြားလိုက်တယ်။ သူမဟုတ်ရင် ငါပဲဖြစ်မှာ တဲ့"
သူမဟုတ်ရင် ငါပဲဖြစ်မှာ။
လီနန်ခယ့်က အနောက်သို့တစ်လှမ်းဆုတ်ကာ တံခါးဘောင်ကိုကျောမှီရင်း အတွေးထဲနစ်ဝင်သွားသည်။
သူဆိုတာ ယောက်ျားလေးကိုရည်ညွှန်းတာလား၊ မိန်းကလေးကိုလား။
အတော်ကြာအောင် စဥ်းစားနေပြီးနောက် လီနန်ခယ့်ခေါင်းထဲတွင် လျှပ်စီးတစ်ချက်လက်သွားသည့်အလား တစ်ခုခုအား သတိရလိုက်သည်။
ထို့နောက် မျက်စိသူငယ်အိမ်များ ချက်ချင်းကျုံ့ဝင်သွားပြီး ရှန်းအာ၏ဖြူဖျော့ဖျော့မျက်နှာလေးကို စူးစိုက်ကြည့်လျက် မေးလိုက်သည်။
"ဟယ့်ချင်းယွီ တံတိုင်းပေါ်ကျော်တက်လာတဲ့ကိစ္စပြီးမှ သူတို့စကားများကြတာလား"
"အင်း ဟုတ်တယ်ရှင့်"
ရှန်းအာက တစ်ချက်ပြန်စဥ်းစားကြည့်ပြီး အတည်ပြုပေးလိုက်သည်။
လီနန်ခယ့်သည် အဓိကသော့ချက်ကို ဝိုးတဝါးဖမ်းဆုပ်လိုက်မိသလို ခံစားမိသည်။ သူမသိလိုက်စွာဖြင့် ရင်ဘတ်ကိုအသာလှမ်းထိလိုက်ပြီး လိန်ရှင်းနန်ဆီသို့ လက်လှမ်းလိုက်သည်။
"ခင်ဗျားမှာ ဘောပင်နဲ့စာရွက်ရှိလား။ ခဏလောက်ငှားလို့ရမလား"
"ဒီမှာ"
အမျိုးသမီးက ကိုယ်နှင့်မကွာသယ်ဆောင်ထားသော မီးသွေးခဲတံနှင့် စာရွက်ကို လှမ်းပေးလာသည်။
လီနန်ခယ့်က စာရွက်ပေါ် စာကြောင်းနှစ်ကြောင်းချရေးကာ ခေါင်းငုံ့လျက် သေချာစိတ်ကြည့်ရင်း လှည့်ပတ်ဆက်စပ်သည်။ ထို့နောက် စကာလုံးအနည်းငယ် ထပ်ချရေးလိုက်ပြီး ထိုအပိုင်းကိုဆုတ်ဖြဲလိုက်ပြီးမှ ငှားထားသော စာရွက်နှင့်ခဲတံကို ပြန်ပေးလိုက်သည်။
"ပြန်ယူလို့ရပြီ"
လိန်ရှင်းနန်က လှမ်းမယူပါ။
လီနန်ခယ့်က အနည်းငယ်ကြောင်သွားသော်လည်း ယဥ်ယဥ်ကျေးကျေး ဆက်ပြီးလက်ကမ်းပေးနေဖို့စိတ်မကူးဘဲ သူ့ဘာသာပြန်သိမ်းထားလိုက်သည်။ ထို့နောက် ရှန်းအာကိုဆက်မေး၏။
"ရှစ်လပိုင်းလေးရက်နေ့ညမှာ သခင်မကြီး အိမ်တော်အပြင်ထွက်သေးလား"
"မထွက်ဘူးရှင့်"
ရှန်းအာက သေချာတိကျစွာပင် ခေါင်းကိုတွင်တွင်ခါသည်။
"အဲ့ဒီနေ့ကိုတော့ ကျွန်မရှင်းရှင်းလင်းလင်းကို မှတ်မိပါတယ်။ သခင်မကြီးနဲ့ မမလေး စကားများခဲ့ကြတယ်ဆိုပေမဲ့ ညဥ့်နက်လို့ အိပ်ချိန်ရောက်တော့ သခင်မကြီးက မမလေးကိုအဖော်ပြုပေးဖို့ သူ့အခန်းဆီသွားပြီး အဲဒီမှာပဲ တစ်ညလုံးနေခဲ့ပါတယ်"
"တကယ်တော့ သခင်မကြီးက မမလေးကို တကယ်အလိုလိုက်တာပါ၊ ဆူတာပူတာလည်း အလွန်ရှားပါတယ်။ တစ်ခါ မမလေးငယ်ငယ်တုန်းက ခြံဝင်းထဲမှာ မီးလောင်မှုဖြစ်တော့ သူဂိုဒေါင်ထဲမှာကစားရင်း ပိတ်မိနေခဲ့တဲ့အချိန် သခင်မကြီးက သူ့အသက်ကိုရင်းပြီး ကယ်ခဲ့တာ ကျွန်မမှတ်မိပါသေးတယ်။
"မမလေးအတွက်ဆို သခင်မကြီးက အသက်ပေးဖို့တောင်နောက်မတွန့်တဲ့ အမေမျိုးပါ"
"ဒါပေမဲ့ တစ်ခါတလေမှာ မမလေးက သခင်မကြီးကိုစိတ်ဆိုးအောင်အရမ်းလုပ်တာပါပဲ။ ဒါပေမဲ့လည်း မတတ်နိုင်ဘူးလေ။ သခင်မကြီးကလည်း အမြဲလိုလို အလုပ်ရှုပ်နေတတ်တော့ သူ့သမီးကို ဆုံးမပဲ့ပြင်ဖို့အချိန်မရှိဘူး။ အဲ့ဒီဝမ်ယင်းယင်းတို့နဲ့လည်း မကြာမကြာ အတူကစားပေါင်းသင်းနေတော့ သူလည်း ဒီလိုဆိုးသွမ်းလာတာ မဆန်းတော့ပါဘူး..."
မိန်းမငယ်လေးသည် ပဲစေ့များသွန်ထုတ်နေသည့်အလား ဒလဟောပြောပြနေခဲ့သည်။ စကားများသော်လည်း ပွင့်လင်းရိုးရှင်းသည့်သဘာဝရှိပုံပင်။
သို့သော် အိမ်တော်မှသခင်မလေးကို ကွယ်ရာတွင်မကောင်းပြောနေသည်ကတော့ အတော်လေးမသင့်လျော်လှ။
လီနန်ခယ်ကလည်း မိန်းကလေးတွေကို သတိလက်လွတ်ဖြစ်စေနိုင်တဲ့ မျက်နှာမျိုးမဟုတ်လား။ ပုံမှန်ဆို ရှန်းအာလည်း အိမ်တော်အတွင်းကိစ္စတွေကို ဒီလောက်တက်တက်ကြွကြွ ထုတ်ပြောမည့်သူမဟုတ်။
"တစ်ညလုံး မိန်းကလေးလင်အခန်းထဲမှာပဲ နေခဲ့တာပေါ့" လီနန်ခယ့်၏အသံက ထူးထူးခြားခြား လေးနက်နေခဲ့သည်။
"တစ်ညလုံးတော့ မဟုတ်လောက်ဘူး"
ဒီတစ်ခုတော့ ရှန်းအာလည်း သေချာပုံမရ။
အစေခံတစ်ဦးအနေဖြင့် မမလေးအခန်းကို တစ်ညလုံးစောင့်ကြည့်ပေးဖို့တော့ တာဝန်မရှိပါချေ။
"မိန်းကလေးရှန်းအာ ကျွန်တော်တစ်ခုထပ်မေးချင်သေးတယ်။ မိန်းကလေးလင်၊ ဝမ်ယင်းယင်းနဲ့ ဝမ်ကျင်းအာတို့ထဲ ဘယ်နှစ်ယောက်က အချင်းချင်းဆက်ဆံရေးအကောင်းဆုံးလဲ"
ဤရိုးသားဖြူစင်သော အစေခံမလေးဆီမှ သူသိချင်သမျှသတင်းအကုန် နှိုက်ထုတ်လို့ရနိုင်သည်ဖြစ်ကြောင်း သိလိုက်သည်နှင့် လီနန်ခယ့်သည် သူ၏ချောမောခန့်ညားမှုကို အပြည့်အဝနှင့် အစွမ်းကုန်အသုံးချလိုက်ဖို့ဆုံးဖြတ်ကာ ဆွဲဆောင်မှုရှိသော အပြုံးလေးတစ်ပွင့်ဖြင့် စကားဆက်၏။
ရှန်းအာ၏ပါးပြင်လေးများ ရဲရဲနီထွေးလျက် နှစ်ခါပင်မတွေးလိုက်ဘဲ သိသမျှအကုန် ရှင်းရှင်းဘွင်းဘွင်း ပြောပြတော့သည်။
"မမလေးနဲ့ မမလေးဝမ်ကျင်းအာကတော့ အရင်းနှီးဆုံးနှစ်ယောက်ဖြစ်မယ်ထင်တယ်။ ဘာလို့လဲဆိုတော့ မမလေးဝမ်ကျင်းအာက ပညာသင်ဝမ်ရဲ့ ညီမအငယ်ဖြစ်တော့ ပညာရေးပိုင်း အတော်ထူးချွန်တယ်လေ။ မမလေးက မသိတာရှိရင် သူ့ကိုမကြာခဏစာမေးရတတ်တယ်။ သူတို့နှစ်ယောက်အတူ စာကြည့်ဆောင်ထဲမှာ စာလုံးအလှရေးတာကို လေ့ကျင့်လေ့ရှိကြတယ်။
"ဒါပေမဲ့ မမလေးဝမ်ယင်းယင်းကတော့ ဝမ်ကျင်းအာကို သိပ်ပြီးအထင်မကြီးဘူးရယ်"
"ဝမ်ကျင်းအာရဲ့အစ်ကိုက ပညာရှိတစ်ယောက်ဆိုပေမဲ့ သူ့မိသားစုအခြေအနေက အရမ်းသာမန်ဆန်တယ်ပြောရမယ်။ ဝမ်ယင်းယင်းကတော့ ကြွယ်ဝတဲ့နောက်ခံကဆင်းသက်လာပြီး တချို့အဆင့်မြင့်အရာရှိမင်းတွေနဲ့ပါ အမျိုးအဆွေတော်စပ်သေးတဲ့။ အဲ့ဒါကြောင့်သူက ဆင်းရဲတဲ့လူတွေကို အရမ်းရွံတာမုန်းတာလေ"
"မမလေးရဲ့မျက်နှာကြောင့်သာမဟုတ်ရင် သူက ဝမ်ကျင်းအာကို အဖက်တောင်လုပ်မှာမဟုတ်ဘူး။ ဝမ်ကျင်းအာကို မကြာမကြာလည်း စနောက်တတ်သေးတယ်။ ဟိုတစ်ခေါက်ကဆိုရင်..."
ထိုနေရာအရောက်တွင် ရှန်းအာက လက်သီးလေးများကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်ပြီးမှ မကျေမနပ်ဆိုသည်။
"နောက်ဆုံးတစ်ခေါက် အဘိုးချင်ရဲ့အမှုကိစ္စကိုလည်း အစပြုခဲ့တဲ့သူက ဝမ်ယင်းယင်းပဲ"
"အသေးစိတ် ဆိုစမ်းပါဦး" လီနန်ခယ့် စိတ်ဝင်စားလာသည်။
ရှန်းအာ၏အမူအရာက ဝမ်ယင်းယင်းပေါ် သူမ၏မနှစ်မြို့မှုကို လုံးဝဖုံးကွယ်ထားလိုဟန်မရှိတော့။
"အဲ့ဒီနေ့က သူတို့သုံးယောက် စာကြည့်ဆောင်ထဲမှာ လက်ရေးလှလေ့ကျင့်နေကြရင်း ဝမ်ယင်းယင်းက ပျင်းလာလို့ဆိုပြီး မမလေးကျင်းအာအပေါ်ကို မတော်တဆလိုလိုနဲ့ မှင်အိုးမှောက်ချလိုက်တယ်"
"မမလေးကမြင်တော့ မမလေးကျင်းအာကို သူ့အခန်းဆီသွားပြီး အဝတ်အစားသွားလဲလိုက်ဖို့ပြောတယ်"
"အဲ့ဒီအချိန်မှာ အဲ့ဒီဝမ်ယင်းယင်းက ရုတ်တရတ် နောက်ပြောင်ချင်စိတ်ပေါက်ပြီး အဘိုးချင်ကို မမလေးအခန်းထဲ ကြွက်တစ်ကောင်ဝင်နေတယ်၊ မြန်မြန်ဖမ်းပေးပါလို့ သွားပြောလိုက်တယ်လေ"
"အဘိုးချင်ကလည်း ဘာကိုသံသယဝင်မိမှာလဲ။ ချက်ချင်းအခန်းထဲပြေးဝင်သွားတာပေါ့။ အဲ့ဒီလိုနဲ့..."
ရှန်းအာမှာ ထိုအကြောင်းကိုပြန်တွေးတိုင်း ဒေါသထွက်နေရဆဲဖြစ်ပြီး ရင်ဘတ်လေး နိမ့်ချည်မြင့်ချည်ဖြစ်လျက်။
"ခန္ဓာကိုယ်အကြည့်ခံလိုက်ရတဲ့ မမလေးကျင်းအာကတော့ အလန့်တကြားအော်ငိုမိတာပေါ့။ အဲ့ဒီနောက် အဘိုးချင်ရဲ့ခြေထောက်တွေ ရိုက်ချိုးခံလိုက်ရတယ်။ တိုတိုပြောရရင် အဲ့ဒီကိစ္စတစ်ခုလုံးက ဝမ်ယင်းယင်းရဲ့အမှားတွေပဲ"
အကြောင်းစုံကြားသိပြီးနောက် လီနန်ခယ့်သည် ထိုဝမ်ယင်းယင်း၏အကြောင်းကို ကောင်းစွာနားလည်သွားမိပြီဖြစ်၏။
ဆိုးသွမ်းသည်။ ရှေ့မကြည့်နောက်မကြည့် စိတ်ကူးပေါက်ရာလုပ်တတ်သည်။ အရိုးထဲထိ ပုပ်အဲ့နေသည့် မိန်းကလေးမျိုး
သို့သော် ယခုထိရှုပ်ထွေးနေဆဲကိစ္စတချို့ရှိသောကြောင့် သူမေးမိသည်။
"ဘာကြောင့် မင်းမမလေးက အဲ့ဒီဝမ်ယင်းယင်းနဲ့ အရမ်းပေါင်းသင်းနေရတာလဲ။ နောက်ပြီး ဝမ်ကျင်းအာကရော ဒီလောက်ဆိုးဆိုးရွားရွားစနောက်ခံနေရတာကို ဘာလို့ရှောင်ဖို့မကြိုးစားတာလဲ"
"ဘာကြောင့်လဲဆိုတော့ အဲ့ဒီမိန်းကလေးက မမလေးသူငယ်ချင်းဖြစ်လို့ရတဲ့ တစ်ဦးတည်းသောသူမလို့ပါ"
ရှန်းအာက ကူကယ်ရာမဲ့စွာပြောသည်။
"တုန်းချီခရိုင်လိုနေရာမှာ ချမ်းသာတဲ့မိသားစုဆိုလို့ အနည်းစုပဲရှိတယ်။ မမလေးမှာ ငယ်ငယ်ကတည်းက အပေါင်းအသင်းနည်းနည်းလေးပဲရှိခဲ့တာ။ သူ့အနားကရွယ်တူတွေ သူ့ကိုအရမ်းရိုသေချစ်ခင်ပြနေကြတာလည်း အများစုက အကျိုးအမြတ်တစ်ခုခုရဖို့ ဖားယားနေကြတာပဲ"
"သူ့ဆီက အကျိုးအမြတ်တစ်စုံတစ်ရာ မမျှော်ကိုးဘဲ လွတ်လွတ်လပ်လပ်ကစားပေးတာဆိုလို့ ဝမ်ယင်းယင်းပဲရှိတာ။ သူတို့ကြားမှာကျ အဆင့်အတန်းကွာဟချက် သိပ်မရှိဘူးလေ"
"နောက်ပြီး ဝမ်ယင်းယင်းရဲ့မိသားစုက လူကြီးပိုင်းတွေနဲ့ အဆက်အစပ်ရှိတာကြောင့် သခင်ကြီးက မမလေးကို ဝမ်ယင်းယင်းနဲ့ တမင်အနီးကပ်ပေါင်းခိုင်းထားတာ"