ကျောက်တုံး၊ ပျားနှင့် ကြက်ဥများ
Vol. 5 Ch. 61
“ဒီယီရန်ပင်းဆိုတဲ့လူက အတော်လေး သိထားပုံပဲ။”
တိလင်းထျန်းရှားသည် ရှောင်းယီ၏ မက်ဆေ့ဂျ်ကို ဖတ်ရင်း တိုးတိုးလေး ရေရွတ်လိုက်၏။ အနည်းငယ် စဉ်းစားပြီးနောက် သူက သီးသန့်စာတို ပေးပို့လိုက်သည်။
“ညီအစ်ကို ငါတို့ စကားပြောလို့ ရမလား။”
ရှောင်းယီ ထိုစာကို ကြည့်ပြီး ပြန်ဖြေလိုက်သည်။
“ကျေးဇူးပဲ။ စိတ်မဝင်စားဘူး။”
“ညီအစ်ကို ဒီကမ္ဘာက အရမ်းအန္တရာယ်များလွန်းတယ်။ ငါတို့ အသက်ရှင်ကျန်ရစ်သူတွေအနေနဲ့ စည်းလုံးဖို့ လိုတယ်။ တစ်ယောက်တည်းဆိုရင် အလျင်အမြန် ကြီးထွားဖို့ဆိုတာ မလွယ်ကူလှဘူး။”
သူက ဆက်၍ ဖိအားပေးလိုက်သည်။
ရှောင်းယီသည် သူ၏နှုတ်ခမ်းကို တွန့်ကွေးလိုက်ပြီး သူ့ကို ဘလော့ခ်လိုက်တော့သည်။ အပိုတွေ လာပြောပြီး အနှောင့်အယှက် ပေးနေသည့်စကားများကို သူနားမထောင်ချင်တော့ပေ။
ထိုလူ ဘာလိုချင်သလဲဆိုသည်ကို ခန့်မှန်းရန်အတွက် ပါရမီရှင် ဖြစ်နေရန် မလိုချေ။ သတင်းအချက်အလက် နှိုက်ထုတ်ရန် သို့မဟုတ် သူ့အဖွဲ့ထဲ ဆွဲသွင်းရန်သာ ဖြစ်ပေလိမ့်မည်။ သူတို့သည် မည်သည့်အခါမျှ တစ်ဖွဲ့တည်းဖြစ်လာမည် မဟုတ်ပေ။ ရှောင်းယီသည် တိလင်အဖွဲ့အစည်းထံမှ သတ္တုအပိုင်းအစ အမြောက်အမြားကို လိမ်ယူထားပြီးဖြစ်ရာ သူတို့နှင့် ဆက်လက်ပတ်သက်နေရန် အကြောင်းမရှိတော့ပေ။
မိမိ ချက်ချင်း အပိတ်ခံလိုက်ရသည်ကို မြင်သောအခါ တိလင်းထျန်းရှား၏ မျက်နှာမှာ မဲမှောင်သွားပြီး တိလင်ထျင်းလုံအား အမိန့်ပေးလိုက်သည်။
“အဲ့ဒီ ရှောင်းယီနဲ့ နီးစပ်အောင် တစ်ယောက်ယောက်ကို လွှတ်လိုက်စမ်း။”
“ဟုတ်ကဲ့ပါ အရှင်။”
ချင်လုံက တုံ့ပြန်လိုက်သည်။
သူ တိလင်းထျန်းရှားကို ဘလော့ခ်ပြီးနောက် ကျန်းယွင်ထျန်းထံမှ ကုန်သွယ်မှုတစ်ခု ရောက်လာခဲ့လေသည်။
“[အုတ်မြစ်ကျောက်] ၄၊ [ကြေးနီ] ၅ အခမဲ့လဲလှယ်ခြင်း။”
ရှောင်းယီ ကြည့်နေစဉ်မှာပင် နောက်ထပ် စာတစ်စောင် ရောက်လာခဲ့ပြန်သည်။
“ငါ့ကျွန်းက လောလောဆယ် တော်တော်လေး ကျယ်နေပြီ။ မင်းရဲ့ကျွန်းကိုပဲ အရင် တိုးချဲ့လိုက်ပါ။ ဒါမှ ပိုကောင်းတဲ့ ပစ္စည်းတွေ ထွက်လာမှာ။”
ထိုနေ့ နေ့လယ်က ရှောင်းယီသည် သူတို့ထံ ယုန်သားများ ပို့ပေးခဲ့ပြီး ၎င်းတို့ကို မည်သို့ရရှိခဲ့ကြောင်း ရှင်းပြခဲ့ပေသည်။ ရှောင်းယီ၏ ကျွန်းတွင် တောအုပ်နှင့် တောကောင်လေးများ ရှိနေပြီဖြစ်ကြောင်း သိလိုက်ရသောအခါ ကျန်းယွင်ထျန်းက ရှောင်းယီ၏ ကျွန်းကို အရင်ဆုံးတိုးချဲ့ရန် ဆုံးဖြတ်လိုက်၏။ ကျွန်းပိုကျယ်လေ ပစ္စည်းကောင်းများ ပိုထွက်လေ ဖြစ်ပြီး ထိုသို့ဆိုလျှင် ကလေးများအတွက်လည်း ပင်လယ်ငါးတစ်မျိုးတည်း မဟုတ်ဘဲ အခြားအာဟာရများလည်း ရရှိလာနိုင်မည်ဖြစ်သည်။
ဆုဝမ်နှင့် ယွမ်နွန်တို့သည်လည်း ထိုအတိုင်းပင် တွေးခဲ့ကြသော်လည်း ယနေ့ သူတို့ရရှိသော ထောက်ပံ့ရေးသေတ္တာထဲတွင် အခြေခံပစ္စည်းများသာ ပါပြီး အုတ်မြစ်ကျောက် သို့မဟုတ် စားစရာများ မပါဝင်ခဲ့ပေ။
ရှောင်းယီသည် ၎င်းတို့ကို ငြင်းမနေတော့ဘဲ လက်ခံလိုက်ပြီး အုတ်မြစ်ကျောက်အားလုံးကို အသုံးပြုကာ ကျွန်းကို တိုးချဲ့လိုက်လေသည်။
ညနေပိုင်းတွင် သူသည် ငါးဆယ်ကောင်ကျော်ကို ဆေးကြောသန့်စင်လိုက်ပြီး တစ်ကောင်ကို အစပ်၊ တစ်ကောင်ကို အပေါ့ပုံစံဖြင့် တစ်ယောက်လျှင် နှစ်ကောင်နှုန်း ကင်ပေးလိုက်သည်။ ငါးများမှာ အတော်လေး ပေါများနေဆဲဖြစ်ပြီး ရောင်းထုတ်နေသော်လည်း ကုန်နိုင်ခြင်း မရှိသေးပေ။ စားသောက်ပြီးနောက် ငါးကင်များအပြင် ဆလတ်ရွက် ၅၀၀ ဂရမ်၊ S အဆင့်နွားနို့ ၅၀ မီလီလီတာနှင့် ရေကျက်အေး ၅၀၀ မီလီလီတာတို့ကို သူတို့ထံ ပို့ပေးလိုက်၏။
“မင်း ဒီနေရာရဲ့ နောက်ဖေးပေါက်ကို သိနေသလားလို့တောင် ငါထင်မိနေပြီ။”
ယွမ်နွန်က ရယ်မောရင်း ပြောလိုက်သည်။
“ဟားဟား... ဟုတ်တယ်။ အထက်ကလူတွေက ကျုပ်ကို မျက်နှာသာပေးထားတာလေ။”
ရှောင်းယီက ပြန်လည် စနောက်လိုက်သည်။
ဆုဝမ်နှင့် ကျန်လူများသည် ဗိုက်ပြည့်သွားခဲ့ကြပြီးနောက် ကျေနပ်စွာဖြင့် အပြင်ဘက်ရှိ သစ်သားချပ်များပေါ်တွင် လှဲနေလိုက်ကြသည်။ သစ်သားတဲနှင့် ရွက်ဖျင်တဲများထဲတွင်မူ မီးဖိုထဲရောက်နေသကဲ့သို့ ပူလောင်နေခဲ့သည်။
တည်ငြိမ်နေသော ပင်လယ်ပြင်ကို ကြည့်ရင်း ဆုဝမ် သက်ပြင်းချလိုက်မိသည်။
“ဒီအသက်ရှင်ရပ်တည်ရေးအတွက် ဖိအားတွေသာ မရှိဘူးဆိုရင် ဒီနေရာက တကယ်လှပနေမှာပဲ။”
ဤနေရာမှ ရေများသည် သူမတို့ကမ္ဘာရှိ သမုဒ္ဒရာများထက် ပိုမိုကြည်လင်လှ၏။ အမှိုက်သရိုက်လည်း မရှိဘဲ ထောက်ပံ့ရေးသေတ္တာများမှလွဲ၍ အခြားဘာမျှလည်း မျောပါလာခြင်းမရှိပေ။
“ငါတို့ကို ဘာလို့ ဒီကို ခေါ်လာတာများလဲ။ ဘယ်လို စွမ်းအားစုမျိုးက လူတွေအများကြီးကို ဒီစမ်းသပ်မှုထဲ ပို့ပစ်နိုင်တာလဲ။”
သူမတွင် အဖြေမရှိချေ။ မည်သူမျှလည်း သိနိုင်မည် မဟုတ်ပေ။ ရုတ်တရက် သူမ ခေါင်းထဲသို့ နာမည်တစ်ခု ရောက်လာခဲ့သည်။
ရှောင်းယီ....။
ဤအဖြေကို ရှာတွေ့နိုင်မည့်သူ ရှိသည်ဆိုလျှင် ထိုသူမှာ ရှောင်းယီသာ ဖြစ်ပေလိမ့်မည်။
ထိုအချိန်တွင် အများသုံချန်နယ်ထဲ၌ အပူရှိန်နှင့်အတူ ပြောဆိုသံများ ဆူညံနေသည်။
“ဒီ အပူလှိုင်းက ဘယ်တော့များမှ ပြီးမှာလဲ။”
“အဟုတ်ပဲ။ ဆောင်းရာသီကမှ ပိုကောင်းဦးမယ်။ အေးရင် လှုပ်လှုပ်ရှားရှားလုပ်ပြီး အနွေးဓာတ်ယူလို့ရသေးတယ်။ အခုတော့ မျှော်လင့်ချက်ကို မရှိဘူး။”
“လျှောက်မပြောစမ်းပါနဲ့။ အခု ဝတ်ထားတဲ့ အဝတ်အစားတွေနဲ့ဆို ဆောင်းရာသီမှာ အေးခဲပြီး သေကုန်မှာပေါ့။”
ရှောင်းယီသည် ထိုလူများ ပြောစကားများကို အလျင်အမြန်ဖတ်ကြည့်ပြီးနောက် သူတင်ထားသော ရေကျက်အေးနှင့် ငါးများကို စစ်ဆေးကြည့်ရာ အတော်များများ ရောင်းထွက်သွားသည်ကို တွေ့လိုက်ရ၏။ ထို့နောက် သူ နောက်ထပ် တစ်သုတ် ထပ်တင်လိုက်သည်။ အာလုံးပြီးနောက် ကြက်မများ အော်သံကို နားထောင်ရင်း သူ အိပ်ပျော်သွားခဲ့သည်။
ဝီ... ဝီ...
သူ လက်ယမ်းကာ ခါထုတ်လိုက်၏။
“ဘယ်တုန်းက ခြင်တွေ ရှိလာတာလဲ။”
သူ ဘယ်လိုပဲ ယမ်းထုတ်ပါစေ၊ ထိုအသံက ရပ်မသွားခဲ့ပေ။ တတိယအကြိမ် ကြက်တွန်သံ ကြားလိုက်ရသောအခါမှ သူ ညည်းညူရင်း ထထိုင်လိုက်၏။
“ကဲ... ခဏလောက်တော့ အိပ်ပါရစေဦးလားကွာ။”
သူသည် လူသေတစ်ယောက်လို လမ်းလျှောက်သွားရင်း ရေချိုးခန်းထဲတွင် မျက်နှာသစ်ပြီးနောက် အိမ်ထဲမှ ထွက်လာခဲ့လိုက်သည်။
ဝီ... ဝီ...
အသံက ပိုကျယ်လာခဲ့သည်။
သူ ကြည့်လိုက်သောအခါ စိတ်အနှောင့်အယှက်ဖြစ်မှုများ ပျောက်ကွယ်သွားခဲ့သည်။ သူစိုက်ပျိုးထားသော ကောက်ပဲသီးနှံများတွင် ပန်းများ ပွင့်ဖူးနေပြီး ပျားလေးများက တစ်ပွင့်မှ တစ်ပွင့်သို့ ပျံသန်းနေကြသည်။
“မနေ့ကတင် ဝတ်မှုန်ကူးဖို့ စိုးရိမ်နေတာကို ဒီနေ့ တောအုပ်ထဲက ပျားတွေ ထွက်လာပြီပေါ့။”
သူ ဝမ်းသာအားရ ရေရွတ်လိုက်မိသည်။
“သူတို့ ပြန်တော့မတုပ်လောက်ပါဘူးနော်။”
၎င်းတို့ကို အဝေးမှ ကြည့်ရင်း တွေးတောကာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ အမြန်သွားပြီး ယွမ်နွန်ကို လှမ်းမေးလိုက်သည်။
“သူတို့ကို သွားမနှောင့်ယှက်ရင် သူတို့ကလည်း မင်းကို ဘာမှမလုပ်ပါဘူး။ ဒါပေမဲ့ ပန်းပွင့်တဲ့ အပင်တွေကို လူနဲ့ နည်းနည်းဝေးတဲ့နေရာမှာ စိုက်တာက ပိုပြီးစိတ်ချရတယ်။”
ယွမ်နွန်က ပြန်ဖြေလာခဲ့သည်။
“ဒါဆို ရပြီ။”
ထိုသို့ပြောကာ ရှောင်းယီ ကြက်ခြံဆီ ထွက်လာခဲ့လိုက်သည်။ ညက ကြက်မများ၏ တစာစာအော်နေသံကို ကြားနေခဲ့ရသဖြင့် ဥ ဘယ်နှစ်လုံး ရှိပြီလဲဆိုသည်ကို သွားစစ်ဆေးခြင်း ဖြစ်သည်။
ကြက်တင်းထဲတွင် ဥပေါင်း ၂၃ လုံး ရှိနေပြီဖြစ်သည်။ သူ စစ်ဆေးကြည့်လိုက်ရာ ၄ လုံးက သန္ဓေမအောင်ဘဲ ကြက်ကလေးများ ဖြစ်လာမည့်ဥများ မဟုတ်ပေ။ သူ ထို ၄ လုံးကို ထုတ်ယူလိုက်သည်။
“ဒီ ၄ လုံးထဲမှာ ကလေးမရှိဘူးဆိုတော့ ဒါကို ငါယူသွားလိုက်မယ်။ ကျန်တာတွေကတော့ မင်းအတွက်ပဲ။”
သူ ကြက်မကို ပြောလိုက်၏။
“ကွတ် ကွတ် ကွတ်”
ကြက်မက သူ့ကို ခေါင်းစောင်းပြီး နားမလည်သလို ကြည့်နေခဲ့လေသည်။
သူ ထိုဥ ၄ လုံးကို ပြုတ်ရန် အိုးထဲထည့်လိုက်ပြီးမှ သူ မနေ့ညက အာလူးပင်များအား ရေလောင်းရန် မေ့သွားသည်ကို သတိရသွားခဲ့လေသည်။ သူ စိုက်ခင်းဆီ အမြန်ပြေးသွားပြီး ရေလောင်းလိုက်သည်။
“အထွက်နှုန်း မလျော့ဖို့ မျှော်လင့်တယ်။ လုပ်စရာတွေကလည်း များလိုက်တာ။”
သူ ခေါင်းကိုခါယမ်းရင်း တိရစ္ဆာန်အစာ မြက်များကို ရိတ်သိမ်းကာ S အဆင့် မြေကွက်ထဲမှ အသီးအနှံများကို ခူးဆွတ်ပြီး နွားများကို ကျွေးလိုက်၏။ ထို့နောက် S အဆင့်မြေကွက်ထဲမှ ပြောင်းဖူးများကို ချိုးလိုက်ကာ တစ်ဖူးကို မျိုးစေ့အတွက် ချန်ထားလိုက်ပြီး ကျန်သည့်အဖူးများကိုမူ စားသောက်ရန် ခွဲထားလိုက်သည်။
သူ မီးဖိုနားသို့ ပြန်ရောက်သောအခါ ပြောင်းဖူးဖက် ၃ ခုကို အိုးထဲသို့ ထပ်ထည့်လိုက်သည်။
“ဒီနေ့ မနက်စာက ငါးမဟုတ်တော့ဘူး။ ပြောင်းဖူး၊ နွားနို့၊ ကြက်ဥနဲ့ ပန်းသီး... ဒါဆို လုံလောက်ပြီ။”