ဥယျာဉ်မှူး၊ တောလိုက်ထွက်ခြင်းနှင့် မိုရယ်မှိုများ
Vol. 5 Ch. 63
သူသည် စနစ်သိုလှောင်ခန်းထဲမှ ဆည်မြောင်းဆိုင်ရာ စက်ကိရိယာများကို ထုတ်ယူလိုက်ရာ ကြီးမားသော ရေကန်ကြီးပါရှိသည့် ရေတင်ကားနှင့်တူသော ယာဉ်တစ်စီး သူ၏အခန်းတံခါးရှေ့တွင် ထွက်ပေါ်လာတော့သည်။
ရှောင်းယီတစ်ယောက် ထိုယာဉ်ကို သေချာပင် မကြည့်ရသေးမီမှာပင် စက်ရုပ်တစ်ကောင်သည် ယာဉ်တံခါးကိုဖွင့်၍ အပြင်သို့ ခုန်ဆင်းလာခဲ့သည်။
“မင်္ဂလာပါ သခင်။ ကျုပ်က ရေလောင်းခြင်းလုပ်ငန်းကို တာဝန်ယူရမယ့် စက်ရုပ်ဖြစ်ပါတယ်။ ကျုပ် သိထားသင့်တဲ့ ထူးခြားတဲ့ ညွှန်ကြားချက်များ ရှိပါသလား။”
ထိုစင်ရုပ်က သူ့ကိုယ်သူ မိတ်ဆက်လာခဲ့သည်။
“ဒီရေတင်ကားက စက်ရုပ်တစ်ကောင်ပါ ပါလာတာလား။”
ရှောင်းယီသည် သူ့ရှေ့က ဆည်မြောင်းသုံးပစ္စည်းများကို ကြည့်ရင်း ဝေခွဲမရစွာ ရေရွတ်လိုက်မိသည်။
ရှောင်ယီ ပဟေဠိဖြစ်နေခဲ့သော်လည်း ညွှန်ကြားချက်တော့ ပေးလိုက်စမြဲပင်။
“မင်း အထူးဂရုစိုက်ရမှာက A အဆင့်နဲ့ အထက်ရှိတဲ့ အပင်တွေပဲ။ အဲဒီအပင်တွေကို A အဆင့်ရှိတဲ့ ရေသန့်နဲ့ လောင်းပေးဖို့ ကြိုးစားပါ။ ပြီးတော့ ငါ နေ့တိုင်းသောက်ဖို့ လိုအပ်တဲ့ ရေပမာဏကို ချန်ထားပေးဖို့လည်း မမေ့နဲ့ဦး။ ကျန်တာတွေကိုတော့ မင်းဘာသာမင်း စီမံနိုင်တယ်။”
ထိုသို့ပြောပြီးနောက် ရှောင်းယီသည် နောက်ထပ်မေးခွန်းတစ်ခုကို သတိရသွားပြီး ဆက်မေးလိုက်သည်။
“ဪ ဒါနဲ့ မင်း အပင်တွေရဲ့ အဆင့်ကိုရော ခွဲခြားနိုင်လား။”
“သခင်ကို ပြန်လည်ဖြေကြားရရင် အပင်တွေရဲ့ အဆင့်ကို ခွဲခြားတာက ကျုပ်ရဲ့ အခြေခံကျွမ်းကျင်မှုတစ်ခုပါ။ ကျုပ်က ကျွန်းပေါ်မှာရှိတဲ့ ရေအရင်းအမြစ်တွေအပေါ် မူတည်ပြီး ဘယ်အပင်ကို ဘယ်အချိန်မှာ၊ ဘယ်လိုအဆင့်ရှိတဲ့ ရေနဲ့ လောင်းရမလဲဆိုတာကို ညှိနှိုင်းစီစဉ်သွားမှာပါ။”
စက်ရုပ်က ပြန်ဖြေလာခဲ့သည်။
“အံသြစရာပဲ။ ဒါနဲ့ မင်း အိမ်အလုပ်တွေကော လုပ်တတ်လား။”
ရှောင်းယီက စမ်းသပ်သည့်သဘောဖြင့် မေးလိုက်သည်။
“သခင်ကို ပြန်လည်ဖြေကြားပါတယ်။ ကျူပ်က ရေလောင်းခြင်းနဲ့ ဆည်မြောင်းအလုပ်တွေကိုပဲ လုပ်ဆောင်နိုင်ပါတယ်။”
ရှောင်းယီ သက်ပြင်းတစ်ချက်ချလိုက်၏။
“ကောင်းပြီလေ။ နောက်ဆိုရင် ငါ့ကို အစ်ကိုယီလို့ပဲ ခေါ်ပါ။ သခင်လို့ မခေါ်နဲ့။ အဲဒါက နည်းနည်း ထူးဆန်းနေတယ်။”
“ဟုတ်ကဲ့ပါ အစ်ကိုယီ။”
စက်ရုပ်က တုံ့ပြန်လိုက်သည်။
“မင်းကို နာမည်တစ်ခု ပေးရမယ်။ မင်းက ကောက်ပဲသီးနှံတွေကို ရေလောင်းရမှာဆိုတော့ ‘ဥယျာဉ်မှူး’ လို့ပဲ ခေါ်ကြတာပေါ့။”
ရှောင်းယီက အနည်းငယ် စဉ်းစားပြီး ပြောလိုက်သည်။
စက်ရုပ်သည် ၎င်း၏ခေါင်းကိုစောင်းပြီး ခဏတာ စဉ်းစားဟန်ပြုကာ ပြန်ပြောလာခဲ့သည်။
“ဟုတ်ကဲ့ ဥယျာဉ်မှူး အခုပဲ အလုပ်စပါတော့မယ်။”
“နေဦး။”
ရှောင်းယီသည် အတွေးတစ်ခု ချက်ချင်းဝင်ရောက်လာသဖြင့် မေးလိုက်သည်။
“မင်း အိမ်နောက်ဖေး အပြင်ဘက်မှာရှိတဲ့ ရေကန်ထဲကို ပင်လယ်ရေတွေ လောင်းထည့်ပေးနိုင်မလား။”
“အစ်ကိုယီကို ပြန်ဖြေပါတယ်။ အပြည့်အဝ လုပ်ဆောင်ပေးနိုင်ပါတယ်။”
“ကောင်းပြီ။ နောက်ဆိုရင် အဲဒီရေကန်ထဲမှာ ရေအပြည့်မရှိတော့ရင် ပင်လယ်ထဲကနေ ရေခပ်ပြီး ဖြည့်ထားပေးလိုက်ပါ။”
“ဟုတ်ကဲ့ပါ အစ်ကိုယီ။”
ဥယျာဉ်မှူးက တုံ့ပြန်လိုက်ပြီးနောက် စတင်ကာ အလုပ်လုပ်တော့သည်။
ဥယျာဉ်မှူးသည် ယာဉ်ကို ပင်လယ်ကမ်းစပ်သို့ မောင်းသွားကာ ပိုက်ကို ပင်လယ်ထဲသို့ ချလိုက်ပြီး စက်နှိုးကာ ရေကန်ကို အမြန်ဖြည့်လိုက်သည်။ ထို့နောက် သိုလှောင်ကန်အနီးသို့ မောင်းသွားကာ ရေများကို လောင်းထည့်လိုက်၏။ တစ်ခေါက်တည်းနှင့်ပင် သိုလှောင်ကန်မှာ ပြည့်လျှံသွားတော့လေသည်။
“ကျစ်ကျစ်ကျစ်.. စက်မှုလယ်ယာစနစ်က တကယ်ကို အဆင်ပြေတာပဲ။ ငါ နောက်ဆို ရေပိုက်ခေါင်းကရေတွေနဲ့ ရေလောင်းဖို့ကိစ္စအတွက် စိတ်ပူစရာ မလိုတော့ဘူး။”
ရှောင်းယီက ရေရွတ်လိုက်သည်။
“အခု ငါ အားသွားပြီဆိုတော့ တောထဲကို တစ်ခေါက်လောက် သွားဦးမှ။ အမဲလိုက်လို့ ရနိုင်မလား ကြည့်ရမယ်။”
မနေ့က ကင်စားခဲ့သည့် တောယုန်သား၏ အနံ့မှာ သူ၏နှာခေါင်းထဲ၌ စွဲကျန်နေဆဲပသ်။ သူ ပင်လယ်ငါးများသာ စားနေရသည်မှာ အရမ်းကြာနေပြီ မဟုတ်ပါလော။
ရှောင်းယီသည် သူ၏ အချက်ဆင့်ပစ် ဒူးလေးကို ယူ၊ လှံရှည်တစ်လက်ကို ကျောတွင်လွယ်ကာ ဝမ်ချိုင်ကို ခေါ်ပြီး ခြံစည်းရိုးအပြင်ဘက် တောအုပ်ဆီသို့ ဦးတည်ကာ ထွက်ခွာလာခဲ့၏။
အိမ်နောက်ဘက်ရှိ တောင်ငယ်လေးမှာ နောက်ထပ် ငါးမီတာ၊ ခြောက်မီတာခန့် မြင့်တက်လာသည်ကို တွေ့လိုက်ရသဖြင့် လေထုလည်ပတ်မှုစနစ် ဖြစ်ပေါ်လာရန်မှာ မဝေးတော့ဟုပင် ထင်ရသည်။
လေထုလည်ပတ်မှုစနစ် တည်ဆောက်ပြီးသွားပါက သန့်ရှင်းသော မြစ်ရေများသည်လည်း တဖြည်းဖြည်း တိုးတက်ဖြစ်ပေါ်လာမည်ဖြစ်သည်။
ရှောင်းယီ လုပ်ရမည့်အရာမှာ စောင့်ဆိုင်းရန်သာ ဖြစ်သည်။
တောအုပ်ထဲတွင် ချုံနွယ်ပိတ်ပေါင်းများ ထူထပ်နေသဖြင့် လမ်းလျှောက်ရသည်မှာ ခက်ခဲလှ၏။ ရှောင်းယီသည် သူ၏လှံရှည်ဖြင့် အမြဲတစေ ပုတ်ခတ်ကာ သတိထားပြီး ရှေ့သို့ တိုးလာခဲ့ရသည်။
ချုံပုတ်များကြားတွင် အဆိပ်ရှိသော မြွေများကဲ့သို့ အန္တရာယ်ရှိသော သတ္တဝါများ ရှိနေနိုင်ပေသည်။
သူ့တွင် ဝမ်ချိုင် ရှိနေသော်လည်း ဝမ်ချိုင်သာ ပေါ့ဆသွားပါက ရှောင်ယီအနေဖြင့် အဓိပ္ပာယ်မရှိဘဲ သေဆုံးသွားရမည်ကို မလိုလားပေ။
ရွှတ်...။
ရှည်လျားပြီး သေးသွယ်သော သတ္တဝါတစ်ကောင် အဝေးသို့ ပြေးထွက်သွား၏။
“သေစမ်း.. မြွေတွေ တကယ်ရှိတာပဲ။”
ရှောင်းယီ ချက်ချင်းပင် နောက်သို့ ခြေနှစ်လှမ်းဆုတ်လိုက်သည်။
“ငါ တောထဲမှာ လမ်းတစ်ခုလောက်တော့ ရှင်းထားဖို့ လိုနေပြီ။ မဟုတ်ရင် ဒီလိုသွားနေတာက အရမ်း အန္တရာယ်များတယ်။”
ဝမ်ချိုင်သည်မူ ထိုမြွေကို လုံးဝ စိတ်မဝင်စားဘဲ ရှောင်းယီ၏ ဘေးတွင်သာ ဟိုခုန်သည်ခုန် လုပ်နေခဲ့သည်။
ထို့နောက်တွင် ရှောင်းယီသည် ပို၍ သတိထားကာ ရှေ့ရှိချုံပုတ်များကို ပို၍ပြင်းပြင်းထန်ထန် ပုတ်ခတ်တော့လေသည်။
ထိုစဉ်...
ရွှတ်...။
မီးခိုးရောင် အရိပ်တစ်ခု ပြေးထွက်လာခဲ့၏။ ဝမ်ချိုင်က ၎င်းကို ချက်ချင်း လိုက်ဖမ်းတော့လေသည်။
ထိုမီးခိုးရောင်အရိပ်မှာ ဝမ်ချိုင်၏ လက်ထဲတွင် အလွယ်တကူ အဖမ်းခံလိုက်ရသည်။ S အဆင့်ရှိသော ဝမ်ချိုင်အတွက် ဤသာမန် တောကောင်လေးများမှာ သူ၏ပြိုင်ဘက် မဟုတ်ပေ။
“မဆိုးဘူး။ နောက်ထပ် ယုန်တစ်ကောင်ပဲ။”
ရှောင်းယီက ဝမ်းသာအားရ ပြောလိုက်သည်။
“အဲ့ဟာက ခုနက ဒီနားကနေ ပြေးထွက်လာတာ မဟုတ်လား။”
ရှောင်းယီသည် သူ၏လှံရှည်ဖြင့် ယုန်ပြေးထွက်လာသော နေရာကို မွှေကြည့်ရာ တစ်ဝက်တစ်ပျက် စားထားသော ဟင်းသီးဟင်းရွက် အရွက်အချို့ကို တွေ့လိုက်ရလေသည်။
“ဟင် ဒါ...မှိုလား။”
ယုန်စားထားသော အရွက်များအနားတွင် ရှောင်းယီသည် မှိုနှင့်တူသော ထီးပုံစံ အပင်တစ်မျိုးကို တွေ့လိုက်ရ၏။ သို့သော် ၎င်း၏ အပေါ်ယံမှာ ပိုက်ကွန်ကဲ့သို့ ဖွဲ့စည်းပုံရှိပြီး တိရစ္ဆာန်၏ အစာအိမ် (သိုးအစာအိမ် သို့မဟုတ် နွားအစာအိမ်) နှင့် တူနေခဲ့လေသည်။
ထိုမှိုများက အကွက်လိုက် ပေါက်နေခြင်းဖြစ်သည်။ ရှောင်းယီသည် အနည်းငယ် စဉ်းစားပြီး အချို့ကို ခူးသွားကာ ယွမ်နွန်ကို မေးကြည့်ရန် ဆုံးဖြတ်လိုက်တော့သည်။
ထိုအချိန်တွင် စနစ်ဆီမှ အချက်ပေးသံ ထွက်ပေါ်လာသည်။
“မိုရယ်မှို: ရှားပါးပြီး စားသုံးနိုင်သော ဆေးဖက်ဝင်မှိုတစ်မျိုးဖြစ်သည်။ ၎င်း၏ ဦးထုပ်ပိုင်းမှာ သိုးအစာအိမ်မျက်နှာပြင်ကဲ့သို့ မညီမညာဖြစ်နေခြင်းကြောင့် ဤသို့ အမည်ပေးထားခြင်းဖြစ်သည်။ အာဟာရဓာတ် အလွန်မြင့်မားသည်။”
“ကောင်းပြီ။ စနစ်က အသိဆုံးပဲ။ ဒါဆို ငါ နည်းနည်း ပိုခူးသွားလိုက်မယ်။”
ရှောင်းယီသည် ရင့်မှည့်နေသော မိုရယ်မှိုအားလုံးကို ခူးယူလိုက်ရာ သူ၏ အိတ်ကပ်ထဲတွင် ပြည့်နှက်သွားတော့သည်။
တောအုပ်၏ အနက်ပိုင်းကို ကြည့်ရင်း ရှောင်းယီသည် ဆက်မသွားတော့ရန် ဆုံးဖြတ်လိုက်၏။ နောက်တစ်ခေါက်ကျမှ သင့်တော်သော ကိရိယာများကို ယူဆောင်လာပြီး တောထဲတွင် လမ်းငယ်လေးတစ်ခု ရှင်းလင်းပြီးမှသာ ရှေ့ဆက်တိုးရပေမည်။ မဟုတ်လျှင် လှမ်းသမျှ ခြေလှမ်းတိုင်းမှာ စိတ်ပူနေရမည်ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ သူသည် တောယုန်တစ်ကောင်နှင့် မိုရယ်မှိုများကို ရရှိခဲ့ပြီဖြစ်ရာ ယနေ့အတွက် တောတွင်းခရီးစဉ်၏ ရည်မှန်းချက်မှာ ပြည့်မြောက်သွားပြီဖြစ်သည်။
ကျိကျိ...တက်တက်
အပြန်လမ်းတွင် ရှောင်းယီသည် တောထဲမှ ငှက်များ၏ အော်မြည်သံများကို ကြားလိုက်ရလေသည်။ နောက်တစ်ခါကျလျှင် ငှက်သိုက်များ ရှာဖွေကြည့်ဦးမည်ဟု သူ တွေးလိုက်မိသည်။
တောထဲမှ ထွက်လိုက်သည်နှင့် ချက်ချင်းပင် ပူပြင်းလာတော့၏။ ပြင်ပမှ နေရောင်ခြည်က အပူရှိန်ကို ရက်ရက်ရောရော ထုတ်လွှတ်နေခဲ့သည်။
ရှောင်းယီသည် အခန်းထဲသို့ အလျင်အမြန်ပြေးဝင်ကာ A အဆင့်ရေသန့် တစ်ဖန်ခွက်ကို အဝသောက်လိုက်သည်။
ထို့နောရ် သူသည် တောယုန်ကို ကိုင်တွယ်ပြီး မိုရယ်မှိုများကို သေချာဆေးကြောကာ အသားကင်စင်ပေါ်တွင် တင်၍ ကင်လိုက်တော့လေသည်။
ရာသီဥတုက ပူနေသည့်အပြင် အသားကင်စင်အနားတွင် ဖြစ်နေသဖြင့် ပို၍ပင် ပူလောက်လှပေသည်။
ရှောင်းယီ၏ ကိုယ်ပေါ်မှ ချွေးများမှာ မြစ်ရေစီးသကဲ့သို့ စီးကျလာခဲ့သည်။ သူသည် အနားတွင် ထားထားသော ဆားအနည်းငယ်ပါသည့် ရေနွေးကို ဆက်တိုက် သောက်နေရလေသည်။
ယုန်သားကင်ပြီးသည့် အချိန်တွင် သူသည် ချွေးများဖြင့် ရေချိုးထားသကဲ့သို့ပင် ဖြစ်နေခဲ့ချေပြီ။
ထို့နောက် သူသည် ရေချိုးခန်းထဲသို့ အပြေးဝင်သွားကာ ကိုယ်လက်သန့်စင်ပြီး အဝတ်အစားများကို လျင်မြန်စွာ လျှော်ဖွပ်ကာ မူလဝတ်စုံကို လဲလှယ်ဝတ်ဆင်လိုက်လေသည်။
ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ ရောက်သောအခါ ရှောင်းယီသည် ယုန်သား၊ မိုရယ်မှိုနှင့် ဆားပါသော ရေနွေးများကို ဆုဝမ်တို့သုံးဦးထံသို့ ပေးပို့လိုက်၏။
“ဒီနေ့ နောက်ထပ် တောယုန်တစ်ကောင် မိလာပြန်ပြီလား။”
ကျန်းယွင်ထျန်းက အံ့သြတကြီး မေးလိုက်သည်။
“ဟုတ်တယ်။ တောထဲဝင်ပြီး မကြာခင်မှာပဲ မြွေတစ်ကောင်နဲ့ တိုးလို့ အနက်ကြီးထဲကို မဝင်ရဲတော့ဘူးလေ။ ယုန်တစ်ကောင်နဲ့ မိုရယ်မှိုအချို့ ရှာတွေ့ပြီးတာနဲ့ ပြန်လာခဲ့လိုက်တာ။”
ရှောင်းယီက ပြန်ဖြေသည်။
“မင်း ဘယ်တော့လောက် ငါ့ကျွန်းကို လာနိုင်မလဲ။ ဒီအမဲလိုက်တဲ့ အလုပ်တွေကို မင်းဆီပဲ ပုံအပ်ထားချင်တော့တယ်။”
ယခင် စကားပြောခဲ့မှုများအရ ကျန်းယွင်ထျန်းသည် ယခင်က ကြေးစားစစ်သားတစ်ဦးဖြစ်ပြီး တိုက်ခိုက်ရေး ကျွမ်းကျင်သူတစ်ဦး ဖြစ်ကြောင်း ရှောင်းယီ သိထားပြီးဖြစ်၏။ သူ့အတွက် တောတွင်းထဲ ဝင်ရသည်မှာ အိမ်ပြန်ရသကဲ့သို့ပင် ဖြစ်နေပေလိမ့်မည်။
“ကောင်းပြီ။ အခွင့်အရေးရရင် မင်းကျွန်းကို ငါ ကျိန်းသေပေါက် လာခဲ့မယ်။ ဒါပေမဲ့ ငါရောက်လာရင်တော့ ငါ့ကို လက်ခံကျွေးမွေးရမှာနော်။”
ကျန်းယွင်ထျန်းက ရယ်မောရင်း ပြောလိုက်သည်။
“ဒါပေါ့။ မင်းလို ဆရာကြီးတစ်ယောက် ရှိနေရင် နောက်ဆို ငါ သက်တော်စောင့်တောင် ရှာစရာ မလိုတော့ဘူး။”
ရှောင်ယီက ပြုံးကာ ပြန်ပြောလိုက်သည်။
“မင်း အဲ့ဒီ မိုရယ်မှိုတွေကို တောထဲမှာ တွေ့ခဲ့တာလား။”
ယွမ်နွန်သည်လည်း မိုရယ်မှိုများကို မြင်သောအခါ အလွန်အံ့သြသွားခဲ့သည်။
“ဟုတ်တယ်။ အကွက်လိုက်ကြီး ပေါက်နေတာနဲ့ ကျုပ်လည်း ရင့်တာလေးတွေကိုပဲ ရွေးခူးလာခဲ့တာ။”
“မင်းရဲ့ ကျွန်းကို ချဲ့ထွင်လိုက်မှ ပိုပြီး ကောင်းမွန်တဲ့ ဆုလာဘ်တွေ ရလာတဲ့ပုံပဲ။”
ယွမ်နွန်က မချီးကျူးဘဲ မနေနိုင်တော့ပေ။
“ဟားဟား ဒါဆို ဦးလေးရဲ့ ကျွန်းကို ချဲ့ထွင်ဖို့ အုတ်မြစ်ကျောက်အချို့ ပို့ပေးလိုက်ရမလား။”
ရှောင်းယီက ရယ်မောရင်း ပြောလိုက်သည်။