လေအားလျှပ်စစ်တာဘိုင် နှင့် ချင်ယွင်ရှန်း သေဆုံးခြင်း
Vol. 5 Ch. 65
ရေနွေးဖြင့် ရေချိုးလိုက်ရရုံမျှဖြင့် ဆုဝမ်တစ်ယောက် နွေးထွေးသော ပျော်ရွှင်မှုများက ဝန်းရံသွားသလို ခံစားလိုက်ရသည်။
သို့သော် သူမသည် အကြာကြီး ရေမချိုးရဲပေ။ တစ်စုံတစ်ယောက်သည် သူမသတိမထားမိခင် ကျွန်းပေါ်သို့ တက်လာပါက အလွန်အန္တရာယ်များနိုင်သည်မဟုတ်ပါလော။ ရှောင်းယီကလည်း သူ့ကျွန်းပေါ်သို့ တစ်စုံတစ်ယောက် တက်လာခဲ့ကြောင်း သတိပေးထားဖူးသဖြင့် သူမတို့လည်း ဂရုစိုက်ရမည်ဖြစ်သည်။
ရေချိုးပြီးနောက် ဆုဝမ်သည် သူမဝတ်ထားသော အဝတ်အစားအားလုံးကို သစ်သားဇလုံထဲတွင် လျှော်ဖွတ်လိုက်ပြီး တဲအပြင်ဘက်တွင် ဂရုတစိုက် လှန်းထားလိုက်လေသည်။ နေမင်းကြီးသည် အနောက်ဘက်သို့ ယိမ်းယိုင်နေပြီဖြစ်သော်လည်း အရှိန်အဝါကတော့ ရှိနေဆဲပင်။
ဆယ်မိနစ်ခန့်အတွင်းမှာပင် ဆုဝမ်၏ အဝတ်အစားများ အားလုံးခြောက်သွေ့သွားခဲ့ပြီး ၎င်းတို့ကို ပြန်ဝတ်လိုက်ရချိန်တွင် သူမကိုယ်သူမ ပို၍လုံခြုံသွားသလို ခံစားလိုက်ရသည်။ ခေါင်းလျှော်ရည် သို့မဟုတ် ဆပ်ပြာရည်များ မပါဘဲ အကြမ်းဖျင်းသာ ဆေးကြောခဲ့ရသော်လည်း ဆုဝမ်သည် ကျေနပ်နေပြီဖြစ်ကာ တစ်ကိုယ်လုံး လန်းဆန်းသွားခဲ့သည်။
တဲအပြင်ဘက်သို့ လှမ်းထွက်လိုက်ချိန်တွင် ပင်လယ်လေပြေက သူမ၏ပါးပြင်ထက်၌ လာရောက်ထိတွေ့သွားပြီး အေးမြမှုကို ဆောင်ကြဉ်းပေးလာခဲ့သည်။ ထိုစဉ် ဆုဝမ်သည် သူမ၏ ကျွန်းအနီးတွင် မျောပါနေသော ရိက္ခာသေတ္တာတစ်လုံးကို တွေ့လိုက်ရ၏။ သူမသည် ချက်ချင်းပင် ဘေးနားရှိ ငါးဖမ်းပိုက်ကို ဆွဲယူကာ ကျွန်းအစွန်းသို့ အပြေးသွားပြီး အချိန်အခါကောင်းကို စောင့်ကာ ပိုက်ကို လွှဲပစ်လိုက်လေသည်။
ကွက်တိပင်...။
ဆုဝမ်သည် ရိက္ခာသေတ္တာကို ဆွဲတင်ကာ ချက်ချင်းဖွင့်ကြည့်လိုက်၏။ အုတ်မြစ်ကျောက် ၄ ခု၊ ပေါင်မုန့် နှင့် ထုတ်လုပ်မှုပုံစံတစ်ခုကို တွေ့လိုက်ရလေသည်။
အစားအစာ ရလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။ ပြီးခဲ့သည့် နှစ်ရက်အတွင်း သူမသည် အစားအစာသာမက အုတ်မြစ်ကျောက်များကိုပင် မရရှိခဲ့ပေ။
“ရေချိုးလိုက်လို့ ကံဆိုး၊ကံညံ့တွေ ပါသွားတာနေမယ်။”
ဆုဝမ်က ပျော်ရွှင်စွာ တွေးလိုက်မိသည်။
ထို့နောက် သူမသည် ရရှိလာသမျှ ပစ္စည်းအားလုံးကို ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှတစ်ဆင့် ရှောင်းယီထံသို့ လဲလှယ်ပေးလိုက်သည်။
“[အုတ်မြစ်ကျောက်] ၄၊ [လေအားလျှပ်စစ်တာဘိုင် ထုတ်လုပ်မှုပုံစံ] ၁၊ [ပေါင်မုန့်] ၁ ကီလိုဂရမ် - အခမဲ့လဲလှယ်မည်။”
ရှောင်းယီတွင် ကျွေးရမည့် ကြက်ကလေးများရှိနေပြီး ပေါင်မုန့်ကို အရင်ကလည်း တောင်းဆိုဖူးကြောင်း ဆုဝမ်သိထား၏။ အခြားသော ကြက်စာများကို ရှာဖွေရန်မှာ မလွယ်ကူပေ။
ရှောင်းယီသည် ဆုဝမ်ပို့လိုက်သော လဲလှယ်မှုကို မြင်သောအခါ အလွန်စိတ်လှုပ်ရှားသွားခဲ့သည်။
“ဆုဝမ် မင်းက တကယ်ကို ငါ့ရဲ့ ကံကောင်းခြင်းကြယ်လေးပဲ။ ဒီထုတ်လုပ်မှုပုံစံကို ငါစောင့်နေတာ ကြာပြီ။”
ရှောင်းယီသည် အခြားအရာများကိုပင် မကြည့်တော့ဘဲ လဲလှယ်မှုကို လက်ခံလိုက်တော့သည်။
“ရရှိသော အရင်းအမြစ်များ - အုတ်မြစ်ကျောက် ၄ ၊ လေအားလျှပ်စစ်တာဘိုင် ထုတ်လုပ်မှုပုံစံ ၁ ၊ ပေါင်မုန့် ၁ ကီလိုဂရမ်။”
စနစ်၏ အသိပေးချက်အပြီးတွင် ရှောင်းယီက ပြောလိုက်သည်။
“အုတ်မြစ်ကျောက်နဲ့ ပေါင်မုန့်တွေကိုတော့ မင်းပဲ သိမ်းထားလိုက်ပါ။”
“ငါ တောကောင်သားတွေ စားချင်သေးတယ်။ နင့်ရဲ့ကျွန်းကို ချဲ့ထွင်နိုင်မှ ဒီရည်မှန်းချက်က အောင်မြင်လိမ့်မယ်။”
ဆုဝမ်က ပြုံးကာ ပြန်ဖြေလိုက်သည်။
“ကောင်းပြီ။ ကြက်ခြံကလည်း မကြာခင် ကြက်ကလေးတွေ ထပ်ပေါက်တော့မယ် ထင်တယ်။ ဒီပေါင်မုန့်က အချိန်ကိုက်ပဲ။”
ရှောင်းယီသည်လည်း ထပ်ပြီး ငြင်းမနေတော့ပေ။
“မင်းဗိုက်ဆာရင် အချိန်မရွေးပြောလိုက်ချည်။ ငါ ငါးဟင်းချက်ပေးမယ်။”
ထို့နောက် ရှောင်းယီသည် လေအားလျှပ်စစ်တာဘိုင် ထုတ်လုပ်မှုပုံစံကို ထုတ်ယူကာ စတင်လေ့လာတော့လေသည်။
[လေအားလျှပ်စစ်တာဘိုင် ထုတ်လုပ်မှုပုံစံ] : သစ်သား ၉၀၊ သံ ၅၀၊ ကြေးနီ ၃၀၊ သံလိုက် ၃၀။
ထိုစဉ် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှ အချက်ပေးချက်တစ်ခု တက်လာ၏။
“သင့်တွင် လေအားသုံး ရေတင်စက်ရှိနေကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ ၎င်းကို လေအားလျှပ်စစ်တာဘိုင်အဖြစ် ပြုပြင်မွမ်းမံနိုင်ပါသည်။”
ကျောက်တိုင်၏ ထုတ်လုပ်ရေးမျက်နှာပြင်၌ နောက်ထပ် နည်းလမ်းတစ်ခု ထွက်ပေါ်လာခဲ့သည်။
[လေအားလျှပ်စစ်တာဘိုင် ထုတ်လုပ်လုပ်မှုပုံစံ] : လေအားသုံး ရေတင်စက် ၁၊ သံ ၂၀၊ ကြေးနီ ၃၀၊ သံလိုက် ၃၀။
ရှောင်းယီသည် ထိုနည်းလမ်းနှစ်ခုထဲမှ တစ်ခုကို လွတ်လပ်စွာ ရွေးချယ်နိုင်ပေသည်။ ယခုအခါ ရေကန်ဖြည့်ရန် ရေတင်စက် မလိုတော့ပေ။ စက်ရုပ်ဥယျာဉ်မှူးက ထိုတာဝန်ကို ယူထားပြီးဖြစ်သည်။
“အရင်းအမြစ်တွေ စုဆောင်းထားလို့ တော်သေးတယ်။”
ရှောင်းယီသည် ပစ္စည်းများ စုံလင်နေသည်ကို တွေ့လိုက်ရသဖြင့် ဒုတိယနည်းလမ်းကို ချက်ချင်းရွေးချယ်လိုက်သည်။
ယခင်က ရေတင်စက်နှင့် အရင်းအမြစ်များ ချက်ချင်းပျောက်ကွယ်သွားခဲ့ပြီး ကျောက်တိုင်၏ ထုတ်လုပ်မှုစာမျက်နှာတွင် လေအားလျှပ်စစ်တာဘိုင်တစ်ခု ထွက်ပေါ်လာခဲ့သည်။
“ကျေးဇူးပြု၍ တပ်ဆင်မည့် နေရာများကို ရွေးချယ်ပါ။ လေရဟတ်နှင့် လျှပ်စစ်ထုတ်စက်ကို သီးခြားစီ ထားနိုင်သည်။ သို့သော် အကွာအဝေးမှာ မီတာ ၅၀ ထက် မပိုရ။”
ရှောင်းယီ အတန်ကြာ စဉ်းစားပြီးနောက် လေရဟတ်ကို သူတူးထားသော မြစ်ဘေးတွင် ထားလိုက်ပြီး လျှပ်စစ်ထုတ်စက်ကိုမူ အိမ်၏ အရှေ့ဘက်ခြမ်းတွင် ထားလိုက်သည်။ လေတိုက်နှုန်းမှာ မတည်ငြိမ်သဖြင့် ထုတ်ပေးသော လျှပ်စစ်ဓာတ်အားက အခန်းတွင်းရှိ ပစ္စည်းများအတွက် ဓာတ်အားပေးနိုင်၊မနိုင်ကို ပြောရခက်လှသည်။
“ဒီလျှပ်စစ်ဓာတ်အားကို သိုလှောင်ထားလို့ ရရင် ကောင်းမှာပဲ။”
ရှောင်းယီ ရေရွတ်လိုက်မိ၏။ သို့သော် ၎င်းမှာ စိတ်ကူးယဉ်မှုသာ ဖြစ်သည်။
ဘက်ထရီရှိလျှင်ပင် ၎င်းစက်၏ ဗို့အားနှင့် ကိုက်ညီရန် လိုအပ်ဦးမည်ဖြစ်သည်။
ရှောင်းယီသည် လျှပ်စစ်ထုတ်စက်ကို တိုက်ခန်း၏ ပင်မခလုတ်နှင့် ကြေးနန်းကြိုးဖြင့် အရင်ဆုံး ဆက်သွယ်လိုက်သည်။ ဤအချိန်သည် လေတိုက်နှုန်း ကောင်းနေချိန်ဖြစ်သဖြင့် ရှောင်းယီ မီးဖွင့်ရန် ကြိုးစားကြည့်လိုက်သည်။
ဖျောက်!
တစ်ခန်းလုံး လင်းထိန်သွား၏။
“နောက်ဆုံးတော့ လျှပ်စစ်မီးရှိတဲ့ ဘဝကို ပြန်ရောက်ပြီပဲ။”
ရှောင်းယီက ပျော်ရွှင်စွာ ပြောလိုက်သည်။ သို့သော် နောက်အခိုက်အတန့်တွင် မီးလုံးမှာ တရှဲရှဲအသံမြည်ကာ တဖျတ်ဖျတ် ဖြစ်လာခဲ့လေသည်။ ဗို့အား မတည်ငြိမ်ခြင်းပင်။
ဟော်ရာရုပ်ရှင်ရိုက်နေသလို ခံစားလိုက်ရသဖြင့် ရှောင်းယီသည် မီးကို ချက်ချင်းပြန်ပိတ်လိုက်၏။ ထို့နောက် “ဝမ်ချိုင်” ဟု သူလှမ်းခေါ်လိုက်သည်။
“ဝုတ် ဝုတ်”
ဝမ်ချိုင်သည် အပြင်မှ ချက်ချင်းပြေးဝင်လာကာ အမြီးတယမ်းယမ်းဖြင့် ရှောင်းယီကို ကြည့်နေခဲ့လေသည်။
ဝမ်ချိုင်ကို မြင်လိုက်ရမှ ရှောင်းယီ၏ ကြောက်စိတ်များ ပျောက်ကွယ်သွားတော့သည်။
“ခွေးနက်သွေးက အဆောင်တွေအတွက် သုံးကောင်းတယ်လို့ ကြားဖူးတယ်။”
ဝမ်ချိုင်၏ အမြီးယမ်းခါနေမှု ချက်ချင်းရပ်သွားပြီး ရှောင်းယီကို စောင်ကြည့်လိုက်၏။ ရှောင်းယီသည်မူ ခေါင်းခါရင်း “လူဆိုတာ အများကြီး မတွေးသင့်ဘူး” ဟု ဆိုကာ ဝမ်ချိုင်၏ ခေါင်းကို ပွတ်သပ်ပေးလိုက်ပြီး ညစာပြင်ရန် အပြင်ဘက် မီးဖိုသို့ ထွက်သွားခဲ့တော့သည်။
ညစာအတွက် ရှောင်းယီသည် ငါးစွပ်ပြုတ် ချက်ရန် စီစဉ်ထားပြီး မိုရယ်မှိုများကိုပါ ထည့်ချက်လိုက်၏။ မကြာမီတွင် အိုးထဲမှ ထူးခြားသော ရနံ့များ ထွက်ပေါ်လာခဲ့သည်။ သူ တစ်ငုံမြည်းကြည့်လိုက်လေသည်။
“အင်း...တော်တော်လေး ကောင်းတယ်။”
ဆုဝမ်နှင့် အခြားသူများထံသို့ ဟင်းအချို့ ပို့ပေးပြီးနောက် ရှောင်းယီသည် စွပ်ပြုတ်သောက်ရင်း အများသုံးချန်နယ်ကို ကြည့်လိုက်၏။
“ချင်ယွင်ရှန်း သေပြီလို့ ကြားတယ်။”
ထိုသတင်းစကားကို မြင်လိုက်ရသောအခါ ရှောင်းယီ တစ်ယောက် ဆွံ့အသွားကာ လက်ထဲမှ ငါးစွပ်ပြုတ်ကိုပင် ဆက်မသောက်နိုင်တော့ပေ။
“ဘယ်သူပြောတာလဲ။ မဖြစ်နိုင်တာ။ သူက လှေဆောက်ပြီး ပင်လယ်ထဲ ထွက်သွားတာ မဟုတ်ဘူးလား။”
“ငါလည်း ကြားတယ်။ တိလင်းအင်ပါယာထဲက ထွက်လာတဲ့ သတင်းပဲ။”
“အမ်... တကယ်လား။ တိလင်းထျန်းရှားက သူ့လှေကို လိုချင်တာကို သူက မပေးလို့ လူလွှတ်သတ်ခိုင်းလိုက်တာလား မသိဘူး။”
“မင်းတို့ စိတ်ကူးယဉ်လွန်းနေပြီ။”
“တိလင်းထျန်းရှားက ချင်ယွင်ရှန်းကို ဘယ်လိုရှာတွေ့မှာလဲ။ တစ်ယောက်နဲ့ တစ်ယောက် ဘယ်လောက်တောင် ဝေးနေကြသလဲ။ ဘယ်လိုလုပ် လူလွှတ်သတ်လို့ ရမှာလဲ။”
“ဟုတ်သားပဲ။ ဒါဆို သူ ဘယ်လိုသေသွားတာလဲ။”
တိလင်းထျန်းရှားသည် လူအများ၏ ဆွေးနွေးမှုများကို မြင်သောအခါ ချက်ချင်း မက်ဆေ့ခ်ျ ပို့လိုက်သည်။
“ချင်ယွင်ရှန်းက ကျုပ်တို့ဂိုဏ်းဝင်တစ်ယောက်ပါ။ သူ့ရဲ့ ဆုံးရှုံးမှုအတွက် ကျုပ်တို့ အရမ်းဝမ်းနည်းမိပါတယ်။ ဒါပေမဲ့ ကောလာဟလတွေ မလွှင့်ကြပါနဲ့။ သူက ပင်လယ်သတ္တဝါတွေရဲ့ တိုက်ခိုက်မှုကို ခံရလို့ လှေမှောက်ပြီး သေဆုံးသွားတာပါ။ ကျုပ်တို့အင်ပါယာနဲ့ရော၊ ကျုပ်နဲ့ရော ဘာမှမဆိုင်ပါဘူး။”
“ဘာ...။ ပင်လယ်သတ္တဝါတွေက လူစီးတဲ့လှေတွေကို တိုက်ခိုက်တာလား။”
“ပင်လယ်သတ္တဝါတွေက အဲ့လောက်တောင် ကြမ်းကြတာလား။ ဘယ်လို သတ္တဝါမျိုးလဲ။”