ပင်လယ်သတ္တဝါ၊ အာလူးဖုတ် နှင့် အစားအစာအဆင့်များ
Vol. 5 Ch. 66
မည်သည့် ပင်လယ်သတ္တဝါမျိုးဖြစ်သည်ကို တစ်စုံတစ်ယောက်က မေးမြန်းလိုက်ချိန်တွင် လူတိုင်း တိတ်ဆိတ်သွားကြပြီး တိလင်းအင်ပါယာသားများ ထုတ်ဖော်ပြောဆိုလာမည့်အချိန်ကို စောင့်ဆိုင်းနေလိုက်ကြသည်။
သို့သော် အချိန်အတော်ကြာအောင် စောင့်ဆိုင်းနေခဲ့သော်လည်း ထိုလူများထဲမှ တစ်ဦးတစ်ယောက်မျှ စကားမဆိုလာခဲ့ချေ။
“ဘာဖြစ်တာလဲ။ တိလင်းအင်ပါယာက လူတွေအားလုံး ဆွံ့အကုန်တာလား။”
“ဟုတ်တယ်။ ထွက်လာပြီး တစ်ခုခုပြောဦးလေ။”
“ငါ အတွင်းသတင်းတစ်ခု ရထားတယ်။ အဲ့ဒါက ဧရာမရေဘဝဲကြီးတဲ့။ အဲ့ဒီလှေကလေးကို တစ်ချက်တည်းနဲ့ မှောက်ပစ်လိုက်တာ။”
“တကယ်ကြီး အဲ့လောက်တောင် ကြောက်ဖို့ကောင်းတာလား။”
တိလင်းအင်ပါယာမှ ထွက်ပေါ်လာပြီး ငြင်းဆိုခြင်းမပြုသည့်အတွက် လူတိုင်းက ထိုသတင်းကို အမှန်ဟုသာ မှတ်ယူလိုက်ကြတော့သည်။
“အခုတလော ပင်လယ်က အရမ်းအန္တရာယ်များလာတယ်။ အားလုံးသတိထားမိကြလား မသိဘူး။ အခု ရိက္ခာသေတ္တာတွေနားမှာ ပင်လယ်သတ္တဝါတွေ တစ်ကောင်မက ရှိနေတတ်တယ်။”
“ဟုတ်တယ်၊ ဟုတ်တယ်။ ကျုပ်လည်း မြင်ခဲ့တယ်။ တစ်ကောင်တည်း မဟုတ်တာတော့ သေချာတယ်။”
“အဲ့ဒါကြောင့် ကျွန်းပေါ်မှာ နေတာက ရိက္ခာသေတ္တာ ဆွဲယူရတာ နည်းနည်း အဆင်မပြေဖြစ်တယ်ဆိုပေမဲ့ အနည်းဆုံးတော့ ပင်လယ်သတ္တဝါတွေရဲ့ တိုက်ခိုက်မှုကိုတော့ စိုးရိမ်စရာ မလိုဘူး။”
“ဟူး... ချင်ယွင်ရှန်းကတော့ သူ့လှေကိုတောင် ပြင်ဆင်ခွင့်မရဘဲ သေသွားရရှာပြီ။ ပင်လယ်ထဲမှာ ခြေဆန့်ဖို့ ရွေးချယ်မယ်ဆိုရင်တော့ တကယ့်ကို သတိထားမှရမယ်။”
ထိုဆွေးနွေးမှုများကို မြင်လိုက်ရချိန်တွင် ရှောင်းယီသည် အကြောင်းရင်းနှင့် ရလဒ်ကို ချက်ချင်းနားလည်သွားခဲ့သည်။
ပထမအပတ်တွင် စမ်းသပ်ချက်မှာ ပုံမှန်သာဖြစ်သဖြင့် လီယွီသည် လှေတစ်စင်းကို လှော်ခတ်ပြီး ရေစီးနှင့်အတူ မျောပါရင်း သူ၏ကျွန်းသို့ ရောက်ရှိလာနိုင်ခဲ့ခြင်းဖြစ်သည်။ သို့သော် ယခုအပတ်တွင်မူ စမ်းသပ်ချက်မှာ အဆင့်မြင့်သွားပြီဖြစ်ရာ ပင်လယ်ပြင်သည် ယခင်လို ငြိမ်သက်မနေတော့ပေ။
“အစ်ကိုကျန်း သူတို့ပြောနေတာတွေ တွေ့လား။”
ရှောင်းယီက ကျန်းယွင်ထျန်းထံသို့ မက်ဆေ့ခ်ျ ပို့လိုက်သော်လည်း မည်သူမျှ ပြန်မဖြေလာခဲ့ပေ။ မိနစ်နှစ်ဆယ်ခန့် စောင့်ပြီးနောက်တွင်မှ ကျန်းယွင်ထျန်းက ပြန်ဖြေလာခဲ့သည်။
“ငါ ခုနက အပြင်ထွက်ပြီး ရိက္ခာသေတ္တာ သွားဆွဲနေလို့။ ဘာဖြစ်လို့လဲ။ သူတို့ ဘာတွေ ပြောနေကြတာလဲ။”
“ချင်ယွင်ရှန်း သေပြီ။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ဘာ! ဘာဖြစ်လို့လဲ။”
ထိုအခါ ရှောင်းယီက အကြမ်းဖျင်း ရှင်းပြလိုက်သည်။
“အဲ့ဒါ ဖြစ်နိုင်ခြေ ရှိတယ်။”
“အဲ့ဒါကြောင့် အစ်ကိုလည်း သတိထားဦး။ ဘေးကင်းအောင်နေ။”
ရှောင်းယီက တိုက်တွန်းလိုက်သည်။
“စိတ်မပူပါနဲ့။”
ကျန်းယွင်ထျန်းက ပြုံးကာ ပြောလိုက်သည်။
“အခု ငါ ရိက္ခာသေတ္တာတွေနဲ့ အကွာအဝေးတစ်ခု ထားထားပါတယ်။ ငါးဖမ်းပိုက်ကို အရင်သုံးတယ်၊ ပိုက်နဲ့ မိပြီဆိုမှ ကျွန်းပေါ်ကို ပြန်ဆွဲတာ အရမ်း ဘေးကင်းပါတယ်။ နောက်ပြီး ပင်လယ်သတ္တဝါတွေနဲ့ တွေ့ရင်တောင် ငါ့ကို အမိဖမ်းဖို့ဆိုတာ သူတို့အတွက် မလွယ်ပါဘူး။”
ရေထဲတွင် ပင်လယ်သတ္တဝါများကို ရင်ဆိုင်ရဲသည့် သန်မာသူတစ်ယောက်အတွက် ရှောင်းယီ ယုံကြည်မှုရှိပေသည်။ ကျန်းယွင်ထျန်းသာ ထွက်ပြေးရန် ကြံစည်လိုက်ပါက မည်သည့်ပင်လယ်သတ္တဝါမျှ တားဆီးနိုင်မည်မဟုတ်ပေ။
“အေးပါ ဒါပေမဲ့ ဂရုစိုက်တာ အကောင်းဆုံးပဲ။”
“နားလည်ပြီ။ ငါ ခုနက ပစ္စည်းကောင်းလေးတွေ ရထားတယ်။ မင်းဆီ ပို့ပေးလိုက်မယ်။”
“[အုတ်မြစ်ကျောက်] ၂၊ [ဖရဲစေ့] ၄၊ [ပေါင်မုန့်] ၅၀၀ ဂရမ်၊ လဲလှယ်မှု - မရှိပါ။”
ရှောင်းယီ ထိုလဲလှယ်မှုကို လက်ခံလိုက်သည်။
“မဆိုးဘူး။ ဒီလိုရာသီဥတုက ဖရဲသီးစားဖို့ တကယ့်ကို အကောင်းဆုံးပဲ။”
အုတ်မြစ်ကျောက်များကို အသုံးပြုကာ ကျွန်းကို ချဲ့ထွင်ပြီးနောက် ရှောင်းယီသည် တိုက်ခန်းအပြင်ဘက်သို့ ထွက်လာကာ ဖရဲစေ့ ၄ စေ့ကို စိုက်ခင်းအစွန်းတွင် စိုက်ပျိုးလိုက်ပြီး ဥယျာဉ်မှူးကို လှမ်းခေါ်လိုက်သည်။
ဥယျာဉ်မှူးမှာ ချက်ချင်းရောက်ရှိလာပြီး ပိုက်ကိုဆွဲကာ ဖရဲစေ့များကို A အဆင့်ရေသန့်ဖြင့် ရေလောင်းပေးလိုက်လေသည်။ ရှောင်းယီ အာလူးများကို တစ်ချက်ကြည့်လိုက်ရာ ရင့်မှည့်နေပြီဖြစ်ကြောင်း တွေ့လိုက်ရပြီးနောက် ချက်ချင်းပင် တူးဖော်လိုက်တော့သည်။
အပင်တစ်ပင်စီ၏ အောက်၌ လက်သီးဆုပ်ခန့်ရှိသော အာလူး ၅ လုံးစီ ထွက်ပေါ်လာခဲ့သည်။
“ရရှိသော အရင်းအမြစ်များ - အာလူး ၂ ကီလိုဂရမ် အလုံး ၂၀။”
ရှောင်းယီသည် ၎င်းတို့ထဲမှ ၅ လုံးကို လှီးဖြတ်ကာ ယွမ်နွန် သင်ပေးထားသော နည်းလမ်းအတိုင်း ပြန်လည်စိုက်ပျိုးလိုက်၏။ သူ ပိုပြီး မစိုက်ချင်၍ မဟုတ်ဘဲ စိုက်ခင်းမှာ ပြည့်နေသဖြင့် နေရာမရှိတော့သောကြောင့်ပင်။
စိုက်ပျိုးပြီးနောက် ရေလောင်းသည့် အလုပ်ကိုမူ စက်ရုပ်ဥယျာဉ်မှူးထံ လုံးဝ လွှဲပြောင်းပေးလိုက်တော့သည်။
ထို့နောက် ရှောင်းယီသည် အာလူး ၁၅ လုံးကို ပုံးလေးတစ်လုံးဖြင့် တိုက်ခန်းထဲသို့ သယ်ဆောင်လာခဲ့လိုက်သည်။ ထိုထဲမှ ၅ လုံးကို ထုတ်ယူကာ အခွံနွှာ၊ အချပ်လေးများဖြစ်အောင် လှီးဖြတ်ပြီးနောက် သစ်သားတံစို့များဖြင့် ထိုးကာ အကင်စက်ပေါ်တွင်တင်၍ စတင်မီးဖုတ်တော့လေသည်။
“အာလူး မစားရတာ ဘယ်လောက်တောင် ကြာပြီလဲ။”
ရှောင်းယီသည် အာလူးဖုတ်နံ့လေးများ တဖြည်းဖြည်း ထွက်ပေါ်လာသည်ကို ကြည့်ကာ သွားရည်ကျနေမိ၏။ အာလူးများ ကျက်သွားသောအခါ ပင်လယ်ဆားအနည်းငယ် ဖြူးလိုက်သည်။ ကံမကောင်းစွာဖြင့် အခြားဟင်းခတ်အမွှေးအကြိုင်များ မရှိပေ။
ရှောင်းယီ သက်ပြင်းချလိုက်ပြီးနောက် ၎င်းတို့ထဲမှ အပိုင်းနှစ်ခုပေါ်တွင် ငရုတ်သီးမှုန့် ဖြူးလိုက်၏။ ထိုငရုတ်သီးမှုန့်မှာ ငရုတ်သီးခြောက်များကို လက်လှည့်ကြိတ်ဆုံဖြင့် သူကိုယ်တိုင် ကြိတ်ထားခြင်းဖြစ်သည်။
ရှောင်းယီသည် နောက်ထပ် မစောင့်နိုင်တော့ဘဲ တစ်ကိုက်ကိုက်လိုက်ရာ သူ၏မျက်နှာတစ်ခုလုံး၌ ပျော်ရွှင်မှု၏အရိပ်အယောင်များ ပြည့်လျှံသွားတော့သည်။
ပြီးနောက် သူသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သို့ သွားကာ အာလူးဖုတ်များကို ဆုဝမ်တို့သုံးဦးထံသို့ ပို့ပေးလိုက်သည်။
“[အာလူးဖုတ်အချပ်များ] ၁၀၀ ဂရမ်၊ လဲလှယ်မှု - မရှိပါ။”
“ဒါကို ညလယ်စာအနေနဲ့ စားလိုက်ကြပါ။ အားလုံး မြည်းကြည့်ကြ။ ဒီအာလူးတွေကို မြေကြီးထဲက ခုလေးတင် တူးထားတာဆိုတော့ အရသာ အရမ်းရှိတယ်။”
ရှောင်းယီက ပြောလိုက်သည်။
မှိုငါးစွပ်ပြုတ်ကို ခုလေးတင် သောက်ပြီးနောက် အာလူးဖုတ်များကိုပါ စားလိုက်ရသဖြင့် ဆုဝမ်နှင့် အခြားသူများမှာ သူတို့၏ယခင်ကမ္ဘာဟောင်းနှင့် ယခုကမ္ဘာကြား၌ ဘာမှမထူးခြားတော့သလိုပင် ခံစားလိုက်ကြရသည်။
“ဒီနေ့ ငါ ရိက္ခာသေတ္တာ တစ်ခုမှ မဆွဲနိုင်ခဲ့ဘူး။”
ယွမ်နွန်က အားနာနေဟန်ဖြင့် ပြောလာခဲ့သည်။ သူသည် အလကား ထိုင်စားနေရသည်ကို မလိုလားပေ။
“ရပါတယ်။ ဦးလေးရဲ့ ကျွမ်းကျင်မှုက စိုက်ပျိုးရေးနဲ့ မွေးမြူရေးမှာပဲလေ။ ဒီအာလူးတွေက ဦးလေးရဲ့ လမ်းညွှန်မှုနဲ့ စိုက်ပျိုးထားတာပဲ မဟုတ်ဘူးလား။”
ရှောင်းယီက ဆိုသည်။
“ဒီလိုမှမဟုတ်ရင် အခုထိ အာလူးစားရဖို့ဆိုတာ မလွယ်လောက်သေးဘူး။”
ယွမ်နွန်က ခေါင်းငြိမ့်လိုက်သော်လည်း သူ၏ရင်ထဲတွင်မူ မနက်ဖြန် ဘာပဲဖြစ်ဖြစ် ရိက္ခာသေတ္တာ တစ်လုံးရအောင် ဆွဲမည်ဟု ဆုံးဖြတ်လိုက်လေသည်။ ရှောင်းယီက အစားအစာ၊ ရေနှင့် အဖိုးတန် ဓာတ်ဆားရည်များကိုပင် အကန့်အသတ်မရှိ ထောက်ပံ့ပေးထားသည်ဖြစ်ရာ ရိက္ခာသေတ္တာ တစ်လုံးမျှပင် မရပါက အလွန်အရှက်ရစရာ ကောင်းသည်ဟု သူယူဆထားခဲ့သည်။
အများသုံးချန်နယ်ကို ကြည့်လိုက်သောအခါ လူတိုင်းသည် ချင်ယွင်ရှန်း၏ သေဆုံးမှုအကြောင်းကို ဆက်လက်ဆွေးနွေးနေကြဆဲပင်။
“အရင်က လှေတစ်စင်း ရှိရင် ကျွန်းရေမြုပ်မှာကို စိတ်ပူစရာ မလိုတော့ဘူးလို့ ထင်ခဲ့တာ။ ပင်လယ်က ပိုပြီးအန္တရာယ်များမယ်လို့ မထင်ထားမိဘူး။”
“ဟုတ်တယ်။ ငါတို့ ဘယ်လိုများ အသက်ရှင်ရတော့မှာလဲ။”
“ရိက္ခာသေတ္တာတွေ ဆွဲ၊ ကျွန်းကို ချဲ့၊ ဒါမှမဟုတ်ရင် ကိုယ့်ကိုယ်ကိုယ် အရည်အချင်းရှိအောင် လေ့ကျင့်ပြီး ပင်လယ်ထဲက သတ္တဝါတွေကို ရင်ဆိုင်။”
“ပြောရတာ လွယ်တာပေါ့။ ဒီလောက် ပူနေတဲ့ အချိန်မျိုးမှာ ဘယ်သူက ရိက္ခာသေတ္တာ သွားဆွဲနိုင်မှာလဲ။”
“အေး... ဒါဆိုရင်လည်း မဆွဲနဲ့ပေါ့။ နောက်ဆုံး ဘယ်သူ ဗိုက်ဆာပြီး ရေငတ်မလဲဆိုတာ ကြည့်ကြမယ်။”
ရှောင်းယီသည် အသုံးဝင်သော သတင်းအချက်အလက်များကို မတွေ့ရတော့သဖြင့် အန်းရန်ကို ရှာဖွေသည့် မက်ဆေ့ခ်ျတစ်ခု ပို့လိုက်ပြီးနောက် လှဲလျောင်းလိုက်သည်။
“လျှပ်စစ်ထုတ်စက် ရှိပါလျက်နဲ့ လျှပ်စစ်မီး သုံးလို့မရတာ တကယ် စိတ်ပျက်စရာပဲ။”
ရှောင်းယီတစ်ယောက် အိပ်ခန်းထဲရှိ အဲကွန်းကို ကြည့်ကာ ညည်းတွားလိုက်မိသည်။
မအိပ်မီတွင် ရှောင်းယီသည် စားကျက်မြက်များကို နောက်တစ်ကြိမ် ရိတ်သိမ်းကာ နွားတင်းကုပ်သို့ ပို့ပေးလိုက်၏။ သူသည် ရေအစား အရင်က ညှစ်ထားသော နွားနို့များကို သောက်သုံးပြီးပြီ ဖြစ်သည်။ သစ်သားပုံးကို ယူဆောင်ကာ ရှောင်းယီသည် နွားနို့ညှစ်သည့် နည်းပညာကို နောက်တစ်ကြိမ် လေ့ကျင့်လိုက်ပြန်သည်။
သို့သော် ယခုတစ်ကြိမ် ညှစ်လိုက်သော နွားနို့မှာ S အဆင့် မဟုတ်တော့ပေ။
“နွားနို့ (A အဆင့်): မူလက S အဆင့် နွားနို့ဖြစ်သော်လည်း အဆင့်နိမ့်သော နွားနို့များနှင့် ရောနှောသွားခြင်းကြောင့် အဆင့် လျော့ကျသွားသည်။”
“ဒီလိုမျိုးလည်း ဖြစ်နိုင်တာလား။ ဒီလိုမှန်းသိရင် စောစောကတည်းက ပိုညှစ်ထားပါတယ်။”
ရှောင်းယီသည် တိုးတိုးလေး ရေရွတ်လိုက်သော်လည်း နွားနို့များကို အများကြီး ညှစ်ယူပြီး ဂိုဒေါင်ထဲတွင် အကြာကြီးထားပါက ပုပ်သိုးလွယ်ကြောင်းကိုလည်း သူသိပေသည်။
သို့သော်လည်း A အဆင့်နွားနို့သည်ပင် အဆင့်မြင့် အစားအစာ ဖြစ်နေပြီဖြစ်သည်။ အခြားသော အသက်ရှင်ကျန်ရစ်သူများထဲတွင် အနည်းဆုံးတော့ အများသုံးချန်နယ်၌ ထိုကဲ့သို့ အဆင့်မြင့်သော အစားအစာများ စားသုံးရကြောင်း မည်သူမျှ မပြောကြသေးပေ။
နွားနို့ကို ကျိုချက်ပြီးနောက် ရှောင်းယီ အိပ်စက်အနားယူရန် ပြင်ဆင်လိုက်တော့သည်။ မအိပ်မီ ကျွန်းအထိမ်းမ်းအမှတ်ကျောက်တိုင်ကို နောက်ဆုံးတစ်ခေါက် ကြည့်လိုက်သည်။
“အားလုံး ကြည့်ကြဦး။ ငါ ဘာရခဲ့လဲဆိုတာ။ [ငှက်ပျောသီး] (C အဆင့်) ၅၀၀ ဂရမ်။”