← Chapters

ကြက်ပေါက်ကလေးများ အကောင်ပေါက်ခြင်းနှင့် စူပါဘက်ထရီ

Vol. 5 Ch. 67

ကြက်ပေါက်ကလေးများ အကောင်ပေါက်ခြင်းနှင့် စူပါဘက်ထရီ

Vol. 5 Ch. 67

အများသုံးချန်နယ်တွင် တစ်စုံတစ်ယောက်က အဆင့်ရှိသည့် အစားအစာအကြောင်း အချက်အလက်များကို တင်လိုက်ရာ လူတိုင်းက မနာလိုဖြစ်သွားခဲ့ကြသည်။

“မင်း တကယ်ပဲ အစားအစာရခဲ့တာလား။ အဲ့ဒါက အသီးလည်း ဖြစ်နေသေးတယ်။ မင်းတော့ ကံကောင်းခြင်းနတ် ဝင်ပူးနေပြီပဲ။”

“အရမ်းအားကျတာပဲ။ ငါလည်း ငှက်ပျောသီး စားချင်တယ်။”

“အစ်ကိုကြီး ကျွန်မကို ငှက်ပျောသီးတစ်လုံးလောက် ကျွေးပါလား။ နောင်ကျရင် အစ်ကိုကြီးရဲ့ ငှက်ပျောသီးကို ကျွန်မ စားပေးပါ့မယ်။”

“အဲ့ဒီငှက်ပျောသီးမှာ အဆင့်ပါနေတာကို ဘယ်သူမှ သတိမထားမိကြဘူးလား။”

ထိုမှတ်ချက်က စကားဝိုင်းကို လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာစေခဲ့သည်။ မဟုတ်လျှင် စကားဝိုင်းက ပေါက်ကရ ရောက်သွားတော့မည်ဖြစ်သည်။

“အဆင့်ပါတာ ပုံမှန်ပဲမဟုတ်ဘူးလား။ အဆင့်မြင့်လေ ပိုအရသာရှိလေပဲပေါ့။”

“မင်းက အပေါ်ယံပဲ ကြည့်တတ်တာလား။ အရသာအတွက်ပဲ အဆင့်သတ်မှတ်ထားတယ်ဆိုတာ သေချာလို့လား။”

“မဟုတ်ရင်ကော။ နတ်ပြည်က အသီးမို့လို့ အဆင့်မြင့်နေတာလား။”

“မှန်တယ်။ မင်းခန့်မှန်းတာ ကွက်တိပဲ။ ဒါပေမဲ့ ဆုတော့မရှိဘူး။ အဆင့်ရှိတဲ့ အစားအစာက တကယ့်ကို နတ်သစ်သီးတွေပဲ။”

“ဒီပြက်လုံးက လုံးဝမရယ်ရဘူးနော်။”

“ပြက်လုံးဟုတ်၊ မဟုတ် ကြည့်လိုက်လေ။ ငါအရင်က C အဆင့်ပန်းသီးတစ်လုံး စားခဲ့ဖူးတယ်။ ငါ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုက သိသိသာသာ တိုးတက်လာသလို မျက်မှန်သမားဖြစ်တဲ့ ငါ့မျက်စိတောင် ပြန်ကောင်းလာတယ်။ အဲ့ဒီအသီးသာ မစားခဲ့ရရင် ငါ့ရဲ့ အရင်က ရုပ်ပိုင်းဆိုင်ရာ အခြေအနေနဲ့ အခုထိ အသက်ရှင်နိုင်မှာ မဟုတ်ဘူး။”

“ဟုတ်တယ်။ ငါလည်း C အဆင့် လိမ္မော်သီးတစ်လုံး စားဖူးတယ်။ ခွန်အားတွေ တကယ်တိုးလာတာကို ခံစားရတယ်။ အရင်ကဆိုရင် ပိုက်တောင် မပစ်နိုင်ဘူး။ အခုတော့ အေးဆေးပဲ။”

“ဒါဆို လူတိုင်းစားဖူးကြတယ်ပေါ့။ ငါလည်း C အဆင့် ကီဝီသီး စားဖူးတယ်...”

...

လူတိုင်းက သူတို့၏ အတွေ့အကြုံများကို မျှဝေနေကြစဉ် စားဖူးသူအများစုမှာ C အဆင့်များသာ ဖြစ်သည်ကို ရှောင်းယီ တွေ့ရှိလိုက်ရသည်။

“ကျုပ် B အဆင့် ဖရဲသီး စားဖူးတယ်။”

တိလင်းထျန်းရှားက ရုတ်တရက် မက်ဆေ့ခ်ျ ပို့လိုက်သည်။

“ချီး...ဒါက ဘယ်လိုပုဂ္ဂိုလ်မျိုးလဲဆိုတာ ကြည့်စမ်းပါဦး။ တခြားလူတွေက C အဆင့်ပဲ ရသေးချိန်မှာ သူက B အဆင့်တောင် စားပြီးနေပြီ။”

“သူ B အဆင့်အသီးစားထားလို့ အခုလို ထိပ်တန်းပုဂ္ဂိုလ် ဖြစ်နေတာနေမှာ။”

“ဖြစ်နိုင်တယ်။ C အဆင့်တောင် ခန္ဓာကိုယ်ကို ဒီလောက် ပြောင်းလဲပေးနိုင်ရင် B အဆင့်ဆို ပြောနေစရာတောင် မလိုတော့ဘူး။”

“အကြီးအကဲ အခု တိလင်းအင်ပါယာအဖွဲ့ထဲ ဝင်လို့ရသေးလား။”

ဤကဲ့သို့ အစွမ်းထက်သူနောက် လိုက်ပါခြင်းက အသက်ရှင်နိုင်ခြေကို များစွာ မြင့်မားစေနိုင်ပေသည်။

အချိန်ခဏလေးအတွင်းမှာပင် လူအများအပြားသည် ဖားယားပြောဆိုသည့်စကားများကို ပြောဆိုလာကြ၏။

“ဟမ့် B အဆင့်က ဘာဆန်းလို့လဲ။ ငါ့ဦးလေးမှာ S အဆင့်အစားအစာတောင် ရှိတယ်။”

ထိုအချိန်တွင် မှတ်ချက်တစ်ခုက လူတိုင်း၏ မြှောက်လုံးပင့်လုံး စကားများကို ဖြတ်တောက်ပစ်လိုက်သည်။

“ဒါ ဘယ်သူ့ကလေးလဲ။ မြန်မြန် ခေါ်သွားကြစမ်း။ အများသုံးချန်နယ်မှာ ပေါက်လွတ်ပဲစား လျှောက်ပြောမနေနဲ့။”

အများသုံးချန်နယ်တွင် စာသားရော အသံမက်ဆေ့ခ်ျပါ ပို့၍ရပေသည်။ စောစောက မှတ်ချက်က ကလေးအသံဖြစ်နေသည်မှာ ရှင်းလင်းလှ၏။

ထိုအသံကို ကြားလိုက်ရသည်နှင့် ရှောင်းယီသည် ၎င်းမှာ ကျွင်းကျွင်း၏ အသံဖြစ်ကြောင်း ချက်ချင်း သိလိုက်သည်။

“သူ အခု စကားတောင် တော်တော်ရှင်းရှင်းလင်းလင်း ပြောတတ်နေပြီပဲ။”

ရှောင်းယီက ပြုံးရင်း တစ်ယောက်တည်း ရေရွတ်လိုက်မိသည်။ ကျွင်းကျွင်း၏ စကားကြောင့် မိမိ၏ ပစ္စည်းများ ပေါ်သွားမည်ကို သူ ဂရုမစိုက်ပေ။

ကလေးတစ်ယောက်၏ စကားကို မည်သူမှ ယုံမည်မဟုတ်ပေ။

စကားပြောဆိုခွင့် ကန့်သတ်ချက်ကြောင့် ကျွင်းကျွင်းသည် ဆက်တိုက် စကားမပြောနိုင်ဘဲ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်ရှိ အခြားသူများ၏ ပြစ်တင်ဝေဖန်မှုများကိုသာ ဒေါသတကြီး နားထောင်နေခဲ့ရ၏။

ထိုအချိန်တွင် ကျန်းယွင်ထျန်းသည် အပြင်မှ ပြန်ဝင်လာခဲ့ပြီး ကျွင်းကျွင်း၏ စိတ်ဆိုးနေသော မျက်နှာကို မြင်လိုက်ရလေသည်။

“ဘာဖြစ်လို့လဲ။ ဘယ်သူက ငါ့သားလေးကို စိတ်ဆိုးအောင် လုပ်တာလဲကွ။”

“ကျွင်းကျွင်းက ပေါက်ကရ ပြောတာမဟုတ်ဘူး။ လိမ်ပြောတာလည်း မဟုတ်ဘူး။ သူတို့က လူဆိုးတွေပဲ။”

ကျွင်းကျွင်းက နှုတ်ခမ်းလေး စူကာ ပြောလိုက်သည်။ ထိုအခါ ကျန်းယွင်ထျန်းသည် စကားပြောမှတ်တမ်းကို ကြည့်လိုက်ပြီးနောက် ကျွင်းကျွင်းကို လေးလေးနက်နက် ပြောလိုက်သည်။

“ကျွင်းကျွင်း ဦးလေးရဲ့ ပစ္စည်းတွေအကြောင်း တခြားလူတွေကို ပြောလို့မရဘူးနော်။”

သူ့ဖခင်က အလေးအနက် ပြောလိုက်သည်ကို မြင်သောအခါ ကျွင်းကျွင်းက “ဝါး” ခနဲ ထငိုတော့လေသည်။ ကျန်းယွင်ထျန်းက သူ့ကို ပွေ့ချီလိုက်ကာ ရှင်းပြလိုက်သည်။

“အဲ့ဒီလူတွေက လူကောင်းလား၊ လူဆိုးလားဆိုတာ အဖေတို့ မသိဘူးလေ။ ဦးလေးမှာ ဒီလိုကောင်းတဲ့ ပစ္စည်းတွေ ရှိတယ်ဆိုတာ သူတို့သိသွားရင် လာခိုးကြလိမ့်မယ်။”

“ဒါဆို သား ဘာလုပ်ရမလဲ။”

ကျွင်းကျွင်းက ပို၍ပင် ဝမ်းနည်းတကြီး ငိုတော့၏။

“ရပါတယ်၊ ရပါတယ်။ သားက အချက်အလက်တွေ အများကြီး မပြောရသေးဘူးဆိုတော့ မကြောက်နဲ့တော့နော်။ နောက်ခါကျရင် ဒါမျိုး မလုပ်နဲ့တော့။”

ကျန်းယွင်ထျန်းက ချော့မော့လိုက်သည်။

“အင်း။”

ကျွင်းကျွင်း၏ မျက်နှာလေးတွင် မျက်ရည်စများ ဝိုင်းနေဆဲပင်။

ကျွင်းကျွင်းကို ချော့ပြီးနောက် ကျန်းယွင်ထျန်းက ရှောင်းယီထံ ချက်ချင်း မက်ဆေ့ခ်ျ ပို့လိုက်သည်။

“တကယ် တောင်းပန်ပါတယ်။ ကျွင်းကျွင်းက ဒါတွေ မပြောရဘူးဆိုတာ မသိလို့ပါ။ သူ့ကို သေချာ မကြည့်မိတာ ငါ့အမှားပါ။ စိတ်မရှိပါနဲ့။”

ရှောင်းယီသည် ထိုမက်ဆေ့ခ်ျကို မြင်သောအခါ ပြုံးကာ ပြန်ဖြေလိုက်သည်။

“ရပါတယ်။ ကလေးပဲရှိသေးတာဆိုတော့ ဘာမှ နားလည်သေးတာမှမဟုတ်တာ။ ပြီးတော့ အရေးကြီးတဲ့ သတင်းအချက်အလက်တွေလည်း မပါသွားပါဘူး။ လူတွေကလည်း ကလေးပြောတာကို ယုံကြမှာ မဟုတ်လို့ အဆင်ပြေပါတယ်။”

“အင်း ငါ သူ့ကို ဆုံးမထားပြီးပါပြီ။ နောက်ခါ ဒါမျိုး လုံးဝ မဖြစ်စေရဘူးလို့ ကတိပေးပါတယ်။”

ကျန်းယွင်ထျန်းက ပြန်ပြောလိုက်သည်။

“အရမ်းကြီး အလေးအနက် မထားပါနဲ့။”

ရှောင်းယီက ပြောလိုက်သည်။

“သူ့ကို သိအောင် ပြောပြထားရင် ရပါပြီ။”

ဖုန်းချပြီးနောက် ရှောင်းယီ အနားယူရန် ပြင်ဆင်လိုက်၏။ အဆင့်သတ်မှတ်ထားသော အစားအစာများ၏ အကျိုးသက်ရောက်မှုမှာ နောက်ဆုံးတော့ ပေါက်ကြားသွားပြီ ဖြစ်သည်။ လူတိုင်းကလည်း ထိုအစားအစာများကို ရှာဖွေရန် အစွမ်းကုန် ကြိုးစားကြပေတော့မည်။ အဘယ်ကြောင့်ဆိုသော် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှသာ အသက်ရှင်နိုင်ရန် ပိုမို လွယ်ကူမည် မဟုတ်ပါလော။

“အွတ် အွတ် အွတ်”

“ကွက် ကွက် ကွက်”

“ကျိ ကျိ ကျိ”

နောက်တစ်နေ့ မနက်တွင် ကြက်ခြံမှ ကြက်အသံစုံဖြင့် ရှောင်းယီ နိုးထလာခဲ့၏။

သူသည် ကူကယ်ရာမဲ့စွာဖြင့် အိပ်ယာထလာခဲ့ရကာ ကြက်ခြံသို့ သွားကြည့်လေသည်။ ကြက်မနောက်တွင် ကြက်ပေါက်ကလေး တစ်အုပ် လိုက်ပါပြီး အစာရှာနေကြသည်ကို သူတွေ့လိုက်ရသည်။

ရှောင်းယီ ရောက်လာသည်ကို မြင်သောအခါ ကြက်မသည် ကြက်ပေါက်များကို ဦးဆောင်၍ အနားသို့ ရောက်လာတော့လေသည်။

စုစုပေါင်း ၁၉ ကောင်။

ရှောင်းယီသည် ပေါင်မုန့်များကို ယူကာ အစအနလေးများဖြစ်အောင် ဖဲ့လိုက်ပြီး ငါးမှုန့်များနှင့် ရောကာ အစာခွက်ထဲ ထည့်ပေးလိုက်သည်။

ကြက်မသည် ကြက်ပေါက်ကလေးများကို အစာခွက်ဆီ ခေါ်သွားပြီး စတင် ကျွေးမွေးတော့၏။

ကြက်ဖသည်လည်း အစာကို မြင်သောအခါ အနားသို့ ရောက်လာသော်လည်း ကြက်မက အတောင်ပံများ ဖြန့်ကာ လမ်းပိတ်လိုက်သည်။ ၎င်းက “ဒါ ငါ့သားသမီးတွေအတွက်” ဟု ပြောနေသကဲ့သို့ပင်။

သို့သော် ကြက်ဖသည် အစာအတွက် မအောင့်အီးနိုင်ဘဲ ရှေ့တိုးလာခဲ့ရာ ကြက်မက ရက်ရက်စက်စက် လိုက်ဆိတ်တော့လေသည်။

“ကွက် ကွက် ကွက်”

ကြက်ဖသည် နာကျင်စွာ အော်ဟစ်ရင်း လွတ်ရာသို့ ထွက်ပြေးရတော့သည်။

ရှောင်းယီသည် ထိုမြင်ကွင်းကို ကြည့်ပြီး အားရပါးရ ရယ်မောလိုက်ကာ ကြက်ဖအတွက် ဟင်းသီးဟင်းရွက် အကြွင်းအကျန်များနှင့် ငါးမှုန့်ကြမ်းများကို ကြဲချပေးလိုက်၏။

ခဏကြာအောင် စဉ်းစားပြီးနောက် ရှောင်းယီသည် ဂိုဒေါင်ထဲမှ ပြောင်းဖူးများကို ယူကာ နေလှန်းပြီး ကြက်ပေါက်ကလေးများအား ကျွေးရန်အတွက် အမှုန့်ကြိတ်ရန် ပြင်ဆင်လိုက်လေသည်။

အားလုံးပြီးစီးသွားသောအခါ ရှောင်းယီသည် အခန်းထဲသို့ ပြန်လာကာ ရေချိုး၊ အဝတ်အစားလဲပြီးနောက် “စနစ် လက်မှတ်ထိုးဝင်မယ်။” ဟု ရေရွတ်လိုက်သည်။

“လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ရရှိသော ဆုလာဘ် - စူပါဘက်ထရီ (SSS အဆင့်)”

“စနစ်ရေ... ငါ မင်းကို အရမ်းချစ်သွားပြီကွ။”

ထိုဆုလာဘ်ကို မြင်လိုက်ရသည်နှင့် ရှောင်းယီသည် စနစ်ကို ဖက်နမ်းချင်စိတ်ပင် ပေါက်သွားခဲ့၏။

[စူပါဘက်ထရီ (SSS အဆင့်): လျှပ်စစ်ထုတ်လုပ်သည့် စက်ကိရိယာ အားလုံးနှင့် အလိုအလျောက် ကိုက်ညီစွာ ချိတ်ဆက်နိုင်သည်။ ထိုစက်များမှ ထုတ်လုပ်သော လျှပ်စစ်ကို သိုလှောင်ထားနိုင်ပြီး လိုအပ်သလို ပြန်လည် ထုတ်လွှတ်ပေးနိုင်သည်။]

[အားအပြည့်သွင်းထားပါက အလတ်စား မြို့တစ်မြို့ကို တစ်နှစ်စာ လျှပ်စစ်ပေးဝေနိုင်သည်။ အသိဉာဏ်မြင့် လျှပ်စစ်ဖြတ်တောက်မှု စနစ်ပါဝင်ပြီး ဘေးကင်း စိတ်ချရသည်။ လက်ရှိ သိုလှောင်ထားမှု- ၁%။]

“မိုက်လိုက်တာ။”

စနစ်၏ ဖော်ပြချက်ကို ဖတ်ရှုပြီးနောက် ရှောင်းယီ၏ စိတ်ထဲ၌ ထိုစကားလုံးတစ်လုံးသာ ကျန်ရှိတော့၏။

တကယ့်ကို အစွမ်းထက်လှသည်။

အလတ်စား မြို့တစ်မြို့၏ တစ်နှစ်စာ လျှပ်စစ်သုံးစွဲမှုက မည်မျှ များပြားမည်နည်း။ သူ၏ လက်ရှိ အခန်းငယ်လေးအတွက်ဆိုလျှင် အားမသွင်းရသေးသည့် ၁% သော လျှပ်စစ်သည်ပင် တစ်သက်လုံး သုံး၍ ကုန်မည်မဟုတ်ပေ။

သူ အသက် ၁၀၀ အထိ နေရဦးတော့ ကုန်နိုင်မည် မဟုတ်ပါချေ။ သို့သော် သူ၏ ကျွန်းသည် ဆက်လက် ဖွံ့ဖြိုးလာမည် ဖြစ်ရာ အနာဂတ်တွင် လျှပ်စစ်သုံးစွဲမှုကလည်း ပိုမို များပြားလာမည် ဖြစ်သည်။

ထို့အပြင် မည်သည့် လျှပ်စစ်ထုတ်စက်နှင့်မဆို အလိုအလျောက် ကိုက်ညီအောင် လုပ်ဆောင်ပေးနိုင်ခြင်းက မီးစက်နှင့် ဘက်ထရီ မကိုက်ညီမည်ကို စိုးရိမ်စရာ မလိုတော့ပေ။

လိုအပ်သလို လျှပ်စစ်ထုတ်ပေးနိုင်ခြင်းက ပို၍ပင် အံ့သြစရာ ကောင်းသေးသည်။ နောင်တွင် လျှပ်စစ်သုံးစွဲသည့်အခါ မတူညီသော ဗို့အားများ၊ DC နှင့် AC လျှပ်စီးကြောင်းများ လိုအပ်လာမည်ဖြစ်ရာ ဤဘက်ထရီရှိခြင်းက ထိုအခက်အခဲအားလုံးကို ဖြေရှင်းပေးလိုက်သကဲ့သို့ပင် ဖြစ်သည်။

All Chapters