အရောင်မဲ့ပင်လယ်
Vol. 175 Ch. 2500
သူတို့နှစ်ယောက်သည် အလွန် ဝေးကွာသည့် နေရာတွင် ရှိနေသော်လည်း သူတော်စင်ကျန်းချန်၏ နတ်အာရုံမှာ ရီဖူရှင်း အပေါ်၌ ကျရောက်နေ၏။ သို့သော် သူက လမ်းစဥ်စွမ်းအားနှင့် ဖိနှိပ်ရန် ကြိုးစားလိုက်သောအခါ ရီဖူရှင်းသည် ချက်ချင်း ပျောက်ကွယ်သွား၏။
ဗုဒ္ဓရောင်ဝါခြေလှမ်းက ခဏချင်းအတွင်း လွတ်လပ်စွာ ရွေ့လျားနိုင်ရာ ရီဖူရှင်း၏အမြန်နှုန်းမှာ ပြိုင်စံရှား၏။ သူတော်စင်ကျန်းချန်၏ ကျင့်ကြံခြင်းက ရီဖူရှင်းထက် မြင့်သော်လည်း သူ့အား လိုက်ဖမ်းရန်မှာ မလွယ်ပါ။
"သူ့ကို မဆွဲထားနိုင်ဘူးပဲ"
သူတော်စင်ကျန်းချန်သည် အလွန် လျင်မြန်စွာဖြင့် ခရီးဆက်နေ၏။ သို့သော် သူတို့ကြားရှိ အကွာအဝေးက နီးကပ်လာသည့် အချိန်တိုင်း ရီဖူရှင်းက သူ့အား တဖန် မျက်ခြေဖြတ်လိုက်လေ့ရှိသည်။
သူသည်လည်း ဗုဒ္ဓကျင့်ကြံသူတစ်ယောက် ဖြစ်သည်။ ရီဖူရှင်းက ဗုဒ္ဓရောင်ဝါခြေလှမ်းကို ကျင့်ကြံထားလျှင်ပင် သူက မည်သည့်အတွက်ကြောင့် ထိုမျှ အစွမ်းထက်နေရပါသနည်း။
သူတို့နှစ်ယောက်က တရိပ်ရိပ်ပြေးလွှားနေကြသော်လည်း ဆန္ဒခြောက်ပါးကောင်းကင်တွင် မည်သူမှ သူတို့အား သတိထားမိခြင်းမရှိချေ။
ရီဖူရှင်းသည် လေဟာနယ်အတွင်း ခြေလှမ်း တစ်လှမ်းပြီး တစ်လှမ်းသာ အေးအေးဆေးဆေး လှမ်းကာ တစ်နေရာတွင်ပျောက်သွားလိုက် နောက်တစ်နေရာတွင် ပေါ်လာလိုက်ဖြင့် သွားနေ၏။ သူက သူတော်စင်ကျန်းချန် သူ့အား လိုက်မီသွားမည်ကိုပင် ပူပင်ခြင်းမရှိချေ။
နတ်ဘုရားကပ်ဘေးကို အောင်မြင်စွာ ဖြတ်ကျော်ပြီးနောက်တွင် သူ့အား လူတိုင်းက သေဆုံးသွားပြီဟု ယူဆလိုက်ကြ၏။ အမှန်လည်း နတ်ဘုရားကဒ်ဘေးသည် သူ့အား ဒဏ်ရာအကြီးအကျယ် ရစေသည်။ ယခုကား သူသည် ဒဏ်ရာမှ သက်သာလာသကဲ့သို့ ယခင်ကထက်လည်း များစွာ သန်မာလာ၏။
နတ်ဘုရားကပ်ဘေး၏ နောက်ဆုံးတိုက်ခိုက်မှုက သူ့အား သေဆုံးလုနီးပါးဖြစ်စေ၏။ သို့သော်လည်း ဗုဒ္ဓရောင်ဝါခြေလှမ်းဖြင့် သူသည် ခြေရာဖျောက်ကာ ဒဏ်ရာကို အလုံးစုံသက်သာအောင် ကုစားနိုင်လိုက်၏။ မဟုတ်လျှင် အကျိုးဆက်မှာ မတွေးဝံ့စရာပင်။
ယခု သူသည် နတ်ဘုရားကဒ်ဘေးကို ကျော်ဖြတ်ပြီးဖြစ်ရာ ယခင်ထက် များစွာသန်မာလာပြီး သူတော်စင်ကျန်းချန်လက်မှ လွတ်မြောက်ရန် ယုံကြည်ချက်အပြည့်အဝရှိ၏။
ရီဖူရှင်းအား လိုက်ဖမ်းနေသည့် သူတော်စင်ကျန်းချန်ထံမှ ထုတ်လွှတ်လာသော ဗုဒ္ဓအလင်းရောင်မှာ ကြောက်မက်ဖွယ် ကောင်း၏။ သူက တစ်ချက်တွေးလိုက်သည်နှင့် မဟာလမ်းစဥ်နတ်စွမ်းအားတို့က ကျဆင်းလာပြီး ရီဖူရှင်း ရှိနေသည့် နေရာကို လွှမ်းခြုံလာသော်လည်း ရီဖူရှင်းက ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ သူတော်စင်ကျန်းချန်သည် နောက်တခဏတွင် ရီဖူရှင်း မည်သည့်နေရာ၌ ပေါ်ပေါက်လာမည်ကို သိနိုင်ရန် နည်းလမ်းမရှိပါ။
သူက အကြိမ်များစွာ တိုက်ခိုက်ရန် ကြိုးစားခဲ့သော်လည်း အားလုံးက အချည်းနှီးဖြစ်သည်။ ဗုဒ္ဓရောင်ဝါခြေလှမ်းက တုန့်ပြန်ရန် အခြေအနေပင်မပေးဘဲ ချက်ချင်း ခြေရာဖျောက်နိုင်၏။ သို့သော် သူတော်စင်ကျန်းချန်၏ တိုက်ခိုက်မှုက တိုက်ခိုက်ဖို့ရာ ပြင်ဆင်ရန် အချိန်လိုသည်။ လမ်းစဥ်စွမ်းအားကျဆင်းလာရန် အချိန်တခဏသာ ယူရသော်လည်း ထိုတိုတောင်းသည့်အချိန်လေးက ဗုဒ္ဓရောင်ဝါခြေလှမ်း၏ အမြန်နှင့် ယှဥ်ရန် မဖြစ်နိုင်ပါ။
ထိုအဖြစ်က သူတော်စင်ကျန်းချန်အား ကူရာမဲ့စေပြီး ရီဖူရှင်းနောက်မှ လိုက်ခြင်းမှလွဲ၍ တခြားနည်းလမ်းလည်း မရှိပါချေ။
သူတို့နှစ်ယောက်က မြို့များကို ဖြတ်ကျော်၍ တောင်တန်းများနှင့် ကောင်းကင်တစ်လွှာပြီး တစ်လွှာ ဖြတ်သန်းကာ ဆန္ဒခြောက်ပါးကောင်းကင်မှ ယဲ့မော်ကောင်းကင် ထို့နောက် လွတ်လပ်ခြင်းကောင်းကင်ထိ ရောက်ရှိသွား၏။
သို့သော် သူတော်စင်ကျန်းချန်မှာ သူ့ကို ဖမ်းဆီးနိုင်စွမ်းမရှိပါ။
သူက လက်မလျှော့ဘဲ ရီဖူရှင်းကို စူးစိုက်ကာ လိုက်ပါနေဆဲ ဖြစ်သည်။ သူက ရီဖူရှင်းကို မသတ်နိုင်သရွေ့ လက်မလျှော့ဟု ကျိန်ဆိုထား၏။ ဗုဒ္ဓကျင့်ကြံသူများ၏ အနောက်ဘက်လောကအပြင်ဘက်ထိ လိုက်ရမည်ဆိုလျှင်ပင် သူ လက်မလျှော့ပေ။
ရီဖူရှင်းသည် သူတော်စင်ကျန်းချန်ကဲ့သို့ အဆင့်မှ ပုဂ္ဂိုလ်တစ်ယောက်က တစ်ခုခုကို လုပ်ချင်သည့်အခါ ထိုမျှ ရက်စက်ကာ အညှာအတာကင်းမဲ့ဟု မထင်ထားပေ။ အခြားတစ်ယောက်ဆိုပါက စိတ်ရှည်သည်းခံမှု ပျောက်ဆုံးသွားနိုင်၏။
သို့သော် ရီဖူရှင်းသည် နောက်မှ လိုက်ပါနေသော သူတော်စင်ကျန်းချန်အား ဂရုစိုက်ဟန်မတူဘဲ ရှေ့ကို ဆက်သွားနေ၏။
နတ်ဘုရားကပ်ဘေးမှ ရှင်သန်ခဲ့ပြီးနောက် ရီဖူရှင်းသည် သူ၏ကိုယ်ပိုင်အဆင့်နှင့်ပတ်သက်၍ ဝေဝါးနေဆဲဖြစ်သည်။ သူက အဆင့်ကိုးရန်ဟောင်သို့ ချိုးဖျက်ဝင်ရောက်သွားပြီဖြစ်သည်မှာ ရှင်းလင်းသော်လည်း တခြားလူများနှင့်မတူဘဲ နတ်ဘုရားကပ်ဘေးကို ရင်ဆိုင်ရ၏။
သို့ဆိုလျှင် သူက ယခု ရန်ဟောင်အဆင့်ကိုးသို့ ရောက်ရှိသွားသည်လား။ မဟာလမ်းစဥ် နတ်ဘုရားကပ်ဘေး ပထမအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့သည့် ကျင့်ကြံသူတစ်ယောက် ဖြစ်သွားသည်လား။
ကျင့်ကြံဆင့်နှင့် ပတ်သတ်၍ တိတိကျကျ ပြောရလျှင် သူက အဆင့်ကိုးသို့ ချိုးဖျက်ဝင်ရောက်သွားခြင်းဖြစ်သည့်အတွက်ကြောင့် အဆင့်ကိုးရန်ဟောင်ဟူသော ကျင့်ကြံဆင့်၌သာ ရှိသင့်၏။ သို့သော် သူက ဤအဆင့်၌ နတ်ဘုရားကပ်ဘေးကို တွေ့ကြုံခဲ့ရသည့်အတွက် သူ၏ တိုက်ပွဲစွမ်းရည်က အဆင့်ကိုးရန်ဟောင်ထက် သာလွန်မည်မှာ သေချာ၏။
သူသည် အဆင့်ကိုးရန်ဟောင်အဖြစ် မကြာသေးခင်က ချိုးဖျက်သွားနိုင်ခဲ့ခြင်းဖြစ်သော်လည်း ဤအဆင့်တွင် ပြိုင်ဘက်ကင်းသည်မှာ ယုံမှားစရာမလိုချေ။ သူက ကိုယ်တော်ဒုက္ခသမာဓိနှင့် လောကအားလုံးအတွင်းမှ ထိပ်သီးပါရမီရှင်များကိုပင် အနိုင်ယူနိုင်သည်ဟု ယုံကြည်ချက်ရှိသည်။ အဆုံးမှာတော့ သူက ရန်ဟောင်အဆင့်ကိုး၌ပင် နတ်ဘုရားကပ်ဘေးကို ကျော်ဖြတ်ရှင်သန်နိုင်သူ ဖြစ်သည်။
ဤလောကအတွင်း သူ့ကဲ့သို့သော အခြားတစ်ယောက်ရှိနိုင်ပါမည်လား။
သူက လောကရှိအရာအားလုံးကို မမြင်တွေ့ဖူးခြင်းလည်း ဖြစ်နိုင်ပေသည်။ လက်ရှိတွင် သူက ထိုကဲ့သို့သော အကြောင်းအရာမျိုးကို မည်သည့်အခါကမှ ကြားဖူးခြင်း မရှိပါ။
သူတို့နှစ်ယောက်က ရပ်တန့်ရန် ရည်ရွယ်ချက်မရှိဘဲ လေဟာနယ်ကို ဖြတ်သန်းကာ ခရီးဆက်နေသည်။ ရီဖူရှင်း၏ ငွေရောင်ဆံပင်တို့က အချုပ်အနှောင်ကင်းမဲ့ကာ လွတ်လပ်သော တိမ်တိုက်နှင့် လေပြေများဖြင့်အတူ မျောလွင့်နေ၏။ သူတို့က တိမ်ပင်လယ်တို့ကို ဖြတ်ကျော်ကာ နောက်ထပ်လောကတစ်ခုသို့ ဝင်ရောက်လာသည်။ ၎င်းက သူတော်စင်ကျန်းချန်ကို စိုးရိမ်စိတ်များဝင်လာစေ၏။
ရီဖူရှင်းက ဆက်လက်ပျံသန်းသွားပြီး အရောင်မဲ့ကောင်းကင်သို့ ရောက်ရှိလာသည်။
"မင်း ဘယ်လောက်ဝေးဝေး ပြေးနိုင်မှာလဲ။"
အသံတစ်ခုက လေထုကို ဖြတ်သန်းလာကာ ရီဖူရှင်း၏ နားထဲသို့ ရောက်ရှိလာသည်။ သူတို့ရွေ့လျားနေသည့်အရှိန်က အသံထက်ပို၍ မြန်ဆန်သည့်အတွက် သာမန်အသံက ရီဖူရှင်းထံ ရောက်ရှိရန် မဖြစ်နိုင်ပေ။
သို့သော် သူတော်စင်ကျန်းချန်က အသံအား သယ်ဆောင်ရန် နတ်အာရုံကို အသုံးပြုခဲ့သည့်အတွက် ရီဖူရှင်း၏ နားထဲသို့ တိုက်ရိုက်ရောက်လာ၏။
"သူတော်စင်ကျန်းချန်… ဟိုးအရင်နှစ်တွေတုန်းက ခင်ဗျား ကျုပ်ကြောင့် ဒဏ်ရာတွေအများကြီးရခဲ့တယ်။ ပြီးတော့ အခုလည်း ခင်ဗျား ကျုပ်ကို ဘာမှ မလုပ်နိုင်သေးဘူး။ ခင်ဗျားက ဘယ်လိုဖြစ်လို့ ယုံကြည်မှု ရှိနေရတာလဲ"
ရီဖူရှင်းက သူတော်စင်ကျန်းချန်ကို အေးစက်စက်နှင့် တစ်ချက်မျှသာကြည့်ပြီး တုန့်ပြန်သည်။
သူတော်စင်ကျန်းချန်က ပြန်ပြောလိုက်၏။
"မင်း ထွက်ပြေးနိုင်မယ်လို့ ထင်လား။"
သူ့အဆင့်က ရီဖူရှင်းထက် ပို၍ မြင့်မားပေသည်။ ရီဖူရှင်းက ဗုဒ္ဓရောင်ဝါခြေလှမ်းကို အသုံးပြုကာ သူနှင့် တူညီသည့်အလျင်ကို ထိန်းသိမ်းထားနိုင်သော်လည်း အချိန်ကြာမြင့်စွာ လိုက်ဖမ်းပြီးနောက် သူက မတော်တဆအချို့နှင့် ကြုံတွေ့ရမည်မှာ သေချာ၏။ သူသည် ရီဖူရှင်း၏ စွမ်းရည်က မမြင်နိုင်သော မတော်တဆမှုများကို ရင်ဆိုင်ရန် သူ့ထက်ပို၍ သာလွန်မည်ဟု မယုံကြည်ပါ။ ရီဖူရှင်းက အမှားသေးသေးလေး လုပ်မိခဲ့လျှင် အလောင်းကိုပင် မြှုပ်စရာနေရာမရှိ ဆိုးဆိုးဝါးဝါး သေဆုံးရပေလိမ့်မည်။
ဤတစ်ကြိမ်၌ သူက ရီဖူရှင်းကို ထွက်ပြေးလွတ်မြောက်ရန် ခွင့်မပြုတော့ချေ။
သူတို့နှစ်ယောက်က အရောင်မဲ့ကောင်းကင်ကို ဖြတ်သန်းကာ သွားနေကြသည်။ ဤနေရာအတွင်း သွားလာနေသည့်လူနှင့် ကျင့်ကြံသူအနည်းငယ်သာ ရှိပုံရ၏။
အရောင်မဲ့ကောင်းကင်သည် ဗုဒ္ဓကျင့်ကြံသူများ၏ အနောက်ဘက်လောကအတွင်း ထူးခြားသော အဆင့်အတန်းကို ပိုင်ဆိုင်ထားသည်။ ၎င်းက အမြင့်ဆုံးကောင်းကင်များထဲမှ တစ်ခုဖြစ်သည်။ အနောက်ဘက်ကောင်းကင်သည် ဗုဒ္ဓကျင့်ကြံသူများ ကျင့်ကြံကြသည့်နေရာ သန့်စင်မြင့်မြတ်နယ်မြေဟု သတ်မှတ်နိုင်၏။ အရောင်မဲ့ကောင်းကင်က ဗုဒ္ဓအရှင်တို့ လမ်းစဥ်ကို သက်သေပြရန် အသုံးပြုသည့် ကျင့်ကြံခြင်းနယ်မြေတစ်ခု ဖြစ်ကာ သာမန်အဆင့်မျှသာရှိသော ဗုဒ္ဓကျင့်ကြံသူများမှာ အရောင်မဲ့ကောင်းကင်သို့ မရောက်နိုင်ပါ။
ထို့ကြောင့် အရောင်မဲ့ကောင်းကင်၌ ကျင့်ကြံနေသည့်သူ များများစားစား ရှိမနေချေ။
သို့သော် ဤသည်က ပြန်ဆန်စွာသွားလာနေကြသော အစွမ်းထက် ကျင့်ကြံသူနှစ်ယောက်ကို မဟန့်တားနိုင်ပါ။ ရီဖူရှင်းက အရှေ့သို့ ဆက်သွားနေပြီး သူတော်စင်ကျန်းချန်ကလည်း နောက်မှ လိုက်နေသည်။ သူက အနည်းငယ်မျှပင် သတိမလစ်ရဲပေ။ သူ၏ နတ်အာရုံက ရီဖူရှင်းထံမှ အနည်းငယ် ဖယ်ခွာသွားသည်နှင့် ရီဖူရှင်းအား လွတ်မြောက်ရန် အခွင့်အရေး ပေးလိုက်မိပေလိမ့်မည်။
ဤသို့ လိုက်နေခြင်းကလည်း ပြီးဆုံးခြင်းမရှိချေ။
ထိုအချိန်တွင် သူတော်စင်ကျန်းချန်က မျက်မှောင်ကြုတ်၏။ အရောင်မဲ့ကောင်းကင်က ဗုဒ္ဓကျင့်ကြံသူတို့၏ လောကအတွင်း အနည်းငယ် ထူးခြားသော အဆင့်အတန်းကို ပိုင်ဆိုင်ထားသည်။ ဤနေရာ၌ ဗုဒ္ဓအရှင်များနှင့် ရသေ့ရဟန်းအချို့ ရှိသည်။ သူတို့အား အနှောက်အယှက်ဖြစ်စေခဲ့လျှင် အနည်းငယ် ပြဿနာဖြစ်လာနိုင်သည်။ သူသည် ရီဖူရှင်းက ဤနေရာသို့ ထွက်ပြေးလာလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
ထိုအချိန်တွင် သူတို့နှစ်ယောက်သည် အဆုံးမဲ့ကမ်းရိုးတန်းဒေသအထက်တွင် ပေါ်ပေါက်လာ၏။ ကမ်းရိုးတန်းဒေသထက်တွင် သန့်စင်သည့် ဗုဒ္ဓအလင်းရောင်တစ်ခု ရှိနေသည်။ ထိုအလင်းက ပင်လယ်မျက်နှာပြင်ထက် တစ်ခွင်လုံးကို တောက်ပနေစေခဲ့ပြီး ထိုကမ်းရိုးတန်းဒေသတစ်ခုလုံးကို ထူးခြားသောအငွေ့အသက်များပေး၏။
သူတော်စင်ကျန်းချန်သည် ထိုကမ်းရိုးတန်းဒေသတွင် တည်ရှိနေသည့် အလွန် ရှေးကျလှသည့် လျှို့ဝှက်ဆန်းကြယ်သော အရှိန်အဝါကို ရှင်းလင်းစွာ ခံစားမိပေသည်။ သူက မည်သည့်နေရာသို့ ရောက်လာသည်ကို သိသကဲ့သို့ သူ့မျက်နှာထက်မှ အမူအရာက အနည်းငယ် ပြောင်းလဲသွားပေသည်။
ရီဖူရှင်းက သူ့ကို အမှန်တကယ်ပင် ဗုဒ္ဓကျင့်ကြံသူများ၏ မြင့်မြတ်သော နယ်မြေဖြစ်သည့် အရောင်မဲ့ပင်လယ်သို့ ခေါ်ဆောင်လာသည်။
"ဒါက မင်းရဲ့ သင်္ချိုင်းပဲ။"
သူတော်စင်ကျန်းချန်က အဝေးသို့ ကြည့်သည်။ အဝေးတွင်ရှိနေသည့် ရီဖူရှင်းသည်လည်း အရောင်မဲ့ပင်လယ်အတွင်း ရှိနေသည်။ သူက မည်သည့်နေရာ၌ ရောက်နေကြောင်း သတိပြုမိပေါ်မပေါ်ပါ။
ရီဖူရှင်းက အမှန်တကယ်ပင် ထိုနေရာက မည်သည့်နေရာဖြစ်ကြောင်း သတိမပြုမိသည်လား။
သူ လိပ်ပြာတောင်ကုန်း၌ ရှိစဥ်တွင် နေ့ရက်များစွာကို စာကြည့်တိုက်အတွင်း၌နေကာ ဗုဒ္ဓကျင့်ကြံခြင်းနှင့် ပတ်သတ်သည့် အကြောင်းအရာများကို နားလည်သဘောပေါက်ရန် ရှေးဟောင်းကျမ်းစာနှင့် ဗုဒ္ဓစာပေများ ဖတ်ရှုလေ့လာရင်း ကုန်ဆုံးသည်။ သူသည် အရောင်မဲ့ပင်လယ်က မည်သည့်နေရာ၌ရှိကြောင်း မည်သို့ မသိဘဲ နေနိုင်ပါမည်နည်း။