← Chapters

ဒဏ္ဍာရီတစ်ခု

Vol. 175 Ch. 2501

ဒဏ္ဍာရီတစ်ခု

Vol. 175 Ch. 2501

ရှေးဟောင်းဗုဒ္ဓစာပေများတွင် လွန်ခဲ့သော နှစ်ပေါင်းငါးထောင်ခန့်က အနောက်ဘက်ဗုဒ္ဓကျင့်ကြံသူတို့၏ လောကတွင် ကြီးမားသော အဖြစ်အပျက်ကြီးတစ်ခု ဖြစ်ပွားခဲ့သည်ဟု မှတ်တမ်းတင်ထား၏။

တစ်ချိန်က ဗုဒ္ဓကျင့်ကြံသူတို့၏ လောကအတွင်း ဗုဒ္ဓလမ်းစဥ်ကို နှလုံးသားနှင့် စိတ်ဝိညာဉ်တို့အားလုံး အသုံးပြု၍ ရှာဖွေလိုခဲ့သော အရည်အချင်းရှိ ပါရမီရှင်တစ်ပါး ရှိလေသည်။ သူ၏ ပြင်းထန်သော ယုံကြည်မှုနှင့် ဗုဒ္ဓကျင့်ကြံခြင်းကို နားလည်သဘောပေါက်နိုင်သည့် ထူးချွန်သော အရည်အချင်းကြောင့် ငယ်ငယ်ရွယ်ရွယ်နှင့် လေးစားရသည့် ဗုဒ္ဓကျင့်ကြံသူတစ်ယောက်ဖြစ်လာပြီး စစ်မှန်သည့် ဗုဒ္ဓတစ်ပါးဖြစ်ရန် ခြေတစ်လှမ်းသာလိုတော့သည်။ သူက အရောင်မဲ့ဘုံတွင် ကျင့်ကြံရန် ရုပ်ခန္ဓာကို လက်လျှော့ခဲ့ကာ သူ၏ ဝိညာဉ်က ဗုဒ္ဓကျင့်ကြံခြင်းလောကအားလုံးအတွင်း လှည့်လည်သွားလာနေကာ သက်ရှိများအားလုံးကို စူးစမ်းလေ့လာနေသည်။

သို့သော် သူက နတ်ဆိုးအတွေးများထဲ၌ ပိတ်မိသွားကာ ၎င်းတို့မှ သူ့ကိုယ်သူ လွတ်မြောက်အောင် လုပ်ဆောင်နိုင်ခြင်း မရှိခဲ့ပေ။ သူသည် သက်ရှိအားလုံးက အသိဉာဏ်တိမ်ကာ အတ္တကြီးပြီး အရာအားလုံးကို သူတို့ကိုယ်ပိုင် အကျိုးအမြတ်အတွက်သာ လုပ်ဆောင်သည်ဟု ယုံကြည်လာ၏။ ကုသိုလ်တရားပွားများရှာဖွေနေကြသည့် သူ့အနီးရှိ ဗုဒ္ဓကျင့်ကြံသူများသည်ပင် စာနာထောက်ထားတတ်သည့် အရေခြုံထားခြင်းဟု သတ်မှတ်၏။

သူက လူသားတို့၏ ညစ်ထေးသော သဘာဝနှင့် ရင်ဆိုင်ရသည့်အခါ သူ၏ ယုံကြည်မှု ပြိုကွဲကာ တဖြေးဖြေး ပျက်စီးသွားသည်။ သူက လူသားများ၏ သဘာဝအပေါ် မျှော်လင့်ချက်အားလုံး ကုန်ဆုံးသွားခဲ့ပြီး သူ တစ်ချိန်က ယုံကြည်ခဲ့သည့် ဗုဒ္ဓလမ်းစဥ်ကိုပင် စတင် သံသယဖြစ်လာသည်။ သူသည် အလွန် ငယ်ရွယ်ပြီး အရည်အချင်းရှိသော်လည်း ၎င်းကပင် သူ့အား အဆုံးသတ်သို့ တွန်းပို့လိုက်ခြင်း ဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ သူ၏ နှလုံးသားက ပျက်စီးလာပြီး သူ့အတွေးများမိစ္ဆာလမ်းစဉ်သို့ တိမ်းစောင်းလာ၏။ ရလဒ်အနေနှင့် သူသည် မရေတွက်နိုင်သော သက်ရှိများကို သတ်​ဖြတ်တော့သည်။

ဗုဒ္ဓကျင့်ကြံသူများအားလုံးက သူ့ကို ရပ်တန့်ရန်လာရောက်သောအခါ၌ပင် သူ၏သတ်ဖြတ်ခြင်းများ မရပ်တန့်ခဲ့ပါ။ ထိုအချိန်တွင် ဗုဒ္ဓကျင့်ကြံသူများ၏ လောက၌ သွေးပင်လယ်ဝေခဲ့၏။

နောက်ဆုံးတွင် ဗုဒ္ဓကျင့်ကြံသူများအားလုံးက သူ့ကို တိုက်ခိုက်ရန် အရောင်မဲ့ပင်လယ်သို့ ရောက်ရှိလာကြသည်။ သူ့ကို တိုက်ခိုက်ရန်အတွက် ထိုတိုက်ပွဲတွင် ဗုဒ္ဓဂိုဏ်းမှ ကျင့်ကြံသူ အယောက်တစ်ရာ့ရှစ်ပါး ပါဝင်လာသည်။ ထိုအဖွဲ့မှာ ဗုဒ္ဓလမ်းစဉ်၏အင်အားကို ကိုယ်စားပြု၏။

သို့သော် ဗုဒ္ဓကျင့်ကြံသူ တစ်ရာ့ရှစ်ပါးမှာ အရောင်မဲ့ပင်လယ်မှ ပြန်လည် ထွက်ခွာသွားနိုင်ခြင်း မရှိပေ။ သူတို့၏ စိတ်ဝိညာဥ်များက အရောင်မဲ့ပင်လယ်အတွင်း ပေါင်းစပ်သွားပြီးနောက်မှသာ အရောင်မဲ့ပင်လယ်အောက်​ခြေ၌ ထိုပြိုင်ဘက်ကင်းပါရမီရှင်အား ချိပ်ပိတ်လိုက်နိုင်၏။

နှစ်ပေါင်းငါးထောင်ကြာပြီးနောက် ယနေ့ထိတိုင် ထိုဗုဒ္ဓကျင့်ကြံသူများစွာ၏ စွမ်းအားတို့က ဤအရောင်မဲ့ပင်လယ်အတွင်း ကျန်ရစ်နေဆဲဟု ဆိုသည်။ ထိုဗုဒ္ဓကျင့်ကြံသူများသည် ယနေ့တိုင် အသက်ရှိနေသည်ဟူသော ဒဏ္ဍာရီတစ်ပုဒ်လည်း ရှိနေခဲ့၏။

အရောင်မဲ့ပင်လယ်သည် ထိုသို့သော ဒဏ္ဍာရီနှင့်အတူ အရောင်မဲ့ဘုံအတွင်း၌ ထူးခြားသည့် နေရာတစ်ခု ဖြစ်လာသည်။ ထိုမျှ များပြားလှသော ကျမ်းစာများကို လေ့လာခဲ့ပြီးနောက် ရီဖူရှင်းက အရောင်မဲ့ပင်လယ်အကြောင်း မည်သို့ မသိဘဲနေပါမည်နည်း။

သူက အရောင်မဲ့ပင်လယ်အတွင်း ခြေချလိုက်သည်နှင့် ဖွင့်ဆိုရှင်းပြ၍ မရနိုင်သော ဖိနှိပ်လွှမ်းမိုးမှုကို ခံစားမိလိုက်ပြီး ဗုဒ္ဓရောင်ဝါခြေလှမ်းသည်ပင် ဟန့်တားခံရ၏။ သူသည် ယခင်ကကဲ့သို့ သူ သွားချင်သည့်နေရာကို မသွားနိုင်တော့ကြောင်း တွေ့ရှိရသည်။

သို့သော် ထိုဖိနှိပ်မှုကို ခံစားရသည်မှာ သူတစ်ယောက်တည်းသာ မဟုတ်ပေ။ သူတော်စင်ကျန်းချန်ကဲ့သို့ အစွမ်းထက်သည့် တစ်စုံတစ်ယောက်သည်ပင် သူ၏ နတ်အာရုံအား ဖိနှိပ်လာသည့် စွမ်းအားကို ခံစားမိလိုက်ပြီး သူ့အရှိန်ကလည်း အလိုလို နှေးကွေးသွားသည်။ သို့သော် သူက ရီဖူရှင်းပေါ် အာရုံစိုက်နေဆဲဖြစ်ကာ အလွတ်ပေးရန် စိတ်ကူးမရှိပါ။

ရုတ်တရက် ရီဖူရှင်းက ပြေးနေရာမှ ရပ်လိုက်၏။ သူ၏ ခန္ဓာကိုယ်က အရောင်မဲ့ပင်လယ် အထက်ကောင်းကင်တွင် မျောလွင့်နေ၏။

ရီဖူရှင်း ရပ်တန့်သွားသည်ကို မြင်ပြီးနောက် သူတော်စင်ကျန်းချန်က ဇဝေဇဝါ ဖြစ်သွားသည်။ ၎င်းက သိပ်တော့ အရေးမကြီးပါ။ ရီဖူရှင်းအား အဆုံးသတ်ချိန်ရောက်ပြီဟူ သူက တွေးလိုက်သည်။

သူက ခေါင်းငုံ့ကာ အောက်ဘက်ရှိ ရီဖူရှင်းကို ကြည့်၏။

အေးစက်ကာ သတ်ဖြတ်လိုသော ဆန္ဒများ သူ့မျက်လုံးများထဲတွင် လင်းလက်လျှက် သူက ပြောသည်။

"ကြည့်ရတာ မင်းက အရောင်မဲ့ပင်လယ်ကနေ ထွက်မပြေးနိုင်ဘူးဆိုတာ နားလည်သွားပုံပဲ"

ဗုဒ္ဓရောင်ဝါခြေလှမ်းကဲ့သို့ အထူးစွမ်းရည်ကို ကျင့်ကြံထားသည့် ရီဖူရှင်းသည်ပင် အရောင်မဲ့ပင်လယ် ပတ်ဝန်းကျင်အတွင်း၌ သူဆန္ဒရှိသလို ရွေ့လျားနိုင်ခြင်းမရှိပေ။

"ဒါပေါ့ ကျုပ်သိတယ်။ မဟုတ်ရင် အရောင်မဲ့ပင်လယ်ကို ဘာကြောင့်လာမှာလဲ။"

ရီဖူရှင်းက သူတော်စင်ကျန်းချန်ကို ကြည့်ကာ ပြန်ဖြေသည်။

သူ့စကားလုံးများက သူတော်စင်ကျန်းချန်ကို မျက်မှောင်ကြုတ်စေသည်။ သူက ရီဖူရှင်းကို စိုက်ကြည့်လိုက်၏။

"မင်းက အရောင်မဲ့ပင်လယ်အကြောင်း သိတယ်လား။"

"ကျန်းချန်… ကျုပ်က ဗုဒ္ဓကျင့်ကြံခြင်းလောကမှာ ကျင့်ကြံနေခဲ့တာ ဆယ်နှစ်ကျော်ပြီ။ စာကြည့်တိုက်မှာ ရှေးဟောင်းဗုဒ္ဓကျမ်းစာတွေကို နေ့တိုင်းနီးပါး လေ့လာနေခဲ့တာ။ ကျုပ် အဲဒီမှာ ဘာလုပ်နေတယ် ထင်လို့လဲ။"

ရီဖူရှင်းက အေးစက်စွာ ပြောသည်။

"မင်းသိတယ်ဆိုမှတော့ ဘာလို့ ဒီနေရာလာပြီး သေတွင်းတူးရတာလဲ။"

သူတော်စင်ကျန်းချန်က ခံစားချက်ကင်းမဲ့စွာ မေးသည်။

"ဆန္ဒခြောက်ပါးကောင်းကင်မှာတုန်းကလည်း ခင်ဗျား အခုလိုပဲ ယုံကြည်ချက်လွန်ကဲပြီး ကိုယ့်ကိုယ်ကိုယ် အဟုတ်ကြီးထင်နေတာ။ ကျုပ်ကို အတင်းအကျပ် ဖမ်းဆီးချင်ခဲ့ပေမယ့် ဘာဖြစ်ခဲ့လဲ မှတ်မိလား။"

ရီဖူရှင်းက ထေ့ငေါ့ပြောသည်။

"ကျုပ်သာ အနောက်ဘက် ဗုဒ္ဓကျင့်ကြံခြင်းလောကကနေ ထွက်သွားချင်ရင် ဆန္ဒခြောက်ပါးကောင်းကင်မှာ ကျုပ်ကို တွေ့ရမယ့် အခွင့်အရေးတောင် ရလိုက်မယ် ထင်လို့လား။"

"ဒါဆို မင်း အကုန်လုံးကို ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာပေါ့။"

သူတော်စင်ကျန်းချန်သည် နောက်ဆုံး၌ ရီဖူရှင်း၏ရည်ရွယ်ချက်ကို နားလည်လိုက်၏။

ရီဖူရှင်းသည် သူ့ကို အရောင်မဲ့ပင်လယ်သို့ ခေါ်ဆောင်ရန် ဆန္ဒခြောက်ပါးကောင်းကင်၌ တမင်သက်သက် အယောင်ပြ ထွက်ပေါ်လာခြင်း ဖြစ်သည်။

ရီဖူရှင်းက မည်သည့် ရည်ရွယ်ချက်ဖြင့် ထိုသို့လုပ်ဆောင်ခဲ့ရသနည်း။

သူ၏ အဆင့်နိမ့်ကျင့်ကြံဆင့်ဖြင့် ရီဖူရှင်းက သူ့အား မည်သည့်အတွက်ကြောင့် အရောင်မဲ့ပင်လယ်သို့ ခေါ်ဆောင်လာရဲရသနည်း။ သေရန်အတွက်လား။

သူတော်စင်ကျန်းချန်သည် ရီဖူရှင်းက မည်သို့တွေးနေသည်ကို မသိနိုင်သလို သူ့အား အရောင်မဲ့ပင်လယ်သို့ ခေါ်ဆောင်လာသည့် ရီဖူရှင်း၏ ရည်ရွယ်ချက်ကိုလည်း နားမလည်ပါ။

ထိုအခိုက်တွင် ရီဖူရှင်းက လက်ကို ဝှေ့ယမ်းလိုက်သည်တွင် သူ့ရှေ့၌ ကု့ချင်းတစ်လက် ထွက်ပေါ်လာသည်။ ၎င်းက ရှန့်ရင်းမဟာအင်ပါယာ သူ့အတွက် ချန်ရစ်ခဲ့သော 'ကျွမ့်ကျွမ့်' ဖြစ်လေသည်။

ရီဖူရှင်းက လက်ကို ဆန့်ထုတ်ကာ ကြိုးများကို စတင်တီးခတ်လိုက်သည်တွင် ကု့ချင်းအသံ ထွက်ပေါ်လာ၏။ ရုတ်ချည်းပင် အဆုံးမဲ့ဂီတနုတ်တို့က ထိုအနီးဝန်းကျင်၌ ကခုန်နေခဲ့ပြီး ထိုအခိုက်အတန့်တွင် ယခင်က ငြိမ်သက်အေးချမ်းနေသည့် အရောင်မဲ့ပင်လယ်ပေါ်၌ လှိုင်းများ ထွက်ပေါ်လာသည်။

"လမ်းစဥ်တေးသွား။"

သူတော်စင်ကျန်းချန်၏ မျက်နှာထက်တွင် သံသယအငွေ့အသက်များ ပေါ်လာ၏။ ဤကု့ချင်းက ထူးခြားသော နတ်ရတနာတစ်ပါး ဖြစ်၏။

သို့ဆိုလျှင်ပင် ရီဖူရှင်းက ကု့ချင်း၏ အကူအညီနှင့် တေးသွားတစ်ပုဒ်တီးခတ်လိုက်ရုံဖြင့် သူ့ကို ရင်ဆိုင်ရန်လုံလောက်ပြီဟု တွေးနေခဲ့သည်လား။

မည်မျှတုံးအလှသည့် အယူအဆဖြစ်သနည်း။

ကောင်းကင်နှင့်မြေကြီးကြားတွင် ဗုဒ္ဓအလင်းတို့ ထွက်ပေါ်လာပြီး အဆုံးမဲ့လေဟာနယ်ကို လွှမ်းခြုံထား၏။ ရှေးဟောင်းဗုဒ္ဓများသည် ကောင်းကင်ထက်တွင် ထွက်ပေါ်လာပြီး ကြီးမားသည့် ဗုဒ္ဓတစ်ပါးက အရောင်မဲ့ပင်လယ်ထက်ရှိ ကောင်းကင်တွင် ထိုင်နေသည်။ ယခင်က ဆန္ဒခြောက်ပါးကောင်းကင်မှာကဲ့သို့ပင် သူက ကြီးမားသည့် လက်ကိုမြှောက်ကာ ရီဖူရှင်းကို ဆုပ်ဆွဲဟန်ပြုသည်။ လေဟာနယ်မှာ ချိပ်ပိတ်ခံလိုက်ရပြီး ရီဖူရှင်းထံသို့ ဖိအားများကျဆင်းလာ၏။

အတိတ်တွင် ရီဖူရှင်းက ထွက်ပြေးနိုင်ရန် မဟာအင်ပါယာရှန်ကျား၏ နတ်ဘုရားရုပ်ကြွင်းကို ဖောက်ခွဲပစ်ခဲ့ပြီး သူ့အား ဒဏ်ရာများစွာ ရရှိစေသည်။ ယခု ရီဖူရှင်းက သူ့ကို တိုက်ခိုက်ရန် ကု့ချင်းကို အသုံးပြုနေသည်လား။

ကြီးမားသည့် လက်ဝါးရိပ်က အလွန် လျင်မြန်စွာ ရွေ့လျားနေပြီး အောက်သို့ ချက်ချင်း ကျဆင်းလာသည်။ ကျယ်လောင်သည့် အသံတစ်ခုထွက်ပေါ်လာပြီး အရောင်မဲ့ပင်လယ်၏ မျက်နှာပြင်က ဆူပွက်လာသည်။ သို့သော် ထိုတိုက်ကွက်က ရီဖူရှင်းကို လွဲချော်သွား၏။

ရီဖူရှင်းက ဗုဒ္ဓရောင်ဝါခြေလှမ်းနှင့် အဝေးသို့ ခုန်ထွက်သွားကာ တခဏအတွင်း ထိုလက်ဝါးကျဆင်းလာသည့် နေရာမှ ပျောက်ကွယ်သွားသည်။ လေဟာနယ်ကို ချိပ်ပိတ်ထားသည့် စွမ်းအားသည်ပင် ထိုဗုဒ္ဓစွမ်းရည်ကို ပိတ်ဆို့တားဆီးထားနိုင်ခြင်း မရှိပေ။

ရီဖူရှင်း၏ ပုံရိပ်က အရောင်မဲ့ပင်လယ်အတွင်းမှ နောက်တစ်နေရာတွင် ပေါ်ပေါက်လာပြီး ပင်လယ်မျက်နှာပြင်ထက်၌ မျောလွင့်နေသည်။ သူတော်စင်ကျန်းချန်က သူ့ကို သိလိုစိတ်တချို့ဖြင့် ကြည့်၏။

"အဲဒီတော့... မင်းရဲ့ ကျင့်ကြံဆင့်က အဆင့်ကိုးကို ရောက်သွားခဲ့ပြီလား။"

သူတော်စင်ကျန်းချန်က ရီဖူရှင်းကို စိုက်ကြည့်သည်။ ရီဖူရှင်းက သူ့ကိုယ်သူ နေရာရွှေ့ပြောင်းရန် အတွက် ဗုဒ္ဓရောင်ဝါခြေလှမ်းကို ဖိအားပေး အသုံးပြုနိုင်သည်မှာ အံ့သြဖွယ်ရာပင် ဖြစ်သည်။ ကျန်းချန်က ဗုဒ္ဓကျင့်ကြံသူဖြစ်သည့်အတွက် ဗုဒ္ဓ၏ အထူးစွမ်းရည်ခြောက်ပါးကို နားလည်မှုအချို့ ရှိသည်။ ဗုဒ္ဓရောင်ဝါခြေလှမ်းက အလွန် အစွမ်းထက်သော်လည်း ပြိုင်ဘက်ကင်းဟု ဆိုနိုင်ခြင်းမရှိပေ။ သူတို့က စွမ်းအားချည်းသက်သက် ယှဥ်ပြိုင်မည်ဆိုလျှင် သူက ဗုဒ္ဓရောင်ဝါခြေလှမ်းကို အပြည့်အဝ ဖိနှိပ်နိုင်စွမ်း ရှိ၏။

သို့သော် ရီဖူရှင်းက ဗုဒ္ဓရောင်ဝါခြေလှမ်းကိုသုံးလျှက် သူ၏ တိုက်ခိုက်မှုမှ မည်သို့ ထွက်ပြေးလွတ်မြောက်သွားနိုင်ရသနည်း။

၎င်းက အဆင့်ကိုးကျင့်ကြံခြင်း၌ ရှိနေခြင်း မဖြစ်နိုင်တော့ပေ။

ပို၍အရေးကြီးသည်မှာ အရောင်မဲ့ပင်လယ်က သာမန်နေရာမျိုးမဟုတ်ဘဲ သူတို့၏ ခွန်အားအစစ်အမှန်ကို ဖိနှိပ်ထားနိုင်သည်။ ဗုဒ္ဓရောင်ဝါခြေလှမ်းသည်လည်း ဖိနှိပ်ခံရမည် ဖြစ်သည်။

ကု့ချင်းအသံက ဆက်လက်ထွက်ပေါ်နေပြီး ဂီတနုတ်များက အရောင်မဲ့ပင်လယ်အထက် ကောင်းကင်တွင် လှုပ်ရှားလာသည်။ သူတော်စင်ကျန်းချန်က မျက်မှောင်ကြုတ်လိုက်ပြီး ထိုကု့ချင်းဂီတက မည်သို့သော အမျိုးအစားဖြစ်သည်ကို သိလို၏။ ၎င်းက သူ၏ စွမ်းအားတို့ကို မတည်မငြိမ်ဖြစ်လာစေသည်။

တေးသွားစည်းချက်အတိုင်း ဂီတနုတ်များ လှုပ်ရှားလာသည်နှင့် ယင်းတို့က အရောင်မဲ့ပင်လယ်သို့ တိုက်ရိုက်ကျဆင်းလာပြီး ရုတ်တရက် ပင်လယ်အတွင်း ပြင်းထန်သည့် လှုပ်ရှားမှုဖြစ်လာကာ ၎င်းမှ ပြင်းထန်ကာ အစွမ်းထက်သည့် စွမ်းအားတို့က စတင်ထွက်ပေါ်လာသည်။

"မင်း ဘာလုပ်နေတာလဲ။"

သူတော်စင်ကျန်းချန်က အလွန်အေးစက်သော အမူအရာနှင့် ရီဖူရှင်းကို စိုက်ကြည့်သည်။ ရီဖူရှင်းက ကု့ချင်းအသံကို အသုံးပြု၍ အရောင်မဲ့ပင်လယ်အတွင်း ရှေးဟောင်းဗုဒ္ဓ၏ စွမ်းအားနှင့် ဆက်သွယ်ရန်ကြိုးစားနေသည်လား။

အရောင်မဲ့ပင်လယ်အတွင်း ဗုဒ္ဓကျင့်ကြံသူ တစ်ရာ့ရှစ်ပါး ရှိနေသည်ကို သူတော်စင်ကျန်းချန်က မည်သို့မသိဘဲ နေပါမည်နည်း။ ထိုစဥ်က ပြိုင်ဘက်ကင်းသည့် မကောင်းဆိုးဝါးကို ဖိနှိပ်ဖို့ရာအတွက် တိုက်ခိုက်ရန် ပါဝင်လာသည့် အားလုံးသော ဗုဒ္ဓကျင့်ကြံသူများက အရောင်မဲ့ပင်လယ်အတွင်း သူတို့၏ စွမ်းအားများကို စုစည်းပေါင်းစပ်ကာ မကောင်းဆိုးဝါးကို ဤနေရာ၌ ချိပ်ပိတ်ထားသည်။ ယခု ရီဖူရှင်းက ကု့ချင်းအသံကို အသုံးပြု၍ ပင်လယ်အတွင်းရှိ ဗုဒ္ဓများ၏ အသိစိတ်ကို ဆက်သွယ်ရန် ကြိုးစားနေသည်။ ရီဖူရှင်းက သူ့ကို ဆန့်ကျင်တိုက်ခိုက်ဖို့ရာ ထိုဗုဒ္ဓများ၏ စွမ်းအားကို အသုံးပြုရန် ကြိုးစားနေသည်လား။

ဒီအရူး....

သူက အရောင်မဲ့ပင်လယ်ကို အသုံးချရန် ကြိုးစားနေသည်။ သို့ဆိုလျှင် ရီဖူရှင်းက သူ့အား မည်သည့်အတွက်ကြောင့် ဤနေရာသို့ မျှားခေါ်လာရသနည်းဟူသည်ကို နားလည်လာ၏။

သို့သော် ရီဖူရှင်းက အရောင်မဲ့ပင်လယ်အတွင်းမှ ဗုဒ္ဓများ၏ စွမ်းအားကို နှိုးဆွနိုင်လျှင်ပင် သူ့ကို ယှဥ်ရန် လုံလောက်ပါမည်လား။

မည်မျှရူးမိုက်လိုက်သည့် အတွေးနည်း။

သို့သော် သူက အနည်းငယ် စိုးရိမ်ပူပန်နေသည်။ ရီဖူရှင်းက သူ့ကို တိုက်ခိုက်ရန်အတွက် အရောင်မဲ့ပင်လယ်အတွင်းရှိ ဗုဒ္ဓစွမ်းအားကို နှိုးဆွခဲ့လျှင် ထိုရှေးဟောင်းဗုဒ္ဓများ၏ စွမ်းအားတို့က သူ့ကို ဖျက်ဆီးပစ်ခဲ့လျှင် မည်သို့ဖြစ်လိမ့်ပါမည်နည်း။ အရောင်မဲ့ကောင်းကင်မှ ပုဂ္ဂိုလ်များက ထိုကဲ့သို့သော ဖျက်ဆီးမှုမျိုးအတွက် သူ့ကို အပြစ်တင်လာလိမ့်မည်လား။

All Chapters