ကျန်းချန်ကို သတ်ဖြတ်ခြင်း
Vol. 175 Ch. 2502
အရောင်မဲ့ပင်လယ်သည် ဆူပွက်လှုပ်ရှားလာပြီး သူတော်စင်ကျန်းချန်က တစ်ခုခုကို ခံစားမိသွားသည်။ ဆူပွက်နေသည့် အရောင်မဲ့ပင်လယ်အတွင်း စူးရှသော ဗုဒ္ဓအလင်းတို့ ထွန်းလင်းလာ၏။ ဗုဒ္ဓများမှာ ပင်လယ်ထဲမှ စတင်ထွက်ပေါ်လာကာ နားကွဲလုမတတ် ဆူညံသံများ ပေးသည်။ ထိုဗုဒ္ဓများက ပင်လယ်ထဲမှ ထွက်ပေါ်လာသည်နှင့် စတင်၍ ကျယ်ပြန့်ကြီးမားလာကာ ခမ်းနားထည်ဝါသည့် မြင်ကွင်းကို ဖြစ်ပေါ်လာစေ၏။
အရောင်မဲ့ပင်လယ်တစ်ခွင်သည် ရွှေရောင်အဖြစ် ပြောင်းလဲသွားပြီး ဗုဒ္ဓအလင်းတို့ တဟုန်းဟုန်း တောက်ပ၏။ ၎င်းက အလွန် သန့်စင်မြင့်မြတ်ကာ ကြည်ညိုဖွယ်ကောင်းသည့် အရှိန်အဝါကို ပေးစွမ်း၏။
ကျယ်ပြောလှသည့် ပတ်ဝန်းကျင်တွင် ဗုဒ္ဓပုံရိပ်များစွာက ထိုကမ်းရိုးတန်းဒေသကို လွှမ်းမိုးထား၏။ နေရာတိုင်း၌ ရှေးဟောင်းဗုဒ္ဓတစ်ပါးစီ ရှိသည်။
"ဗုဒ္ဓအရှင်ရဲ့ စွမ်းအား။"
သူတော်စင်ကျန်းချန်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး အောက်ဘက်တွင် ကု့ချင်း ဆက်လက်တီးခတ်နေသည့် ရီဖူရှင်းကို အေးစက်စွာ ကြည့်သည်။ ရီဖူရှင်းသည် သူ၏ ဂီတသံကို အသုံးပြု၍ အရောင်မဲ့ပင်လယ်အတွင်းမှ ဗုဒ္ဓစွမ်းအားတို့နှင့် ဆက်သွယ်နိုင်ကာ သူ့ကဲ့သို့သော တစ်စုံတစ်ယောက်ကို ဆန့်ကျင်တိုက်ခိုက်နိုင်မည်ဟု အမှန်တကယ် တွေးထင်နေသည်လား။ ထိုအကြံအစည်က အလွန် ရူးမိုက်လှသည်။
သူတော်စင်ကျန်းချန်ထံမှ ကြောက်မက်ဖွယ် အရှိန်အဝါတို့ ပေါက်ကွဲထွက်၏။ သူက လက်ဝါးကို မြှောက်လိုက်လျှင် သူ့နောက်တွင် ပေါ်ပေါက်လာသော ဗုဒ္ဓကလည်း ရွှေရောင်လက်ဝါးကို မြှောက်၍ အောက်ဘက်လေဟာနယ်သို့ ရိုက်ချ၏။
အဆုံးမဲ့ကြီးမားလှသည့် 卍 သင်္ကေတတစ်ခု ပေါ်ပေါက်လာကာ ကောင်းကင်နှင့် မြေကြီးကို ဖုံးလွှမ်းပြီး တစ်လောကလုံးကို လွှမ်းခြုံသွားပြီး ရီဖူရှင်းကို တိုက်ရိုက်ဖိနှိပ်၏။
၎င်းက သာမန်ကာလျှံကာ တိုက်ခိုက်လိုက်ခြင်းသာ ဖြစ်သော်လည်း ရီဖူရှင်းကို သတ်ဖြတ်ရန် လုံလောက်သည်။ အနည်းဆုံး သူတော်စင်ကျန်းချန်၏ မျက်လုံးများထဲတွင် ရီဖူရှင်းက သူ့တိုက်ခိုက်မှုကို ခံနိုင်ရည် မရှိပါ။
အဆုံးမဲ့ တောက်ပသည့် ဗုဒ္ဓအလင်းတို့က ရီဖူရှင်းထံမှ ထွက်ပေါ်လာ၏။ ဆူပွက်နေသည့် အရောင်မဲ့ပင်လယ်အတွင်းရှိ အဆုံးမဲ့ ဗုဒ္ဓအလင်းတို့သည် ရီဖူရှင်း၏ ခန္ဓာကိုယ်အတွင်း သွန်းလောင်းလာသည်။ အားလုံးသော ဗုဒ္ဓများ၏ စွမ်းအားတို့က သူနှင့် တသားတည်းဖြစ်လာကာ သူ့နောက်တွင် ထိုဗုဒ္ဓများ၏ ပုံရိပ်တို့ ပေါ်ပေါက်လာ၏။ သူ့ပေါ်မှ အရှိန်အဝါတို့ကလည်း အလွန် ပြင်းထန်လာသည်။
ဘုန်း...
ကောင်းကင်နှင့်မြေကြီးက အော်မြည်နေပြီး အရောင်မဲ့ပင်လယ်သည်လည်း ပြင်းထန်စွာ လူးလွန့်လှုပ်ရှားနေသည်။ အဆုံးမဲ့ကြီးမားလှသည့် ရှေးဟောင်းဗုဒ္ဓတစ်ပါး ပေါ်ပေါက်လာပြီး ၎င်းမှာ မဟာဝေရောစနဗုဒ္ဓ ဖြစ်လေသည်။ ထိုမဟာဝေရောစနဗုဒ္ဓက သတိပေးချက်မရှိဘဲ လက်ကို မြှောက်ကာ ရိုက်ချသည်။ ၎င်းက လေဟာနယ်အတွင်းမှ 卍 သင်္ကေတထံ ပြောပြ၍မရနိုင်သော စွမ်းအားတို့နှင့် ရိုက်ခတ်လာပြီး အင်အားနှစ်ခု ထိပ်တိုက်တွေ့ဆုံ၏။
ဘုန်း…
ကြောက်မက်ဖွယ်အသံတစ်ခု ထွက်ပေါ်လာပြီး မဟာဝေရောစနဗုဒ္ဓ၏ လက်ဝါးက ဖျက်ဆီးခံရကာ ပြိုကွဲသွားသည်။ သို့သော် တစ်ချိန်တည်းတွင် အဆုံးမဲ့ကြီးမားသည့် ဗုဒ္ဓ 卍 သင်္ကေတသည်လည်း အစိတ်စိတ်အမြွှာမြွှာ ကျိုးပဲ့ပျက်စီးသွား၏။
卍 သင်္ကေတက သူတော်စင်ကျန်းချန်၏ တိုက်ခိုက်မှုမှ ဖြစ်ပေါ်လာခြင်း ဖြစ်သော်လည်း ၎င်းက မဟာဝေရောစနဗုဒ္ဓ၏ လက်ဝါးကြောင့် ဖျက်ဆီးခံလိုက်ရသည်။
သူတော်စင်ကျန်းချန်၏ မျက်လုံးများထဲတွင် ထိတ်လန့်ဟန်များ ပေါ်လာသည်။
ရီဖူရှင်းက မဟာဝေရောစနဗုဒ္ဓ၏ လက်ဝါးကို အသုံးပြု၍ သူ့တိုက်ခိုက်မှုကို ပျက်ပြယ်သွားစေသည်လား။
၎င်းက ရိုးရှင်းသည့် တိုက်ခိုက်မှုတစ်ခုသာ ဖြစ်သော်လည်း သူတော်စင်ကျန်းချန်၏ တိုက်ခိုက်မှု ဖြစ်လေသည်။ သူတော်စင်ကျန်းချန်သည် ဗုဒ္ဓဂိုဏ်းများထဲ၌ ထိပ်သီးကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး မဟာလမ်းစဥ်၏ ဒုတိယအဆင့်နတ်ဘုရားကပ်ဘေးမှ ရှင်သန်နိုင်ခဲ့သူ ဖြစ်သည်။ ဆန္ဒခြောက်ပါးအရှင်သခင်၊ လွတ်လပ်မှုအရှင်သခင်နှင့် အရှင်ယဲ့မော်တို့ကဲ့သို့ အားကောင်းသည့် သူများသည်ပင် သူ၏ အမိန့်ကို နာခံကြရ၏။ ထိုလူများသည်လည်း မဟာလမ်းစဥ် နတ်ဘုရားကပ်ဘေး ဒုတိယအဆင့်မှ ရှင်သန်ခဲ့သူများဖြစ်သည်ဆိုသော်ငြား ကျန်းချန်နှင့် သူတို့ကြားတွင် သိသာသော ကွာခြားမှုရှိနေဆဲ ဖြစ်သည်။
သူ၏ အဆင့်အတန်းက ထုံချန်းကဲ့သို့ ထိပ်သီးပုဂ္ဂိုလ်များအောက်၌ ရှိသော်လည်း ဗုဒ္ဓကျင့်ကြံသူများ၏ အနောက်ဘက်လောကအတွင်း သူက ထိပ်ဆုံးတွင်ရပ်တည်နေသော လူများထဲမှ တစ်ယောက် ဖြစ်ကာ မြင့်မားသည့် အဆင့်အတန်းနှင့် ခွန်အားနှစ်ခုလုံးကို ပိုင်ဆိုင်ထား၏။
သူ၏သာမန်တိုက်ခိုက်မှုကပင် မှန်းဆမရနိုင်လောက်သော ဖျက်ဆီးခြင်းစွမ်းအားတို့ ပါဝင်သည်။ ရန်ဟောင်အဆင့်ရှစ် သို့မဟုတ် ယခုလေးတင် အဆင့်ကိုးသို့ တက်ရောက်နိုင်သွားသည့် ကျင့်ကြံသူတစ်ယောက်ကို မဆိုထားနှင့် မဟာလမ်းစဥ်နတ်ဘုရားကပ်ဘေး ပထမအဆင့်မှ ရှင်သန်နိုင်ခဲ့သည့်သူများသည်ပင် သူ၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရန် ခက်ခဲ၏။ တစ်စုံတစ်ယောက်က ၎င်းကို ခုခံနိုင်စွမ်းရှိလျှင်ပင် အဖိုးအခအနေဖြင့် ဒဏ်ရာအကြီးအကျယ် ရသွားနိုင်သည်။
သို့သော် ရီဖူရှင်းက သူ၏ တိုက်ခိုက်မှုကို တိုက်ရိုက်တားဆီးနိုင်စွမ်း ရှိနေသည်။ ၎င်းသည် ကျင့်ကြံခြင်းလောက၏ စည်းမျဥ်းများအားလုံးနှင့် ဆန့်ကျင်နေ၏။
အရောင်မဲ့ပင်လယ်၏ အကူအညီနှင့်ပင် အလွန်ကြီးမားသည့် ကွာခြားချက်ကို ညီမျှအောင် မလုပ်နိုင်ပေ။
ရီဖူရှင်းက မည်သို့ဖြစ်၍ ကွာခြားချက်ကို ပြင်ဆင်ဖြည့်ဆည်းနိုင်ရသနည်း။
ဖြစ်နိုင်ချေက တစ်ခုတည်းသာ ရှိသည်။ ရီဖူရှင်း၏ တိုက်ပွဲစွမ်းရည်က သူ ထင်ထားသည်ထက် ပို၍ သာလွန်နေပုံရ၏။
"ဒီအရှိန်အဝါ..."
သူတော်စင်ကျန်းချန်က ရီဖူရှင်း ထုတ်လွှတ်လိုက်သော ပြင်းထန်သည့် အရှိန်အဝါကို ခံစားမိသည်။ ထိုအချိန်တွင် ရီဖူရှင်းသည် သူ၏ အရှိန်အဝါကို ထပ်မံ ဖုံးကွယ်ထားခြင်းမရှိတော့ဘဲ အပြည့်အဝ ထုတ်လွှတ်လိုက်ပြီ ဖြစ်သည်။ သူ့ထံမှ ထုတ်လွှတ်လိုက်သည့်အရှိန်အဝါသည် ယခုမှ အဆင့်ကိုးသို့ ဝင်ရောက်လာသည့် တစ်စုံတစ်ယောက်နှင့် တူညီမနေပေ။
သူတော်စင်ကျန်းချန်သည် ရီဖူရှင်းပေါ်၌ နတ်ဘုရားကပ်ဘေးမှ ဖြတ်ကျော်နိုင်ခဲ့သည့် တစ်စုံတစ်ယောက်၏ အရှိန်အဝါကို အနည်းငယ် ခံစားမိသည်။
ဤသည်မှာ ရီဖူရှင်း၏ ခွန်အားအစစ်အမှန်က ယခုလေးမှ အဆင့်ကိုးသို့ ဝင်ရောက်လာသည့် တစ်စုံတစ်ယောက်ထက် သာလွန်နေသည်ဟု ဆိုလို၏။
"အရင်တုန်းက မင်းရဲ့ ကျင့်ကြံခြင်းခွန်အားကို ဖုံးကွယ်ထားခဲ့တာလား။"
သူတော်စင်ကျန်းချန်က ရီဖူရှင်းကို စိုက်ကြည့်ကာ မေးသည်။ အခြေအနေတစ်ခုလုံးက ထိန်းချုပ်မှုအောက်မှ လွတ်ထွက်သွားခဲ့ပြီ ဖြစ်သည်။
"ကျုပ် လိပ်ပြာတောင်ကုန်းမှာ နေနေခဲ့ပြီး အဲဒီမှာ ဗုဒ္ဓကျင့်ကြံသူတွေ အားလုံးလည်း ရှိနေခဲ့တယ်။ ဗုဒ္ဓအားလုံးအရှင်သခင်ကိုယ်တိုင်တောင် ပေါ်ထွက်လာသေးတာပဲ။ ကျုပ်က ကျုပ်ရဲ့ ကျင့်ကြံခြင်းကို ဖုံးကွယ်ထားနိုင်မယ်လို့ ထင်နေလား။"
ရီဖူရှင်းက သူတော်စင်ကျန်းချန်အား ထေ့ငေါ့သည့်အမူအရာနှင့် ကြည့်သည်။ ကျန်းချန်က ဗုဒ္ဓအားလုံးအရှင်သခင်နှင့် အခြားသော ဗုဒ္ဓအရှင်များရှေ့တွင် သူက တစ်ခုခုကို ဖုံးကွယ်ထားနိုင်မည်ဟု ထင်နေသည်လား။
မည်မျှ ကျိုးကြောင်းမဆီလျော်လိုက်သနည်း။
"ဒါဆို မင်းက တကယ်ပဲ ရန်ဟောင်အဆင့်ကိုးကို အခုလေးတင်မှ ချိုးဖျက်နိုင်ခဲ့တာပေါ့။ ဒါပေမယ့် ဘာလို့ မင်းဆီမှာ နတ်ဘုရားကပ်ဘေးကို ကျော်ဖြတ်နိုင်ခဲ့တဲ့ အရှိန်အဝါမျိုး ခံစားမိတာလဲ။"
သူတော်စင်ကျန်းချန်က သိချင်စိတ်ဖြင့် ရီဖူရှင်းကို စိုက်ကြည့်သည်။ ရီဖူရှင်းထံ၌ အခြားသော လျှို့ဝှက်ရတနာတို့ ရှိနေဆဲဖြစ်နိုင်သည်လား။
ရီဖူရှင်းက အချိန်တချို့ဆွဲနေခြင်းကို စိတ်ထဲမထားခဲ့ပေ။ သူက သူတော်စင်ကျန်းချန်ကို ပြန်ကြည့်ကာ ပြန်ဖြေလိုက်၏။
"ခင်ဗျားပြောတာ မမှားပါဘူး။"
ဤသည်က ဘာကို ဆိုလိုသနည်း။
သူတော်စင်ကျန်းချန်၏ မျက်လုံးများက စူးရှသွား၏။
ဤသည်မှာ နတ်ဘုရားကပ်ဘေးမှ ရှင်သန်လာနိုင်ခဲ့သည့် တစ်စုံတစ်ယောက်၏ အရှိန်အဝါ အမှန်တကယ် ဖြစ်သည်လား။
"နတ်ဘုရားကပ်ဘေး။"
သူတော်စင်ကျန်းချန်သည် အစောပိုင်းက ဆန္ဒခြောက်ပါးကောင်းကင်နှင့် အခြားနေရာများတွင် ဖြစ်ပွားခဲ့သည့် ကောလာဟလများကို အမှတ်ရသည်။ လျှို့ဝှက်ဆန်းကြယ်သည့် ကျင့်ကြံသူတစ်ယောက် နေရာအနှံ့၌ နတ်ဘုရားကပ်ဘေးကို ရင်ဆိုင်ခဲ့ပြီး ပျက်စီးခြင်းလမ်းစဥ်နယ်မြေအတွင်းတွင် အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့သည်ဟူသော အကြောင်းပင် ဖြစ်သည်။
နတ်ဘုရားကပ်ဘေးကို ရင်ဆိုင်တွေ့ကြုံခဲ့သည့်သူက ရီဖူရှင်း ဖြစ်နေသည်လား။
"ဆန္ဒခြောက်ပါးကောင်းကင်ထဲမှာ နတ်ဘုရားကပ်ဘေးကို ဖြတ်ကျော်ခဲ့တာ မင်းလား။"
သူတော်စင်ကျန်းချန်က ရီဖူရှင်းကို မယုံကြည်နိုင်စွာ စိုက်ကြည့်သည်။ အဆင့်ကိုးရန်ဟောင်က နတ်ဘုရားကပ်ဘေးကို ရင်ဆိုင်ခဲ့ရသည်လား။
သို့ဆိုလျှင် ရီဖူရှင်း၏ အရှိန်အဝါက မည်သည့်အတွက်ကြောင့် ထိုမျှ အစွမ်းထက်ရသနည်းဟူသောမေးခွန်းမှာ အဖြေပေါ်လာပြီ ဖြစ်သည်။
"ခင်ဗျားက ခန့်မှန်းတာတော်သားပဲ။"
ရီဖူရှင်းက လှောင်ထေ့ရင်း ပြောသည်။ သူက သူတော်စင်ကျန်းချန်ကို အမှန်ပြောရန် မစိုးရိမ်ပါ။ ယနေ့ သူတို့ထဲမှ တစ်ယောက်သာလျှင် အသက်ရှင်လျက် ထွက်သွားနိုင်ပေမည်။
ကြောက်မက်ဖွယ်ကောင်းလှသည့် တုန်ခါသံတို့ကို ကြားလိုက်ရပြီး အရောင်မဲ့ပင်လယ်က ဆူပွက်လာသည်။ ကု့ချင်းအသံအောက်တွင် အရောင်မဲ့ပင်လယ်အတွင်းမှ ဗုဒ္ဓအလင်းရောင်တို့က ရီဖူရှင်း၏ ခန္ဓာကိုယ်အတွင်းသို့ သွန်းလောင်း၏။ သူက မျက်လုံးများကို မှိတ်လိုက်၏။ သူ့ခန္ဓာကိုယ်တစ်ခုလုံးက ဗုဒ္ဓအလင်းတို့ဖြင့် လွှမ်းခြုံခံထားရကာ ဝင်းဝါ တောက်ပနေပြီး အရာအားလုံးထက် သန့်စင်မြင့်မြတ်နေပုံရလေသည်။
"ချိပ်ပိတ်။"
ရီဖူရှင်း၏ ပါးစပ်မှ စကားတစ်ခွန်း ထွက်ပေါ်လာပြီး ရုတ်တရက် အဆုံးမဲ့ ဗုဒ္ဓအလင်းတို့က ကျယ်ပြောသည့် နယ်မြေအတွင်း စုစည်းလာကာ ကြီးမားသည့် ဗုဒ္ဓတစ်ပါးအဖြစ် ပြောင်းလဲသွားသည်။ ၎င်းက ကမ်းရိုးတန်းဒေသတစ်ခွင်ကို လွှမ်းခြုံ၏။ ဤနေရာက ချိပ်ပိတ်ခံထားရသော အကြွင်းမဲ့ လေဟာနယ် နယ်မြေတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ဤနယ်မြေအတွင်း လမ်းစဥ်စွမ်းအားနှင့် နတ်ဘုရားအာရုံအပါအဝင် အရာအားလုံးက သီးခြားခွဲထုတ်ခံထားရသည်။ သူတော်စင်ကျန်းချန်က အမှန်တရားကို သိခဲ့လျှင်ပင် အပြင်သို့ သတင်းဖြန့်ရန် မဖြစ်နိုင်ပေ။ ဤလေဟာနယ်က အမှီအခိုကင်းသော ကိုယ်ပိုင်လောကတစ်ခု ဖြစ်သွား၏။
ဗုဒ္ဓအသံသည် လေဟာနယ်တစ်ခွင်တွင် လွှမ်းခြုံကာ ပဲ့တင်ထပ်နေသည်။ ကမ်းရိုးတန်းဒေသဝန်းကျင် ကောင်းကင်ထက်တွင် ဗုဒ္ဓများ ဝန်းရံနေ၏။ ရီဖူရှင်းက လက်များကို အုပ်ချီကာ မျက်လုံးများ တင်းကျပ်စွာ မှိတ်ထားရင်း ပင်လယ်ထက်တွင် ရပ်နေသည်။ သူက ထိုအခိုက်အတန့်တွင် ဤပင်လယ်၏ အရှင်သခင် ဖြစ်ပုံရလေသည်။
ယနေ့တွင် သူက ကျန်းချန်အား သတ်ဖြတ်ရန် အရောင်မဲ့ပင်လယ်ပြင်ကို အသုံးပြုပေမည်။