← Chapters

သင်္ဘောကြီးနှင့်ပတ်သက်သော ခန့်မှန်းချက်များနှင့် တိုက်ခိုက်ရေးနည်းစနစ်များ

Vol. 5 Ch. 75

သင်္ဘောကြီးနှင့်ပတ်သက်သော ခန့်မှန်းချက်များနှင့် တိုက်ခိုက်ရေးနည်းစနစ်များ

Vol. 5 Ch. 75

“နားလည်ပြီ။”

ကျန်းယွင်ထျန်းက ပြောလိုက်သည်။

“မင်းရဲ့ တည်နေရာ အတည်ပြုနိုင်တာနဲ့ ငါ အမြန်ဆုံး လာပြီးပူးပေါင်းမယ်။”

“ကောင်းပြီ။”

ရှောင်းယီသည် ဆုဝမ်နှင့် ယွမ်နွန်တို့ကိုလည်း သူနှင့် ကျန်းယွင်ထျန်းတို့၏ သုံးသပ်ချက်များကို ပြောပြလိုက်၏။

သူတို့နှစ်ဦးစလုံးမှာ အံ့အားသင့်သွားကြပြီး အခွင့်အရေးရသည်နှင့် ရှောင်းယီထံ အမြန်ဆုံး လာရောက်ပူးပေါင်းမည်ဟု ပြောလာခဲ့ကြသည်။

“အသက်ရှင်ရပ်တည်ရေး ဖိအားကနေ အခုမှ လွတ်မြောက်ခါစရှိသေးတယ်။ အခု ဒေသခံတွေ ပေါ်လာပြန်ပြီ။”

ဆုဝမ်က သက်ပြင်းချရင်း ပြောလိုက်သည်။

“ဒီနေရာက ငါတို့ကို တကယ် မကြိုဆိုပါလား။”

ရှောင်းယီသည်လည်း ကူကယ်ရာမဲ့နေခဲ့သည်။

“ဘာမှ မတတ်နိုင်ဘူးလေ။ တစ်လှမ်းချင်းစီ သွားကြရုံပဲ ရှိတော့တာပေါ့။”

ထိုအချိန်တွင် ယွမ်နွန်က စာပို့ကာ မေးမြန်းလာခဲ့သည်။

“မင်းရော၊ အရင်ကလူရော သင်္ဘောကြီးကို မြင်လိုက်တယ်။ ဒါပေမဲ့ နှစ်ယောက်စလုံး မြင်မြင်ချင်းမှာပဲ သင်္ဘောက ချက်ချင်း ပျောက်သွားတယ်ဆိုတာ ဘာလို့လဲ။”

ယုတ္တိဗေဒအရ သင်္ဘောကြီးတစ်စီးမှာ မျက်စိတစ်မှိတ်အတွင်း လုံးဝ ပျောက်ကွယ်သွားရန် မဖြစ်နိုင်ပေ။

ရှောင်းယီ မျက်မှောင်ကျုံ့ကာ အနည်းငယခ စဉ်းစားလိုက်၏။

“ဒါကိုတော့ ကျုပ်လည်း အသေအချာ မသိပေမဲ့ ခန့်မှန်းချက်တစ်ခုတော့ ရှိတယ်။”

ရှောင်းယီတွင် ခန့်မှန်းချက်ရှိသည်ဟု ဆိုသဖြင့် ယွမ်နွန်မှာ စိတ်ဝင်တစား နားထောင်ရန် ပြင်လိုက်သည်။

“ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရဲ့ အရင်က အချက်ပေးချက်တွေအရ ဒီနောက်ကွယ်မှာ ကြိုးကိုင်နေတဲ့ လက်မည်းကြီးတွေ ရှိနေတာ သေချာတယ်။”

ရှောင်းယီက ခဏကြာအောင် စဉ်းစားပြီးနောက် ဆက်ပြောလိုက်သည်။

“သူတို့ရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာ အခုထိ မသိရသေးပေမဲ့ သူတို့လုပ်နေတာက ကျုပ်တို့ရဲ့ ရှင်သန်မှု အခက်အခဲကို အဆက်မပြတ် မြှင့်တင်ပေးနေတာပဲ။”

“ဒါဆိုရင် ဒေသခံတွေ ပေါ်လာတာကလည်း အခက်အခဲကို မြှင့်တင်ဖို့ နည်းလမ်းတစ်ခု ဖြစ်မှာပေါ့။ ငါတို့လို အပြင်လူတွေနဲ့ ဒေသခံတွေကြား ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ မဟုတ်ဘူးလား။”

ယွမ်နွန်က ရှောင်းယီ၏ စကားကို ထောက်ခံကာ မေးလိုက်သည်။ ရှောင်းယီက ခေါင်းငြိမ့်လိုက်သည်။

“ဒါပေမဲ့ လက်ရှိ ကျုပ်တို့ရဲ့ အင်အားနဲ့ဆိုရင် ဒေသခံတွေကို ယှဉ်နိုင်ဖို့ဆိုတာ မလွယ်ကူဘူး။ အဲ့ဒါကြောင့် ဒီကမ္ဘာ့စည်းမျဉ်းတွေက အဲဒီဒေသခံတွေ ကျုပ်တို့ကို ရှာမတွေ့အောင်၊ ဒါမှမဟုတ် လောလောဆယ် ရှာခွင့်မရအောင် တားဆီးထားတာ ဖြစ်နိုင်တယ်။”

“ဆိုလိုတာက အဲ့ဒီသင်္ဘောကြီးကို ကမ္ဘာ့စည်းမျဉ်းတွေက တိုက်ရိုက် ဖျောက်ပစ်လိုက်တာလို့ မင်းပြောချင်တာလား။”

ယွမ်နွန် အံ့ဩတကြီး မေးလိုက်၏။

“ဖြစ်နိုင်ခြေ အရမ်းများတယ်။”

ရှောင်းယီက ဆိုသည်။

“ဒါ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။”

သင်္ဘောကြီးတစ်စီးကို ချက်ချင်း ပျောက်ကွယ်သွားအောင် လုပ်နိုင်သည့် စွမ်းအားမှာ အဘယ်နည်း။ ဤအချက်မှာ ယွမ်နွန်၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေပြီဖြစ်သည်။

ရှောင်းယီက ခေါင်းခါလိုက်၏။

“ဒါတွေက ကျုပ်ရဲ့ ခန့်မှန်းချက်တွေပါပဲ။ တကယ့်အခြေအနေက ဘာလဲဆိုတာ ဘယ်သူမှ အသေအချာ မပြောနိုင်ဘူး။ လောလောဆယ်တော့ ကိုယ့်အစွမ်းအစကို မြှင့်တင်ဖို့ပဲ ကြိုးစားကြတာပေါ့။”

သူ လက်ခံကိရိယာစက်၏ မျက်နှာပြင်ကို ထပ်ကြည့်လိုက်သော်လည်း သင်္ဘောကြီးမှာ ပေါ်မလာတော့ပေ။ ထို့နောက် ရှောင်းယီသည် S အဆင့်ရေသန့်စက်ဆီသို့ သွားကာ အသင့်ဖြစ်နေသော ရေသန့်ကို တစ်ငုံ သောက်ကြည့်လိုက်၏။ ထိုရေမှာ ချိုမြိန်သော စမ်းရေကဲ့သို့ အရသာရှိလှသည်။ သူ၏ ခန္ဓာကိုယ်ဆဲလ်များမှာ ထို S အဆင့် ရေကို စုပ်ယူရန် တက်ကြွနေသကဲ့ပင် ခံစားလိုက်ရသည်။

“အကျိုးသက်ရောက်မှုက A အဆင့်ထက် သိသိသာသာ ပိုကောင်းတာပဲ။”

ရှောင်းယီ ရေရွတ်လိုက်သည်။

ယခင်က A အဆင့်ရေကို သောက်လျှင် ထူးထူးခြားခြား မခံစားရတော့သော်လည်း S အဆင့်ရေကို သောက်လိုက်သောအခါ ရပ်တန့်နေသော သူ၏ ကိုယ်ခန္ဓာ ကြံ့ခိုင်မှုမှာ ပြန်လည် တိုးတက်လာခဲ့သည်။

အများသုံးချန်နယ်တွင်တော့ လူတိုင်း ရာသီဥတုအကြောင်းကို ညည်းတွားနေကြဆဲပင်။

“ဘယ်ကောင်က မနေ့က အေးတော့မယ်လို့ ပြောခဲ့တာလဲ။ အခု မနက် ၈ နာရီပဲ ရှိသေးတယ်။ အရမ်းပူနေပြီ။”

“ဟုတ်တယ်။ ဒီအနွေးထည်ကြီးက လုံးဝ အပိုပဲ။”

“ဒါဆိုရင် ငါ့ကိုရောင်း။ ငါက အနွေးထည် စုဆောင်းရတာ ဝါသနာပါတယ်။”

“ငါ အဲ့လောက်မတုံးသေးဘူးကွ။ မရောင်းဘူး။”

“ဒီလောက် ပူနေတာ သေတ္တာတွေ ဘယ်လို ဆယ်ရတော့မှာလဲ။ ငါ့ရိက္ခာတွေလည်း ကုန်တော့မယ်။”

“ငါဆိုရင် ဒီအပတ်လုံး အုတ်မြစ်ကျောက် တစ်တုံးမှ မရသေးဘူး။”

“အုတ်မြစ်ကျောက်အကြောင်း ပြောရရင် မနက်ဖြန်ဆို ကျွန်းက တစ်စတုရန်းမီတာ ထပ်မြုပ်တော့မှာ။ ငါ့မှာ ၃ ခုပဲ ကျန်တော့တယ်။ ထပ်မြုပ်ရင် ၂ ခုပဲ ကျန်တော့မှာ။ တစ်ယောက်ယောက် ကယ်ကြပါဦး။”

ရှောင်းယီသည် အများသုံးချန်နယ်ကို တစ်ချက်ကြည့်ပြီးနောက် သီးသန့်ချန်နယ်သို့ ပြောင်းလိုက်သည်။

“အစ်ကိုကျန်း ကျုပ်ကို သင်ပေးလို့ရမယ့် ခုခံကာကွယ်ရေး နည်းစနစ်တွေ ရှိမလား။”

ရှောင်းယီက ကျန်းယွင်ထျန်းထံ စာပို့လိုက်၏။ သူ၏ ကြံ့ခိုင်မှုမှာ တိုးတက်နေသော်လည်း တကယ့်တိုက်ပွဲတွင်မူ သူ၏ ခွန်အားကိုသာ သုံးတတ်သေးသည်။

“ရှိတာပေါ့။ အထူးတပ်ဖွဲ့သုံး စစ်ဘက်ဆိုင်ရာ တိုက်ခိုက်ရေးနည်းစနစ်တွေရှိတယ်။”

ကျန်းယွင်ထျန်းက ပြောလိုက်သည်။

“ခဏနေရင် ငါ သရုပ်ပြပေးမယ်။”

ထို့နောက် ကျန်းယွင်ထျန်းသည် သူ၏ တဲထဲတွင် နေရာလွတ်တစ်ခု လုပ်လိုက်ကာ သရုပ်ပြတော့သည်။ ကျွင်းကျွင်းကလည်း သူ၏ဖခင်နောက်မှ လိုက်ပါ လေ့ကျင့်နေခဲ့သည်။ နာရီဝက်ခန့်အကြာတွင် ကျန်းယွင်ထျန်း၏ သရုပ်ပြမှာ ပြီးသွားခဲ့ရာ သူ၏ ခြေရင်းတွင် ချွေးများမှာ အိုင်ထွန်းနေတော့သည်။

ရှောင်းယီက ချက်ချင်းပင် ဆားရည် ၁၀ လီတာ ပို့ပေးလိုက်၏။

“ကောင်းပြီ ခဏနားလိုက်ပါဦး။ ပင်ပန်းသွားပြီ။”

“ညနေကျရင် နောက်တစ်ခါ ပြန်ပြပေးမယ်။”

ကျန်းယွင်ထျန်းက ဆိုသည်။

“မလိုတော့ဘူး အစ်ကို။”

ရှောင်းယီက ပြန်ပြောလိုက်သည်။

“မလိုတော့ဘူးလား။ မင်း အကုန်မှတ်မိသွားပြီလား။”

ကျန်းယွင်ထျန်း မယုံနိုင်ဟန်ဖြင့် မေးလိုက်သည်။

“ဟုတ်တယ်၊ မှတ်မိသွားပြီ။ ငါ တစ်ခေါက်လောက် လုပ်ပြမယ်။ မင်း ကြည့်ပေးပါဦး။”

ထို့နောက် ရှောင်းယီသည် ကျောက်တိုင်ရှေ့တွင် စတင် လေ့ကျင့်ပြလိုက်ရာ သူ၏ လှုပ်ရှားမှုများမှာ ချောမွေ့ကာ စံချိန်စံညွှန်းအတိုင်း ဖြစ်နေခဲ့သည်။ ယခုမှ စတင်သင်ယူသူနှင့် လုံးဝ မတူပေ။

“မင်း ဒါကို အရင်က သင်ဖူးတာလား။”

ကျန်းယွင်ထျန်း အံ့ဩသွားသော်လည်း ရှောင်းယီကဲ့သို့ သာမန်လူတစ်ယောက်အနေဖြင့် အထူးတပ်ဖွဲ့နည်းစနစ်များကို မည်သို့ သိနိုင်မည်နည်းဟု ပြန်တွေးလိုက်မိသည်။

ရှောင်းယီက ခေါင်းခါရင်း ဖြေလိုက်သည်။

“မသင်ဖူးပါဘူး။ အစ်ကို ခုနကပဲ တစ်ခေါက် ပြလိုက်တာ မဟုတ်ဘူးလား။”

“အာ...”

ကျန်းယွင်ထျန်း ဆွံ့အသွားခဲ့သည်။

တစ်ခါပြရုံနှင့် တတ်သွားသည်လား။ သူ့တုန်းက ရှောင်းယီ၏ ကျွမ်းကျင်မှုအဆင့်သို့ ရောက်ရန် တစ်နှစ်ခန့် ကြိုးစားခဲ့ရသည် မဟုတ်ပါလော။

ရှောင်းယီကဲ့သို့ ထူးခြားဆန်းပြားသူတစ်ဦးကို သာမန်လူတစ်ယောက်၏ အမြင်ဖြင့် ကြည့်၍ မရနိုင်ကြောင်း ကျန်းယွင်ထျန်း နားလည်သွားတော့သည်။

All Chapters