ပစ္စည်းအဆင့်မြှင့်တင်ခြင်းကတ်နှင့် အမှန်တကယ်ရှိနေသော သင်္ဘောကြီး
Vol. 5 Ch. 74
ရှောင်းယီသည် တစ်စုံတစ်ယောက်က သူတို့၏ရှင်သန်မှုကို စောင့်ကြည့်နေသည်ဟူသော ကြောက်မက်ဖွယ်အတွေးကို ခေါင်းယမ်းကာ ဖယ်ထုတ်ပစ်လိုက်၏။
အကယ်၍ တစ်စုံတစ်ယောက်က အမှန်တကယ်စောင့်ကြည့်နေသည်ဆိုပါက ထိုသူတို့သည် ကိုယ်ပိုင်အစွမ်းအစရော နည်းပညာပိုင်းမှာပါ အလွန်အစွမ်းထက်သူများ ဖြစ်ရပေမည်။ အစွမ်းမထက်ဘဲနှင့် ဤကဲ့သို့သော ကမ္ဘာ့စည်းမျဉ်းများကို မည်သို့ ဒီဇိုင်းထုတ်နိုင်ပါမည်နည်း။
ဤကဲ့သို့ ကမ္ဘာ့စည်းမျဉ်းများကို သတ်မှတ်နိုင်သော အစွမ်းထက်ပုဂ္ဂိုလ်များ၏ ရှေ့မှောက်တွင် မိမိသည် လမ်းဘေးမှ ပုရွက်ဆိတ်တစ်ကောင်နှင့်သာ တူနေပေလိမ့်မည်။ ထို့ကြောင့် လောလောဆယ် ရှင်သန်နိုင်ဖို့ကိုသာ အာရုံစိုက်ရပေမည်။
ကျန်းယွင်ထျန်း၏ မနက်စာအတွက် ရှောင်းယီသည် A အဆင့် နွားနို့ အပိုအချို့ ထည့်ပေးလိုက်ပြီး စာပို့လိုက်သည်။
“နွားနို့တွေ အများကြီးရှိနေတော့ ကုန်အောင် မသောက်နိုင်တော့ဘူး။ ကျွင်းကျွင်းကလည်း ဖွံ့ဖြိုးဆဲအရွယ်ဆိုတော့ များများ တိုက်လိုက်ပါ။”
“အင်း ကျေးဇူးတင်ပါတယ်။”
ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။
မနက်စာစားပြီးနောက် ရှောင်းယီသည် ရေတစ်ခေါက်ချိုးကာ အဝတ်အစားလဲလိုက်ပြီး “စနစ် လက်မှတ်ထိုးဝင်မယ်” ဟု အမိန့်ပေးလိုက်တော့သည်။
“လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ရရှိသော ဆုလာဘ် - ပစ္စည်းအဆင့်မြှင့်တင်ခြင်းကတ်။”
“ပစ္စည်းအဆင့်မြှင့်တင်ရေးကတ်: မည်သည့်ပစ္စည်းကိုမဆို တစ်ဆင့် မြှင့်တင်ပေးနိုင်သည်။”
ဤကတ်၏ ဖော်ပြချက်မှာ ရိုးရှင်းသော်လည်း ရှောင်းယီကို အလွန်အမင်း ပျော်ရွှင်သွားစေခဲ့သည်။
ယခု မေးခွန်းမှာ မည်သည့်ပစ္စည်းကို အဆင့်မြှင့်ရမလဲ ဆိုသည်ကိုပင်။
ရှောင်းယီသည် သာမန်အဆင့် (အဆင့် D) ရှိသော ပစ္စည်းများကို အရင်ဆုံး ပယ်ထားလိုက်သည်။ D အဆင့်မှ C အဆင့်သို့ မြှင့်တင်ရန်အတွက် ဤကဲ့သို့သော အဆင့်မြင့်ကတ်ကို အသုံးပြုခြင်းမှာ နှမြောစရာကောင်းလှသည်။
အနည်းဆုံးတော့ A အဆင့်သို့မဟုတ် ထိုထက်မြင့်သော ပစ္စည်းများတွင် သုံးမှသာ ထိုက်တန်ပေလိမ့်မည်။
အလိုအလျောက် ငါးဖမ်းပိုက် (SS): အဆင့်မြင့်နေပြီဖြစ်၍ ထပ်မံမြှင့်တင်လျှင်လည်း ကိုယ့်အတွက် ထူးခြားသော တိုးတက်မှု မရှိနိုင်။
အလိုအလျောက် အိမ်သာ (SS အဆင့်): အလားတူပင်၊ မြှင့်ရန် မလိုသေး။
အသေးစားရေဒါထောက်လှမ်းရေးစက် (SSအဆင့်): လောလောဆယ် လုံလောက်နေပြီ။
မိမိ၏ ပစ္စည်းများကို တစ်ချက်ဝေ့ကြည့်ပြီးနောက် ရှောင်းယီ ဆုံးဖြတ်ချက်ချလိုက်သည်။
“A အဆင့်ရေသန့်စက်ကို အဆင့်မြှင့်မယ်။”
ရေသန့်မှာ ရှောင်းယီ နေ့တိုင်းသောက်နေရသောအရာ ဖြစ်ပြီး အဆင့်မြင့်ရေများမှာ ခန္ဓာကိုယ်ကြံ့ခိုင်မှု၊ မျိုးစေ့များ ရှင်သန်မှုနှုန်း စသည်တို့ကို တိုးတက်စေသော အစွမ်းသတ္တိများ ရှိပေသည်။ ရေသန့်စက်ကို အဆင့်မြှင့်တင်ခြင်းက သူ၏စွမ်းအားနှင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက် သေချာပေါက် အကျိုးရှိမည်ဖြစ်သည်။
သူကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့သို့ ရောက်လာသောအခါ အချက်ပေးစာတစ်ခု ထွက်ပေါ်လာခဲ့သည်။
“သင့်ထံတွင် ပစ္စည်းအဆင့်မြှင့်တင်ခြင်းကတ် ရှိနေသည်ကို တွေ့ရှိရပါသည်။ အဆင့်မြှင့်လိုသော ပစ္စည်းကို ရွေးချယ်ပါ!”
“A အဆင့်ရေသန့်စက်။”
“အသုံးပြုမှု အောင်မြင်ပါသည်။ ရေသန့်စက်အား A အဆင့်မှ S အဆင့်သို့ မြှင့်တင်လိုက်ပါပြီ။”
[ရေသန့်စက် (S အဆင့်): ပင်လယ်ရေကို ရေသန့်အဖြစ် ပြောင်းလဲပေးသည်။ ပင်လယ်ရေ လုံလောက်စွာ ထောက်ပံ့နိုင်ပါက တစ်နာရီလျှင် ၁၆၀ မီလီလီတာ ထုတ်လုပ်ပေးနိုင်သည်။ ပင်လယ်ရေ ၅၀၀၀ မီလီလီတာ ဆံ့ပြီး၊ ရေသန့် ၄၀၀၀ မီလီလီတာ သိုလှောင်နိုင်သည်။ ရေပိုက်နှင့် ချိတ်ဆက်နိုင်သော်လည်း လက်ဖြင့် ခလုတ်ဖွင့်/ပိတ်ရန် လိုအပ်သည်။]
အဆင့်မြှင့်တင်လိုက်သောကြောင့် ထုတ်လုပ်မှုနှုန်းနှင့် ဆံ့ဝင်မှုမှာ နှစ်ဆ တိုးသွားခဲ့၏။ ထို့အပြင် ရေကို ကိုယ်တိုင်လိုက်ဖြည့်နေစရာ မလိုတော့ဘဲ ရေပိုက်နှင့် ချိတ်ကာ လိုအပ်မှ ဖွင့်/ပိတ် လုပ်ရုံသာဖြစ်၍ ပိုမိုအဆင်ပြေသွားခဲ့သည်။
“S အဆင့်ရေသန့်က ဘယ်လိုအရသာရှိမလဲ မသိဘူး။”
ရှောင်းယီ ရေရွတ်လိုက်မိသည်။ သို့သော် ရေများ သန့်စင်ပြီးမှသာ မြည်းစမ်းကြည့်နိုင်မည်ဖြစ်သည်။
ကြက်ခြံနှင့် နွားခြံများတွင် အစာကျွေးပြီးနောက် ရှောင်းယီသည် ငါးဖမ်းပိုက်ကို ရိက္ခာသေတ္တာများဖမ်းရန် ပြောင်းလဲသတ်မှတ်ကာ တိုက်ခန်းထဲသို့ အမြန်ပြန်ပြီး ဝင်ပုန်းလိုက်ရသည်။ မနက် ၈ နာရီကျော်သည်နှင့် အပြင်မှာ နေစရာ မရှိတော့အောင် ပူလာခြင်း ဖြစ်သည်။
ယခုအခါ လူတိုင်းမှာ နေ့ဘက်တွင် ပုန်းအောင်းပြီး ညနေစောင်းမှ အလုပ်ထွက်လုပ်သော ဘဝပုံစံကို ကျင့်သားရနေကြပြီဖြစ်သည်။
“အရမ်းပူတာပဲ။”
“ဘယ်သူက မင်းကို အစောကြီးထခိုင်းလို့လဲ။ ငါဆို မနေ့က သန်းခေါင်ကျော်အထိ ပိုက်ပစ်ထားလို့ အခုထိ အိပ်နေတုန်းပဲ။”
“ခဏလေး အဲ့ဒီလောက်အကြာကြီး ပိုက်ပစ်ထာစတာ ဘာရခဲ့လဲ။”
“ရတာပေါ့။ ၅၀၀ ဂရမ်ရှိတဲ့ ငါးအသေးလေး တစ်ကောင်လေ။”
“ဝိုး မင်း တကယ်တော်တာပဲ။ ငါးတောင် ရလာသေးတယ်။”
“တော်တာလား။ ငါ့မှာတော့ ပင်ပန်းလွန်းလို့ သေတော့မယ်။ အဲ့ဒီငါးက သွားကြားထိုးဖို့တောင် မလောက်ဘူး။”
ရှောင်းယီသည် အေးမြသော အဲကွန်းအောက်တွင် အနားယူရင်း ရေဒါထောက်လှမ်းရေးစက်၏ လက်ခံကိရိယာကို ယူကာ ပျင်းပျင်းရှိသည်နှင့် ကျွန်းပတ်ပတ်လည်ရှိ ရိက္ခာသေတ္တာ အမှတ်အသားများကို ကြည့်နေမိသည်။ သူသည် မနေ့ညက ညသန်းခေါင်အထိ အလုပ်မလုပ်ခဲ့ရသဖြင့် ယခု အားအင်ပြည့်ဝနေပြီး အိပ်ချင်စိတ် မရှိပေ။
“ဟမ်...”
ရုတ်တရက် ရေဒါစကင်ဖတ်စက်၏ အစွန်းဘက်မှ အနီရောင်အစက်တစ်ခု ထွက်ပေါ်လာခဲ့သည်။
ရှောင်းယီ ချက်ချင်း ထထိုင်လိုက်၏။
“ငါ့ဆီကို တစ်ယောက်ယောက် ထပ်ရောက်လာပြန်ပြီလား။”
ရေဒါမျက်နှာပြင်ကို ချဲ့ကြည့်လိုက်သောအခါ ၎င်းမှာ အလတ်စား ရွက်သင်္ဘောတစ်စီး ဖြစ်နေပြီး ရေဒါပုံရိပ်အရ သင်္ဘောပေါ်တွင် လူအများအပြား ပါလာသည်ကို တွေ့လိုက်ရသည်။
“လူတွေ များလှချည်လား။”
ရှောင်းယီ မျက်မှောင်ကျုံ့လိုက်သည်။
“ဒါပေမဲ့ ဘာလို့ သူတို့က သားရေအင်္ကျီတွေ ဝတ်ပြီး ခေါင်းမှာ ငှက်မွှေးတွေ စိုက်ထားကြတာလဲ။”
ထိုလူများ၏ ဝတ်စားဆင်ယင်မှုမှာ အလွန်ထူးဆန်းနေပြီး ရှောင်းယီ၏ ကမ္ဘာဟောင်းမှ လူများနှင့် လုံးဝ မတူပေ။
“သူတို့က ဒီကမ္ဘာက ဒေသခံတွေများလား။”
ရှောင်းယီ ရေရွတ်ရင်း စိုးရိမ်လာခဲ့သည်။ အကယ်၍ သူတို့သည် ဒေသခံများ ဖြစ်နေပါက အခက်တွေ့ပေလိမ့်မည်။ သူတို့တွင် လူအင်အား အများအပြား ရှိနိုင်ပြီး ပဋိပက္ခဖြစ်လာပါက သူတစ်ယောက်တည်းဖြင့် အရာအားလုံးကို ကာကွယ်နိုင်ရန်မှာ ခက်ခဲပေလိမ့်မည်။
အထူးသဖြင့် ဤကျွန်းပေါ်တွင် ရှောင်းယီ၏ ပင်ပန်းကြီးစွာ တည်ဆောက်ထားသော အရာများစွာ ရှိနေသည် မဟုတ်ပါလား။
ထိုအလတ်စား ရွက်သင်္ဘောမှာ သူ၏ကျွန်းရှိရာသို့ တည့်တည့် ဦးတည်လာနေခဲ့သည်။
“ငါ ဘာလုပ်ရမလဲ။”
ရှောင်းယီ နည်းလမ်းရှာရန် ကြိုးစားနေစဉ်မှာပင်...
ရုတ်တရက် ထိုအနီစက်မှာ ရေဒါမျက်နှာပြင်ပေါ်မှ ပျောက်ကွယ်သွားတော့သည်။
“ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။”
ရှောင်းယီ မှင်တက်သွား၏။
“ခုနက သင်္ဘောတစ်စီးကို ငါ အထင်အရှား မြင်လိုက်တာလေ။ ဘယ်လိုဖြစ်လို့ ရုတ်တရက် ပျောက်သွားရတာလဲ။”
ထိုအချိန်တွင် ရှောင်းယီသည် သင်္ဘောကြီးတစ်စီးကို မြင်ခဲ့သည်ဟု ပြောဖူးသော အသက်ရှင်ကျန်ရစ်သူတစ်ဦးကို သတိရသွားခဲ့သည်။ ထိုစဉ်က မည်သူမျှ မယုံခဲ့ကြပေ။
“အဲ့ဒါကလည်း ဒီလို သင်္ဘောမျိုးပဲလား။”
ရှောင်းယီ ရေရွတ်လိုက်မိသည်။
“ဒီကမ္ဘာကြီးက ပိုပိုပြီး ရှုပ်ထွေးလာပြီပဲ။”
ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ သွားကာ ဆုဝမ်နှင့် အခြားနှစ်ဦးထံသို့ စာပို့လိုက်သည်။
“မင်းတို့ သင်္ဘောကြီးတစ်စီးကို မြင်မိကြသေးလား။”
“ဟမ်...မမြင်ပါဘူး။ ငါ့နားမှာတော့ နေ့တိုင်း ရိက္ခာသေတ္တာတွေပဲ ရှိတယ်။”
ဆုဝမ်က ပြန်ဖြေလာခဲ့သည်။
“မမြင်မိဘူး။”
ယွမ်နွန်ကလည်း ပြောလာခဲ့သည်။
“မမြင်ဘူး၊ ဘာဖြစ်လို့လဲ။”
ကျန်းယွင်ထျန်းက ပြန်မေးလိုက်သည်။
“ငါ ဒီမှာ သင်္ဘောကြီးတစ်စီး မြင်လိုက်တယ်။ ဒါပေမဲ့ ခဏလေးအတွင်းမှာတင် ပြန်ပျောက်သွားတယ်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။ ကျန်းယွင်ထျန်း ခဏမျှ ကြက်သေသေသွားခဲ့သည်။
“အရင်ကလည်း သင်္ဘောကြီးတစ်စီး မြင်တယ်လို့ ပြောတဲ့လူ တစ်ယောက်ရှိခဲ့ဖူးတယ်။ သူ ခဏလေး ခေါင်းငုံ့လိုက်ပြီး ပြန်အကြည့်မှာတင် ပျောက်သွားလို့ လူတွေက သူ လိမ်ပြောနေတာလို့ ထင်ခဲ့ကြတာ။ မင်းမြင်လိုက်တာလည်း အဲဒီသင်္ဘောမျိုးများလား။”
“ငါလည်း အဲဒါကို သံသယဝင်နေတာ။”
ရှောင်းယီက ဆက်ပြောလိုက်သည်။
“ပြီးတော့ အဲဒီသင်္ဘောက ငါတို့ အသက်ရှင်ကျန်ရစ်သူတွေ လုပ်ထားတဲ့ သင်္ဘော မဟုတ်ဘူးလို့ ငါထင်တယ်။”
“ဘာကို ဆိုလိုတာလဲ။”
ကျန်းယွင်ထျန်း မျက်မှောင်ကြုတ်လိုက်သည်။
“သင်္ဘောပေါ်ကလူတွေက သားရေတွေဝတ်ပြီး ခေါင်းမှာ ငှက်မွှေးတွေ စိုက်ထားတာကို ငါ မြင်လိုက်ရတယ်။ သူတို့က ဒီကမ္ဘာက ဒေသခံတွေ ဖြစ်ဖို့ များတယ်။”
“ဘာ...။ ဒီမှာ ဒေသခံတွေ ရှိနေတာလား။”
ကျန်းယွင်ထျန်းလည်း အံ့ဩသွားခဲ့၏။ရှောင်းယီက ခေါင်းငြိမ့်ပြလိုက်သည်။
“ဟုတ်တယ် ပြီးတော့ လူဦးရေလည်း မနည်းဘူး။”
ကျန်းယွင်ထျန်းသည် ရှောင်းယီ၏ စကားကို သံသယမဝင်ပေ။ သို့သော် သူက စိုးရိမ်တကြီး ပြောလိုက်သည်။
“အကယ်၍ အဲ့ဒီဒေသခံတွေသာ ငါတို့ကို ရှာတွေ့သွားခဲ့ရင် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အတူယှဥ်တွဲနေထိုင်ဖို့ဆိုတာ မလွယ်လောက်ဘူး။”
“ငါလည်း အဲဒီလိုပဲ ထင်တယ်။ အဲ့ဒါကြောင့် အခု ငါတို့က ရှင်သန်ဖို့တင် မဟုတ်ဘဲ ကာကွယ်ရေး အင်အားကိုလည်း မြှင့်တင်ရတော့မယ်။”
“အကောင်းဆုံးကတော့ ငါတို့ အတူတူ ပေါင်းစည်းနိုင်ဖို့ပဲ။”
ကျန်းယွင်ထျန်းက အကြံပြုလိုက်သည်။
“မှန်တယ်။”
ရှောင်းယီ ပြန်ဖြေလိုက်သည်။ သူသည် ယခုအခါ ဆုဝမ်နှင့် အခြားသူများကို သူ၏ကျွန်းပေါ်သို့ အမြန်ဆုံး ရောက်လာစေချင်စိတ် ပိုမို ပြင်းပြလာတော့သည်။