ဝံပုလွေသားက အရမ်းအရသာဆိုးတယ်နှင့် သားရေနယ်စက်၏ အခန်းကဏ္ဍ
Vol. 5 Ch. 73
“အပေါ်က စကားပြောတဲ့လူက ဟိုသူဌေးရဲ့ဘက်တော်သားပဲ ဖြစ်ရမယ်။ ‘လူယုတ်မာ’ ဆိုတဲ့ စကားလုံးကို ဒီလောက် လတ်လတ်ဆတ်ဆတ်နဲ့ ထူးထူးခြားခြား သုံးနှုန်းနိုင်တာကို တကယ် အထင်ကြီးမိတယ်။”
“ဟုတ်တယ်။ မင်းဘာသာ သူဌေးပဲ ဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ် ငါလည်း မင်းကို ဆဲနေမှာပဲ။”
“သူ့ကို သေအောင်သာ ကျိန်ဆဲကြစမ်းပါ။ နောက်ဆို မျက်နှာမပြရဲအောင်လို့။”
အစောပိုင်းက စကားပြောခဲ့သူမှာ ထိုအားယားနေသော လူများနှင့် အခြေအတင် ငြင်းခုံရန် အစီအစဉ် လုံးဝမရှိပေ။ ရှောင်းယီမှာလည်း ထိုလူများအတွက် အချိန်ဖြုန်းရန် အကြောင်းမရှိပေ။
သူသည် တိုက်ခန်းပြင်သို့ ထွက်လာပြီး အလိုအလျောက် ငါးဖမ်းပိုက်ကို အမျိုးအစားမရွေး ဖမ်းဆီးရန် သတ်မှတ်လိုက်ပြီးနောက် အနားယူရန် တိုက်ခန်းထဲသို့ ပြန်ဝင်လာခဲ့သည်။
ဒီမှာက ဖျော်ဖြေရေးဆိုတာ မရှိတော့ အစောကြီး အိပ်ပြီး မနက်ဖြန် အစောကြီး ထတာက အကောင်းဆုံးပဲ။
သူသည် တံခါးနှင့် ပြတင်းပေါက်အားလုံးကို ပိတ်လိုက်ရာ ပြင်ပမှ ဆူညံသံများနှင့် လုံးဝ ကင်းဝေးသွားခဲ့၏။ မကြာမီမှာပင် ရှောင်းယီသည် အိပ်မက်ကမ္ဘာထဲသို့ ရောက်ရှိသွားတော့သည်။
နောက်တစ်နေ့တွင် ရှောင်းယီသည် သူ့ဘာသာ နိုးလာခဲ့ပြီးနောက် အပြင်ဘက်မှ ဝမ်ချိုင်၏ အရေးပေါ် ဟောင်သံကို ရုတ်တရက် ကြားလိုက်ရလေသည်။
“တောဝက်တွေ ထပ်ရောက်လာပြန်ပြီလား။”
ရှောင်းယီက တိုးတိုးလေး ရေရွတ်လိုက်သည်။ ဝမ်ချိုင်၏ ဟောင်သံမှာ မနေ့ကကဲ့သို့ပင် စိုးရိမ်ပူပန်မှုများ အပြည့်ပါနေသည်ကို သူ သတိထားမိလိုက်သည်။
ယခုတစ်ခေါက်တွင် ရှောင်းယီသည် မည်သည့်လက်နက်မှ မယူဘဲ တိုက်ရိုက် ပြေးထွက်သွားခဲ့၏။
ဝမ်ချိုင်ရှိရာ နေရာသို့ ရောက်သောအခါ ဝမ်ချိုင်သည် ဝံပုလွေ ၆ ကောင်နှင့် ရင်ဆိုင်နေရသည်ကို တွေ့လိုက်ရလေသည်။
“မနေ့က တောဝက်တစ်ကောင်၊ ဒီနေ့တော့ ဝံပုလွေ ၆ ကောင်။ ဒီတောအုပ်က ငါ့အပေါ် တကယ်ကို စေတနာ ထက်သန်နေတာပဲ။”
ရှောင်းယီ ရေရွတ်ရင်း ဝံပုလွေအုပ်ထဲသို့ အားရပါးရ ပြေးဝင်သွားတော့သည်။
ဝံပုလွေများသည် ရှောင်းယီ ပြေးလာသည်ကို မြင်သော်လည်း လုံးဝ မကြောက်ရွံ့ကြပေ။ ထို့ပြင် ရှောင်းယီကို တစ်ပြိုင်တည်း ဝိုင်းအုံ တိုက်ခိုက်ကြတော့သည်။
ဝံပုလွေတစ်ကောင်သည် ၎င်း၏ပါးစပ်ကြိးကို ဟကာ ရှောင်းယီ၏ လည်ပင်းကို ခုန်ဟပ်လိုက်၏။
ရှောင်းယီက အနည်းငယ် ပြုံးလိုက်သည်။
“မနေ့က တောဝက်ထက်တော့ နည်းနည်း ပိုမြန်သားပဲ။ ဒါပေမဲ့ မလုံလောက်သေးဘူးကွ။”
ပြောပြီးသည်နှင့် ရှောင်းယီသည် ဘေးသို့ ရှောင်တိမ်းလိုက်ပြီး ထိုဝံပုလွေ၏ လည်ပင်းကို အားရပါးရ လက်သီးဖြင့် ထိုးချလိုက်သည်။
“ဂျွတ်”
အရိုးအက်ကွဲသံကြီးနှင့်အတူ ဝံပုလွေမှာ ရှောင်းယီ၏ လက်သီးချက်ကြောင့် လွင့်ထွက်သွားကာ မြေပြင်ပေါ်တွင် အကြိမ်အနည်းငယ် လိမ့်သွားပြီးနောက် ငြိမ်ကျသွားတော့သည်။
ဝမ်ချိုင်သည်လည်း ရှေ့တက်သွားကာ နောက်ထပ် ဝံပုလွေတစ်ကောင်၏ လည်ပင်းကို ကိုက်ချလိုက်၏။ ထိုဝံပုလွေမှာ တုံ့ပြန်ချိန်ပင် မရလိုက်ဘဲ ဝမ်ချိုင်၏ ကိုက်ချက်ကြောင့် လည်ပင်းကျိုးကာ ချက်ချင်း သေဆုံးသွားခဲ့သည်။
ရှောင်းယီသည် ဝံပုလွေတစ်ကောင်ကို ထိုးထုတ်လိုက်ပြီးနောက် ကျန်ရှိသော ၄ ကောင်မှာလည်း အနားသို့ ရောက်လာပြီဖြစ်ရာ သူသည် ၎င်းတို့ကို ၄ ချက် ဆက်တိုက် ကန်ထုတ်လိုက်လေသည်။
ဝံပုလွေ ၄ ကောင်လုံး နောက်သို့ လွင့်ထွက်သွားကာ မြေပြင်ပေါ်သို့ ပြုတ်ကျ၍ သေဆုံးသွားကြတော့လေသည်။
သေဆုံးနေသော ဝံပုလွေ ၆ ကောင်ကို ကြည့်ရင်း ရှောင်းယီ ရေရွတ်လိုက်မိသည်။
“ဝံပုလွေသားက စားလို့ကောင်းမလား မသိဘူး။”
သူသည် ဝံပုလွေအလောင်းများကို ဆွဲယူလာပြီး အရေခွံကို သေချာ ခွာလိုက်သည်။
“နောက်ဆုံးတော့ သားရေနယ်စက်ကို သုံးလို့ရပြီ။”
ရှောင်းယီသည် ဝံပုလွေသားရေ အားလုံးကို စက်ထဲ ထည့်လိုက်၏။
မကြာမီမှာပင် ပြုပြင်ပြီးသား ဝံပုလွေသားရေများကို သူ ရရှိခဲ့သည်။ ၎င်းတို့မှာ အလွန်နူးညံ့ပြီး အနံ့အသက် လုံးဝ မရှိပေ။ ရှောင်းယီကို အံ့ဩစေသည်မှာ သားရေပေါ်ရှိ အမွှေးအမျှင်များမှာလည်း မပျက်မစီး ကျန်ရှိနေပြီး နူးညံ့နေခြင်းပင်။
“ဒီသားရေနယ်စက်က တကယ်ကို မဆိုးဘူးပဲ။”
ရှောင်းယီက ရေရွတ်လိုက်မိသည်။
“ဒီလိုဆိုရင် ငါ ဝံပုလွေသားရေ အင်္ကျီ ၆ ထည်လောက် ချုပ်လို့ရပြီ။ အပ်နဲ့ အပ်ချည် မရှိတာကတော့ နှမြောစရာပဲ။”
ရှောင်းယီသည် ဝံပုလွေသား အနည်းငယ်ကို အကင်လုပ်ကာ မြည်းစမ်းကြည့်လိုက်၏။
“အု... ဒါက ဘာတွေလဲ။ အသားက ကြမ်းတမ်းပြီး အရသာကလည်း ဆိုးလိုက်တာ။”
ရှောင်းယီက ချက်ချင်း ထွေးထုတ်လိုက်သည်။
ဝံပုလွေသားများကို ကြည့်ရင်း ရှောင်းယီသည် အနည်းငယ်စဉ်းစားလိုက်၏။
“အလကားတော့ အဖြစ်မခံနိုင်ဘူး။ ဈေးပေါပေါနဲ့ပဲ ရောင်းလိုက်တော့မယ်။”
သူသည် ဝံပုလွေသားများကို ၁ ကီလိုဂရမ်စီ အထုပ်လေးများ ပြုလုပ်ကာ ဈေးကွကခတွင် တင်သွင်းလိုက်တော့သည်။
“[ဝံပုလွေသား] ၁ ကီလိုဂရမ် - အခြေခံ အရင်းအမြစ် အမျိုးမျိုးနှင့် လဲလှယ်မည်။ မှတ်ချက်- ဝံပုလွေသားမှာ ကြမ်းတမ်းပြီး အရသာမကောင်းပါ။ အကယ်၍ စိတ်အနှောင့်အယှက်ဖြစ်ပါက မဝယ်ပါနှင့်။”
ထိုအရောင်းအဝယ် စာရင်းတက်လာသည်နှင့် လူတိုင်း အံ့အားသင့်သွားခဲ့ကြသည်။
“ဝံပုလွေသားလား။ ဝံပုလွေက ဘယ်ကနေ ရောက်လာတာလဲ။”
“ဟုတ်တယ်။ ငါတို့ကျွန်းတွေပေါ်မှာ လူတွေပဲ ရှိတာ မဟုတ်ဘူးလား။ တခြား တိရစ္ဆာန်တွေက ဘယ်မှာလဲ။”
“သူဌေးက လှေနဲ့ ပင်လယ်ထဲထွက်ပြီး တခြားကျွန်းတွေကို ရှာတွေ့သွားတာများလား။”
“အို အဲ့ဒါ တကယ် ဖြစ်နိုင်တယ်။”
“သူဌေးကို ရှိခိုးကိုးကွယ်ပါတယ်။ ကျုပ်တို့မှာတော့ ကျွန်းပေါ်မှာ အသက်ရှင်နိုင်ဖို့ ရုန်းကန်နေရတုန်းရှိသေးတယ်။ သူဌေးက တခြားကျွန်းတွေအထိ သွားပြီး ဝံပုလွေတွေကိုတောင် အမဲလိုက်နေပြီ။”
“ဒါပေမဲ့ ဝံပုလွေဆိုတာ အအုပ်အသင်းနဲ့ နေတာလေ။ သူဌေးက ဘယ်လိုများ ကိုင်တွယ်လိုက်တာလဲ။”
“သူဌေးမှာ သေနတ် ရှိနေပြီ ထင်တယ်။ မဟုတ်ရင် ဝံပုလွေအုပ်ကို ဘယ်လိုလုပ် အနိုင်ယူနိုင်မှာလဲ။”
“ဟုတ်လောက်တယ်။ သူဌေးရဲ့ ဘဝကို တကယ် အားကျမိတယ်။ ဝံပုလွေသားလေးနည်းနည်းလောက် လဲလှယ်ပြီး အဲ့ဒီအရသာကို ခံစားကြည့်ဦးမှပါ။”
“ညီအစ်ကို မင်း အဲ့ဒီဝံပုလွေသားတွေကို တကယ် လဲမလို့လား။ မှတ်ချက်ကို မမြင်ဘူးလား။ အရသာ မကောင်းဘူးတဲ့။”
“အရသာ ကောင်း၊ မကောင်း ဘယ်သူက ဂရုစိုက်မှာလဲ။ စားစရာရှိဖို့က အဓိကပဲ။ ငါ့မှာ အခြေခံ ကုန်ကြမ်းတွေပဲ ရှိတာ။ ဒါလေးနဲ့ လဲစားခွင့်ရတာကိုပဲ ကျေးဇူးတင်ရဦးမယ်။”
ဆုဝမ်နှင့် အခြားသူများသည်လည်း ထိုသတင်းကို သိရှိသွားခဲ့ကြပြီး ရှောင်းယီထံ စာပို့လာခဲ့ကြတော့သည်။
“ရှောင်းယီ နင် တွေ့လား။ တစ်ယောက်ယောက်က ဝံပုလွေသားတွေ ရောင်းနေတယ်။ တကယ်ပဲ တခြားကျွန်းတွေကို ရှာတွေ့သွားတာများလား။”
ဆုဝမ်က မေးလိုက်သည်။ ထိုစကားကိုမြင်သောအခါ ရှောင်းယီက ပြုံးလိုက်သည်။
“အဲ့ဒါ ငါပဲလေ။”
“ဟမ်...နင် ဝံပုလွေအုပ်နဲ့ တွေ့လာတာလား။”
ဆုဝမ်က စိုးရိမ်တကြီး မေးလိုက်သည်။
“ဒဏ်ရာရသွားသေးလား။”
“မရပါဘူး။ စိတ်မပူနဲ့။ ငါက အခု ကျားတစ်ကောင်ကိုတောင် သတ်နိုင်လောက်အောင် သန်မာနေပါပြီ။”
ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်သည်။
“စကားတွေကလည်း တတ်လိုက်တာ။”
ဆုဝမ်က ပြောလိုက်သည်။
“ဝံပုလွေသားတွေ အများကြီး တင်ထားတာဆိုတော့ တစ်ကောင်တည်းတော့ မဟုတ်လောက်ဘူး ဟုတ်တယ်မလား။”
“၆ ကောင်...အသားက တကယ်ကို အရသာ ညံ့လွန်းတယ်။ အဲ့ဒါကြောင့် သူတို့ရဲ့ တန်ဖိုးကို အသုံးချပြီး အရင်းအမြစ်တွေနဲ့ လဲလိုက်တာ။”
ရှောင်းယီက ပြန်ပြောသည်။
“အဲဒီလောက်တောင် များတာလား။”
ဆုဝမ် အံ့ဩသွား၏။
“အခု လူတွေက ငတ်မွတ်နေကြတယ်။ နင်ကတော့ ဝံပုလွေသားက အရသာမရှိဘူးလို့ ညည်းနေတုန်းပဲလား။ တကယ်ကို ကွာခြားချက်ကြီးပဲ။”
ကျန်းယွင်ထျန်းကလည်း အံ့ဩတကြီးဖြင့် မေးလာခဲ့သည်။
“မင်းရဲ့ကျွန်းက ဖွံ့ဖြိုးတိုးတက်မှုနှုန်း တကယ်မြန်တာပဲ။ နောက်ရက်ဆို ခြင်္သေ့တွေ၊ ကျားတွေတောင် ပေါ်လာဦးမယ် ထင်တယ်။ သတိထားဦး။”
“ဖြစ်နိုင်တယ်။ ဒါပေမဲ့ စိတ်မပူပါနဲ့။ ကျားလာရင်လည်း ငါ ပြန်မလွှတ်မှာမဟုတ်ဘူး။”
ရှောင်းယီက ပြန်ပြောလိုက်သည်။
“အဲ့လိုဆိုတောင် သတိထားရမယ်။ လက်ထဲမှာ စွမ်းအားပြင်းလက်နက်တွေ မရှိဘဲနဲ့တော့ တောကျားတစ်ကောင်ကို အနိုင်ရဖို့ဆိုတာ မလွယ်ဘူး။”
ကျန်းယွင်ထျန်းက သတိပေးလိုက်သည်။ယွမ်နွန်ကမူ ရှောင်းယီကို ဘေးကင်းအောင် နေရန်သာ သတိပေးပြီး အခြား ဘာမှ မပြောခဲ့ပေ။
ဈေးကွက် တင်ထားသော ဝံပုလွေသားများမှာ ချက်ချင်းပင် ရောင်းကုန်သွားခဲ့သည်။ အရသာမှာ ဆိုးရွားလှသော်လည်း ဈေးပေါသောကြောင့် မြန်မြန် ရောင်းထွက်သွားခြင်းပင်။ ယခုအချိန်တွင် လူတိုင်းအတွက် ဗိုက်ဝပြီး အသက်ရှင်ဖို့ကသာ အရေးကြီးဆုံး ဖြစ်သည်။
ရှောင်းယီသည် မနက်စာအတွက် ပြောင်းဖူးတစ်ပိုင်း၊ ပန်းသီးတစ်ခြမ်း၊ နွားနို့တစ်ခွက်နှင့် ဝက်ဆီဖတ်အချို့ကို သူတို့ဆီသို့ ပို့ပေးလိုက်လေသည်။
“ဒါတွေက မနေ့က တောဝက်ဆီကရတဲ့ ဝက်ဆီဖတ်တွေပဲ။ တကယ် မွှေးတယ်။”
ရှောင်းယီက စာချန်ထားခဲ့လိုက်သည်။
“ငါတော့ မစားတော့ဘူး။ အဆီတွေ အရမ်းများလွန်စတယ်။ ဒီရက်ပိုင်း ဝတောင်လာပြီ။”
ဆုဝမ်က ငြင်းလိုက်သည်။ ရှောင်းယီက ရယ်မောလိုက်၏။
“မင်းက အရင်က အရမ်းပိန်လွန်းတယ်။ နည်းနည်း ဝလာတာကမှ ပိုကြည့်ကောင်းဦးမယ်။”
“တကယ်လား။”
ဆုဝမ်က မေးလိုက်သည်။
“ဒါပေါ့။ အဲ့ဒီလောက်တောင် ပိန်နေတာ။ အရေခွံနဲ့ အရိုးပဲ ရှိတော့တယ်။ ဘာကြည့်ကောင်းလို့လဲ။”
ရှောင်းယီက ပြန်ပြောလိုက်သည်။
“ကောင်းပြီလေ။”
ဆုဝမ်က ချက်ချင်းပင် လဲလှယ်မှုကို လက်ခံလိုက်တော့သည်။ ရှောင်းယီ အနည်းငယ် ကြောင်အသွားခဲ့၏။
“မိန်းမတွေက တကယ်ကို စိတ်ပြောင်းလွယ်တာပဲ။”
သူ တွေးလိုက်မိသည်။
A အဆင့်အထက် အစားအစာများကို ကြည့်ရင်း ယွမ်နွန်က ထပ်မံ ရေရွတ်လိုက်မိသည်။
“မင်းမှာ အပေါ်ကလူ ရှိနေတာ သေချာတယ်။”
ဤစကားကို ထပ်မံကြားလိုက်ရသောအခါ ရှောင်းယီသည် တစ်စုံတစ်ယောက်က သူတို့၏ ရှင်သန်မှုကို တကယ်ပဲ စောင့်ကြည့်နေသလိုမျိုး ခံစားချက်တစ်ခု ဖြစ်ပေါ်လာခဲ့တော့လေသည်။