သေဆုံးခြင်းသံသရာသို့ ပြန်သွားခြင်း
Vol. 175 Ch. 2503
သူတော်စင်ကျန်းချန်က ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်သည်။ သူက ထိုချိတ်ပိတ်ခံထားရသည့် အကြွင်းမဲ့လေဟာနယ်အတွင်း ထူးခြားသည့်အရှိန်အဝါကို ခံစားမိသည်။ ၎င်းက ရီဖူရှင်း ဖန်တီးထားသည့် နယ်မြေဖြစ်ပြီး အားလုံးသော စွမ်းအားများကို အမှန်တကယ် တားဆီးထားနိုင်၏။
တစ်ချိန်တည်းတွင် ကျယ်ပြောသော နယ်မြေအတွင်းမှ ဗုဒ္ဓတစ်ပါးချင်းစီက လေထဲတွင် ရစ်ဝဲနေပြီး ဗုဒ္ဓရွှေရောင်အလင်းတို့က တောက်ပလောင်ကျွမ်းသွားသည်။ ထိုဗုဒ္ဓများအားလုံး၏ အသံက ကောင်းကင်နှင့် မြေကြီးကြားတွင် ပဲ့တင်ထပ်၏။ သူတို့က ရီဖူရှင်း တီးခတ်သည့် ကု့ချင်းသံနှင့် တသားတည်း ပဲ့တင်ထပ်ကာ ဗုဒ္ဓမန္တာန်အဖြစ် ပြောင်းလဲသွားသည်။
ရီဖူရှင်းက ပင်လယ်မျက်နှာပြင်ထက် မတ်တပ်ရပ်နေပြီး ဗုဒ္ဓပုံရိပ်တို့က သူ့ကို ဝန်းရံထားသည်။ အရောင်မဲ့ပင်လယ်အတွင်းမှ ဗုဒ္ဓများအားလုံး၏ စွမ်းအားတို့ကို အသုံးချ၍ ရီဖူရှင်းသည် လမ်းစဥ်ကို သက်သေပြပြီးဖြစ်လေရာ သူ့ကိုယ်သူ ဗုဒ္ဓအဖြစ်သို့ ပြောင်းလဲနိုင်စွမ်းရှိသည်။ သူ၏ အရှိန်အဝါက ကျန်းချန်နှင့်ပင် ယှဥ်နိုင်၏။
ထိုအခိုက်အတန့်မှသာ သူတော်စင်ကျန်းချန်သည် သူက မည်သို့သော မကောင်းဆိုးဝါးမျိုးနှင့် ရင်ဆိုင်နေရကြောင်း နားလည်လာ၏။
သူသည် အဆင့်ကိုးကျင့်ကြံဆင့်၌ပင် နတ်ဘုရားကပ်ဘေးကို တွေ့ကြုံရင်ဆိုင်ခဲ့ရသည့် ထိပ်တန်းပါရမီရှင် ဖြစ်ပြီး ယခု အရောင်မဲ့ပင်လယ်အတွင်းမှ ဗုဒ္ဓကျင့်ကြံသူများ၏ စွမ်းအားတို့ကလည်း ထောက်ပံ့ပေးထားသည်။ အမှန်တွင် ရီဖူရှင်းက ယခင်ကပင် ကောင်းကင်ဒေသ၌ ကျော်ကြားသူဖြစ်ပြီး ကျန်းချန်ကလည်း သူ့အကြောင်း တော်တော်များများ သိရှိထားသည်။
ကြည့်ရသည်မှာ သူက ဤပါရမီရှင်၏ ထူးခြား၍ ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းရည်ကို လျှော့တွက်မိသွားပုံရသည်။ သူတော်စင်ကျန်းချန်သည် အဆင့်ရှစ်ရန်ဟောင်အဖြစ် ဗုဒ္ဓကျင့်ကြံသူများ၏ အနောက်ဘက်လောကသို့ ရောက်လာခဲ့သည့် ထိုကျင့်ကြံသူက နတ်ဘုရားရုပ်ကြွင်းမရှိဘဲနှင့်ပင် သူ့ကို ယှဥ်နိုင်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
သူတော်စင်ကျန်းချန်က သူ၏ ရန်သူကို လျှော့တွက်ရန် ရည်ရွယ်ချက်မရှိတော့ဘဲ ရောက်လာမည့်တိုက်ပွဲအတွက် လေးနက်စွာ ပြင်ဆင်သည်။ သူက ရီဖူရှင်းထံမှ ထွက်ပေါ်လာသည့် ပြင်းထန်သော ခြိမ်းခြောက်မှုကို ခံစားမိ၏။
ဗုဒ္ဓအလင်းရောင်တို့က အရောင်မဲ့ပင်လယ်တစ်ခွင်၌ လင်းလက်လာပြီး သူတော်စင်ကျန်းချန်ထံမှ ကြောက်မက်ဖွယ် အရှိန်အဝါတို့ ထုတ်လွှတ်၏။ သူ၏ မျက်လုံးများက ကြောက်မက်ဖွယ် ကောင်းလှပြီး သူ့နောက်တွင် မြင့်မြတ်သည့် ရောင်ဝါတို့ ထွက်ပေါ်၏။ ကြီးမားသည့် ရှေးဟောင်းဗုဒ္ဓမှ ထွက်ပေါ်လာသော ဗုဒ္ဓအလင်းရောင်တို့က လောကအတွင်း တောက်လောင်နေပြီး ကြည့်ရှုနေသူများ၏ မျက်လုံးများအား ကျိန်းစပ်သွားစေသည်။
၎င်းက မဟာဝေရောစနဗုဒ္ဓ ဖြစ်လေသည်။
မဟာဝေရောစနဗုဒ္ဓက ထူးခြားသော ဗုဒ္ဓတိုက်ပွဲသဏ္ဌာန်ပင် ဖြစ်သည်။ သို့သော် သူတော်စင်ကျန်းချန်ကလည်း ထူးချွန်ပြောင်မြောက်သည့် ကျင့်ကြံခြင်းနှင့် ဗုဒ္ဓကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး သူက မဟာဝေရောစနဗုဒ္ဓအပါအဝင် ဗုဒ္ဓကျင့်ကြံခြင်းနည်းစနစ်များအားလုံးတွင် ကျွမ်းကျင်သည်။
ပို၍အရေးကြီးသည်မှာ တစ်စုံတစ်ယောက်၏ ကျင့်ကြံခြင်းက သူတော်စင်ကျန်းချန်ကဲ့သို့ ကျင့်ကြံဆင့်သို့ ရောက်သောအခါ သူ၏ မဟာဝေရောစနဗုဒ္ဓ တိုက်ပွဲသဏ္ဌာန်တွင် ကိုယ်ပိုင်လက္ခဏာများ ပါဝင်နေသည်ဟု သတ်မှတ်နိုင်သည်။ ၎င်းမှ ထုတ်လွှတ်လာသည့် ဗုဒ္ဓအလင်းတို့တွင် အရာအားလုံးကိုဖျက်ဆီးနိုင်သည့် ကြောက်မက်ဖွယ်ဖြစ်လာသည် ဖျက်ဆီးခြင်းစွမ်းအားတို့ ပါဝင်နေသည်။
ဘုန်း...
မဟာဝေရောစနဗုဒ္ဓ၏ လက်ဝါးက အောက်သို့ ဖိနှိပ်ကျလာပြီး ကောင်းကင်နှင့်မြေကြီးက အော်မြည်နေကာ အရောင်မဲ့ပင်လယ်ကလည်း ဆက်လက်ဆူပွက်နေသည်။ တစ်ချိန်က တည်ငြိမ်နေခဲ့သည့် ပင်လယ်ရေမျက်နှာပြင်က ယခုတွင် ကြောက်မက်ဖွယ် လှိုင်းလုံးများဖြင့် လှုပ်ရှားနေသည်။
တစ်ချိန်တည်းတွင် ကောင်းကင်သည် ဗုဒ္ဓအလင်းများဖြင့် လောင်ကျွမ်းကာ လင်းလက်၏။ ရီဖူရှင်းသည် ရှေးဟောင်းဗုဒ္ဓများ၏ စွမ်းအားတို့ကို ချေးငှားယူကာ သူ့ခန္ဓာကို ရွှေရောင်အလွှာဖြင့် ကာကွယ်ထားခဲ့ပြီး မဟာဝေရောစနဗုဒ္ဓ တိုက်ပွဲသဏ္ဌာန်အဖြစ် ပြောင်းလဲသွားသည်။ သူ၏ မဟာဝေရောစနဗုဒ္ဓ တိုက်ပွဲသဏ္ဌာန်က နှိုင်းယှဥ်၍ မရနိုင်သော ဖျက်ဆီးခြင်းစွမ်းအားများ ပါဝင်နေသည့် နေမင်းနတ်အလင်းတို့ကို ပြင်းထန်စွာ ထုတ်လွှတ်နေသည်။ လေဟာနယ်ထဲရှိ ဗုဒ္ဓများအားလုံးက တစ်ချိန်တည်းတွင် ချိပ်စည်းသဏ္ဌာန်များ ပုံဖော်လိုက်ကာ သူတော်စင်ကျန်းချန်၏ မဟာဝေရောစနဗုဒ္ဓထံ တိုက်ခိုက်သည်။
ထိုကြီးမားသည့် လက်ဝါးနှစ်ခုက အရောင်မဲ့ပင်လယ်အထက်တွင် ထိပ်တိုက်တွေ့ဆုံခဲ့ပြီး အလွန် ပြင်းထန်သော ဗုဒ္ဓ၏ မီးလျှံအလင်းက မျက်စိကျိန်းလောက်အောင် တောက်ပနေသည်။ ထိုပူပြင်းသည့် လေလှိုင်းတို့က ပင်လယ်ရေများကိုပင် ခမ်းခြောက်သွားစေနိုင်သော်လည်း ထိုပင်လယ်ရှိ ရေများက သာမန်မဟုတ်နေပေ။ ၎င်းက အရောင်မဲ့ပင်လယ် ဖြစ်လေသည်။
သို့ဆိုလျှင်ပင် လေဟာနယ်ထဲရှိ တိုက်ခိုက်မှုနှစ်ခုတွေ့ဆုံမှုကြောင့် ပင်လယ်က အော်မြည်လှုပ်ရှားနေသည်။ ၎င်းတို့ ထိပ်တိုက်တွေ့ဆုံခဲ့သည်နှင့် တိုက်ခိုက်မှုနှစ်ခုက ပျက်ပြယ်သွားပြီး မည်သူကမှ အသာစီးမရခဲ့ပေ။
ရီဖူရှင်းက အရောင်မဲ့ပင်လယ်အတွင်း ဗုဒ္ဓစွမ်းအားတို့ကို ထုတ်ဖော်ပြီးနောက် ဤတိုက်ခိုက်မှုသည် ရီဖူရှင်း၏ တိုက်ပွဲစွမ်းရည်က သူ့ထက် မလျော့နည်းကြောင်း သတိပြုသည်။
အရောင်မဲ့ပင်လယ်အတွင်းမှ ဗုဒ္ဓစွမ်းအားတို့သည် သာမန်စွမ်းအားများနှင့် ကွာခြားသည်။ ထိုစွမ်းအားက ခံစားရသည်ထက် ပို၍ စစ်မှန်သည်။ ထိုအချိန်က ဗုဒ္ဓကျင့်ကြံသူများသည် ထိုမကောင်းဆိုးဝါးနတ်ဆိုးကို ဖိနှိပ်နှိမ်နင်းရန် သူတို့၏ စွမ်းအားများကို စုစည်းပေါင်းစပ်ခဲ့သောကြောင့် ၎င်းစွမ်းအားက စိတ်ကူး၍ပင် မရနိုင်လောက်အောင် ပြင်းထန်၏။ ထို့ပြင် ၎င်းက ဝိညာဥ်တို့ဖြင့် ပြည့်နှက်နေသော စွမ်းအားဖြစ်သည်။ ယခု ၎င်းတို့က ရီဖူရှင်း၏ ကု့ချင်းသံဖြင့် နှိုးဆွခံလိုက်ရပြီး သူတစ်ယောက်တည်းနှင့် ထိုဗုဒ္ဓများကို ပြန်လည်အသက်သွင်းနိုင်သည်။
"ရီဖူရှင်း မင်းက ဗုဒ္ဓတွေကို မလေးမစားလုပ်ရင် ဗုဒ္ဓက မင်းကို သေချာပေါက်အလွတ်ပေးမှာ မဟုတ်ဘူး။"
သူတော်စင်ကျန်းချန်က ရီဖူရှင်းအား ငုံ့ကြည့်ကာ အေးစက်သော အသံနှင့် ပြောသည်။ ထိုစကားလုံးများက ကောင်းကင်ဘုံကိုးဆင့်တွင် ပဲ့တင်ထပ်လာပြီး ရီဖူရှင်း၏ စွမ်းအားတို့ကို လွှမ်းမိုးရန် ကြိုးစား၏။
"ကျုပ်က ဒီနေရာမှာ ဗုဒ္ဓဂိုဏ်းရဲ့ ဆန်ကုန်မြေလေးကို ရှင်းပစ်ဖို့ ဗုဒ္ဓအားလုံးရဲ့ လက်ကို ငှားသုံးခဲ့တာ။ ဗုဒ္ဓက အဲဒီအတွက် ကျုပ်ကို အပြစ်တင်မှာ မဟုတ်ဘူး။"
ရီဖူရှင်းက တုန့်ပြန်သည်။
"တစ်ချိန်က ဒီနေရာမှာ ဗုဒ္ဓကျင့်ကြံသူတွေက မကောင်းဆိုးဝါးကို ဖိနှိပ်ခဲ့တယ်။ သူတော်စင်ကျန်းချန် ခင်ဗျားက ဗုဒ္ဓကျင့်ကြံသူတစ်ယောက်ဖြစ်ပေမယ့် ခင်ဗျားရဲ့ နှလုံးသားက နတ်ဆိုးရဲ့ ဖမ်းစားခြင်းကို ခံထားရတယ်။ အရောင်မဲ့ပင်လယ်က ခင်ဗျားရဲ့ သင်္ချိုင်းဖြစ်လာလိမ့်မယ်။"
"မင်းက အရှက်မရှိပြောနေတာပဲ။"
သူတော်စင်ကျန်းချန်က ရီဖူရှင်းအား ငုံ့ကြည့်ကာ ပြောသည်။
"ရှေးဟောင်းဗုဒ္ဓတွေရဲ့ စွမ်းအားကို ချေးငှားယူထားတဲ့ မင်းက ဘယ်လောက်အစွမ်းထက်လဲ ပြကြည့်ပေါ့။"
သူ့အသံပျောက်ကွယ်သွားသည်နှင့် သူ့ပါးစပ်မှ ဗုဒ္ဓအသံတို့ ထွက်ပေါ်၏။ ဗုဒ္ဓမန္တာန်ကဲ့သို့သော ထိုအသံက လေဟာနယ်အတွင်း ပဲ့တင်ထပ်ကာ အရောင်မဲ့ပင်လယ်အား တုန်ခါလာအောင် ပြုလုပ်၏။ ရီဖူရှင်းပေါ်မှ ဗုဒ္ဓစွမ်းအားများ အားလုံးသည်ပင် လွှမ်းမိုးခံလိုက်ရကာ ရီဖူရှင်းထံမှ အဝေးသို့ လွင့်ပါးသွားတော့မည့်ဟန်ပေါ်လာသည်။
ရီဖူရှင်းက မျက်မှောင်ကြုတ်သည်။ သူတော်စင်ကျန်းချန်က ဗုဒ္ဓမန္တာန်ကို အသုံးပြု၍ ဗုဒ္ဓစွမ်းအားတို့နှင့် ဆက်သွယ်ကာ ၎င်းတို့ကို ရီဖူရှင်း၏ ထိန်းချုပ်မှုအောက်မှ လွတ်ထွက်ကာ အရောင်မဲ့ပင်လယ်သို့ ပြန်သွားစေချင်ပုံရလေသည်။ ဤသည်မှာ သေချာပေါက် ရီဖူရှင်း၏ ခွန်အားကို သေချာပေါက် အားနည်းသွားစေပြီး ရီဖူရှင်း၏ ကျင့်ကြံဆင့်ချည်းသက်သက်နှင့် သူ့ကိုဆန့်ကျင်ရန် ခက်ခဲပေလိမ့်မည်။
ရီဖူရှင်းက ခေါင်းကိုမော့ကာ ကျန်းချန်အား ကြည့်သည်။ သူက အမှန်တကယ် မဟာလမ်းစဥ် နတ်ဘုရားကပ်ဘေး၏ ဒုတိယအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့သည့် တည်ရှိမှု ဖြစ်လေသည်။ သို့သော် ရီဖူရှင်းက ဤနှစ်များတလျှောက်တွင် သူ့အချိန်များကို ဗုဒ္ဓဂိုဏ်း၏ စာကြည့်တိုက်အတွင်း ကုန်ဆုံးခဲ့ပြီး ထိုနေရာ၌ အချိန်ဖြုန်းနေခဲ့ခြင်း မဟုတ်ပေ။
သူက ဆယ်နှစ်ထက်ပိုသော အချိန်များကို လိပ်ပြာတောင်ကုန်းပေါ်၌ ကျင့်ကြံရင်း ကျင့်ကြံဆင့်အတားအဆီးကို မချိုးဖျက်နိုင်ခင် ဗုဒ္ဓကျမ်းစာများအား နားလည်သဘောပေါက်အောင် လေ့လာနေသည်။ ဤနှစ်များတလျှောက် ကျင့်ကြံအားထုတ်ခဲ့ပြီးနောက် သူ၏ ဗုဒ္ဓကျင့်ကြံခြင်းနည်းလမ်းတို့က လိပ်ပြာတောင်ကုန်းတွင် ပထမဆုံး ရောက်ရှိသည့်အခါကဲ့သို့ မဟုတ်တော့ပေ။
လအနည်းငယ် ကျင့်ကြံခြင်းက ဆယ်စုနှစ်များစွာ ကျင့်ကြံခြင်းနှင့် မည်သို့ ယှဥ်နိုင်ပါမည်နည်း။
ထိုအခိုက်အတန့်တွင် ရီဖူရှင်းက ကု့ချင်းကို ချကာ ဗုဒ္ဓအသံကို ထုတ်လွှတ်သည်။ သူက လက်များကို အုပ်ချီလိုက်ပြီး သူ့ထံမှ ရုတ်တရက် အဆုံးမဲ့ အံ့သြတုန်လှုပ်ဖွယ် ဗုဒ္ဓအရှိန်အဝါတို့ ထွက်ပေါ်၏။
"ဥုံ မာနိ ပါဒ်မီ ဟန်မ်"
"ဥုံ မာနိ ပါဒ်မီ ဟန်မ်"
"ဥုံ မာနိ ပါဒ်မီ ဟန်မ်"
ဗုဒ္ဓအသံက ကောင်းကင်ထက်တွင် ပဲ့တင်ထပ်လာပြီး အရောင်မဲ့ပင်လယ်က ဖိနှိပ်ခံရပုံပေါ်ကာ အလွန် အေးဆေးတည်ငြိမ်နေ၏။ တစ်ချိန်တည်းတွင် ဗုဒ္ဓအားလုံး၏ စွမ်းအားများက သူ့ထံ ပေါင်းစပ်လာကာ တစ်ဖန် တည်ငြိမ်သွားပြန်သည်။ တည်ငြိမ်လေးနက်သော အမူအရာများနှင့် ရှေးဟောင်းဗုဒ္ဓများ၏ မျက်နှာတို့ ဖြစ်ပေါ်၏။ ၎င်းက တည်ငြိမ်ကာ မြင့်မြတ်သန့်စင်ပြီး အစစ်အမှန်အဖြစ် ဖွဲ့တည်လာပုံရသည်။
"သစ္စာခြောက်ပါးတရားတော်"
သူတော်စင်ကျန်းချန်သည် သူ၏ မန္တာန်က လေဟာနယ်အတွင်း ဖိနှိပ်ခံရသလို ခံစားလိုက်ရပြီး သူ့မျက်နှာထက်၌ ကြောက်မက်ဖွယ် အကြည့်တို့ ဖြစ်ပေါ်၏။ ကောင်းကင်နှင့်မြေကြီးက တသားတည်းဖြစ်လာကာ ဗုဒ္ဓစွမ်းအားများ အားလုံးက တသားတည်း ဖြစ်လာ၏။ ကောင်းကင်ထက်တွင် ဗုဒ္ဓကျင့်ကြံသူ၏ စစ်မှန်သောခန္ဓာ ပေါ်ပေါက်လာပြီး ၎င်းတို့အားလုံးက ရှေးဟောင်းဗုဒ္ဓများ ဖြစ်ကြသည်။
ရီဖူရှင်းသည် သစ္စာခြောက်ပါးတရားတော်ကို အကယ်စင်စစ် နားလည်ထားသည်။
သူက အရောင်မဲ့ပင်လယ်သို့ လာရဲခြင်းမှာ မထူးဆန်းတော့ပါ။ သစ္စာခြောက်ပါးတရားတော်ကို နားလည်သဘောပေါက်နိုင်စွမ်းရှိသည့် ဗုဒ္ဓကျင့်ကြံသူများက ဗုဒ္ဓကျင့်ကြံခြင်းနည်းစနစ်များ၌ ထူးချွန်သော စွမ်းရည်ရှိသူများဖြစ်ကြသည်။ သူတို့က ဗုဒ္ဓကျင့်ကြံခြင်းတွင် နက်ရှိုင်းသော အခြေခံကို ပိုင်ဆိုင်ထားကြပြီး ဗုဒ္ဓနှင့် ရေစက်ရှိသူများ ဖြစ်ကြသည်။ ရှေးခေတ်အချိန်အခါကတည်းကပင် စစ်မှန်သော ဗုဒ္ဓအဆင့်သို့ ရောက်ရှိသူများသာ ထိုကဲ့သို့ ကျင့်ကြံခြင်းကို အပြည့်အဝ နားလည်သဘောပေါက်နိုင်စွမ်း ရှိသည်။
ရီဖူရှင်းက သစ္စာခြောက်ပါးတရားတော်ကို နားလည်သဘောပေါက်သည်။ ဤအရောင်မဲ့ပင်လယ်အတွင်း အားလုံးသော ဗုဒ္ဓများက သူသည် ဗုဒ္ဓ၏ စစ်မှန်သော သင်ကြားပေးမှုများကို ရရှိခဲ့သည့် စစ်မှန်သော ဗုဒ္ဓတစ်ပါးအဖြစ် တွေးထင်ပေလိမ့်မည်။ ကျန်းချန်က သူတို့၏ ဆန့်ကျင်ဘက်၌ ရှိနေ၏။
သစ္စာခြောက်ပါးတရားတော် အသံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်နှင့် စစ်မှန်သည့် ဗုဒ္ဓများက ရုတ်တရက် ကောင်းကင်၌ ပေါ်ပေါက်လာကာ အရောင်မဲ့ပင်လယ်အတွင်း ရှေးဟောင်းဗုဒ္ဓ တစ်ယောက်ချင်းစီက ပြန်လည်ရှင်သန်လာခဲ့သလို ပေါ်လာကြ၏။ သူတို့က စစ်မှန်သည့် ဗုဒ္ဓများအဖြစ် ပြောင်းလဲသွားပြီး ကျန်းချန်ကို ဝန်းရံ၍ လေဟာနယ်အတွင်း ထိုင်နေသည်။ တစ်ချိန်တည်းတွင် ကြီးမားသည့် ရှေးဟောင်းဗုဒ္ဓတစ်ပါး စတင်ဖွဲ့စည်းလာကာ ကောင်းကင်တစ်ခွင်ကို လွှမ်းခြုံသွားသည်မှာ အဆုံးမဲ့ ခမ်းနားထည်ဝါလှသည်။
ရီဖူရှင်း၏ ခန္ဓာကိုယ်ကလည်း ကြီးမားလာကာ ဗုဒ္ဓတစ်ပါးအဖြစ် ပြောင်းလဲသွားသည်။ သူ့ရှေ့မှ အရာအားလုံးက ကျန်းချန်၏ နှလုံးသားကို တုန်ယင်စေ၏။
ဤသည်မှာ စစ်မှန်သော တိုက်ပွဲသဏ္ဌာန်ဖြစ်သည်။ ရီဖူရှင်းက နောက်ထပ်တိုက်ပွဲသဏ္ဌာန်ကို ဖော်ထုတ်၏။
ရီဖူရှင်းက ဗုဒ္ဓတစ်ပါးအဖြစ် ပြောင်းလဲသွားသည်။ ကောင်းကင်ဒေသမှ လာသော ကျင့်ကြံသူတစ်ယောက်ဖြစ်သည့် သူက ဗုဒ္ဓ၏ စစ်မှန်သော ဆက်ခံသူတစ်ယောက်ဖြစ်ပုံရလေသည်။ သူက ထူးခြားသော ဗုဒ္ဓကျင့်ကြံခြင်းနည်းစနစ်များကို ကျင့်ကြံခဲ့ပြီး သူက ၎င်းတို့ကို ဤနေရာ၌ ကျန်းချန်အား ရင်ဆိုင်ရာ၌ အသုံးပြုရန် ရည်ရွယ်နေသည်။
"ကျန်းချန် ပြန်လည်မွေးဖွားခြင်းစက်ဝန်းထဲ ပြန်သွားလိုက်တော့။"
အသံတစ်ခုက ပြောသည်။ ၎င်းက ဗုဒ္ဓ၏ အသံကဲ့သို့ ကောင်းကင်နှင့်မြေကြီးကြား ပဲ့တင်ထပ်လာနေပုံရသည်။ မတုန်လှုပ်မယိမ်းယိုင်နိုင်သည့် မဟာလမ်းစဥ်၏ အမှန်တရားက ကျန်းချန်ကို ပြန်လည်မွေးဖွားခြင်းစက်ဝန်းအတွင်း ဝင်ရောက်ရန် ပြောလိုက်သည်နှင့်တူ၏။
[Note: "ဥုံ မာနိ ပါဒ်မီ ဟန်မ်" က 'ကြာပန်းထဲက ရတနာ' ဆိုတဲ့ အဓိပ္ပါယ်ပါတဲ့။ တရုတ်လိုဆို 'အန်မာနဲပါးမီဟုန်း' လို့ အသံထွက်ပေမယ့် youtube မှာရှာကြည့်တော့ ဂါထာအသံထွက်က အပေါ်ကလိုမျိုး ထွက်ထားတာမို့ အဲဒီအတိုင်းပဲ ရေးလိုက်ပါတယ်။]