← Chapters

စိုက်ပျိုးရေးလျှို့ဝှက်ချက် ပေါက်ကြားသွားခြင်း

Vol. 5 Ch. 72

စိုက်ပျိုးရေးလျှို့ဝှက်ချက် ပေါက်ကြားသွားခြင်း

Vol. 5 Ch. 72

“ဒီလောက် ပူနေတာကို အအေးဒဏ်ခံပစ္စည်းတွေ ပေးတယ်ဆိုတော့ လာနောက်နေတာလား။”

“အဟုတ်ပဲ။ ပူလွန်းလို့ ကိုယ့်အရေခွံကိုယ်တောင် ခွာချချင်စိတ် ပေါက်နေတာကို ကမ္ဘာကြီးက အနွေးထည်တွေ လာပေးနေတယ်။ ဘာတွေ ဖြစ်ကုန်တာလဲ။”

ထိုညနေခင်းတွင် ရိက္ခာသေတ္တာ ဆယ်ယူရရှိသူတိုင်း အနည်းဆုံး အအေးဒဏ်ခံပစ္စည်း တစ်ခုစီ ရရှိခဲ့ကြသည်။

ဤသည်မှာ တိုက်ဆိုင်မှုတစ်ခု မဟုတ်တော့ပေ။

“ဒါက အသက်ရှင်ကျန်ရစ်သူတွေအတွက် ကမ္ဘာကြီးရဲ့ စည်းမျဉ်းတွေက ပေးတဲ့ သတိပေးချက်လား။”

ရှောင်းယီ တိုးတိုးလေး ရေရွတ်လိုက်မိသည်။ အများသုံးချန်နယ်ရှိ တစ်စုံတစ်ယောက်ကလည်း ထိုထူးခြားမှုကို သတိပြုမိသွားခဲ့သည်။

“ဒါက ရာသီဥတုက အေးလာတော့မယ်ဆိုတဲ့ အဓိပ္ပာယ်များလား။”

ထိုစကားလုံးများ ပေါ်လာသည်နှင့် အများသုံးချန်နယ်မှာ ခဏကြာအောင် တိတ်ဆိတ်သွားခဲ့ပြီးနောက် ယခင်ကထက် ပိုမို ပြင်းထန်သော ဆွေးနွေးမှုများ ဖြစ်ပေါ်လာတော့သည်။

“အဲ့ဒါ တကယ် ဖြစ်နိုင်တယ်။”

“ဒါဆိုရင်တော့ ရထားတဲ့ပစ္စည်းတွေကို သေချာသိမ်းထားကြတော့။ တကယ်သာ အေးလာရင် ဒီလိုပစ္စည်းမျိုး ဘယ်မှာ သွားရှာတော့မလဲ။”

“မှန်တယ်။ အနွေးထည် ရထားတဲ့လူတွေကတော့ တကယ်ကို ကံကောင်းတာပဲ။”

“ချီးဘဲ... ငါကျ ဘာမှမရခဲ့ဘူး။ ဘယ်သူ ရောင်းချင်လဲ။”

“ငါက ပိုဆိုးတယ်။ သေတ္တာတောင် တစ်လုံးမှ မဆယ်မိသေးဘူး။ ငါ့ကို အရင်ရောင်းကြပါ။”

“အရောင်းအဝယ်ဆိုတာ သနားတာနဲ့ မဆိုင်ဘူး။ ဈေးအများဆုံးပေးတဲ့သူပဲ ရမယ်။”

အများသုံးချန်နယ်မှ စကားများကို ဖတ်ပြီးနောက် ရှောင်းယီသည် ဆုဝမ်နှင့် အခြားသူများထံ စာပို့လိုက်သည်။

“အားလုံး မြင်ကြတဲ့အတိုင်းပဲ ကျုပ်လည်း အဲ့ဒီလိုပဲ ခန့်မှန်းထားတယ်။ အဲ့ဒါကြောင့် ရသမျှ အနွေးထည်နဲ့ အအေးဒဏ်ခံပစ္စည်းမှန်သမျှကို သေချာသိမ်းထားကြပါ။”

“နားလည်ပါပြီ။”

သူတို့ သုံးဦးစလုံးက တစ်ပြိုင်တည်း ပြန်ဖြေလိုက်ကြသည်။

“အနွေးခံအတွင်းခံအပြင် ငါ တခြားဟာတွေလည်း ရထားသေးတယ်။”

ယွမ်နွန်က ပြောရင်း လဲလှယ်မှုတစ်ခု တင်လိုက်သည်။

“[အုတ်မြစ်ကျောက်] ၂၊ [မြေဆီလွှာပြုပြင်ခြင်းကတ်] ၁ - အခမဲ့လဲလှယ်ခြင်း။”

“ဆရာကြီးယွမ် ခင်ဗျားမှာ အနောက်ပေါက်လမ်းကြောင်း ရှိနေတာလားပဲ။ မြေဆီလွှာပြုပြင်ခြင်းကတ်တွေ ဆက်တိုက်ကို ထွက်နေပါလား။”

ရှောင်းယီ ထိုကတ်ကို ကြည့်ရင်း အံ့ဩတကြီး ပြောလိုက်သည်။ ယွမ်နွန်က ရယ်မောရင်း ခေါင်းခါပြလာခဲ့သည်။

“ငါ့မှာသာ အနောက်ပေါက်ရှိရင် ဒီရက်ပိုင်း သေတ္တာ နှစ်လုံး သုံးလုံးပဲ ရမှာတောင်မဟုတ်ဘူး။ ငါက လယ်သမားတစ်ယောက်ဖြစ်နေလို့ ကမ္ဘာကြီးက ငါ့ကို စိုက်ပျိုးရေး ဆက်လုပ်နိုင်အောင် မြေဆီလွှာပြုပြင်ခြင်းကတ်တွေပဲ ပေးနေတာ ဖြစ်မယ်။”

“ဟားဟား ဖြစ်နိုင်တယ်။ ဆရာကြီးက ဘာမှ မစိုက်သေးတော့ ဒါတွေပဲ ဆက်တိုက် ပို့ပေးနေတာပေါ့။ မစိုက်ဘဲ ထားလိုက်ဦးလေ။ ဒါမှ နောက်ထပ် အများကြီး ရဦးမှာ။”

ရှောင်းယီ ရယ်မောလိုက်သည်။

ထိုကတ်မှာ ရှောင်းယီအတွက်တော့ အချိန်ကိုက်ရောက်လာခြင်းပင် ဖြစ်သည်။ သူသည် ယခူလေးတင် ဈေးကွက်မှ မျိုးစေ့အချို့ကို ရရှိထားခါစ ဖြစ်ပေသည်။

ယခုအခါ ၎င်းတို့ကို စိုက်ပျိုးနိုင်ပြီဖြစ်သည်။

မူလ စိုက်ကွင်း ၃ ကွက်မှာ ပြည့်နှက်နေပြီဖြစ်ရာ သူသည် ဤမြေဆီလွှာပြုပြင်ခြင်းကတ်ကို အသုံးပြုပြီး စိုက်ကွင်းဘေးတွင် “လယ် (田)” ဆိုသည့် စာလုံးပုံစံမျိုး မြေကွက်အသစ်များကို ပုံဖော်လိုက်၏။

ထို့နောက် မုန်ညင်းစိမ်း၊ သခွားသီးနှင့် ခရမ်းသီးများကို စိုက်ပျိုးလိုက်သည်။

သူသည် နံနက်က နေလှန်းထားသော ပြောင်းဖူးများကို သွားစစ်ဆေးရာ လုံးဝ ခြောက်သွေ့သွားပြီ ဖြစ်သည်။ ၎င်းတို့ကို အလုပ်ရုံသို့ ယူသွားကာ အမှုန့်ကြိတ်ပြီး မြက်ခြောက်များ၊ ဆလက်ရွက်များဖြင့် ရောမွှေကာ ကြက်ခြံသို့ ယူသွားလိုက်၏။

ထို့နောက် အစာများကို အစာခွက်ထဲသို့ လောင်းထည့်ပေးလိုက်သည်။ ထိုအခါ မာမီကြက်မကြီးသည် ကြက်ပေါက်လေးများကို ဦးဆောင်ကာ ဝိုင်းအုံစားသောက်ကြတော့သည်။ ယခုတစ်ခါတွင်တော့ ကြက်ဖကြီးမှာ ရန်မရှာတော့ဘဲ ဘေးတွင်သာ ငြိမ်ငြိမ်လေး ရပ်နေခဲ့ရှာသည်။

ကြက်ဖကြီး၏ သနားစဖွယ် အမူအရာကို မြင်သောအခါ ရှောင်းယီ ပြောင်းဖူးစေ့ အစစ်များကို လက်တစ်ဆုပ်စာ ကြဲချပေးလိုက်၏။ ထိုအခါမှ ကြက်ဖကြီးမှာ ပျော်ရွှင်စွာဖြင့် တကုတ်ကုတ် ဆိတ်စားတော့လေသည်။

သူ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ ပြန်ရောက်သောအခါ ကျန်းယွင်ထျန်း ပို့ထားသော လဲလှယ်မှုတစ်ခုကို တွေ့လိုက်ရသည်။

“[အုတ်မြစ်ကျောက်] ၃၊ [သံ] ၄ ... အခမဲ့လဲလှယ်ခြင်း။”

အုတ်မြစ်ကျောက် ၃ ခုအပြင် အခြေခံ ကုန်ကြမ်းအချို့လည်း ပါဝင်သည်။

ကံတရားမှာ သိသာလှ၏။ ကျန်းယွင်ထျန်းသည် ယနေ့ သေတ္တာ ၃ လုံး ရခဲ့သော်လည်း အုတ်မြစ်ကျောက် ၃ ခုသာ ရရှိခဲ့လေသည်။

ဆုဝမ်သည်မူ သေတ္တာ ၁ လုံးတည်းနှင့်ပင် အုတ်မြစ်ကျောက် ၂ ခု ရခဲ့သည်။

“လူတိုင်းရဲ့ ကံတရားက တကယ်ကို မတူကြဘူးပဲ။”

ရှောင်းယီ တွေးလိုက်မိသည်။

သူသည် ကျန်းယွင်ထျန်း၏ လဲလှယ်မှုကို လက်ခံပြီးနောက် အများသုံးချန်နယ်သို့ ပြန်လှည့်ကြည့်လိုက်သည်။

“သေစမ်း ဈေးကွက်မှာ နောက်ထပ် မျိုးစေ့ဝယ်တဲ့သူတစ်ယောက် ပေါ်လာပြန်ပြီ။ သူက အစားအစာနဲ့ ရေကို အနည်းအကျဉ်းလေးပဲ ပေးထားတယ်။ အရှက်မရှိလိုက်တာ။”

“အရင်က သူဌေးက ငါး ၁၀ ကီလိုနဲ့ ရေ ၅ လီတာ ပေးခဲ့တယါ။ ဒီကောင်ကတော့ အသုံးမကျတဲ့ အမှိုက်တွေကိုပဲ ပေးနေတယ်....အပိုပဲ။”

“သူနဲ့ မလဲကြနဲ့။ သူက မျိုးစေ့တွေကို လိမ်ယူဖို့ ကြိုးစားနေတာပဲ။”

“ကိုယ့်လူတို့ ငါ့ဆီမှာ သန်းနဲ့ချီတဲ့ မျိုးစေ့တွေ အဆင်သင့်ရှိတယ်။ လိုချင်လား။”

တိလင်းထျန်းရှားသည် ထိုလှောင်ပြောင်မှုများကို ဖတ်ရင်း ပေါက်ကွဲမတတ် ဒေါသထွက်နေခဲ့ရ၏။

ဟုတ်ပါသည်။ သူတို့ လှောင်ပြောင်နေသော “မျိုးစေ့လိမ်ယူသူ” မှာ သူပင် ဖြစ်သည်။

ယနေ့နံနက်တွင် သူသည် မြေကွက်အသေးလေးတစ်ခု ရရှိခဲ့ပြီး သူ၏ လက်ကျန် ပဲပိစပ်မျိုးစေ့ ၂ စေ့ကို စိုက်ပျိုးခဲ့၏။ စောစောက သူသွားကြည့်သောအခါ အပင်လေးများ မြေပေါ်သို့ စတင် ထွက်ပေါ်နေပြီဖြစ်သည်ကို တွေ့လိုက်ရလေသည်။

ဆိုလိုသည်မှာ ဤကမ္ဘာတွင် ကောက်ပဲသီးနှံများမှာ ကမ္ဘာဟောင်းထက် အဆပေါင်းများစွာ ပိုမိုမြန်ဆန်စွာ ကြီးထွားနိုင်ခြင်းပင်ဖြစ်သည်။

မျိုးစေ့များသည် အဓိက အစားအစာ အရင်းအမြစ် ဖြစ်လာတော့မည်ဖြစ်ရာ သူသည် အရင်းအမြစ်များဖြင့် မျိုးစေ့များ ပိုမိုရရှိရန် ကြိုးစားခဲ့ခြင်းဖြစ်သည်။

ရှောင်းယီက မျိုးစေ့ဈေးနှုန်းကို ဤမျှအထိ မြှင့်တင်ထားလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ သူ့ထံတွင် ထိုမျှအထိ ပေးစရာ ရေနှင့် အစားအစာ မရှိပေ။

“ငါလဲလို့ မရရင် ဘယ်သူမှ လဲလို့ မရစေရဘူး။”

တိလင်းထျန်းရှားက ဒေါသတကြီး ရေရွတ်ကာ အများသုံးချန်နယ်တွင် ချက်ချင်း စာတင်လိုက်သည်။

“အားလုံးပဲ မင်္ဂလာပါ။ ကျုပ်က တိလင်းထျန်းရှားပါ။ ကျုပ် ကံကောင်းပြီး မြေဆီလွှာနဲ့ မျိုးစေ့အချို့ ရခဲ့တယ်။ အဲ့ဒါတွေကို ဒီမနက်တင် စိုက်ခဲ့တာ။ အခု အပင်ပေါက်နေပြီ။ ဒီကမ္ဘာမှာ အပင်တွေက မယုံနိုင်လောက်အောင် မြန်မြန်ကြီးထွားနိုင်တယ်။ အဲ့ဒါကြောင့် မင်းတို့ရဲ့ မျိုးစေ့တွေကို သေချာသိမ်းထားကြပါ။ စိုက်ပျိုးလို့ရတဲ့ မြေဆီလွှာရလာရင် ချက်ချင်း စိုက်လို့ရတယ်။ စိုက်ပျိုးရေးက အနာဂတ်မှာ အဓိက အစားအစာ အရင်းအမြစ် ဖြစ်လာမှာ သေချာတယ်။”

“ဘာ...ကြီးထွားမှုနှုန်းက အဲဒီလောက် မြန်တာလား။ သူဌေးက ဘာလို့ မျိုးစေ့တွေကို ဈေးကြီးပေးပြီး သိမ်းနေလဲဆိုတာ အခုမှပဲ သိတော့တယ်။”

“ဟုတ်တယ်။ အဲ့ကောင်က ငါတို့ကို ဘာမှမပြောဘဲ မျိုးစေ့တွေကို လိမ်ယူသွားတာပဲ။”

“ဈေးကွက်က သူဌေးကြီး နှစ်ယောက်စလုံး ဘာမှ မဟုတ်ဘူး။ တိလင်းကမှ တကယ့် ကစားသမား အစစ်ပဲ။”

ခဏအတွင်းမှာပင် အများသုံးချန်နယ်၌ ဆဲဆိုသံများဖြင့် ဖုံးလွှမ်းသွားတော့သည်။

ရှောင်းယီသည် တိလင်းထျန်းရှား၏ စာကို ဖတ်ရှုလိုက်ပြီးနောက် ဈေးကွက်၌ သူနှင့် အပြိုင်ဝယ်ယူနေသော စာရင်း ပျောက်ကွယ်သွားသည်ကို မြင်သောအခါ “ဒါဆို အဲဒီဝယ်တဲ့သူက မင်းပေါ့” ဟု တိုးတိုးလေး ပြောလိုက်သည်။

သူသည် ပုခုံးတွန့်ကာ ထိုဆူညံမှုများကို လျစ်လျူရှုလိုက်၏။ သူ၏ မျိုးစေ့ဝယ်ယူမှု စာရင်းမှာမူ ဆက်လက် ရှိနေဆဲပင်။

လူများ အမှန်တကယ် ဒုက္ခရောက်လာသည့်အချိန်ကျလျှင် လာရောင်းကြဦးမည်ကို သူသိပေသည်။

ဘာပဲဖြစ်ဖြစ် မျိုးစေ့ရှိရုံနှင့် မရဘဲ မြေဆီလွှာရှိရန် လိုအပ်သလို အဆင့်မှာလည်း ကိုက်ညီရန် လိုအပ်သည်။ သင့်ဆီမှာ B အဆင့်မျိုးစေ့ရှိပြီး မြေဆီလွှာက သာမန်ဆိုလျှင် ဘာမှ ပေါက်လာမည် မဟုတ်ပေ။

“တစ်ယောက်ကတော့ မျိုးစေ့တွေကို အရှက်မရှိ ဆက်ဝယ်နေတုန်းပဲ။”

“မင်းတို့တွေကလည်း ပျင်းစရာကောင်းလိုက်တာ။ သူက ဘာလို့ မင်းတို့ကို ပြောပြရမှာလဲ။ သူက မင်းတို့ဆီက ခိုးယူတာမှ မဟုတ်တာ။ ရေနဲ့ အစားအစာ အများကြီး ပေးပြီး ဝယ်နေတာပဲလေ။ မင်းတို့ထဲက ဘယ်နှစ်ယောက်က တကယ် စိုက်ပျိုးနိုင်လို့လဲ။ မျိုးစေ့နဲ့ မြေဆီလွှာ ပေးရင်တောင် မင်းတို့ စိုက်တတ်လို့လား။ မစိုက်တတ်ရင် ဒါတွေက ဘာမှတန်ဖိုးမရှိဘူး။ အသက်ရှည်ရှည်နေရဖို့ ရေနဲ့ အစားအစာ လဲတာကမှ ပိုကောင်းဦးမယ်။ ဦးနှောက် သုံးကြစမ်းပါ။ ငါတော့ ဒီရန်ပွဲထဲ မပါဘူး။”

All Chapters