← Chapters

အပြန်

Vol. 175 Ch. 2505

အပြန်

Vol. 175 Ch. 2505

အရောင်မဲ့ပင်လယ်က ယခင်ကကဲ့သို့ တည်ငြိမ်အေးချမ်းသည့် အခြေအနေကို ပြန်လည်ရောက်ရှိသွား၏။ ထိုအခိုက်တွင် ရီဖူရှင်းက မျက်လုံးများကို မှိတ်ထားသည်။ သို့သော် သူက ရုတ်တရက် မကောင်းသော ခံစားချက်ကို ခံစားမိ၏။ သူ့ခန္ဓာကိုယ်ထဲမှ ထွက်ခွာမသွားသေးသည့် နောက်ထပ် စိတ်ဝိညာဥ်တစ်ခုက ကျူးကျော်လာနေသလို ခံစားရသည်။

‘ဘာဖြစ်နေတာလဲ…’

ရီဖူရှင်း ရင်ထိတ်သွားသည်။ သူ၏ မြင်ကွင်းထဲ၌ ဗုဒ္ဓတစ်ပါးကို မြင်ရ၏။ ထိုဗုဒ္ဓက မြင့်မြတ်တည်ငြိမ်ကာ နတ်အလင်းတို့ဖြင့် တောက်ပနေသည်။ သို့သော် ၎င်းက သူ့စိတ်နယ်ပယ်ကို တဖြေးဖြေး ကျူးကျော်သိမ်းပိုက်လာနေသည်။

တစ်ခုခု မှားယွင်းနေပြီ။

ရီဖူရှင်းက အခြေအနေကို ရိပ်မိလိုက်လျှင် သူ့ခန္ဓာကိုယ်မှ ဗုဒ္ဓအလင်းရောင်တချို့အား ထုတ်လွှတ်ကာ မကောင်းဆိုးဝါးဝိညာဥ်များကို သန့်စင်ရန် ကြိုးစား၏။

"အဲဒါ သူ့ရဲ့ စိတ်ဝိညာဥ်လား။"

ရီဖူရှင်း၏အတွေးများ ရှုပ်ထွေးနေ၏။ သူက အရောင်မဲ့ပင်လယ်၏ ဒဏ္ဍာရီကို အမှတ်ရသည်။ သူက အရောင်မဲ့ပင်လယ်တွင် ဗုဒ္ဓများအားလုံး၏ စုပေါင်းစွမ်းအားကို အသုံးပြုကာ သူတော်စင်ကျန်းချန်အား သတ်ဖြတ်သည်။ သို့သော် ထိုစုပေါင်းစွမ်းအားများ ဤနေရာ၌ ရှိနေရသည့် အကြောင်းပြချက်မှာ တစ်ချိန်က ဗုဒ္ဓတစ်ပါးဖြစ်ဖူးခဲ့သည့် အစွမ်းထက် နတ်ဆိုးအား ဖိနှိပ်ရန်အတွက် ဖြစ်သည်။ သူက အရောင်မဲ့ပင်လယ်အတွင်းမှ ဗုဒ္ဓများ၏ စုပေါင်းစွမ်းအားကို ချေးငှားယူခဲ့သည့်အတွက် ထိုနတ်ဆိုးစိတ်ဝိညာဥ်က နိုးထလာနိုင်ခဲ့၏။

သူ့အသိစိတ်အတွင်း ကျူးကျော်လာသည့် ဗုဒ္ဓပုံရိပ်က အနက်ရောင်အဖြစ် ပြောင်းလဲသွား၏။ အနက်ရောင် ဗုဒ္ဓကြာပန်းထိုင်ခုံတစ်ခုက သူ၏ အသိစိတ်အတွင်း အမြစ်တွယ်လာသည်။ ထိုအချိန်တွင် ရီဖူရှင်းက ကြမ်းတမ်း ရိုင်းစိုင်းသောစိတ်များ ဖြစ်ပေါ်လာ၏။ သူသည် ဤဒေသတွင် ကြုံတွေ့ရသော ဆိုးရွားသည့် ကိစ္စများအား သတိရလာသည်။ သူ ဗုဒ္ဓကျင့်ကြံသူများ၏ အနောက်ဘက်လောကသို့ ပထမဆုံး ရောက်လာစဥ်က မော့ထျန်းမဟာအကြီးအကဲ၏ လိုက်လံဖမ်းဆီးခြင်းကို ခံရသလို ဆန္ဒခြောက်ပါးအရှင်သခင်၏ အမဲလိုက်ခြင်းကိုလည်း ခံရသည်။ ထို့ပြင် သူက အရှင်ချူးချန်နှင့် အခြားလူများ၏ အကျဥ်းချထားခြင်းကိုလည်း ခံရ၏။

သူတော်စင်ကျန်းချန်၊ ရှန်းယန်ဗုဒ္ဓအရှင်နှင့် အခြား တူညီသော ကျင့်ကြံသူများစွာနှင့်လည်း ရန်ငြိုးရန်စများ ရှိသည်။ ယခုတွင် ထိုမှတ်ဉာဏ်များအားလုံးက သူ့စိတ်ထဲ၌ ထွက်ပေါ်လာကာ ခေါင်းထဲတွင် အသံတစ်ခုက ပြောနေသည်။

"လူသားတွေရဲ့သဘာဝက ဆိုးယုတ်တယ်။ ဗုဒ္ဓအားလုံးကလည်း သူတော်ကောင်းယောင်ဆောင်နေတာပဲ။"

ရီဖူရှင်း၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး တစ်ချိန်က တီးခတ်ခဲ့ဖူးသော တမ်းတခြင်း နတ်ကု့ချင်းကို ထုတ်ယူကာ လက်နှစ်ဖက်နှင့် တီးခတ်သည်။ တစ်ချိန်တည်းတွင် သူ၏ နှုတ်ခမ်းများက အဆက်မပြတ် လှုပ်ရှားလျှက် သစ္စာခြောက်ပါးတရားတော်က လေဟာနယ်တစ်ခွင် ပဲ့တင်ထပ်လာသည်။ ရုတ်တရက် ဗုဒ္ဓများအားလုံးက သူနှင့် ပေါင်းစည်းလာကာ အရောင်မဲ့ပင်လယ်ကလည်း တစ်ဖန် ဆူပွက်လာသည်။

ပင်လယ်က စည်းမျဥ်းကို ဆန့်ကျင်ကာ အထက်သို့ စီးဆင်းလာပြီး ရီဖူရှင်း၏ ခန္ဓာကိုယ်အား လွှမ်းခြုံလာသည်။ ဗုဒ္ဓစွမ်းအားများက ရီဖူရှင်း၏ စွမ်းအားတို့နှင့် ပေါင်းစည်းသွားပြန်၏။ သစ္စာခြောက်ပါးတရားတော်အောက်တွင် ဗုဒ္ဓအသံက နားအူလုမတတ် ဆူညံနေခဲ့ပြီး သူ့ကို သတိအနေအထားဖြင့် နိုးကြားစေသည်။ သူ့ခန္ဓာကိုယ်က ဗုဒ္ဓခန္ဓာအဖြစ် ပြောင်းလဲသွားပြီး တစ်ချိန်တည်းတွင် သူ၏ စိတ်မျက်လုံးများထဲ၌ အနက်ရောင်ဗုဒ္ဓ၏ မျက်နှာချင်းဆိုင်တွင် ရွှေရောင်ကြာပန်းပေါ် ထိုင်နေသည့် ရှေးဟောင်းရွှေရောင်ဗုဒ္ဓတစ်ပါး ပေါ်ပေါက်လာပြီး တစ်ဖက်လူကို ဖိနှိပ်ရန် ကြိုးစားလာသည်။

ထိုနတ်ဆိုးက သူ့ကြောင့် ထွက်ပေါ်လာရသည့်အတွက် သူ့ကြောင့်ပင် ပျက်ပြယ်သွားသင့်ပေသည်။ ယခင်က ဗုဒ္ဓအားလုံး၏ စွမ်းအားသည် ထိုနတ်ဆိုးကို ဖိနှိပ်ရန် အရောင်မဲ့ပင်လယ်အတွင်း ပေါင်းစပ်သွားခဲ့သည့်အတွက် ယနေ့လည်း တူညီစွာပင် လုပ်ဆောင်နိုင်သင့်၏။

သိစိတ်ပင်လယ်အတွင်း၌ ဗုဒ္ဓနှစ်ပါးက ပိတ်မိနေသည်။ တစ်ခုတည်းသော ကွာခြားချက်မှာ မှော်နက်ဗုဒ္ဓက တစ်ပါးတည်းသာဖြစ်သော်လည်း သူ့ရှေ့မှ ရှေးဟောင်း ရွှေရောင်ဗုဒ္ဓကို အခြားဗုဒ္ဓများစွာ ဝန်းရံထားသည်။ ဗုဒ္ဓအသံက သူတို့ထံမှ တစ်ချိန်တည်း ထွက်ပေါ်လာနေသည်။ ဤလောကက နတ်ဆိုးအားလုံးကို ဖိနှိပ်ထားသည့် ဗုဒ္ဓလောကတစ်ခုအဖြစ် ပြောင်းလဲသွား၏။

ဘုန်း...

ရီဖူရှင်း၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်နေသည်။ သူက ဗုဒ္ဓကျင့်ကြံခြင်း နည်းစနစ်တို့ဖြင့် သူ၏ စိတ်နှင့်ခန္ဓာကို တည်ငြိမ်အောင် ထိန်းသိမ်းထားသော်လည်း အကြွင်းမဲ့ ငြိမ်းချမ်းမှုကို ရရှိရန် ခက်ခဲ၏။ ထိုစွမ်းအားနှစ်ခု ရုန်းကန်တိုက်ခိုက်နေခြင်းက သူ့အား ခေါင်းကွဲထွက်မတတ် ကိုက်ခဲမှုကို ခံစားရစေပြီး ၎င်းသည် ယခင်က သူတော်စင်ကျန်းချန်နှင့် ရင်ဆိုင်စဥ်ကထက် ပို၍ ပြင်းထန်သည်။

ထို့ပြင် ထိုကျူးကျော်လာသည့် နတ်ဆိုးက အလွန် သန်မာကာ စိတ်ခွန်အားကြီး၏။ သူသည် တစ်ချိန်က ဗုဒ္ဓကျမ်းစာ ကျင့်စဥ်များ အားလုံးတွင် ကျွမ်းကျင်ခဲ့သူ ဖြစ်သည်။ နောက်ပိုင်းတွင် သူက မျှော်လင့်ချက်အားလုံးကို စွန့်လွှတ်ကာ နတ်ဆိုးလမ်းစဥ်အား လိုက်စားသည်။ ထိုအကြောင်းပြချက်ကြောင့် သူ့အပေါ်သို့ ဗုဒ္ဓစွမ်းရည် သက်ရောက်မှုက အကန့်အသတ်ရှိ၏။ သူသည် ဤနှစ်များတလျှောက် အမှန်တကယ် သုတ်သင်ဖျက်ဆီးခံရခြင်း မရှိခဲ့ပေ။

ရီဖူရှင်းသည် ဧကရာဇ်အလင်းကိုပင် ထုတ်လွှတ်လိုက်ပြီး ထိုစွမ်းအားနှစ်ခု ရုန်းကန် လှုပ်ရှားနေစဥ် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ နတ်ဘုရားရုပ်ကြွင်းကဲ့သို့ တောက်ပလာ၏။ သူက ပြိုင်ဘက်ကို အနည်းငယ် ဖိနှိပ်ထားခဲ့သော်လည်း ဖျက်ဆီးပစ်ခြင်း မရှိပါ။

ထိုအချိန်တွင် ကောင်းကင်ထက်၌ တိမ်တိုက်နှင့် မြူမှုန်များ ပြန့်ကျဲလာကာ တောက်ပသည့် ဗုဒ္ဓအလင်းရောင်တို့က အရောင်မဲ့ပင်လယ် မျက်နှာပြင်ထက်ကျဆင်းလာပြီး ရီဖူရှင်း၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွား၏။

တစ်ဖက်ကမ်း၌ အလင်းတန်းတစ်ခု ကျဆင်းလာပြီး ဗုဒ္ဓအလင်း၏ အဆုံးတွင် ရွှေရောင်အလင်းအနားသတ်တို့နှင့် ဗုဒ္ဓတစ်ပါး ထွက်ပေါ်လာသည်။ သူက ရီဖူရှင်းကို ငုံ့ကြည့်သည်။

'အရောင်မဲ့ကောင်းကင်ရဲ့ ဗုဒ္ဓအရှင်။'

ရီဖူရှင်းက သူ့နှလုံးသားထဲ၌ တိတ်ဆိတ်စွာ ရေရွတ်သည်။ အရောင်မဲ့ကောင်းကင်အတွင်း အလွန် အစွမ်းထက်သည့် ဗုဒ္ဓကျင့်ကြံသူများစွာရှိပြီး ယခုထွက်ပေါ်လာသူမှာ ဗုဒ္ဓအရှင်အဆင့်၌ရှိသည့် တစ်စုံတစ်ယောက် ဖြစ်ရပေမည်။

ဗုဒ္ဓအလင်းတို့က ရီဖူရှင်းပေါ်သို့ ဖြာကျလာကာ ရီဖူရှင်း၏ အသိစိတ်အတွင်း တိုက်ရိုက်​ဖြတ်သန်းဝင်ရောက်လာပြီး အမှောင်ထုဗုဒ္ဓကို ဆန့်ကျင်ရန် သူ့အား ကူညီပေး၏။ ဗုဒ္ဓအလင်းရောင်က ထိုဗုဒ္ဓများပေါ်သို့ ကျရောက်လာသည့်အခါ ပို၍ အစွမ်းထက်လာသည်။ တဖြေးဖြေးနှင့် အမှောင်ထုဗုဒ္ဓ၏ အရိပ်ပေါ်၌ အက်ကြောင်းများ ပေါ်ပေါက်လာ၏။

နောက်ဆုံးတွင် စိတ်စွမ်းအားပေါက်ကွဲမှုတချို့နှင့်အတူ သူ့ခေါင်းထဲမှ ကြီးမားသော ဖိအားမှာ ရုတ်တရက် ပျောက်ကွယ်သွား၏။

"ပြီးသွားပြီ။"

ရီဖူရှင်းက တွေးသည်။ ဗုဒ္ဓ၏ စုပေါင်းစွမ်းအားများမှာလည်း သူ့ကိုယ်ထဲမှ ပြန်ထွက်သွားကြသည်။ သူ့ခန္ဓာကိုယ်ပေါ်မှ ဗုဒ္ဓအလင်းတို့ ပြန်လည်ဖယ်ခွာသွားသည့်အခါ သူက ကောင်းကင်သို့ မော့​ကြည့်ကာ အရိုအသေပေး၍ ပြောသည်။

"ကျေးဇူးတင်ပါတယ် ဗုဒ္ဓအရှင်။"

ထိုဗုဒ္ဓအရှင်က လက်များကို အုပ်ချီရင်း ပြန်ဖြေသည်။

"အောမီသောဖု.. ဒကာလေးရီက ဗုဒ္ဓကျင့်ကြံခြင်းလောကနဲ့ နက်ရှိုင်းတဲ့ ဆက်သွယ်မှုရှိတယ်။ ဒကာလေးသာ ဗုဒ္ဓကျင့်စဥ်တွေကို ဆက်ကျင့်ကြံရင် တစ်နေ့မှာ ဗုဒ္ဓတစ်ပါး ဖြစ်လာလိမ့်မယ်။"

"ဗုဒ္ဓအရှင်က တပည့်တော်ကို အများကြီး မျှော်လင့်ထားတာပဲ။ ဗုဒ္ဓကျင့်ကြံခြင်းက နက်နဲသိမ်မွေ့ပြီး တပည့်တော်က အပေါ်ယံလောက်ပဲ နားလည်သေးတာပါ။ ဒီတစ်ခေါက် တပည့်တော် အရောင်မဲ့ပင်လယ်မှာ ပြဿနာရှာမိတဲ့အတွက် တောင်းပန်ပါတယ်။"

ရီဖူရှင်းက တစ်ဖန် အရိုအသေပြုကာ တောင်းပန်သည်။

"ဒကာလေးရီမှာ ရွေးချယ်စရာမှ မရှိခဲ့တာ။"

ဗုဒ္ဓအရှင်က တုန့်ပြန်သည်။

"နားလည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဗုဒ္ဓအရှင်။ ဗုဒ္ဓအရှင်ရဲ့ ကျင့်ကြံခြင်းကို အနှောက်အယှက်ပေးမိတဲ့အတွက် တောင်းပန်ပါတယ်။ တပည့်တော် အခု သွားပါတော့မယ်။"

ရီဖူရှင်းက ပြောသည်။

ရီဖူရှင်းက ထွက်သွားရန် အရိုအသေပြုလိုက်သည့်အခါ ထိုဗုဒ္ဓအရှင်က လက်နှစ်ဖက်ကို အုပ်ချီကာ နှုတ်ဆက်သည်။ ထို့နောက် သူက လျင်​မြန်စွာ ထွက်ခွာသွားပြီး ကောင်းကင်ထက်ရှိ ဗုဒ္ဓအလင်းတို့ကလည်း ပျောက်ကွယ်သွား၏။ ဗုဒ္ဓအရှင်ကိုယ်တိုင်လည်း ပျောက်ကွယ်သွား၏။

ရီဖူရှင်းက ဗုဒ္ဓရောင်ဝါခြေလှမ်းကို အသုံးပြု၍ ခရီးပြင်းနှင်သည်။ သူက နေရာတစ်ခုသို့ ရောက်ရှိရန် အချိန်သိပ်မယူလိုက်ရဘဲ ရပ်တန့်ကာ ကျင့်ကြံရန် မျက်လုံးများအား မှိတ်သည်။ တစ်ချိန်တည်းတွင် သူက ဟွာဂျီယူနှင့် အခြားလူများအား ပြဿနာများ ပြီးဆုံးသွားပြီဖြစ်ကြောင်း အသိပေးလိုက်၏။

ရက်အနည်းငယ်ကြာပြီးနောက် ဒဏ်ရာများအားလုံး အရှင်းပျောက်သွားသောအခါ ရီဖူရှင်းသည် ဗုဒ္ဓရောင်ဝါခြေလှမ်းကို အသုံးပြု၍ ဗုဒ္ဓကျင့်ကြံသူများ၏ အနောက်ဘက်လောကမှ ထွက်ခွာရန် ဆက်လက်ခရီးနှင်သည်။

ဗုဒ္ဓကျင့်ကြံသူများ၏ လောကအတွင်းမှ အရာအားလုံးက ယခု အဆုံးသတ်သွားပြီ ဖြစ်သည့်အတွက်ကြောင့် သူက ထွက်သွားသင့်ပြီ ဖြစ်သည်။

တစ်ချိန်တည်းတွင် အနောက်ဘက်လောကမှ ဗုဒ္ဓကျင့်ကြံသူများက သူတော်စင်ကျန်းချန်၏ သေဆုံးမှုသတင်းကို ရရှိကြ၏။ ထိုအချိန်တွင် သူတို့၏ အတွေးများ ရှုပ်ထွေးသွားကြသည်။ အချို့သော ဗုဒ္ဓအရှင်များမှာ ထိုအဆုံးသတ်ကို ကြိုသိပြီးသား ဖြစ်နေသကဲ့သို့ ​အေးချမ်းစွာ ရှိနေကြပေသည်။

ကိုယ်တော်ဒုက္ခသမာဓိသည်လည်း စာကြည့်တိုက်အပြင်ဘက်၌ တံမြက်စည်းလှည်းနေစဥ် ထိုသတင်းကို ကြားသိသည်။ သူက အဝေးသို့ တစ်ချက်သာ မော့ကြည့်လိုက်ပြီး ကြွေကျနေသည့် သစ်ရွက်များကို ဆက်လက်လှည်းကျင်း၏။

ဆန့်ကျင်ဘက်အနေနှင့် ရှန်းယန်ဗုဒ္ဓအရှင်နှင့် အခြားသူများက ထိုသတင်းကြောင့် ထိတ်လန့်သွားခဲ့ကြသည်။ ရီဖူရှင်းသည် အရောင်မဲ့ပင်လယ်အတွင်းမှ စုပေါင်းစွမ်းအားကို အသုံးချကာ အသုံးချကာ သူတော်စင်ကျန်းချန်အား သတ်ဖြတ်၏။

သူတော်စင်ကျန်းချန်၏ သေဆုံးခြင်းကြောင့် ကျန်းချန်နန်းတော်မှာ သမိုင်း၏ တစ်စိတ်တစ်ပိုင်းသာ ဖြစ်လာတော့သည်။

…

အဆုံးမဲ့လေဟာနယ်အတွင်း ရွှေတောင်ပံငှက်ကြီးသည် ရှေ့ဆက်ပျံသန်း​နေပြီး ၎င်း ဖြတ်သန်းသွားသည့်လေဟာနယ်က လှိုင်းထ တုန်ခါနေသည်။

ရွှေတောင်ပံငှက်ကြီး၏ ကျောပေါ်တွင် ဟွာဂျီယူသည် လှပသော မျက်လုံးများနှင့် နောက်သို့ ကြည့်နေသည်။ သူမက တစ်စုံတစ်ခုကို သတိထားမိ၏။

ရုတ်တရက် သူမရှေ့၌ ပုံရိပ်တစ်ခု ပေါ်ပေါက်လာပြီး ရွှေတောင်ပံငှက်ကြီး၏ ကျောပေါ်သို့ ဆင်းသက်လာသည်။ ထိုသူသည် အရှိန်အဝါတို့ အနည်းငယ်မျှ လှုပ်ခတ်ခြင်းမရှိဘဲနှင့် ပါးလျသော လေထုအတွင်း၌ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ရွှေတောင်ပံငှက်ကြီးမှာ ရီဖူရှင်း၏ ထိန်းချုပ်မှုအောက်တွင်ရှိရာ ဟွာဂျီယူတို့အုပ်စု၏တည်နေရာကို ခြေရာခံရန်မှာ သိပ်မခက်ပါ။

"အံ့သြစရာပဲ။"

ရီဖူရှင်းက သူတို့ရှေ့၌ သတိပေးခြင်းအလျဥ်းမရှိဘဲ ပေါ်ပေါက်လာသည်ကို မြင်သည့်အခါ ချန်ယိက ရေရွတ်သည်။ သူ၏ အတွေ့အကြုံအရ လေဟာနယ်ကို ဖြတ်သန်းရန် မည်သို့သော မဟာလမ်းစဥ်စွမ်းအားကို အသုံးပြုသည်ဖြစ်စေ အချို့သော လက္ခဏာများကို အလုံးစုံ ကွယ်ဝှက်ရန် မဖြစ်နိုင်ပါ။ သို့သော် ရီဖူရှင်း၏ ထွက်ပေါ်လာမှု၌ မည်သည့် လက္ခဏာမှ ရှိမနေပေ။ သူက တစ်နေရာရာမှ ဘွားခနဲ ထွက်ပေါ်လာသည်နှင့်တူ၏။

"ဗုဒ္ဓအထူးစွမ်းရည် ခြောက်မျိုးထဲက တစ်မျိုးဖြစ်တဲ့ ဗုဒ္ဓရောင်ဝါခြေလှမ်းက တကယ် အံသြစရာကောင်းတယ်။"

ရီဖူရှင်းက ပြုံးလျှက်ပြောသည်။

"ဆရာ"

ဖန်းစွင်နှင့် အခြားလူများက ရှေ့သို့တက်လာကာ အားရဝမ်းသာ အော်ခေါ်ကြ၏။ သူတို့က ရီဖူရှင်း အန္တရာယ်ကင်းကင်း ပြန်ရောက်လာသည်ကို မြင်သောအခါ အလွန်ပျော်ကြ၏။ ရီဖူရှင်းအား သူတော်စင်ကျန်းချန်က လိုက်လံဖမ်းဆီးမည်ကို သူတို့ စိုးရိမ်ပူပန်ကြသည်။

"အခု အားလုံး အဆင်ပြေသွားပြီ။"

ရီဖူရှင်းက ပြုံးလျှက်ပြောသည်။ ထို့နောက် သူက ဟွာဂျီယူအား ကြည့်ကာ ပြောလိုက်၏။

"ငါ ပြန်လာပြီ။"

"အင်း"

ဟွာဂျီယူက သိမ်မွေ့စွာ ခေါင်းညိတ်သည်။

"ကဲ အားလုံး အိမ်ပြန်ကြစို့။"

ရီဖူရှင်းက ပြောလျှင် သူတို့အဖွဲ့ကလည်း ခေါင်းညိတ်ကြသည်။

ယခုတွင် ဤနေရာမှ ထွက်ခွာ၍ စီဝေ့ကြယ်ကမ္ဘာသို့ ပြန်ရန် အချိန်ကျရောက်လာပြီ ဖြစ်သည်။

All Chapters