← Chapters

ပြန်ရောက်ပြီ

Vol. 175 Ch. 2506

ပြန်ရောက်ပြီ

Vol. 175 Ch. 2506

ရီဖူရှင်းအနေဖြင့် အနောက်ဘက်ကောင်းကင်မှနေ၍ စီဝေ့ကြယ်ကောင်းကင်သို့ပြန်ရန် ဦးစွာ ကောင်းကင်ဒေသကို ဖြတ်သန်းရပေမည်။ သူသည် နေရာများစွာကို ဖြတ်ကျော်လာရင်း ကိစ္စများစွာကို ကြားခဲ့ရ၏။

လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း၌ စီဝေ့ကြယ်ကောင်းကင်သည် ပြင်ပလောကနှင့် အဆက်အသွယ်ဖြတ်ထားသည်။ သူတို့သည် အပြင်လောကမှ သတင်းများကိုလည်း မသိကြပေ။ ထို့ကြောင့် သူတို့သည် အပြင်လောကတွင် ဖြစ်ပျက်နေသော လက်ရှိပြောင်းလဲမှုများကို မသိကြပါ။

သို့သော် ရီဖူရှင်းသည် အပြန်လမ်းတွင် သတင်းအချက်အလက်များစွာကို ရရှိသည်။

မူလဘုံ၏ကုန်းမြေအများစုသည် ယခုတွင် အခြားလောကကြီးများနှင့်လည်း သက်ဆိုင်နေပေပြီ။ မူလဘုံသည် ကောင်းကင်ဒေသတစ်ခုနှင့်သာ သက်ဆိုင်ခြင်းမဟုတ်တော့ချေ။ ယခုတွင် လောကအသီးသီးသည် ၎င်း၏တစ်စိတ်တစ်ပိုင်းဖြစ်နေပေပြီ။ ကောင်းကင်ဒေသသည် အခြားလောကများနှင့် စစ်မဖြစ်လိုလျှင် ထိုသို့ ခွင့်ပြုထားရပေတော့မည်။

အချိန်ကြာလာသည်နှင့်အမျှ ပင်မလောကအသီးသီးသည် မူလဘုံ ဆက်ကြောင်းများ ဖွင့်လှစ်ထားနိုင်ကြသည်။

ကောင်းကင်ဒေသရှိ ကုန်းမြေဆယ့်ရှစ်ခုသည်လည်း ထို့အတူပင်ဖြစ်သည်။ ကုန်းမြေဆယ့်ရှစ်ခုမှနေ၍ မူလဘုံသို့ ဦးတည်သောလမ်းကြောင်းများ ရှိနေပြီဖြစ်သည်။

ထို့ကြောင့် ရီဖူရှင်းသည် အတန်ကြာ စိတ်ပျက်လက်ပျက် ခံစားနေရ၏။ မူလဘုံသည် ရှေးခေတ်ကကဲ့သို့ ပြန်ဖြစ်သွားပေပြီ။ ၎င်းသည် လောကကြီး၏ အလယ်ဗဟိုအဖြစ် များစွာသော ဘုံများ၏အနိုင်ကျင့်ဗိုလ်ကျမှုကို ခံရတော့မည် ဖြစ်သည်။

မူလဘုံတစ်ခုလုံးတွင် ဖြစ်ပျက်နေသည်များအား သူ မသိနိုင်ပေ။ စီဝေ့ကြယ်ကောင်းကင်သည် အပြင်လောကနှင့် အဆက်အသွယ်ပြတ်နေသည်ဖြစ်ရာ ထိုနေရာရှိ အရေးကြီးသော အဖြစ်အပျက်များနှင့် ကင်းကွာနေခဲ့သည်။

မူလဘုံတွင် သေချာပေါက် ကြီးမားသော ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်။

ရီဖူရှင်းသည် ထိုဟောကိန်းကို ပြန်တွေးမိ၏။ ထိုဟောကိန်းသည် အနောက်ဘက်ကောင်းကင်လောကမှ အစပြုခဲ့ပြီး လောကအသီးသီးသို့ ပျံ့နှံ့သွားခဲ့သည်။

လောကပြောင်းလဲမှုများဆိုသည်မှာ အဘယ်နည်း။

ရီဖူရှင်းတို့လူစုသည် လေးမျက်နှာကျေးရွာသို့ ပထမဆုံးသွားကြရ၏။ ယခင်က သူသည် မူလဘုံမှနေ၍ ကောင်းကင်ဒေသသို့ တိုက်ရိုက်လမ်းကြောင်းဖွင့်နိုင်သော ရတနာတစ်ခုကို မင်းသမီးဒွန်ဟောင်ထံမှ ရရှိသည်။ သို့သော် သူသည် ထိုရတနာကို အပြန်ခရီးအတွင် အသုံးမပြုနိုင်ပါ။ ဆိုလိုသည်က သူသည်မူလဘုံမှထွက်သွားနိုင်သော်လည်း ဒွန်ဟောင်အင်ပါယာနန်းတော်မှ လမ်းကြောင်းအပွင့်တစ်ခုကို မငှားယူနိုင်လျှင် အိမ်ပြန်ရန် မဖြစ်နိုင်။

သို့သော် လက်ရှိတွင် ထိုအရာက မဖြစ်နိုင်ချေ။

ကံအားလျော်စွာ လေးမျက်နှာကျေးရွာတွင် ဆရာသခင်သည် သူ့အတွက် လမ်းကြောင်းတစ်ခု ဖွင့်ပေးထားလေသည်။ ထို့ကြောင့် ရီဖူရှင်းတွင် မူလဘုံနှင့် ကောင်းကင်ဒေသအကြား၌ အသုံးပြုနိုင်သော လမ်းကြောင်းတစ်ခု ရှိ၏။

စီဝေ့ကြယ်ကောင်းကင်တွင် ကျယ်ပြောသောကြယ်တာရာကောင်းကင်အကြား၌ နဂါးငွေ့တန်းများ ရွေ့လျားနေကြပြီး ကြယ်တာရာအလင်းများ စီးဆင်းနေကြသည်။

စီဝေ့အင်ပါယာနန်းတော်၏ ကြယ်တာရာကျင့်ကြံခြင်းနန်းတော်ထဲတွင် လူများသည် ကောင်းကင်သို့ ခေါင်းမော့၍ကြည့်ကြ၏။ သူတို့သည် တစ်စုံတစ်ခုကို အာရုံခံကြ၏။

“ဂီး...”

အနက်ရောင်လျှပ်စီးတစ်တန်းတစ်ခုသည် တိမ်များကို ထွင်းဖောက်သွား၏။ သတ္တဝါတစ်ကောင်သည် ကြယ်တာရာကောင်းကင်ကို ဖြတ်၍ပျံသန်းလာ၏။ ၎င်းမှာ သိမ်းငှက်နက် ဖြစ်သည်။

ကြယ်တာရာကျင့်ကြံခြင်းနန်းတော်အတွင်းရှိ ကျင့်ကြံသူများသည် ထိုမြင်ကွင်းကို မြင်လိုက်ကြ၏။

ဤမတိုင်ခင်က သူတို့သည် ရီဖူရှင်းပြန်လာမည့် သတင်းကို ရထားပြီးဖြစ်သည်။ ယခုတွင် သိမ်းငှက်နက်အားမြင်သောအခါ ရီဖူရှင်းပြန်ရောက်လာပြီဖြစ်ကြောင်း နားလည်လိုက်ကြ၏။

ထိုအခိုက်တွင် အားလုံးသည် ကျင့်ကြံခြင်းကို ရပ်တန့်လိုက်ပြီး ငြိမ်သက်စွာ စောင့်ဆိုင်းနေကြ၏။

မကြာမီမှာပင် အားလုံး၏မြင်ကွင်းထဲသို့ လူတစ်စု ပေါ်လာသည်။ သူတို့သည် စီဝေ့အင်ပါယာနန်းတော်အတွင်းရှိ လမ်းကြောင်းမှနေ၍ ကြယ်တာရာကျင့်ကြံခြင်းနန်းတော်အတွင်းသို့ ဝင်လာခြင်းမဟုတ်ပေ။ ထိုအစား သူတို့သည် ကြယ်တာရာကျင့်ကြံခြင်းနန်းတော်အတွင်း၌ တိုက်ရိုက်ပေါ်လာလေသည်။ ရီဖူရှင်းသည် မဟာအင်ပါယာစီဝေ့၏ဝိညာဉ်စွမ်းအားကို ထိန်းချုပ်နိုင်ရာ ထိုသို့ပြုလုပ်ခြင်းက သိပ်မခက်ခဲပါ။

ကြယ်တာရာကောင်းကင်တွင် ခွန်ပန်ရွှေအတောင်ပံငှက်သည် အတောင်ဖြန့်၍ အောက်သို့ထိုးဆင်းလာသည်။ သူသည် ကြယ်တာရာကောင်းကင်တွင် ဝေ့ဝဲပျံသန်းလိုက်လျှင် သူ၏အတောင်ပံများသည် နေမင်းကို ကွယ်သွား၏။ ထို့နောက် လေထဲတွင် လှပစွာ ဝဲပျံလိုက်၏။

ခွန်ပန်ရွှေအတောင်ပံငှက်၏ကျောပေါ်တွင် လူအချို့ရှိနေသည်။ အလယ်တွင် ရပ်နေသောသူမှာ နှင်းပွင့်များထက်ပိုသန့်စင်သည့် အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထား၏။ သူသည် မြေပြင်မှ ရင်းနှီးသောမျက်နှာများကို ငုံ့ကြည့်လျှက် ပြုံးသည်။ သူ၏မျက်နှာထားမှာ သိမ်မွေ့ပြီး သူ့ကိုယ်မှနေ၍ အရှိန်အဝါတစ်စွန်းတစ်စမျှ ထွက်မနေပါ။ သူသည် သာမန်လူတစ်ဦးနှင့်တူသော်ငြား ထူးကဲသောအငွေ့အသက်ကို ပေး၏။ ရီဖူရှင်းသည် သူ၏ခရီးတွင် များစွာတိုးတက်လာပြီဖြစ်ကြောင်း အားလုံးက နားလည်ကြ၏။

“ဖူရှင်း...”

“နန်း‌တော်သခင်...”

“ညီလေး...”

“ဆရာ...”

“...”

ခေါ်သံများ ထွက်ပေါ်လာသည်။

ရီဖူရှင်း အဝေးသို့ထွက်သွားသည်မှာ ဆယ်စုနှစ်တစ်ခုကျော်ပင် ရှိခဲ့ပြီဖြစ်သည်။ အချိန်ကာလတချို့ ကြာသွားခဲ့လေပြီ။ ယခုတွင် သူပြန်ရောက်လာပြီ ဖြစ်သည်။

“ကျွန်တော် ပြန်ရောက်ပြီ”

ရီဖူရှင်းက သူ့ထံသို့ချဉ်းကပ်လာသည့် ရင်းနှီးသောမျက်နှာများကို ကြည့်က ပြုံးလျှက် ပြောသည်။

“ဆရာ... ဒီရွှေသားမွေးငှက်ကို ဆရာသိမ်းငှက်ဆီမှာ နည်းနည်းလောက် သင်ယူဖို့ ထားခဲ့လိုက်ပါလား”

သိမ်းငှက်နက်က ရီဖူရှင်းကို မေးသည်။ သူသည် ခွန်ပန်ရွှေတောင်ပံငှက် မော့ယွင်ကျီးထံမှ အကြည့်မခွာပေ။ ထိုရွှေသားမွေးငှက်သည် သူ့နေရာအတွက် ကြီးမားသောခြိမ်းခြောက်မှုဖြစ်သည်။ ယခုတွင် ဆရာပြန်ရောက်လာပြီဖြစ်ရာ သူသည် လက်ဦးမှုယူ၍ သူ၏ဩဇာကို ပြရပေမည်။

“ရွှေသားမွေး ဟုတ်လား”

မော့ယွင်ကျီး၏ စူးရှသော မျက်လုံးအကြည့်များသည် သိမ်းငှက်နက်ဆီသို့ ဓားမြှောင်တစ်ချောင်းအလား တိုးဝင်သွား၏။ သူက ဆရာသိမ်းငှက်လော။

မော့ယွင်ကျီးသည် တစ်စုံတစ်ယောက်က သူ့ကို ထိုသို့ရိုင်းပြစွာခေါ်မည်ဟု မထင်ထားပေ။ သူသည် ခွန်ပန်ရွှေတောင်ပံငှက်ဟုခေါ်သော နတ်ငှက်ဖြစ်သည်။ ဗုဒ္ဓလောကတွင်ပင် အဆင့်အတန်းတစ်ခုရှိပြီး ဗုဒ္ဓများစီးနင်းသည့် ငှက်မျိုးစိတ်ဖြစ်၏။

ထိုငှက်မည်းက သူ့အား ရိုင်းစိုင်းရဲသည်။

“မင်းက ဘာကြည့်နေတာလဲ။ ငါ ဆရာသိမ်းငှက်က ဆရာ့နောက်ကို နှစ်ပေါင်းများစွာ လိုက်ခဲ့တာကွ။ မင်းကငါနဲ့ ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ။ မင်းက မင်းဆရာကို အရိုအသေပေးသင့်တာမလား”

သိမ်းငှက်နက်၏လေသံက အတော်မာကျောသည်။

ဝှီး...

မော့ယွင်ကျီးသည် ထိုစော်ကားမှုကို ဆက်၍သည်းမခံနေနိုင်တော့ပါ။ သူက ရုတ်ခြည်းပင် သူ၏ရွှေလက်သည်းများကိုထုတ်လျှက် ရှေ့သို့ ပျံသန်းတိုးဝင်လာ၏။ ယခုတွင် သူသည် ရီဖူရှင်း၏စီးတော်ယာဉ်ဖြစ်နေသော်လည်း ဂုဏ်ယူဝံ့ကြွားသူ ဖြစ်သည်။ ယခု တစ်စုံတစ်ယောက်က သူ့အား အနိုင်ကျင့်လို၏။

“အာခံတဲ့ကောင်”

သိမ်းငှက်နက်သည် လျပ်တပြက် ရှောင်ရင်း ကြိမ်း‌မောင်း၏။ နတ်ဆိုးသားရဲနှစ်ကောင်သည် ကောင်းကင်ထက်သို့ လွန်စွာမြန်သောအရှိန်ဖြင့် ပျံတက်သွားကြသည်။

လူအုပ်မှာ ထိုမြင်ကွင်းကို ကြည့်ကာ မင်တက်နေကြ၏။ ရီဖူရှင်းသည် ခရီးဝေးမှ ရောက်ရုံသာရှိသေးသည်၊ ထိုနတ်ဆိုးသားရဲနှစ်ကောင်က စတင်တိုက်ခိုက်နေကြလေပြီ။

ရီဖူရှင်းကလည်း အံ့အားသင့်သွား၏။ ထို့နောက် သူပြုံးသည်။ သူတို့သည် ယခုတွင် တိုက်ခိုက်နေကြသော်လည်း သူတို့၏အတိုင်းအတာကို နားလည်ကြသည်။ ထို့ကြောင့် မလိုလားအပ်သော ထိခိုက်မှုများ ဖြစ်လာမည် မဟုတ်ပေ။

“ဒီတစ်ကြိမ် မင်းရဲ့ခရီး အဆင်ပြေခဲ့လား”

အရှင်ထိုက်ရွှမ်က မေးသည်။

“အရှင်ထိုက်ရွှမ်”

ရီဖူရှင်းက ရှေးဦးစွာ ရိုရိုသေသေ နှုတ်ဆက်သည်။ ထို့နောက် သူက အခြားသူများကို ကြည့်လျှက် ပြောသည်။

“ကျွန်တော်တို့ နောက်ဆုံးအကြိမ်တွေ့ခဲ့တာ နှစ်တော်တော်ကြာခဲ့ပြီ။ ကျွန်တော် တစ်ယောက်ချင်းစီကို နှုတ်မဆက်နိုင်တာ ခွင့်လွှတ်ကြပါ။”

လူအုပ်က နားလည်ဟန်ဖြင့် ခေါင်းညိတ်ကြ၏။ အကယ်၍ ရီဖူရှင်းသာ သူတို့ကို တစ်ဦးချင်းလိုက်နှုတ်ဆက်နေပါက သူသည် အချိန်များစွာကို ဖြုန်းမိသွားမည် ဖြစ်သည်။ ကျင့်ကြံသူများသည် ထိုကဲ့သို့ ဓလေ့များကိုလည်း ဂရုစိုက်သည်မဟုတ်ပေ။

“ကျွန်တော်တို့ရဲ့ ဒီတစ်ခေါက်ခရီးက တော်တော်လေး‌‌အဆင်ပြေတယ်”

ရီဖူရှင်းက အရှင်ထိုက်ရွှမ်ကိုကြည့်၍ ပြောသည်။ သူ ဆက်ပြောလိုက်၏။

“ကျွန်တော် ချင်းချင်းကို အနောက်ဘက်ကောင်းကင်ကို ခေါ်သွားတယ်... ပြီး‌တော့ ကျွန်တော်တို့ လိပ်ပြာတောင်ကုန်းကို သွားကြတယ်။ ချင်းချင်းက ဗုဒ္ဓအားလုံးအရှင်ရဲ့ ဗုဒ္ဓမီးအိမ်ပြန်ဝင်စားတာပဲ။ သူက အတိတ်ဘဝမှာ ဗုဒ္ဓအားလုံးအရှင်ကျင့်ကြံရာမှာ အဖော်ပြုပေးခဲ့တယ်။ အခု သူ ရှေးဟောင်းဗုဒ္ဓချင်းသန်းဖြစ်ခဲ့တုန်းက မှတ်ဉာဏ်တွေပြန်ရခဲ့ပြီ”

ရီဖူရှင်းက ဆက်ပြောသည်။

“ချန်ယိဟာလည်း မဟာအလင်းကုန်းမြေကိုသွားပြီး သူ့ရဲ့အမွေအနှစ်ကို ရရှိခဲ့တယ်။ ကျွန်တော်တို့ အနောက်ဘက်ကောင်းကင်မှာ ကိစ္စတော်တော်များများနဲ့ တွေ့ကြုံခဲ့ရတယ်...ပြီးတော့ ဆန်းကြယ်တဲ့ဗုဒ္ဓဓမ္မတော်တော်များများကို ကျင့်ကြံနိုင်ခဲ့တယ်။ အကျိုးအမြတ်တွေကတော့ တော်တော်များတယ်”

ရီဖူရှင်းက လူအုပ်အား ပြီးခဲ့သောနှစ်များအတွင်း သူတို့အုပ်စုတွေ့ကြုံခဲ့ရသည်များကို အကျဉ်းချုံးပြောပြသည်။ သို့သော် သူပြောပြသည်မှာ အပေါ်ယံသာဖြစ်ကြောင်း သူတို့သိကြ၏။ ဤခရီးသည် မလွယ်ကူနိုင်ပေ။

မည်သို့ပင်ဆိုစေကာမူ ဤခရီးမှရသောအကျိုးကျေးဇူးများသည် အမှန်ပင် ကြီးမားပုံပေါ်သည်။

“ဒီလူငယ်လေးတွေရဲ့ ကျင့်ကြံခြင်းကလည်း အများကြီးတိုးတက်လာတာပဲ”

အင်ပါယာရှီက ရီဖူရှင်းအနောက်ရှိ ဖန်းစွင်တို့လူငယ်အုပ်စုကို ကြည့်ကာ ပြောသည်။ အဘိုးမာနှင့် လေးမျက်နှာကျေးရွာမှ အခြားကျင့်ကြံသူများလည်း ရှေ့ကိုတိုးလာကြသည်။ သူတို့သည် လင်ကလေးနှင့်အခြားသူများကို ကြည့်ကာ ပြုံးလိုက်ကြ၏။

ရီဖူရှင်းက ပြုံးလျှက်ပြောသည်။

“အစ်ကို(၁)၊ အစ်မ(၂)၊ အစ်ကို(၃)၊ သောကျောက်၊ မုယီ... အစ်ကိုတို့၊ အစ်မတို့အကုန်လုံး အများကြီးတိုးတက်လာတာပဲ”

“ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ငါတို့ စီဝေ့ကြယ်ကောင်းကင်မှာ ကြိုးစားပမ်းစား ကျင့်ကြံနေခဲ့တာပဲ။ ငါတို့က စီဝေ့လောကမှာ ကိုယ့်ကိုယ်ကို ချိပ်ပိတ်ထားဖို့ ဖိအားပေးခံထားရတော့ ကျင့်ကြံတာကလွဲရင် ဘာမှလုပ်စရာမရှိဘူးလေ။ ကြယ်တာရာကျင့်ကြံခြင်းနန်းတော်ကလည်း မဟာအင်ပါယာရဲ့ဝိညာဉ်စွမ်းအားပါတယ်... ဒီတော့ ငါတို့အကုန်လုံး အများကြီးတိုးတက်လာတာပေါ့”

အရှင်ထိုက်ရွှမ်က ပြုံးလျှက် ပြောသည်။

“အပြင်လောက အဖြစ်အပျက်တွေနဲ့ ကောင်းကင်အာဏာစက်ဘုံမှာ ဘယ်လိုအခြေအနေရှိတယ်ဆိုတောကို မသိရတာတော့ ဆိုးတယ်”

အရှင်ထိုက်ရွှမ်မှာ ကောင်းကင်အာဏာစက်ဘုံကို သတိရနေဆဲဖြစ်ရပေမည်။

“ဟုတ်တယ်…”

ရီဖူရှင်းက ခေါင်းညိတ်သည်။

“နှစ်တွေအတော် ကြာသွားပြီဆိုတော့ လက်ရှိ အပြင်လောကမှာ ဘာတွေဖြစ်နေလဲဆိုတာ ကျွန်‌တော်လည်း သိချင်တယ်။ အခု ကျွန်တော် ပြန်လာပြီဆိုတော့ စီဝေ့ကြယ်ကောင်းကင်ကို ချိပ်ပိတ်ထားတာဖျက်ပြီး အပြင်လောကကို တစ်ခေါက် သွားကြည့်ကြတာပေါ့”

All Chapters