ရန်ငြိုးအသစ်များနှင့် သွေးကြွေးဟောင်းများ
Vol. 175 Ch. 2507
ရီဖူရှင်း ထွက်သွားကတည်းက စီဝေ့ကြယ်ကောင်းကင်ကို အပြင်လောကနှင့် အဆက်အသွယ်ဖြတ်ကာ အသေချိပ်ပိတ်ထားသည်။ အတွင်းမှလူအားလုံးမှာ ကျင့်ကြံခြင်းများဖြင့်သာ အလုပ်ရှုပ်နေကြ၏။
စီဝေ့ကောင်းကင်ကို ချိပ်ပိတ်ထားသည်မှာ ဆယ်စုနှစ်တစ်ခုကြာပြီ ဖြစ်သည်။ လူတိုင်း သိသိသာသာ တိုးတက်လာခဲ့သော်လည်း သူတို့သည် လောကအတွင်းသို့ ပြန်သွားလိုကြသေးသည်။ ရီဖူရှင်းသည် အားလုံးနှင့် ပြန်ပေါင်းစုံပြီးသောအခါ စီဝေ့ကြယ်ကောင်းကင်၏ချိပ်ပတ်ထားမှုကို ဖွင့်လိုက်ပြီး အခြားသူများကို အပြင်သို့ထွက်ခွင့်ပေးလိုက်ကာ မူလဘုံမှ လက်ရှိပြောင်းလဲမှုများကို စုံစမ်းစေ၏။
ရီဖူရှင်းသည် သတိလက်လွတ်မလုပ်ဝံ့ပါ။ ဆယ်စုနှစ်တစ်စုကျော်ကြာခဲ့ပြီ ဖြစ်သော်လည်း လူများစွာတို့သည် သူနှင့် စီဝေ့ကြယ်ကောင်းကင်ကို မျက်စိဒေါက်ထောက်ကြည့်နေဆဲ ဖြစ်သည်။ အပြင်လောကသို့သွားမည့်သူများကို ရန်ဟောင်ထိပ်သီးအဆင့်ရှိသူများက အဖော်ပြုပေးကြရပေမည်။ သို့သော် သူတို့၏လုံခြုံမှုအတွက် များစွာ စိတ်ပူရန်တော့ မလိုချေ။
အင်အားစုများက အဓိက ပစ်မှတ်ထားသောသူမှာ ရီဖူရှင်း ဖြစ်ပေသည်။ တခြားလူများက အနည်းနှင့်အများတော့ ဘေးကင်းကြ၏။
ယခုတွင် ရီဖူရှင်း၏ယုံကြည်မှုမှာ အတော်မြင့်မား၏။ သူသည် ဗုဒ္ဓရောင်ဝါခြေလှမ်းကို ကျင့်ကြံအောင်မြင်ထားရာ နတ်ဘုရားကဒ်ဘေးဒုတိယအဆင့်များပင် သူ့ကိုဖမ်းရန် ခက်ခဲပေမည်။
သူတော်စင်ကျန်းချန်သည် နတ်ဘုရားကဒ်ဘေးဒုတိယအဆင့်ဖြစ်၏။ သို့တိုင်အောင် သူသည် အရောင်မဲ့ပင်လယ်အတွင်းသို့ ရီဖူရှင်း၏မျှားခေါ်ခြင်းကို ခံရကာ အသတ်ခံရ၏။
ထို့ကြောင့် ရီဖူရှင်းသည် ဗုဒ္ဓရောင်ဝါခြေလှမ်းကို အားကိုး၍ သူ့ကိုယ်သူ ကာကွယ်နိုင်ပြီဖြစ်သည်။
***
စီဝေ့ကြယ်ကောင်းကင်ထဲမှ လူများသည် အထဲတွင်ပိတ်မိနေခဲ့သည်မှာ အတော်ကြာခဲ့ပြီ ဖြစ်သည်။ ချိပ်ပိတ်ထားခြင်း ပွင့်သွားသောအခါ သူတို့အားလုံးသည် အပြင်လောကကို ကြည့်ရန် ထွက်သွားကြ၏။
ရီဖူရှင်းသည်ကား အပြင်သို့စွန့်စားသွားလာရန် မလောပေ။ သူ ပြန်ရောက်လာကတည်းက အလောတကြီးကျင့်ကြံခြင်းမပြုဘဲ သူ့ဆရာများနှင့် မိတ်ဆွေများကို အဖော်ပြု အချိန်ဖြုန်းနေ၏။ သူက ထိုသူများကို မတွေ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်သည်။
ယနေ့တွင် သူသည် စီဝေ့အင်ပါယာနန်းတော်အတွင်းရှိ ခြံဝန်းတစ်ခုထဲတွင် သူ့ဆရာဖြစ်သော တာလီနန်းတွင်းအကြံပေးဟောင်း ချီရွှမ်ကန်းနှင့် စစ်တုရင်ကစားနေသည်။ ရီဖူရှင်း၏အစ်ကိုကြီးယန်ယွမ်နှင့် မိန်းကလေးဖေးရွှီတို့မှာလည်း သူတို့နှင့်အတူ ရှိနေ၏။ သူတို့က သူတို့နှစ်ဦး ကျားထိုးသည်ကို တိတ်တဆိတ် ကြည့်နေကြ၏။
လက်ရှိ ရီဖူရှင်းသည် ယခင်ရီဖူရှင်း မဟုတ်တော့ပါ။ ဤတစ်ကြိမ် ပြန်လာပြီးနောက်တွင် သူ၏ကျင့်ကြံခြင်းအဆင့်ကို မဖော်ပြသေးသော်လည်း သူသည် ပြိုင်ဘက်ကင်းရန်ဟောင်အဆင့်ရှိသူတစ်ဦး ဖြစ်နေပြီဖြစ်ကြောင်း စီဝေ့အင်ပါယာနန်းတော်မှလူများက ခန့်မှန်းထားကြ၏။
လွန်ခဲ့သည့်ဆယ်စုနှစ်ကပင် ရန်ဟောင်အဆင့်ကျင့်ကြံသူများသည် သူ့ကိုယှဉ်ပြိုင်ရန် ခက်ခဲကြ၏။ ယခုတွင် သူသည် ဗုဒ္ဓလောကမှ ပြန်လာခဲ့ပြီဖြစ်ရာ သူ့တိုးတက်မှုကို ခန့်မှန်းနိုင်သည်။
ချီရွှမ်ကန်းက စစ်တုရင်ခုံကိုကြည့်လိုက်ကာ ပြုံးရောင်သမ်းသောမျက်လုံးများဖြင့် ပြောသည်။
“မင်း ဒီတစ်ခေါက် အနောက်ဘက်ဗုဒ္ဓလောကကို သွားတဲ့ခရီးမှာ တော်တော်လေး အကျိုးကျေးဇူးရလာတဲ့ပုံပဲ”
“ဆရာ ဘာလို့ အဲလိုပြောနိုင်ရတာလဲ”
ရီဖူရှင်းက မေးသည်။
ချီရွှမ်းကန်းက ပြုံးလျှက် ရှင်းပြလိုက်၏။
“စစ်တုရင်ခုံက ပြောပြနေတယ်... မင်းက အရင်ကလို ထက်မြတ်မှုတွေထင်ဟပ်နေပေမဲ့ ပိုပြီးတည်ငြိမ်လာတယ်။ ထိုးစစ်ဆင်တာ၊ ပြန်ဆုတ်တာကို အစီအစဉ်တကျလုပ်နိုင်တဲ့အပြင် ပိုပြီး ဉာဏ်ကစားလာနိုင်တယ်။”
သူသည် ရီဖူရှင်း၏တိုးတက်မှုကို သိသိသာသာ မြင်နေရ၏။
ယခုတွင် စီဝေ့ကြယ်ကောင်းကင်၏ကံကြမ္မာသည် ရီဖူရှင်းနှင့်ဆက်နွယ်နေပေပြီ။ သူသည် မူလဘုံ၏ကံကြမ္မာနှင့်ပင် ဆက်နွယ်နေနိုင်သေးသည်။
ရီဖူရှင်းသည် ထူးကဲကြောင်း ချီရွှမ်ကန်း သိသည်။ သူ၏သမိုင်းမှာ တခြားလူများနှင့်တူမည် မဟုတ်ပေ။
“ကျွန်တော် အနောက်ဘက်ကောင်းကင်က လိပ်ပြာတောင်ကုန်းမှာ ဗုဒ္ဓကျမ်းစာတွေကို နှစ်ပေါင်းများစွာ လေ့လာခဲ့လို့ ဉာဏ်အလင်းနည်းနည်းပွင့်သွားရုံပါပဲ။ တခြားဘာများ ထူးထူးခြားခြား ပြောင်းလဲမှာလဲ”
ရီဖူရှင်းက ပြုံးလိုက်သည်။
ချီရွှမ်ကန်းက အကြံပေးလိုက်၏။
“ဗုဒ္ဓဓမ္မက ကျယ်ပြန့်ပြီး နက်ရှိုင်းတယ်လို့ ငါကြားတယ်။ ငါ တစ်ခါမှ ဗုဒ္ဓဓမ္မကိုကျင့်ကြံဖို့ အခွင့်အရေးမရခဲ့တာ စိတ်မကောင်းစရာပဲ။ မင်းမှာ အဲလိုအခွင့်အရေးမျိုးရှိတာ တကယ်ကို ကံကောင်းတယ်။ အခု လောကကြီးက ပရမ်းပတာဖြစ်နေတယ်... ဒီပရမ်းပတာအခြေအနေမှာ မင်း မိတ်ဆွေဖွဲ့လို့ရမယ့်သူတွေကို မိတ်ဆွေဖွဲ့သင့်တယ်။ တစ်ချိန်တည်းမှာပဲ ပိုပြီး အင်အားကောင်းအောင် လုပ်ဖို့လိုတယ်။”
“ကျွန်တော် နားလည်ပါပြီ”
ရီဖူရှင်းက သူ၏အကြံပေးမှုကို လေးနက်စွာ နာခံသည်။ လွန်ခဲ့သော ဆယ်စုနှစ်ကျော်ကတည်းက လောကကြီးသည် ပရမ်းပတာအခြေအနေသို့ ကျရောက်နေ၏။ ယခု သူပြန်လာသည့်တိုင် ထိုအခြေအနေမှာ မပြောင်းလဲခဲ့ပေ။
ထိုအခိုက်တွင် အပြင်ဘက်မှနေ၍ အနီရောင် ပုံရိပ်တစ်ခု အပြေးဝင်လာ၏။ သူမသည် နတ်ဇာမနီတစ်ကောင်ဖြစ်ပြီး ခြံဝန်းထဲတွင် နားသည်။ ရောက်လာသူမှာ စီဖုန်း ဖြစ်၏။ အရှေ့နတ်ဘုရားကျွန်းစုတွင်ကတည်းက သူမသည် ရီဖူရှင်းနောက်သို့ လိုက်ခဲ့ခြင်းဖြစ်သည်။
ရီဖူရှင်းက စီဖုန်းရောက်လာသည်ကို မြင်သောအခါ ရှုပ်ထွေးသောခံစားချက်တချို့ရသည်။ ယခုတွင် သူ၏ကျင့်ကြံခြင်းအဆင့်သည် ရန်ဟောင်အထွတ်အထိပ်အဆင့်သို့ ရောက်လာရာ တုံ့လိုင်အကြီးအကဲ၏ဆေးပညာရပ်များအား ပြန်လည် လေ့ကျင့်ရန် လိုကြောင်း တွေးလိုက်သည်။
အကယ်၍ ယခုသာ ဆေးလုံးများဖော်စပ်ခဲ့ပါက သူသည် အစွမ်းထက်ဆေးရည်များအား ဖော်စပ်နိုင်မည် ဖြစ်သည်။ လက်ရှိတွင် သူတစ်ယောက်တည်း တိုးတက်လာရုံဖြင့် မလုံလောက်ပေ။ ဤပရမ်းပတာလောကကြီးထဲတွင် သူ၏စီဝေ့ကြယ်ကောင်းကင်ကို အခြေပြု၍ မူလဘုံတစ်ခုလုံးကို လွှမ်းမိုးလိုပါက သူသည် စီဝေ့ကြယ်ကောင်းကင်မှ လူများ၏ စွမ်းအားအဆင့်များကိုလည်း တိုးမြှင့်ပေးရန် လိုအပ်သည်။
ထိုသို့လုပ်နိုင်ရန်အတွက် အဂ္ဂရိတ်ပညာသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်၏။ သို့သော် အဆင့်အမြင့်ဆုံး ဆေးလုံးများကို ဖော်စပ်ရန် သူတို့သည် ဆေးညွှန်းများအပြင် လွန်စွာအဖိုးတန်သော ဆေးဖက်ဝင်ပစ္စည်းများကို၏။
တုံ့လိုင်နတ်ဘုရားအကြီးအကဲ၏မှတ်ဉာဏ်အတွင်း၌ အဖိုးတန်ဆေးညွှန်းများစွာပါသော်လည်း ရီဖူရှင်း၏လက်ရှိကျင့်ကြံခြင်းအဆင့်တွင် ၎င်းတို့သည် လုံလောက်အောင်စွမ်းအားမကြီးတော့ပါ။
“ဆရာကြီးချီ”
စီဖုန်းက ချီရွှမ်ကန်းကို ဦးညွှတ်၍ နှုတ်ဆက်သည်။
ရီဖူရှင်း၏ဆရာများသည် ကျင့်ကြံခြင်းအဆင့်မမြင့်ကြပေ။ သို့သော် စီဝေ့ကြယ်ကောင်းကင်မှ လူတိုင်းက ရီဖူရှင်း၏စီနီယာများကို လေးစားကြသည်။
ချီရွှမ်ကန်းက ခေါင်းညိတ်လျှက် ပြန်နှုတ်ဆက်သည်။
“စီဖုန်း... မင်း အပြင်ကဘာသတင်းတွေ ရလာလဲ”
ရီဖူရှင်းက မေးသည်။
“လောက အသီးသီးက မူလဘုံနဲ့ဆက်ကြောင်းတွေကို ဖွင့်ထားပြီလို့ ပြောတာပဲ”
စီဖုန်းက ရီဖူရှင်းကို မျက်နှာသေဖြင့် ပြောသည်။
“ပြီးခဲ့တဲ့နှစ်တွေတုန်းက လောကအသီးသီး ကျင့်ကြံသူတွေဟာ မူလဘုံကို အလုံးအရင်းရောက်လာတာကြောင့် မူလဘုံမှာ ကျင့်ကြံသူအရေအတွက် ဆတိုးပွားလာတယ်။ ဒါကြောင့် မူလဘုံဟာ လောကအသီးသီးက ကျင့်ကြံသူတွေရဲ့ စုရပ်ဖြစ်နေတယ်။ ပြီးတော့ အမွေအနှစ်တွေလည်း အများကြီး ပေါ်ပေါက်နေတယ်။ ဟင်းလင်းပြင်ထဲမှာ မျောနေတဲ့ ရှေးဟောင်းအပျက်အစီးနယ်မြေတွေတောင် ရှိတယ်... အဲထဲမှာ တချို့က အင်ပါယာတွေရဲ့ အမွေအနှစ်တွေပဲ။ လူတိုင်းက အဲဒါတွေကို ယှဉ်ပြိုင်လုယက်ကြပြီးတော့ အခြေအနေတွေက အတော်ကမောက်ကမပဲ”
“ဆိုလိုတာက ပြီးခဲ့တဲ့နှစ်တွေထဲ မူလဘုံမှာ နယ်မြေတွေအများကြီး ပေါ်ပေါက်လာတာပေါ့ ဟုတ်လား ”
ရီဖူရှင်းက မေးသည်။ ယခင်က မူလဘုံတွင် မဟာနယ်မြေဒေသကိုးခုရှိခဲ့ပြီး ၎င်းတို့ကို မဟာလမ်းစဉ်၏ နယ်မြေ(၃၀၀၀)ဟု ခေါ်ခဲ့ကြသည်။
သို့သော် မူလဘုံတွင် ဖြစ်ပေါ်ခဲ့သော အပြောင်းအလဲများကြောင့် အမည်မသိကုန်းမြေများစွာ ပေါ်ပေါက်လာပြီး ၎င်းတို့ကို တဖြည်းဖြည်း ရှာဖွေကြရင်းဖြင့် နယ်မြေအသစ်များ ဖြစ်လာလေသည်။
“အင်း…”
စီဖုန်းက ခေါင်းညိတ်၏။
“အဲဒါတင်မကသေးဘူး။ လောကအသီးသီးက ထိပ်သီးအင်အားစုတွေကလည်း ခံတပ်တွေတည်ဖို့ နယ်မြေတွေသိမ်းပိုက်ကြတယ်... ပြီးတော့ သူတို့လောက,က ကျင့်ကြံသူတွေကို မူလဘုံထဲကို ဆင့်ခေါ်ပြီးတော့ အင်အားစုကြတယ်”
“ကြည့်ရတာ မူလဘုံက လောကအသီးသီးရဲ့ ဗဟိုနယ်မြေဒေသ ပြန်ဖြစ်လာတဲ့ပုံပဲ”
ချီရွှမ်ကန်းက ညီးတွားသည်။
ရီဖူရှင်းက ခေါင်းညိတ်ကာ ပြောလိုက်၏။
“လွန်ခဲ့တဲ့နှစ်အသင်္ချေတုန်းက မူလဘုံဟာ တစ်ခုတည်းသောလောကလို့ ဒဏ္ဍာရီတွေက ဆိုကြတယ်။ ကောင်းကင်လမ်းစဉ်ပျက်စီးသွားပြီး နှစ်အသင်္ချေကြာပြီးသွားတဲ့နောက် အခု ကျွန်တော်တို့ လက်ရှိအခြေအနေဖြစ်လာတာပဲ။ ဒါပေမဲ့ မူလဘုံမှာ အဆုံးမရှိတဲ့ ဆန်းကြယ်မှုတွေ ရှိပုံပဲ။ အဲဒီဆန်းကြယ်မှုတွေက နှစ်ပရိစေဒကြာလာတာနဲ့အမျှ လူတွေက သတိထားမိပြီး အရင်းအမြစ်တွေအတွက် အဆက်မပြတ် ယှဉ်ပြိုင်နေကြတာပဲ။”
“ဒီပရမ်းပတာလောကဟာ ကပ်ဘေးဒုက္ခလည်းဖြစ်သလို ကံကောင်းခြင်းလည်းဖြစ်တယ်။ ဒီခေတ်က သေချာပေါက် ကြီးကျယ်ခမ်းနားတဲ့ခေတ်တစ်ခေတ် ဖြစ်လာမှာပဲ”
ချီရွှမ်ကန်းက ဖြည့်စွက်ပြောသည်။
“နတ်ဆိုးအင်ပါယာက နတ်ဆိုးလောကမှာ ပရမ်းပတာအခြေအနေကို အဆုံးသတ်နိုင်ခဲ့တယ်။ အရှင်ဒွန်ဟောင်နဲ့ အင်ပါယာရီချင်တို့က ကောင်းကင်ဒေသမှာ ပရမ်းပတာအခြေအနေကို အဆုံးသတ်ခဲ့တယ်။ အခု မူလဘုံက ပရမ်းပတာအခြေအနေက လောကအသီးသီးကို ပျံ့နှံ့သွားပြီဆိုတော့ ဘယ်သူက လောကတစ်ခုချင်းစီရဲ့ အတက်၊ အကျကို အဆုံးအဖြတ်ပေးမှာလဲ...”
ရီဖူရှင်းက ခေါင်းညိတ်လိုက်၏။ ထိုအခိုက်တွင် သူ၏မျက်နှာအမူအရာ ပြောင်းလဲသွားသည်။
“ဘာများလဲ”
ချီရွှမ်ကန်းက ရီဖူရှင်း၏မျက်နှာထား ပြောင်းလဲသွားသည်ကို မြင်သည်နှင့် မေးသည်။
“ကျွန်တော် ရှင်းရမယ့် ကိစ္စတွေ ရှိနေတယ်။ ဆရာ... ကျွန်တော် အရင်ဆုံး ပြန်သွားလိုက်ပါမယ်”
ရီဖူရှင်းက ပြောပြောဆိုဆိုဖြင့် ထရပ်သည်။
“သွား…သွား…”
ချီရွှမ်ကန်းက ခေါင်းညိတ်၏။ ယခုတွင် ရီဖူရှင်းသည် စီဝေ့ကြယ်ကောင်းကင်၏အုပ်ချုပ်သူ ဖြစ်သည်။ သူက အခြေအနေအရပ်ရပ်ကို ကိုင်တွေဖြေရှင်းရန် လို၏။
အရှိန်အဝါလှုပ်ခတ်မှု တစ်ခုမျှ မရှိဘဲ ရီဖူရှင်း ရုတ်ခြည်းပျောက်ကွယ်သွား၏။ ချီရွှမ်ကန်းနှင့် ယန်ယွမ်တို့သည် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ အံ့အားသင့်သွားကြသည်။ ကြည့်ရသည်မှာ ရီဖူရှင်းသည် ဤအကြိမ်ပြန်လာပြီးနောက် သူတို့ထင်ထားသည်ထက် ပို၍သန်မာလာပုံရ၏။
သို့သော် သူ၏စွမ်းအားမည်မျှ ကြီးနေပြီဖြစ်ကြောင်းကို မည်သူမှ သေချာမသိပေ။
ရီဖူရှင်းသည် စီဝေ့အင်ပါယာနန်းတော်၏ ခြံဝန်းတစ်ခုထဲတွင် တိုက်ရိုက်ပေါ်လာသည်။ ထိုနေရာတွင် လူအတော်များများ ရှိနေ၏။ သူတို့ထဲမှ အချို့သည် ဒဏ်ရာရထားကြ၏။
ထိုကျင့်ကြံသူများသည် စီဝေ့ကြယ်ကောင်းကင်မှ ထွက်သွားသော အုပ်စုအနည်းငယ်ထဲမှ တစ်စုဖြစ်သည်။ သူတို့အများစုသည် မူလဘုံမှ ကျင့်ကြံသူများဖြစ်ကြပြီး ရှောင်ကလန်မှ ရှောင်တိန့်ထျန်းနှင့် ရှောင်မုယွီ၊ သောမျိုးနွယ်စုမှ ခေါင်းဆောင်နှင့် သောကျောက်တို့လည်း ပါလေသည်။ သူတို့အားလုံး ဒဏ်ရာ ရထားကြ၏။
“ဘာဖြစ်လာကြတာလဲ”
ရီဖူရှင်းက မေးလိုက်၏။
“ငါတို့ အလစ်တိုက်ခံလိုက်ရတယ်”
ရှောင်တိန့်ထျန်းက ပြန်ဖြေသည်။
“မျိုးမစစ်တွေ...”
သောကျောက်က ဒေါသတကြီး ဆဲလိုက်၏။
“သူတို့က တုန်းစွာကုန်းမြေသခင်အိမ်တော်က ကျင့်ကြံသူတွေပဲ။ ငါတို့ စီဝေ့ကြယ်ကောင်းကင်က ထွက်လာတာကို နင်ဟွာ သိနေတယ်။”
“နင်ဟွာ...”
ရီဖူရှင်း၏မျက်ဝန်းများထဲတွင် အေးစက်စက်အကြည့်တစ်ချက် လက်သွား၏။
ရီဖူရှင်း တုန်းဟွာကုန်းမြေတွင် ရှိစဉ်က နင်ဟွာသည် သူ့ကို ရေကုန် ရေခမ်း သတ်ဖြတ်ရန် ကြံခဲ့သည်။ ဆေးအင်ပါယာ၏တပည့်ဖြစ်သူ ကျုံးချန်မှာလည်း သူ၏သတ်ဖြတ်ခြင်းကို ခံရ၏။
ထိုရန်ကြွေးကို ရီဖူရှင်း မည်သည့်အခါမှ မမေ့ပါ။ ယခုတွင် နင်ဟွာသည် သူ့မဟာမိတ်များ စီဝေ့ကြယ်ကောင်းကင်မှ ထွက်လာပြီဖြစ်ကြောင်း သိပြီးနောက် သူတို့ကို ထပ်မံတိုက်ခိုက်ပြန်၏။
ရှောင်တိန့်ထျန်းက ဆက်ပြောလိုက်၏။
“နင်ဟွာက အခု ရန်ဟောင်အဆင့်ကိုးကို ရောက်နေပြီ။ သူ့ရဲ့မဟာလမ်းစဉ်က ချို့ယွင်းချက်ကင်းတယ်...ငါတို့ ပေါင်းပြီးတိုက်တာတောင် သူ့ရဲ့တိုက်ခိုက်မှုကို ခုခံဖို့ ခက်ခဲတယ်။ တော်သေးတာက ဆရာကြီးထျယ်ရဲ့အကူအညီနဲ့ ငါတို့ လက်မတင်လေး လွတ်လာခဲ့တယ်”
သူက ထိုသို့ပြောကာ မျက်မမြင်ထျယ်ကို ကျေးဇူးတင်ဟန်ဖြင့် ကြည့်သည်။
နင်ဟွာသည် လွန်စွာစွမ်းအားကြီးကြောင်း ရီဖူရှင်းသိပေသည်။ ဟိုးကတည်းကပင် နင်ဟွာသည် တုန်းဟွာကုန်းမြေ၏အတော်ဆုံးပါရမီရှင်ဟု သတ်မှတ်ခံရ၏။ တုန်းဟွာကုန်းမြေတွင် နာမည်ကျော်ကြားသော လူငယ်ကျင့်ကြံသူ စုစုပေါင်းလေးဦး ရှိလေသည်။ သူတို့ထဲတွင် နင်ဟွာသည် တခြားသုံးယောက်ထက် ခေါင်းတစ်လုံးမြင့်၏။
ရှောင်တိန့်ထျန်းသည် ရန်ဟောင်အဆင့်ကိုးသို့ရောက်နေသော နင်ဟွာနှင့် ယှဉ်နိုင်မည်မဟုတ်ပေ။
ရှောင်တိန့်ထျန်းက ထပ်ပြောသည်။
“နင်ဟွာက တော်တော်လေး စိတ်ကြီးဝင်နေတာပဲ။ သူက ငါတို့ကို စီဝေ့ကြယ်ကောင်းကင်မှာပဲ ပုန်းအောင်းနေနိုင်တဲ့ အဖျက်ပိုးတွေလို့ ပြောတယ်။”
ရီဖူရှင်း၏မျက်လုံးများက အေးစက်နေသည်။ ကြည့်ရသည်မှာ သူက နင်ဟွာနှင့် စာရင်းရှင်းရန် လိုနေလေပြီ။