← Chapters

နင်ဟွာ၏မရှုမလှအရှုံး

Vol. 175 Ch. 2509

နင်ဟွာ၏မရှုမလှအရှုံး

Vol. 175 Ch. 2509

တုန်းဟွာကုန်းမြေနှင့်ပူးပေါင်းခဲ့သော ထိုအင်အားစုများမှ လူများသည် ရီဖူရှင်းနှင့်ရင်းနှီးကြသည်။ ဥပမာအားဖြင့် မြူခိုးဝေနတ်နန်းတော်မှ ဓားနတ်မယ်သည် ရီဖူရှင်းနှင့် ခင်မင်သည်။ သူမသည် တစ်ခါက ရီဖူရှင်းတို့အဖွဲ့နှင့်ပင် ပူးပေါင်းတိုက်ခိုက်ဖူး၏။

သို့သော် နောက်ပိုင်းတွင် ရီဖူရှင်းသည် အင်ပါယာရီချင်နှင့် တစ်နည်းနည်းပတ်သတ်နေကြောင်း ပေါ်သွား၏။ ထိုအကြောင်းကို သိပြီးသောအခါ အင်ပါယာနန်းတော်က အမျက်ထွက်ကာ အရှင်ဒွန်ဟောင်သည်ပင် ကိုယ်တိုင်ထွက်လာ၏။ ထိုကဲ့သို့သောအခြေအနေမျိုးတွင် ကောင်းကင်ဒေသမှ အင်အားစုများသည် အခြားရွေးချယ်စရာမရှိတော့ပေ။

တုန်းဟွာကုန်းမြေသခင်အိမ်တော်က လမ်းကြောင်းဖွင့်ပြီးသောအခါ မြူခိုးဝေနတ်နန်းတော်သည် သူတို့နှင့် ပူးပေါင်းသည်။ ထို့ကြောင့် လက်ရှိတွင် သူတို့သည်လည်း တုန်းဟွာနန်းတော်၌ ရှိနေခြင်းဖြစ်သည်။

ဓားနတ်မယ်နှင့် သူမ၏တပည့်များဖြစ်သော ချင်ချင်း၊ ကျန်းယွဲ့လီနှင့် ချူးဟန်ရှီးတို့လည်း ရှိနေ၏။ သူမတို့သည် လှပသောမျက်ဝန်းများဖြင့် ရီဖူရှင်းကို ကြည့်နေကြ၏။ ဆံပင်ငွေရောင်နှင့်လူငယ်သည် ထိုနှစ်များအတွင်း မည်သည့်နေရာများသို့ ရောက်နေခဲ့သနည်း။

ထိုက်ဟွာတောင်မှ ထိုက်ဟွာကောင်းကင်အရှင်နှင့် ထိုက်ဟွာဓားနတ်မယ်တို့လည်း ထိုနေရာတွင် ရှိနေ၏။ ထိုက်ဟွာဓားနတ်မယ်သည် ရီဖူရှင်းကို ရှုပ်ထွေးသောခံစားချက်များဖြင့် ကြည့်သည်။ သူမသည် တစ်ချိန်က အင်ပါယာကြယ်တာရာများကို ဆက်ခံရန် အခွင့်အရေးရ၏။ သို့သော် ဆုံးဖြတ်ချက်အလွဲတစ်ခုက သူမအား အမြဲတမ်းအားဖြင့် နောင်တရစရာ ဖြစ်လာ၏။

ယခုတွင် ရီဖူရှင်းသည် အတော်လေး အစွမ်းကြီးလာဟန်ရှိသည်။ သူက နင်ဟွာနှင့် စာရင်းရှင်းတော့မည်လော။

“နင်ဟွာ... မင်းက တုန်းဟွာကုန်းမြေမှာတုန်းကတည်းက ငါ့ကို သတ်ဖို့ကြိုးစားခဲ့တယ်။ ကုန်းမြေသခင်အိမ်တော်က ဝမ်ရှန့်စောင့်ကြည့်မျှော်စင်က လူအားလုံးကိုလည်း သတ်ခဲ့တယ်။ အခု နှစ်ပေါင်းများစွာကြာပြီးတော့လည်း မင်းက စီဝေ့ကြယ်ကောင်းကင်က ကျင့်ကြံသူတွေကို ထပ်ပြီး ထိခိုက်အောင် လုပ်ပြန်ပြီ။ ဒီနေ့ မင်းရဲ့အသက်နဲ့ပြန်ပေးဆပ်စေရမယ်”

ရီဖူရှင်းက မောက်မာစွာ ပြောသည်။

ထိုမြင်ကွင်းသည် ရီဖူရှင်း တုန်းဟွာပွဲ‌တော်ကို တက်ရောက်ခဲ့စဉ်က နင်ဟွာက အထင်သေးစွာ ပြုမူဆက်ဆံခဲ့သည်နှင့် မခြားနားပေ။ ထိုစဉ်က တုန်းဟွာကုန်းမြေရှိ ထိပ်တန်းအင်အားစုအသီးသီးမှ ထိပ်သီးများသည်လည်း အထက်စီးဆန်စွာ ပြုမူကာ လက်ထောက်သခင်နင်ဟွာသည် ရီဖူရှင်းကို တစ်ချက်မျှပင် မကြည့်ချေ။

သို့သော် ထိုအခိုက်တွင် လူအများက ရီဖူရှင်း၏အမုန်းတရားကို မြင်ကြရ၏။ သူ၏အေးစက်စက်လေသံထဲတွင် မကျေနပ်မှုများရှိသည်။ သူက နင်ဟွာကို ပြိုင်ဘက်ကောင်းတစ်ဦးဟု မည်သည့်အခါကမှ သတ်မှတ်ထားခြင်းမရှိကြောင်း ပေါ်လွင်၏။

“မင်းကများ ငါ့ကိုသတ်ချင်တာလား”

နင်ဟွာက မခိုးမခန့်ပြုံးသည်။

“မဟာအင်ပါယာရှန်ကျားရဲ့ နတ်ခန္ဓာက ပျက်စီးသွားပြီ။ မင်း ဘယ်လိုလုပ် စီဝေ့ကြယ်ကောင်းကင်က ထွက်လာရဲတာလဲ။ မဟာအင်ပါယာက ကရုဏာကြီးကြီးနဲ့ မင်းကိုအလွှတ်ပေးခဲ့တာ... ဒါပေမဲ့ အခုမင်းက ဒီကိုရောက်လာပြီဆိုတော့ မင်းပြန်သွားနိုင်မှာ မဟုတ်တော့ဘူး”

သူစကားပြောပြီးသွားသည်နှင့် အာကာသာမဟာလမ်းစဉ်၏ ပြိုင်ဘက်ကင်းစွမ်းအားများပါဝင်သော နတ်အလင်းအမြောက်အမြားသည် တုန်းဟွာနန်းတော်ဆီသို့ ကျဆင်းလာကြ၏။

ထိုနတ်အလင်းများ ကျဆင်းလာသောအခါ ကျင့်ကြံသူများသည် လေထဲ၌ ပေါ်လာကြ၏။ သူတို့အားလုံးသည် စွမ်းအားကြီးကြသည်။ ရီဖူရှင်းသည် သူတို့ထဲမှ အချို့ကို ယခင်က တွေ့ဆုံခဲ့ဖူးလေသည်။ သူတို့အားလုံးသည် ကုန်းမြေသခင်အိမ်‌တော်မှ စွမ်းအားမြင့်တန်ခိုးရှင်များဖြစ်ပုံရ၏။

ရှန်းချင်ကုန်းမြေ၏ ကုန်းမြေအကြီးအကဲအိမ်တော်မှ အင်အားစုများလည်း သူတို့အကြားတွင် ရှိနေ၏။ သူတို့ထဲတွင် လက်ထောက်သခင် ကျောက်မုဟွမ်လည်း ပါဝင်ပေသည်။

“မင်းရဲ့ ကင်းထောက်တွေက မင်းအတွက် သတင်းတချို့ရထားပြီထင်တယ်။ ကောင်းကင်ဒေသက ကုန်းမြေသခင်အိမ်တော်တွေက မူလဘုံကို လမ်းကြောင်းတွေ ဖွင့်ခဲ့ကြတယ်။ ဒါပေမဲ့ ကောင်းကင်ဒေသက ကုန်းမြေသခင်အိမ်တော်အသီးသီးမှာ အာကာသခရီးသွားဝင်္ကပါတွေ ဆင်ထားတယ်ဆိုတာကို မင်းသိလား”

နင်ဟွာက ရီဖူရှင်းကို အေးစက်စက်လေသံဖြင့် မေးသည်။

ကောင်းကင်ဒေသမှ ကုန်းမြေဆယ့်ရှစ်ခုမှ ကုန်းမြေသခင်အိမ်တော်များသည် အချင်းချင်း မတည့်ကြပေ။ အကယ်၍ သူတို့ထဲမှ အိမ်တော်တစ်ခုသည် ဒုက္ခရောက်နေလျှင်ပင် အခြားသူများသည် သွားရောက် ကူညီကယ်တင်လိမ့်မည်မဟုတ်ပေ။ သို့သော်ငြား သူတို့သည် ရီဖူရှင်းရောက်လာကြောင်းကို ကြားလျှင် စစ်ကူများ သေချာပေါက် ပို့ပေးပေမည်။

ထိုအာကာသခရီးသွားဝင်္ကပါများကို ဆင်ထားရခြင်းသည် အင်ပါယာနန်းတော်၏အမိန့်ကြောင့် ဖြစ်သည်။ သူတို့က အနာဂတ်တွင်ဖြစ်ပေါ်လာနိုင်သည့် လောကစစ်ပွဲများတွင် အချိန်မရွေးသွားရောက်ကူညီနိုင်ရန်အတွင် ပြင်ဆင်ထားရ၏။

၎င်းတို့ကို အသုံးပြုရသည့် ပထမဆုံးအကြိမ်ကလည်း မထင်မှတ်ဘဲ ရီဖူရှင်းအတွက် ဖြစ်နေသည်။

တုန်းဟွာနန်းတော်တစ်ဝိုက်တွင် အင်အားကြီးသော စွမ်းအင်များ ရုတ်ခြည်း ပြည့်နှက်သွား၏။ ထိုစွမ်းအားမြင့်တန်ခိုးရှင်အားလုံးသည် ရီဖူရှင်းကို ကြည့်နေကြသည်။ သူတို့ထဲမှအချို့သည် နတ်ဘုရားကဒ်ဘေး ပထမအဆင့်များဖြစ်သည်။

တုန်းဟွာကုန်းမြေမှ ကုန်းမြေသခင်အိမ်‌တော်သည် အိမ်တော်ဆယ့်ရှစ်အိမ်ထဲတွင် အားနည်းသောအိမ်တော်ဖြစ်သည်ဟု ဆိုနိုင်၏။ သို့သော် ထိုအိမ်တော်မှ အချို့လူများသည် အတော်လေးစွမ်းအားကြီးသည်။

“ရီဖူရှင်း...”

ကျောက်မုဟွမ် အော်ခေါ်သည်။

“မင်း ဒီကိုမလာခဲ့သင့်ဘူး”

ရီဖူရှင်းက ကျောက်မုဟွမ်ကို အေးစက်စက် ကြည့်သည်။ သူကလည်း တင်းမာစွာ ပြန်ပြော၏။

“ငါ ဒီကို လာခဲ့တာ နင်ဟွာအတွက်ပဲ။ မဆိုင်တဲ့လူတွေ ဘေးဖယ်နေရင်ကောင်းမယ်”

ကျောက်မုဟွမ်က မျက်မှောင်ကြုတ်သည်။ အခြားသူများမှာလည်း အံ့အားသင့်သွားကြ၏။ ကောင်လေးက အတော်လေး စိတ်ကြီးဝင်နေဟန်ရသည်။ သူက လက်ရှိအခြေအနေကို သဘောမပေါက်သည်လား။

သူက ဤကဲ့သို့ စွမ်းအားမြင့်တန်ခိုးရှင်များကို မည်သို့ခုခံနိုင်မည်နည်း။

နင်ဟွာကလည်း ရီဖူရှင်းကို တအံ့တဩ ကြည့်၏။ ဤမျှ ထိပ်သီးတန်ခိုးရှင်များဖြင့် ဝိုင်းထားလျှင်ပင် ရီဖူရှင်း တည်ငြိမ်နေနိုင်သည်ကို သူက နားမလည်ပေ။

ဝုန်း...

နင်ဟွာထံမှ အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်လာ၏။ သူက လေထဲသို့ မြောက်တက်သွားပြီး မဟာလမ်းစဉ်မဟာချိပ်စည်း စွမ်းအားသည် ဘေးပတ်လည်သို့ ပြန့်ကားသွား၏။ အေးစက်သော မျက်လုံးများဖြင့် သူက ပြောသည်။

“မင်းက ငါ့ကိုသတ်ချင်တယ်ပေါ့... မင်း ဒီနှစ်တွေထဲ အဆင့်တက်ခဲ့လို့လား”

“ချန်ယိ...”

ရီဖူရှင်းက ခံစားချက်ကင်းမဲ့သောလေသံဖြင့် ခပ်ပြတ်ပြတ် ပြောသည်။

“သူ့ကိုသတ်လိုက်”

“အင်း...”

ချန်ယိက တီးတိုးရေရွက်ကာ ရှေ့သို့ ထွက်လာသည်။ နင်ဟွာ ကြက်သေ,သေသွား၏။

ရီဖူရှင်း၏ထီမထင်သည့် အကြည့်များတွင် သူသည် ကိုယ်တိုင် တိုက်ခိုက်ရန်ပင် မထိုက်တန်သော ပြိုင်ဘက်ဟု သတ်မှတ်ထားကြောင်း ပေါ်လွင်နေသည်။

သူက ချန်ယိကိုသာ သတ်ဖြတ်ခိုင်း၏။

ယခင်ကပင် ရီဖူရှင်းသည် အလွန်သန်မာ၏။ သူသည် ရန်ဟောင်အဆင့်ရှစ်တွင် ရှိစဉ်ကပင် မြင့်မားသော တိုက်ခိုက်ရေးစွမ်းရည်ရှိကာ နင်ဟွာက သူ့ကို အနိုင်ယူနိုင်မည်ဟု မသေချာပေ။ သို့တိုင်အောင် ရီဖူရှင်းက သူ့အား ဤမျှ အထင်သေးမည်ဟု မထင်ထား။

ဝုန်း...

အားကောင်းသော ချိပ်စည်းအားတစ်ခု ပေါက်ကွဲထွက်လာ၏။ များစွာသော ချိပ်စည်းသင်္ကေတများသည် သူ့ကိုယ်ပေါ်တွင် ဖွဲ့စည်းလာခဲ့ကြကာ နတ်ဘုရားချိပ်စည်းကို ဖြစ်ပေါ်စေ၏။

ရုတ်ခြည်းပင် အာကာသမဟာလမ်းစဉ်သည် ပိတ်ဆို့သွား၏။ ရန်ဟောင်အထွတ်အထိပ်အဆင့်ရှိသူ နင်ဟွာက ချိပ်စည်းကို ထုတ်လိုက်သည့်အခိုက်တွင် ထွက်ပေါ်လာသော မဟာလမ်းစဉ်စက်ကွင်းက တခြားလမ်းစဉ်စွမ်းအားများကို တားဆီးပိတ်ပင်လိုက်သည်။

ချိပ်စည်းများ၏ နတ်အလင်းများသည် နင်ဟွာ၏မျက်လုံးအတွင်းမှနေ၍ ချန်ယိဆီသို့ တိုးဝင်သွားကြ၏။ ထိုအလင်းများက ချန်ယိ၏မျက်လုံးများထံ ဦးတည်ကာ တစ်ဖက်လူ၏ စိတ်နယ်ပယ်ကို ချိပ်ပိတ်ရန် ကြိုးစား၏။

နတ်ဘုရားချိပ်စည်းသည် လောကအတွင်းရှိ အရာအားလုံးကို စည်းနှောင်ချိပ်ပိတ်နိုင်၏။

ကောင်းကင်ထက်မှနေ၍ မရေမတွက်နိုင်အောင်များပြားသော ချိပ်စည်းများ ကျဆင်းလာပြီး မဟာလမ်းစဉ်နတ်အလင်းများအဖြစ် ပြောင်းလဲသွားကာ ချန်ယိအား တိုက်ခိုက်ကြတော့သည်။

သို့သော် တစ်ချိန်တည်းမှာပင် ချန်ယိ၏မျက်လုံးများမှနေ၍ စူးရှသော အလင်းတန်းနှစ်ခု ထွက်လာသည်။ ထိုအလင်းများမှာ စစ်မှန်သော အလင်းများဖြစ်ပြီး  ရန်သူ၏ချိပ်စည်းအစွမ်းအားကို တားဆီးသည်။ ထို့နောက်တွင် သူ၏ခန္ဓာကိုယ်သည် တောက်ပလာပြီး ချန်ယိသည်လည်း အလင်းခန္ဓာကိုယ်အဖြစ်သို့ ပြောင်းလဲလိုက်သည်။

သူ့ခန္ဓာကိုယ်သည် လေထဲတွင် အလင်းရင်းမြစ်တစ်ခုအလား ထင်မှတ်ရ၏။ ထိုအလင်းများက လူများကို မျက်စိကန်းသွားစေနိုင်လောက်သည်အထိ တောက်ပကာ လောကအတွင်းရှိ အရာအားလုံးကို သန့်စင်နိုင်သည်။ တခဏအတွင်း၌ မဟာလမ်းစဉ်ချိပ်စည်းအစွမ်းများမှာ ဟုတ်ခနဲ ပျောက်ပျက်သွားသည်။

“ဟင်…”

ထိုနေရာတွင် စွမ်းအားမြင့်တန်ခိုးရှင်များသည် သူတို့နှစ်ဦး၏တိုက်ပွဲကို အ‌‌ဝေးမှ ကြည့်နေကြ၏။ ချင်ယိထံမှနတ်အလင်းများသည် နေမင်းအလား စူးရှတောက်လောင်စွာ ထွက်ပေါ်နေသည်။ အဝေးမှ ရန်ဟောင်အဆင့်ကျင့်ကြံသူများသည် ဘေးမှကြည့်နေသူများဖြစ်သော်လည်း မျက်စိများကျိန်းစပ်ကာ မြင်ကွင်းများ ဝေဝါးသွား၏။ သူတို့မှာ ထိုအလင်းအတွင်း၌ သူတို့၏မျက်လုံးများကို မဖွင့်နိုင်ဖြစ်နေကြသည်။

တုန်းဟွာကုန်းမြေမှ စွမ်းအားမြင့်တန်ခိုးရှင်များသည် ပို၍ပင် စိတ်လှုပ်ရှားနေကြ၏။ ချန်ယိသည်လည်း တုန်းဟွာကုန်းမြေမှ ဖြစ်သည်။ သူသည် တုန်းဟွာပွဲ‌တော်တွင် ရီဖူရှင်းနှင့်အတူ ထွက်သွားခြင်းပင်။

ယခုတွင် ချန်ယိသည် အလွန်ကြောက်မက်ဖွယ်ကောင်းကြောင်း သူတို့သိခဲ့ရပေပြီ။ သူ၏အဆင့်မှာ ရန်ဟောင်အထွတ်အထိပ်၌ရှိပြီး သူ၏အလင်းလမ်းစဉ်သည် နင်ဟွာ၏ နတ်ဘုရားချိပ်စည်းကို ဖိနှိပ်နိုင်၏။

ရီဖူရှင်းဘေးမှ ကျင့်ကြံသူများပင် ချန်ယိသည် နင်ဟွာကို အနိုင်ယူနိုင်ရန်အထိ သန်မာနေသည်ကို အံ့အားသင့်သွားကြသည်။

ချန်ယိ၏ခန္ဓာကိုယ်မှ အလင်းတန်းအများအပြားထွက်ပေါ်လာကာ နင်ဟွာထံသို့ တိုးဝင်သွားကြ၏။

နင်ဟွာ၏မျက်နှာ ပြာနှမ်းသွားသည်။ သူ၏ခန္ဓာကိုယ်သည် မဟာလမ်းစဉ်၏ချိပ်စည်းခန္ဓာအဖြစ် ပြောင်းလဲလိုက်ကာ ထိုအလင်းတန်းများအား ချိပ်ပိတ်ရန် ကြိုးစား၏။ တစ်ချိန်တည်းမှာပင် သူ့ထံမှနေ၍ ကြောက်မက်ဖွယ်ကောင်းသော ချိပ်စည်းနတ်အလင်းများ ပေါက်ကွဲထွက်လာပြီး ပိုပြင်းထန်သော ချိပ်စည်းသင်္ကေတကို ထုတ်ဖော်ရန် ကြိုးစားသည်။

သူ့‌နောက်တွင် သင်္ကေတ အများအပြား ပေါ်လာသည်။ ၎င်းတို့ ပေါင်းစည်းသွားလျှင် ဧရာမနတန်ဘုရားချိပ်စည်းတစ်ခုအဖြစ် အသွင်ပြောင်းသွား၏။

ကြီးမားသော အရှိန်အဝါကို သယ်ဆောင်လျှက် နင်ဟွာက ရှေ့ကို လက်ညှိုးညွှန်သည်။ ဧရာမချိပ်စည်းကြီးသည် အဆင်မပြတ်လည်ပတ်ကာ ပျံသန်းထွက်သွားပြီး လမ်းတစ်လျှောက် အလင်းများမှာ ချုပ်နှောင်ပိတ်ဆို့ခြင်းခံရ၏။

ထိုနတ်ဘုရားချိပ်စည်းမှာ မဟာအင်ပါယာ၏အငွေ့အသက်တချို့ ပါနေသည်။ နင်ဟွာတွင်လည်း ထူးခြားသော အစွမ်းတစ်ချို့ ပိုင်ဆိုင်နေဟန်ရသည်။ သူက ထိုမျှ ယုံကြည်မှု မြင့်နေသည်မှာ မထူးဆန်းတော့ပေ။

သို့သော် ကံဆိုးစွာပင် သူ၏ပြိုင်ဘက်က အလင်းအမွေအနှစ်ကို ဆက်ခံသူဖြစ်သည်။

ချန်ယိသည် နေရောင်ကိုပင် ကာရံထားသည့် ဧရာမချိပ်စည်းကြီးက အလင်းတန်းများကို ဖြတ်ကျော်ကာ သူ့ထံသို့ အရှိန်အဟုန်ပြင်းစွာဖြင့် လာနေသည်ကို မြင်လိုက်ရသောအခါ သူ၏လက်များကိုဝှေ့ယမ်းလိုက်၏။ ချက်ချင်းပင် အဆမတန် ရှည်လျားသော အလင်းတန်းကြီးတစ်ခု ကောင်းကင်မှ ကျဆင်းလာခဲ့သည်။

“မဟာလမ်းစဉ်သန့်စင်အလင်းတန်း”

ရီဖူရှင်းက ထိုတိုက်ကွက်ကို မြင်လိုက်သည်နှင့် တိုက်ပွဲသည် ပြီးဆုံးသွားပြီဖြစ်ကြောင်း နားလည်၏။ ယခင်က မျက်မမြင်ချန်သည် နတ်အလင်းတိုက်ကွက်ကို သုံးရန် အရာအားလုံးကို ရင်းသည်။ သို့သော် ချန်ယိသည် အလင်းအမွေအနှစ်အစစ်အမှန်ကို ဆက်ခံထားသူဖြစ်၍ ထိုနတ်အလင်းတိုက်ကွက်ကို သုံးနိုင်နေပြီဖြစ်သည်။

ထိုတိုက်ကွက်ကို သုံးလိုက်သည်နှင့် တစ်ပြိုင်နက် လောကအတွင်းရှိ အရာအားလုံးသည် အလင်း၏သန့်စင်ခြင်းကို ခံရမည်ဖြစ်သည်။ ထိုဧရာမချိပ်စည်းသည် အစိတ်စိတ်အမွှာမွှာ ပျက်စီးသွား၏။ သင်္ကေတများသည်လည်း တစ်ခုပြီးတစ်ခု ပေါက်ကွဲသွားသည်။ တဖြည်းဖြည်းဖြင့် ဧရာမသင်္ကေတကြီးသည် ချန်ယိရှေ့တွင် ပြိုပျက်သွား၏။

နင်ဟွာက ကြောက်လန့်တကြား အော်ဟစ်၏။ သူ၏မျက်လုံးများထံမှ သွေးများစီးကျလာပြီး မျက်နှာက ပြာနှမ်းသွားသည်။

“မင်းက တော်တော်လေး တရားလွန်သွားပြီ”

စွမ်းအားမြင့်တန်ခိုးရှင်တချို့က ထိုမြင်ကွင်းကို မြင်လိုက်သောအခါ အော်ပြောကြ၏။ ကြောက်မက်ဖွယ်စွမ်းအင်များ ကျဆင်းလာပြီး ချန်ယိအား တားဆီးရန် ကြိုးစားကြသည်။ ချန်ယိက နင်ဟွာအား အပြတ်အသတ် အနိုင်ယူနိုင်မည်ဟု မထင်ထားကြပေ။

ဝုန်း...

ပေါက်ကွဲသံတစ်ခုနှင့်အတူ ကြောက်မက်ဖွယ်စွမ်းအားများ ထွက်ပေါ်လာ၏။ ဆေးအင်ပါယာက ဝမ်ရှန့်စောင့်ကြည့်မျှော်စင်အား ဆင့်ခေါ်လိုက်ကာ ထိုလူများ မနှောင့်ယှက်နိုင်အောင် ပိတ်ဆို့လိုက်၏။

ထိုလူများက မျက်နှာပျက်သွားကြသည်။ ယခုအချိန်ကား နင်ဟွာ၏အသက်မှာ ချန်ယိ၏လက်ခုပ်ထဲတွင် ရှိနေသည်ဟု ပြောနိုင်သည်။ သူတို့က နင်ဟွာအား ကယ်တင်ရန် အလွန်ခက်ခဲ၏။

နင်ဟွာ၏မျက်လုံးများသည် အလွန်အမင်းနာကျင်နေသည်။ သူ၏အဆုံးသတ်က ဤသို့ဖြစ်မည်ဟု မထင်ထားပေ။ သူသည် ရီဖူရှင်းကိုမဆိုထားနှင့် ချန်ယိကိုပင် အနိုင်မယူနိုင်ခဲ့ချေ။ ထို့ပြင် ချန်ယိသည် သူ၏သေခြင်း၊ ရှင်ခြင်းကို ထိန်းချုပ်နိုင်အောင် သန်မာ၏။

“အတင့်ရဲတယ်…”

ထိုအခိုက်တွင် ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု ကျဆင်းလာသည်။ ထိုအရှိန်အဝါသည် တစ်နေရာလုံးကို လွှမ်းခြုံသွား၏။ ကျယ်ပြောသောလောကသည် ချိပ်ပိတ်ခံလိုက်ရသကဲ့သို့ပင်။ လူတစ်ယောက် ပေါ်ထွက်လာ၏။ ထိုသူကား တုန်းဟွာကုန်းမြေ၏ ကုန်းမြေသခင်အိမ်တော်၏သခင် နင်ယွမ်ပင်။ သူသည် ဤနေရာသို့ ရောက်ရှိလာပေပြီ။

သူက ချန်ယိကို ကြည့်လိုက်ကာ ကြီးမားသော စွမ်းအားကို ထုတ်ဖော်လျှက် ပတ်ဝန်းကျင်တစ်ခုလုံးအား ဖိနှိပ်လာသည်။

ရီဖူရှင်းက တုန်းဟွာနန်းတော်ကို လာရောက်တိုက်ခိုက်ပြီး နင်ဟွာကိုပင် ကျင့်ကြံသူများစွာရှေ့တွင် သတ်ရန်ကြံရွယ်နေသည်က မယုံကြည်နိုင်စရာကောင်း၏။

သူ၏အကြည့်တွင် ရီဖူရှင်းတို့အား သတ်ဖြတ်လိုသော အငွေ့အသက်များ ပြင်းထန်စွာ ထွက်ပေါ်နေသည်။

All Chapters