အခန်း (၁-၂)
Vol. 1 Ch. 1-2
စူပါ-ဖမ်း(SFS)
အခန်း ၁။ ဈေးအလွန်ကြီးသော ဖရဲသီး
ကျန်းပြည်နယ်၊ အန်းခရိုင်၊ ချင်းရှန်းရွာ။
တောင်တန်းများ ဝန်းရံထားပြီး စမ်းရေကြည်များ စီးဆင်းနေကာ မျောက်ရိုင်းအော်သံ၊ ပုစဉ်းရင်ကွဲသံများနှင့်အတူ ငှက်အပေါင်းတို့ တောအုပ်အတွင်း ပျံသန်းဝင်ရောက်နေကြသည်။
《အကန့်အသတ်မဲ့ စိန်ခေါ်မှု》 အမည်ရှိ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး အစီအစဉ် ရိုက်ကူးရေးအဖွဲ့သည် ကွေ့ကောက်ကာ ရွှံ့ဗွက်ထူထပ်သော တောင်တက်လမ်းအတိုင်း ဖြည်းညှင်းစွာ ရောက်ရှိလာကြ၏။
နာမည်ကျော် အမျိုးသမီး အနုပညာရှင်ဖြစ်သူ ရန်ကျင်းလီက ထိုအချိန်တွင် ဖုန်းကို ကိုင်မြှောက်ထားကာ တိုက်ရိုက်ထုတ်လွှင့်မှုဖြင့် ကြော်ငြာပေးနေသည်။
"ဒီနေရာက အလှမ်းဝေးပေမဲ့ လေထုကတော့ တကယ်ကို မွှေးပျံ့လန်းဆန်းနေတာပဲ"
"ဟိုမှာကြည့်လိုက်ဦး၊ ကောင်းကင်ကြီးက ဘယ်လောက်တောင် ပြာလဲဆိုတာ။ တိမ်တိုက်ဖြူဖြူလေးတွေက အာတာပူစီလေးတွေနဲ့ တူလိုက်တာ၊ ကိုက်စားလိုက်ချင်စရာပဲ"
"လမ်းမှာ ရှဉ့်ကလေးတွေ အများကြီးတွေ့ခဲ့တယ်၊ သူတို့က ကျွန်မတို့ကို လုံးဝမကြောက်ဘူး၊ တကယ်ကို ချစ်စရာကောင်းလွန်းတယ်"
သူမ၏ ရုပ်ရည်က ချိုသာပြီး ပုံစံမှာ လန်းဆန်းတက်ကြွသဖြင့် Live လွှင့်ခန်းအတွင်းရှိ ပရိသတ်အရေအတွက်မှာ အလွန်ပင် များပြားလှပေသည်။
"ညီမလေးကျင်းလီ၊ ဖြည်းဖြည်းလျှောက်ဦး၊ ရွှံ့ကျင်းထဲ ချော်မကျစေနဲ့နော်"
"ငါတို့နိုင်ငံမှာ ဒီလောက်ဆင်းရဲတဲ့နေရာ ရှိသေးတယ်လို့ ထင်တောင်မထင်ထားမိဘူး။ ကားတောင် သွားလို့မရတဲ့နေရာမှာ လူတွေ ဘယ်လိုများ နေထိုင်ကြတာလဲ"
"သနားပါတယ် ညီမလေးကျင်းလီရယ်၊ ရိုက်ကူးရေးအတွက်နဲ့ ဒီလိုဒုက္ခမျိုး ခံနေရတာ"
ကောမန့်များ တစ်ခုပြီးတစ်ခု တက်လာပြီး အမာခံပရိသတ်များစွာက စိတ်မကောင်း ဖြစ်နေကြသည်။
ဤမျှ လှပသော မိန်းကလေးတစ်ယောက်သည် နတ်သမီးလေးတစ်ပါးကဲ့သို့ ပန်းရောင်ရဲတိုက်ထဲတွင်သာ နေထိုင်သင့်ပြီး ယခုကဲ့သို့ တောင်တက်ရေဖြတ် ဒုက္ခမခံသင့်ဟု သူတို့က ယူဆထားကြ၏။
သို့သော် ရန်ကျင်းလီကမူ ဂရုမစိုက်သည့်အပြင် ပျော်ရွှင်နေပုံရသည်။
"ဟိုမှာကြည့်လိုက်ဦး၊ အဲ့ဒီမှာ ဖရဲခင်းတစ်ခုရှိတယ်၊ လယ်ကွင်းထဲမှာ လူတစ်ယောက်လည်း ရှိနေတယ်"
"အတော်ပဲ၊ ကျွန်မ ရေငတ်နေတာနဲ့ သူနဲ့ ဖရဲသီး လဲစားလို့ရတာပေါ့"
သို့သော် စိုက်ခင်းအနားသို့ ရောက်သွားသောအခါ သူမ ခြေလှမ်းတုံ့သွားပြီး မျက်မှောင်လေးကို အသာအယာ ကြုတ်လိုက်သည်။
"ဒါက ဖရဲသီးလား၊ ဘာလို့ အနက်ရောင်ကြီး ဖြစ်နေရတာလဲ"
Live လွှင့်ခန်းအတွင်းရှိ ပရိသတ်များမှာလည်း ပို၍ ဆူညံသွားကြသည်။
"ကျောက်မီးသွေးလို မည်းနေတာပဲ၊ ဒါ တကယ်ပဲ စားလို့ရတဲ့ ဖရဲသီးလား"
"ဒီလိုဖရဲသီးမျိုး တစ်ခါမှမမြင်ဖူးဘူး၊ မိုင်းလုံးကြီးများလား"
"ဟို ဖရဲစိုက်တဲ့သူကို အမြန်မေးကြည့်ပါဦး၊ နောက်ကျောကတော့ ကြည့်ကောင်းသားပဲ၊ အင်္ကျီမှာ ရွှံ့စက်တွေ ပေနေပေမဲ့ပေါ့"
"သူ လှည့်ကြည့်လိုက်ပြီ၊ ဟာ... တကယ်ကို ငယ်ငယ်ချောချောလေးပဲ"
"မေမေရေ... သမီးတော့ ချစ်မိသွားပြီထင်တယ်"
"တောရွာထဲမှာ ဒီလောက်အချောကြီး ဘယ်လိုလုပ် ရှိနေတာလဲ"
ရန်ကျင်းလီသည် သူမ၏ ရင်ဘတ်ကို ဖိထားမိပြီး အသက်ရှူရပ်သွားသလို ခံစားလိုက်ရသည်။ နေရောင်အောက်တွင် ရပ်ပြီး သူမကို ကြည့်ကာ ပြုံးပြနေသည့် ထိုလူငယ်လေးမှာ စင်ကြယ်ခြင်း၊ သဘာဝကျခြင်းနှင့်အတူ စိတ်လှုပ်ရှားဖွယ်ကောင်းသော ရိုင်းစိုင်းမှုအငွေ့အသက် အနည်းငယ်ကို ပိုင်ဆိုင်ထားသည်။
သူသည် မြေကမ္ဘာကြီးနှင့် တစ်သားတည်း ဖြစ်နေသကဲ့သို့ အလွန်ပင် လှပသော ပန်းချီကားတစ်ချပ်ပမာ ရှိနေ၏။
"ဘုရားရေ..."
ရိုက်ကူးရေးအဖွဲ့ဝင်များပင် စက္ကန့်အနည်းငယ်မျှ ကြောင်အသွားကြပြီး ကင်မရာများကို ထိုလူငယ်ထံသို့သာ အပြေးအလွှား ရိုက်ကူးစေလိုက်သည်။
အနုပညာရှင်များ၏ ပြုပြင်မွမ်းမံထားသော အလှအပနှင့်မတူဘဲ ရှေ့မှလူငယ်လေးမှာ စိမ်းလန်းသော တောအုပ်နှင့် စီးဆင်းနေသော စမ်းချောင်းလေးကဲ့သို့ အေးချမ်းပြီး သဘာဝအတိုင်း ရှိနေပေသည်။
ချောလိုက်တာ!
သူ့ခြေထောက်တွင် ရွှံ့များပေနေပြီး မျက်နှာတွင် မြေကြီးများ စွန်းထင်နေကာ အသားအရေမှာ အနည်းငယ် ကြမ်းတမ်းနေသော်လည်း ထိုအရာများက သူ၏ ထူးခြားသော ဆွဲဆောင်မှုကို မတားဆီးနိုင်ချေ။
"နွံထဲက ကြာကဲ့သို့ စင်ကြယ်သူ" ဟုပင် ဆိုရပေမည်။
"ရူးနေတာလား"
လင်းယန်က စိတ်ထဲတွင် တိုးတိုးလေး ရေရွတ်လိုက်မိသည်။
သူ့ညီမလေး လယ်ထဲကို ထမင်းလာပို့တာဟု သူက ထင်ထားခဲ့ခြင်းဖြစ်သည်။ သို့သော် မော့ကြည့်လိုက်သောအခါ ထိုလူများက သူ့ကို ပြူးပြူးပြဲပြဲ စိုက်ကြည့်နေကြသဖြင့် လူကိုပင် ကြောက်လန့်လာစေသည်။
ထို့အပြင် သူ့ဖရဲသီးကို နင်းတော့မည့် အလှလေးတစ်ယောက်လည်း ပါသေးသည်။
ဘာလို့ သွားရည်တွေတောင် ကျနေရတာလဲ။
ငါ့ဖရဲသီးတွေက ကောင်းကောင်းစိုက်ထားတာ မှန်ပေမဲ့၊ ဖရဲသီးကိုကြည့်ပြီး သွားရည်ကျရမှာ မဟုတ်ဘူးလား။ ဘာလို့ ငါ့ကိုကြည့်ပြီး သွားရည်ကျနေတာလဲ။
ငါက စားလို့မှ မရတာ!
နောက်ဆုံးတွင် လင်းယန်ကပင် စတင် စကားပြောလိုက်သည်။
"သတိထားကြဦး၊ ဖရဲသီးကို နင်းမိရင် လျော်ကြေးပေးရမှာနော်"
ဤဖရဲသီးများသည် သူ နေ့မအိပ် ညမအိပ်ဘဲ အပင်ပန်းခံ စိုက်ပျိုးထားရသည့် အရာများ ဖြစ်သည်။
ဒီလူတွေဖျက်ဆီးတာတော့ မခံနိုင်ပေ။
သူ့စကားကြောင့် ရန်ကျင်းလီ သတိပြန်ဝင်လာပြီး သွားရည်ကို သုတ်ကာ ပြောလိုက်သည်။ "ဒါက ဖရဲသီးလား၊ ဘာလို့ အနက်ရောင် ဖြစ်နေတာလဲ"
"မျိုးစိတ်သစ်မို့လို့ပါ"
လင်းယန်က ခပ်ပေါ့ပေါ့ပင် ပြန်ဖြေလိုက်သည်။
အမှန်တော့ သူကိုယ်တိုင်လည်း မိုင်းလုံးကဲ့သို့ မည်းနက်နေသော ဤဖရဲသီးကြီးများမှာ တကယ် စားလို့ရပါ့မလားဟု သံသယဝင်ခဲ့ဖူးသည်။
အကြောင်းမှာ ဤအစေ့များသည် စနစ်က ပေးထားခြင်းဖြစ်သောကြောင့်ပင်။
မှန်ပါသည်၊ သူသည် ကံဆိုးလှသော ကူးပြောင်းလာသူတစ်ယောက် ဖြစ်၏။
အခြားသူများသည် သူဌေးကြီးများ၊ သူဌေးသားများအဖြစ် ကူးပြောင်းသွားကြသော်လည်း သူကမူ ဘောင်းဘီတောင် ဝတ်စရာမရှိလောက်အောင် ဆင်းရဲလှသော ဤတောင်ကြားရွာလေးသို့ ရောက်လာခဲ့သည်။
သူ့တွင် ရှိသည်မှာ ဤခြောက်ဧကမျှရှိသော လယ်ကွင်းလေးနှင့် အတူတူ ရှင်သန်နေရသည့် ညီမလေးသာ ဖြစ်သည်။
ကံကောင်းသည်မှာ သူသည်လည်း စနစ်တစ်ခုရရှိခဲ့သော်လည်း အနည်းငယ် ထူးဆန်းနေသည်။
'အံ့ဖွယ်စိုက်ပျိုးရေးစနစ်'၊ ဒါကြီးက လယ်စိုက်တဲ့စနစ်ကြီးလေ!
ထိုအရာကြောင့် လင်းယန် တစ်ခါက အလွန် စိတ်ဓာတ်ကျခဲ့ဖူးသည်။
သို့သော် မကြာခင်မှာပင် သူ လက်ခံလိုက်ရတော့သည်။
အသေအချာ ပြန်ကြည့်လိုက်သောအခါမှ... တကယ်ကို ကောင်းလွန်းနေမှန်း သိလိုက်ရသည်!
အခြားသူများက လယ်စိုက်ပြီး ကောက်ပဲသီးနှံ ရရှိကြသော်လည်း သူကမူ လယ်စိုက်လျှင် ပိုက်ဆံရသည်!
မျိုးစေ့တစ်ပင် စိုက်လျှင် ဆုကြေး (၈,၀၀၀)!
သီးနှံတစ်ပင် သိမ်းဆည်းလျှင် ဆုကြေး (၁၀,၀၀၀)!
လယ်ထွန်ခြင်း၊ ပိုးသတ်ခြင်းတို့အတွက် တစ်ဧကလျှင် (၁၀၀,၀၀၀)!
ထို့အပြင် အခြားသော ထူးခြားသည့် စနစ်တာဝန် များလည်း ရှိသေးသည်။
အရေးကြီးဆုံးအချက်မှာ တွက်ချက်သည့်ယူနစ်မှာ ယွမ်မဟုတ်ဘဲ အမေရိကန်ဒေါ်လာ (USD) ဖြစ်နေခြင်းပင်။
ယခုအချိန်အထိ လင်းယန်၏ ပိုင်ဆိုင်မှုမှာ သန်းနှင့်ချီနေပြီဖြစ်သည်။
ဒေါ်လာနှင့် တွက်လျှင်ပေါ့။
နှမြောစရာကောင်းသည်မှာ ယခုထက်ထိ သူ ဤတောင်ကြီးထဲမှ မထွက်ဖူးသေးခြင်းပင်။ သို့သော် ယခုမူ လူအချို့ ရောက်ရှိလာလေပြီ။
"ငါ့လယ်ထဲက ဖရဲသီးတွေကို ဘယ်လိုရောင်းရမလဲလို့ စိတ်ပူနေတာ"
"ဒါကတော့ အိပ်ငိုက်နေတုန်း ခေါင်းအုံးလာပေးသလိုပဲ"
ရန်ကျင်းလီမှာ အနေရခက်သွားသဖြင့် အရှက်ပြေရန် ဆောင့်ကြောင့်ထိုင်ချကာ ဖရဲသီးကို ပုတ်ကြည့်လိုက်သည်။ မမျှော်လင့်ဘဲ အနက်ရောင်ဖရဲသီးမှာ အလွန်ပင် ကျွတ်ဆတ်နေသဖြင့် ပုတ်လိုက်သည်နှင့် ကွဲထွက်သွားပြီး အတွင်းမှ နီရဲနေသော အသားများ ပေါ်လာသည်။
"တကယ်ကြီး ဖရဲသီးပဲ၊ အနံ့ကတင် တကယ်ကို မွှေးပျံ့လန်းဆန်းနေတာပဲ"
ရန်ကျင်းလီမှာ သွားရည်ကို မနည်းမျိုချလိုက်ရပြီး လင်းယန်ကို တစ်ဖန် ပြန်ကြည့်လိုက်သည်။
"ဒီဖရဲသီးက ဘယ်လောက်လဲ"
လင်းယန်က လက်ချောင်းငါးချောင်းကို တိုက်ရိုက် ထောင်ပြလိုက်သည်။
"ငါးယွမ်လား"
လင်းယန်က ခေါင်းယမ်းပြလိုက်သည်။
"ငါးဆယ်လား"
လင်းယန်က ထပ်မံ ခေါင်းယမ်းပြပြန်သည်။
"ငါးရာများလား" ရန်ကျင်းလီ မျက်မှောင်ကြုတ်သွားပြီး ရိုက်ကူးရေးအဖွဲ့ဝင်များမှာလည်း နားမလည်နိုင်သော မျက်နှာများဖြင့် ကြည့်နေကြသည်။
"ငါးထောင်၊ ဈေးမဆစ်နဲ့"
လင်းယန်က တိုက်ရိုက်ပင် ပြောလိုက်သော်လည်း စိတ်ထဲတွင်တော့ အနည်းငယ် ထိတ်လန့်နေမိသည်။
အကြောင်းမှာ ဤဈေးနှုန်းကို စနစ်က ပေးထားခြင်းဖြစ်သောကြောင့်ပင်။
သူ ထို တာဝန်ကို ကြည့်လိုက်သည်။
[ဖရဲသီး ရောင်းချရန်၊ တစ်လုံးလျှင် ငါးထောင်ထက် မနည်းစေရ၊ အောင်မြင်ပါက ဆုကြေး ဆယ်ဆ ရရှိမည်။]
ဆိုလိုသည်မှာ လင်းယန်က ဖရဲသီးတစ်လုံးကို ငါးထောင်ဖြင့် ရောင်းရလျှင် စနစ်က သူ့ကို ငါးသောင်း တိုက်ရိုက် ဆုချမည် ဖြစ်သည်။
မရောင်းရလျှင် ဘာဖြစ်မလဲဟု လင်းယန် မေးဖူးသည်။
အဖြေမှာ ပုပ်သွားလျှင် ကိစ္စမရှိသော်လည်း ဈေးလျှော့ရောင်းပါက အပြစ်ပေးခံရမည်ဟူ၍ ဖြစ်သည်။
"ရူးနေတာလား"
ရန်ကျင်းလီ ရုတ်တရက် ခုန်ထလိုက်သည်။
"ဒီထဲမှာ ရွှေတွေ ပါနေလို့လား။ ဖရဲသီးတစ်လုံးကို ငါးထောင်တဲ့လား။ ဒီပိုက်ဆံနဲ့ဆို ရှင်တို့ဆီက လယ်ကွင်းတစ်ဝက်စာလောက် ဝယ်လို့ရတယ်ဆိုတာ သိလား"
ရိုက်ကူးရေးအဖွဲ့သားများကလည်း လင်းယန်ကို ကြည့်ကာ စိတ်ထဲတွင် တွေးလိုက်ကြသည်။
"ဒီကောင်လေး ငါတို့ကို သိုးကလေးတွေများ မှတ်နေတာလား"
***
စူပါ-ဖမ်း(SFS)
အခန်း ၂။ ဒီကမ္ဘာကြီး ဘာတွေဖြစ်ကုန်တာလဲ!
"ကျွန်မတို့က ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးအတွက် လာပြီး ဝါဒဖြန့်ပေးတာနော်၊ ရှင် ဒီလိုမျိုး လူပါးမဝသင့်ဘူး!"
ရန်ကျင်းလီသည် ရင်ဘတ်ကို လက်ဖြင့်ဖိကာ စူပုတ်ပုတ်နှင့် ပြောလိုက်ပုံမှာ အလွန်ပင် ချစ်စရာကောင်းလှသည်။
ရိုက်ကူးရေးအဖွဲ့သားများမှာလည်း ပို၍ပင် စိုးရိမ်မကင်း ဖြစ်နေကြသည်။
"မင်းရဲ့ ဒီလို အဆမတန်ဈေးကြီးတဲ့ ဖရဲသီးသတင်းသာ ပျံ့သွားရင် ငါတို့ တကူးတက တောင်ထဲအထိလာပြီး ပင်ပင်ပန်းပန်း လုပ်ထားတဲ့ ဆင်းရဲနွမ်းပါးမှု ကူညီရေးလုပ်ငန်းတွေ အားလုံး အလကား ဖြစ်ကုန်တော့မှာပဲ"
"ဈေးနှုန်းကသာ သင့်တင့်မယ်ဆိုရင် မင်းဆီက ဖရဲသီးတွေ အကုန်လုံးကို ငါတို့ ဝယ်သွားမှာပါ"
လင်းယန်သည် တိုက်ရိုက်ထုတ်လွှင့်နေသည့် ရန်ကျင်းလီကို တစ်ချက်ကြည့်လိုက်ပြီး ခိုင်မာသော အမူအရာဖြင့် ပြန်ပြောလိုက်သည်။
"ဒီဖရဲသီးက ဒီဈေးနဲ့ တန်တယ်။ ပြီးတော့ ဒီဖရဲသီးက အခု ပဲ့သွားပြီဆိုတော့ လျော်ကြေးပေးရမယ်"
"ရှင်!"
"ရှင်... ရှင်... ရှင်!"
ရန်ကျင်းလီမှာ ဒေါသထွက်လွန်းသဖြင့် စကားပင် ထစ်ကုန်သည်။
အစကတော့ ရုပ်လေးကြည့်ကောင်းပြီး စိတ်ထားကောင်းမယ့် ရှောင်ကောကောလို့ ထင်ထားတာ။
ဒီလောက်အထိ အကျိုးအကြောင်းမရှိတဲ့သူလို့ ဘယ်သူက ထင်မှာလဲ!
"ရှင် ဒါ တမင် သက်သက် လုပ်တာပဲ!"
"ကျွန်မက Live လွှင့်နေတာနော်၊ ရှင်သာ ဆက်ပြီး ပြဿနာရှာနေရင် တစ်နိုင်ငံလုံးက လူတွေ အကုန်သိကုန်လိမ့်မယ်"
ထိုအချိန်တွင် ကျင်းလီ၏ Live လွှင့်ခန်းအတွင်း၌လည်း ပွဲဆူနေပြီဖြစ်သည်။
"ဒီဘက်ခေတ်မှာ ဝက်သားဈေးတက်တာ ထားလိုက်ပါတော့၊ ဖရဲသီးကပါ ဒီလောက်တောင် ဈေးကြီးနေရတာလား"
"ရှောင်ကောကောက ရုပ်လေးတော့ ကြည့်ကောင်းပါရဲ့၊ ဒါပေမဲ့ စိတ်ထားကတော့ သိပ်မဟန်ဘူးပဲ"
"ချောင်ကျတဲ့အရပ်မှာ လူဆိုးတွေ ပေါတယ်ဆိုတာ ရှေးလူကြီးတွေပြောတာ တကယ်မှန်တာပဲ"
"မိန်းမချောလေးတွေကို မယုံရသလိုပဲ၊ ကောင်ချောလေးတွေကလည်း အတူတူပဲဟေ့!"
"ဂျပန်က ဖရဲသီးတွေတောင် ဒီလောက် မဈေးကြီးဘူး"
"အတင်းအကျပ် ရောင်းစားတာကတော့ အဆိုးဆုံးပဲ"
Live လွှင့်ခန်းအတွင်းရှိ လူအမြောက်အမြားမှာ ရိုက်ကူးရေးအဖွဲ့အတွက် ဒေါသထွက်ပေးနေကြသည်။
သူတို့က တကူးတက လာရောက်ကူညီပေးနေပါလျက်နှင့် ယခုကဲ့သို့ အဖြစ်အပျက်မျိုးနှင့် ကြုံတွေ့ရသည်မှာ မည်သူမျှ ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
သို့သော်လည်း ဖရဲသီး ပဲ့သွားသည်မှာလည်း အမှန်တရားပင် ဖြစ်သည်။
လင်းယန်သည် ဝန်းရံထားသော ရိုက်ကူးရေးအဖွဲ့ကို ကြည့်ကာ အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်း မရှိပေ။
"ပစ္စည်းတစ်ခုကို ဖျက်ဆီးမိရင် လျော်ရမယ်၊ ကိုယ်လုပ်တဲ့အလုပ်ကို ကိုယ်တာဝန်ယူရမယ်၊ မသိချင်ယောင်ဆောင်နေလို့ မရဘူး"
"ဘာအကြောင်းနဲ့လဲ"
ခဏအတွင်း ရန်ကျင်းလီနှင့် လင်းယန်တို့မှာ အခြေအတင် ဖြစ်နေကြသည်။
နောက်ဆုံးတွင် ရိုက်ကူးရေးအဖွဲ့က ဆက်၍ မစောင့်နိုင်တော့ပေ။
"ငါတို့မှာ ရိုက်ကူးရေး အစီအစဉ်တွေ အများကြီး ကျန်သေးတယ်၊ အချိန်ကလည်း သိပ်မရှိဘူး။ ဒါကြောင့် ဒီဖရဲသီးကို အဖွဲ့ကပဲ ဝယ်လိုက်မယ်"
"ဒါကို ကူညီပေးလိုက်တယ်လို့ပဲ သဘောထားလိုက်ပါ"
"ငါတို့မှာ ရန်ပုံငွေ အလုံအလောက် ရှိပါတယ်"
"မရဘူး! ဒီကမ္ဘာမှာ တရားမျှတမှုရှိရမယ်! ဒီလို အတင်းအကျပ် လျော်ခိုင်းတာက မမှန်ဘူး!"
ရန်ကျင်းလီ၏ တရားမျှတလိုစိတ်မှာ ရုတ်တရက် ပေါက်ကွဲလာသည်။
သို့သော် နောက်ဆုံးတွင် ရိုက်ကူးရေးအဖွဲ့က သူမကို ဆွဲခေါ်သွားကာ မလိုလားစွာဖြင့် ယွမ်ငါးထောင် ပေးလိုက်ရပြီး ကွဲအက်နေသော ဖရဲသီးကို ယူသွားကြလေသည်။
[ဒင်! သင်သည် ဖရဲသီးတစ်လုံးကို အောင်မြင်စွာ ရောင်းချနိုင်ခဲ့သဖြင့် ဝင်ငွေ (၅,၀၀၀) ယွမ် ရရှိပါသည်။]
[ဂုဏ်ယူပါသည်။ သင်သည် တာဝန် သတ်မှတ်ချက်ကို ပြည့်မီသဖြင့် ဆုကြေး ဆယ်ဆ (၅၀,၀၀၀) ယွမ် ရရှိပါသည်။]
လင်းယန်၏မျက်နှာတွင် အပြစ်ကင်းစင်ကာ တောက်ပသော အပြုံးတစ်ခု ပေါ်လာပြန်သည်။
"စားကောင်းရင် နောက်တစ်ခါ ပြန်လာခဲ့ဦးနော်"
"ငါကပဲ နင့်ဆီ နောက်တစ်ခါ လာရဦးမှာလား!"
ငယ်ရွယ်သော ရန်ကျင်းလီမှာ ရုတ်တရက် ပေါက်ကွဲသွားပြီး သူမ၏ ပုံရိပ်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ဆဲဆိုအော်ဟစ်တော့သည်။
"တကယ်ကို စိတ်တိုစရာ ကောင်းလိုက်တာ!"
"ဘယ်လိုလူစားမျိုးလဲ မသိဘူး!"
"ကြည့်တော့လည်း တကယ်ချောပါရဲ့"
"တကယ်ပဲ ကောင်းကင်ကြီး မျက်စိကန်းနေတာပဲ"
ကံကောင်းသည်မှာ ရိုက်ကူးရေးအဖွဲ့က တားဆီးထားသဖြင့် ရန်ကျင်းလီ ဘာမှမတတ်နိုင်ဘဲ အော်ဟစ်ကာ ဒေါသဖြေနေရုံသာရှိသည်။
တစ်ချိန်တည်းမှာပင် သူမသည် အနက်ရောင်ဖရဲသီးတစ်စိတ်ကို ကောက်ကိုင်ကာ အငမ်းမရ ကိုက်စားလိုက်တော့သည်။
"ငါ နင့်ကို ဝါးစားပစ်မယ်!"
သိသာလှသည်မှာ သူမသည် ထိုဖရဲသီးကို လင်းယန်ဟု မှတ်ယူကာ စိတ်ဖြေနေခြင်းဖြစ်သည်။
သို့သော် အေးမြလှသော ဖရဲသီးသားများ ခံတွင်းထဲသို့ ရောက်သွားသည်နှင့် သူမ၏ ဒေါသများမှာ တစ်ဝက်ခန့် ချက်ချင်း ငြိမ်ကျသွား၏။
သူမ၏ အကြည့်များမှာ တဖြည်းဖြည်း ကြောင်အသွားပြီး မယုံကြည်နိုင်လောက်အောင် ဖြစ်သွားရသည်။
ဒီဖရဲသီးက...
ဘာလို့ ဒီလောက်တောင် စားလို့ကောင်းနေရတာလဲ!
ချိုမြိန်မှုမှာ အနေတော်ဖြစ်ပြီး မွှေးပျံ့လန်းဆန်းသော အရသာမှာလည်း ထူးကဲလှသည်။ လျှာပေါ်တွင် ဖရဲသီးသားမှ ထွက်လာသော အရည်များကို ခံစားနေရကာ လည်ချောင်းထဲသို့ ဖြည်းဖြည်းချင်း စီးဝင်သွား၏။
ထိုအရာက သူမ၏တစ်ကိုယ်လုံးကို ချက်ချင်းပင် လန်းဆန်းသွားစေပြီး ခရီးပန်းလာသမျှ နွမ်းနယ်မှုများကို အကုန်လုံး ပျောက်ကွယ်သွားစေသည်။
ဤသည်မှာ အရသာခံစားမှုသက်သက် မဟုတ်ဘဲ စိတ်ဝိညာဉ်ကိုပါ ဆေးကြောပေးလိုက်သကဲ့သို့ပင်!
ဒါကတော့ တကယ်ကို...
လူ့လောကရဲ့ အကောင်းဆုံး အရသာပဲ!
စားလို့ကောင်းလွန်းသဖြင့် သူမ မည်သို့ ဖော်ပြရမှန်းပင် မသိတော့ဘဲ မြိုချရန်သာ အာရုံစိုက်နေတော့သည်။ နောက်ဆုံးတွင် ဖရဲသီးခွံကိုပင် ပြောင်စင်အောင် ကိုက်စားလိုက်မိ၏။
အကယ်၍ အနက်ရောင်အခွံပေါ်တွင် မြေကြီးများ ပေမနေပါက သူမ အကုန်လုံးကို ဝါးစားပစ်မိမည်မှာ အသေအချာပင်!
စားပြီးသွားသောအခါ သူမ၏ ဖရဲသီးရည်များ ပေနေသော လက်ချောင်းလေးများကိုပင် လျက်နေမိသည်။
သို့သော် ခံစားမှုအပြီးတွင် စိတ်ထဲ၌ ဟာတာတာ ဖြစ်သွားရသည်။
ဘာလို့ တစ်စိတ်တည်းပဲ ရှိနေရတာလဲ။
နောက်ထပ် စားချင်သေးတယ်!
ဒီအရသာကို တစ်သက်လုံး မေ့နိုင်တော့မှာ မဟုတ်ဘူး။
သူမသည် လင်းယန်ကို ကြည့်လိုက်ရာ သွားရည်များပင် ပြန်ကျလာတော့သည်။
Live လွှင့်ခန်းအတွင်းရှိ ပရိသတ်များမှာလည်း ရန်ကျင်းလီ၏ ထူးဆန်းသော အမူအရာကို သတိပြုမိသွားကြသည်။
"ဒါက ဒေါသနဲ့ စားနေတာလား"
"ညီမလေးကျင်းလီ ဖရဲသီးစားနေတာလည်း အရမ်းလှတာပဲ"
"စောစောကမှ ဒေါသတွေ ထွက်နေပြီးတော့ အခုကျတော့ ဘာလို့ ဒီလောက်တောင် အရသာတွေ့နေရတာလဲ"
"ဟိုမှာ ရိုက်ကူးရေးအဖွဲ့သားတွေကို ကြည့်လိုက်ဦး၊ ဒီဖရဲသီးက တကယ်ပဲ စားလို့ကောင်းပုံရတယ်"
"ဟိုမှာကြည့် ညီမလေးကျင်းလီက အဲ့ဒီလူဆိုးကို ကြည့်နေတဲ့ အကြည့်က တကယ်ကို ထူးဆန်းနေတယ်၊ ဘာဖြစ်တာလဲ"
"ငါ့မိန်းမ ညဘက်ဆို ငါ့ကိုကြည့်တဲ့ အကြည့်မျိုးပဲ"
"အဲ့ဒီလူဆိုးက ဖရဲသီးထဲမှာ ဆေးများ ခတ်ထားတာလား"
"ရဲကို အမြန်တိုင်ကြဦး!"
"အဲ့ဒီနေရာကို ရဲတွေ ရောက်လာတဲ့အချိန်ဆိုရင် ညီမလေးကျင်းလီတော့ ပါသွားလောက်ပြီ!"
"ငါ့ရဲ့ ညီမလေးကျင်းလီရယ်..."
"ယုတ်မာတယ်! တကယ်ကို ယုတ်မာလွန်းတယ်!"
"လူဆိုးကြီး၊ ညီမလေးကျင်းလီကို အမြန်လွှတ်လိုက်စမ်း၊ ငါ့ကိုပဲ ဖမ်းလိုက်တော့!"
"..."
......
လင်းယန်သည် ရိုက်ကူးရေးအဖွဲ့သားများ၏ အမူအရာကို ကြည့်ကာ ကြောင်အသွားသည်။
ဒီလောက်တောင် ပိုစရာလိုလို့လား။
ဖရဲသီးတစ်လုံး စားတာတင်ကို မင်းသား၊ မင်းသမီးတွေထက်တောင် သရုပ်ဆောင်ကောင်းနေကြပါလား။
ငါလည်း နေ့တိုင်း စားနေတာပဲ၊ ဘာမှလည်း ထူးခြားမနေပါဘူး။
ဒါမှမဟုတ် သူတို့က တမင် သရုပ်ဆောင်နေကြတာလား။
ပညာရှင်တွေဆိုတော့လည်း မတူဘူးပဲ၊ ကင်မရာဆရာရဲ့ အမူအရာကအစ ကွက်တိပဲ။
သူ ဇဝေဇဝါ ဖြစ်နေတုန်းမှာပင် ရိုက်ကူးရေးအဖွဲ့က ရှေ့ဆက်မသွားတော့ဘဲ လှည့်ပြန်လာကြသည်ကို မြင်လိုက်ရသည်။
"ညီလေး၊ မင်းရဲ့ ဖရဲသီးက စားလို့ အရမ်းကောင်းတာပဲ၊ ဒါ ဘာမျိုးစိတ်လဲ"
လင်းယန် ခဏမျှ ကြောင်သွားသည်။
ဘာမျိုးစိတ်လဲ ဟုတ်လား။
ငါလည်း မသိဘူးလေ!
စနစ်ကပေးတဲ့ အနက်ရောင် ဖရဲသီး... ဖရဲသီးအမျိုးအစားပဲလေ...
အခြား အချက်အလက် ဘာမှမရှိဘူး။
ဘယ်လို ပြောရမလဲ။
လင်းယန် အကြာကြီး စဉ်းစားပြီးမှ နောက်ဆုံးတွင် ပြန်ဖြေလိုက်သည်။ "မျိုးရိုးစဉ်ဆက် စိုက်လာတာပါ"
"ဖူး!"
ရန်ကျင်းလီမှာ သူမ၏ သွားရည်နှင့်ပင် သူမ ပြန်သီးသွားတော့သည်။
ဖရဲသီးမှာလည်း မျိုးရိုးစဉ်ဆက်ဆိုတာ ရှိသေးတာလား။
ရိုက်ကူးရေးအဖွဲ့သားများမှာလည်း မိုးကြိုးပစ်ခံလိုက်ရသလို ဖြစ်သွားကြသည်။
"ညီလေးက တကယ်ကို ဟာသဝါသနာပါတာပဲ။ မင်းရဲ့ ဖရဲသီးက တကယ်ကို စားလို့ကောင်းတယ်၊ စားပြီးသွားရင် မေ့လို့မရနိုင်အောင်ပဲ။ အဲ့ဒါကြောင့် ငါတို့ နောက်ထပ် ဝယ်ချင်သေးတယ်"
"ဒါပေမဲ့ ဈေးလေး နည်းနည်း လျှော့ပေးလို့ ရမလား။ ငါတို့ မင်းအတွက် ကြော်ငြာပေးလို့ ရတာပေါ့၊ ဒီအနက်ရောင် ဖရဲသီးကို ဒီအရပ်ရဲ့ ဒေသထွက်ကုန်အဖြစ် သတင်းဖြန့်ပေးမယ်လေ"
အမျိုးသမီးတစ်ဦးကလည်း "ဟုတ်တယ်၊ ငါ ဂျပန်ကလာတဲ့ ဖရဲသီးတွေ စားဖူးတယ်၊ အဲ့ဒါတွေက အရမ်းဈေးကြီးပေမဲ့ မင်းရဲ့ ဖရဲသီးလောက် စားမကောင်းဘူး"
"ဒါကတော့ တစ်သက်မှာ တစ်ခါလောက်တော့ မဖြစ်မနေစားသင့်တဲ့ အရာပဲ"
ရိုက်ကူးရေးအဖွဲ့သားများမှာ ဝယ်ယူလိုစိတ် အလွန်ပြင်းပြနေကြသဖြင့် လင်းယန်ကို ဝိုင်းထားကြတော့သည်။
ရန်ကျင်းလီပင်လျှင် စောစောက ဒေါသထွက်ခဲ့သည်ကို မေ့သွားပြီး အပြေးလေး ရောက်လာသည်။
"ဟုတ်တယ်၊ ဈေးလျှော့ပေးရင် ကျွန်မ နှစ်လုံး ဝယ်မယ်!"
လင်းယန်မှာ အံ့အားသင့်သွားရသည်။
ငါ့ဖရဲသီးက ဒီလောက်ဈေးကြီးတာကို အများကြီး ဝယ်ဦးမလို့လား။
ရူးနေကြတာလား!
ရိုက်ကူးရေးအဖွဲ့က လူတွေက ဒီလောက်တောင် ချမ်းသာကြတာလား။
တွေးတောင် မတွေးရဲစရာပဲ။
"ဝယ်တာတော့ ရတယ်၊ ဒါပေမဲ့ ဈေးလျှော့ပေးဖို့ကတော့ လုံးဝ မဖြစ်နိုင်ဘူး။ အများဆုံးအနေနဲ့ လယ်ထဲက ကြိုက်တဲ့အလုံးကို စိတ်ကြိုက် ရွေးယူလို့ရတယ်"
ရိုက်ကူးရေးအဖွဲ့သားများ အတန်ကြာ စဉ်းစားပြီးနောက် နောက်ဆုံးတွင် သဘောတူလိုက်ကြသည်။
ဒီလယ်သမားလေးရဲ့ ဈေးနှုန်းသတ်မှတ်ချက်ကို သူတို့ လုံးဝ နားမလည်နိုင်တော့ပေ!
အလုံးကြီးကြီး သေးသေး အကုန်လုံး ငါးထောင်...
အလုံးကြီးလျှင် ပေါင် ၃၀ လောက်ရှိပြီး အလုံးသေးလျှင် ၁၀ ပေါင်လောက်သာ ရှိသည်။
သို့သော် ပင်ပန်းနေကြသော ရိုက်ကူးရေးအဖွဲ့မှာ ဖရဲသီး အလုံး ၃၀ ကို ဝယ်ယူလိုက်ကြသည်။
ဖရဲသီးက အကြီးကြီးဖြစ်သဖြင့် တစ်လုံးကို ၄၊ ၅ ယောက်လောက် စားနိုင်သည်။ လူခွဲပြီး ပေးလိုက်လျှင် ဈေးနှုန်းက လက်ခံနိုင်လောက်သည့် အနေအထားတွင် ရှိပေသည်။
ရန်ကျင်းလီက ပေါင် ၃၀ လောက်ရှိသော ဖရဲသီးကြီးကို ပင်ပင်ပန်းပန်း မနေရသည့်အခါတွင် လင်းယန်က မနေနိုင်ဘဲ စေတနာနှင့် ပြောလိုက်သည်။
"နှစ်လုံးတောင် ဝယ်တာ စားနိုင်ပါ့မလား"
"ရှင့်အလုပ် မဟုတ်ပါဘူး!"
ရန်ကျင်းလီက စူပုတ်ပုတ်နှင့် မျက်စောင်းထိုးလိုက်သည်။
လင်းယန်က နှာခေါင်းကို အသာအယာ ပွတ်လိုက်မိသည်။
ငါက ကူသယ်ပေးမလို့ ကြံရွယ်ထားတာကို။
အခုတော့ မင်းဘာသာမင်း သယ်တော့!
သို့သော် မကြာမီမှာပင် ရန်ကျင်းလီ ဝယ်ထားသော ဖရဲသီးများကို သူမ၏အဖွဲ့သားများကို ခွဲဝေပေးနေသည်ကို သူ တွေ့လိုက်ရသည်။
ဒီနာမည်ကြီး အနုပညာရှင်မလေးက စိတ်ထားတော့ မဆိုးလှပေ။
သို့သော် လင်းယန် အာရုံအစိုက်ဆုံးအရာမှာ စနစ်၏ အသိပေးချက် ဖြစ်သည်။
[ဒင်! သင်သည် ဖရဲသီး အလုံး (၃၀) ကို အောင်မြင်စွာ ရောင်းချနိုင်ခဲ့သဖြင့် ဝင်ငွေ (၁၅၀,၀၀၀) ယွမ် ရရှိပါသည်။]
[ဂုဏ်ယူပါသည်။ သင်သည် တာဝန် သတ်မှတ်ချက်ကို ပြည့်မီသဖြင့် ဆုကြေး ဆယ်ဆ (၁,၅၀၀,၀၀၀) ယွမ် ရရှိပါသည်။]
ဆုကြေး တစ်သန်းခွဲ။
ဖရဲသီး ၃၁ လုံး ရောင်းရုံဖြင့် လင်းယန်သည် စုစုပေါင်း တစ်သန်း ခုနစ်သိန်းကျော် ရရှိခဲ့လေပြီ။
ဟုတ်ပါသည်၊ သူ၏ ဘဏ်အကောင့်ထဲမှ ပမာဏနှင့်ယှဉ်လျှင် ဤပမာဏမှာ ဘာမှမဟုတ်သော်လည်းပေါ့။
ရိုက်ကူးရေးအဖွဲ့သားများမှာ ပျော်ပျော်ပါးပါး အနားယူကာ ဖရဲသီးစားနေကြစဉ်၊ ဖြစ်ပျက်သမျှကို ကြည့်နေရသည့် Live လွှင့်ခန်းမှ ပရိသတ်များမှာမူ လုံးဝကို ပွဲဆူကုန်ကြတော့သည်။
"ဒီကမ္ဘာကြီး ဘာတွေများ ဖြစ်ကုန်တာလဲ!"
***