အခန်း (၃-၄)
Vol. 1 Ch. 3-4
စူပါ-ဖမ်း(SFS)
အခန်း ၃။ နေ့ခင်းကြောင်တောင်ကြီး ဘာလုပ်မလို့လဲ
"ဟို ဖရဲစိုက်တဲ့သူက တစ်ခုခုများ တိုက်လိုက်တာလား"
"ဈေးက အဲ့လောက်ကြီးတာကို ရိုက်ကူးရေးအဖွဲ့က ဘာလို့ အများကြီး ဝယ်ရတာလဲ"
"ယွမ်တစ်သိန်းခွဲတဲ့... ကျွန်တော့်အိမ်က လယ်ဧက ၆၀ စိုက်တာတောင် အဲ့လောက်မရဘူး"
"ဘာတွေဖြစ်နေမှန်းကို လုံးဝ နားမလည်နိုင်တော့ဘူး"
Live လွှင့်ခန်းအတွင်းရှိ ပရိသတ်များမှာ သူတို့၏ ကမ္ဘာကြီးအပေါ် ရှုမြင်ပုံများ ပြောင်းလဲသွားသကဲ့သို့ ခံစားနေကြရသည်။ ဆင်းရဲနွမ်းပါးမှု ကူညီရေး အစီအစဉ် ရိုက်ကူးတာဖြစ်ရမယ် မဟုတ်လား၊ အခုတော့... ဘယ်လိုကြောင့် ဒီလိုဖြစ်သွားတာလဲ။
ချောမောသော လူငယ်လေး၊ ဈေးနှုန်းကြီးလှသော ဖရဲသီးနှင့် ဒေါသထွက်နေသည့် ညီမလေးကျင်းလီ... သူမ၏မျက်နှာတွင် မလိုချင်ကြောင်း အထင်အရှား ရေးထားသော်လည်း ခန္ဓာကိုယ်ကမူ ရိုးသားစွာပင် ပိုက်ဆံချေလိုက်လေသည်! ဒါဟာ အသိဥာဏ်ကို လုံးဝ စိန်ခေါ်နေခြင်းပင်။
"ဒါ သရုပ်ဆောင်နေတာ မဟုတ်ဘူးလား"
"အတုတွေ၊ အားလုံးက အတုတွေပဲ!"
"ကျွန်မတော့ လေယာဉ်လက်မှတ် ဖြတ်လိုက်ပြီ၊ အဲ့ဒီ အနက်ရောင်ဖရဲသီးက တကယ် စားလို့ကောင်းလားဆိုတာ သွားကြည့်ရမယ်"
"အပေါ်ကလူ ရူးနေတာလား! တောင်ထဲသွားတဲ့လမ်းက ရွှံ့လမ်းတွေချည်းပဲ၊ လမ်းမမှားရင်တောင် သုံးနာရီလောက် လမ်းလျှောက်ရမှာနော်"
"ကိုယ့်ကိုယ်ကိုယ် ဒုက္ခမရှာစမ်းပါနဲ့"
"ဒီမှာပဲ ညီမလေးကျင်းလီကို ထိုင်ကြည့်နေတာ ပိုကောင်းပါတယ်"
Live လွှင့်ခန်းအတွင်း၌ ယုံကြည်သူနှင့် မယုံကြည်သူများ အပြင်းအထန် ငြင်းခုံနေကြသည်။
ကျန်းချန် စောင့်ကြည့်ရေးအဖွဲ့မှ သတင်းထောက်မလေး စူးရို့ရို့သည် ဤအဖြစ်အပျက်အတွင်း၌ ကြီးမားသော အကြောင်းအရာတစ်ခု ဖုံးကွယ်နေသည်ကို ပါးနပ်စွာ သတိပြုမိသွား၏။
"ဈေးကြီးတဲ့ ဖရဲသီးကို ခဏထားဦး၊ ဒီလူငယ်လေးရဲ့ သဘာဝအတိုင်း ပြုပြင်ထားတာ မရှိတဲ့ ရုပ်ရည်ကတင် တစ်နိုင်ငံလုံးမှာ ပေါက်သွားဖို့ လုံလောက်နေပြီ"
"ဒီမျက်နှာလေးနဲ့တင် သူက ကံကောင်းတဲ့သူတစ်ယောက် ဖြစ်လာနိုင်တယ်၊ ငါ့လိုမျိုးပေါ့"
စူးရို့ရို့သည် ယခုကဲ့သို့ အွန်လိုင်းခေတ်တွင် လှပသောမျက်နှာနှင့် ပြည့်စုံသော ခန္ဓာကိုယ်ရှိခြင်းမှာ မည်မျှအရေးကြီးကြောင်း ကောင်းစွာ နားလည်ထားသည်။ ပရိသတ်များသည် သူမ၏ ကျွမ်းကျင်မှုထက် သူမ၏ ရုပ်ရည်နှင့် ခန္ဓာကိုယ်ကိုသာ ပို၍ အာရုံစိုက်ကြပေသည်။
"ဒီလူငယ်လေးကတော့ ပေါက်မှာ အသေအချာပဲ၊ ငါလည်း အဲ့ဒီနေရာကို သွားပြီး သူ့ထက် အရင်ဦးအောင် ယူရမယ်..."
"သူ့ရဲ့ အချက်အလက်တွေကိုပေါ့"
စူးရို့ရို့သည် တုံ့ဆိုင်းမနေဘဲ လေယာဉ်လက်မှတ် ချက်ချင်းဖြတ်ကာ အထုပ်အပိုးများကို အမြန်ပြင်တော့သည်။ သူမသည် အစက ညီမလေးကျင်းလီနှင့် ဆင်းရဲနွမ်းပါးမှု ကူညီရေးအကြောင်းကိုသာ ရှာဖွေရန် ကြံရွယ်ထားသော်လည်း ယခုမူ မမျှော်လင့်ဘဲ အဖိုးတန်သော အခွင့်အရေးကို တွေ့ရှိသွားခြင်းဖြစ်သည်။
.....
လင်းယန်သည် အနည်းငယ် ဟာလာဟင်းလင်း ဖြစ်သွားသော ဖရဲခင်းကို ကြည့်ကာ စိတ်မကောင်းဖြစ်မိသည်။ ဤဖရဲသီးများကို သူ အချိန်အကြာကြီး ပြုစုပျိုးထောင်ခဲ့ရသဖြင့် သံယောဇဉ် အနည်းငယ် ရှိနေ၏။ ရောင်းလိုက်ရခြင်းမှာ ဤဖရဲသီးများ၏ နောက်ဆုံးပန်းတိုင်ဖြစ်မှန်း သိသော်လည်း ခွဲခွာရသည်မှာ နှမြောစရာပင်။ ဖြစ်နိုင်သည်မှာ ဤအရာသည် တောင်သူလယ်သမားအားလုံး၏ အကျင့်တစ်ခု ဖြစ်ပေလိမ့်မည်။
ဖရဲသီးစားနေသော ရန်ကျင်းလီသည် လင်းယန်၏ မျက်ခုံးကြားမှ စိုးရိမ်ရိပ်ကို မြင်လိုက်ရသောအခါ အကြောင်းရင်းမရှိဘဲ စိတ်မကောင်း ဖြစ်သွားရသည်။
"သေစမ်း၊ သူက အရမ်းချောတော့ ငါတောင် သတိလက်လွတ် ဖြစ်သွားရတယ်"
ရန်ကျင်းလီ တိုးတိုးလေး ရေရွတ်လိုက်ပြီးနောက် နောက်ဆုံးတွင် သူ့အနားသို့ လျှောက်သွားလိုက်သည်။
"ဟေ့၊ ပုံမှန်ဆိုရင် လယ်တစ်ဧကမှာ ဖရဲသီးအပင် ရာနဲ့ထောင်နဲ့ချီပြီး စိုက်လို့ရတာကို၊ ရှင့်လယ်ထဲမှာ ဘာလို့ ဒီလောက် နည်းနေတာလဲ"
ထိုစကားကို ကြားသောအခါ လင်းယန်က ခေါင်းကို အသာအယာ ယမ်းလိုက်၏။
"ဒါက မျိုးစိတ်ထူးလို့ပါ၊ တစ်ဧကမှာ အပင် သုံးရာပဲ စိုက်လို့ရတယ်"
"ပိုးသတ်ဆေးလည်း မဖျန်းထားတော့ ပိုးကိုက်လို့ အပင်အစိတ်လောက် သေကုန်တယ်"
"ပြီးတော့ ဒီမှာ တောရိုင်းတိရစ္ဆာန်တွေလည်း ရှိတော့ သူတို့လည်း အများကြီး ဖျက်ဆီးသွားကြသေးတယ်"
"ကံကောင်းတာက သဘာဝဘေးအန္တရာယ်နဲ့ မကြုံရလို့ ဒီလောက်ကျန်နေတာကိုပဲ ကျေးဇူးတင်ရမှာပါ"
ရန်ကျင်းလီသည် နှာခေါင်းလေး ရှုံ့သွားကာ လင်းယန်ကို စတင်သနားလာမိသည်။ တောင်သူလယ်သမားများသည် ရာသီဥတုကို အားကိုးကာ ပင်ပင်ပန်းပန်း လုပ်ကိုင်နေရသည်မှာ အမှန်ပင်။ သူမကိုယ်တိုင်လည်း ကျေးလက်တောရွာမှ လာသူဖြစ်သဖြင့် ဤအချက်ကို နားလည်ပေးနိုင်ပေသည်။
"လယ်စိုက်ရတာ ဒီလောက်ခက်တာကို ဘာလို့ မြို့တက်ပြီး အလုပ်မလုပ်တာလဲ"
ရန်ကျင်းလီ ထိုစကားကို ပြောပြီးသည်နှင့် ချက်ချင်းပင် နောင်တရသွားသည်။ အပြင်ထွက် အလုပ်လုပ်မယ် ဟုတ်လား။ အပြင်မှာ အလုပ်လုပ်ရင် အခုတင်ပဲ သူတို့ဆီက ယွမ်တစ်သိန်းခွဲ ရနိုင်ပါ့မလား။ ရိုက်ကူးရေးအဖွဲ့ ပြင်ဆင်လာသည့် လက်ငင်းငွေများပင် ကုန်လုနီးပါး ဖြစ်နေပြီ!
ထို့အပြင်...
သူသာ အပြင်ထွက် အလုပ်လုပ်သွားလျှင် ဤမျှ စားလို့ကောင်းသော... မျိုးရိုးစဉ်ဆက် ဖရဲသီးကို ဘယ်မှာ သွားရှာရတော့မလဲ။
လင်းယန်ကတော့ အေးဆေးပင်။ အပြင်ထွက် အလုပ်လုပ်မယ် ဟုတ်လား။ အလုပ်လုပ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး! ဒီဘဝမှာ အလုပ်လုပ်ဖို့ဆိုတာ မရှိဘူး! ဒီလိုပဲ လယ်စိုက်ပြီး ဘဝကို အေးအေးဆေးဆေး ဖြတ်သန်းသွားမှာပဲ... အဲ့ဒီထဲက ပျော်ရွှင်မှုကို သူကိုယ်တိုင် သိနေရင်ပဲ လုံလောက်ပါပြီ။
"ဘယ်သူမှ လယ်မစိုက်ရင် လူတွေက ဘာစားကြမှာလဲ"
သူက ခပ်ပေါ့ပေါ့ပင် ပြန်ဖြေလိုက်ပြီး လယ်ထဲမှ စာခြောက်ရုပ်ကို ပြင်လိုက်သည်။ ဖရဲသီး အလုံးတစ်ရာလောက် ကျန်သေးသဖြင့် ဤရိုက်ကူးရေးအဖွဲ့ကို အသုံးချပြီး ဆက်ရောင်းရန် သူ ကြံစည်ရပေမည်။ အကြောင်းမှာ ဤတောင်ကြားထဲသို့ ဤအဖွဲ့အပြင် နောက်ထပ်လူများ ရောက်လာရန်မှာ အလွန်ခက်ခဲသောကြောင့်ပင်။
လင်းယန်၏ ထိုပုံစံကြောင့် ရန်ကျင်းလီမှာ ပို၍ပင် စိတ်မကောင်း ဖြစ်သွားရသည်။
"ကျွန်မ ရှင် ဖရဲသီးရောင်းရအောင် ကူညီပေးမယ်လေ!"
"အခုက Live လွှင့်ပြီး ရောင်းတာ ခေတ်စားနေတာ၊ ကျွန်မမှာ ပရိသတ်တွေ အများကြီးရှိတယ်၊ ရှင့်ဖရဲသီးလေးတွေကို ခဏလေးအတွင်း ကုန်အောင် ရောင်းပေးလို့ ရတယ်!"
လင်းယန်က ခေါင်းယမ်းလိုက်သည်။
"မရလောက်ဘူး၊ အနီးဆုံး ပါဆယ်ပို့တဲ့နေရာက ကီလိုမီတာ သုံးဆယ်လောက် ဝေးတယ်"
"နောက်ပြီး ဒီဖရဲသီးက ထိလိုက်တာနဲ့ ကွဲလွယ်တော့ သယ်ယူပို့ဆောင်ဖို့ မသင့်တော်ဘူး"
ပြောပြီးနောက် လင်းယန်က ရန်ကျင်းလီကိုကြည့်ကာ စေတနာပါသော အပြုံးတစ်ခု ပြုံးပြလိုက်ရာ ညီမလေးကျင်းလီမှာ ရုတ်တရက် ခန္ဓာကိုယ်လေး တောင့်သွားပြီး အတွေးပေါင်းစုံ ဝင်လာတော့သည်။
"သူက ငါ့ကိုကြည့်ပြီး အမြဲ ပြုံးပြနေတာ... ငါ့ကို သဘောကျနေတာများလား"
"သူသာ သန့်သန့်ရှင်းရှင်း ပြင်ဆင်လိုက်ရင် အရမ်းချောမှာပဲ၊ ငါလည်း မတတ်သာလို့ လက်ခံပေးလိုက်ရမှာပေါ့"
"ဒါပေမဲ့ အခုမှ စတွေ့တာကို၊ ချက်ချင်းကြီးတော့ လာဝန်ခံမှာ မဟုတ်ပါဘူးနော်"
နှစ်ယောက်သားမှာ အလွန် နီးကပ်နေသဖြင့် ရန်ကျင်းလီသည် သူမ၏ဘဝတွင် ယခုကဲ့သို့ တစ်ခါမှ စိတ်မလှုပ်ရှားဖူးပေ။ လင်းယန်၏ နူးညံ့သော အသံနေအထားက သူမကို ပို၍ပင် ရင်ခုန်စေသည်။
"မင်းက ကြည့်ရတာ ဒေါသကြီးသလိုပဲဆိုပေမဲ့ စိတ်ထဲမှာတော့ တကယ်ကို စိတ်ထားကောင်းတာပဲနော်"
ဝါး! သူက ငါ့ကို စိတ်ထားကောင်းတယ်လို့ ချီးကျူးနေတာပဲ! အင်း... ခဏနေဦး! တစ်ခုခုတော့ မှားနေသလိုပဲ။
"ရှင် ဘယ်သူ့ကို ဒေါသကြီးတယ်လို့ ပြောတာလဲ!"
"ကျွန်မရဲ့ လက်သီးချက်နဲ့ အသေသတ်လိုက်ရမလား!"
ရန်ကျင်းလီသည် နှာခေါင်းလေး ရှုံ့ကာ လက်သီးလေးကို မြှောက်ပြီး ဟန်ရေးပြလိုက်သည်။ လင်းယန်က ရယ်လိုက်မိ၏။ ရန်ကျင်းလီ၏ ကလေးဆန်သော အကျင့်မှာ သူ့အိမ်မှ ညီမလေးနှင့် တူလှပေသည်။
ဒါနဲ့ ညီမလေးက ဘာလို့ ထမင်းလာမပို့သေးတာလဲ။
ထိုသို့ တွေးမိသည်နှင့် လင်းယန်က သူ့အင်္ကျီကို ချွတ်လိုက်သည်။ ထိုအပြုအမူကြောင့် ရန်ကျင်းလီမှာ လန့်ပြီး နောက်သို့ ဆုတ်သွားကာ ထိတ်လန့်သွားတော့သည်။
"ဟေ့... ဟေ့... ရှင် ဘာလုပ်မလို့လဲ! နေ့ခင်းကြောင်တောင်ကြီးကို"
"ဘေးမှာလည်း လူတွေ အများကြီး ရှိနေတာကို!"
"ဒီလိုမျိုး မလုပ်ပါနဲ့..."
ရန်ကျင်းလီ၏ အသံမှာ တဖြည်းဖြည်း တိုးသွားပြီး လင်းယန်၏ ဂျုံရောင် အသားအရေနှင့် ကြွက်သားများကို ခိုးကြည့်နေမိသည်။ ခန္ဓာကိုယ်က တကယ်ကို မိုက်တာပဲ! ကြွက်သားတွေကလည်း အားကစားရုံမှာ တက်ထားသလိုမျိုးမဟုတ်ဘဲ အမြဲ အလုပ်လုပ်နေရသဖြင့် ကျန်းမာသန်စွမ်းပြီး လှပနေသည်။ ခန္ဓာကိုယ် တောင့်တင်းပြီး အသားအရေကို ကြည့်ရသည်မှာ အသက် နှစ်ဆယ်ဝန်းကျင်လောက်သာ ရှိဦးမည်။
"ငါနဲ့လည်း အသက်ချင်း တူတယ်၊ တကယ်ကို လိုက်ဖက်တာပဲ"
သို့သော် လင်းယန်ကမူ သူမကို နားမလည်နိုင်သော အကြည့်ဖြင့် ကြည့်လိုက်သည်။
"???"
"မင်း ဘာတွေ ပြောနေတာလဲ"
ခဏအကြာတွင် လင်းယန်သည် အင်္ကျီဖြင့် ဖရဲသီး နှစ်လုံးကိုပတ်ကာ ပခုံးပေါ် ထမ်းလိုက်သည်။
"မင်းတို့ ရွာထဲကို သွားကြမှာ မဟုတ်လား၊ လမ်းက သွားရခက်တယ်၊ ငါ လိုက်ပို့ပေးမယ်"
***
စူပါ-ဖမ်း(SFS)
အခန်း ၄။ သတင်းများပျံ့နှံ့သွားပြီး တစ်နိုင်ငံလုံး၏ အာရုံစိုက်မှုကို ခံရခြင်း
"ငတုံး!"
ရန်ကျင်းလီသည် မျက်နှာလေးနီမြန်းကာ စိတ်ထဲမှ တိတ်တဆိတ် ကျိန်ဆဲလိုက်မိသည်။ မိန်းကလေးတစ်ယောက်ရှေ့မှာ ဒီလိုမျိုး အင်္ကျီချွတ်ရသလား။ ဖရဲသီးထည့်စရာ တော်တော်ရှားနေလို့ အင်္ကျီနဲ့မှ ပတ်ရမှာလား။ လူကို အတွေးတွေလွန်အောင် လုပ်နေတာပဲ! သူမသည် လှည့်ထွက်သွားသော လင်းယန်၏ ကျောပြင်ကို ကြည့်ကာ ဒေါသတကြီးဖြင့် မြေကြီးကို ဆောင့်နင်းလိုက်လေသည်။
သို့သော် လင်းယန်ကမူ ရိုက်ကူးရေးအဖွဲ့နှင့် မကြာမီမှာပင် ရင်းနှီးသွား၏။
"ညီလေးလင်း၊ လမ်းပြပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်၊ ငါတို့က ဆင်းရဲနွမ်းပါးမှု ကူညီရေး အစီအစဉ် ရိုက်ကူးနေတာဆိုတော့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းက ကူညီချင်လို့ပါ"
"မင်းစိုက်တဲ့ ဖရဲသီးက တကယ်စားကောင်းတယ်၊ ဈေးတော့ နည်းနည်းကြီးပေမဲ့ ရောင်းရပြီဆိုတာနဲ့ တကယ့်ကို နာမည်ကြီးတဲ့ ထုတ်ကုန်တစ်ခု ဖြစ်လာမှာပါ။ ငါတို့လည်း မင်းအတွက် အစွမ်းကုန် ကြော်ငြာပေးပါ့မယ်"
"ပြီးတော့ ဒီရက်ပိုင်းအတွင်း ရွာထဲမှာ ရိုက်ကူးရေးလုပ်ရင်လည်း ကူညီပေးပါဦးနော်၊ ကျေးဇူးအရမ်းတင်တယ်"
ရိုက်ကူးရေးအဖွဲ့ဝင်များမှာ အလွန်ပင် ဖော်ရွေကြပေသည်။ သို့သော် ကင်မရာကြီးက သူ့ကို အမြဲတမ်း ချိန်ထားသည်မှာ ထားလိုက်ပါတော့၊ ဘာကြောင့် သူ့ကျောပြင်ကို တစ်ယောက်ယောက်က အမြဲ ခိုးကြည့်နေသလို ခံစားနေရတာလဲ။ ဘာလုပ်နေကြတာလဲ။ ဒီအဖွဲ့ထဲမှာ အမျိုးသမီး အဖွဲ့ဝင်တွေ အတော်များနေတာကြောင့်လား။ ငါက လူချောစာရင်းဝင်နေလို့လား။ မဟုတ်လောက်ပါဘူး!
လင်းယန်သည် ထိုအချက်ကို သိပ်ပြီး ဂရုမစိုက်တော့ပေ။ ကျေးလက်တောရွာတွင် ယောကျ်ားသားများ အင်္ကျီချွတ်နေခြင်းမှာ အလွန်ပင် ပုံမှန်ဖြစ်သောကြောင့်ပင်။ အကြည့်ခံရရုံဖြင့် ဘာမှပဲ့ပါသွားမည်မဟုတ်ပေ။
သို့သော် လင်းယန်နှင့် ရိုက်ကူးရေးအဖွဲ့ဝင်များ မမျှော်လင့်ထားသော အချက်တစ်ခုမှာ "ဈေးအလွန်ကြီးသော ဖရဲသီး" အဖြစ်အပျက်သည် အွန်လိုင်းပေါ်တွင် အရှိန်အဟုန်ဖြင့် ပျံ့နှံ့သွားခြင်းပင် ဖြစ်သည်။ မူလက ရိုက်ကူးရေးအဖွဲ့က အဖွဲ့ဝင်များကို Live လွှင့်ခိုင်းခြင်းမှာ အစီအစဉ်၏ ကြည့်ရှုနှုန်း တိုးတက်စေရန် ကြိုတင်ကြော်ငြာသည့် သဘောသာ ဖြစ်သည်။ သို့သော် ထို Live လွှင့်မှုမှာ မမျှော်လင့်ဘဲ ပေါက်ကွဲသွားခဲ့သည်။
အွန်လိုင်းပေါ်တွင် ဖြတ်တောက်ထားသော ဗီဒီယိုများ ပျံ့နှံ့လာသောအခါ အပြင်းအထန် ငြင်းခုံမှုများ ဖြစ်ပေါ်လာတော့သည်။
"အဲ့ဒီ အမည်းရောင်အလုံးကြီးက တကယ်ပဲ ဖရဲသီးလား"
"ထူးခြားတဲ့ မျိုးစိတ်ဖြစ်မှာပါ၊ ကျွန်တော် ဂျပန်မှာ မြင်ဖူးတယ်၊ ချီလူးမှာလည်း ဒီလို အနက်ရောင်အခွံနဲ့ ဖရဲသီးရှိတယ်၊ ဒါပေမဲ့ တစ်လုံးကို ငါးထောင်ဆိုတာကတော့ အရမ်းများလွန်းတယ်!"
"စူပါမားကတ်မှာ ရောင်းတဲ့ ဖရဲသီးတောင် တစ်လုံးကို ယွမ်နှစ်ဆယ်ကျော်ပဲ ရှိတာ! ဆောင်းရာသီ ဈေးတက်ရင်တောင် ယွမ် ၁၀၀ ထက် မပိုပါဘူး!"
"ကျွန်တော်တို့ ရွာမှာဆိုရင် ယွမ်နည်းနည်းနဲ့တင် ဝယ်လို့ရတယ်"
"ဒီဖရဲသီးက ဘာကြောင့် ဒီလောက်တောင် ဈေးကြီးနေရတာလဲ"
"ဗီဒီယိုထဲက လူတွေက ဘာလို့ အဲ့လောက်တောင် အားပါးတရ စားနေကြတာလဲ၊ တစ်သက်လုံး တစ်ခါမှ မစားဖူးတဲ့ အတိုင်းပဲ"
ဈေးအလွန်ကြီးသော ဖရဲသီးအကြောင်းမှာ Hot Search စာရင်း၏ အဆင့် (၃၀) အတွင်းသို့ တိုက်ရိုက် ရောက်ရှိသွားပြီး မိနစ် ၃၀ အတွင်းမှာပင် ထိပ်ဆုံး (၅) ဆင့်အတွင်းသို့ တိုးဝင်သွားလေသည်။
"ဟွာရှန်းတောင်ပေါ်က ခေါက်ဆွဲခြောက်က ဈေးကြီးတယ်ဆိုတာ ထားပါတော့၊ ရွှယ်ရှန်းမှာ တစ်ညအိပ်ရင် ယွမ် ၁၀၀၀ တဲ့၊ အခုတော့ ဆင်းရဲတဲ့ရွာက ဖရဲသီးတစ်လုံးတောင် ယွမ် ၅၀၀၀ ဖြစ်နေပြီ"
"ရိုက်ကူးရေးအဖွဲ့ကလည်း ရူးနေတာလား၊ ဒီလောက်ဈေးကြီးတာကို ဝယ်ရတယ်လို့!"
"ညီမလေးကျင်းလီက အစက ဒေါသထွက်နေပြီးတော့ ဘာလို့ နောက်ကျတော့မှ အရသာရှိရှိ စားနေရတာလဲ၊ ဒီထဲမှာ တစ်ခုခုတော့ရှိနေမှာ အသေအချာပဲ"
"ဒါကတော့ နာမည်ကြီးအောင် လုပ်ကြံနေတာပါ၊ ဒီဘက်ခေတ်မှာ ဒါမျိုးတွေကို ယုံတဲ့သူ ရှိသေးလို့လား"
"နာမည်ကြီးဖို့အတွက် ဘာမဆို လုပ်ကြတာပဲ"
အွန်လိုင်းပေါ်တွင် ဝေဖန်ဆဲဆိုသံများမှာ အများဆုံး ဖြစ်နေသည်။ ကုန်ဈေးနှုန်းကြီးကြပ်ရေးအဖွဲ့ပင်လျှင် ဤကိစ္စကြောင့် လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားရပြီး မကြာမီမှာပင် ထုတ်ပြန်ချက်တစ်ခု ထွက်ပေါ်လာသည်။
"ဈေးအလွန်ကြီးသော ဖရဲသီးအဖြစ်အပျက်နှင့် ပတ်သက်၍ ကျွန်တော်တို့ အဖွဲ့ဝင်များစေလွှတ်ကာ စုံစမ်းစစ်ဆေးနေပါပြီ။ ဆင်းရဲနွမ်းပါးမှု ကူညီရေးမှာ ကောင်းမွန်သော အလုပ်ဖြစ်သော်လည်း ၎င်းသည် လူအချို့၏ အလွဲသုံးစားလုပ်ကာ ဈေးတင်ရောင်းချရန် ကြော်ငြာစရာ မဟုတ်ပါ။"
ဤထုတ်ပြန်ချက် ထွက်လာသည်နှင့် အွန်လိုင်းအသုံးပြုသူ အမြောက်အမြားက ဝမ်းမြောက်စွာ ထောက်ခံကြသည်။
"နိုင်ငံတော်က တကယ်ကို လုပ်ရည်ကိုင်ရည်ရှိတာပဲ!"
"ဒီလိုမျိုး နိုင်ငံမှာ နေထိုင်ရတာ တကယ် ဂုဏ်ယူဖို့ကောင်းတယ်"
"အဖြစ်မှန်ကို အမြန်ဆုံး စုံစမ်းပေးပါဦး၊ မဟုတ်ရင် ကျွန်တော်တို့ ကျေးလက်ဒေသတွေကို မသွားရဲတော့ဘူး"
"ကြားရတာတော့ အဲ့ဒီနေရာက အရမ်းချောင်ကျတယ်၊ ကားတောင် သွားလို့မရဘူးတဲ့၊ လူသွားတာတောင် ကျေးဇူးတင်ရမယ့်အစား ဈေးတွေ လျှောက်တောင်းနေတာ၊ သူတို့ ဆင်းရဲတာလည်း မပြောနဲ့တော့"
"မှန်တယ်၊ ဒီလို တောသားတွေကို သနားနေဖို့ မလိုဘူး"
အချို့သော ပြင်းထန်သည့် မှတ်ချက်များမှာ လူမှုအသိုင်းအဝိုင်းတစ်ခုလုံးကို တိုက်ခိုက်သည့်အထိ ရောက်ရှိသွားသော်လည်း ထိုကဲ့သို့သော မှတ်ချက်များမှာ မကြာမီမှာပင် ပြန်လည် ဖျက်ပစ်ခြင်း ခံရသည်။ လူအများစုမှာ ဈေးနှုန်းအလွန်ကြီးခြင်းကိုသာ လက်မခံနိုင်ကြခြင်းဖြစ်သည်။
တစ်ဖက်တွင်မူ အချို့သူများက ဖရဲသီးစိတ်ပုံများကို တင်ကာ "ငါကတော့ ဖရဲသီးကို စားနိုင်သေးလို့ ကံကောင်းတယ်" ဟူသော စာသားများဖြင့် တင်ကြသလို၊
အချို့ကလည်း "တစ်လုံး ယွမ် ၅၀၀၀ ဆိုတာ မဈေးကြီးပါဘူး၊ ကျွန်တော့်ကို အလုံးပေါင်း ရာနဲ့ချီ ပို့ပေးပါ"၊
"ယွမ် ၅၀၀၀ တန် ဖရဲသီးက ငါနဲ့ မတန်ဘူး၊ တစ်လုံး ယွမ်တစ်သိန်းတန်လောက်ပဲ ပို့ပေးပါ" စသည်ဖြင့် နောက်ပြောင်ကြလေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်နိုင်ငံလုံး၌ ဖရဲသီးရေပန်းစားမှုကြီး ဖြစ်ပေါ်လာသည်။ လူအများစုမှာ ဖရဲသီးစားနိုင်ခြင်း၊ မစားနိုင်ခြင်းကိုပင် လူနေမှုအဆင့်အတန်းတစ်ခုအဖြစ် သတ်မှတ်လာကြတော့သည်။ အထူးခြားဆုံးမှာ နိုင်ငံအနှံ့ရှိ ဈေးများတွင် ဖရဲသီးများမှာ ချက်ချင်းပင် ရောင်းကုန်သွားကြပြီး ဖရဲသီးဈေးနှုန်းများပင် အနည်းငယ် မြင့်တက်သွားခဲ့သည်။ ထိုအချက်ကြောင့် ဖရဲသီးစိုက်ပျိုးသူ တောင်သူကြီးများမှာ အော်ဒါဖုန်းများ ဆက်တိုက်လက်ခံရရှိကာ ဝမ်းသာပီတိ ဖြစ်နေကြလေသည်။
တစ်ချိန်တည်းမှာပင် အွန်လိုင်းပေါ်ရှိ မိန်းကလေးအချို့မှာမူ လင်းယန်၏မျက်နှာကို မြင်လိုက်ရပြီးနောက် ချက်ချင်းပင် စွဲလန်းသွားကြသည်။
"တကယ့်ကို သဘာဝအတိုင်း ချောတာပဲ!"
"ချောလည်းချောတယ်၊ သန့်လည်းသန့်တယ်၊ ရိုင်းစိုင်းတဲ့ အငွေ့အသက်လေးလည်း ရှိတယ်!"
"ငါ့ရဲ့ လောင်ကုန်းအသစ်လေးပဲ"
"သူ့ရဲ့မျက်လုံးတွေက တကယ်ကို ဉာဏ်ရည်ထက်မြက်ပုံရတယ်၊ ငါတော့ လုံးဝကို ကြွေသွားပြီ"
"ဖရဲသီးတစ်လုံး ငါးထောင်မကလို့ ငါးသောင်းဆိုရင်တောင် မမ ဝယ်မှာပါ"
"ဒီလို ကောင်လေးက ရိုးသားပြီး စင်ကြယ်တာပဲ၊ ဘယ်လိုလုပ် လူဆိုးဖြစ်နိုင်မှာလဲ။ ဒီလိုကောင်လေးမျိုးက လယ်စိုက်မနေသင့်ဘူး၊ မမရဲ့ရင်ခွင်ထဲမှာပဲ အေးအေးဆေးဆေး နေသင့်တာ"
"ဘာလို့ လယ်စိုက်နေမှာလဲ၊ မမက တစ်သက်လုံး ကျွေးထားမယ်!"
ဈေးအလွန်ကြီးသော ဖရဲသီးအကြောင်း ငြင်းခုံမှုများနှင့်အတူ လင်းယန်၏ ရုပ်ရည်အကြောင်းမှာလည်း Hot Search ပေါ်သို့ အမြန်ဆုံး တက်လှမ်းလာခဲ့သည်။ အကြောင်းမှာ ထိုမိန်းကလေးငယ်များမှာ ပိုက်ဆံရှိပြီး သုံးစွဲရန်လည်း ဝန်မလေးသည့်အပြင် လူချောများကိုလည်း နှစ်သက်ကြသောကြောင့် ဖြစ်သည်။ လင်းယန်၏ ထူးခြားသော ဆွဲဆောင်မှုကို သူတို့ မခံနိုင်ကြချေ။
နိုင်ငံတကာတွင် နာမည်ကြီးနေသော အစားအသောက်ဆိုင်ရာ နာမည်ကျော် လီရှောင်ချီးပင်လျှင် လင်းယန်၏ နောက်ကျောပုံရိပ်ကို မြင်လိုက်ရသောအခါ စိတ်လှုပ်ရှားသွားရသည်။
"ဒီခံစားချက်မျိုးပဲ!"
"လူသားနဲ့ သဘာဝ သဟဇာတဖြစ်နေတဲ့ ဒီပုံစံက ငါ တစ်သက်လုံး ရှာဖွေနေတဲ့ အရာပဲ"
"ဒီလို လူမျိုးကို မြင်ခွင့်ရတာ တကယ်ပဲ ကံကောင်းတာပဲ"
ထိုအချိန်တွင် သူမသည် ကမ္ဘာတစ်ဝှမ်း၌ သူမ၏ ကင်မ်ချီအဖြစ်အပျက်နှင့် ပတ်သက်၍ ငြင်းခုံနေကြသည်ကိုပင် လျစ်လျူရှုကာ လင်းယန်နှင့် ပတ်သက်သမျှ အချက်အလက်များကို ကွန်ပျူတာဖြင့် အမြန်ဆုံး ရှာဖွေတော့သည်။ သို့သော် Live လွှင့်ခဲ့သည့် ဗီဒီယိုများမှလွဲ၍ အခြား အချက်အလက် ဘာမှမရှိပေ။ သူသည် ရုတ်တရက် ပေါ်လာပြီး ချက်ချင်းပင် နာမည်ကြီးသွားသည့်ပုံစံ ဖြစ်နေသည်။
နောက်ဆုံးတွင် သူမ ရှာတွေ့ခဲ့သည်မှာ လိပ်စာတစ်ခုသာ ဖြစ်၏။
ကျန်းပြည်နယ်၊ အန်းခရိုင်၊ ချင်းရှန်းရွာ။
သူမသည် အတန်ကြာ ငြိမ်သက်နေပြီးနောက် ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။ အကယ်၍ ထိုနေရာကို သွားမကြည့်ခဲ့ပါက သူမ၏ တစ်သက်တာလုံး နောင်တရနေမည်ဟု ခံစားမိနေသောကြောင့်ပင်။
***