အခန်း (၅-၆)
Vol. 1 Ch. 5-6
စူပါ-ဖမ်း(SFS)
အခန်း ၅ ။ ဒီလူတွေအားလုံးက သတို့သမီးရှင်ဘက်က အမျိုးတွေပဲနေမှာပါ!
ချင်းရှန်းရွာ (စိမ်းလန်းသောတောင်ရွာ) သည် စိမ်းလန်းသောတောင်ကြီးကို နောက်ခံပြုထားသဖြင့် ထိုအမည်ရခြင်း ဖြစ်၏။ အမည်မှာ ရိုးရှင်းလှပေသည်။
ရွာအဝင်ဝသို့ ရောက်သည်နှင့် ရိုက်ကူးရေးအဖွဲ့သည် ရှေးဟောင်း ကျောက်စီမုခ်ဦးကြီး တစ်ခုကြောင့် မှင်တက်သွားကြရသည်။ ကျောက်စီမုခ်ဦးပေါ်တွင် ရေညှိများစွာ တက်နေပြီး နေပူမိုးရွာဒဏ်ကြောင့် ဆွေးမြည့်ပျက်စီးနေသော်လည်း ရှေ့မျက်နှာစာရှိ ရှေးဟောင်းစာလုံးအချို့ကိုမူ မှေးမှိန်စွာ မြင်နေရသေးသည်။
"ကျွမ်းယွမ် (စာမေးပွဲပထမရသူ) တို့၏ ဇာတိ"
ရန်ကျင်းလီ၏ မျက်လုံးများမှာ ချက်ချင်းပင် တောက်ပသွားပြီး လင်းယန်ကို အံ့အားသင့်စွာ ကြည့်လိုက်မိသည်။
"ရှင့်တို့ရွာမှာ ကျွမ်းယွမ် ထွက်ဖူးတာပဲ!"
လင်းယန်ကမူ သိပ်ဂရုမစိုက်ပေ။
"လွန်ခဲ့တဲ့ နှစ်ပေါင်းရာနဲ့ချီက ကိစ္စပါ။ ခရိုင်ထဲကလူတွေ ပြောတာတော့ ဒါက မင်မင်းဆက်ခေတ်က ကျန်ရစ်ခဲ့တဲ့ အဆောက်အအုံလို့ ပြောတာပဲ"
ရွာထဲသို့ ဝင်လာသည်နှင့်အမျှ ကင်မရာဆရာ၏ လက်များမှာ သိသိသာသာ တုန်ယင်လာတော့သည်။
"အားလုံးက... အားလုံးက ရှေးဟောင်း အဆောက်အအုံတွေပဲ"
"ကြည့်ရတာ မင်မင်းဆက် လက်ရာတွေနဲ့ တူတယ်"
"ဘုရားရေ၊ ဒါကြီးက ဘယ်လိုလုပ် ဒီလောက်အထိ အကောင်းအတိုင်း ကျန်နေရတာလဲ"
"ဒီလောက်ပြည့်စုံတဲ့ ရှေးဟောင်းရွာလေးအကြောင်း ငါတို့ ဘာလို့ တစ်ခါမှ မကြားဖူးရတာလဲ"
ရိုက်ကူးရေးအဖွဲ့တစ်ခုလုံး ရူးမတတ် ဖြစ်သွားကြသည်။ ဤသည်မှာ ဆင်းရဲနွမ်းပါးမှု ကူညီရေးလာခြင်း မဟုတ်တော့ဘဲ ရတနာသိုက်ကို ရှာဖွေတွေ့ရှိသည့် စွန့်စားခန်းတစ်ခုနှင့်ပင် တူနေတော့သည်။
"ဒီမှာ လမ်းလျှောက်နေရတာ ခေတ်ဟောင်းကို ပြန်ရောက်သွားသလိုပဲ၊ မယုံနိုင်စရာပဲ!"
ရန်ကျင်းလီသည် အလွန်ပင် စိတ်လှုပ်ရှားစွာဖြင့် ခုန်ပေါက်နေလေသည်။ လင်းယန်ကလည်း ခေါင်းညိတ်လိုက်၏။ သူကိုယ်တိုင်လည်း ထိုသို့ပင် ခံစားခဲ့ရဖူးသည်။ အစပိုင်းတွင် သူလည်း ရှေးခေတ်သို့ ပြန်ရောက်သွားသကဲ့သို့ ခံစားရပြီး အဆန်းတကြယ် ဖြစ်ခဲ့သော်လည်း ကြာလာသောအခါ ပတ်ဝန်းကျင်ကို ကျင့်သားရသွားခဲ့သည်။
မည်မျှပင် ရှေးကျပါစေ၊ နောက်ဆုံးတွင် ဝမ်းရေးအတွက် ရုန်းကန်ရသည်မှာ အမှန်ပင် ဖြစ်သည်။ ရွာသားများမှာ ထမင်းပင် နပ်မှန်အောင် မစားနိုင်ကြချေ။ သူတို့အတွက် နန်းတော်ထဲမှာ နေရသည်ဖြစ်စေ၊ ဘယ်မှာနေရသည်ဖြစ်စေ ဘာထူးဦးမှာလဲ။ ထို့အပြင် နှစ်ပေါင်းရာချီသော ရှေးဟောင်း လူနေမှုပတ်ဝန်းကျင်မှာ ခေတ်သစ်လူနေမှုနှင့် နှိုင်းယှဉ်၍မရအောင်ပင်။
ရွာထဲသို့ ဝင်လိုက်သည်နှင့် သစ်ပင်အောက်တွင် အနားယူနေကြသော သက်ကြီးရွယ်အို အများအပြားကို မြင်တွေ့ရသည်။
"ရှောင်လင်း ပြန်လာပြီပဲ"
"ဒီရက်ပိုင်း ရွာနားမှာ တောဝက်တွေ ဘာတွေ မရှိဘူး၊ အိမ်မှာပဲ အေးအေးဆေးဆေး နေ"
"ငါတို့နေရာက ဒီလောက်ချောင်ကျတာ၊ ဘယ်သူမှ ဖရဲသီးလာခိုးမှာ မဟုတ်ပါဘူး"
တစ်ချက်ကြည့်လိုက်ရုံနှင့် ဤရွာ၏ အခြေအနေကို သိနိုင်သည်။ အများစုမှာ အထီးကျန် သက်ကြီးရွယ်အိုများနှင့် နာမကျန်းဖြစ်နေသူများသာ ဖြစ်ကြ၏။ ကျန်းမာသန်စွမ်းသူများမှာ ဤနေရာမှ ထွက်ခွာသွားကြသည်မှာ ကြာပြီဖြစ်သည်။ ထို့ကြောင့် ရွာရှိ အိမ်ခြေငါးဆယ်ကျော်မှာ တစ်ဦးကိုတစ်ဦး မှီခိုအားထားနေကြရခြင်းဖြစ်သည်။
လင်းယန်က တစ်ဦးချင်းစီကို လိုက်လံနှုတ်ဆက်နေ၏။ သူ့ဘေးမှ ရန်ကျင်းလီမှာ အံ့အားသင့်နေသည်။
"ရှင်က ရွာထဲမှာ တော်တော် နာမည်ကြီးတာပဲနော်"
"ဒီရွာမှာ ရှိတဲ့ လူငယ်အနည်းစုထဲက တစ်ယောက်မို့လို့ပါ"
လင်းယန်တွင် မိဘမရှိဘဲ ညီမဖြစ်သူနှင့်အတူ ရွာသားများ၏ အကူအညီဖြင့် ကြီးပြင်းလာရခြင်း ဖြစ်သည်။ ရွာသားများမှာ ဆင်းရဲနွမ်းပါးပြီး နာမကျန်းဖြစ်နေကြသော်လည်း ရှိသည့်အထဲမှ အကောင်းဆုံးကို လင်းယန်အတွက် ဖယ်ထားပေးလေ့ရှိသည်။ သူတို့အတွက်မူ လူငယ်သည် မျှော်လင့်ချက်ပင် ဖြစ်သည်။ တစ်ဖက်တွင်လည်း သူတို့ ကွယ်လွန်သွားသည့်နေ့၌ လင်းယန်ကပင် မြေမြှုပ်သင်္ဂြိုဟ်ပေးလိမ့်မည်ဟု မျှော်လင့်နေကြခြင်းဖြစ်သည်။
ရန်ကျင်းလီ၏အသံကြောင့် သက်ကြီးရွယ်အိုများမှာ သတိပြုမိသွားကြသည်။
"ဟယ်! ဒါ ဘယ်က မိန်းကလေးလဲ၊ တစ်ခါမှ မမြင်ဖူးပါလား!"
အဖွားအိုတစ်ယောက်မှာ ခါးလေးကိုင်းကာ အနားသို့ လျှောက်လာသည်။
"ရုပ်လေးက တကယ်ကို ချောတာပဲ၊ ရှောင်လင်းက ဇနီးလောင်းကို ခေါ်လာတာပဲ။ ကိုယ်လုံးလေးက နည်းနည်းပိန်တယ်၊ နောက်ကျရင် အားရှိအောင် အများကြီး ကျွေးရမယ်၊ ဒါမှ သားချောလေးတွေ မွေးပေးနိုင်မှာ။ ရှောင်လင်းက အလုပ်လုပ်တာ တော်တယ်၊ သူ့ကို ယူလိုက်ရင် တစ်သက်လုံး ကံကောင်းပြီသာမှတ်တော့"
ထိုစကားကို ကြားသောအခါ ရန်ကျင်းလီ၏မျက်နှာမှာ ချက်ချင်းပင် ရဲတက်သွားတော့သည်! မည်သူက သူ့ဇနီးလဲ။ လမ်းမှာမှ သူ့နာမည်ကို သိခဲ့ရတာလေ!
"မဟုတ်ဘူး... အဖွား၊ အဖွား နားလည်မှု လွဲနေပါပြီ"
"ဟေ? ဘာပြောလိုက်တာလဲ? အဖွားက နားမကောင်းလို့ သိပ်မကြားရဘူး"
အနားယူနေကြသော အဘိုးအဘွားများမှာ ဝိုင်းလာကြတော့သည်။ ထိုအချိန်မှသာ လင်းယန်၏ နောက်ကွယ်တွင် လူစိမ်းအများအပြား ပါလာသည်ကို သူတို့ သတိထားမိကြသည်။
"ဒီလူတွေအားလုံးက ဒီမိန်းကလေးရဲ့ အမျိုးတွေ (သတို့သမီးရှင်ဘက်ကအမျိုးတွေ) နေမှာပါ"
"ရှောင်လင်းက တကယ်ကို အရည်အချင်းရှိတာပဲ။ အားလုံးပဲ ဒီမှာ ရပ်မနေကြပါနဲ့၊ ရွာထဲဝင်ပြီး ထိုင်ကြပါဦး"
"လာ... ဒီပစ္စည်းတွေက တော်တော်လေး လေးပုံရတယ်၊ အဘိုး ကူသယ်ပေးမယ်"
ဆံပင်ဖြူဖြူ အဘိုးအိုတစ်ဦးက စေတနာဖြင့် ကင်မရာဆရာထံမှ ကင်မရာကို ကူသယ်ပေးရန် ကြိုးစားနေသည်။ ကင်မရာဆရာက အလျင်အမြန် လက်ယမ်းပြလိုက်ရသည်။
"မလိုပါဘူး အဘိုး၊ ကျွန်တော်ဘာသာ ကျွန်တော် သယ်နိုင်ပါတယ်၊ ကျေးဇူးတင်ပါတယ် အဘိုး"
"အမျိုးတွေ ရောက်လာတာပဲ၊ အားမနာပါနဲ့၊ ပင်ပန်းမခံပါနဲ့"
အဘိုးအိုက စိတ်အားထက်သန်စွာဖြင့် ဆက်လက် ကူသယ်ပေးရန် ကြိုးစားနေဆဲဖြစ်သည်။ သူက လင်းယန်အတွက် မျက်နှာပန်းလှစေရန် ကြိုးစားနေခြင်းဖြစ်သည်။ မနည်းခေါ်လာရသည့် ဇနီးလောင်းကို စိတ်မပြောင်းသွားစေရန် သူက ဆွဲဆောင်ထားချင်နေသည်။ ကင်မရာဆရာမှာ မည်သို့ ရှင်းပြရမှန်းမသိဘဲ အထစ်ထစ်အငေါ့ငေါ့ ဖြစ်နေတော့သည်။
ဘယ်လိုလုပ်ပြီး အမျိုးတွေ ဖြစ်သွားရတာလဲ။ ဘယ်လို ရှင်းပြရမလဲ။ ဒါရိုက်တာကို လှမ်းကြည့်လိုက်သောအခါ ဒါရိုက်တာက ရှင်းပြလေ ပိုရှုပ်လေ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ အမျိုးဆိုသည့် အဆင့်အတန်းကတော့ လွတ်လမ်းမရှိတော့ပေ။ ဒုက္ခပါပဲ၊ ဆင်းရဲနွမ်းပါးမှု ကူညီရေး အစီအစဉ် ရိုက်ကူးဖို့ လာကာမှ၊ ဖိတ်ခေါ်ထားသည့် ဧည့်သည်မလေးပါ ပါသွားတော့မယ်...။ ရှုပ်ထွေးကုန်ပြီ!
ကံကောင်းသည်မှာ လင်းယန်က တိုက်ရိုက် လျှောက်လာခဲ့သည်။
"အဘိုး ၆၊ ဒါက ကင်မရာပါ၊ ရိုက်ကူးဖို့ သုံးတာပါ" "လျှောက်မပြောနဲ့၊ ကြက် (ကျီး) က ဒီလိုပုံစံမှ မဟုတ်တာ" (မှတ်ချက် - စက် 'ကျီး' နှင့် ကြက် 'ကျီး' အသံထွက် တူနေခြင်းဖြစ်သည်) "ဒါက စက် (ကျီး) ပါ" "စက်... ဘာ?" "..."
လင်းယန်ကတော့ ရှင်းပြရန် လက်လျှော့လိုက်သည်။
"အဘိုး ၆၊ အဘိုးပဲ တခြားလူတွေကို သွားဂရုစိုက်လိုက်ပါ၊ ဒါကိုတော့ ထားလိုက်ပါ"
"အေးပါကွာ"
အဘိုးအိုက အသံကျယ်ကြီးဖြင့် ပြန်ဖြေကာ အခြား ရိုက်ကူးရေး အဖွဲ့ဝင်တစ်ဦးထံသို့ အပြေးအလွှား သွားပြန်သည်။
လင်းယန်က အားနာစွာဖြင့် ရယ်လိုက်မိ၏။
"အဘိုးက တစ်သက်လုံး ရွာပြင်မထွက်ဖူးတော့ ဒါ ဘာလဲဆိုတာ မသိရှာဘူး"
ကင်မရာဆရာက စကားပြောရန် ကြိုးစားသော်လည်း သူက ရိုက်ကူးရေးအကြောင်းသာ သိပြီး လူမှုဆက်ဆံရေးကို နားမလည်သဖြင့် "ကျေးဇူးတင်ပါတယ်" ဟုသာ နောက်ဆုံးတွင် ပြောလိုက်နိုင်သည်။
လင်းယန်က ကင်မရာဆရာ၏ပခုံးကို ပုတ်ပေးကာ ရန်ကျင်းလီကို ဝိုင်းထားကြသော လူအုပ်ကြီးကို ကြည့်လိုက်သည်။ ယခုအချိန်တွင် ရန်ကျင်းလီမှာ ငိုချင်စိတ်ပင် ပေါက်နေပြီဖြစ်သည်! ဤအဘိုးအဘွားများမှာ အလွန်ပင် စိတ်အားထက်သန်လွန်းလှသည်! အသက်ဘယ်လောက်လဲ၊ အိမ်မှာ ဘယ်နှစ်ယောက်ရှိလဲ၊ ဘာအလုပ်လုပ်လဲ စသည့် မေးခွန်းများကို တရစပ် မေးမြန်းနေကြသည်။
ဤသည်မှာ နှစ်သစ်ကူးတွင် အိမ်ပြန်ကာ အတင်းအကျပ် အိမ်ထောင်ချပေးရန် ဖိအားပေးခံရသည်ထက်ပင် ပို၍ ကြောက်စရာကောင်းလှသည်။ သို့သော် အဘိုးအဘွားများ၏ စိတ်ရင်းမှန်ဖြင့် ဖော်ရွေမှုကို သူမ ငြင်းပယ်ရန် ခက်ခဲနေသည်။
"သမီး အသက် ၂၀ ပါ"
"အိမ်မှာ သမီးတစ်ယောက်တည်းပါ"
"သမီးက ဘယ်လိုပဲ စားစား ဝမလာဘူး..."
"လင်းယန်နဲ့က အခုမှ စသိတာပါ"
"ဟင်... အနည်းဆုံး ကလေး သုံးယောက်လား? သမီး မလုပ်နိုင်ပါဘူး..."
ရန်ကျင်းလီမှာ ထိုအခိုက်အတန့်တွင် လုံးဝ စိတ်ပျက်အားငယ်သွားရသည်။ သတင်းထောက်များ၏ အင်တာဗျူးခြင်းမှာ ဤအခြေအနေနှင့်ယှဉ်လျှင် ဘာမှမဟုတ်တော့ပေ။ ဤအဘိုးအဘွားများမှာ တကယ်ကို ဖော်ရွေလွန်းလှသည်။ သူမသည် လင်းယန်ထံသို့ အကူအညီတောင်းခံသော အကြည့်တစ်ချက် ပို့လိုက်မိသည်။ လင်းယန်က ရယ်လိုက်ပြီး ခေါင်းကို အခြားတစ်ဖက်သို့ လွှဲလိုက်၏။
"မင်းဘာသာမင်းပဲ အဆင်ပြေအောင် ဖြေရှင်းလိုက်တော့။ ငါလည်း ဘာမှ မတတ်နိုင်ဘူး!"
ရွာထဲမှာ ရိုက်ကူးရေးလုပ်ဖို့ သတ္တိရှိရှိ လာခဲ့မှတော့ ဒီလို စိတ်ပိုင်းဆိုင်ရာပြင်ဆင်မှုမျိုး ရှိထားသင့်သည်။ နောက်ဆုံးတွင် အမျိုးသမီး ဒါရိုက်တာမှာ မခံနိုင်တော့ဘဲ ရှုပ်ထွေးမှုများကြားမှ လင်းယန်ကို ရှာတွေ့သွားသည်။
"ညီလေးလင်း၊ ကျေးဇူးပြုပြီး နည်းလမ်းလေး စဉ်းစားပေးပါဦး။ ဒီလိုဆိုရင် ရိုက်ကူးရေး ဆက်လုပ်လို့ မရတော့ဘူး"
လင်းယန်က ခေါင်းယမ်းပြကာ သူလည်း မကူညီနိုင်ကြောင်း ပြလိုက်သည်။
"ငါတို့ ရိုက်ကူးရေးမှာ ကူညီပေးဖို့ ဖိတ်ခေါ်ချင်ပါတယ်၊ အခကြေးငွေလည်း ပေးပါ့မယ်"
"ကျွန်မ ပိုက်ဆံ မလိုချင်ပါဘူး"
ရွာထိပ်မှ ကိစ္စများနှင့် နှိုင်းယှဉ်လျှင် သူသည် အိမ်သို့ အမြန်ပြန်ကာ ညီမဖြစ်သူကို တွေ့ချင်နေသည်။ အဘိုးအဘွားများ၏ စိတ်အားထက်သန်မှုမှာ နာရီအနည်းငယ်ကြာသည့်တိုင် လျော့သွားမည်မဟုတ်မှန်း သူ သိနေသည်။ ဘယ်သူပြောပြော ရမည်မဟုတ်ပေ!
အဘွား ၅ က "မင်္ဂလာ" စာလုံးများကိုပင် စတင် ညှပ်နေပြီဖြစ်သည်ကို တွေ့လိုက်ရသောအခါ လင်းယန်သည် အခြေအနေမှာ လွန်ကဲလာပြီဟု ခံစားလိုက်ရသည်။ အကယ်၍ သူသာ ဝင်မရှင်းပြပါက ဤအဘိုးအဘွားများမှာ သူ့ကို ရန်ကျင်းလီနှင့် ချက်ချင်းပင် လက်ထပ်ပေးလိုက်ကြတော့မည်မှာ အသေအချာပင်!
ထို့နောက်တွင် မင်္ဂလာဦးအခန်းဝင်ခိုင်းကြတော့မည်လား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ! ဘာလို့ ငါကိုယ်တိုင်ကရော မင်္ဂလာဦးအခန်းဝင်မယ့်ကိစ္စကို မျှော်လင့်နေမိရတာလဲ။
***
စူပါ-ဖမ်း(SFS)
အခန်း ၆ ။ ဒါကြီးက အရမ်းကို ဇိမ်ကျလွန်းနေပြီ
သုံးမိနစ်ခန့်ကြာအောင် ရှင်းပြပြီးနောက်တွင်မှ လင်းယန်သည် ရိုက်ကူးရေးအဖွဲ့ လာရသည့် ရည်ရွယ်ချက်ကို ထိုသက်ကြီးရွယ်အိုများ နားလည်အောင် လုပ်နိုင်ခဲ့သည်။
"ဪ... သတို့သမီးဘက်က အမျိုးတွေက ငါတို့ကို ဆင်းရဲနွမ်းပါးမှု ကူညီပေးဖို့ လာကြတာကိုး"
လင်းယန် မျက်မှောင်ကြုတ်သွားမိသည်။ ဤသက်ကြီးရွယ်အိုများမှာ ဤလူများ ဘာလာလုပ်သည်ကို တစ်ယောက်ချင်းစီတိုင်း စိတ်ထဲတွင် ရှင်းရှင်းလင်းလင်း သိနေကြသည်မှာ သိသာလှသည်။ သို့သော် ဘာကြောင့်များ သိလျက်နှင့် မသိချင်ယောင်ဆောင်နေကြတာလဲ။ ဘာကြောင့် "သတို့သမီးဘက်ကအမျိုး" လို့ ဆက်ပြီး ခေါ်နေကြတာလဲ။
လင်းယန် အနည်းငယ် စဉ်းစားလိုက်သည်နှင့် စိတ်ထဲတွင် လှိုက်လှိုက်လှဲလှဲ ဆွတ်ပျံ့သွားရသည်။ သူတို့အားလုံးမှာ သူ့အတွက် စေတနာထားနေကြခြင်း ဖြစ်သည်! ရွာက ဆင်းရဲသဖြင့် လူငယ်လေးများအတွက် ဇနီးရှာရန် မလွယ်ကူချေ။ ဤသက်ကြီးရွယ်အိုများက ရန်ကျင်းလီကို ငယ်ငယ်ချောချောလေး မြင်သဖြင့် သူ့အတွက် အောင်သွယ်ပေးချင်နေကြခြင်း ဖြစ်သည်။ ရန်ကျင်းလီတို့အဖွဲ့ မည်မျှပင် ချမ်းသာပါစေ၊ ၎င်းမှာ အရေးမကြီးပေ။ ဘယ်လိုပဲဖြစ်ဖြစ် ဤရွာထက်တော့ ချမ်းသာကြသည်မှာ အမှန်ပင်! ယခုကဲ့သို့ အခွင့်အရေးကို ကောင်းကောင်း ဆုပ်ကိုင်မထားပါက နောက်တစ်ကြိမ် ရွာထဲသို့ လူမည်သည့်အချိန်မှ ထပ်ရောက်လာမည်ကို မသိနိုင်ချေ။
ရှင်းပြပြီးနောက်တွင် ထိုအဘိုးအဘွားများမှာ ပို၍ပင် စိတ်အားထက်သန်လာကြသည်။ တစ်ဖက်တွင်မူ ရန်ကျင်းလီမှာ လင်းယန်၏နောက်မှ တစ်လှမ်းမှမခွာဘဲ ကပ်လိုက်နေတော့သည်။
"ခင်ဗျားက ကျွန်တော့်နောက်ကို ဘာလို့ တကောက်ကောက် လိုက်နေတာလဲ"
"သူတို့ ကျွန်မကို ထပ်ဝိုင်းမှာ ကြောက်လို့လေ"
"ရိုက်ကူးရေးအဖွဲ့က မတားပေးဘူးလား"
"သူတို့က ဒီလောက် အသက်ကြီးနေတာကို ဘယ်သူက တားရဲမှာလဲ!"
"ရွာထဲမှာတော့ တမင်ထိခိုက်အောင်လုပ်ပြီး လျော်ကြေးတောင်းတဲ့သူမျိုး မရှိပါဘူး"
လင်းယန်၏အကြည့်မှာ တည်ကြည်နေသည်။ ချင်းရှန်းရွာမှာ အလှမ်းဝေးသော်လည်း လူနေမှုပုံစံမှာ ရိုးသားဖြူစင်လှသဖြင့် လျော်ကြေးတောင်းခြင်းဆိုသည်ကို လုံးဝ နားမလည်ကြချေ။ အဘိုးအိုတစ်ယောက် မြေပေါ်သို့ မှောက်ရက်လဲသွားလျှင်ပင် ဖုန်ခါကာ ပြန်ထလာတတ်ကြသည်။ တစ်နှစ်ပတ်လုံး အလုပ်လုပ်ထားသည့် ခန္ဓာကိုယ်များမှာ များသောအားဖြင့် သန်မာကြပေသည်။ ကျန်းမာရေးမကောင်းသူများမှာမူ မြေကြီးထဲသို့ ရောက်သွားကြသည်မှာ ကြာပြီဖြစ်သည်။
ရန်ကျင်းလီ မျက်နှာလေး ရဲသွားကာ "ကျွန်မက စိတ်ပုတ်သလို ဖြစ်သွားတာ တောင်းပန်ပါတယ်" ဟု လင်းယန် ကြားသည်ဖြစ်စေ၊ မကြားသည်ဖြစ်စေ တိုးတိုးလေး ရေရွတ်လိုက်မိသည်။ သို့သော် သူမ၏ တကောက်ကောက် လိုက်နေသည့် ပုံစံမှာ အဘွားအိုများ၏အကြည့်ကို ဆွဲဆောင်သွားပြန်သည်။
"ကြည့်စမ်း... ရှောင်လင်းရဲ့ ဇနီးလောင်းလေးက ရှက်နေလိုက်တာ၊ ရှောင်လင်းရဲ့ နောက်မှာ ပုန်းနေတာ ထွက်တောင်မလာတော့ဘူး"
ရန်ကျင်းလီ ထိုစကားကို ကြားသောအခါ စိတ်လှုပ်ရှားလွန်းသဖြင့် လင်းယန်၏ဘောင်းဘီကို လက်ဖြင့် ဆွဲကိုင်မိသွားသည်။ အားအနည်းငယ် ပိုစိုက်လိုက်ပါက ဘောင်းဘီပင် ကျွတ်ကျသွားနိုင်သည်! ငါက လင်းမိသားစုရဲ့ ဇနီးလောင်း မဟုတ်ပါဘူးဆို! သို့သော် လင်းယန်၏အနားမှ ခွာရန်လည်း သူမတွင် သတ္တိမရှိချေ။ ထိုအဘိုးအဘွားများမှာ တကယ်ကို ကြောက်စရာကောင်းလှသည်!
လင်းယန်သည် သူမ ပြာပြာသလဲ လက်ကို ပြန်လွှတ်လိုက်သည်ကို တွေ့သော်လည်း ဆက်၍ ဂရုမစိုက်တော့ဘဲ အဘိုးအဘွားများကိုသာ မေးလိုက်သည်။
"ရှောင်ဝူကို မြင်ကြလား"
ရှောင်ဝူမှာ သူ့ညီမလေးဖြစ်ပြီး ဤရွာ၏ ပဉ္စမမြောက် ကလေးဖြစ်သဖြင့် ထိုသို့ပင် ခေါ်ကြခြင်း ဖြစ်သည်။ သူမမှာ ရွာသားများ ကောက်ရခဲ့သည့် ကလေးဖြစ်ပြီး ငယ်ငယ်က မည်သူ့ဆီမှာမဆို ငိုတတ်သော်လည်း လင်းယန်၏ ရှေ့တွင်မူ မငိုသဖြင့် သူ့ညီမလေး ဖြစ်လာခဲ့သည်။ လင်းယန်ကပင် ငယ်ငယ်ကတည်းက လက်လုပ်လက်စား ကျွေးမွေးပြုစုလာခဲ့ခြင်းဖြစ်သည်။
အဋ္ဌမမြောက် အဘွားအိုက "အပြင်ထွက်တာ မမြင်မိဘူး၊ အိမ်မှာပဲ ရှိနေမှာပါ" ဟု ပြန်ဖြေလိုက်သည်။
"ကျွန်တော် အိမ်ပြန်ကြည့်လိုက်ဦးမယ်" ဟု လင်းယန်က ပြောကာ ဖရဲသီးကိုထမ်းပြီး အိမ်သို့ လျှောက်သွားတော့သည်။
သူ့အိမ်မှာ ရွာ၏ အတွင်းဘက်ဆုံး အိမ်ဖြစ်ပြီး နောက်ကျောတွင် စိမ်းလန်းသော တောင်ကြီးရှိသဖြင့် ရှုခင်းမှာ အလွန်ပင်လှပသည်။ အိမ်ဝင်းမှာလည်း သာမန်လူများထက် ပိုကျယ်သဖြင့် ဟင်းသီးဟင်းရွက် အမျိုးမျိုးကို စိုက်ပျိုးထားနိုင်သည်။ သစ်သားတံခါးကြီးပေါ်တွင် မီးလောင်ရာများနှင့် အပေါက်အချို့ ရှိနေသော်လည်း ယေဘုယျအားဖြင့်တော့ သုံး၍ရသေးသည်။
အိမ်ရှေ့သို့ ရောက်သည်နှင့် အိမ်ဝင်းအတွင်းမှ ငိုသံတစ်ခုကို လင်းယန် ကြားလိုက်ရသည်။ သိသာလှသည်မှာ ရှောင်ဝူ၏အသံပင် ဖြစ်သည်! ထို့ကြောင့် သူ စိတ်ပူသွားကာ အမြန်ပြေးဝင်သွား၏။
"တစ်ခုခု ဖြစ်လို့လား"
နောက်မှ လိုက်လာသည့် ရန်ကျင်းလီမှာလည်း လင်းယန် ရုတ်တရက် အရှိန်မြှင့်လိုက်သည်ကို မြင်သောအခါ အကြောင်းရင်းမရှိဘဲ စိုးရိမ်သွားရသည်။ သူမသည် ကြောက်ကြောက်လန့်လန့်ဖြင့် နောက်သို့ လှည့်ကြည့်ကာ လင်းယန်၏နောက်မှ အိမ်ဝင်းထဲသို့ လိုက်ဝင်သွားသည်။ ကင်မရာဆရာမှာမူ အခြေအနေကို နားလည်သဖြင့် စက်ကိုပိတ်ကာ အနောက်မှ လိုက်လာခဲ့၏။
"ရှောင်ဝူ ဘာဖြစ်လို့လဲ"
လင်းယန်သည် အရှိန်အဟုန်ဖြင့် သစ်သားတံခါးကို တွန်းဖွင့်လိုက်ရာ ရှောင်ဝူသည် မြေပြင်ပေါ်တွင် ထိုင်ကာ ငိုနေသည်ကို မြင်လိုက်ရသည်။ ရှောင်ဝူမှာ ကိုးနှစ်ကျော်သာရှိသေးပြီး အရပ်လည်း မရှည်သော်လည်း အလွန်ပင် အလိုက်သိတတ်သူ ဖြစ်သည်။ ဟင်းချက်ခြင်း၊ ဟင်းသီးဟင်းရွက် စိုက်ပျိုးခြင်းသာမက အိမ်ရှိ အဝတ်အစားများ ဖာထေးခြင်းကိုလည်း သူမကပင် လုပ်ကိုင်ပေးသည်။ ကျောင်းမနေဖူးသော်လည်း သူမတွင် သဘာဝအတိုင်း ထူးချွန်သော ဉာဏ်ရည်ရှိပေသည်။
လင်းယန်က ရှောင်ဝူကို မြေပြင်ပေါ်မှ အမြန်ချီမလိုက်ရာ ပိန်လှီသော ခန္ဓာကိုယ်လေးမှာ သူ့ရင်ခွင်ထဲသို့ ရောက်ရှိသွားသည်။
"အစ်ကို... အဲ့ဒီမှာ... ဆန်တွေ မရှိတော့ဘူး!"
ရှောင်ဝူသည် ဆန်အိုးကို လက်ညှိုးထိုးကာ အလွန်ပင် ဝမ်းနည်းစွာ ပြောလိုက်သည်။ ထိုအခါမှ လင်းယန် သက်ပြင်းချနိုင်တော့သည်။
"ဒါကြောင့်ကိုး၊ ဘာမှ မဟုတ်ပါဘူး"
ဆန်အိုးနားသို့ သွားကြည့်လိုက်သောအခါ ဝမ်းဗိုက်ဖောင်းကားနေသော ကြွက်တစ်ကောင်မှာ အိုးဘေးတံတိုင်းအတိုင်း အပေါ်သို့ တက်ရန် ကြိုးစားနေသော်လည်း မတက်နိုင်ဘဲ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သိသာလှသည်မှာ အိမ်ရှိ နောက်ဆုံးကျန်သော ဆန်များကို ထိုကြွက်က အကုန်စားပစ်လိုက်ခြင်းပင်! ထို့ကြောင့် ရှောင်ဝူ ဤမျှအထိ ငိုနေရခြင်းဖြစ်သည်။
"အစ်ကို ဖရဲသီး နှစ်လုံး ယူလာတယ်၊ အရင်ဆုံး စားပြီး ဗိုက်ဖြည့်ထားလိုက်နော်"
လင်းယန်သည် ရှောင်ဝူကို ချီထားရင်းနှင့်ပင် ဓားကိုရှာကာ ဖရဲသီးကို ခွဲလိုက်သည်။ ရန်ကျင်းလီသည် ဤမြင်ကွင်းကို အသေအချာ မြင်နေရသည်။ သူမ၏ စိတ်ထဲတွင် သနားစိတ်များ မယုံနိုင်လောက်အောင် ဖြစ်ပေါ်လာရသည်။ လင်းယန်၏ အိမ်အခြေအနေမှာ ဤမျှအထိ ဆိုးရွားလိမ့်မည်ဟု သူမ မထင်ထားခဲ့ချေ! ဆန်တောင် မစားရသည့် အခြေအနေ ဖြစ်နေသည်ကိုး။
ရှောင်ဝူကို ပြန်ကြည့်လိုက်သောအခါ ရုပ်ရည်မှာ ချောမောလှပပြီး ဉာဏ်ရည်ထက်မြက်ပုံရသော်လည်း ခန္ဓာကိုယ်မှာ ပိန်လှီနေသဖြင့် အာဟာရချို့တဲ့နေသည်မှာ သိသာလှသည်။ နုနယ်ရမည့် လက်ကလေးများမှာလည်း ကြမ်းတမ်းနေ၏။ သူမ ဤမျှအထိ ဝမ်းနည်းစွာ ငိုနေသည်ကို မြင်သောအခါ ရန်ကျင်းလီ ပို၍ပင် စိတ်မကောင်းဖြစ်သွားပြီး အိတ်ထဲမှ ချောကလက်ကို ထုတ်ကာ လျှောက်သွားလိုက်သည်။
"ရှောင်ဝူ မငိုနဲ့တော့နော်၊ အစ်မက ချောကလက် ကျွေးမယ်"
သို့သော် ရှောင်ဝူမှာ လင်းယန်၏ရင်ခွင်ထဲသို့ ပို၍ တိုးဝင်သွားကာ ခေါင်းကို ဝှက်ထားသဖြင့် ချောကလက် ကမ်းပေးနေသော ရန်ကျင်းလီမှာ အနေရခက်သွားရသည်။
"ကျွန်တော့်ညီမလေးက ငယ်ငယ်ကတည်းက လူစိမ်းနဲ့ မတွေ့ဖူးတော့ လူကြောက်တတ်လို့ပါ"
လင်းယန်၏စကားကြောင့် ရန်ကျင်းလီ အရှက်ပြေသွားရသည်။ သူမသည် ချောကလက် နှစ်တုံးကို ထပ်မံ ထုတ်ပေးလိုက်သည်။
"အရင်ဆုံး စားပြီး ဗိုက်ဖြည့်ထားမလား"
လင်းယန်က လက်ယမ်းပြလိုက်သည်။
"မလိုပါဘူး၊ ကလေးတွေ ဒါတွေစားရင် သွားကိုက်တတ်တယ်"
ရှောင်ဝူကလည်း ခေါင်းညိတ်လိုက်သည်။
"ဖရဲသီးက ပိုစားလို့ ကောင်းတယ်!"
မကြာမီမှာပင် ရန်ကျင်းလီသည် နှစ်ယောက်သား ဖရဲသီးတစ်ခြမ်းစီကိုကိုင်ကာ အိမ်ခေါင်မိုးအောက်တွင် နေပူစာလှုံရင်း ဇွန်းဖြင့် နှိုက်စားနေကြသည်ကို ကြည့်နေမိသည်။ လူကြီးတစ်ယောက်နှင့် ကလေးတစ်ယောက် အိမ်အကြောင်းများကို တတွတ်တွတ် ပြောဆိုနေကြသည်မှာ ရန်ကျင်းလီကို ငေးမောသွားစေသည်။
အားကျလိုက်တာ!
သူမသည် ရိုက်ကူးရေးအတွက် နေ့စဉ် ပြေးလွှားနေရသဖြင့် အိမ်မပြန်ရသည်မှာ ကြာလှပြီဖြစ်သည်။ ယခုကဲ့သို့ ဘဝ၏အရသာကို ခံစားနေရသော မြင်ကွင်းက သူမကိုလည်း စိတ်အေးလက်အေးဖြင့် ဖရဲသီးကို ပုံရိပ်ဂရုမစိုက်ဘဲ ပျော်ပျော်ပါးပါး စားချင်စိတ် ပေါက်လာစေသည်။
နှမြောစရာကောင်းသည်မှာ... လင်းယန်သည် သူမကို ဖရဲသီးတစ်စိတ် မျှကျွေးရန် အစီအစဉ် မရှိခြင်းပင်! အားနာသည့်အနေနှင့်ပင် ခေါ်မစားချေ။ သို့သော် မောင်နှမနှစ်ယောက်၏ လက်ရှိအခြေအနေကို ပြန်တွေးလိုက်သောအခါ သူမ နားလည်ပေးလိုက်နိုင်သည်။ သူမအတွက် ဖရဲသီးစားခြင်းမှာ အရသာအတွက်သာဖြစ်သော်လည်း ဤမောင်နှမနှစ်ယောက်အတွက်မူ ဆာလောင်မှုကို ဖြေဖျောက်ရန် ဖြစ်သည်။
သူမသည် သွားရည်များကျကာ ပုံရိပ်ထိခိုက်မည်ကို စိုးရိမ်သဖြင့် အကြည့်လွှဲရန် ပြင်လိုက်စဉ်မှာပင် ဝေါကနဲ ပြေးလာသော အိမ်စောင့်ခွေးတာ့ဟွမ်တစ်ကောင်ကြောင့် သူမ၏အာရုံမှာ လုံးဝ ပြောင်းလဲသွားတော့သည်။
***