အခန်း (၁၁-၁၂)
Vol. 1 Ch. 11-12
စူပါ-ဖမ်း(SFS)
အခန်း ၁၁ ။ အမဲလိုက်ခြင်းနှင့် S အဆင့် သတ်မှတ်ချက်!
လင်းယန် ဟင်းသီးဟင်းရွက် စိုက်ခင်းဆီသို့ ပြေးသွားသောအခါ မျက်လုံးများမှာ ဒေါသကြောင့် နီမြန်းနေတော့သည်။
တောဝက် ဖျက်ဆီးနေသော စိုက်ခင်းမှာ အခြားသူ့ခြံမဟုတ်ဘဲ သူ့စိုက်ခင်းဖြစ်နေသောကြောင့်ပင်!
ရွာရှိ လယ်မြေများကို တစ်နေရာတည်းတွင် စုမထားဘဲ ခွဲထားကြခြင်းမှာ တစ်နေရာတွင် သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့ပါက အခြားနေရာမှ ထွက်ရှိမှု ရှိနေစေရန်ဖြစ်သည်။ ယခု တောဝက်ကြီး မွှေနှောက်နေသည်မှာ သူ၏ တစ်ဧကမပြည့်သော မုန်ညင်းခင်းဖြစ်နေသည်။
ယခုအချိန်တွင် မုန်ညင်းပန်းများ ဝေဝေဆာဆာ ပွင့်နေသော်လည်း တောဝက်ကြီးမှာမူ ၎င်း၏ ကိုယ်လုံးကြီးဖြင့် အပင်များကို နင်းချေကာ လမ်းကြောင်းများစွာ ဖန်တီးထားလေပြီ!
"တောက်... ကွက်တိကိုလုပ်ပဲ!"
ဤမုန်ညင်းပင်များကို စိုက်ပျိုးရန် လင်းယန် မည်မျှအထိ ပင်ပင်ပန်းပန်း လုပ်ခဲ့ရသည်ကို သူကိုယ်တိုင်သာ သိသည်။ သို့သော် ယခုမူ... အရာအားလုံးမှာ တောဝက်ပက်တာ ခံနေရပြီဖြစ်သည်။ စနစ်က ပေးထားသည့် မျိုးစေ့များမှာလည်း ဒီလောက်လေးပဲရှိတာ မဟုတ်လား။
သို့သော် လူတစ်ဝက်စာခန့်ရှိသော ဤတောဝက်ကြီးကို ရင်ဆိုင်ရန် လင်းယန် ဇွတ်မတိုးဘဲ မြေမျက်နှာသွင်ပြင်မြင့်သော နေရာကိုသာ အရင်ရှာလိုက်သည်။
"ဝက်တစ်၊ ဝက်ဝံနှစ်၊ ကျားသုံး" ဟူသော စကားပုံအတိုင်းပင် တောင်သူများအတွက် တောဝက်၏ အန္တရာယ်မှာ ဝက်ဝံနှင့် ကျားထက်ပင် ပို၍ ကြီးမားလှသည်။ ဤတောဝက်ကြီးမှာ အစွမ်းထက်နေပုံရသဖြင့် ကျားနှင့် ဝက်ဝံတွေ့လျှင်ပင် ရှောင်သွားရလောက်သည့် အနေအထား ရှိသည်။
ထိုစဉ် ရိုက်ကူးရေးအဖွဲ့ဝင်များမှာလည်း လျှပ်စစ်တုတ်နှင့် လက်နက်များကို ကိုင်ဆောင်ကာ ကင်မရာကြီးများဖြင့် အနောက်မှ လိုက်လာကြသည်။
"မောင်လေးလင်း... စိတ်မလောပါနဲ့ဦး" ဟု အမျိုးသမီး ဒါရိုက်တာက အဝေးမှ လှမ်းအော်သည်။
ရန်ကျင်းလီမှာလည်း အလွန်ပင် စိုးရိမ်နေတော့သည်။ သူမ၏အမြင်တွင် လင်းယန် တောဝက်ကို တိုက်ရိုက်သွားတိုက်ခိုက်ခြင်းမှာ အလွန်ပင် မိုက်မဲရာကျသည်။ ထိုတောဝက်၏ အစွယ်ကြီးများမှာ ကားတစ်စီးကိုပင် ထိုးဖောက်နိုင်သည် မဟုတ်လား!
သို့သော် ထိုအချိန်တွင် လင်းယန်သည် ဒူးလေးကို အသင့်ပြင်ကာ မုန်ညင်းခင်းထဲတွင် ရွေ့လျားနေသော တောဝက်ကြီးကို ချိန်ရွယ်လိုက်ပြီဖြစ်သည်။
"မင်းကတော့ ငါ့မုန်ညင်းပင်တွေကို စားလို့ကို အားမရနိုင်သေးဘူးပေါ့လေ!" လင်းယန် စိတ်ထဲမှ ကြိတ်မနိုင်ခဲမရ ဖြစ်နေသည်။
ဤမုန်ညင်းပင်များကို ဟင်းချက်စား၍လည်းရသလို ဆီကြိတ်၍လည်း ရသည်။ ထို့ပြင် ပွင့်လာသော ပန်းများမှာလည်း အလွန်လှပသည်။ စနစ်မှပေးထားသည့် ဤမျိုးစိတ်ထူးမှာ မည်သည့် အစွမ်းရှိသည်ကို သူ မသိသေးသော်လည်း တောဝက်ကြီး စားပြီးနောက် မခွာနိုင်ဘဲဖြစ်နေပုံကို ကြည့်လျှင် အရသာ မည်မျှရှိမည်ကို ခန့်မှန်း၍ ရနိုင်သည်။
"တောဝက်နဲ့ ငါနဲ့က ပေ ၅၀ တောင် မဝေးတော့ဘူး"
"ဒူးလေးနဲ့ ပစ်လို့ရပေမဲ့ မျက်လုံးကို တည့်တည့်မှန်မှသာ ဒဏ်ရာရစေမှာ။ တခြား နေရာကို မှန်ရင်တော့ သူ့ရဲ့ထူထဲတဲ့ သားရေကို ဖောက်ဖို့က မလွယ်ဘူး"
လင်းယန် အသက်ကို ပြင်းပြင်းရှူကာ ငြိမ်သက်စွာ ချိန်ရွယ်စောင့်ဆိုင်းနေလိုက်သည်။ နောက်ဆုံးတွင် တောဝက်ကြီးမှာ တစ်နေရာမှ အဝစားပြီးနောက် နောက်တစ်နေရာသို့ ပြောင်းရန် လှည့်လိုက်ရာ ၎င်း၏မျက်လုံးမှာ ပေါ်ထွက်လာတော့သည်။
အခွင့်အရေးပဲ!
သူသည် တုံ့ဆိုင်းမနေဘဲ မောင်းကို ဆွဲလိုက်သည်။ တောဝက်ကို နှင်ထုတ်ရုံထက် လင်းယန်က ၎င်းကို အပြတ်သတ်ချင်နေခြင်းဖြစ်သည်။ မုန်ညင်းပင်များအတွက် ကလဲ့စားချေလိုခြင်းအပြင် စနစ်တာဝန်၏ နောက်ဆုံး သတ်မှတ်ချက်ကြောင့်လည်း ပါဝင်သည်။ အကယ်၍ S အဆင့် သတ်မှတ်ချက်ရရှိပါက ဆုကြေးမှာ ပို၍ ကောင်းမွန်မည်ဖြစ်သည်။
မြားတံမှာ ကောင်းကင်ယံကို ဖြတ်သန်းကာ အလွန်လျင်မြန်သော အရှိန်ဖြင့် ပျံသန်းသွားသည်။ တောဝက်ကြီးမှာ မုန်ညင်းပင်၏အရသာတွင် နစ်မွန်းနေသဖြင့် မရှောင်တိမ်းနိုင်တော့ချေ!
ဖောက်!
အသံခပ်တိုးတိုးနှင့်အတူ ကြေးနီမြားခေါင်းမှာ တောဝက်၏မျက်လုံးထဲသို့ တိုးဝင်သွားကာ မြားတံ၏ သုံးပုံတစ်ပုံခန့်အထိ မြုပ်ဝင်သွားတော့သည်။
"ဂီးးးး!"
တောဝက်ကြီး၏ စူးရှသော အော်ဟစ်သံမှာ မှောင်မိုက်နေသော ညဉ့်ဦးယံတွင် ပဲ့တင်ထပ်သွားသည်။ ရိုက်ကူးရေးအဖွဲ့သားများမှာလည်း ထိုအသံကြောင့် လန့်ကာ ခြေလှမ်းများ တုံ့သွားကြ၏။
ဤမြားတစ်ချက်က တောဝက်၏ မျက်လုံးကို ထိမှန်သွားသော်လည်း ချက်ချင်း သေစေရန်တော့ မလုံလောက်ပေ။ ယင်းအစား ၎င်းကို ပို၍ ဒေါသထွက်သွားစေသည်။ လင်းယန် မမျှော်လင့်ထားသည့်အချက်မှာ ထိုတောဝက်ကြီးမှာ ထွက်မပြေးဘဲ လင်းယန်ရှိရာသို့ တရှိန်ထိုး ပြေးဝင်လာခြင်းပင် ဖြစ်သည်!
ကောက်ချိတ်နေသော အစွယ်ကြီးများမှာ ကားတစ်စီးကိုပင် ပေါက်ထွက်စေနိုင်ရာ လူသား၏ အသားနှင့် အရိုးမှာတော့ ပြောနေစရာပင် မလိုချေ! ကံကောင်းသည်မှာ လင်းယန် ရပ်နေသော နေရာမှာ မြင့်နေသဖြင့် တောဝက်ကြီးမှာ တိုက်ရိုက် တိုးဝင်၍မရပေ။
"အချိန်ရှိသေးတယ်"
လင်းယန် တုံ့ဆိုင်းမနေဘဲ နောက်ထပ် မြားတစ်စင်းကို အမြန်တင်ကာ ချိန်ရွယ်ပစ်ခတ်လိုက်သည်။ ဒူးလေး၏ အားသာချက်မှာ လေးနှင့်မြားထက် ချိန်ရွယ်ရ လွယ်ကူခြင်းပင်။ ဤဒူးလေးကို လင်းယန် ကိုင်ခဲ့သည်မှာ အကြိမ်ပေါင်း မနည်းတော့သဖြင့် ပေ ၆၀ အတွင်းရှိ ပစ်မှတ်ကို အလွဲအချော်မရှိ ပစ်ခတ်နိုင်သည်။
"ညာဘက် မျက်လုံးပဲ!"
ရှူးးး!
မြား ထွက်သွားသည်နှင့် လင်းယန် မှန်မမှန် မကြည့်တော့ဘဲ အနောက်ဘက်ရှိ တောအုပ်ထဲသို့ အရှိန်ကုန် ပြေးဝင်တော့သည်။ သစ်ပင်များ ထူထပ်သော တောအုပ်ထဲတွင် တောဝက်၏ အရှိန်ကို လျှော့ချနိုင်သောကြောင့် ဖြစ်သည်။ ထို့ပြင် ရိုက်ကူးရေးအဖွဲ့နှင့်လည်း ဝေးရာသို့ ဆွဲထုတ်သွားခြင်းဖြင့် သူတို့ကို အန္တရာယ်ကင်းစေချင်သောကြောင့်ဖြစ်သည်။
သို့သော် တောဝက်ကြီးမှာ ခေါင်းငုံ့ကာ ရှောင်လိုက်သဖြင့် မြားမှာ အရေပြားထဲသို့သာ စိုက်ဝင်သွားပြီး အသက်အန္တရာယ် မဖြစ်စေခဲ့ပေ။ မြေကြီးများ လွင့်စင်ကာ ခြေလေးချောင်းဖြင့် ကုန်ပြေးလာသော တောဝက်ကြီး၏ လက်ချက်ကြောင့် မုန်ညင်းပန်းများစွာမှာ ဗွက်ထဲသို့ ကြွေကျကုန်တော့သည်။ ၎င်းကို မြင်ရသည်မှာ လင်းယန်အတွက် ပို၍ပင် ရင်နာစရာကောင်းလှသည်။
တောဝက်ကြီးမှာ လင်းယန်၏အနောက်မှ တကောက်ကောက် လိုက်လာသည်။ "တောထဲမှာ သူ့အရှိန် လျော့သွားပေမဲ့ သူ့နှာခေါင်းက အရမ်းကောင်းတော့ ငါ လွတ်အောင် ရှောင်လို့မရဘူး။ ဒီသစ်ပင်ကတော့ တော်တော်ကြီးတာပဲ"
လင်းယန်သည် တုံ့ဆိုင်းမနေဘဲ သစ်ပင်ပေါ်သို့ အမြန်တက်လိုက်သည်။ ပေအနည်းငယ်အမြင့်သို့ ရောက်သည်နှင့် တောဝက်ကြီး ရောက်လာကာ သစ်ပင်ပင်စည်ကို ဝုန်းကနဲ တိုက်လိုက်တော့သည်။ သစ်ပင်ကြီးမှာ ပြင်းထန်စွာ လှုပ်ခါသွားပြီး သစ်ရွက်များ ကြွေကျလာသည်။ လင်းယန်မှာလည်း သစ်ပင်ကို ဖက်ထားသည့် လက်များမှာ ထုံကျဉ်သွားကာ မြေပေါ်သို့ ပြုတ်ကျလုနီးပါး ဖြစ်သွားရ၏။ တစ်ချိန်တည်းမှာပင် သစ်ပင်အောက်မှ တောဝက်ကြီး၏ နာကျင်စွာ အော်ဟစ်သံကို ကြားလိုက်ရသည်။
"ငါ သစ်ပင်ပေါ်မှာ မြဲနေသရွေ့တော့ အပေါ်ကနေ ချိန်ပြီး အသေသတ်ဖို့ အခွင့်အရေးရှိတယ်!"
လင်းယန် ကိုယ်နေဟန်ထားကို ပြင်လိုက်ပြီး နောက်ထပ် မြားတစ်စင်းကို ပြင်လိုက်သည်။ သို့သော် အောက်မှ တောဝက်ကြီးမှာ ရူးသွပ်နေသကဲ့သို့ သစ်ပင်ကို တရစပ်ဝင်တိုက်နေသဖြင့် လင်းယန် အခွင့်အရေး မရသေးပေ။ သူသည် သက်ပြင်းချကာ ရယ်လိုက်မိ၏။ ဒီတောဝက်ကြီးက တကယ်ကို အငြိုးအတေး ကြီးတာပဲ!
သို့သော် မကြာမီမှာပင် တောဝက်ကြီး၏ တိုက်ခိုက်မှု အရှိန်မှာ လျော့နည်းလာသည်ကို လင်းယန် သတိပြုမိလိုက်သည်။ နှစ်မိနစ်ခန့် ကြာပြီးနောက် တောဝက်ကြီး၏ အော်သံမှာ ရုတ်တရက် ရပ်တန့်သွားကာ ကိုယ်လုံးကြီးမှာ မြေပေါ်သို့ လဲကျပြီး တဆတ်ဆတ် တုန်ခါနေတော့သည်။
လင်းယန်သည် အခွင့်အရေးကို လက်မလွှတ်ဘဲ အောက်သို့ မြားအချို့ ထပ်မံပစ်ချလိုက်သည်။ နောက်ဆုံးတွင် မြားတစ်စင်းမှာ ၎င်း၏ ညာဘက်မျက်လုံးသို့ တည့်တည့်မှန်သွားသောအခါမှ တောဝက်ကြီး အမှန်တကယ် သေဆုံးသွားပြီဖြစ်ကြောင်း သူ အတည်ပြုနိုင်ခဲ့သည်။
သူ သစ်ပင်ပေါ်မှ ဖြည်းဖြည်းချင်း ဆင်းလာသောအခါမှ အဖြစ်မှန်ကို သိလိုက်ရသည်။ တောဝက်ကြီးသည် သစ်ပင်ကို ရူးသွပ်စွာ ဝင်တိုက်နေစဉ် မျက်လုံးထဲတွင် စိုက်နေသော မြားတံမှာ သစ်ပင်နှင့် တိုက်မိကာ ဦးနှောက်ထဲသို့ အရှိန်ဖြင့် တိုးဝင်သွားခဲ့ခြင်း ဖြစ်ပေသည်။ ထို့ကြောင့်သာ ဤတောဝက်ကြီး ချက်ချင်း သေဆုံးသွားခြင်းဖြစ်သည်။
တောဝက်ကြီး လုံးဝ ငြိမ်သက်သွားမှသာ လင်းယန် သစ်ပင်ပေါ်မှ ဆင်းလာခဲ့သည်။ မြေပြင်ပေါ်တွင် လဲနေသော ကိုယ်လုံးကြီးကို ကြည့်ကာ လင်းယန်၏စိတ်ထဲတွင် ကျေနပ်မှုများ ဖြစ်ပေါ်လာရသည်။
"ငါ ပင်ပင်ပန်းပန်း စိုက်ထားတဲ့ သီးနှံတွေကို လာဖျက်ဆီးဦးလေ! အခုတော့ သေပြီ မဟုတ်လား! နောက်တစ်ခါ ထပ်လာဖျက်ဆီးပြစမ်းပါဦး!"
လင်းယန်က လှံဖြင့် နှစ်ချက်၊ သုံးချက်မျှ ထိုးကြည့်သော်လည်း တောဝက်၏ သားရေကို မဖောက်နိုင်ပေ။ ထိုစဉ် သူ့ဦးနှောက်ထဲတွင် စနစ်၏ အသံ ပေါ်ထွက်လာတော့သည်။
[ဒင်! Host သည် တာဝန် အောင်မြင်စွာ ပြီးမြောက်ခဲ့သည်။ တောဝက်ကို သတ်ဖြတ်နိုင်ခဲ့သဖြင့် S အဆင့် သတ်မှတ်ချက် ရရှိပါသည်။]
***
စူပါ-ဖမ်း(SFS)
အခန်း ၁၂ ။ ခန္ဓာကိုယ်ကြံ့ခိုင်မှု ၅ ဆ တိုးလာခြင်း! ရန်ကျင်းလီ၏ စိုးရိမ်ပူပန်မှု
S အဆင့် သတ်မှတ်ချက်!
"ဆုကြေးက ဘာဖြစ်မလဲ"
လင်းယန်သည် သူ့မျက်စိရှေ့တွင် လွင့်မျောနေသော ရွှေရောင် S အဆင့် သေတ္တာလေးကို ကြည့်လိုက်သည်။
"ဖွင့်မယ်"
[ဂုဏ်ယူပါသည်။ Host သည် ခန္ဓာကိုယ်ကြံ့ခိုင်မှု ၅ ဆ တိုးမြှင့်ခြင်းကို ရရှိပါသည်။]
ထို့နောက် ချက်ချင်းပင် ဦးနှောက်အတွင်းမှ အားအင်တစ်ခုသည် တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွား၏။ ဆဲလ်တိုင်းမှာ တုန်ခါနေပြီး ကြွက်သားများမှာလည်း ဆတ်ကနဲ ဆတ်ကနဲဖြစ်သွားသည်ကို လင်းယန် အထင်အရှား ခံစားလိုက်ရသည်။
ယင်းနောက်တွင်ကား အနှိုင်းမဲ့သော သက်သောင့်သက်သာရှိမှုက သူ့ကို တိမ်ပေါ်တွင် လွင့်မျောနေသကဲ့သို့ ခံစားရစေပြီး၊ နူးညံ့သော လက်ကလေးများစွာက သူ့ကို အနှိပ်ပေးနေသကဲ့သို့ ရှိနေတော့သည်။
နေလို့ကောင်းလိုက်တာ!
နှမြောစရာကောင်းသည်မှာ ထိုခံစားချက်မှာ မိနစ်ဝက်ခန့်သာ ကြာမြင့်ပြီးနောက် ပျောက်ကွယ်သွားခြင်းပင်။ သို့သော် အစားထိုးဝင်ရောက်လာသည်မှာ မူလက ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်မှာ တက်ကြွလန်းဆန်းသော အားအင်များဖြင့် ပြန်လည်ပြည့်ဝလာခြင်းဖြစ်၏။
ခွန်အားမှာ ငါးဆခန့် ပိုမိုသန်မာလာပြီး အရှိန်နှုန်းမှာလည်း ပိုမိုမြန်ဆန်လာကာ စိတ်ဓာတ်မှာလည်း ပို၍ တက်ကြွလာသည်။ သူ့လက်မောင်းကို သူ ပြန်ညှစ်ကြည့်လိုက်ရာ အရင်ကထက် ပို၍ ကျုံ့နိုင်ဆန့်နိုင်စွမ်း ရှိလာသည်ကို တွေ့ရသည်။
"အထူးတပ်ဖွဲ့ဝင်တစ်ယောက်ရဲ့ ခန္ဓာကိုယ်ထက်တောင် ငါက ပိုသန်မာနေလောက်ပြီ!"
"တကယ်လို့ ဒီတောဝက်ကြီးနဲ့ နောက်တစ်ခါ ထပ်တွေ့မယ်ဆိုရင် လက်ဗလာနဲ့တောင် အသေထုသတ်နိုင်တဲ့ ယုံကြည်ချက်ရှိတယ်"
လင်းယန်၏မျက်လုံးများမှာ ပို၍ တောက်ပလာတော့သည်။ တစ်ချိန်တည်းမှာပင် သူသည် သေဆုံးသွားသော တောဝက်ကြီးကို ပခုံးပေါ်သို့ တိုက်ရိုက် ထမ်းတင်လိုက်၏။
ဒီဘက်ခေတ်မှာ ဝက်သားက တကယ်ဈေးကြီးတာလေ။ နှစ်မီတာလောက်ရှိသော ဤတောဝက်ကြီးမှာ အလေးချိန် ပေါင် ၈၀၀ (ကျင်း ၆၀၀ ခန့်) လောက် ရှိပေလိမ့်မည်! ဝက်ဖြူကြီးများပင် ပေါင် ၄၀၀၊ ၅၀၀ ခန့်သာ ရှိသည်မဟုတ်လား။ ဒီလောက်ဆိုရင် အကြာကြီး စားလို့ရပေပြီ။
လင်းယန်သည် ကြီးမားလှသော တောဝက်ကြီးကိုထမ်းကာ တောအုပ်ထဲမှ ဖြည်းဖြည်းချင်း လမ်းလျှောက်ထွက်လာခဲ့သည်။ တောအပြင်သို့ ရောက်သောအခါ လက်နက်များကို ကိုင်ဆောင်ကာ တောထဲဝင်ရနိုး၊ မဝင်ရနိုးဖြင့် ဝေခွဲမရဖြစ်နေကြသော ရိုက်ကူးရေးအဖွဲ့သားများကို မြင်လိုက်ရသည်။
လင်းယန်၏ပခုံးပေါ်မှ တောဝက်ကြီးကို မြင်လိုက်ရသောအခါ သူတို့အားလုံး မျက်လုံးပြူးသွားကြတော့သည်။
"ဒီတောဝက်ကြီး တကယ် သေသွားတာလား"
"ညီလေးလင်းက တကယ်ကို အစွမ်းထက်တာပဲ!"
"မိုက်လိုက်တာ!"
လူတိုင်း၏ ချီးကျူးစကားများကြောင့် လင်းယန်က အားနာစွာဖြင့် ပြုံးလိုက်သည်။
"ကံကောင်းလို့ပါ၊ ကံကောင်းလို့ပါ!"
အကယ်၍ တောဝက်ကြီးသာ သစ်ပင်ကို ဝင်မတိုက်ဘဲ မြားတံက ဦးနှောက်ထဲသို့ မဝင်သွားပါက မနက်ဖြန်အထိ သူ ဤတောဝက်ကို သတ်နိုင်ရန် ခဲယဉ်းပေလိမ့်မည်။
"ညီလေးလင်းက နှိမ့်ချလွန်းပါတယ်"
"လာ... ဒီတောဝက်က တော်တော်လေးမှာပေါ့၊ အစ်ကို ကူထမ်းပေးမယ်"
ကင်မရာဆရာလေးက စိတ်အားထက်သန်စွာဖြင့် အနားသို့ လျှောက်လာသည်။ သို့သော် သူသည် တောဝက်ကို ကိုင်ကာ အားစိုက်လိုက်သော်လည်း လင်းယန်၏ပခုံးပေါ်မှ တောဝက်မှာ ရွေ့ပင်မရွေ့ချေ။
"လေးလိုက်တာ!"
ကင်မရာဆရာလေးသည် အသက်ကို ခပ်ပြင်းပြင်းရှူကာ လက်မောင်းကြွက်သားများ ဖောင်းတက်လာသည်အထိ အားစိုက်သော်လည်း တောဝက်ကြီးမှာ မူလအတိုင်းပင်။
"ငါက ကင်မရာကြီးထမ်းဖို့ အမြဲ လေ့ကျင့်နေတာတောင်၊ ဘာလို့ ဒီတောဝက်ကို မ,မနိုင်တာလဲ"
"ဒါက ဘယ်လောက်တောင် လေးနေလို့လဲ!"
နောက်ဆုံးတွင် ကင်မရာဆရာလေးမှာ လူခေါ်လိုက်ရတော့သည်။
"လာကြဦး၊ ဝိုင်းမပေးကြပါဦး"
ချက်ချင်းပင် အဖွဲ့ဝင် သုံးဦး ရောက်လာပြီး လေးယောက်သား အားစိုက်လိုက်မှသာ လင်းယန်၏ ပခုံးပေါ်မှ တောဝက်ကြီးမှာ အနည်းငယ် လှုပ်ရှားသွားသည်။ ဤအချက်က သူတို့လေးယောက်ကို အရှက်ရစေတော့သည်။
"ဒီတောဝက်က ဘာလို့ ဒီလောက်တောင် လေးနေရတာလဲ"
လင်းယန်က လက်ယမ်းပြလိုက်ကာ -
"အားလုံးကို ကျေးဇူးတင်ပါတယ်၊ ကျွန်တော်ဘာသာ ကျွန်တော် ထမ်းနိုင်ပါတယ်။ ရွာကို အရင် ပြန်ကြရအောင်"
ပြောပြီးသည်နှင့် လင်းယန်သည် တောဝက်ကြီးကို ထမ်းကာ ရွာထဲသို့ ဦးဆောင် လမ်းလျှောက်သွားတော့သည်။ ရိုက်ကူးရေးအဖွဲ့ဝင်များမှာ မီးများထိုးကာ အနောက်မှ လိုက်လာကြ၏။ အနောက်မှ ကင်မရာဆရာများ၏ အံ့သြသံများလည်း ထွက်ပေါ်နေသည်။
"ညီလေးလင်းရဲ့ခွန်အားက တကယ်ကို ကြီးတာပဲ၊ ဘယ်လိုများ လေ့ကျင့်ထားတာလဲ"
"ဒီတောဝက်က ပေါင် ၈၀၀ လောက် ရှိမှာပဲ၊ ဘယ်နှစ်နှစ်လောက် ရှိနေပြီလဲ မသိဘူး"
"ပြည်တွင်းက တောဝက်တွေက ပုံမှန်ဆိုရင် ပေါင် ၁၀၀ ကျော်ပဲရှိတာ၊ ဒီလောက်ကြီးတာ တစ်ခါမှ မမြင်ဖူးဘူး"
"နိုင်ငံခြားမှာတော့ ပေါင် ၁၂၀၀ ရှိတဲ့ တောဝက်ကို ပစ်သတ်ဖူးတယ်လို့ သတင်းစာထဲမှာ ဖတ်ဖူးတယ်"
"ဒီနေရာက သဘာဝပတ်ဝန်းကျင်က အရမ်းကောင်းလို့ ဒီလောက်အထိ ကြီးထွားလာတာ ဖြစ်မှာပါ"
"နောက်ဆို ရိုက်ကူးရေးလုပ်ရင် သတိထားမှဖြစ်တော့မယ်"
ရိုက်ကူးရေးအဖွဲ့ဝင်များမှာ ပြောရင်းပြောရင်းနှင့် လင်းယန်ကို ပို၍ လေးစားလာကြသည်။ တစ်ယောက်တည်း ဒူးလေးဖြင့် တောဝက်ကို သတ်နိုင်ခြင်းမှာ တကယ်ကို ရဲရင့်လွန်းလှသည်။ ထို့ပြင် ပေါင် ၈၀၀ လေးသော အလေးချိန်ကို ပခုံးပေါ်ထမ်းထားပါလျက် မျက်နှာမနီ၊ အသက်ရှူမပြင်းဘဲ အေးဆေးလမ်းလျှောက်နေပုံမှာ အမျိုးသားများအားလုံးကို သူတို့၏ ဘဝကိုယ်သူတို့ သံသယဝင်လာစေတော့သည်။
ပေါင် ၈၀၀ လေ! ကမ္ဘာ့အလေးမချန်ပီယံတောင် အများဆုံး ပေါင် ၃၀၀ ကျော်ပဲ မနိုင်တာ မဟုတ်လား!
သူတို့ တွေးလေ လင်းယန်ကို ပို၍ ကြောက်ရွံ့လေးစားလေ ဖြစ်လာသည်။ နောက်ဆုံးတွင် စကားနည်းသော ကင်မရာဆရာလေးမှာ မနေနိုင်တော့ဘဲ လင်းယန်၏အနားသို့ ပြေးသွားကာ မေးလိုက်သည်။
"ညီလေးလင်း... မင်းရဲ့ ခွန်အားက ဘယ်လိုများ လေ့ကျင့်ထားတာလဲ"
လင်းယန်က နှာခေါင်းလေးကို အသာအယာ ပွတ်လိုက်ရင်း -
"လယ်စိုက်ရင်း ရလာတဲ့ အားတွေပါ"
ကင်မရာဆရာလေးမှာ ထိုစကားကြောင့် လုံးဝ စိတ်ပျက်သွားရသည်။ တောင်သူများ ခွန်အားကြီးသည်ကို သူ လက်ခံသော်လည်း ဤမျှအထိ ကြီးမားနေခြင်းမှာတော့ အဓိပ္ပာယ် မရှိလွန်းလှပေ။ ရှေးဟောင်းပုံပြင်ထဲက လူစွမ်းကောင်းတွေလိုပဲ ဖြစ်နေတော့သည်။
ရိုက်ကူးရေးအဖွဲ့မှာလည်း ဤမြင်ကွင်းကို မှတ်တမ်းတင်ရန် မနေနိုင်တော့ချေ။ လင်းယန်က ထိုသို့ ရိုက်ကူးနေသည်ကို သိသော်လည်း မကန့်ကွက်ခဲ့ပေ။ ခွန်အားကြီးတာပဲလေ၊ ဘာမှ ရှက်စရာ မရှိပါဘူး။
....
မိနစ်အနည်းငယ် လမ်းလျှောက်ပြီးနောက် အိမ်ဝင်းထဲသို့ ပြန်ရောက်လာကြသည်။ ရန်ကျင်းလီမှာ လင်းယန် အန္တရာယ်ဖြစ်မှာ စိုးရိမ်သဖြင့် အိမ်ရှေ့တွင် စိုးရိမ်တကြီး စောင့်နေခဲ့ခြင်းဖြစ်သည်။ ရှောင်ဝူကမူ အလွန်ပင် တည်ငြိမ်နေ၏။
"ကိုကို ဘာမှမဖြစ်ပါဘူး" သူမက လင်းယန်အပေါ် အပြည့်အဝ ယုံကြည်မှု ရှိနေသည်။
အိမ်ပြင်မှ ခြေသံများကို ကြားရသည်နှင့် နှစ်ယောက်သား မနေနိုင်တော့ဘဲ မတ်တတ်ရပ်ကာ အိမ်တံခါးဝသို့ ကြည့်လိုက်ကြသည်။ လင်းယန်သည် ကြီးမားလှသော တောဝက်ကြီးကို ထမ်းကာ ရန်ကျင်းလီ၏ ရှေ့သို့ ပေါ်လာသောအခါ သူမ၏ ဦးနှောက်မှာ "ဝုန်း" ကနဲ ဖြစ်သွားပြီး သူမ၏ အမြင်အာရုံမှာ ဤရိုင်းစိုင်းသော အငွေ့အသက်ရှိသည့် အမျိုးသားနှင့်သာ ပြည့်နှက်သွားတော့သည်။
ဤပုံရိပ်က သူမ၏ ဦးနှောက်တစ်ခုလုံးကို သိမ်းပိုက်သွားပြီး သူမ၏ နှလုံးသားကိုပါ ဝင်ရောက်စိုးမိုးလိုက်လေပြီ! သူမသည် နှလုံးသားကို ဖိထားမိကာ ထိုအခိုက်အတန့်တွင် အိမ်ပြန်လာမည့် ခင်ပွန်းသည်ကို စောင့်နေသော ဇနီးငယ်လေးတစ်ဦးနှင့်ပင် တူနေတော့သည်။ ဘယ်လိုမိန်းကလေးက သန်မာသော အမျိုးသားကို မနှစ်သက်ဘဲ နေပါ့မလဲ။ အထူးသဖြင့် ဤအမျိုးသားမှာ သန်မာရုံသာမက အလွန်လည်း ချောမောနေသည် မဟုတ်လား!
လင်းယန်သည် တောဝက်ကြီးကို မြေပေါ်သို့ "ဝုန်း" ကနဲ ပစ်ချလိုက်သောအခါမှ ရန်ကျင်းလီ သတိပြန်ဝင်လာတော့သည်။
"ရှင်... ဘာဒဏ်ရာမှ မရဘူးမလား!"
"မရပါဘူး"
လင်းယန်က ပြုံးကာ သူ့ဆီသို့ ပြေးဝင်လာသော ရှောင်ဝူကို ချီလိုက်သည်။
"ကိုကို... သမီး ကိုကို့ကို သတိရနေတာ၊ အစ်ကိုက ဒဏ်ရာမရပါဘူး"
လင်းယန်က ရှောင်ဝူ၏ နှာခေါင်းလေးကို ဆွဲလိုက်ရင်း -
"ညကျရင် ဝက်သား စားရတော့မယ်"
"ကိုကိုက အတော်ဆုံးပဲ!"
လင်းယန်သည် ရှောင်ဝူ၏ ပါးလေးကို ညှစ်လိုက်ပြီးမှ ရန်ကျင်းလီကို ကြည့်ကာ ပြန်ဖြေလိုက်သည်။
"အသက်တောင် ပါသွားမလို့ပဲ"
ရန်ကျင်းလီမှာ ချက်ချင်းပင် စိုးရိမ်သွားရသည်။ "ရှင်က ဘာလို့ ဒီလောက်တောင် မိုက်မဲရတာလဲ"
"ကျွန်တော့်ကို စိတ်ပူနေတာလား"
"ဘယ်သူက ရှင့်ကို စိတ်ပူမှာလဲ! ဟွန့်!" ရန်ကျင်းလီက ခေါင်းကို အခြားတစ်ဖက်သို့ လှည့်လိုက်၏။
လင်းယန်က ဘာပြန်ပြောရမှန်းမသိသဖြင့် ရှောင်ဝူကို ရေနွေးတည်ခိုင်းကာ ဤတောဝက်ကြီးကို အသားဖျက်ရန် ပြင်ဆင်တော့သည်။ ယခုကဲ့သို့ ပူအိုက်သော ရာသီဥတုတွင် အမြန်ဆုံး မလုပ်ဆောင်ပါက ဝက်သားမှာ မကြာမီ ပုပ်သွားနိုင်သောကြောင့်ဖြစ်သည်။
အမျိုးသမီး ဒါရိုက်တာမှာ ဝက်သားများကို ကြည့်ကာ မျက်မှောင်လေး ကြုတ်လိုက်မိသည်။ သူမသည် ဝက်သားအချို့ကို ဝယ်ယူကာ မြည်းစမ်းကြည့်ချင်နေသည်။ တောဝက်ကြီးက အကြီးကြီးဆိုတော့ လင်းယန်လည်း ကုန်အောင် စားနိုင်မည် မဟုတ်ပေ။ သို့သော် သူမသည် ပါးစပ်ဟလိုက်သော်လည်း စကားပြောရန် ဝန်လေးနေမိသည်။ လင်းယန် တောင်းမည့် ဈေးနှုန်းကို သူမ မခံနိုင်မှာ စိုးရိမ်နေမိသောကြောင့်ပင်။
***