အခန်း (၁၃-၁၄)
Vol. 1 Ch. 13-14
စူပါ-ဖမ်း(SFS)
အခန်း ၁၃ ။ ငါ သူ့ကို ကျွေးထားလို့ ရတာပဲ!
နောက်ဆုံးတွင် အမျိုးသမီးဒါရိုက်တာမှာ မနေနိုင်တော့ဘဲ စကားစလိုက်သည်။
"ဒီတောဝက်သားတွေက အများကြီးပဲဆိုတော့ ငါတို့ကို နည်းနည်းလောက် ရောင်းလို့ရမလား"
"အရိုးရော အသားရော တစ်ကျင်း (ပေါင်) ကို ယွမ်တစ်ရာပေး၊ ဘယ်လောက်ယူမလဲ"
ဒါရိုက်တာမလေးမှာ ကြောင်အသွားရသည်။ ညီလေးလင်းက ဘယ်တုန်းက ဒီလောက်တောင် စေတနာတွေ ပိုသွားရတာလဲ။
တောက်! ငါလင်းယန်က ဘယ်တုန်းက စေတနာမရှိခဲ့လို့လဲ။
"မင်း ဘယ်လောက်အထိ ရောင်းပေးနိုင်မလဲ"
"ကျွန်တော်က ဝက်ခြေထောက် နှစ်ချောင်းပဲ ယူမှာ"
"ဒါဆို ကျန်တာတွေ အကုန်လုံး ငါဝယ်မယ်!"
"အိုခေ"
နောက်ဆုံးတွင် လင်းယန်သည် ဝက်သား ပေါင်နှစ်ရာခန့်ကိုသာ ချန်ထားခဲ့သည်။ ရိုက်ကူးရေးအဖွဲ့ကို ရောင်းလိုက်သော ဝက်သားဖိုးမှာ ယွမ်ခြောက်သောင်းကျော် ရရှိခဲ့၏။ သူ၏ ပိုင်ဆိုင်မှုများနှင့်ယှဉ်လျှင် ဤပမာဏမှာ ဘာမှမဟုတ်သော်လည်း၊ အဓိကမှာ ဤတောဝက်ကြီးကို အသားဖျက်ရသည်မှာ အလွန်ပင် လက်ဝင်လှသည်။ ယခုကဲ့သို့ ရောင်းလိုက်ခြင်းက အလုပ်ရှုပ်သက်သာသွားစေပေသည်။
ထို့နောက် လူတိုင်း ဝိုင်းဝန်းကူညီကာ တောဝက်ကြီးကို အသားဖျက်ကြတော့သည်။ ရိုက်ကူးရေးအဖွဲ့ဝင် အများစုမှာ တောဝက်သား တစ်ခါမှ မစားဖူးကြသဖြင့် ၎င်း၏အရသာကို အလွန်ပင် မျှော်လင့်နေကြ၏။ လင်းယန်သည် စနစ်ထံမှ အပိုဆုကြေးများ မရရှိသဖြင့် အနည်းငယ် နှမြောမိသော်လည်း၊ လယ်ယာမြေနှင့် ပတ်သက်မှသာ တာဝန်များ ပေါ်လာတတ်သည်ကို သူ သတိပြုလိုက်မိသည်။
တောဝက်သားမှာ စနစ်တကျ ချက်ပြုတ်လိုက်သောအခါ အရသာ အလွန်ရှိလှပေသည်။ အသားမှာ ကျစ်လျစ်ပြီး ဝါးရသည်မှာ အလွန် အားရစရာကောင်း၏။ သွားမကောင်းသူများမှာမူ ဝါးနိုင်မည်မဟုတ်ချေ။ ဤသည်မှာ တောဝက်ကြီး အိုမင်းနေ၍မဟုတ်ဘဲ အလွန်သန်မာထွားကျိုင်းသောကြောင့် ထိုကဲ့သို့ အသားအရသာမျိုး ရရှိခြင်းဖြစ်သည်။
လင်းယန်သည် ကျန်ရှိသော အသားအချို့ကို ဆားနယ်ကာ အချို့ကိုမူ မီးခိုးမှိုင်းတိုက်၍ သိမ်းဆည်းရန် ပြင်ဆင်လိုက်သည်။ ဤကိစ္စများတွင် ရှောင်ဝူက အလွန်ပင် ကျွမ်းကျင်လှ၏။
ရန်ကျင်းလီသည် ဟိုဟိုဒီဒီ ပြေးလွှားလုပ်ကိုင်နေသော လင်းရှောင်ဝူကို ကြည့်ကာ နှုတ်ခမ်းလေးစူပြီး ပြောလိုက်သည်။
"ရှောင်ဝူက ငယ်ငယ်လေးရှိသေးတာကို၊ ရှင်က ဒီလောက်အထိ ခိုင်းရက်တယ်လား"
"မခိုင်းလို့ကော ဘယ်လိုလုပ်ရမှာလဲ"
"ရှင်ကိုယ်တိုင် လုပ်လေ!"
"သူက ကျွန်တော့်ကို ပေးမလုပ်ဘူး"
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
"ကျွန်တော် ချက်တာဆိုရင် သူ စားလို့မဝင်လို့လေ"
"..."
ရန်ကျင်းလီ တစ်ယောက် ပြောစရာစကားလုံးပင် ရှာမရတော့ချေ။ ဘယ်လိုလူမျိုးပါလိမ့်။ ဟင်းတောင် မချက်တတ်ဘူးတဲ့လား။ နောက်ဆုံးတွင် ရန်ကျင်းလီသည် ရှောင်ဝူကို ကူညီရန် ဆုံးဖြတ်လိုက်သည်။
"ကျေးဇူးတင်ပါတယ် အစ်မ"
ရှောင်ဝူနှင့် ရန်ကျင်းလီတို့မှာ တဖြည်းဖြည်း ရင်းနှီးလာကြသည်။ သို့သော် မကြာမီမှာပင် ရှောင်ဝူမှာ လုံးဝ နောင်တရသွားတော့၏။ ရန်ကျင်းလီမှာ ကူညီနေခြင်း မဟုတ်ဘဲ အလုပ်ရှုပ်အောင် လုပ်နေခြင်းသာ ဖြစ်သည်။ နှစ်ယောက်သားမှာ မီးခိုးများကြားတွင် မျက်နှာများပင် ပေကျံကုန်ကြ၏။
ရန်ကျင်းလီတွင် ဟင်းချက်သည့် ပါရမီ လုံးဝမရှိသည်မှာ သိသာလှသည်။ ရှောင်ဝူမှာမူ အကယ်၍ ရန်ကျင်းလီသာ သူမ၏ အစ်ကိုနှင့် တကယ်လက်ထပ်ဖြစ်ခဲ့ပါက နောက်ပိုင်းတွင် စားဝတ်နေရေးမှာ ပြဿနာဖြစ်တော့မည်ဟုပင် စတင် စိုးရိမ်လာမိတော့သည်။
ရန်ကျင်းလီသည် ချောင်းနှစ်ချက်ဟန့်ကာ မီးခိုးများကို လက်ဖြင့် ယမ်းရင်း ပြောလိုက်သည်။ "ဒီထင်းတွေကို ငါ သိပ်ပြီး မမွှေတတ်ဘူး..."
လင်းယန်က လက်သုတ်ပုဝါကို ရေညှစ်ကာ ချောမောလှပသော မိန်းကလေးနှစ်ဦးထံသို့ ကမ်းပေးလိုက်သည်။
"ပစ္စည်းတစ်ခုခုနဲ့ အုပ်ထားလိုက်၊ မီးခိုးမှိုင်းမိသွားရင် ရပြီ"
"ရှင် လုပ်တတ်ရင် ဘာလို့ မလုပ်ပေးတာလဲ"
"ကျွန်တော် လုပ်တတ်တယ်ဆိုတာက စာအုပ်ကြီးအတိုင်း သီအိုရီအရပဲ သိတာလေ။ ဒါတွေထက်စာရင် ကျွန်တော်က လယ်ပဲ စိုက်တတ်တယ်"
"ရှင် နောက်ပိုင်းမှာ တခြားဟာတွေ မလုပ်ချင်တော့ဘူးလား"
လင်းယန် မျက်မှောင်ကြုတ်ကာ အတန်ကြာ စဉ်းစားပြီးနောက် မျက်လုံးများ တောက်ပလာသည်။
"အမြန်ပြော၊ ရှင် ဘာလုပ်ချင်တာလဲ" ရန်ကျင်းလီက မျှော်လင့်တကြီး မေးလိုက်၏။
"ရွာထဲက လယ်မြေတွေ အကုန်လုံးကို ကျွန်တော့်မြေတွေ ဖြစ်စေချင်တယ်"
"ရှင်ကတော့..."
ရန်ကျင်းလီမှာ သွေးအန်မတတ် ဖြစ်သွားရသည်။ လယ်စိုက်တာက ဘာများ ကောင်းလို့လဲ။ အကုန်လုံး ရှင့်မြေဖြစ်သွားရင်ကော ဘာထူးမှာမို့လို့လဲ။ နှမြောစရာကောင်းသည်မှာ သူမသည် လယ်စိုက်ခြင်းမှရရှိသော ပျော်ရွှင်မှုကို လုံးဝနားမလည်ခြင်းပင်။ တကယ်ကို ပျော်စရာကောင်းတာလေ!
....
ထမင်းစားပြီး သိမ်းဆည်းပြီးနောက် လူတိုင်း မိမိတို့ အခန်းသို့ ပြန်ကြတော့သည်။ လင်းယန် မအိပ်ခင်မှာပင် ရန်ကျင်းလီ၏အသံကို ကြားလိုက်ရသည်။
"ဟေ့၊ ရှင့်ညီမလေးက ဒီလောက် ကြီးနေပြီကို၊ ဘာလို့ ရှင့်နဲ့ အတူတူ အိပ်နေသေးတာလဲ"
လင်းယန်က ရှောင်ဝူ၏ပါးလေးကို ဆွဲလိုက်ရင်း -
"ဘာဖြစ်လို့လဲ"
"ယောကျ်ားနဲ့ မိန်းမ ခွဲနေရမှာပေါ့"
"ကျွန်တော့်ဘေးမှာ လူမရှိရင် အိပ်မပျော်ဘူးလေ၊ ဒါမှမဟုတ် မင်းပဲ လာအိပ်မလား"
ရန်ကျင်းလီက မျက်စောင်းထိုးလိုက်ကာ -
"ရှင့်ကို စကားပြောရတာ အပိုပဲ"
ရန်ကျင်းလီ ထွက်သွားသည်ကို ကြည့်ကာ လင်းယန် ရယ်ရင်း ခေါင်းယမ်းလိုက်မိသည်။ ရှောင်ဝူကို သူ ငယ်ငယ်ကတည်းက ပြုစုပျိုးထောင်လာခဲ့ခြင်း ဖြစ်သည်။ ဘာတွေများ ထူးဆန်းနေလို့လဲ။ ထို့ပြင် ဆောင်းတွင်းမှာ စောင်မရှိသည့်အခါတွင် နှစ်ယောက်သား ဖက်အိပ်ကာ အနွေးဓာတ်ယူခဲ့ကြရသည် မဟုတ်လား။ ဒီနေရာမှာ အခြေအနေက အဲ့လောက်မကောင်းဘူးလေ!
လင်းယန်သည် ရှောင်ဝူနှင့်အတူ ကုတင်ပေါ်၌ ချက်ချင်းပင် အိပ်ပျော်သွားတော့သည်။ တစ်နေ့လုံး ပင်ပန်းထားသော တောသားများအတွက် အိပ်မပျော်သည့် ပြဿနာမှာ လုံးဝမရှိချေ။
ရန်ကျင်းလီမှာမူ အိပ်မောကျနေရင်းနှင့် ရုတ်တရက် ရယ်သံထွက်လာကာ သွားရည်များပင် ကျလာတော့သည်။
"ရှောင်လင်း... နင် ဘယ်ကို ပြေးမလို့လဲ။ နင် လွတ်မယ် ထင်နေလား"
သူမ ဘာတွေ အိမ်မက်မက်နေသည်ကိုတော့ သူမသာ သိပေလိမ့်မည်! သို့သော် နောက်တစ်နေ့ မနက်တွင် စောင်မှာ အနည်းငယ် စိုနေလေသည်။ အင်း... သွားရည်တွေ မခြောက်သေးလို့ ဖြစ်မှာပါ။
.....
နောက်ရက်များတွင် ရိုက်ကူးရေးအဖွဲ့သည် ရွာထဲ၌ ဆက်လက် ရိုက်ကူးနေကြသည်။ လင်းယန်၏ ပုံရိပ်များစွာကိုလည်း မှတ်တမ်းတင်ထားကြ၏။ နှမြောစရာကောင်းသည်မှာ... ဘယ်သူမှ သူ့ဖရဲသီးကို ထပ်ဝယ်ရန် မပြောကြတော့ခြင်းပင်။ အကယ်၍ သူ ဖရဲသီး အလုံးတစ်ရာလောက်သာ ရောင်းရလျှင် စနစ်ဆီမှ ယွမ်ငါးသန်းခန့် ဆုကြေးရမည် မဟုတ်လား။
တစ်ဖက်တွင်မူ ရန်ကျင်းလီနှင့် လင်းယန်တို့မှာ ပိုမိုရင်းနှီးလာကြပြီး ရင်းရင်းနှီးနှီး ထိတွေ့မှုများပင် ရှိလာခဲ့သည်။ ထိုအချက်ကြောင့် အမျိုးသမီး ဒါရိုက်တာမှာ စိုးရိမ်လာပြီး ရန်ကျင်းလီကို ခေါ်ယူ စကားပြောတော့သည်။
"မင်းက အနုပညာရှင်၊ သူက လယ်သမား။ မင်းတို့နှစ်ယောက်ကြားမှာ အနာဂတ် ရှိနိုင်ပါ့မလား"
"မင်း သူ့အတွက်နဲ့ မင်းရဲ့ အနုပညာလောကကို စွန့်လွှတ်နိုင်မှာလား။ မင်းရဲ့ ကုမ္ပဏီကော စာချုပ်ဖျက်သိမ်းဖို့ သဘောတူပါ့မလား။ ဒီတောင်ကြားထဲမှာ သူနဲ့အတူ လယ်စိုက်ပြီး နေဖို့ မင်း တကယ် စိတ်ချရဲ့လား"
"သူ့ဖရဲသီးကို ဘယ်လောက်ပဲ ဈေးကြီးကြီး ရောင်းရပါစေ၊ ဒီလယ်ကွင်းလေးတွေနဲ့ မင်းကို တကယ် ကျွေးထားနိုင်ပါ့မလား"
"ဒီကမ္ဘာမှာ ပုံပြင်တွေဆိုတာ မရှိဘူး၊ လက်တွေ့ကျကျ စဉ်းစားစမ်းပါ"
ရန်ကျင်းလီမှာ ထိုစကားများကြောင့် ငိုင်သွားရသည်။ ဒါရိုက်တာပြောသည်မှာ အားလုံး မှန်ကန်နေပြီး သူမ၏ကောင်းကျိုးအတွက် ပြောခြင်းဖြစ်ကြောင်း သူမ သိသည်။ လင်းယန်က လယ်သမားတစ်ယောက်ပဲလေ၊ သူမကို ဘာနဲ့ ကျွေးထားမှာလဲ။ ညဘက်ဆို လေတိုးနေတဲ့ ဒီအိမ်အိုကြီးထဲမှာ ထားမှာလား။
သို့သော် သူမ၏ ဦးနှောက်ထဲတွင်မူ လင်းယန်၏ပုံရိပ်ကို ဖျောက်ဖျက်၍ မရနိုင်ချေ။ ရွာမှာ နေခဲ့ရသည့် ဤရက်အနည်းငယ်မှာ သူမ၏ဘဝတွင် အပျော်ရွှင်ဆုံး အချိန်များ ဖြစ်ခဲ့ရသည်။ သို့သော် သူမ ဤနေရာမှာ ဘယ်လောက်အထိ နေနိုင်မှာလဲ။ ရိုက်ကူးရေးမှာလည်း ပြီးဆုံးတော့မည်ဖြစ်ပြီး သူမသည် အဖွဲ့နှင့်အတူ လိုက်သွားကာ နောက်ထပ် ရိုက်ကူးရေးတစ်ခုကို ဆက်လုပ်ရပေဦးမည်။
"ဖြစ်နိုင်တာက..."
"ငါ သူ့ကို ကျွေးထားလို့ ရတာပဲ!"
"ဒါပေမဲ့..."
"သူက ငါနဲ့အတူ အပြင်ကို လိုက်ထွက်ဖို့ သဘောတူပါ့မလား"
ရန်ကျင်းလီ၏ စိတ်ထဲတွင် အတွေးပေါင်းစုံနှင့် လေးလံနေတော့သည်။ သို့သော် သူမ မသိလိုက်သည့် အချက်မှာ သူမနှင့် လင်းယန်တို့၏ ရင်းနှီးနေသော ဓာတ်ပုံများကို ရိုက်ကူးရေးအဖွဲ့က ကြော်ငြာရန်အတွက် Weibo ပေါ် တင်လိုက်ခြင်းပင်။ ဤသည်မှာ အနုပညာလောက၏ ထုံးစံအတိုင်း Couple (CP) အတွဲအဖြစ် နာမည်ကြီးအောင် လုပ်ဆောင်ခြင်းဖြစ်သည်။
လင်းယန်၏ဝတ်စုံမှာ အနည်းငယ် ညံ့ဖျင်းသော်လည်း ရိုးရှင်းသော အဝတ်အစားများက သူ၏ ထူးကဲသော အငွေ့အသက်ကို မဖုံးကွယ်နိုင်ပေ။ ရန်ကျင်းလီနှင့် တွဲလိုက်သောအခါ လိုက်ဖက်ညီလှသည့် လှပသည့်အတွဲလေး ဖြစ်နေတော့သည်။ အချို့သော အမျိုးသမီး ပရိသတ်များကမူ ရန်ကျင်းလီသည် လင်းယန်နှင့် မတန်ဟုပင် ငြင်းခုံနေကြသေးသည်။
မည်သို့ပင်ဖြစ်စေ ရိုက်ကူးရေးအဖွဲ့၏ ကြော်ငြာမှုမှာ အောင်မြင်သွားခဲ့သည်။ လင်းယန်သည် ရိုက်ကူးရေးအဖွဲ့က သူ့ကို အသုံးချနေခြင်းကို မကန့်ကွက်ခဲ့ပေ။ သူတို့သည် ရွာအတွက် ကြော်ငြာပေးနေခြင်းဖြစ်သည် မဟုတ်လား။ လမ်းသာ ဖောက်နိုင်မည်ဆိုလျှင် ဘာပဲဖြစ်ဖြစ် သူ လက်ခံနိုင်သည်။
စတုတ္ထမြောက်နေ့၏ ရိုက်ကူးရေးမှာ လမ်းအကြောင်းကို အဓိကထား ရိုက်ကူးခြင်း ဖြစ်သည်။ ရိုက်ကူးရေးမှာလည်း ပြီးဆုံးရန် နီးကပ်လာလေပြီ။
သို့သော် ရိုက်ကူးရေး လုပ်ငန်းများစွာ ပြီးဆုံးခါနီးအချိန်တွင် တစ်စုံတစ်ယောက်က ရုတ်တရက် အော်ဟစ်လိုက်သံ ထွက်ပေါ်လာသည်။
"အမြန်လာကြပါဦး! ကယ်ကြပါဦး!"
***
စူပါ-ဖမ်း(SFS)
အခန်း ၁၄ ။ လမ်းပျောက်နေသော သတင်းထောက်မလေး
ရိုက်ကူးရေးအဖွဲ့သည် ရိုက်ကူးနေခြင်းကို ချက်ချင်းရပ်တန့်လိုက်ကြသည်။ လင်းယန်သည်လည်း တောင်ကြားထဲရှိ ရွှံ့နွံများကြားတွင် လဲလျောင်းနေသည့် လူရိပ်တစ်ခုကို လှမ်းမြင်လိုက်ရ၏။ ထိုသူမှာ မှောက်ရက်သားလဲနေပြီး လုံးဝ မလှုပ်မယှက် ရှိနေပေသည်။
"သူ သေသွားပြီလား မသိဘူး"
လင်းယန်၏ မျက်ခုံးများ အနည်းငယ် လှုပ်ခတ်သွားသည်။ ဆံပင်များမှာ အလွန်ရှည်လျားပြီး ရွှံ့နွံများကြားတွင် ဖရိုဖရဲဖြစ်နေသဖြင့် ကြည့်ရသည်မှာ အနည်းငယ် ကြောက်စရာကောင်းလှသော်လည်း ထိုသူမှာ အမျိုးသမီးတစ်ဦးဖြစ်ကြောင်း သူ ခန့်မှန်းလိုက်မိသည်။
"ကျွန်တော် သွားကြည့်လိုက်ဦးမယ်"
လင်းယန်သည် ကျွမ်းကျင်လှသော ခြေလှမ်းများဖြင့် တောင်ကြားထဲသို့ ဆင်းသွားကာ ထိုအမျိုးသမီးကို ရွှံ့များကြားမှ မလိုက်သည်။
"အသက်ရှူနေသေးတာပဲ!"
"သူ့ကိုယ်က အေးစက်နေတာပဲ၊ ကြည့်ရတာ ဗိုက်ဆာလွန်းလို့ မေ့လဲသွားတာ ထင်တယ်"
လင်းယန်သည် သူမ၏လည်ပင်းမှ သွေးခုန်နှုန်းကို စမ်းသပ်ကြည့်ပြီးနောက် ရေအနည်းငယ် တိုက်လိုက်သည်။
"သတိထားဦး... ထပါဦး!"
သူမ၏ မျက်နှာတွင် ရွှံ့များ ပေကျံနေသော်လည်း အသားအရေမှာ နူးညံ့နေဆဲဖြစ်ကြောင်း သူ ခံစားလိုက်မိ၏။
စူးရို့ရို့သည် မသိစိတ်အရပင် တိုက်ပေးသော ရေကို မျိုချလိုက်ပြီး ခေါ်သံများကြောင့် သတိတဖြည်းဖြည်း ပြန်လည်ရရှိလာသည်။ သူမသည် အားယူကာ မျက်လုံးကို ဖွင့်ကြည့်လိုက်သောအခါ ရှေ့မှ အမျိုးသား၏မျက်နှာကို မြင်လိုက်ရသဖြင့် "ဝါး" ကနဲ အော်ငိုလိုက်တော့သည်။
ငိုသံကို ကြားလိုက်ရသဖြင့် လင်းယန် စိတ်အေးသွားရ၏။ ငိုနိုင်သေးလျှင်တော့ သေစရာအကြောင်း မရှိပေ။
လင်းယန်သည် သူမကို ပွေ့ချီကာ အေးမြသော နေရာတစ်ခုသို့ ခေါ်ဆောင်လာခဲ့သည်။ ထိုစဉ် ရိုက်ကူးရေးအဖွဲ့က ပြင်ဆင်ထားသော ရေနှင့် အသင့်စား ဆန်ပြုတ်များကို တိုက်ကျွေးလိုက်ကြသည်။ ဆယ်မိနစ်ခန့် ကြာပြီးနောက်တွင်မှ စူးရို့ရို့သည် စိတ်ခွန်အားများ ပြန်လည်ရရှိလာတော့သည်။
စူးရို့ရို့သည် ရင်ဘတ်ကို ဖိထားမိရင်း အလွန်ပင် ထိတ်လန့်နေမိသည်။ အသက်ဘေးမှ သီသီလေး လွတ်လာခြင်းဖြစ်သည် မဟုတ်လား။
သူမသည် လင်းယန်ကို အင်တာဗျူးရန် ရည်ရွယ်ချက်ဖြင့် လာခဲ့ခြင်းဖြစ်သော်လည်း တောင်တက်လမ်းမှာ ဤမျှ ခက်ခဲလိမ့်မည်ဟု မထင်ထားခဲ့ချေ။ သူမနှင့် သူမ၏အဖော်များမှာ လမ်းပျောက်သွားခဲ့ရပြီး၊ လမ်းရှာနေရင်းနှင့်ပင် တစ်ဦးနှင့်တစ်ဦး လူကွဲသွားခဲ့ကြခြင်းဖြစ်သည်။
သူမတွင် ရေလည်းမရှိ၊ စားစရာလည်းမရှိဘဲ တောင်တန်းကြီးထဲ၌ တစ်ဦးတည်း လမ်းပျောက်နေခဲ့ရသည်။ အထီးကျန်မှု၊ အအေးဒဏ်နှင့် ကြောက်ရွံ့မှုများကြောင့် သူမသည် ဤတောနက်ထဲတွင် သေဆုံးသွားကာ အရိုးပင် ကောက်မည့်သူ မရှိတော့မှာကို အလွန်ပင် စိုးရိမ်ခဲ့ရသည်။ နောက်ဆုံးတွင် သူမသည် ဆာလောင်မွတ်သိပ်မှုဒဏ်ကို မခံနိုင်ဘဲ ရွှံ့များကြား၌ လဲကျကာ မေ့လဲသွားခဲ့ရခြင်း ဖြစ်သည်။
ကံကောင်းလှသည်မှာ... လင်းယန်က သူမကို အချိန်မီ နိုးထစေခဲ့ခြင်းပင်။
နွေးထွေးမှုနှင့် အားအင်များကို သူမ တစ်ဖန်ပြန်လည် ခံစားလိုက်ရသည်။ ထိုသန်မာလှသော ရင်ခွင်ကြီးမှာ သူမ၏စိတ်ထဲ၌ တစ်သက်လုံး မေ့နိုင်တော့မည် မဟုတ်ပေ။ အသက်ဘေးမှ လွတ်မြောက်ခဲ့ပြီဖြစ်ရာ ဘယ်လိုကျေးဇူးဆပ်ရမလဲ။
မိမိကို ကယ်တင်လိုက်သူမှာ အခြားသူမဟုတ်ဘဲ "ဖရဲသီးကိုကို" ဖြစ်နေကြောင်း သိလိုက်ရသောအခါ သူမသည် အတိုင်းထက်အလွန် ဝမ်းသာသွားရသည်။ ကြောက်ရွံ့မှုများပင် ပျောက်ကွယ်သွားကာ လင်းယန်၏ ချောမောသော ရုပ်ရည်ကိုသာ ငေးမောနေမိတော့သည်။
လက်တွေ့မှာတော့ ဗီဒီယိုတိုလေးတွေထဲကထက်တောင် ပိုချောနေပါလား! မိမိကို ကယ်တင်လိုက်တဲ့ ဒီမျက်နှာလေးက...
စူးရို့ရို့သည် မျက်နှာမှ ရွှံ့များကို သုတ်လိုက်ရာ လှပကျော့ရှင်းသော မျက်နှာလေး ပေါ်ထွက်လာသည်။
"ရှင်သာ မရှိရင် ကျွန်မတော့ ဒီမှာပဲ သေသွားတော့မှာပဲ"
သူမသည် ရှက်ကိုးရှက်ကန်းပုံစံဖြင့် ပြောလိုက်ရာ ကြောက်ရွံ့မှုများကို မေ့ပျောက်နေသည့်ပုံပင်။ လင်းယန်နှင့် တွေ့ဆုံလိုက်ရသဖြင့် မေ့လဲသွားခဲ့ရခြင်းမှာ သူမအတွက် ဆိုးရွားသော ကိစ္စမဟုတ်တော့သကဲ့သို့ ရှိနေသည်။
လင်းယန်သည်လည်း သူမ၏ ရုပ်ရည်ကို အသေအချာ မြင်လိုက်ရသည်။ သူမသည် ကျန်းနန်ဒေသမှ အမျိုးသမီးများကဲ့သို့ နူးညံ့သိမ်မွေ့သော အလှကို ပိုင်ဆိုင်ထား၏။ အနည်းငယ် ဖရိုဖရဲ ဖြစ်နေသော်လည်း တည်ငြိမ်အေးဆေးသည့် အရှိန်အဝါရှိပြီး ဆွဲဆောင်မှုမှာ လုံးဝ ပြည့်စုံလှပေသည်။
ဘာဖြစ်လို့ အခုတလော ရွာထဲကို မိန်းမလှလေးတွေ ခဏခဏ ရောက်လာနေရတာလဲ။
"မင်းက ဘာလို့ ဒီမှာ လာပြီး မေ့လဲနေရတာလဲ" လင်းယန်က မေးလိုက်သည်။
"ရှင့်ကြောင့်လေ"
"ဟမ်???"
လင်းယန်၏ ဦးနှောက်ထဲတွင် မေးခွန်းထုတ်စရာများ ပြည့်နှက်သွားရသည်။ သူသည် ဤမိန်းကလေးကို လုံးဝ မသိပေ။
ရန်ကျင်းလီသည် ချက်ချင်းပင် စိုးရိမ်သွားကာ လင်းယန်၏လက်မောင်းကို တင်းတင်းကြပ်ကြပ် ဖက်လိုက်သည်။ သူမ၏ပိုင်ဆိုင်မှုကို ပြသလိုက်ခြင်းပင် ဖြစ်၏။
စူးရို့ရို့က ရှင်းပြလိုက်သောအခါမှ လူတိုင်း သဘောပေါက်သွားကြသည်။ သူမသည် "ဖရဲသီးကိုကို" အကြောင်းကို ပထမဆုံး သတင်းတင်ပြနိုင်ရန်အတွက် အသက်စွန့်ကာ တောင်ထဲသို့ ဝင်လာခဲ့ခြင်း ဖြစ်သည်။ သို့သော် တောင်ထဲဝင်ရသည့် အခက်အခဲကို အထင်သေးခဲ့မိသဖြင့် ယခုကဲ့သို့ လမ်းပျောက်ကာ ဒုက္ခရောက်ခဲ့ရခြင်း ဖြစ်၏။
ရိုက်ကူးရေးအဖွဲ့ဝင် အများအပြားရှိနေသဖြင့် စူးရို့ရို့သည် မကြောက်တော့ဘဲ ရိုက်ကူးရေးလုပ်ငန်းများကို ငြိမ်သက်စွာ ကြည့်နေတော့သည်။ ရိုက်ကူးရေးအဖွဲ့မှာ လူတစ်ယောက်ကို ကယ်ရန်အတွက် ရိုက်ကူးရေးကို ရပ်တန့်ထား၍ မရပေ။ အဖွဲ့ဝင်များကို ငွေပေးကာ ငှားရမ်းထားခြင်းဖြစ်သဖြင့် နာရီတိုင်းမှာ တန်ဖိုးရှိလှပေသည်။
လင်းယန်ကမူ သူမ၏အနားတွင်နေကာ ပြုစုပေးနေရသည်။ စူးရို့ရို့၏အကြည့်မှာ လင်းယန်၏မျက်နှာထံမှ တစ်ဖန်မျှ မခွာဘဲရှိနေသဖြင့် သူပင် စိတ်ထဲ၌ ဟာတာတာ ဖြစ်လာရ၏။ လင်းယန်သည် မိမိ၏မျက်နှာကို လက်ဖြင့် အသာအယာ ပွတ်လိုက်ပြီးနောက် စူးရို့ရို့၏မျက်လုံးများကို စိုက်ကြည့်လိုက်သည်။
တကယ်ကို ကြည်လင်နေတာပဲ...
မျက်လုံးချင်း ဆုံသွားသောအခါ စူးရို့ရို့၏မျက်နှာလေး ရဲသွားကာ အကြည့်လွှဲလိုက်ရသည်။ သူမ၏ နှလုံးသားမှာလည်း ဒိန်းဒိန်းတုန် ခုန်နေတော့၏။ အတန်ကြာမှသာ သူမ စိတ်ကို ပြန်လည် တည်ငြိမ်အောင် ထားနိုင်တော့သည်။
"ဖရဲသီးကိုကို... ကျွန်မရဲ့အဖော်တွေလည်း တောင်ထဲမှာ လမ်းပျောက်ကျန်ခဲ့သေးတယ်၊ သူတို့ တစ်ခုခုဖြစ်မှာ ကျွန်မ အရမ်းစိုးရိမ်တယ်"
လင်းယန် ခေါင်းကိုက်သွားရသည်။ ချင်းရှန်းရွာသည် တောင်နက်ထဲတွင် ဖုံးကွယ်နေပြီး အလွန်ပင် ချောင်ကျလှသည်။ အခုကျမှ ဒီလူတွေက ဘာလို့များ ဒီနေရာကိုပဲ တိုးဝင်လာချင်နေကြတာလဲ။ တောနက်ကြီးထဲ၌ အန္တရာယ် မည်မျှရှိသည်ကို မသိကြဘူးလား။
"လူ ဘယ်နှစ်ယောက်လဲ"
"နှစ်ယောက်ပါ၊ ဒါပေမဲ့ သူတို့ဆီမှာ စားစရာတွေပါသွားတော့ ရက်နည်းနည်းတော့ တောင့်ခံနိုင်ဦးမှာပါ"
လင်းယန်သည် သူမ၏ပခုံးကို အသာအယာ ပုတ်ပေးလိုက်သည်။
"အရင်ဆုံး အေးအေးဆေးဆေး အနားယူလိုက်ပါ၊ ကျွန်တော် လူလွှတ်ပြီး ရှာခိုင်းလိုက်ပါ့မယ်"
စူးရို့ရို့၏စိတ်ထဲတွင် ကျေးဇူးတင်မှုများဖြင့် ပြည့်နှက်သွားရသည်။ လင်းယန်၏စကားမှာ သူမအတွက် စွမ်းအားတစ်ခုကဲ့သို့ရှိနေပြီး၊ ရှေ့မှအမျိုးသားသည် ရောင်စုံတိမ်တိုက်များကို စီးနင်းကာ လာကယ်တင်မည့် သူရဲကောင်းတစ်ဦးကဲ့သို့ သူမ၏အဖော်များကို သေချာပေါက် ကယ်တင်ပေးလိမ့်မည်ဟု ယုံကြည်သွားတော့သည်။
အကယ်၍ တစ်စုံတစ်ယောက်သာ သူမ၏အတွေးကို သိခဲ့ပါက၊ သူမ၏ဦးနှောက် တစ်ခုခုချို့ယွင်းသွားခြင်း ရှိ၊ မရှိ ဆေးရုံသို့ အမြန်သွားပြရန် အကြံပေးပေလိမ့်မည်။ အကြောင်းမှာ ဤတောတောင်ကြီးမှာ အလွန်ကျယ်ပြောလှပြီး တောသားရဲများလည်း ပေါလှပေသည်။ ရိက္ခာများ ပါနေပါစေဦးတော့၊ အခြားသော မတော်တဆမှုများ မဖြစ်နိုင်ဟု မည်သူမျှ အာမမခံနိုင်ချေ။ တခါတရံတွင် အလောင်းကို ရှာတွေ့ရခြင်းမှာပင် ကံကောင်းသည်ဟု ဆိုရမည်ဖြစ်သည်။
သို့သော် လင်းယန်သည် ဤစကားများကို သူမကို မပြောခဲ့ပေ။ သူမမှာ သတိရကာစဖြစ်သဖြင့် အလွန်ပင် အားနည်းနေသေးသောကြောင့်ဖြစ်သည်။
စူးရို့ရို့မှာ သိသိသာသာ စိတ်လှုပ်ရှားနေပြီး လင်းယန်အပေါ် မှီခိုလိုစိတ်များ အထင်အရှား ပေါ်နေတော့သည်။ ၎င်းကို မြင်ရသော ရိုက်ကူးရေး လုပ်နေသည့် ရန်ကျင်းလီမှာမူ မျက်မှောင်ကြုတ်သွားရလေတော့သည်။
***