အခန်း (၁၉-၂၀)
Vol. 2 Ch. 19-20
စူပါ-ဖမ်း(SFS)
အခန်း ၁၉ ။ ရွာပြင်ထွက်၍ ပစ္စည်းဝယ်ခြင်း
ရန်ကျင်းလီကတော့ နောက်ဆုံးမှာ ထွက်သွားရတော့မည်ဖြစ်သည်။
သူမနှင့် လင်းယန်တို့၏ ဆုံစည်းမှုမှာ တိုက်ဆိုင်မှုတစ်ခုသာ ဖြစ်၏။ သူမသည် အလုပ်ပြန်လုပ်ရမည်ဖြစ်ပြီး၊ ဆင်းရဲနွမ်းပါးမှုကူညီရေး အစီအစဉ် ရိုက်ကူးရန် နောက်ထပ် နေရာတစ်ခုသို့ သွားရပေဦးမည်။
လင်းယန်သည်လည်း ထိုအချက်ကို ကောင်းကောင်း နားလည်ထားသည်။
"ဘယ်တော့ သွားမှာလဲ"
"ဒီည ရိုက်ကူးရေး ပြီးမယ်၊ မနက်ဖြန် မနက်ကျရင် ထွက်သွားရတော့မယ်"
ရန်ကျင်းလီ၏အကြည့်များမှာ အလွန်ပင် မှိုင်တွေနေ၏။ သူမသည် လင်းယန်နှင့် အတူရှိခဲ့ရသော နေ့ရက်များကို နှစ်သက်သည်။ အချိန်တိုင်းသည် သူမအတွက် အနှစ်သာရရှိလှ၏။ သူမ၏စိတ်ကူးထဲတွင်မူ လင်းယန်က ပိုမို တက်တက်ကြွကြွရှိကာ သူမနှင့်အတူ ဤနေရာမှ လိုက်လာရန်ပင် မျှော်လင့်နေမိသည်။ အကယ်၍ လိုက်လာခဲ့မည်ဆိုလျှင်... နောင်ကျရင် သူမ ရှာသမျှ ပိုက်ဆံဖြင့် သူ့ကို ကျွေးထားမည်ဟုပင် တွေးထားမိ၏။
"ကျွန်တော် လိုက်ပို့ပါ့မယ်"
လင်းယန်၏ စကားကြောင့် ရန်ကျင်းလီ စိတ်ပျက်သွားရသည်။ သူသည် ဤနေရာမှ ဘယ်တော့မှ ထွက်ခွာမည် မဟုတ်ချေ။
"နောက်တစ်ခါ ဘယ်တော့ ပြန်ဆုံမလဲဆိုတာ မသိတော့ဘူးနော်"
ရန်ကျင်းလီ သက်ပြင်းတစ်ချက်ကို အားပါးတရ ချလိုက်ပြီး သူမ၏ စိတ်ခံစားချက်ကို ပြန်လည် ထိန်းချုပ်လိုက်သည်။ ထို့နောက် လင်းယန်၏ လက်ကို ဆွဲယူကာ ကိန်းဂဏန်းအချို့ကို ရေးပေးလိုက်၏။
"ဒါက ကျွန်မရဲ့ ဖုန်းနံပါတ်ပါ၊ တစ်ခုခုဆို ဆက်သွယ်လိုက်နော်"
"ဒါကတော့ ကျွန်မရဲ့ လိပ်စာ"
သူမသည် ဆက်သွယ်ရန် လိပ်စာများကို ကိုယ်တိုင်ပေးခဲ့ခြင်းမှာ လင်းယန်က သူမကို ပြန်ရှာလာရန် မျှော်လင့်သောကြောင့်ဖြစ်သည်။
"ကျွန်တော် မှတ်ထားလိုက်ပါပြီ"
လင်းယန်က တစ်ခုခုဆက်ပြောရန် ပြင်စဉ်မှာပင် ရန်ကျင်းလီသည် သူ့ထံသို့ ရုတ်တရက် တိုးဝင်လာသည်ကို တွေ့လိုက်ရ၏။ သစ်သီးနံ့သင်းသင်းလေးက သူမ၏ကိုယ်ပေါ်မှ လွင့်ပျံလာကာ နူးညံ့လှသော နှုတ်ခမ်းအစုံသည် လင်းယန်၏နှုတ်ခမ်းပေါ်သို့ ကျရောက်လာတော့သည်။ အံ့အားသင့်မှုများကြားတွင် သာယာမှုအချို့လည်း ပါဝင်နေ၏။
မွှေးလိုက်တာ။
ဤရနံ့မှာ လတ်ဆတ်ပြီး ပေါ့ပါးလှသည်၊ နှင်းပန်းရနံ့နှင့် တူသလို နွေရာသီတွင် လတ်လတ်ဆတ်ဆတ် လှီးထားသော ဖရဲသီးရနံ့နှင့်လည်း ဆင်တူလှသည်။ နှုတ်ခမ်းလွှာတို့၏ နူးညံ့မှုက သူ့ကို ဤအချိန်လေး၌သာ ထာဝရ ရပ်တန့်ထားချင်စိတ် ပေါက်သွားစေသည်။
ရန်ကျင်းလီသည် လင်းယန်၏စိတ်ထဲတွင် ဘယ်တော့မှ မေ့မရနိုင်သော အမှတ်အသားတစ်ခု ထားခဲ့ချင်ခြင်းဖြစ်သည်။ သို့သော် လင်းယန်၏ သန်မာလှသော လက်အစုံက သူမကို ရင်ခွင်ထဲသို့ ဆွဲပွေ့ထားသဖြင့် သူမ ရုန်းထွက်၍ မရတော့ပေ။ သူမ၏အနမ်းက နူးညံ့သော်လည်း လင်းယန်ကတော့ ပို၍ ပြင်းပြပြီး ရဲတင်းလှသည်။
ရန်ကျင်းလီ၏ခန္ဓာကိုယ်လေးမှာ မသိမသာ နူးညံ့ပျော့ခွေသွားရပြီး သူမ၏ မျက်ဝန်းများမှာလည်း ဝေဝေဝါးဝါး ဖြစ်လာတော့သည်။ သူမ အားကုန်သုံး၍ တွန်းထုတ်လိုက်မှသာ လင်းယန်ကို ဖယ်ခွာနိုင်တော့၏။
"အပြင်မှာ လူတွေ အများကြီးလေ"
"သူတို့ မမြင်ပါဘူး"
နှမြောစရာကောင်းသည်မှာ အိမ်ဝင်းထဲ၌ လူများလွန်းသဖြင့် ထိုထက်ပို၍ ဘာမှမလုပ်နိုင်တော့ခြင်းပင်။ ထင်ရသည်မှာ... ရန်ကျင်းလီသည်လည်း ငြင်းဆိုမည် မဟုတ်ပေ။ ငြင်းခဲ့သည် ရှိဦးတော့၊ လင်းယန်အတွက် ဘာမှမရှုံးပေ။ ယောကျ်ားဆိုတာ ဒီလိုပဲ တက်တက်ကြွကြွရှိရမယ် မဟုတ်လား။
ရန်ကျင်းလီသည် အလွန်ပင် ရှက်ကိုးရှက်ကန်းဖြစ်သွားကာ အိမ်ပြင်သို့ ပြေးထွက်သွားတော့သည်။ သို့သော် ခြေလှမ်းအနည်းငယ် ပြေးပြီးနောက် တစ်ဖက်သို့ ပြန်လှည့်လာရပြန်၏။ သိသာလှသည်မှာ လမ်းမှားပြေးခြင်းဖြစ်သည်။ လင်းယန်ကတော့ ပြုံးကာ ကြည့်နေမိသည်။ ရန်ကျင်းလီသည် တကယ်ကို သတ္တိနည်းရှာပါသေးသည်။
သူ ခံစားချက်ကို လွမ်းမောနေစဉ်မှာပင် အမျိုးသမီးဒါရိုက်တာသည် သံသယများ ပြည့်နှက်နေသော မျက်နှာဖြင့် တံခါးကို လာခေါက်သည်။
"မောင်လေးလင်း၊ ငါ ဖရဲသီးတွေ ထပ်ဝယ်ချင်လို့"
"ရတာပေါ့"
"ဈေးလေး နည်းနည်း လျှော့ပေးလို့ ရမလား"
လင်းယန်က ခေါင်းယမ်းလိုက်သည်။ "မရဘူး"
စနစ်က သတ်မှတ်ထားသော ဈေးနှုန်းမှာ အသေပင် ဖြစ်သည်။ ပြောရလျှင် ဤဈေးမှာ အနည်းဆုံးဈေးပင် ဖြစ်ပေလိမ့်မည်။
"ကောင်းပါပြီ၊ ငါတို့ အလုံး ၆၀ ဝယ်မယ်၊ ဒါပေမဲ့ ငါတို့အတွက် အပြင်ကို သယ်ပေးလို့ ရမလား"
"ရပါတယ်"
လင်းယန် မငြင်းနိုင်ပေ။ မကြာမီမှာပင် ငွေသား ၃ သိန်းကို လင်းယန်၏ရှေ့သို့ ချပေးလိုက်သည်။
[ဒင်၊ ဂုဏ်ယူပါတယ် Host၊ တာဝန်ကို အောင်မြင်စွာ ထမ်းဆောင်နိုင်ခဲ့သည့်အတွက် ၁၀ ဆ ပြန်အမ်းငွေ ယွမ် ၃,၀၀၀,၀၀၀ ရရှိပါသည်။]
ယွမ် ၃၃ သိန်း အဆင်ပြေပြေနှင့် အကောင့်ထဲ ရောက်လာပြီ! ထို့ပြင် သူ၏ ဖရဲသီးမှာလည်း အများကြီး မကျန်တော့ပေ။ အခုထိဆိုလျှင် ဤဖရဲသီးရောင်းရငွေ တစ်ခုတည်းမှာတင် ယွမ် ၅ သန်းကျော်နေပြီဖြစ်သည်။ ဤမျှ မြန်ဆန်စွာ ငွေရှာနိုင်သည့် လမ်းစ မရှိတော့ချေ။
"ညကျရင် ရိုက်ကူးရေးအဖွဲ့ရဲ့ နှုတ်ဆက်ပွဲ ရှိတယ်၊ အတူတူ လာစားနော်"
"ကောင်းပါပြီ"
ပိုက်ဆံတွေ ဒီလောက်တောင် ရထားမှတော့ မျက်နှာသာတော့ ပေးရမယ် မဟုတ်လား။ မှန်ပါသည်၊ ဤဖရဲသီး အလုံး ၆၀ မှာ အဖွဲ့သားများက လက်ဆောင်ပေးရန်အတွက် ကိုယ်ပိုင် မှာယူထားခြင်း ဖြစ်သည်။
......
သည်းထန်သော မိုးမှာ ညနေပိုင်းတွင် တိတ်သွားသော်လည်း သင့်တော်သော နေရာမရှိသဖြင့် နှုတ်ဆက်ပွဲကို အိမ်ထဲ၌ပင် ကျင်းပလိုက်ကြသည်။ ဖရဲသီးဖြင့် လုပ်ထားသော ဟင်းလျာများ၊ ရွာမှ ထွက်ကုန်များနှင့် ရိုက်ကူးရေးအဖွဲ့ သယ်လာသော အစားအစာများဖြင့် စည်ကားလှသော ညစာစားပွဲ ဖြစ်လာတော့သည်။ ရိုးရှင်းသော်လည်း ချင်းရှန်းရွာကို နှုတ်ဆက်သည့်ပွဲပင်ဖြစ်သည်။
လင်းယန်သည် ချင်းရှန်းရွာ၏ ကိုယ်စားလှယ်အဖြစ် တစ်ဖန် ပါဝင်ရပြန်၏။ ပွဲကျင်းပသည့် နေရာမှာလည်း သူ၏ အိမ်ပင် ဖြစ်သည်။
လင်းရှောင်ဝူကတော့ အလွန်ပျော်နေ၏။ နှစ်သစ်ကူးချိန်မှာပင် ဤမျှ ကောင်းမွန်သော အစားအစာများကို သူမ မမြင်ဖူးချေ။
"ကိုကို... ဒါတွေ အကုန် စားလို့ရတာ တကယ်လား"
"စားလေ၊ ရတာပေါ့"
"ပျော်လိုက်တာ!"
ရှောင်ဝူသည် စားပွဲပေါ်သို့ ပစ်တက်တော့မည့်အတိုင်းပင်။ သူမသည် ခိုးကြောင်ခိုးဝှက်နှင့် အစားအစာအချို့ကိုလည်း ခွေးကြီး တာ့ဟွမ်ကို ကျွေးနေသေးသည်။ ဤသည်ကို ကြည့်ကာ လင်းယန် စိတ်မကောင်း ဖြစ်ရသည်။ သူသည် အလွန်ချမ်းသာနေပြီ ဖြစ်သော်လည်း ရှောင်ဝူကို ဤမျှ ခက်ခဲသော ဘဝတွင် ထားရန် မလိုအပ်တော့ချေ။ မနက်ဖြန် ဖရဲသီးသွားပို့ရင်းနှင့် ခရိုင်မြို့ထဲတွင် ပစ္စည်းအဝယ်ထွက်ရပေမည်။ ပိုက်ဆံဆိုတာ သုံးဖို့ မဟုတ်လား။
ညတွင် အားလုံး သောက်စားကာ နောက်ဆုံး နှုတ်ဆက်ခြင်းကို ပြုလုပ်ကြသည်။ လင်းယန်က ဖန်ခွက်ကိုမြှောက်ကာ ရွာသားများကိုယ်စား ကျေးဇူးတင်စကား ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်၊ ခင်ဗျားတို့ ဒီကို ရောက်မလာရင် ချင်းရှန်းရွာက ကမ္ဘာနဲ့ အဆက်အသွယ် ပြတ်နေဦးမှာပါ။ အပြင်ထွက်တဲ့ လမ်းသာ တကယ်ဖောက်နိုင်ခဲ့ရင် ရွာသားတွေက ခင်ဗျားတို့ကို အမြဲ ကျေးဇူးတင်နေမှာပါ။ ခင်ဗျားတို့ဟာ ချင်းရှန်းရွာရဲ့ ထာဝရ သူငယ်ချင်းတွေပါ"
လင်းယန်က ဖန်ခွက်ကို မြှောက်လိုက်ရာ အားလုံးက တညီတညွတ်တည်း သောက်လိုက်ကြသည်။ ရန်ကျင်းလီသည် အများကြီး သောက်ထားသဖြင့် မျက်နှာတစ်ခုလုံး နီမြန်းကာ ဝေဝေဝါးဝါး ဖြစ်နေ၏။ ရိုက်ကူးရေးကိုပင် စတင်ထိခိုက်လာသည်။ ဒါပေမယ့်လည်း ကိစ္စမရှိပါဘူး၊ နောက်ပိုင်းတွင် တည်းဖြတ်လို့ ရသည် မဟုတ်လား။ လက်ထောက်ကသာ လာမဆွဲပါက ရန်ကျင်းလီသည် အားလုံး၏ရှေ့မှာပင် လင်းယန်၏ရင်ခွင်ထဲသို့ ဝင်ထိုင်တော့မည့် ပုံပင်။
စူးရို့ရို့ကတော့ သူမ၏ပုံရိပ်ကို ဂရုမစိုက်တော့ဘဲ လင်းယန်၏လက်မောင်းကိုဖက်ကာ အိပ်ပျော်လုနီးနီး ဖြစ်နေသည်။ ထိုပုံစံကိုကြည့်ကာ ရိုက်ကူးရေးအဖွဲ့မှ အမျိုးသားများမှာ မနာလိုဖြစ်နေကြတော့သည်။ ရိုးရှင်းတဲ့ ရွာသားတစ်ယောက် ဖြစ်ပါလျက်နဲ့ ဘာလို့ ဒီလောက်တောင် စော်ကြည်နေရတာလဲ။ အင်း... ဒါကိုပဲ ဘဝလို့ ခေါ်တာထင်ပါရဲ့။
.....
အစားအသောက်များ ကုန်ဆုံးသွားပြီးနောက် အားလုံးလည်း အိပ်စက်ရန် ပြင်ကြတော့သည်။ တစ်ခုတည်းသော ပြဿနာမှာ ရန်ကျင်းလီက လင်းယန်၏ အခန်းထဲသို့ ဝင်အိပ်ချင်နေခြင်း ဖြစ်သည်။ သို့သော် စူးရို့ရို့ကလည်း ဝင်ချင်နေသည်။ နောက်ဆုံးတွင် နှစ်ဦးသား အခြေအတင်ဖြစ်နေကြပြီး တစ်ယောက်ကို တစ်ယောက် စောင့်ကြည့်ရင်းနှင့် အတူတူ အိပ်လိုက်ကြရတော့သည်။
ဤသည်ကို ကြည့်ကာ လင်းယန် မျက်ရည်ကျချင်သွားသည်။ ဘာလို့ တစ်ယောက်ကို တစ်ယောက် ကာကွယ်နေကြတာလဲ။ အကုန်လုံး ဝင်လာရင် ပိုမကောင်းဘူးလား။ နောက်ဆုံးတွင် လင်းယန်သည် ရှောင်ဝူကိုဖက်ကာ အိပ်လိုက်ရတော့သည်။ ကုတင်အောက်တွင်မူ ခွေးကြီး တာ့ဟွမ် ရှိနေ၏။
.....
နောက်တစ်နေ့ မနက်စောစောတွင် လင်းယန် အစောကြီး ထလိုက်သည်။ သူသည် ကုတင်ကြားထဲမှ စိုက်ပျိုးရေးဘဏ်ကတ်ကို ထုတ်ယူကာ ငွေသားအချို့ ပြင်ဆင်ပြီးနောက် နွားကို အစာကျွေးလိုက်၏။ လမ်းခရီးက ဝေးသည် မဟုတ်လား။
ဖရဲသီး အလုံး ၃၀ ကျော်သာ ကျန်တော့သဖြင့် နွားလှည်းနှင့် သယ်ရန် မခက်ခဲပေ။
"ကျွန်မလည်း လိုက်မယ်" ရန်ကျင်းလီက သမ်းဝေရင်း ပြောလိုက်သည်။
"ရတာပေါ့"
စူးရို့ရို့၏မျက်နှာမှာတော့ အနည်းငယ် စိတ်မကောင်းဖြစ်နေသည်။ သူမ၏ ခြေကျင်းဝတ်မှာ မကောင်းသေးသဖြင့် လမ်းအကြာကြီး မလျှောက်နိုင်ချေ။ သို့သော် ညက တစ်ညလုံး ဖက်အိပ်ခဲ့ရသဖြင့် သူမတို့ နှစ်ဦး၏ဆက်ဆံရေးမှာ ထူးဆန်းစွာပင် ပြေလည်သွားပုံရသည်။
"စောစော ပြန်လာနော်"
စူးရို့ရို့၏ပုံစံမှာ အိမ်မှာ စောင့်နေသည့် ဇနီးသည်လေးနှင့် တူလှသည်။ လင်းယန် ပြုံးလိုက်မိ၏။
စောစော ပြန်လာဖို့? နည်းနည်းတော့ ခက်လိမ့်မည်။ ဤတောင်ကြားထဲမှ ထွက်ရန် တစ်နေ့လုံး လမ်းလျှောက်ရမည် မဟုတ်လား။ လင်းယန်နှင့်အတူ ရိုက်ကူးရေးအဖွဲ့သာမက ကျန်းမာသန်စွမ်းသော အဘိုးကိုးလည်း ပါလာသည်။ အဓိကမှာ နွားလှည်းကို ပြန်မောင်းလာရန်ဖြစ်သည်။ လင်းယန်ကတော့ ခရိုင်မြို့ထဲတွင် ပစ္စည်းဝယ်ရင်း ညအိပ်ကောင်း အိပ်ရပေလိမ့်မည်။
ဤသည်မှာ သူ ကူးပြောင်းရောက်ရှိလာပြီးနောက် ပထမဆုံးအကြိမ် တောင်ပေါ်မှ ဆင်းခြင်းဖြစ်သည်။ စဉ်းစားကြည့်ရင်းနှင့်ပင် ရင်ခုန်စိတ်လှုပ်ရှားနေမိတော့သည်။
***
စူပါ-ဖမ်း(SFS)
အခန်း ၂၀ ။ မန်နေဂျာ... ဒီကတ်ဖတ်စက်ကြီး ပျက်နေလို့!
နာရီပေါင်းများစွာ ပြင်ဆင်ပြီးနောက်တွင်မှ လူတိုင်းသည် လူတန်းကြီးဖြင့် လမ်းပေါ်သို့ စတင်ထွက်ခွာလာကြသည်။
နွားလှည်းပေါ်တွင် အဓိကအားဖြင့် ကောက်ရိုးများနှင့် ဖရဲသီးများကို တင်ဆောင်ထား၏။ အနက်ရောင်ဖရဲသီးမှာ စားလို့ကောင်းသလောက် ပြဿနာမှာ အလွန်ကွဲအက်လွယ်ခြင်းပင်ဖြစ်သည်။ ကောက်ရိုးများမှာ လမ်းခရီးတုန်ခါမှုဒဏ်မှ ဖရဲသီးများ မကွဲစေရန် အထိုက်အလျောက် ကာကွယ်ပေးနိုင်ပေသည်။
ရန်ကျင်းလီမှာမူ လှည်းပေါ်တွင် လိုက်ပါစီးနင်းရင်း အလွန်ပင် ပျော်ရွှင်နေ၏။ အခြားသူများကမူ ရိုက်ကူးရေးကိရိယာမျိုးစုံကို သယ်ဆောင်ကာ ခြေလျင်လျှောက်ရသည်။ ကီလိုမီတာ ၅၀ ခန့်ရှိသော ဤတောင်တက်လမ်းမှာ လင်းယန်အတွက် ဘာမှမဟုတ်သော်လည်း အခြားသူများအတွက်မူ တကယ့်စိန်ခေါ်မှုကြီးပင်ဖြစ်၏။
"ဒီနှုန်းနဲ့ဆိုရင်တော့ ဒီနေ့ လမ်းမကြီးပေါ်ကို ရောက်ဖို့ မလွယ်ဘူး" လင်းယန်က ရိုက်ကူးရေးအဖွဲ့ကိုကြည့်ကာ သက်ပြင်းချလိုက်မိသည်။
ရန်ကျင်းလီကမူ ဂရုမစိုက်ဟန်ဖြင့် -
"စိတ်ချပါ၊ ၁၀ မိုင်လောက် လျှောက်ရင်ရပြီ၊ ဟိုဘက်မှာ လမ်းကြမ်းကားတွေရပ်ထားတယ်"
"ဒါဆိုရင်တော့ တော်သေးတာပေါ့"
စဉ်းစားကြည့်လျှင်လည်း ဟုတ်ပေသည်။ အကယ်၍ တောင်တက်တောင်ဆင်း မိုင်ပေါင်းများစွာ လမ်းလျှောက်ရမည်ဆိုပါက ရိုက်ကူးရေးအဖွဲ့မှာ ဘယ်လိုမှ ဝင်လာနိုင်မည် မဟုတ်ပေ။ မနေ့က မိုးရွာထားသဖြင့် လမ်းမှာ ဗွက်ထူပြီး သွားရခက်လှသည်။ လင်းယန် အဝတ်အစားအသစ် လဲထားသော်လည်း တစ်ကိုယ်လုံးမှာ ဗွက်များ ပေကျံနေဆဲပင်။
ဤအချက်ကပင် သူ့ကို လမ်းဖောက်ချင်စိတ် ပိုမိုပြင်းပြလာစေသည်။
"ဒီတစ်ခါ ခရိုင်မြို့ထဲသွားရင် လမ်းဖောက်မယ့်ကိစ္စကိုလည်း တစ်ခါတည်း စဉ်းစားရမယ်" လင်းယန်က မေးစေ့ကို ပွတ်ရင်း တွေးနေမိသည်။
"တချို့နေရာတွေမှာ လမ်းဖောက်ဖို့ အခြေအနေမပေးရင်တောင် ဖောက်လို့ရတဲ့နေရာတွေကို အရင်ဖောက်ထားလို့ရတာပဲ"
"အလယ်မှာ အနားယူတဲ့နေရာလေးတွေ ထားလိုက်ရင်ပေါ့"
လင်းယန်သည် လမ်းလျှောက်ရင်းနှင့်ပင် ကွန်ကရစ်လမ်းကို မည်သည့်နေရာတွင် ဖောက်လျှင် အကောင်းဆုံးဖြစ်မည်ကို စီစဉ်နေ၏။ မည်သည့်နေရာတွင် မြေပြိုတတ်သည်ကိုလည်း သူက ထပ်မံ အတည်ပြု မှတ်သားထားလိုက်သည်။
ရန်ကျင်းလီသည် လင်းယန်က အဝေးက ရှုခင်းတွေကိုပဲ ကြည့်ပြီး သူမကို လှည့်မကြည့်သဖြင့် အနည်းငယ် စိတ်ဆိုးလာသည်။
"ဟေ့!"
"ဟိုရှုခင်းတွေက ကျွန်မထက် ပိုလှလို့လား"
"ဟမ်?"
လင်းယန် လှည့်ကြည့်လိုက်သောအခါမှ ရန်ကျင်းလီသည် ဒီနေ့တွင် ထူးထူးခြားခြား ပြင်ဆင်ခြယ်သထားသည်ကို သတိပြုမိလိုက်သည်။ ရိုက်ကူးရေးလုပ်စဉ်ကထက်ပင် ပို၍ ဂရုစိုက်ထားပုံရ၏။
သိသာလှသည်မှာ... ဤသည်မှာ ခွဲခွာခါနီးအချိန်တွင် လင်းယန်၏ စိတ်ထဲ၌ အမှတ်တရ ကျန်ရစ်စေရန် သူမက တကူးတက ပြင်ဆင်ထားခြင်း ဖြစ်ပေလိမ့်မည်။ လင်းယန်က တိုက်ရိုက် မဖြေကြားဘဲ ပြန်မေးလိုက်သည်။
"မင်းတို့ ခရိုင်မြို့ထဲမှာပဲ ခဏနားမှာလား၊ ဒါမှမဟုတ် တိုက်ရိုက် ထွက်သွားမှာလား"
ရန်ကျင်းလီ၏ အကြည့်များ မှိုင်တွေသွားကာ -
"အလုပ်က အလောတကြီးမို့လို့ တိုက်ရိုက်ပဲ ထွက်သွားရတော့မယ်"
"ဒါဆိုရင်တော့ မင်းအတွက် ပိုကောင်းတဲ့ လက်ဆောင် ပြင်ပေးဖို့ အချိန်မရတော့ဘူးပေါ့" လင်းယန်က အိတ်ထဲမှ သူ အားလပ်ချိန်တွင် ထွင်းထားသော သစ်သားဖရဲသီးလေးကို ထုတ်ပေးလိုက်သည်။ "ဖရဲသီးတွေနဲ့နေရင်း အားတာနဲ့ လုပ်ထားတာပါ၊ အမှတ်တရ သိမ်းထားလိုက်နော်"
"ကျေးဇူးတင်ပါတယ်၊ ဒီပုတီးစေ့လေးက တကယ်လှတာပဲ၊ ကျွန်မ အမြဲ ဝတ်ထားပါ့မယ်"
"..." လင်းယန်က ဖြည့်စွက်ပြောလိုက်သည် - "ဒါက ဖရဲသီးပုံပါ"
"ဪ... အဲ့လိုလား..." ရန်ကျင်းလီ အနည်းငယ် အနေရခက်သွားရှာသည်။ လင်းယန်ကမူ လက်ယမ်းပြလိုက်၏။ သူက သစ်သားပန်းပုကို အခုမှ စသင်နေခြင်းဖြစ်သဖြင့် ပုံမထွက်သည်မှာ သဘာဝပင်။
သို့သော် သူ မသိလိုက်သည့်အချက်မှာ သူ လက်တန်းလုပ်ပေးလိုက်သည့် ဤလက်ဆောင်လေးမှာ ရန်ကျင်းလီ၏ဘဝတွင် အဖိုးတန်ဆုံးအရာ ဖြစ်လာတော့မည်ပင်။
.....
လမ်းတွင် ခဏနားလိုက်၊ တောင်တက်လိုက်ဖြင့် သုံးနာရီခန့်အကြာတွင် ရိုက်ကူးရေးအဖွဲ့၏ ကားရပ်နားရာနေရာကို မြင်လိုက်ရသည်။ လမ်းကြမ်းမောင်းကား ၁၀ စီးနှင့် ပစ္စည်းတင်သည့် ကားငယ်များ ရှိနေ၏။ ရိုက်ကူးရေးအဖွဲ့မှာ သက်ပြင်းချနိုင်ကြပြီး ကိရိယာများကို ကားပေါ်သို့ အမြန်တင်ကြတော့သည်။ အချို့ကမူ အနက်ရောင်ဖရဲသီးများကို ကားပေါ်သို့ ပြောင်းတင်နေကြသည်။ သူတို့သည် မိသားစုဝင်များကို ကျွေးရန်အတွက် ကိုယ်တိုင်ဝယ်ယူထားကြခြင်းဖြစ်သည်။ ဈေးမနည်းသဖြင့် လူတိုင်းက ဂရုတစိုက် ကိုင်တွယ်ကြပြီး အချို့မှာမူ ရင်ခွင်ထဲ၌ပင် ပိုက်ထားကြ၏။
"လာ... ကျွန်မကားပေါ် တက်လေ၊ ခရိုင်မြို့ထဲအထိ လိုက်ပို့ပေးမယ်"
"ကောင်းပြီလေ" လင်းယန် မငြင်းတော့ပေ။
သူသည် နွားလှည်းကို မောင်းလာသည့် အဘိုးကိုးကို မှာစရာရှိသည်များ မှာကြားပြီးနောက် တိုယိုတာ ပရာဒိုကားကြီးပေါ်သို့ တက်လိုက်သည်။ ဤမျှ လှပသော မိန်းကလေးတစ်ဦးက ယောကျ်ားဆန်လှသော ကားကြီးကို စီးနေသည်မှာ တွေးကြည့်ရန် ခက်သော်လည်း၊ ဤတောင်လမ်းထဲသို့ လမ်းကြမ်းမောင်းကားများမှလွဲ၍ အခြားကားများ ဝင်မရနိုင်ချေ။
နေရာကန့်သတ်ချက်ကြောင့် ဤကားပေါ်တွင် ၅ ဦးသာ စီးနိုင်သည်။ နောက်ခန်းတွင် လင်းယန်၊ ရန်ကျင်းလီနှင့် အမျိုးသမီး မိတ်ကပ်ဆရာမတို့ ထိုင်ကြ၏။ လင်းယန်က ဘယ်ဘက်တွင် ထိုင်ပြီး ရန်ကျင်းလီက အလယ်တွင် ထိုင်သည်။
သို့သော်... တောင်လမ်းမှာ ကြမ်းတမ်းလွန်းလှသဖြင့် ကားမှာ ဟိုဘက်ဒီဘက် ယိမ်းထိုးနေပြီး၊ တစ်ခါတစ်ရံ စမ်းချောင်းကို ဖြတ်ကျော်သည့်အခါတွင် လက်ကိုင်ကို မြဲမြဲမကိုင်ထားပါက လူမှာ လွင့်ထွက်သွားနိုင်သည့် အနေအထား ဖြစ်သည်။ ကားဝါသနာအိုးများအတွက်မူ ဤနေရာသည် ပျော်စရာကောင်းပေလိမ့်မည်။ သို့သော် ရိုက်ကူးရေးအဖွဲ့အတွက်တော့ မဟုတ်ပေ။
ရန်ကျင်းလီမှာ အလယ်တွင် ထိုင်နေသဖြင့် ကိုင်စရာ လက်ကိုင် မရှိချေ။ ထို့ကြောင့် သူမသည် လင်းယန်၏ကိုယ်ပေါ်သို့ ခဏခဏ တိုက်မိနေတော့သည်။ နောက်ဆုံးတွင် လင်းယန်က သူမ၏ ခါးကို ဖက်ပေးလိုက်မှသာ သူမသည် လင်းယန်၏ကိုယ်ကိုမှီထားရင်း အဆင်ပြေသွားတော့သည်။ မိတ်ကပ်ဆရာမမှာမူ ပြတင်းပေါက်အပြင်ဘက်ကိုသာ ကြည့်ရင်း ဤအတွဲ၏ အချိုလွန်ကဲနေမှုများကို မမြင်ချင်ယောင် ဆောင်နေရရှာသည်။
ရန်ကျင်းလီ မျက်နှာလေးနီမြန်းကာ လူကြားထဲမှာ အရှက်ရနေမိသည်။ အထူးသဖြင့် ကားလှုပ်နေစဉ်တွင် သူမ၏ လက်မှာ မထိသင့်သည့် နေရာတစ်ခုကို သွားထိမိသွား၏။
မာလိုက်တာ!
ဘယ်လိုလုပ် မမာဘဲ နေပါ့မလဲ။ လမ်းကြမ်းကားဆိုတာ မာမှပဲ သွားလို့ရတာ မဟုတ်လား။ (T/N- စာရေးသူက နှစ်ခွစကားဖြင့် စနောက်ထားတာပါ)
သို့သော် ခန္ဓာကိုယ်ကြံ့ခိုင်မှု အလွန်ကောင်းမွန်သော လင်းယန်အတွက်တော့ ဤလှုပ်ခါမှုမှာ ဘာမှမဟုတ်ပေ။ ယင်းအစား လှပသော မိန်းကလေးကို ရင်ခွင်ထဲ၌ ဖက်ထားရသည့် ခံစားချက်ကို သာယာနေမိသည်။ ဤခံစားချက်မှာ တစ်သက်လုံး မေ့နိုင်မည် မဟုတ်ပေ။ ရန်ကျင်းလီ၏ အဝတ်အစားများမှာ ချောလွန်းသဖြင့် လင်းယန်၏လက်မှာ အောက်သို့ ခဏခဏ လျှောကျနေတော့သည်။
တကယ်ကို စိတ်ပျက်ဖို့ကောင်းလိုက်တာ!
ရန်ကျင်းလီမှာ အလွန်စိတ်တိုနေသော်လည်း ကားလှုပ်နေသဖြင့် သူမ ရှောင်၍ မရနိုင်ပေ။ နောက်ဆုံးတွင် သူမသည် လင်းယန်၏ရင်ခွင်ထဲ၌သာ ခေါင်းငုံ့ကာ ငြိမ်ငြိမ်လေး မှီနေလိုက်ရတော့သည်။ တကယ်ကို လူယုတ်မာလေးပဲ။ ကားပေါ်မှာ လူတွေ ရှိနေတာကို။ ရှက်ဖို့ကောင်းလိုက်တာ။
လင်းယန်ကမူ စကားစမြည် ပြောရန် အားရှိနေသေးသည်။
"ဒါက လမ်းကို ပတ်သွားတာလား"
"နည်းနည်းတော့ ပတ်တယ်၊ ဒါပေမဲ့ ဒီလမ်းက ပိုသွားလို့ ကောင်းတယ်"
ရှေ့ခန်းမှ ကင်မရာဆရာလေးက မချိပြုံး ပြုံးရင်း -
"မနက်စာ မစားခဲ့မိတာ တော်သေးတာပေါ့"
လင်းယန်က ခေါင်းကို ပွတ်ရင်း -
"ကျွန်တော်ကတော့ ဘာမှ မခံစားရဘူး"
"မင်းရဲ့ ခန္ဓာကိုယ်က အရမ်းသန်မာတာပဲ၊ ဒါကြောင့် ကားမူးတာမျိုး မဖြစ်တာပေါ့" ဟု ကင်မရာဆရာလေးက အားကျစွာ ပြောလိုက်သည်။ တောဝက်ကို တစ်ယောက်တည်း သတ်နိုင်သည့် လူစွမ်းကောင်းအတွက် ဒီလောက် လှုပ်ခါမှုမှာ ဘာမှမဟုတ်သည်မှာ သဘာဝပင်။
အမှန်တော့... လှပသော မိန်းကလေးကို ဖက်ထားရလျှင် လမ်းမည်မျှ ကြမ်းသည်ဖြစ်စေ ဘယ်သူက ဂရုစိုက်နေပါ့မလဲ။ လမ်းကြမ်းလေ ပိုပျော်လေပင် ဖြစ်နိုင်ပေသည်။
.....
နှမြောစရာကောင်းသည်မှာ ပျော်ရွှင်စရာ အချိန်များမှာ ခဏတာသာ ဖြစ်ခြင်းပင်။ ငါးနာရီခန့် အချိန်မှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။ လမ်းခရီးတွင် သုံးကြိမ်ခန့် ခနရပ်နားပြီးနောက် ကားမှာ ကတ္တရာလမ်းမကြီးပေါ်သို့ ရောက်ရှိလာခဲ့သည်။
ကားမှာ ကွန်ကရစ်လမ်းပေါ်တွင် ငြိမ်သက်စွာ မြန်မြန်ဆန်ဆန် မောင်းနှင်နေသည်ကို ခံစားမိသောအခါ လင်းယန်၏အကြည့်များမှာ တည်ကြည်သွားရသည်။ မည်မျှပင် ရင်းနှီးရပါစေ၊ ဤလမ်းကို သူ သေချာပေါက် ဖောက်ရမည်။ ရန်ကျင်းလီမှာမူ လမ်းခရီး၌ အပင်ပန်းလွန်သွားသဖြင့် လင်းယန်၏ကိုယ်ပေါ်တွင်မှီရင်း အိပ်ပျော်သွားခဲ့သည်။
နောက်ထပ် နာရီဝက်ခန့် မောင်းနှင်ပြီးနောက် ခရိုင်မြို့သို့ ရောက်ရှိလာခဲ့သည်။ လင်းယန်သည် သင့်တော်သော နေရာတစ်ခုတွင် ဆင်းခဲ့၏။ ရန်ကျင်းလီမှာ အိပ်ချင်မူးတူးဖြစ်နေသဖြင့် သေချာပင် မနှုတ်ဆက်လိုက်ရပေ။ ရိုက်ကူးရေးအဖွဲ့၏ကားတန်းကြီး ထွက်ခွာသွားသည်ကို ကြည့်ကာ လင်းယန်၏စိတ်ထဲတွင် အနည်းငယ် နှမြောသကဲ့သို့ ဖြစ်သွားရသည်။
သူသည် ကုန်တိုက်ကြီးတစ်ခုသို့ သွားကာ ဖိနပ်အသစ် တစ်စုံနှင့် ဖုန်းနှစ်လုံး ဝယ်ရန် ပြင်လိုက်သည်။ သို့သော် တံခါးဝသို့ ရောက်သောအခါ လုံခြုံရေးဝန်ထမ်းက တားလိုက်၏။
"ညီလေး... ဖိနပ်လေးတော့ လဲပြီးမှ ဝင်ပါဦးလား၊ အထဲက သန့်ရှင်းရေး ဝန်ထမ်းတွေလည်း မလွယ်လို့ပါ"
သိသာလှသည်မှာ လင်းယန် အနှိမ်ခံလိုက်ရခြင်းပင်။ လင်းယန် သူ၏ ဘောင်းဘီခြေဖျားကို ကြည့်လိုက်ရာ ဗွက်များ ပေကျံနေသည်ကို တွေ့ရသည်။
"ဪ... ရပါတယ်၊ ကျွန်တော် ချွတ်လိုက်ပါ့မယ်"
လင်းယန်သည် ဖိနပ်ကို ချွတ်ကာ အဝတ်အိတ်တစ်ခုထဲ ထည့်လိုက်ပြီး၊ ဗွက်ပေနေသော ဘောင်းဘီခြေဖျားများကို လိပ်တင်လိုက်သည်။ ဤပုံစံမှာ ကုန်တိုက်ထဲ ဝင်မည့်သူနှင့် မတူဘဲ လယ်ထဲ ဆင်းတော့မည့်သူနှင့် ပိုတူနေတော့သည်။
"ထားလိုက်ပါ ညီလေးရယ်၊ ငါ့မှာ ညှပ်ဖိနပ်တစ်စုံ ရှိတယ်၊ အဲ့ဒါပဲ ခဏ ဝတ်သွားလိုက်ပါ" အသက် ၅၀ ကျော် လုံခြုံရေး ဝန်ထမ်းက ညှပ်ဖိနပ်တစ်စုံ ကမ်းပေးလိုက်သည်။
"ကျေးဇူးတင်ပါတယ်"
လင်းယန် အထဲသို့ ဝင်သွားကာ ဖိနပ်ဆိုင်တစ်ဆိုင်သို့ တိုက်ရိုက် သွားလိုက်သည်။ ဆိုင်ဝန်ထမ်းမှာ သူ့ကို တစ်ချက်ကြည့်ပြီးနောက် ဆက်၍ပင် မကြည့်တော့ချေ။ လင်းယန်အတွက်မူ ဤသည်မှာ ပုံမှန်ပင် ဖြစ်သည်။ သူ့ပုံစံမှာ ဖိနပ်ဝယ်နိုင်မည့်သူနှင့် မတူသည်မှာ အမှန်ပင်။ သူသည် ဖိနပ်နှစ်စုံ ရွေးချယ်ကာ ဆိုဒ်များ တောင်းလိုက်ပြီးနောက် ကောင်တာသို့ တန်းသွားလိုက်သည်။
"ဒီနှစ်စုံပဲ၊ ပိုက်ဆံရှင်းမယ်"
"ငါးရာ့နှစ်ဆယ်ပါ"
"ကတ်နဲ့ ရှင်းမယ်" လင်းယန် စိုက်ပျိုးရေးဘဏ်ကတ်ကို ကမ်းပေးလိုက်သည်။
"ကျွန်မတို့ဆီမှာ လျှော့ဈေးနဲ့ ဖိနပ်တွေလည်း ရှိသေးတယ်၊ ထပ်ကြည့်ချင်သေးလား"
"မကြည့်တော့ပါဘူး၊ ဒီနှစ်စုံပဲ ယူမယ်"
ဝန်ထမ်းမလေးက ခေါင်းယမ်းလိုက်သည်။ သို့သော် ကတ်ဖတ်စက်ပေါ်တွင် ပေါ်လာသော လက်ကျန်ငွေကို မြင်လိုက်ရသောအခါ သူမ၏ ပါးစပ်မှာ ကြက်ဥတစ်လုံးလုံး မြိုချနိုင်လောက်အောင် အံ့အားသင့်သွားရတော့သည်။
ခု၊ ဆယ်၊ ရာ၊ ထောင်၊ သောင်း... သိန်း၊ သန်း၊ ကုဋေ... ဘီလီယံ!
ဝန်ထမ်းမလေးသည် ခြောက်ကြိမ်ခန့်အထိ သေချာ ပြန်ရေတွက်နေမိသည်။ နောက်ဆုံးတွင် သူမသည် အနောက်ဘက်သို့ လှမ်းအော်လိုက်တော့သည်။
"မန်နေဂျာ... ဒီကတ်ဖတ်စက်ကြီး ပျက်နေလို့၊ နောက်တစ်ခု လာလဲပေးပါဦး!"
***