← Chapters

အခန်း (၂၁-၂၂)

Vol. 2 Ch. 21-22

အခန်း (၂၁-၂၂)

Vol. 2 Ch. 21-22

စူပါ-ဖမ်း(SFS)

အခန်း ၂၁ ။ မိမိကိုယ်ကိုယ် သံသယဝင်သွားရသည့် ချင်စုစု

ကတ်ဖတ်စက် သုံးလုံး ဆက်တိုက်လဲပြီးနောက်တွင်မှ ဆိုင်ဝန်ထမ်းများမှာ အဖြစ်မှန်ကို လက်ခံလိုက်ကြတော့သည်။

ဤဝတ်စုံစုတ်စုတ်နှင့် လူငယ်လေးမှာ... တကယ့်ကို သူဌေးကြီးတစ်ဦး ဖြစ်နေသည်ကိုး!

စီးပွားရေးလုပ်ငန်းရှင်ကြီးများ၏ ဘဏ်ကတ်ထဲမှာပင် ယွမ်သန်းပေါင်း ရာနှင့်ချီသော ငွေသားများ ရှိနေရန်မှာ မလွယ်ကူချေ။ ဝန်ထမ်းများမှာ အနားတွင် တစ်စုံတစ်ယောက်က ဗီဒီယိုခိုးရိုက်ကာ သူတို့၏တုံ့ပြန်မှုကို စမ်းသပ်နေသလားဟုပင် ထင်မိသွားကြသည်။ သို့သော် မည်သူ့ကိုမျှ မမြင်ရချေ။

ထိုစဉ် စပ်စုချင်သော လူအုပ်ကြီးမှာ ဝိုင်းလာကြတော့သည်။

"မြန်မြန်လေး လုပ်ပေးလို့ ရမလား" လင်းယန်က မနေနိုင်ဘဲ လောဆော်လိုက်သည်။

"ဟုတ်ကဲ့... ဟုတ်ကဲ့ပါ" ဝန်ထမ်းမလေး၏လက်မှာ အလွန်ပင် သွက်လက်သွားတော့သည်။

လင်းယန်သည် ဖိနပ်အသစ်ကို လဲစီးလိုက်ပြီး ဗွက်များ ပေကျံနေသော ဖိနပ်အဟောင်းကို အိတ်ထဲ ထည့်လိုက်သည်။ ဤဖိနပ်မှာ ရှောင်ဝူကိုယ်တိုင် လုပ်ပေးထားခြင်းဖြစ်သဖြင့် သူ လုံးဝ အပစ်မခံနိုင်ပေ။ သို့သော် ဤလုပ်ရပ်မှာ ဝန်ထမ်းများ၏မျက်လုံးထဲတွင် အလွန်ပင် ထူးဆန်းနေတော့သည်။

ဒီလောက် ချမ်းသာတာကို ဖိနပ်အဟောင်းကြီးက ညစ်ပတ်နေတာတောင် ဘာလို့ မလွှင့်ပစ်တာလဲ။

ဤအမျိုးသားမှာ တကယ့်ကို ပုစ္ဆာတစ်ပုဒ်လိုပင်!

လင်းယန်သည် ထိုအရာများကို ဂရုမစိုက်ဘဲ အခြားဖိနပ်အသစ်တစ်စုံကို ဝယ်ယူကာ ညှပ်ဖိနပ်နှင့်အတူ လုံခြုံရေး အဘိုးကြီးအား ပေးလိုက်သည်။ လုံခြုံရေး အဘိုးကြီးမှာ ထိုမြင်ကွင်းကြောင့် ကြောင်အသွားရ၏။ ဤကဲ့သို့ ရလဒ်မျိုး ထွက်လာမည်ဟု သူ လုံးဝ မထင်ထားခဲ့ချေ။

လင်းယန်သည် အဘိုးကြီး ငြင်းဆိုရန် အခွင့်အရေးမပေးဘဲ ကုန်တိုက်ထဲပြန်ဝင်ကာ မိမိနှင့် လိုက်ဖက်မည့် အဝတ်အစားများကို ဝယ်ယူလိုက်သည်။ အပြင်သို့ ပြန်ထွက်လာသောအခါ သူသည် လူတစ်ခြား ဖြစ်သွားသကဲ့သို့ပင်။ သူ၏ချောမောသော ရုပ်ရည်ကြောင့် လမ်းသွားလမ်းလာများ၏အကြည့်မှာ သူ့ထံ၌သာ ရှိနေတော့သည်။ အထူးသဖြင့် မိန်းကလေးငယ်များမှာ သူ့ကို ခိုးခိုးကြည့်နေကြ၏။

အချို့သော သတ္တိရှိသည့် မိန်းကလေးများမှာ WeChat တောင်းရန်ပင် တန်းလာကြတော့သည်။

"ကျွန်မတို့ တစ်နေရာရာမှာ တွေ့ဖူးသလိုပဲနော်"

လင်းယန် နှုတ်ခမ်းလေး တွန့်သွားမိသည်။ ဒီလို စကားစတာက တကယ်ကို ခေတ်နောက်ကျလွန်းလှသည်! သို့သော် နောက်တစ်စက္ကန့်မှာပင် ထိုမိန်းကလေးမှာ အံ့အားသင့်စွာ ပါးစပ်ကို ပိတ်လိုက်မိသည်။

"အား! ရှင်က 'ဖရဲသီးကိုကို' ပဲ! ကျွန်မ အင်တာနက်မှာ ရှင့်ဗီဒီယိုတွေ တွေ့ဖူးတယ်"

"ရှင်က တောင်ထဲမှာ ရှိနေရမှာ မဟုတ်ဘူးလား"

လင်းယန် ကြောင်သွားရသည်။ ငါက ဘယ်တုန်းက ဒီလောက် နာမည်ကြီးသွားတာလဲ။ လမ်းလျှောက်နေတာတောင် အမှတ်မိခံရတယ်ပေါ့။ တကယ်ကို ကြောက်စရာကောင်းလိုက်တာ။

ထိုမိန်းကလေး၏အော်သံကြောင့် လူအများအပြား ဝိုင်းလာကြသည်။ ဈေးကြီးသော ဖရဲသီးနှင့် ချောမောသော ရုပ်ရည်ကြောင့် လင်းယန်သည် မကြာသေးမီကပင် အင်တာနက်ပေါ်၌ ဟိုးလေးတကျော် ဖြစ်နေသူ မဟုတ်လား။ လူကိုယ်တိုင် တွေ့လိုက်ရသဖြင့် မိန်းကလေးများမှာ အလွန်ပင် စိတ်လှုပ်ရှားနေကြသည်။

လင်းယန်သည် ဤကဲ့သို့ အခြေအနေမျိုး တစ်ခါမှ မကြုံဖူးချေ။ တကယ့်ကို အိုင်ဒေါတစ်ယောက်ကို ဝိုင်းနေကြသလိုပင်။ နောက်ဆုံးတွင် သူ လက်ယမ်းပြကာ -

"အားလုံးပဲ အားနာပါတယ်၊ ကျွန်တော့်မှာ လုပ်စရာကိစ္စလေးတွေ ရှိလို့ပါ"

သူ၏ခွန်အားဖြင့်ဆိုလျှင် လူအုပ်ထဲမှ လွယ်ကူစွာ တိုးထွက်နိုင်ပေသည်။ သို့သော် သူ ကုန်တိုက်တွင်ရှိနေသည့် သတင်းမှာ အွန်လိုင်းပေါ်သို့ ချက်ချင်း ပျံ့နှံ့သွားခဲ့သည်။ ခရိုင်မြို့ထဲ၌ သောင်တင်နေသော အမျိုးသမီး ပရိသတ်များမှာ ထိုသတင်းကို ကြားသောအခါ ဝမ်းသာလွန်း၍ မျက်ရည်ပင် ကျလာကြတော့သည်။

"ဖရဲသီးကိုကို ပေါ်လာပြီ၊ အမြန်သွားကြရအောင်!"

သို့သော် သူတို့ ရောက်ရှိလာချိန်တွင် လင်းယန်မှာ ထိုနေရာ၌ မရှိတော့ပေ။ လင်းယန်သည် အခန်းတစ်ခန်း ငှားကာ ရေချိုးပြီး အိပ်လိုက်ပြီ ဖြစ်သည်။ အဓိကမှာ အေးအေးဆေးဆေး အနားယူရန်ပင်။

အနည်းငယ် အနားယူပြီးနောက် လင်းယန်သည် ပစ္စည်းအဝယ်ထွက်ရန် ပြင်ဆင်တော့သည်။ သို့သော် အရင်ဆုံး လုပ်ရမည်မှာ ပစ္စည်းများ တင်ဆောင်ရန် ကားတစ်စီး ဝယ်ရန်ပင်ဖြစ်သည်။ အကောင်းဆုံး ပြည်တွင်းဖြစ် Huawei ဖုန်းနှစ်လုံးကို ဝယ်ပြီးနောက် သူ ပြဿနာတစ်ခုကို သတိရသွားသည်။

ရွာမှာ မီးမရှိဘူး!

မီးစက် တစ်လုံးလည်း ဝယ်ရဦးမည်!

သို့သော် ရွာမှာ လောင်စာဆီလည်း မရှိပေ... ဘယ်လို လုပ်မလဲ။ တကယ်ကို လွတ်လမ်းမရှိသည့် ပြဿနာပင်။

နောက်ဆုံးတွင် လင်းယန်သည် နိုင်ငံခြားကား အရောင်းစင်တာတစ်ခုသို့ ရောက်သွားသည်။ ထိုနေရာတွင် တန်ဖိုးကြီး ကားမျိုးစုံရှိသော်လည်း လင်းယန်က မိမိနှင့် သင့်တော်မည့် ကားကိုသာ ရှာနေ၏။

"ဒီမှာ လမ်းကြမ်းမောင်းနိုင်တဲ့ကားမျိုး ရှိလား"

အရောင်းစင်တာထဲတွင် ပြိုင်ကားများစွာ ရှိသော်လည်း လင်းယန်အတွက်မူ အသုံးမဝင်ချေ။

"ရှိတာပေါ့၊ တိုယိုတာ ပရာဒို ဖြစ်ဖြစ်၊ မာစီးတီး ဘန့်စ် G-Class (G-Wagon) ဖြစ်ဖြစ် လမ်းကြမ်းအတွက် အရမ်းကောင်းပါတယ်။ ပြီးတော့ Jeep (Wrangler) နဲ့ အမေရိကန် စစ်သုံး Hummer တွေလည်း ကျွန်တော်တို့ဆီမှာ မှာယူလို့ ရပါတယ်"

လင်းယန် ခေါင်းညိတ်လိုက်သည်။ ဤခရိုင်မြို့လေးမှာ ဖွံ့ဖြိုးမှု အနည်းငယ်နောက်ကျသော်လည်း ကြီးမားသော မြို့ကြီးတစ်မြို့ပင်ဖြစ်သဖြင့် တန်ဖိုးကြီး ကားအရောင်းဆိုင်များ ရှိနေခြင်း ဖြစ်သည်။ သိသာလှသည်မှာ ဆိုင်ရှင်မှာ အမြတ်ထက် မိမိဝါသနာအရ ဖွင့်ထားခြင်းဖြစ်ပေလိမ့်မည်။

နောက်ဆုံးတွင် လင်းယန်၏အကြည့်မှာ "နွားသိုး" တံဆိပ်နှင့် လမ်းကြမ်းမောင်းကား (SUV) တစ်စီးပေါ်သို့ ကျရောက်သွားသည်။ ဝါဝင်းသော ကာလာနှင့် စူးရသော ဒီဇိုင်းမှာ ခေတ်ဆန်လှ၏။ အရေးကြီးဆုံးမှာ ကား၏ အောက်ပိုင်း မြင့်သဖြင့် လမ်းကြမ်းအတွက် သင့်တော်ပြီး အခြားကားများထက်လည်း ပို၍ လှပသည်။

အရောင်းဝန်ထမ်းမလေးက ပြုံးကာ ရှင်းပြသည်။ "ဒါကတော့ လမ်ဘော်ဂီနီရဲ့ နောက်ဆုံးထွက် SUV 'Urus' ပါ။ V8 အင်ဂျင်၊ တစ်နာရီ ကီလိုမီတာ ၁၀၀ အရှိန်ကို ၃.၅ စက္ကန့်အတွင်း တက်နိုင်ပြီး လေးဘီးယက် စနစ်ပါဝင်ပါတယ်..."

"ဘယ်လောက်လဲ"

"အားနာပါတယ်၊ ဒါက ပြခန်းတင်ထားတဲ့ ကားမို့လို့ မရောင်းပါဘူး။ ဒါပေမဲ့ ကျွန်မတို့မှာ မှာယူပေးလို့ ရပါတယ်။ အနည်းဆုံး ယွမ် ၄ သန်း ကနေ စပါတယ်"

"ငါ မင်းကို ၆ သန်း ပေးမယ်၊ အခု ဒီကားကိုပဲ ယူမယ်"

"ဒါ... ဒါဆို ဆိုင်ရှင်နဲ့ ခဏတိုင်ပင်ကြည့်ပါဦးမယ်"

......

မကြာမီမှာပင် ကားဝယ်ယူသည့် စာချုပ်မှာ လင်းယန်၏လက်ထဲသို့ ရောက်ရှိလာသည်။ ကတ်ခြစ်ကာ ကားထုတ်လိုက်ပြီး ဆိုင်ကပင် လိုင်စင်နံပါတ်ပြား တပ်ဆင်ပေးလိုက်ရာ အရာအားလုံးမှာ အချိန်တိုအတွင်း ပြီးဆုံးသွားသည်။ လင်းယန် ကားတံခါးကို ဖွင့်ကာ အထဲမှ အရည်အသွေးမြင့် သားရေနံ့ကို အားပါးတရ ရှူလိုက်သည်။

မွှေးလိုက်တာ!

"ဒီတော့ မီးစက် ဝယ်စရာ မလိုတော့ဘူးပေါ့"

"ဖုန်းကိုလည်း ကြိုးမဲ့အားသွင်းလို့ ရတာပဲ၊ တော်တော်ကောင်းတယ်"

သို့သော် အင်ဂျင်ကို နှိုးလိုက်ပြီး တောသားရဲတစ်ကောင် ဟိန်းဟောက်သကဲ့သို့ အသံကို နားထောင်နေစဉ် လင်းယန် ရုတ်တရက် ကြောင်သွားရသည်။

"ငါ့မှာ ကားလိုင်စင်မှ မရှိတာ!"

"ဒုက္ခပဲ!"

အပြင်မှ အရောင်းဝန်ထမ်းမလေးမှာ ထိုစကားကို ကြားသောအခါ လဲကျလုနီးပါးဖြစ်သွားရသည်။

ဒီလူ ဘယ်လောက်တောင် ချမ်းသာတာလဲ! ဘယ်က ဒုတိယမျိုးဆက် သူဌေးသား ပါလိမ့်။ ကားလိုင်စင်တောင် မရှိဘဲ ကားဝယ်တယ်တဲ့လား!

သို့သော် နည်းလမ်းမရှိသည်တော့ မဟုတ်ပေ။ လင်းယန်သည် ချင်စုစု ဟုခေါ်သော ဝန်ထမ်းမလေးကိုပင် ယာဉ်မောင်းအဖြစ် ငှားရမ်းလိုက်တော့သည်။ ချင်စုစုသည် စတီယာရင်ကို ကိုင်ကာ အလွန်ပင် စိတ်လှုပ်ရှားနေ၏။ ဒီနေ့သည် သူမအတွက် အိမ်မက်ဆန်သော နေ့တစ်နေ့ပင်ဖြစ်သည်။

သူမ၏ဘေးတွင် ထိုင်နေသော အမျိုးသားမှာ... သူမ၏ အစ်ကိုထက်ပင် ပို၍ ချမ်းသာနေသည် မဟုတ်လား! အမှန်တော့ ဤကားအရောင်းဆိုင်မှာ သူမ၏ အစ်ကိုအရင်း ဖွင့်ထားခြင်းဖြစ်ပြီး သူမက အတွေ့အကြုံရရန် လာလုပ်နေခြင်းသာဖြစ်သည်။ သူမ၏အစ်ကိုမှာ မိဘများဆီမှ ကားရောင်းမည်ဟု အကြောင်းပြကာ ပိုက်ဆံတောင်းပြီး ကားများစုဆောင်းကာ ကစားနေခြင်းဖြစ်သဖြင့် ကားရောင်းရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ဂရုမစိုက်လှပေ။

သို့သော် လင်းယန်၏ရက်ရောမှုက သူမ၏အတွေးများကို လုံးဝ ပြောင်းလဲပစ်လိုက်သည်။

"သူ့ဝတ်စုံက ချမ်းသာတဲ့ပုံ မပေါက်ပေမဲ့ သူ့ကတ်ထဲက လက်ကျန်ငွေက... ငါတို့မိသားစု ပိုင်ဆိုင်မှုထက်တောင် ပိုများနေပါလား!"

"ဒီကားက အကောင်းဆုံးတွေ ထည့်ပြီးရင်တောင် ၅ သန်းကျော်ပဲ ရှိတာကို၊ သူက ၆ သန်းကို မျက်တောင်တစ်ချက် မခတ်ဘဲ ပေးလိုက်တာ"

"စောစောက 'မီးစက် ဝယ်စရာ မလိုတော့ဘူး' ဆိုတာကကော ဘာအဓိပ္ပာယ်လဲ"

ဖုန်းအားသွင်းဖို့အတွက် ကားတစ်စီး ဝယ်လိုက်တာလား။ ပါဝါဘန့်ဝယ်တာ ပိုမကောင်းဘူးလား။ သူဌေးတွေရဲ့ကမ္ဘာကို နားမလည်နိုင်တော့ဘူး! ကားဝယ်ပြီးမှ လိုင်စင်မရှိတာ သိရတာကလည်း ထူးဆန်းလှသည်။

သိချင်စိတ်နှင့်အတူ ချင်စုစုသည် လင်းယန်၏ ကိုယ်ပိုင်ယာဉ်မောင်း ဖြစ်လာခဲ့သည်။

"လင်းကောက ဘာအလုပ်လုပ်တာလဲဟင်" ချင်စုစု မနေနိုင်ဘဲ မေးလိုက်သည်။

"လယ်စိုက်တာလေ"

ချင်စုစု မျက်လုံးပြူးသွားရသည်။ ဘယ်သူ့ကို လာလိမ်နေတာလဲ! ဒီဘက်ခေတ်မှာ လယ်စိုက်တာက ဒီလောက်တောင် ချမ်းသာလို့လား။ ကတ်ထဲမှာ သန်းပေါင်း ရာချီရှိနေတာလေ!

"လင်းကောကလည်း နောက်တာ ဝါသနာပါတာပဲ"

လင်းယန် နှာခေါင်းလေးကို ပွတ်ကာ ဆက်မပြောတော့ပေ။

"သွားကြစို့၊ ကျွန်တော် ပစ္စည်းအချို့ ဝယ်ဖို့ ကူညီပေးပါဦး"

"ဟုတ်ကဲ့ ရပါတယ်၊ ဘယ်ကို သွားမှာလဲ"

"ကုန်စိမ်းဒိုင်ကို"

"..."

ချင်စုစု ကားကို သစ်ပင်နှင့် တိုက်မိမလို ဖြစ်သွားရသည်။ ဒီလို ကားကောင်းကြီးကိုစီးပြီး ကုန်စိမ်းဒိုင် သွားမယ်တဲ့လား။ ဘာတွေ တွေးနေတာလဲ။

"လင်းကော... မနောက်ပါနဲ့"

"ကျွန်တော့်ပုံစံက နောက်နေတဲ့ပုံ ပေါက်လို့လား။ သွားကြစို့"

ချင်စုစုသည် လင်းယန်က ပေါက်တူး၊ ဂေါ်ပြား၊ ပေါက်ချွန်း စသည့် လယ်ယာသုံး ကိရိယာများကို ဝယ်ယူနေသည်ကို မြင်သောအခါ စိတ်ထဲ၌ တစ်မျိုးကြီး ဖြစ်သွားရသည်။ ထို့နောက် လင်းယန်သည် ထိုကိရိယာများကို ကားနောက်ခန်းသို့ ပေါ့ပေါ့ပါးပါးပင် ပစ်ထည့်လိုက်သောအခါ သူမ လုံးဝ စိတ်ပျက်သွားတော့သည်။

ဒါက ယွမ် ၆ သန်းတန်တဲ့ ကားကြီးလေ! လမ်ဘော်ဂီနီဆိုတာ လူတိုင်း အိမ်မက်မက်ရတဲ့ ကားမျိုး မဟုတ်လား! ဒါကြီးကို လယ်ယာသုံး ပစ္စည်းတွေ တင်ဖို့ သုံးတယ်တဲ့လား။ တကယ်ကို ရူးနေတာပဲ!

သို့သော် ဤသည်မှာ အစသာ ရှိပါသေးသည်။

***

စူပါ-ဖမ်း(SFS)

အခန်း ၂၂ ။ Presidential Suiteကို ဂိုဒေါင်အဖြစ် အသုံးပြုခြင်း

၆ သန်း တန် လမ်ဘော်ဂီနီကို လယ်ယာသုံးယာဉ်အဖြစ် ဘယ်သူကများ အသုံးပြုမှာလဲ။

အများစုမှာ အိမ်တွင်သာ အမြတ်တနိုး သိမ်းဆည်းထားတတ်ကြပြီး၊ ရံဖန်ရံခါမှသာ ထုတ်မောင်းလေ့ ရှိကြသည်။

သို့သော်လည်း...

လင်းယန်သည် ထိုကားကို လယ်ယာသုံးယာဉ်အဖြစ်သာ လုံးလုံးလျားလျား သဘောထားလေသည်။

လမ်ဘော်ဂီနီကို ဘာကြောင့် တွေဝေမနေဘဲ ဝယ်ယူခဲ့သလဲဆိုသည့် အကြောင်းရင်းမှာလည်း အလွန်ရိုးရှင်းပါသည်။

မူလက လမ်ဘော်ဂီနီသည် ထရက်တာထုတ်လုပ်သည့် ကုမ္ပဏီဖြစ်ခဲ့သောကြောင့်ပင်။

တောတောင်အနှံ့ မောင်းနှင်နိုင်စွမ်း အကောင်းဆုံးမှာ အမှန်စင်စစ် ထရက်တာများ ဖြစ်ကြသည်။

နှမြောစရာကောင်းသည်မှာ လင်းယန်အနေဖြင့် ထရက်တာ ဝယ်၍မရခြင်းဖြစ်၏။

ရွာတွင် ဒီဇယ်ဆီရရန် မလွယ်ကူသည်မှာ အဓိက အကြောင်းရင်းပင်။

"ကောင်းတယ်၊ ကားက တော်တော်ကြီးတာပဲ၊ ပစ္စည်းတွေ အများကြီး ဆံ့မှာပဲ။"

လင်းယန်သည် ဤကား၏ ပစ္စည်းတင်ဆောင်နိုင်စွမ်းအပေါ် အတော်လေး စိတ်ကျေနပ်မှု ရှိနေသည်။

ဘေးမှ နားထောင်နေသော ချင်စုစုမှာမူ ရင်ဘတ်ထဲ တဆစ်ဆစ် နာကျင်နေရလေသည်။

ရှင် ဒီကား ဘယ်လောက်တန်လဲဆိုတာကိုလည်း ကြည့်ပါဦးလား!

ထို့နောက် လင်းယန်သည် ခရိုင်မြို့ရှိ အကောင်းဆုံး ကုန်တိုက်သို့ တိုက်ရိုက်သွားကာ ပစ္စည်းများကို အလုံးအရင်းနှင့် ဝယ်ယူတော့သည်။

ရှောင်ဝူသည် နှစ်ပေါင်းများစွာ ဆင်းရဲပင်ပန်းစွာ နေထိုင်ခဲ့ရသဖြင့် သူမအတွက် ကောင်းမွန်သော ပစ္စည်းများကို များများဝယ်ပေးရန် သူ ဆုံးဖြတ်ထားသည်။

ထိုအထဲတွင် စူးရို့ရို့အတွက် လက်ဆောင်များလည်း ပါဝင်သလို၊ ရွာသားများအတွက် လက်ဆောင်များလည်း ပါဝင်လေသည်။

ချင်စုစုသည် အံ့သြလွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်နေရ၏။

ဒါက ဈေးဝယ်နေခြင်း မဟုတ်တော့ဘဲ...

ကုန်ပစ္စည်းများ သိုလှောင်ရန်အတွက် လက်ကား ဝယ်ယူနေခြင်းနှင့် ပိုတူနေသည်။

ထောင်ဂဏန်း၊ သောင်းဂဏန်း တန်သည့် ပစ္စည်းများကို မျက်တောင်တစ်ချက်မခတ်ဘဲ ဝယ်ယူနေပြီး အားလုံးကို ထုပ်ပိုးခိုင်းလိုက်သည်။

ငါ့အိမ်က ချမ်းသာတယ်ဆိုပေမဲ့ သူနဲ့ယှဉ်ရင် ငါက တကယ့် တောသားလေးလိုပဲ။

ချင်စုစုမှာ မျက်ရည်ပင် ဝဲချင်လာသည်။

ကားထဲတွင် ပစ္စည်းများ ပြည့်လုနီးပါး ဖြစ်သွားသည့်တိုင် လင်းယန်မှာမူ အားမရသေးပုံပေါ်သည်။

"သုံးသန်းတောင် မကုန်သေးပါလား။"

"ငါက ငွေတွေကို အလဟဿ သုံးပစ်တဲ့ ခံစားချက်မျိုးကို စမ်းကြည့်ချင်နေတာ..."

ချင်စုစုမှာ သွေးအန်ချင်စိတ်ပင် ပေါက်လာရသည်။

ကံကောင်းသည်မှာ ချင်စုစုက ပစ္စည်းများ ဝိုင်းကူသယ်ပေးနေသဖြင့် လင်းယန်က ယွမ် သုံးသောင်းကျော်တန် Chanel အိတ်တစ်လုံးကို လက်ဆောင်အဖြစ် ပေးလိုက်ခြင်းပင်။

ချင်စုစုမှာ ပျော်လွန်းသဖြင့် မျက်ရည်များပင် ဝဲလာသည်။

"ဒီအိတ်ကို ကျွန်မ အစ်ကိုအရင်းတောင် ဝယ်မပေးချင်ဘူး။ အခုကစပြီး ရှင်က ကျွန်မရဲ့ အစ်ကိုအရင်းပဲ။"

မိန်းကလေးတိုင်း အိတ်ကို နှစ်သက်ကြသည်မှာ ချင်စုစုလည်း ကင်းလွတ်ခွင့် မရပေ။

"ဒါက ငါ့ရဲ့ ဒရိုင်ဘာအဖြစ် လုပ်ပေးတဲ့အတွက် ပေးတဲ့ ဘောနပ်စ်လို့ သဘောထားလိုက်။"

"ကျေးဇူးတင်ပါတယ် သူဌေး၊ ကျွန်မတို့ နောက်ထပ် ဘယ်သွားကြမလဲ။"

"ဟိုတယ် ပြန်မယ်။"

"သူဌေး... ကျွန်မက အဲ့ဒီလို မိန်းကလေးမျိုး မဟုတ်ဘူးနော်။"

ချင်စုစုက လက်ဆောင်ရထားသော အိတ်ကို ချက်ချင်း ပြန်တွန်းပေးလိုက်သည်။

"မင်း ဘာတွေ လျှောက်တွေးနေတာလဲ။ ဟိုတယ်မှာ ပစ္စည်းတွေ အရင်ချမယ်၊ ပြီးရင် နောက်ထပ် ပြန်လာဝယ်ဦးမှာ။"

"......"

ချင်စုစုမှာ ငိုအားထက်ရယ်အားသန် ဖြစ်သွားရသည်။

.....

လင်းယန်သည် အသွားအပြန် သုံးခေါက်တိုင်တိုင် ပစ္စည်းများကို ဝယ်ယူခဲ့သည်။

လယ်ယာသုံးပစ္စည်းများမှစ၍ နေ့စဉ်သုံးပစ္စည်းများ၊ ရွာအတွက် လိုအပ်သည့် အသားငါး စသည်ဖြင့် အားလုံးမှာ လူနေမှုအတွက် မရှိမဖြစ် လိုအပ်သည့် အရာများချည်းဖြစ်သည်။

တည်းခိုသည့် ဟိုတယ်ခန်းထဲတွင် ပစ္စည်းများ မဆံ့တော့သဖြင့် နောက်ဆုံးတွင် လင်းယန်မှာ Presidential Suite ကိုသာ ငှားရမ်းလိုက်ရတော့သည်။

အခြားနေရာများတွင် Presidential Suite တစ်ညလျှင် သောင်းဂဏန်းအထက် ပို၍ပင် ဈေးကြီးတတ်သော်လည်း ခရိုင်မြို့တွင်မူ ၁၀၀၀ ကျော်သာ ကျသင့်သည်။

ထို့ကြောင့် လင်းယန်သည် တစ်နှစ်စာအတွက် ကြိုတင်ငှားလိုက်ရာ ယွမ်လေးသိန်းပင် မပြည့်ချေ။

ဤသည်မှာ တကယ့်ကို အသုံးအဖြုန်းကြီးသော လုပ်ရပ်ပင်။

ဒါပေမဲ့ ဒီလို ခရိုင်မြို့လေးမှာ ဇိမ်ခံတယ်ဆိုတာကလည်း ဘယ်လောက်အထိ ရှိမှာမို့လို့လဲ။

Presidential Suiteကို ငှားရသည့် နောက်ထပ် အကြောင်းရင်းမှာ ကိုယ်ပိုင်ဝန်ဆောင်မှုပေးမည့်သူ နှစ်ဦး ပါဝင်သောကြောင့်ဖြစ်သည်။

သူတို့က ပစ္စည်းများ သယ်ပေးရာတွင် အခကြေးငွေ ထပ်ပေးရန် မလိုတော့ပေ။

ချင်စုစုမှာမူ မျက်နှာငယ်လေးဖြင့် ညည်းညူနေတော့သည်။

"ကောင်းလှပါတယ်ဆိုတဲ့ Presidential Suiteကြီးက ဘာလို့ ဂိုဒေါင်တစ်ခုလို ဖြစ်နေရတာလဲ။"

"ပြီးတော့..."

"သူ့ခွန်အားက ဘာလို့ ဒီလောက်တောင် ကြီးနေရတာလဲ။"

ချင်စုစု၏အသိအမြင်များမှာ လုံးဝ ပြောင်းလဲသွားရသည်။

လင်းယန်၏ အလုံးအရင်းနဲ့ ဈေးဝယ်မှုသည် ဟိုတယ်အတွင်းရှိ လူအများအပြားကိုလည်း အာရုံစိုက်မိစေသည်။

ထမင်းစားပြီး ပြန်လာသည့် လီရှောင်ချီသည် လင်းယန်ကို တစ်ချက်ကြည့်လိုက်ပြီးမှ မျက်နှာလွှဲသွားလေသည်။

"ဟိုတယ်မှာ နေတာကို ဘာလို့ ပစ္စည်းတွေ အများကြီး သယ်လာရတာလဲ..."

ပစ္စည်းများ များလွန်းသဖြင့် လင်းယန်၏မျက်နှာကို ဖုံးကွယ်ထားသကဲ့သို့ ဖြစ်နေသည်။

သူမ ရှာဖွေနေသည့် 'ဖရဲသီးကိုကို' မှာ သူမရှေ့တွင် ရှိနေသည်ကို သူမ လုံးဝ မသိရှိပေ။

"ငါ ဒီမှာ အကြာကြီး နေလို့မရဘူး၊ ဗီဒီယိုတွေ ပြန်ဖန်တီးဖို့ လိုသေးတယ်။"

"အခုတော့ အရင်ပြန်လိုက်တာပဲ ကောင်းမယ်၊ အခွင့်အရေးရရင် ဖရဲသီးကိုကိုရဲ့ ဖန်တွေက ငါ့ကို ဆက်သွယ်လာမှာပါ။"

လီရှောင်ချီသည် အနည်းငယ် နှမြောတောင့်တ ဖြစ်နေသည်။

နိုင်ငံတကာအဆင့်မီ အင်တာနက်ဆယ်လီတစ်ဦးအနေဖြင့် သူမ၏ ဗီဒီယိုတစ်ခုချင်းစီအတွက် အချိန်အများကြီးယူရလေ့ရှိသည်။

အစားအသောက်ဆိုင်ရာ ဗီဒီယိုတိုများမှာလည်း မှတ်တမ်းတင်ရုပ်ရှင်များနှင့် ပိုတူသည်။

သူမအနေဖြင့် လင်းယန်ကို ထပ်မံရှာဖွေရန် အချိန်မရှိတော့ပေ၊ ချင်းရှန်းရွာကိုလည်း သူမ ရှာမတွေ့ခဲ့ပေ။

သို့သော် သူမ မသိသည်မှာ သူမသည် လင်းယန်နှင့် ယခုလေးတင် ပခုံးချင်းတိုက် လွဲချော်သွားခဲ့ခြင်းပင်။

မည်သူမဆို...

တောင်ပေါ်တွင် ဖရဲသီးစိုက်သည့် အမျိုးသားတစ်ဦးသည် မျက်စိတစ်မှိတ်အတွင်း ဇိမ်ခံကားကြီးကို စီးပြီး ဇိမ်ခံဟိုတယ်တွင် နေထိုင်နိုင်လိမ့်မည်ဟု မည်သို့မှ ထင်မှတ်ထားမည် မဟုတ်ပေ။

.....

လွတ်နေသော အခန်းသုံးခန်းလုံးတွင် ပစ္စည်းများ ပြည့်သွားမှသာ လင်းယန်သည် သက်ပြင်းချနိုင်တော့သည်။

ချင်စုစုမှာမူ ဆိုဖာပေါ်သို့ ခွေခနဲ လဲကျသွားလေသည်။

ခုနက ရထားသည့် အိတ်မှာ တကယ်ကို ရှုံးလှသည်။

သူမအနေဖြင့် ပို၍ ဈေးကြီးသည့် အရာကို တောင်းခဲ့သင့်သည်!

သူမကို တကယ့် ကျွန်တစ်ယောက်လို ခိုင်းစေခဲ့ခြင်း မဟုတ်လား။

ခဏနားပြီးနောက် ချင်စုစုသည် ပြဿနာတစ်ခုကို သတိပြုမိသွားသည်။

လင်းယန်သည် ပစ္စည်းများစွာ ဝယ်ခဲ့သော်လည်း သူ့အတွက်မူ ဘာမှ ဝယ်မထားပေ။

"လင်းကော၊ ရှင် ကိုယ့်အတွက် သင့်တော်တဲ့ အဝတ်အစားတွေ မဝယ်ဘူးလား။"

"ဘာလဲ။"

"သင့်တော်တဲ့ Suit တွေလေ။ မဟုတ်ရင် ရှင့်ရဲ့ အဆင့်အတန်းနဲ့ မလိုက်ဖက်ဘဲ နေလိမ့်မယ်။"

"လယ်ထဲဆင်းပြီး အလုပ်လုပ်ရင် ဝတ်ရတာ အဆင်မပြေဘူး။"

"......"

ချင်စုစုမှာ ဆွံ့အသွားရသည်။

အခုထိ ဟန်ဆောင်နေတုန်းပဲ!

ဒီလောက် ကြည့်ကောင်းပြီး ရုပ်ဖြောင့်တဲ့သူက ဘာဖြစ်လို့ လယ်သမားတစ်ယောက်လို ဟန်ဆောင်နေရတာလဲ။

ပြီးတော့ လယ်ယာသုံးပစ္စည်းတွေနဲ့တင် အခန်းတစ်ခန်း ပြည့်နေပြီ!

လင်းယန်၏ မျက်လုံးထဲတွင်မူ ဤယွမ်သိန်းဆယ်ဂဏန်းတန် လယ်ယာသုံးပစ္စည်းများမှာ ၆သန်းတန် ဇိမ်ခံကားထက်ပင် ပို၍ တန်ဖိုးရှိနေပုံရသည်။

ဒါက ဘယ်လို တန်ဖိုးထားမှုမျိုးပါလိမ့်။

ချင်စုစု လုံးဝ နားမလည်နိုင်တော့ပေ။

....

အနားယူပြီးနောက် လင်းယန်သည် သူမကို ခေါ်ကာ ဟိုတယ်၌ပင် ထမင်းစားလိုက်သည်။

ဟိုတယ်က အခန်းသို့ အစားအသောက်များ ပို့ပေးနိုင်သော်လည်း၊ ဝန်ဆောင်မှုပေးသူ နှစ်ဦးမှာ အလွန်ပင်ပန်းနေသဖြင့် လင်းယန် စိတ်မကောင်းဖြစ်ကာ မခိုင်းတော့ခြင်းပင်။

စားသောက်ခန်းမှာ အတော်လေး ကျယ်ဝန်းပြီး ဟင်းအနည်းငယ်နှင့် ထမင်းကို မှာယူလိုက်ကာ လင်းယန်သည် နောက်ထပ် လုပ်ဆောင်ရမည့် အလုပ်များကို စဉ်းစားနေမိသည်။

လမ်းဖောက်ခြင်း!

သို့သော် ယခုအချိန်အထိ မည်သည့် လမ်းစမျှ မရှိသေးပေ။

ထိုစဉ် ဖုန်းပြောနေသော အသံတစ်ခုက လင်းယန်၏အာရုံကို ဖမ်းစားလိုက်သည်။

"သူဌေး၊ အန်းခရိုင်ဘက်က အဲ့ဒီလမ်းကို ဖောက်ဖို့ ငွေမထုတ်ပေးနိုင်ဘူးလို့ ပြောပါတယ်။"

"ကျွန်မတို့က အရင်းဈေးနဲ့ ဖောက်ပေးမယ်ဆိုရင်တောင် သန်းနဲ့ချီ ကုန်ကျမှာပါ။ ဝေးလံခေါင်ဖျားတဲ့ တောင်ပေါ်ရွာလေး တစ်ရွာအတွက်ဆိုရင်တော့ တကယ်ကို မထိုက်တန်ပါဘူး။"

"ဟုတ်ကဲ့၊ ကျွန်မ မနက်ဖြန် ကုမ္ပဏီကို ပြန်လာခဲ့ပါ့မယ်။"

လင်းယန် လှည့်ကြည့်လိုက်သောအခါ အသက် ၂၇-၂၈ ခန့်ရှိမည့် အလုပ်ခွင်ဝတ်စုံနှင့် ထက်မြက်ပုံရသော အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသည်။ သူမ၏ မျက်နှာပေါ်တွင် စိတ်ပျက်အားငယ်မှုများ ပြည့်နှက်နေ၏။

သူမမှာ ထမင်းပင် စားချင်စိတ် မရှိတော့ပုံရသည်။

လင်းယန်သည်လည်း ထမင်းစားချင်စိတ် ပျောက်ဆုံးသွားပြီး ထမင်းစားကိရိယာများကို ချကာ သူမရှိရာသို့ တိုက်ရိုက် လျှောက်သွားလိုက်သည်။

လမ်းဖောက်နိုင်မည့် မည်သည့် အခွင့်အရေးကိုမျှ သူ လက်လွတ်မခံလိုပေ။

ထိုစဉ် သုန့်ချင်းချင်းသည် အလွန် စိတ်မသက်မသာ ဖြစ်နေသည်။

ကျန်းချန် အမှတ် (၂) ဆောက်လုပ်ရေး လုပ်ငန်းသည် တည်ထောင်ခဲ့သည်မှာ နှစ်ပေါင်း ၅၀ ကျော်ပြီဖြစ်ပြီး၊ ကျန်းပြည်နယ်တစ်ခုလုံးတွင် ထိပ်တန်းစာရင်းဝင် ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုလည်း ဖြစ်သည်။

သို့သော်လည်း ကပ်ရောဂါ အခြေအနေများကြောင့် သူတို့ လုပ်ငန်းများ မရရှိသည်မှာ အတော်ကြာပြီ ဖြစ်သည်။

မကြာသေးမီက အွန်လိုင်းတွင် ပျံ့နှံ့နေသော ချင်းရှန်းရွာသားများ၏ ဆန္ဒကို သိရှိပြီးနောက် သူတို့သည် လာရောက် ညှိနှိုင်းခဲ့ခြင်းဖြစ်သည်။

အခြားကြောင့် မဟုတ်ဘဲ 'ဖရဲသီးကိုကို' ၏ လူကြိုက်များမှုကို အသုံးချကာ ကျန်းချန် အမှတ် (၂) ဆောက်လုပ်ရေးအတွက် ကြော်ငြာလိုသောကြောင့်ပင်။

တစ်ဖက်ကကြည့်လျှင်လည်း ကုသိုလ်ကောင်းမှု ပြုခြင်းလည်း ဖြစ်သည်။

သို့သော်လည်း...

အန်းခရိုင်နှင့် ညှိနှိုင်းပြီးနောက်မှသာ ယင်း၏ ခက်ခဲမှုကို သိရှိခဲ့ရသည်။

မူလက ကျန်းချန် အမှတ် (၂) ဆောက်လုပ်ရေးသည် တိုက်ရိုက် လှူဒါန်းရန်ပင် စဉ်းစားခဲ့သေးသည်။

သို့သော် ခန့်မှန်းကုန်ကျစရိတ်ကို ကြားသိပြီးနောက်တွင်မူ...

လူတိုင်း နောက်ဆုတ်သွားကြတော့သည်။

အမှန်တော့ နောက်ဆုတ်သွားသူမှာ သူတို့ တစ်ဖွဲ့တည်း မဟုတ်ပေ။

သို့သော်လည်း။

သူမ၏ ဖုန်းပြောသံကို လင်းယန်က အမှတ်မထင် ကြားသွားခဲ့ခြင်းပင်။

ဤသို့သော အခွင့်အရေးမှာ နှစ်တစ်ရာတွင် တစ်ခါသာ ကြုံရတတ်သည့် အခွင့်အရေးမျိုး ဖြစ်သည်။

"မင်းပြောနေတာ ချင်းရှန်းရွာကို သွားတဲ့ လမ်းအကြောင်း မဟုတ်လား။"

"အဲ့ဒီလမ်းကို ဖောက်ဖို့ ကျွန်တော် ကိုယ်တိုင် ငွေထုတ်ပေးပါ့မယ်။"

"မင်းတို့... တကယ်ပဲ ဖောက်ပေးနိုင်မလား။"

လင်းယန်၏အသံမှာ သိသိသာသာ တုန်ရင်နေသည်။

သူ့မျှော်လင့်ချက်များ ပျက်စီးသွားမည်ကို သူ အလွန် စိုးရိမ်နေမိသည်။

"အဲ့ဒီလမ်းက အရမ်း ဈေးကြီးတယ်၊ ပြီးတော့ ဖောက်ဖို့လည်း မလိုအပ်ဘူး။"

သုန့်ချင်းချင်းသည် ကုမ္ပဏီ၏ နောက်ဆုံး ဆုံးဖြတ်ချက်ကို စိတ်တိုတိုဖြင့် ပြောလိုက်သည်။

သို့သော် သူမ ခေါင်းမော့ကြည့်လိုက်သည့်အခါတွင်မူ လုံးဝ မှင်သက်သွားရတော့သည်။

အရမ်း ချောတာပဲ!

ဒီလို နေရာမျိုးမှာ ဒီလောက် ကြည့်ကောင်းတဲ့ အမျိုးသား ရှိနေလိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ။

ရိုးရှင်းသော အဝတ်အစားများကို ဝတ်ဆင်ထားသော်လည်း၊ ကြည်လင်သော မျက်လုံးများထဲတွင် ခန့်ညားထည်ဝါမှုများ ကိန်းအောင်းနေသည်။

သူ့ဇာတ်ကြောင်းကိုပင် စူးစမ်းလိုစိတ်များ တဖွားဖွား ဖြစ်ပေါ်လာစေသည်။

သို့သော် မကြာမီမှာပင် သုန့်ချင်းချင်း သတိပြန်ဝင်လာသည်။

"ဖရဲသီးကိုကို?"

***

All Chapters