← Chapters

အခန်း (၂၃-၂၄)

Vol. 2 Ch. 23-24

အခန်း (၂၃-၂၄)

Vol. 2 Ch. 23-24

စူပါ-ဖမ်း(SFS)

အခန်း ၂၃ ။ သူမ ရှင့်ကိုကြည့်တဲ့ အကြည့်က မရိုးသားဘူး

"မင်္ဂလာပါ၊ ကျွန်တော်က လင်းယန်ပါ။"

"မင်္ဂလာပါ၊ ကျွန်မက သုန့်ချင်းချင်းပါ။ ရှောင်လင်းက ဗီဒီယိုထဲမှာထက်တောင် အများကြီး ပိုချောနေပါလား။"

သုန့်ချင်းချင်း၏ စူးရှလှပသော မျက်ဝန်းအစုံသည် လင်းယန်၏ ကိုယ်ပေါ်တွင် ဝေ့ဝဲနေတော့သည်။ သူမသည် စိတ်ထဲ၌ပင် အလွန်ပျော်ရွှင်နေ၏။ သူမသည်လည်း ဗီဒီယိုတိုများ ကြည့်ရသည်ကို ဝါသနာပါသူဖြစ်ပြီး၊ လင်းယန်၏ ဗီဒီယိုကို တွေ့စဉ်ကတည်းက စွဲလန်းခဲ့ရသူ ဖြစ်သည်။

သူမသည် ထိုဗီဒီယိုအောက်တွင် "မောင်လေး... မာမားရင်ခွင်ထဲကို အမြန်လာခဲ့စမ်း" ဟုပင် ကောမန့် ရေးခဲ့ဖူးသည်။

သို့သော်... လင်းယန်ကိုယ်တိုင်နှင့် ယခုကဲ့သို့ ဆုံတွေ့ရလိမ့်မည်ဟု သူမ မထင်ထားခဲ့ချေ။ လူ့ဘဝဆိုသည်မှာ တကယ်ပင် ဆန်းကြယ်လှပေသည်။

နှစ်ဦးသား လက်ဆွဲနှုတ်ဆက်ပြီးနောက် ထိုင်ခုံတွင် ဝင်ထိုင်လိုက်ကြသည်။ သို့သော်... လင်းယန်သည် သုန့်ချင်းချင်းကို တွေ့ရသဖြင့် သိသိသာသာ စိတ်လှုပ်ရှားနေ၏။ လမ်းဖောက်ရန်အတွက် လမ်းစ ပေါ်လာပြီ မဟုတ်လား!

အပြန်အလှန် ဆွေးနွေးပြီးနောက်တွင် လင်းယန်သည် အခြေအနေအရပ်ရပ်ကို သဘောပေါက်သွားခဲ့သည်။ လမ်းဖောက်နိုင်သော ဆောက်လုပ်ရေးကုမ္ပဏီများသည် ခရိုင်အဆင့် တာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့ကြသော်လည်း၊ ခရိုင်ဘက်မှ ငွေမထုတ်ပေးနိုင်သဖြင့် မည်မျှပင် လျှော့ဈေးပေးပါစေ အရာမထင်ခဲ့ကြချေ။ လူအများအပြားလည်း လက်လျှော့သွားခဲ့ကြပြီ ဖြစ်သည်။

အဓိက ပြဿနာမှာ ငွေကြေးသာ ဖြစ်၏။

"ဒီလမ်းကို ဖောက်ဖို့ဆိုရင် ဥမင်တူးစက်တွေ သုံးပြီး တူးရမှာပေါ့နော်" လင်းယန်က သုန့်ချင်းချင်းတို့ဘက်မှ လုပ်နိုင်စွမ်းကို သိလိုသဖြင့် စမ်းသပ်မေးမြန်းလိုက်သည်။

"စိတ်ချပါ၊ ကျွန်မတို့ အမှတ် ၂ ဆောက်လုပ်ရေးမှာ ဥမင်တူးစက် နှစ်လုံးရှိပါတယ်၊ ချက်ချင်း အသုံးပြုလို့ ရပါတယ်။ လိုအပ်ရင် တခြားနေရာကနေလည်း ထပ်ငှားလို့ ရပါသေးတယ်။ ကျွန်မတို့က ကျန်းချန် မြေအောက်ရထားလမ်းတွေ၊ အမြန်လမ်းမကြီးတွေကို ဖောက်လုပ်ခဲ့တာဆိုတော့ ချင်းရှန်းရွာကိုသွားမယ့် လမ်းကို ဖောက်ဖို့က ဘာမှပြဿနာမရှိပါဘူး။ ဒါပေမဲ့ ကျွန်မတို့ဘက်က တစ်ခုပဲ လိုချင်တာက 'ဖရဲသီးကိုကို' ရဲ့ အင်တာနက်ပေါ်က နာမည်ကြီးမှုကို အသုံးပြုပြီး ကြော်ငြာခွင့် ရဖို့ပါပဲ။"

"ရတာပေါ့၊ ပြဿနာမရှိပါဘူး" လင်းယန်က တုံ့ဆိုင်းမနေဘဲ သဘောတူလိုက်သည်။ အင်တာနက် နာမည်ကြီးမှုဆိုသည်မှာ သူ့အတွက် အသုံးမဝင်လှပေ။ လမ်းဖောက်နိုင်ရေးကသာ အဓိက ဖြစ်သည်။

"ဘယ်တော့ စလုပ်မှာလဲ။ အခုပဲ စရန်ငွေ ပေးလို့ ရပါတယ်"

သုန့်ချင်းချင်းက မျက်မှောင်ကြုတ်လိုက်ကာ -

"ရှင်က လယ်သမားတစ်ယောက် မဟုတ်လား၊ ဘယ်လိုလုပ် ဒီလောက် ပိုက်ဆံအများကြီး ရှိနေရတာလဲ"

ဘေးမှ အောင့်ထားရသည်မှာ ကြာပြီဖြစ်သော ချင်စုစုက မနေနိုင်တော့ဘဲ ဝင်ပြောတော့သည်။

"လယ်သမားလို ဟန်ဆောင်နေတာက သူ့ရဲ့ ဝါသနာထူးလေ"

ချင်စုစု ဤစကားကို ပြောချင်နေသည်မှာ ကြာလှပြီ! လယ်သမားတစ်ယောက်က ကုန်တိုက်မှာ ပစ္စည်းတွေကို သိမ်းကျုံးဝယ်နိုင်ပါ့မလား။ လယ်သမားတစ်ယောက်က ယွမ် ၆ သန်းတန် ကားကို မျက်တောင်မခတ်ဘဲ ဝယ်နိုင်ပါ့မလား။ လယ်သမားတစ်ယောက်က Presidential Suiteကို ငှားပြီး ဂိုဒေါင်အဖြစ် သုံးပါ့မလား။

ဘာတွေ လာပြောနေတာလဲ! ဒီကမ္ဘာပေါ်မှာ အဲဒီလို လယ်သမားမျိုး မရှိပါဘူး။

လင်းယန်ကတော့ ပြုံးနေပြီး ဟိုတယ်ဝန်ထမ်းကို ကတ်ဖတ်စက်တစ်ခု ယူလာခိုင်းလိုက်သည်။ မိမိ၏ ဘဏ်လက်ကျန်ငွေကို ပြသရန်မှာလည်း လိုအပ်သည် မဟုတ်လား။

"လောက်ရဲ့လား"

သုန့်ချင်းချင်း ချက်ချင်း ခေါင်းညိတ်လိုက်သည်။ "ကျွန်မ အခုပဲ ကုမ္ပဏီကို ဖုန်းဆက်လိုက်ပါ့မယ်!"

သုန့်ချင်းချင်းသည် သူမ၏ သွယ်လျသော ခါးလေးကို လှုပ်ခါကာ ထွက်သွားပြီး ကုမ္ပဏီနှင့် ညှိနှိုင်းနေသည်ကို လင်းယန် ကြည့်နေမိသည်။ မကြာမီမှာပင် သူမသည် ဝမ်းသာအားရ ပြန်လာ၏။

"ကုမ္ပဏီက တိုင်းတာစစ်ဆေးရေးအဖွဲ့က မနက်ဖြန် ရောက်လာပါလိမ့်မယ်"

"ကောင်းပြီလေ၊ ခင်ဗျားတို့ တိုင်းတာပြီးတာနဲ့ ကျွန်တော် စရန်ငွေ ပေးမယ်။ ဒီလမ်းကို မြန်မြန်ပြီးလေ ပိုကောင်းလေပဲ"

"ရပါတယ်၊ ရှောင်လင်း... ညကျရင် ကျွန်မတို့ အတူတူ ထမင်းစားကြမလား"

သို့သော် ချင်စုစုက လင်းယန်ကို ချက်ချင်းဆွဲခေါ်ကာ သူမကိုယ်စား ပြန်ဖြေလိုက်သည်။

"မစားတော့ပါဘူး၊ ခဏနေရင် ကျွန်မတို့ လုပ်စရာကိစ္စတွေ ရှိသေးတယ်"

"ဒါဆိုရင်တော့ ဆက်သွယ်ဖို့ လိပ်စာလေး ပေးထားပါဦး" သုန့်ချင်းချင်း၏ မျက်ဝန်းထဲတွင် နှမြောတသဖြစ်မှုများ အထင်အရှား ပေါ်နေသည်။

......

နှစ်ဦးသား အဆက်အသွယ်များ လဲလှယ်ပြီးနောက် လင်းယန်ကို ချင်စုစုက ဆွဲခေါ်သွားတော့သည်။

"ဘာလုပ်စရာ ရှိလို့လဲ" လင်းယန်က ချင်စုစုကို စနောက်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။

"သူ ရှင့်ကိုကြည့်တဲ့ အကြည့်က မရိုးသားဘူး၊ ရှင် အရှုံးပေါ်သွားမှာ စိုးလို့"

"ငါက ဘာအရှုံးပေါ်မှာလဲ"

"သူက အိုနေပြီလေ"

"..."

လင်းယန် တစ်ယောက် စကားမပြောနိုင်တော့ပေ။ ၂၇၊ ၂၈ နှစ်ကို အိုတယ်လို့ ခေါ်လို့ရမလား။ သုန့်ချင်းချင်းဆိုတာ တကယ့်ကို ရင့်ကျက်ပြီး ဆွဲဆောင်မှုရှိတဲ့ အစ်မကြီးတစ်ယောက်ပဲ မဟုတ်လား...။ ဒီကလေးမလေးကတော့ ငါ့ရဲ့ အခွင့်အရေးတွေကို လာဖျက်ဆီးနေတာပဲ။

လင်းယန် ခေါင်းယမ်းကာ ဆက်မစဉ်းစားတော့ပေ။ အဲဒီလိုကိစ္စမျိုးက ဇွတ်လုပ်လို့ မရပါဘူး။ ထို့ပြင်... သူကလည်း တွေ့ကရာလူနဲ့ တွဲတတ်တဲ့သူ မဟုတ်ပေ။

"မနက်ဖြန် ငါ ကားမောင်းပြီး တောင်ထဲဝင်မယ်။ ဒီကားရဲ့ ဘီးတွေကတော့ အဆင်မပြေဘူး၊ လဲရမယ်"

လမ်ဘော်ဂီနီ Urus ဟာ လမ်းကြမ်းမောင်းကားအမျိုးအစားထဲမှာ ပါဝင်ပေမဲ့၊ တပ်ဆင်ထားတဲ့ ဘီးတွေကတော့ လမ်းမပေါ်မှာ မောင်းဖို့အတွက်ပဲ ဖြစ်တယ်။ ရွှံ့လမ်းတွေထဲမှာတော့ သွားလို့ရမှာ မဟုတ်ဘူး။ အကောင်းဆုံး နည်းလမ်းကတော့ လမ်းကြမ်းမောင်းဘီးတွေကို လဲလှယ်လိုက်ဖို့ပါပဲ။

"အပေါ်မှာ ပစ္စည်းတင်စင်ရော တပ်မလား"

"တပ်ရင် ပိုကောင်းတာပေါ့"

"ကျွန်မအစ်ကိုမှာ ကားဝပ်ရှော့ရှိတယ်၊ ဒီနေ့ပဲ အပြီးလုပ်ပေးလိမ့်မယ်" ချင်စုစုက လျှာလေးထုတ်ကာ ပြောလိုက်သည်။

လင်းယန် ဘာကြောင့် ဒီလိုလုပ်တာလဲဆိုတာ သူမ နားမလည်ပေမဲ့၊ သူဌေးက ပိုက်ဆံရှိလို့ ကစားချင်တာဆိုတော့ သူမလည်း ဝင်မပြောတော့ပေ။ သို့သော် ကားပြင်ဆရာက လမ်းကြမ်းမောင်းဘီးတွေလဲပေးပြီး ကားကို မြှင့်ပေးနေချိန်မှာတော့ လူတိုင်း စိတ်ထဲမှာ တစ်မျိုးကြီးဖြစ်နေကြသည်။

ယွမ် ၆ သန်းတန်တဲ့ လမ်ဘော်ဂီနီနဲ့ လမ်းကြမ်းမောင်းမယ် ဟုတ်လား။ သူဌေးတွေက ဒီလောက်တောင် ကြွနေကြတာလား။ ကားကိုယ်ထည်ကို ကျောက်ခဲမှန်လို့ ဆေးနည်းနည်း ကွာသွားရင်တောင် ဆေးပြန်သုတ်ခက သူတို့ရဲ့ တစ်နှစ်စာ ဝင်ငွေနီးပါး ရှိတာလေ! လုံးဝ နားမလည်နိုင်တော့ပါဘူး။

လင်းယန်လည်း နားမလည်ပါဘူး။ ဘာပဲဖြစ်ဖြစ် ဒီကားကို ကုန်တင်ကားလိုပဲ သုံးမှာပါ။ ဘာလို့ ဈေးသက်သာတာ မဝယ်တာလဲဆိုရင်တော့၊ ဈေးကြီးတဲ့ ရှစ်လုံးထိုး (V8) အင်ဂျင်ကမှ မြင်းကောင်ရေအား ပိုကောင်းပြီး ရုန်းအား ပိုကောင်းလို့ပါ။ မာစီးတီး G-Wagon တောင် လေးလုံးထိုး ဖြစ်နေပြီဆိုတော့ တောင်လမ်းထဲမှာ ရွှံ့နစ်ရင် ထွက်မလာနိုင်မှာ ကြောက်ရတယ်လေ။

ဒါ့အပြင် ဒီကားရဲ့ နောက်ခန်းကလည်း ကျယ်ဝန်းတာကြောင့် နောက်ကျရင် ဟင်းသီးဟင်းရွက်တွေ တင်လို့ရတာပေါ့။ ရွာလူကြီးအိမ်က နွားကို ခဏခဏ သွားငှားနေစရာ မလိုတော့ဘူး။

ပြီးတော့... လမ်ဘော်ဂီနီရဲ့ "နွားသိုး" တံဆိပ်ကြောင့်လည်း ပါကောင်းပါနိုင်ပါတယ်။ လယ်သမားဆိုတာ နွားကို မချစ်တဲ့သူ ရှိလို့လား။

ညမမှောင်ခင်မှာပဲ ကားတစ်စီးလုံး ပြင်ဆင်ပြီးသွားပါပြီ။

"ဒီကားနဲ့ တောင်လမ်းမောင်းမှာကတော့ ရှင် တစ်ယောက်ပဲ ရှိလိမ့်မယ်" ချင်စုစုက နဖူးကို လက်နဲ့အုပ်ရင်း ပြောလိုက်သည်။

လင်းယန်ကတော့ ပြုံးရုံသာ ပြုံးလိုက်၏။ ကားဆိုတာ သုံးဖို့ မဟုတ်လား။ ပြတိုက်ထဲမှာ ထားထားရင် ဘာတန်ဖိုး ရှိမှာမို့လို့လဲ။ အပေါ်က ပစ္စည်းတင်စင်ကို ကြည့်ရတာလည်း ပစ္စည်းတွေ အများကြီး တင်လို့ရမယ့်ပုံပဲ။ လင်းယန် အလွန်သဘောကျသွားသည်။

ချင်စုစုက လင်းယန်ကို ဟိုတယ်အထိ လိုက်ပို့ပေးပြီးနောက်၊ နောက်တစ်နေ့ လာမည့်အချိန်ကို ချိန်းဆိုကာ အိမ်ပြန်သွားတော့သည်။ Presidential Suiteမှာ အခန်းတွေ ပိုနေသော်လည်း ချင်စုစုမှာ အိမ်မှာ စောင့်နေမည့် မိဘများရှိနေသဖြင့် အပြင်မှာ ညမအိပ်ရဲပေ။

အဖေနဲ့အမေ သတ်မှာပေါ့!

ဟိုတယ်က ကုတင်ပေါ်မှာ လဲလျောင်းရင်း လင်းယန်သည် ဖုန်းကို စူးစမ်းကြည့်နေသည်။ ကျန်းချန် အမှတ် ၂ ဆောက်လုပ်ရေးအကြောင်း ရှာဖွေကြည့်ပြီးနောက် သူ ဘယ်လောက်အထိ နာမည်ကြီးနေသလဲဆိုတာကို ကြည့်လိုက်သည်။

"tdk;... Hot Search စာရင်းမှာ ဒုတိယအဆင့်တောင် ရောက်နေတာလား"

သူ ဝတ်စုံဝယ်နေစဉ် လူတစ်ယောက်က ခိုးရိုက်ထားသည့် ဗီဒီယိုမှာ Like ၂ သန်းကျော်နှင့် ကောမန့် ၁ သိန်း ၄ သောင်းကျော် ရှိနေသည်။

"ကုန်တိုက်က ဝန်ထမ်းတွေပြောတာတော့ ဖရဲသီးကိုကိုက ဘီလီယံနာကြွယ်သူဌေးတဲ့"

"ဖရဲသီးကိုကိုက တကယ်တော့ နာမည်ကြီးအောင် လုပ်ကြံနေတာပဲ"

"ဒါပေမဲ့ နတ်သမီးလေးရို့ရို့ကတော့ သူက တကယ့် လယ်သမားပါလို့ ပြောထားတယ်လေ"

"အဲ့ဒါက ရိုက်ကူးရေးအဖွဲ့က ဆောက်ထားတဲ့ ဇာတ်ခုံဖြစ်မှာပါ"

"အဲ့လိုမပြောပါနဲ့၊ သူ ဖရဲသီးရောင်းတာတင် ပိုက်ဆံအများကြီး ရတာလေ"

"ဖရဲသီး ဘယ်လောက်တောင် ရောင်းရမှ ဘီလီယံနာသူဌေး ဖြစ်မှာလဲ!"

အတိုချုပ်ပြောရလျှင် မျက်နှာကြည့်သော အမျိုးသမီး ပရိသတ်အချို့မှလွဲ၍ ကောင်းသော မှတ်ချက်မှာ သိပ်မရှိလှပေ။ လင်းယန်ကတော့ ၎င်းကို ဂရုမစိုက်ပါ။ သူသည် သူ့လယ်ကို သူစိုက်ပြီး သူ့ပိုက်ဆံကို သူရှာနေခြင်းသာ ဖြစ်သည်။ ခိုးတာ၊ ဝှက်တာလည်း မဟုတ်သဖြင့် သူတို့ ကြိုက်သလို ပြောပါစေ။

သို့သော် ဤကဲ့သို့ ငြင်းခုံမှုများကြောင့် ချင်းရှန်းရွာမှာ လူသိများလာပြီး လမ်းဖောက်နိုင်မည့် မျှော်လင့်ချက် ပေါ်လာသည့်အတွက် လင်းယန် အလွန်ဝမ်းသာမိသည်။ ဤသည်မှာ အင်တာနက်၏ စွမ်းအားပင် ဖြစ်ပေလိမ့်မည်။ ပြဿနာများကို လူမှုအသိုင်းအဝိုင်းက အာရုံစိုက်လာအောင် လုပ်ဆောင်ပေးနိုင်သည် မဟုတ်လား။

အပြင်လောကနှင့် အဆက်အသွယ် ပြတ်နေသော သူတို့၏ တောင်ကြားရွာလေးသည် ကမ္ဘာကြီးနှင့် တစ်ဖန်ပြန်လည် ချိတ်ဆက်ခွင့်ရတော့မည် ဖြစ်သည်။

ဒါတွေထက်... သူ မနက်ဖြန် တိုင်းတာရေးအဖွဲ့ လာမှာကို ပိုပြီး မျှော်လင့်နေမိတော့သည်။

***

စူပါ-ဖမ်း(SFS)

အခန်း ၂၄ ။ တစ်ရွာလုံးရဲ့မျှော်လင့်ချက် ပြည့်ဝတော့မယ်!

လင်းယန်သည် အမြဲတမ်း စောစောထလေ့ရှိသည်။

ဤသည်မှာ ရွာတွင် နေထိုင်စဉ်ကတည်းက စွဲမြဲလာခဲ့သည့် အလေ့အကျင့်တစ်ခုပင် ဖြစ်၏။ သို့သော် သူသည် မွန်းတည့်ချိန်အထိ စောင့်လိုက်ရပြီးမှ ချင်စုစုတစ်ယောက် သမ်းဝေရင်း ရောက်လာသည်ကို တွေ့လိုက်ရသည်။

"အားနာပါတယ်... အားနာပါတယ်၊ အိပ်ပျော်သွားလို့ပါ"

ချင်စုစုသည် သိသိသာသာပင် ပြာပြာသလဲ ဖြစ်နေသည်။ မိမိဘက်မှ ချိန်းဆိုမှုကို ဖောက်ဖျက်မိခဲ့ခြင်း မဟုတ်လား။

လင်းယန်ကမူ ဂရုမစိုက်ပေ။ ဒီဘက်ခေတ်တွင် မနက်စောစော ထနိုင်သည့် လူငယ် ဘယ်နှစ်ယောက်များ ရှိမှာလဲ။ အားလုံးက မွန်းတည့်ချိန်အထိ အိပ်ကြသည်မဟုတ်လား။

"ကိစ္စမရှိပါဘူး၊ အမှတ် ၂ ဆောက်လုပ်ရေးအဖွဲ့က တိုင်းတာရေးအဖွဲ့လည်း မရောက်သေးဘူးလေ"

လင်းယန်သည် သုန့်ချင်းချင်းနှင့် ကြိုတင် ဆက်သွယ်ထားပြီး ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် အားလုံးက ဤဟိုတယ်မှာပင် တည်းခိုနေကြသည် မဟုတ်လား။

"ဪ... ဒါဆိုရင်တော့ တော်သေးတာပေါ့"

"ကျွန်တော်နဲ့အတူ ဆီသွားဝယ်ရအောင်"

"ဟုတ်ကဲ့"

လင်းယန်က ဆီပုံးအကြီးကြီးများကို ဝယ်ယူပြီး ဆီဆိုင်သို့ မောင်းသွားသည်ကို မြင်သောအခါ ချင်စုစုတစ်ယောက် စိတ်ထဲ၌ တစ်မျိုးကြီး ဖြစ်သွားရပြန်သည်။

"ကားထဲကို ဆီအပြည့်ဖြည့်ရင် ရပြီဥစ္စာ... ဘာလို့ ဆီပုံးတွေထဲပါ ဖြည့်နေရတာလဲ"

"တောင်ထဲကို ယူသွားဖို့လေ"

"ဟိုမှာ ဆီဆိုင်မရှိဘူးလား"

"ရှိရင် ငါ ဒီလို လုပ်ပါ့မလား"

ကားတစ်ဝက်ခန့်ရှိသော ဆီပုံးများကို တင်ဆောင်ပြီးမှ လင်းယန် ထွက်ခွာလာခဲ့သည်။ ဆီဆိုင်မှ ဝန်ထမ်းမလေးမှာလည်း အံ့ဩနေ၏။ ဤကဲ့သို့ တန်ဖိုးကြီးကားကို သူမ ပထမဆုံး မြင်ဖူးခြင်း ဖြစ်သော်လည်း၊ ဆီပုံးကြီးများဖြင့် ဆီဖြည့်နေသည့် လုပ်ရပ်ကိုတော့ သူမ လုံးဝ နားမလည်နိုင်တော့ချေ။

လင်းယန်ကတော့ ဂရုမစိုက်ပါ။ လိုအပ်သည့် ပစ္စည်းများကို ထပ်မံဝယ်ယူပြီးနောက် သုန့်ချင်းချင်းထံမှ အကြောင်းကြားစာ ရရှိခဲ့သည်။

အမှတ် ၂ ဆောက်လုပ်ရေးမှ တိုင်းတာရေးအဖွဲ့ ရောက်လာလေပြီ!

ချိန်းထားသည့် နေရာသို့ ရောက်သောအခါ လင်းယန်သည် ရောက်လာသူများကို အသေအချာ မြင်လိုက်ရသည်။ တာဝန်ခံမှာ ထက်မြက်လှသည့် သုန့်ချင်းချင်းဖြစ်ပြီး၊ သူမသည် တောင်ထဲဝင်ရန်အတွက် Outdoor Gear ကို ဝတ်ဆင်ထားသည်။ သာမန်လူဝတ်လျှင် ပွယောင်းယောင်း ဖြစ်နေတတ်သော်လည်း သူမနှင့်ကျမှ အချိုးအစား ပြည့်စုံကာ ထူးခြားသော ဆွဲဆောင်မှု ရှိနေတော့သည်။

ကျန်ရှိသော အဖွဲ့ဝင် သုံးဦးမှာ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး တစ်ဦးဖြစ်ပြီး တိုင်းတာရေး အဓိက အဖွဲ့ဝင်များ ဖြစ်ကြသည်။

"ဒါကတော့ ချန်ရှင်းပါ၊ ငါတို့ တိုင်းတာရေးအဖွဲ့ရဲ့ အလှလေးပေါ့"

"ဒါကတော့ ချန်ယိ နဲ့ ရှုယဲ့"

သူတို့နှင့် နှုတ်ဆက်ပြီးနောက် အားလုံး တောင်ထဲသို့ ဝင်ရန် ပြင်ကြတော့သည်။ သို့သော် လင်းယန်က လမ်ဘော်ဂီနီ Urus ဖြင့် တောင်ထဲဝင်မည်ကို မြင်လိုက်ရသောအခါ အားလုံး မှင်တက်သွားကြရသည်။ သုန့်ချင်းချင်းပင်လျှင် မျက်နှာလေး ရှုံ့မဲ့သွား၏။

"ဒီကားက တောင်လမ်းမှာ တကယ် သွားလို့ရပါ့မလား"

"ထွန်စက်ထုတ်တဲ့ စက်ရုံက ကားပဲ၊ သေချာပေါက် ရမှာပေါ့" လင်းယန်က အပြည့်အဝ ယုံကြည်ချက် ရှိနေသည်။

လင်းယန်က လမ်းပြရမည်ဖြစ်သဖြင့် သုန့်ချင်းချင်းနှင့် ချန်ရှင်းတို့က နောက်ခန်းတွင် ထိုင်ကြသည်။ တိုင်းတာရေးအဖွဲ့၏ ကားပေါ်တွင်မူ လင်းယန် ဝယ်ထားသော လောင်စာဆီများကို တင်ဆောင်ထား၏။ သုန့်ချင်းချင်း၏မျက်လုံးများ တောက်ပလာကာ -

"ဒီလောက် တန်ဖိုးကြီးတဲ့ ကားကို စီးဖူးတာ ဒါ ပထမဆုံးပဲ၊ ဒါပေမဲ့ တောင်ထဲဝင်ဖို့ စီးရမယ်လို့တော့ မထင်ထားခဲ့ဘူး"

....

ကတ္တရာလမ်းပေါ်တွင်တော့ ချင်စုစုက မောင်းနှင်သည်။ သို့သော် တောင်ထဲသို့ ဝင်သောအခါ လမ်းမရှိသဖြင့် လင်းယန်ကသာ မောင်းရတော့သည်။ ဤကဲ့သို့ နေရာမျိုးတွင် ကားလိုင်စင် ရှိ၊ မရှိမှာ အရေးမကြီးတော့ချေ။ လယ်ထဲမှာ ထွန်စက်မောင်းဖို့ လိုင်စင်လိုလို့လား။ ထို့ပြင် အခြားသူများ မောင်းလျှင် တောင်ကြားထဲ ပြုတ်ကျသွားမှာကို လင်းယန် စိုးရိမ်နေမိသည်။

လာစဉ်က လမ်းပတ်သွားခဲ့သည်နှင့် မတူဘဲ လင်းယန်သည် မျဉ်းဖြောင့်အတိုင်း ဖြတ်မောင်းရန် ဆုံးဖြတ်လိုက်သည်။

"ဒီလို မျဉ်းဖြောင့်အတိုင်း သွားရင် လမ်းက ပိုခက်ခဲလိမ့်မယ်၊ ရွာသားတွေကလွဲရင် ဘယ်သူမှ ရှာတွေ့မှာ မဟုတ်ဘူး" လင်းယန်က တည်ကြည်စွာ ပြောလိုက်သည်။

သူသည် တောင်ပေါ်မှ ဆင်းခဲ့ရသည်မှာ အကြိမ်နည်းသော်လည်း ဤလမ်းကိုတော့ အကျွမ်းကျင်ဆုံး ဖြစ်သည်။ ရွာသားများကိုယ်တိုင် လမ်းဖောက်စဉ်က အမှတ်အသားများစွာ လုပ်ခဲ့ကြ၏။ ထိုအမှတ်အသားများကို ကြည့်ပြီးမှသာ လင်းယန်သည် အပြင်လောကမှ ရွာသို့ ပြန်ရှာတွေ့နိုင်ခြင်း ဖြစ်သည်။

လမ်းမခင်းထားသော တောင်လမ်းမှာ အလွန်ပင် လှုပ်ခါလှသည်။ ဤလမ်းမှာ လူသွားလူလာ အလွန်နည်းပါးပြီး ရှေးလူကြီးများ ဖောက်ခဲ့သည့် ရှေးဟောင်းလမ်းများလည်းရှိနေသဖြင့် သွားရ အလွန်ခက်ခဲလှသည်။ ဝန်ခံရလျှင် ဤလမ်ဘော်ဂီနီ SUV မှာ ကြမ်းတမ်းလှသော တောင်လမ်းတွင် တကယ့်ကို ရုန်းအား ကောင်းလှပေသည်!

သို့သော် မြက်ပင်များက ကားကိုယ်ထည်ကိုခြစ်မိပြီး ကျောက်ခဲများက ကားအောက်ပိုင်းကို မှန်သည့်အသံ ကြားရတိုင်း ချင်စုစုမှာ အလွန်ပင် နှမြောနေမိတော့သည်။

"သူ့လို လူမျိုးပဲ ဒါကို ဂရုမစိုက်ဘဲ နေနိုင်မှာပါ"

မှန်ပါသည်၊ နှမြောနေသူမှာ သူမ တစ်ဦးတည်း မဟုတ်ပေ။ သုန့်ချင်းချင်းနှင့် ချန်ရှင်းတို့လည်း ထပ်တူပင် ခံစားနေရသည်။ လင်းယန်မှာ တကယ်ကို ချမ်းသာလွန်းသည်ဟုသာ စိတ်ထဲမှ ချီးကျူးနေမိတော့သည်။

လမ်းခရီးတွင် အခြေအနေပေါ်မူတည်၍ ခဏနားလိုက်၊ သွားလိုက်ဖြင့် နှစ်နာရီခန့် ကြာသောအခါမှ လမ်းတစ်ဝက်သို့ ရောက်ရှိလာသည်။ လမ်းမခင်းထားသဖြင့် ကားမောင်းရသည်မှာ လမ်းလျှောက်တာထက် အနည်းငယ်သာ ပိုမြန်ပေသည်။

.....

နောက်ထပ် တစ်နာရီခန့် ကြာသောအခါ တောင်တန်းကြီးက လမ်းကို ပိတ်ဆို့ထားတော့သည်။ အားလုံး ကားပေါ်မှ ဆင်းကာ ခြေလျင်လျှောက်ကြရတော့၏။

"ဒီတောင်ကိုတော့ သေချာပေါက် ဖောက်မှရလိမ့်မယ်"

လင်းယန်က ခေါင်းယမ်းလိုက်ကာ -

"ဒါတင်မကသေးဘူး၊ လမ်းကိုလည်း ကောင်းကောင်း ခိုင်အောင် လုပ်ရမယ်"

"ဟိုဘက်က ချောက်ကမ်းပါးက လွန်ခဲ့တဲ့ နှစ်တွေက မြေပြိုခဲ့တဲ့နေရာပဲ"

"အဲ့ဒီတုန်းက ရွာက လူငယ်အများစု အဲ့ဒီမှာပဲ မြေမြှုပ်ခံလိုက်ရတာ" လင်းယန်က ဝမ်းနည်းစွာ ပြောလိုက်သည်။

အမျိုးသမီး သုံးဦးစလုံးမှာ စိတ်မကောင်း ဖြစ်သွားကြရသည်။

"လမ်းကတော့ သေချာပေါက် ပြန်ကောင်းသွားမှာပါ" ချင်စုစုက အားပေးလိုက်သည်။

လင်းယန် ခေါင်းညိတ်လိုက်သည်။ တိုင်းတာရေးအဖွဲ့က ကိရိယာများဖြင့် စမ်းသပ်နေစဉ် သူသည် ဒရုန်းကို ထုတ်ကာ ပျံသန်းကြည့်ရှုလိုက်သည်။ ဒရုန်း၏ အကူအညီဖြင့် တိုင်းတာရေး လုပ်ငန်းများမှာ သိသိသာသာ မြန်ဆန်သွားပြီး အဖွဲ့က ဆုံးဖြတ်ချက် ပေးလိုက်တော့သည်။

"ဒီလမ်းကို အမှတ် ၂ ဆောက်လုပ်ရေးက သေချာပေါက် ဖောက်ပေးနိုင်ပါတယ်"

"ပြီးတော့ ရှေးဟောင်းလမ်းတွေ ရှိနေတဲ့အတွက် ကုန်ကျစရိတ်က ခန့်မှန်းထားတာထက်တောင် ပိုနည်းဦးမယ်"

"အနည်းဆုံး ယွမ် သန်း ၆၀ ရှိရင် ကွန်ကရစ်လမ်းတစ်ကြောင်း ဖောက်လို့ရပါပြီ"

လင်းယန် ကြောင်သွားရသည်။ "ဒီလောက်တောင် နည်းတာလား"

"ကုန်ကျစရိတ်ကို ထပ်လျှော့မယ်ဆိုရင် ဒီထက်တောင် ပိုနည်းနိုင်ပါသေးတယ်" ချန်ရှင်း ဆိုသည့် မိန်းကလေးမှာ လင်းယန်အတွက် ပိုက်ဆံချွေတာပေးချင်နေပုံရသည်။

"မင်းတို့ရဲ့ စေတနာကို နားလည်ပါတယ်၊ ဒါပေမဲ့ ကျွန်တော်ကတော့ ကတ္တရာလမ်းပဲ ဖြစ်စေချင်တယ်၊ ပြီးတော့ ကားနှစ်စီး ရှောင်လို့ရတဲ့ လမ်းဖြစ်ရမယ်"

"ဒါဆိုရင်တော့ နောက်ပိုင်း ပြုပြင်ထိန်းသိမ်းခက မနည်းဘူးနော်"

"ကျွန်တော် တောင့်ခံနိုင်ပါတယ်"

"အကယ်၍ ဖောက်မယ်ဆိုရင် ကျွန်မတို့က အပိုင်း ၁၀ ပိုင်းခွဲပြီး လုပ်ပါ့မယ်။ ပထမဆုံး စရန်ငွေ ယွမ် ၁၀ သန်း ပေးရမယ်၊ အပိုင်းတစ်ပိုင်း ပြီးတိုင်း နောက်ထပ် ပေးချေသွားရမှာပါ။ အဆင်ပြေပါ့မလား"

"ရပါတယ်၊ ပြဿနာမရှိဘူး"

"ဒါကတော့ စာချုပ်ပါ၊ ရှင် ကြည့်ကြည့်လိုက်ပါဦး"

လင်းယန် စာချုပ်ကို အကြမ်းဖျင်း ကြည့်လိုက်ပြီးနောက် မေးလိုက်သည်။ "ဘယ်လောက်ကြာမှာလဲ"

"ပိုက်ဆံရောက်တာနဲ့ ချက်ချင်း စလုပ်မှာပါ။ မြန်ရင် သုံးလ၊ နှေးရင် ခြောက်လပေါ့"

"ဒါဆို လက်ခံနိုင်ပါတယ်"

လင်းယန်သည် တုံ့ဆိုင်းမနေဘဲ စာချုပ်တွင် လက်မှတ်ထိုးလိုက်သည်။ တောင်ထဲတွင် လိုင်းမရှိသဖြင့် လမ်းပြန်ထွက်ကာ လိုင်းရသည့် နေရာသို့ ရောက်မှသာ ယွမ် ၁၀ သန်းကို လွှဲပေးလိုက်တော့သည်။

ဤသို့ဖြင့် လမ်းဖောက်မည့်ကိစ္စမှာ အတည်ဖြစ်သွားခဲ့လေပြီ။ သူလည်း ရွာပြန်ပြီး အေးအေးဆေးဆေး လယ်ပြန်စိုက်လို့ ရပြီပေါ့။

သို့သော် အပြင်မှာ ဝယ်ထားသည့် ပစ္စည်းများမှာ များလွန်းသဖြင့် ခြောက်ခေါက်ခန့် သယ်ရပေဦးမည်။ ချင်စုစုကတော့ ဆက်လက်၍ ယာဉ်မောင်း လုပ်ပေးရပေဦးမည်။ သို့သော် ချင်စုစုမှာ ရွာထဲအထိ လိုက်ရန် မသင့်တော်ပေ။ အကယ်၍ သူမသာ ညဘက် အိမ်မပြန်လျှင် သူမ၏မိဘများက ရဲတိုင်တော့မည် မဟုတ်လား။

ဖုန်းနံပါတ်များ ပေးထားခဲ့ပြီး ထိုလူများကို ပြန်လွှတ်လိုက်ပြီးနောက်၊ လင်းယန်သည် ပစ္စည်းအမြောက်အမြားနှင့်အတူ နှစ်နာရီခန့် လှုပ်ခါနေသော လမ်းကို ဖြတ်ကျော်ကာ၊ နောက်ထပ် နှစ်နာရီခန့် လမ်းလျှောက်ပြီးမှ ရွာထဲသို့ ပြန်ရောက်လာခဲ့သည်။

ရွာအဝင်တွင် သူ့ကို မျှော်လင့်တကြီး စောင့်ကြိုနေကြသော ရှောင်ဝူ နှင့် စူးရို့ရို့တို့ကို သူ လှမ်းမြင်လိုက်ရလေတော့သည်။

***

All Chapters