အခန်း (၂၅-၂၆)
Vol. 2 Ch. 25-26
စူပါ-ဖမ်း(SFS)
အခန်း ၂၅ ။ အစားသမားဆိုတာ ဇလုံနဲ့မှ အားရတာ!
စူးရို့ရို့နှင့် ရှောင်ဝူတို့နှစ်ဦး လင်းယန်ကို မျှော်လင့်တကြီး စောင့်နေခဲ့ကြသည်မှာ ကြာလှပြီ။
တောင်ကြားရွာလေး၏ နေ့ရက်များမှာ ပျင်းရိဖွယ်ကောင်းလှပေသည်။ လျှပ်စစ်မီးလည်းမရှိ၊ အင်တာနက်လည်းမရှိ။ ကောင်းကင်နှင့် မြေကြီး၊ သဘာဝတရားသာရှိတော့ပြီး ရိုက်ကူးရေးအဖွဲ့ရှိစဉ်ကကဲ့သို့ ဆူညံစည်ကားမှုမျိုးလည်း မရှိတော့ချေ။
သူတို့နှစ်ဦးတည်းသာ ကျန်ရစ်ခဲ့ခြင်းက စူးရို့ရို့နှင့် ရှောင်ဝူကို ပိုမိုရင်းနှီးသွားစေသည်။ စူးရို့ရို့သည် လင်းယန်၏ အတိတ်အကြောင်းအရာ အများအပြားကိုလည်း သိရှိခဲ့ရ၏။ သို့သော် လင်းယန်မှာ နှစ်ရက်ကြာသည့်တိုင် ပြန်မရောက်လာသဖြင့် သူတို့နှစ်ဦးမှာ စတင်စိုးရိမ်လာကြတော့သည်။
အထူးသဖြင့် စူးရို့ရို့ပင် ဖြစ်၏။ သူမ၏ အမြင်တွင် ဤတောင်တန်းကြီးမှာ အလွန်ပင် အန္တရာယ်များလှသည် မဟုတ်လား။
ကံကောင်းလှသည်မှာ နေဝင်ရီတရောအချိန်သို့ ရောက်သောအခါ လင်းယန်တစ်ယောက် ပြန်ရောက်လာခဲ့လေပြီ။
"ကိုကို!"
ရှောင်ဝူသည် အပြေးလေး လာကြိုကာ လင်းယန်၏လည်ပင်းကို ဖက်တွယ်လိုက်သည်။ သူမသည် ငယ်ငယ်ကတည်းက လင်းယန်ကို ချီခိုင်းရသည်ကို နှစ်သက်ခဲ့ပြီး၊ ယခုကဲ့သို့ အရွယ်ရောက်လာသည့်တိုင် ထိုအလေ့အကျင့်မှာ ပျောက်မသွားသေးပေ။
စူးရို့ရို့ကတော့ ထိုသို့ လိုက်မလုပ်နိုင်ပေ။ ရှောင်ဝူမှာ လင်းယန်၏ကိုယ်ပေါ်တွင် တွဲလောင်းလေး ခိုနေသည် မဟုတ်လား။
"ဘေးကင်းကင်းနဲ့ ပြန်ရောက်လာတာ ဝမ်းသာပါတယ်"
စူးရို့ရို့လည်း အလွန်ပင် ပျော်ရွှင်နေ၏။ လင်းယန်သည် စိတ်ထဲ၌ နွေးထွေးမှုကို ခံစားလိုက်ရပြီး သူသယ်လာသော အထုတ်အပိုးများကို ပြရင်း ပြောလိုက်သည်။
"မင်းတို့အတွက် လက်ဆောင်တွေ ပါလာတယ်နော်"
"ဘာတွေလဲဟင်" ရှောင်ဝူက စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။
"လာ... အိမ်ထဲရောက်မှ ဖွင့်ကြည့်ရင် သိမှာပေါ့"
"အိမ်ပြန်ရအောင်"
ရှောင်ဝူမှာ မစောင့်နိုင်တော့သည့်ပုံပင်။ လင်းယန်သည် လှပသော မိန်းကလေးနှစ်ဦးကို ခေါ်ဆောင်ကာ ရွာသားများကို နှုတ်ဆက်ရင်း မကြာမီမှာပင် အိမ်ဝင်းထဲသို့ ရောက်ရှိလာကြသည်။ ရိုက်ကူးရေးအဖွဲ့ မရှိတော့သဖြင့် အိမ်ဝင်းမှာ တိတ်ဆိတ်အေးချမ်းနေ၏။
"အိမ်ဝင်းက ဘာလို့ ဒီလောက်တောင် သန့်ရှင်းသွားတာလဲ။ ပေါင်းမြက်တွေတောင် မရှိတော့ပါလား"
ရှောင်ဝူက စိတ်လှုပ်ရှားစွာဖြင့် "အစ်မရို့ရို့နဲ့ သမီးနဲ့ လုပ်ထားတာလေ၊ တော်တယ်မလား" ဟု ဂုဏ်ယူစွာ ပြောလိုက်သည်။
"ရှောင်ဝူက အတော်ဆုံးပဲ"
လင်းယန်သည် ရှောင်ဝူ၏နှာခေါင်းလေးကို ဆွဲလိုက်ပြီး လက်ဆောင်များကို ချကာ စူးရို့ရို့ကို လှမ်းမေးလိုက်သည်။
"ခြေထောက်ကော သက်သာသွားပြီလား"
စူးရို့ရို့သည် မသိစိတ်အရ ခေါင်းညိတ်ရန် ပြင်လိုက်သော်လည်း၊ နောက်ဆုံးတွင် ခေါင်းကို အပြင်းအထန် ယမ်းလိုက်သည်။
"မသက်သာသေးဘူး၊ ရှင့်ဆီမှာပဲ နောက်ထပ် အချိန်နည်းနည်းလောက် ထပ်နားရဦးမယ် ထင်တယ်"
"ရတာပေါ့"
အိမ်ဝင်းထဲတွင် နေ့တိုင်း အလှလေးကို ကြည့်နေရမည်ဆိုလျှင် လင်းယန်က ဘာကြောင့် မကြိုက်ဘဲ နေပါ့မလဲ။ ထို့ပြင် စူးရို့ရို့သည် ရှောင်ဝူအတွက်လည်း အဖော်ရသည် မဟုတ်လား။ သူတို့နှစ်ဦးမှာ တစ်ဦးနှင့်တစ်ဦး အဆင်ပြေကြပေသည်။
ယခုတစ်ခေါက် သယ်လာသည့် ပစ္စည်းများထဲတွင် အိမ်သုံးပစ္စည်းများအပြင် ရှောင်ဝူအတွက် အဝတ်အစားများမှာ အများဆုံးဖြစ်သည်။ သို့သော် ရှောင်ဝူသည် ပျော်ရွှင်စွာဖြင့် အဝတ်လဲပြီး ထွက်လာသောအခါ နှုတ်ခမ်းလေး စူသွားတော့၏။
"ကိုကို... ကိုကို ဝယ်လာတာ ကြီးလွန်းတယ်၊ သမီးအတွက်ဆို ဒါက ဂါဝန်ကြီး ဖြစ်နေပြီ"
"ဟင်?"
လင်းယန် လှည့်ကြည့်လိုက်သောအခါ အနည်းငယ် အနေရခက်သွားရသည်။
"အဲ့ဒါက မင်းအတွက် ဝယ်တာ မဟုတ်ဘူး"
လင်းယန်သည် စူးရို့ရို့၏ ပြည့်ဖြိုးသော ကိုယ်လုံးကိုယ်ပေါက်ကို ကြည့်ကာ -
"ဒါက မင်းအတွက်ပဲ၊ စမ်းဝတ်ကြည့်ပါဦး"
"ကျေးဇူးတင်ပါတယ်"
စူးရို့ရို့က အားနာမနေပေ။ ဤငန်းဝါရောင် အဝတ်အစားမှာ သူမမှလွဲ၍ အခြားသူ ဝတ်နိုင်မည် မဟုတ်ချေ။ သူမ အဝတ်လဲပြီး ထွက်လာသောအခါ လင်းယန်၏မျက်လုံးများမှာ သိသိသာသာ တောက်ပသွားရသည်။ ချင်စုစုက အဝတ်အစား ရွေးတတ်သားပဲ! စူးရို့ရို့၏ ကိုယ်လုံးကိုယ်ပေါက်မှာ ထွားသင့်သည့်နေရာ ထွားပြီး၊ သွယ်သင့်သည့်နေရာ သွယ်သဖြင့် တကယ့်ကို ကြည့်ကောင်းလှပေသည်။
စူးရို့ရို့မှာမူ လင်းယန်၏အကြည့်ကြောင့် အနေရခက်လာကာ -
"နည်းနည်း ကြပ်သလိုပဲ"
"ဝတ်ဖန်များရင် ရသွားမှာပါ" ဟု လင်းရှောင်ဝူက လှမ်းအော်ကာ သူမ၏ အဝတ်အစားအသစ်ကို ဝတ်ရင်း ပျော်ရွှင်နေ၏။
စူးရို့ရို့၏မျက်နှာလေးမှာ အနည်းငယ် နီမြန်းနေသည်။ တကယ်တော့ လင်းယန် မမျှော်လင့်ထားသည်မှာ စူးရို့ရို့၏ ကိုယ်လုံးကိုယ်ပေါက်မှာ ဤမျှအထိ ဆွဲဆောင်မှု ရှိနေခြင်းပင်။ 'နတ်သမီးလေးရို့ရို့' ဟု ခေါ်ကြသည်မှာ အကြောင်းမဲ့ မဟုတ်ပေ။ ဤကဲ့သို့သော နတ်သမီးလေးနှင့် အတူနေရသည်မှာ စိတ်လှုပ်ရှားစရာ ကောင်းလှသည်ဟု သူ တွေးမိလိုက်သည်။
စူးရို့ရို့သည်လည်း စိတ်ထဲ၌ နွေးထွေးသွားရ၏။ သူမသည် ဤအဝတ်အစားကို ဝတ်လိုက်သည်နှင့် ၎င်းမှာ ဈေးမနည်းကြောင်း သိလိုက်သည်။ အနည်းဆုံး ယွမ်ထောင်ချီ ပေးရပေလိမ့်မည်။ ထို့ပြင် လင်းယန် ဝယ်လာပေးသည်မှာ ဤတစ်စုံတည်း မဟုတ်ပေ။ စုစုပေါင်း ခြောက်စုံတောင် ရှိသည်! ရှောင်ဝူလောက် မများသော်လည်း သူမ၏စိတ်ထဲတွင် များစွာ ကြည်နူးသွားရသည်။
"သူ ဖရဲသီးရောင်းလို့ ပိုက်ဆံတွေ အများကြီး ရထားတယ်ဆိုပေမဲ့..."
"ငါ့အတွက် ဝယ်ပေးတဲ့ ဒီအဝတ်အစားတွေက တော်တော်လေး ကုန်ကျမှာပဲ"
"သူ့စိတ်ထဲမှာ ငါ ရှိနေတာ သေချာပါတယ်"
စူးရို့ရို့သည် ပျော်ရွှင်နေသော်လည်း လင်းယန်အတွက် နှမြောမိနေသည်။ သူမ၏အမြင်တွင် လင်းယန် ပိုက်ဆံရှာရသည်မှာ မလွယ်ကူလှပေ။ ပိုက်ဆံရှိလျှင် ဘဝနေထိုင်မှုကို မြှင့်တင်ရန်သာ အသုံးပြုသင့်ပြီး သူမအတွက် ဤမျှအထိ အကုန်အကျ မခံသင့်ဟု သူမ ယူဆထား၏။ သို့သော်... မိမိချစ်မြတ်နိုးရသူက လက်ဆောင်ပေးသည်ကို မနှစ်သက်သော မိန်းကလေး ရှိပါ့မလား။ သူမ စိတ်ထဲတွင် တိတ်တဆိတ် ကြည်နူးနေမိတော့သည်။
ထို့နောက်တွင် နှစ်ဦးသား စကားလက်ဆုံကျကြသည်မှာ အလွန်ပင် ပြေပြေလည်လည် ရှိလှသည်။ သို့သော် လင်းယန် အခန်းထဲသို့ ဝင်ရန် ပြင်စဉ်တွင် အိမ်ခေါင်မိုးအောက်၌ လှန်းထားသော အဝတ်အစားများကို မြင်လိုက်ရ၏။ အင်း... စူးရို့ရို့ကတော့ လောင်းကြေးအတိုင်း သူ၏ ညစ်ပတ်နေသော အဝတ်များကို လျှော်ပေးထားသားပဲ။ သို့သော် သူ့အဝတ်အစား ဘေးတွင် ချိတ်ထားသော အရာမှာ.... ဘာပါလိမ့်။
"ဒါက ဘာလို့ အဝတ်အစားက ဒီလောက်တောင် သေးနေရတာလဲ"
"ဘေးမှာ ဇာနားလေးတွေနဲ့လား"
"ပြီးတော့ နည်းနည်းတောင် မြင်နေရသလိုပဲ"
စူးရို့ရို့သည် လင်းယန်၏အကြည့်ကို မြင်လိုက်ရသောအခါ မျက်နှာလေးမှာ ချက်ချင်းပင် ရဲတက်သွားတော့သည်။
"မကြည့်နဲ့!"
သူမသည် သူမ၏ အတွင်းခံများကို အလျှင်အမြန် သိမ်းလိုက်ပြီး ပြာပြာသလဲ ဖြစ်နေရှာသည်။ လင်းယန်က ရယ်မောကာ လက်ညှိုးထိုးပြလိုက်၏။
"ဟိုမှာ တစ်ခု ကျန်သေးတယ်"
"အား!"
စူးရို့ရို့ အော်လိုက်မိကာ ပျာပျာသလဲဖြင့် အဝတ်များကို သိမ်းပြီး အခန်းထဲသို့ အပြေးဝင်သွားတော့သည်။ လင်းရှောင်ဝူသည် နားမလည်နိုင်သော အကြည့်ဖြင့် ခေါင်းလေးစောင်းကာ ကြည့်နေ၏။
"သူက ဘာလို့ သမီးရဲ့အဝတ်တွေပါ သိမ်းသွားတာလဲ"
လင်းယန်ကလည်း ပြန်ဖြေလိုက်သည်။
"သူ ဝင်သွားတာကလည်း ငါ့အခန်းထဲကိုပဲလေ"
လင်းယန် မရှိသည့် ရက်များတွင် စူးရို့ရို့သည် ရှောင်ဝူနှင့်အတူ ဤအခန်း၌ပင် အိပ်ခဲ့ခြင်းဖြစ်သည်။ လင်းယန် ပြန်ရောက်လာသည့်တိုင် စူးရို့ရို့မှာ သတိမထားမိဘဲ မိမိကိုယ်ကိုယ် ထိုအခန်းထဲ၌သာ ပိတ်ထားမိတော့သည်။ အခန်းထဲတွင် လူမရှိတော့သော်လည်း စူးရို့ရို့မှာ ရှက်လွန်းသဖြင့် မျက်နှာကို လက်ဖြင့် အုပ်ထားမိဆဲပင်။ ရှက်လိုက်တာမှ လွန်ပါရော။
အပြင်ဘက်သို့ နားစွင့်ကြည့်လိုက်သောအခါ နှစ်ယောက်သား ညစာ ဘာစားမည်ကို တိုင်ပင်နေကြပြီ ဖြစ်ကြောင်း သိလိုက်ရသဖြင့် သူမ သက်ပြင်းချနိုင်တော့သည်။
ရွာထဲတွင် ရိက္ခာရှားပါးသော်လည်း အပြင်လောကတွင်တော့ အသားမျိုးစုံ ဝယ်ယူ၍ ရနိုင်ပေသည်။ တောထဲကကဲ့သို့ သဘာဝအတိုင်းမဟုတ်သော်လည်း အမျိုးအစား စုံလင်လှ၏။ အမဲသားနှင့် ဆိတ်သား ပေါင်နှစ်ဆယ်စီကို လင်းယန် သယ်လာခဲ့သည်။ အရေးကြီးဆုံးမှာ နို့ဆီ၊ နို့မှုန့်များပင် ဖြစ်၏။
"ကလေးတွေက ဒါမျိုး အများကြီး သောက်ရမယ်၊ ဒါမှ အမြန်ကြီးမှာ" လင်းယန်သည် ရှောင်ဝူ၏ နုနယ်လှသော ဆံပင်လေးများကို ပွတ်ပေးလိုက်သည်။ ရှောင်ဝူမှာ အရာအားလုံး ကောင်းသော်လည်း ကိုယ်လုံးလေးမှာ ပိန်လှီလွန်းနေသည် မဟုတ်လား။
ရှောင်ဝူ မငြင်းဘဲ စမ်းသောက်ကြည့်ပြီးနောက် ခေါင်းလေးစောင်းကာ မေးလိုက်သည်။
"ဒါတွေ သောက်ရင် အစ်မရို့ရို့လိုမျိုး ကြီးလာမှာလား"
"ဘာကိုလဲ"
"အိအိလေးနဲ့ကိုင်လို့ ကောင်းတာလေ" ရှောင်ဝူက လက်ဖြင့် ဟန်ရေးပြကာ ပြောလိုက်သည်။
လင်းယန်၏နှုတ်ခမ်းလေးမှာ အနည်းငယ် တွန့်သွားကာ အတွေးလွဲသွားမလိုပင် ဖြစ်သွားရ၏။ စူးရို့ရို့မှာ ဗိုက်ကလေး ရှိနေတာကို သူ မသိခဲ့ပေ!
....
ရိက္ခာများစွာ သယ်လာခဲ့သဖြင့် ယနေ့ညစာမှာ အထူးပင် စည်ကားလှသည်။ ဟင်းချက်ရာတွင် ရှောင်ဝူမှာ ပါရမီရှိသဖြင့် အရသာမှာလည်း အလွန်ပင် ကောင်းမွန်လှ၏။ ဘယ်အချိန်ကတည်းက ထွက်လာမှန်းမသိသော စူးရို့ရို့သည်လည်း ဝိုင်းကူပေးနေသည်။ သို့သော် လင်းယန်ကို ကြည့်သော သူမ၏အကြည့်များမှာတော့ ရှောင်ဖယ်နေဆဲပင်။
စားပွဲပေါ်တွင် ပြည့်နှက်နေသော ဟင်းလျာများကို မြင်သောအခါမှ စူးရို့ရို့သည် စိတ်ကို လျှော့ချလိုက်နိုင်တော့သည်။
"စားကြစို့... စားကြစို့"
စူးရို့ရို့သည် သစ်သားထမင်းဇလုံကြီးကို တိုက်ရိုက် မ လာခဲ့သည်။ သိသာလှသည်မှာ ပန်းကန်လုံးနှင့် စားရသည်မှာ သူမအတွက် အားမရခြင်းပင်။ အစားသမားဆိုတာ ဇလုံနဲ့မှ အားရတာလေ! သူမသည် တကယ့်ကို အစားပုတ်မလေးတစ်ဦးဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပြီ ဖြစ်သည်။
ဗိုက်ဝသွားသောအခါ သူမသည် သူမ၏ပုံရိပ်ကို ဂရုမစိုက်တော့ဘဲ ကုလားထိုင်ပေါ်တွင် ပစ်လဲကာ စူထွက်လာသော ဗိုက်ကလေးကို ပွတ်နေတော့သည်။
"နေလို့ကောင်းလိုက်တာ!"
"အလုပ်လုပ်နေတုန်းကဆိုရင် ဒီလောက်အထိ အားရပါးရ မစားရဲဘူး"
"ဗိုက် တော်တော်ဝသွားပြီ"
လင်းယန်လည်း စားပြီးသွားသဖြင့် ထမင်းစားကိရိယာများကို ချလိုက်သည်။
"ရို့ရို့... မင်းကို အကူအညီတစ်ခုလောက် တောင်းချင်လို့"
"ပြောလေ"
"ရှောင်ဝူက စာလုံးတချို့ သိပေမဲ့၊ ကျောင်းတော့ မနေဖူးဘူး။ ဒါကြောင့် မင်း သူမကို စာသင်ပေးစေချင်တယ်"
စူးရို့ရို့သည် ချက်ချင်းပင် တည်ကြည်စွာ ထိုင်လိုက်သည်။ "ရတာပေါ့၊ ဒါပေမဲ့ ဘာတွေ သင်ပေးရမလဲ"
"ငါ ခရိုင်မြို့ကနေ စာအုပ်အချို့ ဝယ်လာတယ်၊ အဲ့ဒါတွေ သင်ပေးလိုက်ရင် ရပြီ" လင်းယန်သည် စာအုပ်အပုံကြီးကို စားပွဲပေါ်သို့ တိုက်ရိုက် တင်လိုက်သည်။
စူးရို့ရို့ မျက်ခုံးပင့်သွားရသည်။
ဒီလောက်အထိ အထူကြီးလား။ အလုပ်ကတော့ အများကြီးပဲ! ဒီလောက်ဆိုရင် တစ်နှစ်၊ နှစ်နှစ်လောက်တောင် သင်ပေးရဦးမှာပဲ။ သူက ငါ့ကို ဒီကနေ မထွက်စေချင်တာလား။
သို့သော် သူမ စာအုပ်များကို အသေအချာ ကြည့်လိုက်သောအခါတွင်မူ တစ်ကိုယ်လုံး ဟာတာတာ ဖြစ်သွားရတော့သည်။
《အန်ဒါဆင် ပုံပြင်များ》
《အာရပ်ညတစ်ထောင် ပုံပြင်များ》
《ရှေးဟောင်းဒဏ္ဍာရီ ပုံပြင်များ》
...
စူးရို့ရို့မှာ မျက်ရည်ပင် ကျချင်သွားရသည်။
"ရှင် ကျွန်မကို ဘာမှတ်နေလို့လဲ!"
***
စူပါ-ဖမ်း(SFS)
အခန်း ၂၆ ။ ချင်မိသားစုမှ သားအဖ
နောက်ဆုံးတွင် စူးရို့ရို့သည် ရှောင်ဝူကို ပုံပြင်ပြောပြရန် သဘောတူလိုက်လေသည်။ ပုံပြင်စာအုပ်ဆိုသည်မှာ ဘယ်ကလေးကများ မကြိုက်ဘဲနေမှာလဲ။ ပြောရလျှင် လူတိုင်းသည် စိတ်ထဲ၌ ကလေးတစ်ယောက် ရှိနေကြသည် မဟုတ်လား။
လင်းယန်သည် စူးရို့ရို့ သဘောတူသည်ကို မြင်သောအခါ အလွန်ပင် ဝမ်းသာသွားသည်။
"မင်းကို ဧည့်ခံဖို့ ထွေထွေထူးထူး မရှိပေမဲ့၊ ဖရဲသီးတော့ အဝကျွေးပါ့မယ်"
စူးရို့ရို့၏ မျက်လုံးများမှာ သိသိသာသာ တောက်ပသွား၏။
"စိတ်ကြိုက် စားလို့ရတာလား"
"ဒါပေါ့"
လင်းယန်က အနက်ရောင်ဖရဲသီးကို ထုတ်လာသည်ကို မြင်သောအခါ၊ သူမသည် စူထွက်နေသော သူမ၏ ဗိုက်ကလေးကို ပွတ်ရင်း မျက်ရည်ပင် ကျချင်သွားတော့သည်။
"ငါ ဘာလို့ ထမင်းကို ဒီလောက်အထိ အဝစားခဲ့မိတာလဲ!"
......
သို့သော်လည်း သူမသည် ဖရဲသီးတစ်ခြမ်းကို ပိုက်ကာ သန်းခေါင်ယံအထိ ထိုင်စားနေခဲ့သည်။ ထိုနေ့က သူမသည် ဗိုက်တင်းလွန်းသဖြင့် မိုးလင်းခါနီးမှသာ အိပ်ပျော်သွားခဲ့ရ၏။ သို့သော် နေ့တိုင်း အနက်ရောင်ဖရဲသီး စားရသည့် နေ့ရက်များမှာ အလွန်ပင် ပျော်ရွှင်စရာ ကောင်းလှပေသည်။
အမှန်စင်စစ် လင်းယန် သတိပြုမိသည်မှာ သူကိုယ်တိုင် စိုက်ပျိုးထားသော သီးနှံများကို သူ စိတ်ကြိုက် စီမံပိုင်ခွင့်ရှိပြီး စနစ်က ဝင်ရောက် စွက်ဖက်ခြင်း မရှိပေ။ သို့သော် အကယ်၍ ရောင်းချမည်ဆိုပါက သတ်မှတ်ဈေးနှုန်း မပြည့်မီပါက လုံးဝ ခွင့်မပြုပေ။ မြေအောက်ခန်းထဲတွင် ဖရဲသီးများစွာ ကျန်ရှိနေသေးရာ အမြန်မစားပါက ပုပ်သွားနိုင်သဖြင့် စူးရို့ရို့အတွက်တော့ အတော်လေး ကံကောင်းသွားခြင်းဖြစ်သည်။
တစ်ဖက်တွင်လည်း လင်းရှောင်ဝူသည် အဘွားအိုများ ပြောစကားအရ ကိုယ်လုံးလေး ထွားလာမှသာ ကလေးမွေးလျှင် အဆင်ပြေမည်ဟု ကြားထားသဖြင့်၊ စူးရို့ရို့ကို ဝလာအောင် နည်းမျိုးစုံဖြင့် ကြံစည်နေတော့သည်။ ကလေးဘယ်လိုမွေးရသလဲ ဆိုတာကိုတော့ သူမ မသိရှာပေ။
ဒုတိယမြောက်နေ့သို့ ရောက်သောအခါ လင်းယန်သည် ဝယ်လာသော လက်ဆောင်များကို ရွာသားများအား လိုက်လံဝေငှရန် ရှောင်ဝူကို ခိုင်းလိုက်သည်။ တစ်ချိန်တည်းမှာပင် ရွာလူကြီးအိမ်မှ နွားလှည်းကို ထပ်မံ ငှားရမ်းလိုက်ပြန်၏။
မတတ်နိုင်ပေ! ရိက္ခာပစ္စည်းများမှာ များလွန်းလှသဖြင့် လူကိုယ်တိုင် ထမ်းသယ်မည်ဆိုလျှင် မည်သည့်အချိန်မှ ပြီးမည်ကို မသိနိုင်ချေ။
တောင်ပေါ်မှ ဆင်းလာပြီးနောက် ချင်စုစုထံသို့ ဖုန်းဆက်လိုက်ရာ၊ အိပ်ပုတ်ကြီးသော ထိုအလှလေးမှာ လင်းယန်၏ ကိုယ်ပိုင်ယာဉ်မောင်းအဖြစ် တစ်ဖန် ပြန်လည် ရောက်ရှိလာခဲ့သည်။ သို့သော် သူမသည် ယာဉ်မောင်းအဖြစ်သာ အမြဲမနေချင်ပေ။ ဘယ်သူကများ ပိုမို ရင်းနှီးသော အဆင့်သို့ မတက်လှမ်းချင်ဘဲ နေပါ့မလဲ။
အဟမ်း... အဟမ်း...
ဤကဲ့သို့သော အတွေးမျိုးကို ချင်စုစုက ထုတ်ပြောမည် မဟုတ်ပေ။ လင်းယန်မှာ ချောလည်းချော၊ ပိုက်ဆံလည်း ရှိသဖြင့် သူမ၏ ရည်းစားစံနှုန်းနှင့် အလွန်ပင် ကိုက်ညီနေသည်ဟုသာ သူမ တွေးနေမိသည်။ ပြောရလျှင် စံနှုန်းထက်ပင် ကျော်လွန်နေပါသေးသည်။
နောက်ထပ် နှစ်ရက်ခန့် ပစ္စည်းများကို အသွားအပြန် သယ်ယူပြီးနောက်တွင်မှ ရိက္ခာအများစုမှာ ရွာထဲသို့ ရောက်ရှိသွားတော့သည်။ ရွာသားများမှာ လက်ဆောင်ပစ္စည်းများ ရရှိကြသဖြင့် အလွန်ပင် ဝမ်းသာအားရ ဖြစ်နေကြပြီး၊ လင်းယန်ကို ငယ်ငယ်ကတည်းက ဝိုင်းဝန်း ပြုစုခဲ့ရသည်မှာ မမှားကြောင်း ပြောဆိုနေကြ၏။
"ရှောင်လင်း... ဒါတွေအတွက် ပိုက်ဆံ ဘယ်လောက်တောင် ကုန်သွားပြီလဲ"
"ငါတို့က မြေကြီးထဲ ရောက်ခါနီးနေပါပြီ၊ မင်း ဒီပိုက်ဆံတွေကို စုထားပြီး မိန်းမယူဖို့ပဲ သုံးပါဦး"
"နောက်ဆိုရင် ဒီလောက်အထိ ဖြုန်းတီးမနေနဲ့တော့နော်"
ရွာသားများသည် လက်ဆောင်များကြောင့် ပျော်ရွှင်နေကြသော်လည်း လင်းယန်ကို ပိုက်ဆံ မဖြုန်းရန် အမြဲ ဆုံးမကြပေ။ သိသာလှသည်မှာ သူတို့အားလုံးမှာ လင်းယန်၏ ကောင်းကျိုးကိုသာ လိုလားနေကြခြင်း ဖြစ်သည်။ လင်းယန်တွင် မိသားစု မရှိသော်လည်း ဤရွာသားများမှာ သူ၏ မိသားစုပင် ဖြစ်၏။
အိမ်တိုင်း၏ ဟင်းအရသာကို သူ အသေအချာ မှတ်မိနေသည်။ အဖွား ၆အိမ်က ဟင်းက နည်းနည်း ငန်သည်၊ အဖိုး ၅က ငါးအမြဲ စားတတ်သည်၊ ရွာလူကြီးအိမ်က အသားဟင်းက အမွှေးဆုံး ဖြစ်သည်။
သို့သော် နောက်ပိုင်းတွင်မှ သူ သိလိုက်ရသည်မှာ... သူ လာလည်သည့် အချိန်မှသာ အဖွား ၆က ဆားကို အများကြီး ထည့်ခြင်း ဖြစ်သည်။ အကြောင်းမှာ ဆားသည် သူတို့အတွက် အလွန် အဖိုးတန်သောကြောင့်ပင်။ သူ လာမှသာ အဖိုး ၅က ငါးဟင်း ချက်ကျွေးပြီး၊ ရွာလူကြီးကလည်း အသားဟင်း ချက်ကျွေးခြင်းဖြစ်သည်။
ရွာမှလူငယ်များ သေဆုံးသွားခဲ့သည့် ထိုမတော်တဆမှုကြီးပြီးနောက်တွင် လင်းယန်သည် တစ်ရွာလုံး၏ တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်လာခဲ့ရသည်။ အမှန်စင်စစ် တစ်ချိန်က သူသည် တစ်ဦးတည်းသောသူ မဟုတ်ခဲ့သော်လည်းပေါ့...။
ပစ္စည်းသယ်ရင်းနှင့် ချင်စုစုသည်လည်း ချင်းရှန်းရွာနှင့် ရင်းနှီးသွားခဲ့သည်။ ထိုအချိန်သို့ ရောက်မှသာ အာရုံနည်းလှသော သူမသည် ပြဿနာတစ်ခုကို သတိပြုမိသွား၏။
"ရှင်က အင်တာနက်မှာ ပေါက်နေတဲ့ 'ဖရဲသီးကိုကို' ပဲလား! ကျွန်မ ဘာလို့ အစက သတိမထားမိခဲ့တာလဲ။ ရှင်က ဘယ်လိုလုပ် ဒီလောက်အထိ ချမ်းသာနေရတာလဲ"
ချင်စုစု လုံးဝ နားမလည်နိုင်တော့ပေ။ အမှန်စင်စစ် လင်းယန်သည် သူမ၏ မျက်လုံးထဲတွင် ပုစ္ဆာတစ်ပုဒ်ကဲ့သို့ ဖြစ်နေပြီး၊ ထိုအချက်ကပင် သူ့အကြောင်းကို ပိုမို သိချင်စိတ် ပြင်းပြလာစေသည်။ သူ့အကြောင်း အကုန်လုံးကို အသေအချာ စူးစမ်းကြည့်ချင်စိတ်များ ပေါက်လာရ၏။
"မမေးသင့်တာကို မမေးနဲ့လေ"
ချင်စုစုမှာ ရုတ်တရက် ထိတ်လန့်သွားရသည်။ မဟုတ်လျှင်... တစ်ခုခုသော ထူးခြားတဲ့ နည်းလမ်းနဲ့ ရလာတဲ့ မတရားပိုက်ဆံတွေများလား။ ဒီတောတောင်ထဲမှာ သူက တောပုန်းဓားပြများလား။ မဟုတ်နိုင်ပါဘူး၊ ဒီလို ဆင်းရဲတဲ့နေရာမှာ ဘယ်သူ့ဆီက သွားလုမှာလဲ။ ထို့ပြင်... ခရိုင်ထဲက ဘဏ်တွေမှာတောင် လင်းယန်ရဲ့ ကတ်ထဲကလောက် ငွေသားလက်ကျန် မရှိနိုင်ဘူးလေ!
"ဒါကြောင့် သူ့ဖရဲသီးတွေက အဲ့ဒီလောက် ဈေးကြီးနေတာကိုး"
"တကယ်တော့ သူက ပိုက်ဆံကို ဂရုမစိုက်လို့ပဲ ဖြစ်မှာ"
"အကယ်၍ ဘီလီယံနာတစ်ယောက် ကိုယ်တိုင်စိုက်ထားတဲ့ ဖရဲသီးဆိုရင်တော့ ယွမ်ငါးထောင်ဆိုတာ တကယ်ကို တန်လွန်းနေပြီ"
ချင်စုစု တွေးကြည့်ရန်ပင် ခက်ခဲနေမိသည်။ သို့သော် သူမသည် အနက်ရောင်ဖရဲသီးကို တကယ် မြည်းစမ်းလိုက်ရသောအခါတွင်မူ မျက်လုံးများ တောက်ပသွားရတော့သည်။
"ဘယ်လိုလုပ် ဒီလောက် စားကောင်းနေရတာလဲ!"
"ဘုရားရေ! ကျွန်မ တစ်သက်လုံး ဒီလိုမျိုး မစားဖူးဘူး"
"ကျွန်မ နှစ်လုံးလောက် ယူသွားလို့ ရမလား"
လင်းယန်ကတော့ ငြင်းမည် မဟုတ်ပေ။
"ရပါတယ်၊ ဒါပေမဲ့ ပိုက်ဆံတော့ ပေးရမယ်နော်"
နောက်ဆုံးတွင် ချင်စုစုသည် လင်းယန်အတွက် ကားမောင်းပေးသော်လည်း လစာမရသည့်အပြင်၊ ဖရဲသီးဖိုးပါ ထပ်ပေးလိုက်ရသည်။ ထို့ပြင် ဤရက်ပိုင်းအတွင်း အလုပ်ကြမ်းသမားလိုပါ ပစ္စည်းတွေ ဝိုင်းသယ်ပေးခဲ့ရသေးသည် မဟုတ်လား။
"ဒါပေမဲ့ ဒီလောက် စားကောင်းတဲ့ ဖရဲသီးကို စားရတာ တန်ပါတယ်"
.......
ချင်စုစုသည် မိမိကိုယ်ကိုယ် ထိုသို့ပင် ဖြေသိမ့်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူမ၏ မိဘများကိုလည်း ဤဖရဲသီးအရသာအား မြည်းစမ်းစေချင်နေမိပြီ။ ချင်မိသားစုမှာ ရှေးရိုးစွဲဆန်ပြီး ယောကျ်ားလေးကို ပိုဦးစားပေးတတ်ကြသည်။ သူမ၏အစ်ကိုမှာ ဘာအလုပ်မှ မမယ်သော်လည်း မိဘများ၏အချစ်ကို ရရှိထားဆဲဖြစ်သည်။ သူမတွင် သုံးစရာ ပိုက်ဆံ မရှားသော်လည်း မိသားစု စီးပွားရေးကိုတော့ ဝင်ရောက်စွက်ဖက်ခွင့် မရှိပေ။ ထို့ကြောင့်သာ သူမသည် ကားအရောင်းဆိုင်တွင် အတွေ့အကြုံ သွားယူနေရခြင်းဖြစ်သည်။
နေဝင်ရီတရောအချိန်တွင် မိဘများ ပြန်ရောက်လာကြရာ သူမသည် လှီးထားသော အနက်ရောင်ဖရဲသီးကို ဂုဏ်ယူစွာ ထုတ်ပြလိုက်သည်။
"ဖေဖေ မေမေ... ဒါလေး မြည်းကြည့်ပါဦး၊ တကယ် စားကောင်းတယ်"
ချင်အဖေသည် မျက်မှန်ကို ပင့်တင်ကာ ဖရဲသီးကို သေချာ ကြည့်လိုက်သည်။
"အနံ့ကတော့ မဆိုးဘူး၊ ဒါပေမဲ့ ဖရဲသီးခွံက ဘာလို့ အမည်းရောင်ဖြစ်နေတာလဲ"
"မျိုးစိတ်သစ်မို့လို့ပါ" ချင်စုစုက လျှာလေးထုတ်ကာ ပြန်ဖြေလိုက်သည်။
ချင်အဖေသည် ခေါင်းညိတ်ပြကာ သမီး၏ စေတနာကို မဖျက်ချင်သဖြင့် တစ်လုပ် မြည်းစမ်းလိုက်သည်။ ဖရဲသီးဆိုသည်မှာ အေးသော အစားအစာဖြစ်သဖြင့် အများကြီး မစားသင့်ဟု သူက ယူဆထား၏။ သို့သော် ချိုမြိန်သော ဖရဲသီးရည်များ လည်ချောင်းထဲသို့ စီးဝင်သွားသည်နှင့် သူ၏ မျက်လုံးများ ပြူးသွားရတော့သည်။
စားလို့ကောင်းလိုက်တာ!
တစ်နေ့လုံး အလုပ်ပင်ပန်းလာသမျှ နွမ်းနယ်မှုများပင် ဤအရသာကြောင့် ပျောက်ကွယ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ မယုံနိုင်စရာပင်!
ချင်စုစုသည် သူမ၏ ဖခင်က ဖရဲသီးတစ်လုံးလုံးကို အမြန်ဆုံး စားပစ်လိုက်သည်ကို မြင်သောအခါ အံ့အားသင့်စွာဖြင့် ပါးစပ်ဟသွားရသည်။
"ဖေဖေ... ဒီလောက် အကြီးကြီးကို အကုန်စားပစ်တာ တစ်ခုခုဖြစ်ဦးမယ်..."
ချင်အဖေ ကြောင်သွားရ၏။ ငါ ဘယ်လိုလုပ် ဒီလောက်အများကြီး စားမိသွားတာလဲ။ မအောင့်နိုင်ဘဲ ဖြစ်သွားတာပါလား! ဒါက အအေးစာလေ... သူ ပါးစပ်ဟလိုက်သော်လည်း သက်သောင့်သက်သာရှိသော လေချဉ်တစ်ချက်သာ ထွက်လာတော့သည်။
"ညစာအတွက် ငါ့ကို မစောင့်နဲ့တော့"
"ဒါနဲ့... ဒီလိုဖရဲသီးမျိုး ထပ်ဝယ်လို့ ရဦးမလား၊ ငါ လူတစ်ယောက်ကို လက်ဆောင်ပေးချင်လို့"
ချင်အဖေသည် တစ်သက်လုံး မေ့မရနိုင်သော ဤဖရဲသီးမှာ လက်ဆောင်ပေးရန် အသင့်တော်ဆုံးဟု ယူဆလိုက်သည်။ စီးပွားဖက်များက သူ့ကို အမှတ်ရစေရန်အတွက် အကောင်းဆုံး ပစ္စည်းပင် မဟုတ်လား။
"ဟင်?" ချင်စုစု ကြောင်သွားရသည်။
"သမီး ရွာမှာ ဝယ်လာတာပါ၊ ရှိတော့ ရှိတယ်၊ ဒါပေမဲ့ နည်းနည်း ဈေးကြီးတယ်၊ တစ်လုံးကို ယွမ်ငါးထောင်တဲ့"
ချင်အဖေ သိသိသာသာ ဆတ်ကနဲ ဖြစ်သွားသည်။ အခုလေးတင် သူ ယွမ်ငါးထောင်ဖိုး စားပစ်လိုက်တာလား။
"အင်း... မဈေးကြီးပါဘူး။ အများကြီး ထပ်ဝယ်လိုက်ဦး"
"သမီး ဝယ်နိုင်ရင်တောင် သယ်လာလို့ မရဘူးလေ!"
"ကားမောင်းသွားတာ မဟုတ်ဘူးလား"
"သမီးတို့အိမ်က ကားတွေက အဲ့ဒီထဲကို ဝင်လို့မရဘူး ဖေဖေရဲ့! ပြီးတော့ တောင်ထဲဝင်တဲ့လမ်းမှာ ကားမောင်းရတာကို သမီး တကယ် ကြောက်တယ်"
ထိုအချိန်သို့ ရောက်မှသာ ချင်အဖေသည် ပြဿနာတစ်ခုကို သတိပြုမိသွားပြီး မျက်နှာမှာ တည်ကြည်သွားတော့သည်။
"ငါ မင်းအစ်ကိုဆီက ကြားတာတော့၊ မင်း အခုတလော သူဌေးသား တစ်ယောက်နဲ့ တွဲနေတယ်ဆို?"
ချင်စုစုသည် မျက်နှာကို လက်ဖြင့် အုပ်လိုက်မိသည်။ မိမိကို ဘယ်လောက်တောင် ဂရုမစိုက်တာလဲ! သို့သော် မိမိ၏ ဖခင်ဖြစ်နေသည် မဟုတ်လား။
"ထူးခြားတဲ့ လူတစ်ယောက်ပါ၊ ဒါပေမဲ့ သူဌေးသားတော့ မဟုတ်လောက်ဘူး"
"အင်း... အခွင့်အရေးရရင် အိမ်ကို ခေါ်လာခဲ့ဦး၊ လူက ပုံစံကောင်းတယ်ဆိုရင် ငါနဲ့ မင်းအမေက မင်းတို့ တွဲတာကို မကန့်ကွက်ပါဘူး"
ချင်စုစု တစ်ယောက် လူကြားထဲ မျက်နှာမပြရဲတော့သည့် အခြေအနေသို့ ရောက်သွားရသည်။
"အဖေ... ဆက်မပြောပါနဲ့တော့"
ချင်စုစု မည်သို့ ရှင်းပြရမည်ကို မသိတော့ပေ။ အဖေထင်သလို မဟုတ်ပါဘူးဆို! ကျွန်မတို့ကြားမှာ ဘာမှ မရှိသေးပါဘူး!
ထိုစဉ် ချင်အဖေသည် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ပြောလိုက်သည်။
"ဒါနဲ့... အခုတလော ခရိုင်ထဲက ကုန်ဈေးနှုန်းကြီးကြပ်ရေးအဖွဲ့က ဈေးကြီးတဲ့ ဖရဲသီးအကြောင်း စုံစမ်းစစ်ဆေးဖို့ လုပ်နေကြတယ်၊ မင်းအစ်ကိုကို ပြောလိုက်ဦး၊ မနက်ဖြန် သူတို့နဲ့အတူ လိုက်သွားပြီး အထက်က လူကြီးတွေနဲ့ မိတ်ဖွဲ့ထားဖို့ပေါ့"
ချင်စုစုမှာ ငိုအားထက် ရယ်အားသန် ဖြစ်သွားရတော့သည်။
"ဖေဖေ... အဲ့ဒီ ဈေးကြီးတဲ့ ဖရဲသီးကို ဖေဖေ အခုတင်ပဲ စားလိုက်တာလေ"
"ဟေ?"
***