← Chapters

အခန်း (၂၇-၂၈)

Vol. 2 Ch. 27-28

အခန်း (၂၇-၂၈)

Vol. 2 Ch. 27-28

စူပါ-ဖမ်း(SFS)

အခန်း ၂၇ ။ စုံစမ်းစစ်ဆေးရေးအဖွဲ့ ရောက်ရှိလာခြင်း

မကြာမီမှာပင် ချင်အဖေသည် ကိစ္စအရပ်ရပ်ကို အသေအချာ နားလည်သွားတော့သည်။

လတ်တလောတွင် ခရိုင်အဆင့် လူကြီးမင်းများကို ခေါင်းခဲစေသည်မှာ ဤ 'ဈေးအလွန်ကြီးမားသော ဖရဲသီး' ကိစ္စပင် ဖြစ်၏။ ဖရဲသီးဆိုသည်မှာ လူတိုင်း စားဖူးကြသည် မဟုတ်လား။ တောင်သူများ ရောင်းချလျှင် တစ်ကျင်း (၅၀၀ ဂရမ်) ကို ပြားအနည်းငယ်သာ ရှိတတ်သည်။ မြို့ပေါ်တွင် ဈေးအနည်းငယ် ပိုနိုင်သော်လည်း နွေရာသီတွင် တစ်ယွမ်ခန့်သာ ရှိပြီး ဆောင်းရာသီတွင် အနည်းငယ် ပိုဈေးကြီးတတ်သည်။

သို့သော် မည်သို့ပင်ဖြစ်စေ တစ်လုံးကို ယွမ်ငါးထောင်အထိတော့ မဖြစ်နိုင်ပေ။ ထို့ပြင် ဈေးနှုန်းသတ်မှတ်ပုံမှာလည်း ပြဿနာ ရှိနေသည်။ အလေးချိန်နှင့် မရောင်းဘဲ တစ်လုံးချင်း ဈေးနှုန်းဖြင့် ရောင်းချနေခြင်း ဖြစ်၏! အကြီးအသေး မရွေး တစ်လုံးလျှင် ငါးထောင်တိတိ။

အင်တာနက်ပေါ်တွင်လည်း ဟိုးဟိုးကျော်ဖြစ်နေသဖြင့် အထက်လူကြီးများ၏ အာရုံစိုက်မှုကို ရရှိသွားကာ နောက်ဆုံးတွင် တာဝန်ရှိသူများကို စုံစမ်းစစ်ဆေးရန် စေလွှတ်ခဲ့ရခြင်း ဖြစ်သည်။ ခရိုင်လူကြီးများမှာလည်း အလွန်ပင် အကျပ်ရိုက်နေကြ၏။

သို့သော် ယခုအချိန်အထိ ထိုချင်းရှန်းရွာဆိုသည်မှာ မည်သည့်နေရာတွင်ရှိမှန်း မည်သူမျှ မသိကြသေးပေ။ ချင်အဖေသည် ဤခရိုင်တွင် နှစ်ပေါင်းများစွာ နေထိုင်လာသူ ဖြစ်သော်လည်း ဤရွာအမည်ကို တစ်ခါမှ မကြားဖူးခဲ့ချေ။ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးအဖွဲ့ထံ သွားရောက် မေးမြန်းရန် ကြိုးစားသော်လည်း ထိုအဖွဲ့တွင် လူနေနေသာသာ ခွေးတစ်ကောင်တောင် ရှာမတွေ့နိုင်လောက်အောင် အလုပ်ရှုပ်နေကြသည်။

အကြောင်းမှာ မကြာသေးမီက ကုမ္ပဏီများစွာသည် ရင်းနှီးမြှုပ်နှံရန် ရောက်ရှိလာကြသဖြင့် သူတို့မှာ ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်ရန် အလုပ်များနေကြပြီး အခြားကိစ္စများကို ဂရုမစိုက်နိုင်တော့ပေ။ အခြားဌာနများမှ လူအင်အားကိုပင် ခေါ်ယူနေရဆဲ ဖြစ်သည်။ နောက်ဆုံးတွင်တော့ အရာရှိတစ်ပိုင်း စီးပွားရေးသမားတစ်ပိုင်းဖြစ်သော ချင်အဖေသာ ဤကိစ္စကို တာဝန်ယူရန် ဖြစ်လာခဲ့ရသည်။ အကြောင်းမှာ ကုန်ဈေးနှုန်းနှင့် ပတ်သက်သော ကိစ္စများကို သူက ပိုမို ရင်းနှီးကျွမ်းကျင်သောကြောင့် ဖြစ်သည်။

မကြာမီမှာပင် ချင်အဖေသည် အကြောင်းအရာများကို ဆက်စပ်ကြည့်လိုက်မိ၏။

"မင်းပြောတဲ့ တောင်ထဲဝင်တယ်ဆိုတာ... အဲ့ဒီ ဝေးလံခေါင်သီတဲ့ ချင်းရှန်းရွာကို သွားတာလား"

"ဟုတ်တယ်ဖေဖေ! အဲ့ဒီကို သွားဖို့ လမ်း လုံးဝမရှိဘူး၊ ရွာသားတွေ မဟုတ်ရင် ဘယ်သူမှ ရှာတွေ့မှာ မဟုတ်ဘူး"

"မင်း အခုတလော တွဲနေတဲ့ ကောင်လေးက... အဲ့ဒီ ဈေးကြီးတဲ့ ဖရဲသီးတွေကို ရောင်းတဲ့လူလား"

"အင်း... သူစိုက်တာလေ၊ ဘီလီယံနာ တစ်ယောက်ကိုယ်တိုင် စိုက်တာဆိုတော့ ငါးထောင်ပေးရတာ တန်တယ်လို့ သမီးကတော့ ထင်တယ်"

"သူ့မှာ ပိုင်ဆိုင်မှု သန်းချီရှိတယ်ဆိုတာ မင်း ဘယ်လိုသိလဲ"

"သူ ကိုကို့ဆီမှာ ကားလာဝယ်တုန်းက သမီးကိုယ်တိုင် မြင်ခဲ့တာလေ၊ သူ့ကတ်ထဲမှာ လက်ကျန်ငွေ သန်းတစ်ရာကျော် ရှိတယ်၊ ဒါပေမဲ့ လူကတော့ နည်းနည်း ထူးဆန်းတယ်၊ သူ့ကိုယ်သူ လယ်သမားပဲလို့ အမြဲ ပြောနေတတ်တာ"

ချင်အဖေ၏ မျက်နှာမှာ သိသိသာသာ တည်ကြည်သွားကာ ခနမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။

"မနက်ဖြန် စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့အတူ ငါပါ လိုက်ခဲ့မယ်၊ မင်းက လမ်းပြပေး"

"ဟင်? အဖေက နေ့တိုင်း အလုပ်ရှုပ်နေတာ မဟုတ်ဘူးလား၊ အစ်ကို့ကိုပဲ လိုက်ခိုင်းမယ် ဆို?"

"သန်းတစ်ရာကျော် ပိုင်ဆိုင်တဲ့ လူတစ်ယောက်က ဒီခရိုင်အတွက် ဘယ်လောက်အထိ အရေးပါတယ်ဆိုတာ မင်း နားမလည်ပါဘူး။ ချမ်းသာကြွယ်ဝမှုအရဆိုရင် သူက ဒီခရိုင်မှာ ထိပ်ဆုံး ငါးယောက်စာရင်းဝင်တယ်၊ ပြီးတော့ သူက ငယ်ငယ်လေး ရှိသေးတာ။

မင်းအဖေတောင်မှ သူ့ကို သွားပြီး မိတ်ဖွဲ့ရဦးမယ်။

တကယ်လို့ မင်းသာ သူ့ကို တကယ် လက်ထပ်နိုင်မယ်ဆိုရင်... ငါ မင်းကို တင်တောင်းငွေ ယွမ်သန်း ၂၀ ထည့်ပေးမယ်"

ချင်စုစု မျက်လုံးပြူးသွားကာ မျက်နှာလေးလည်း နီမြန်းသွားရသည်။

"အဖေ... ဘာတွေ ပြောနေတာလဲ! သမီးနဲ့ သူနဲ့က တကယ် ဘာမှ မရှိပါဘူးဆို"

ဖခင်ဖြစ်သူက အိမ်ထောင်ရေးကို စီးပွားရေးတစ်ခုလို သဘောထားခြင်းအပေါ် သူမ စိတ်ပျက်မိသော်လည်း၊ ဤကဲ့သို့သော မိသားစုတွင် ကြီးပြင်းလာရသူဖြစ်သဖြင့် အချိန်ကြာလာသည်နှင့်အမျှ သူမ ကျင့်သားရနေပြီဖြစ်သည်။ သူမ ငယ်ငယ်ကတည်းက ဤကဲ့သို့သော ကံကြမ္မာမျိုးကို သိထားပြီးသား မဟုတ်လား။ သို့သော်... အကယ်၍ သူမသာ လင်းယန်ကို တကယ် လက်ထပ်ရမည်ဆိုလျှင်တော့ သူမ သဘောတူမိမှာ အမှန်ပင်။

နှမြောစရာကောင်းသည်မှာ ယခုအချိန်အထိ သူတို့နှစ်ဦးမှာ အလုပ်ရှင်နှင့် အလုပ်သမား ဆက်ဆံရေးမျှသာ ရှိသေးသည်။ သူမက ကားဆရာမလေး သက်သက်သာ ဖြစ်နေသည် မဟုတ်လား။

ဟင်း...

ဤအချက်ကို တွေးမိသောအခါ ချင်စုစုမှာ အနည်းငယ် စိတ်ပျက်သွားရသည်။ သူမသည် ရုပ်ရည်လည်း လှပပြီး ချစ်စရာကောင်းသည့် အမျိုးအစား ဖြစ်သလို၊ လိုက်ဖူးသူများလည်း မနည်းလှပေ။ သို့သော် လင်းယန်ကတော့ သူမအပေါ် စိတ်ဝင်စားပုံ မပြပေ။ သို့မဟုတ်လျှင်... လင်းယန်က သူမလို အမျိုးအစားကို မကြိုက်တာများလား။

သူမသည် ရင့်ကျက်သော အလှပိုင်ရှင် သုန့်ချင်းချင်းကို သတိရသွားမိ၏။

"သူက အဲ့ဒီလို ပုံစံမျိုးကို ကြိုက်တာလားမသိဘူး"

သူမသည် မှန်ထဲတွင် မိမိကိုယ်ကိုယ် ပြန်ကြည့်လိုက်ကာ အနည်းငယ် စိတ်ဓာတ်ကျသွားရသည်။ ဆွဲဆောင်မှုရှိသော ကိုယ်လုံးကိုယ်ပေါက် မရှိသဖြင့် ထိုကဲ့သို့သော ဂုဏ်သတင်းမျိုးကို သူမ မယှဉ်နိုင်ပေ။ သူမ အသက်ငယ်သေး၍ ဖြစ်မှာပါလေ... ဟုသာ မိမိကိုယ်ကိုယ် ဖြေသိမ့်လိုက်ရသည်။

ထိုညတွင် သူမ အိမ်မက်များစွာ မက်ခဲ့သည်။ သူမသည် လင်းယန်၏ ဇနီးဖြစ်လာပုံ၊ ဖခင်ဖြစ်သူက လက်ဖွဲ့များစွာပေးကာ သူမကို ဂုဏ်ယူကြောင်းပြောဆိုပုံ စသဖြင့်ပေါ့။ မိန်းကလေးငယ်လေးများမှာ ဤကဲ့သို့ ထူးဆန်းသော အိမ်မက်များကို မက်တတ်ကြသည် မဟုတ်လား။

......

သို့သော် နောက်တစ်နေ့ မနက်တွင်မူ သူမ အိမ်မက်ကောင်းနေဆဲမှာပင် အိမ်အကူက နှိုးလိုက်သဖြင့် ဝေဝေဝါးဝါးဖြင့် ရေချိုးပြင်ဆင်ကာ သတိပြန်ဝင်လာချိန်တွင်တော့ ဖခင်ဖြစ်သူ၏ကားပေါ်သို့ ရောက်နေလေပြီ။

မကြာမီမှာပင် စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်ကိုလည်း သွားရောက် ကြိုဆိုခဲ့ကြသည်။ ထိုသူမှာ အသက် ၂၄၊ ၂၅ ခန့်ရှိသော အမျိုးသမီးတစ်ဦး ဖြစ်ပြီး မျက်မှန်တပ်ထားကာ ပညာတတ်အရှိန်အဝါများ ဟပ်နေသူ ဖြစ်၏။

ချင်အဖေက မိတ်ဆက်ပေးလိုက်သည်။ "ဒါက အထက်က စေလွှတ်လိုက်တဲ့ စုံစမ်းစစ်ဆေးရေးမှူး ရှုချင်၊ ဒါကတော့ ကျွန်တော့်သမီး စုစုပါ"

ချင်စုစု ပါးစပ်ဟသွားရသည်။ သူမ၏ ဖခင်သည် ရှုချင်အပေါ် အလွန်ပင် ရိုသေလေးစားစွာ ဆက်ဆံနေသည်။ သူမ၏ဖခင်ကို ဤမျှအထိ ရိုသေအောင် လုပ်နိုင်သူမှာ မများလှပေ၊ အထူးသဖြင့် ရှုချင်မှာ ဤမျှအထိ ငယ်ရွယ်နေသည် မဟုတ်လား။

"မင်...မင်္ဂလာပါ"

"မင်္ဂလာပါ"

ရှုချင်သည် အေးစက်သော စရိုက်ရှိပုံရသဖြင့် နှစ်ဦးသား စကားပြောရန် ခက်ခဲနေကြသည်။

ချင်အဖေက ကြားထဲမှ ဝင်ပြောလိုက်သည်။ "စုစု... စုံစမ်းစစ်ဆေးရေးမှူးရှုက ငယ်ငယ်လေးနဲ့ စီးပွားရေးပါရဂူဘွဲ့ ရထားတာနော်၊ နိုင်ငံတော်ကတောင် အလေးထားရတဲ့သူပဲ၊ မင်းလည်း သူ့ဆီကနေ သင်ယူဦး"

ချင်စုစုမှာတော့ ငိုအားထက် ရယ်အားသန် ဖြစ်သွားရတော့သည်။ ဒီလောက်ငယ်ငယ်လေးနဲ့ ပါရဂူဘွဲ့ရထားတဲ့အပြင် အထူးဌာနရဲ့ စုံစမ်းစစ်ဆေးရေးမှူးတဲ့လား။ တကယ့်ကို ထူးချွန်လွန်းတဲ့ လူတစ်ယောက်ပဲ! ငါကတော့ တကယ့်ကို သာမန် ချမ်းသာတဲ့ အိမ်က ကလေးမလေး တစ်ယောက်ပါပဲလား... ယှဉ်လို့တောင် မရပါဘူး။

"စုံစမ်းစစ်ဆေးရေးကိုပဲ အာရုံစိုက်ရအောင်"

ရှုချင် စကားပြောလိုက်သည်နှင့် သူတို့အားလုံး Audi A8L ကားကြီးကို စီးကာ ချင်စုစု လမ်းညွှန်သည့်အတိုင်း ချင်းရှန်းရွာသို့ ဦးတည်သော လမ်းဆုံသို့ ဖြည်းညင်းစွာ မောင်းနှင်လာခဲ့ကြသည်။ သို့သော် ဤကဲ့သို့သော ဇိမ်ခံကားကြီးသည် တောင်ထဲသို့ ဝင်ရန်မှာ လုံးဝ မဖြစ်နိုင်ပေ။ ထို့ပြင် ချင်စုစုကိုယ်တိုင်လည်း တောင်ထဲသို့ဝင်သည့်လမ်းကို အသေအချာ မသိပေ။

"သူ ကားမောင်းပြီး ထွက်လာတာကို ဒီမှာပဲ စောင့်ရမယ်..."

"ဒီလမ်းက လင်းယန်တစ်ယောက်ပဲ မောင်းရဲတာ"

ရှုချင်သည် မြေကြီးပေါ်ရှိ ကားဘီးရာများကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။ သူမသည် ဝေးလံခေါင်သီသော နေရာသို့ သွားရမည်ကို သိထားသော်လည်း ယခုမြင်ရသည်မှာ သူမ မျှော်လင့်ထားသည်ထက် ပို၍ ဆိုးရွားနေသည်။ ယခုခေတ်ကြီးထဲတွင် လမ်းမရှိသော နေရာမျိုး ရှိနေသေးသည်လား။

"စုစု... သူ့ဆီ ဖုန်းဆက်လို့ ရမလား ကြည့်ဦး၊ အသိပေးထားရအောင်" ချင်အဖေက ပြောလိုက်သည်။ သူတို့လို လူမျိုးတွေက ဒီမှာ အကြာကြီး စောင့်နေရသည်မှာ မသင့်တော်ဟု သူ ယူဆထားခြင်း ဖြစ်၏။

ချင်စုစုက သက်ပြင်းချကာ -

"တောင်ထဲမှာ ဖုန်းလိုင်း လုံးဝမရှိဘူး၊ စောင့်ရုံပဲ ရှိတယ်"

"အင်း... ကောင်းပြီလေ"

နောက်ဆုံးတွင် သူတို့အားလုံး စောင့်ဆိုင်းရန် သဘောတူလိုက်ကြသည်။ သို့သော် အတော်ကြာအောင် စောင့်သည့်တိုင် လင်းယန်ကို မတွေ့ရဘဲ ဆောက်လုပ်ရေး ကားကြီးများစွာ ရောက်ရှိလာသည်ကိုသာ မြင်လိုက်ရ၏။

"ဆောက်လုပ်ရေးအဖွဲ့က ဘာလို့ ဒီမှာ လမ်းလာခင်းနေတာလဲ" ချင်အဖေက နားမလည်နိုင်ဘဲ မေးလိုက်သည်။

ချင်စုစုသည်လည်း ဆောက်လုပ်ရေးအဖွဲ့ ဤမျှအမြန် ရောက်လာမည်ဟု မထင်ထားခဲ့ပေ။ သူမက ဖခင်ဖြစ်သူအား ရှင်းပြလိုက်သည်။

"ဪ... လင်းယန်က ပိုက်ဆံပေးပြီး လမ်းခင်းခိုင်းထားတာလေ"

ရှုချင်သည် ချင်စုစုကို လှည့်ကြည့်လိုက်ကာ -

"ဒီလမ်းက ခင်းပြီးသွားရင်တောင် ဘာစီးပွားရေး တန်ဖိုးမှ ရှိမှာ မဟုတ်ဘူး၊ သူက ဘာလို့ ခင်းခိုင်းရတာလဲ"

"ကျွန်မက ဘယ်လိုသိမှာလဲ"

ချင်စုစုက 'ကျွန်မက သာမန်မိန်းကလေး တစ်ယောက်ပါ' ဟု ပြန်အော်ပြောချင်နေမိသည်။ ထိုကဲ့သို့သော လူမျိုးတွေရဲ့ အတွေးကို သူမ ဘယ်လိုလုပ် နားလည်နိုင်ပါ့မလဲ။

သို့သော် ရှုချင်ကတော့ ဖုန်းထုတ်ကာ နံပါတ်တစ်ခုကို တိုက်ရိုက် ခေါ်လိုက်သည်။

"လင်းယန်ရဲ့ နောက်ခံနဲ့ ဘဏ်စာရင်းတွေကို စစ်ဆေးပေးပါ၊ သူ့ရဲ့ ငွေကြေးအရင်းအမြစ်ကို သိချင်တယ်"

မကြာမီမှာပင် ရှုချင်၏ ဖုန်းထဲသို့ သတင်းအချက်အလက်များ ရောက်လာတော့သည်။

"ချင်းရှန်းရွာရဲ့ ဌာနေရွာသား... ဘဏ်ထဲက ပိုက်ဆံတွေက နိုင်ငံခြားက လယ်သမားကြီး တစ်ဦးရဲ့ အမွေတဲ့လား"

"အဲ့ဒီ လယ်သမားက သူ့ရဲ့ အဘိုးလေးတဲ့၊ ငယ်ငယ်ကတည်းက နိုင်ငံခြားမှာ ကြီးကျယ်တဲ့ လယ်ကွင်းကြီးတွေကို တည်ထောင်ခဲ့တာ၊ သူ့မှာ သားသမီးမရှိလို့ အမွေဆက်ခံမယ့်သူ မရှိတာကြောင့် ယုံကြည်မှုရန်ပုံငွေကတစ်ဆင့် ပိုင်ဆိုင်မှု အားလုံးကို လင်းယန်ရဲ့စာရင်းထဲကို လွှဲပေးခဲ့တာပဲ"

"ငွေကြေးအရင်းအမြစ်ကတော့ ပြဿနာ မရှိဘူး" ရှုချင်က တိုးတိုးလေး ပြောလိုက်သည်။

အမှန်တော့ စနစ်က ပေးထားသော ပိုက်ဆံကို မည်မျှပင် ကျွမ်းကျင်သူဖြစ်ပါစေ ပြဿနာ ရှာတွေ့နိုင်မည် မဟုတ်ချေ။ ထို့ကြောင့်လည်း အစစ်ဆေးခံရန် မကြောက်ခြင်းဖြစ်သည်။ ပိုက်ဆံက ပြဿနာမရှိလျှင် လင်းယန်သည် ထိုပိုက်ဆံကို သူ ကြိုက်သလို သုံးပိုင်ခွင့်ရှိသည် မဟုတ်လား။ စီးပွားရေး ရှုထောင့်အရ ကြည့်လျှင်လည်း လင်းယန် လမ်းခင်းပေးခြင်းမှာ ကပ်ရောဂါအပြီး စီးပွားရေး ပြန်လည်နိုးထမှုအတွက် အထောက်အကူဖြစ်စေသဖြင့် ရှုချင်က ကန့်ကွက်မည် မဟုတ်ပေ။

သို့သော်... ဈေးကြီးသော ဖရဲသီးကိစ္စကိုတော့ လင်းယန်နှင့် တွေ့ဆုံ ဆွေးနွေးရဦးမည် ဖြစ်သည်။ ဤနေရာသည် ဂျပန်နိုင်ငံ မဟုတ်သဖြင့် သာမန် သီးနှံများကို ထိုမျှအထိ ဈေးကြီးကြီး ရောင်းရန် မလိုအပ်ပေ။

သို့သော်...

သူတို့အားလုံး မနက်ကတည်းက မွန်းတည့်အချိန်အထိ စောင့်ဆိုင်းပြီးနောက်တွင်မှ ရွှံ့များ ပေကျံနေသော လမ်းကြမ်းမောင်းကားကြီး တစ်စီး တုန်ခါရင်း မောင်းနှင်လာသည်ကို မြင်လိုက်ရတော့သည်။

"လာပြီ လာပြီ!"

ချင်စုစုမှာ သိသိသာသာ စိတ်လှုပ်ရှားသွားရသည်။ သူမသည် မနက်စောစော နှိုးခံရသဖြင့် ဖခင်အပေါ် မကျေနပ်သော်လည်း၊ သူတို့ ဤမျှအကြာကြီး စောင့်ရခြင်း၏ အဓိကအကြောင်းရင်းမှာ သူမကြောင့်ဖြစ်နေသဖြင့် စိတ်ထဲတွင် တိတ်တဆိတ် ကျေနပ်နေမိသည်။ အကြောင်းမှာ သူမ နေ့တိုင်း အိပ်ရာထ နောက်ကျတတ်သဖြင့် လင်းယန်သည် တောင်ပေါ်မှ ဆင်းလာမည့် အချိန်ကို နောက်ဆုတ်ပေးထားခြင်းဖြစ်၏။

ဘယ်လောက်တောင် ကြင်နာတတ်တဲ့ လူကြီးလူကောင်းလဲ။ သူမကို အိပ်ပုတ်ကြီးခွင့်တောင် ပေးထားသေးတယ်!

သို့သော် ဤကဲ့သို့သော ကိစ္စမျိုးကို သူမ၏ ဖခင်အား ပြောပြမည် မဟုတ်သလို၊ ပြောလည်း မပြောရဲပေ။

.....

နောက်ထပ် ၁၀ မိနစ်ခန့် စောင့်ပြီးနောက်တွင် ကားကြီးသည် ရွှံ့နွံထဲမှ ရုန်းထွက်လာကာ လင်းယန်သည် ကားပေါ်မှ ဆင်းလာခဲ့သည်။ သူသည် ချင်စုစု၏ဘေးတွင်ရှိနေသော လူနှစ်ဦးကို မြင်လိုက်ရ၏။

"ဒီနှစ်ယောက်ရဲ့ အရှိန်အဝါက မရိုးရှင်းဘူးပဲ"

တစ်ချက်ကြည့်ရုံဖြင့်ပင် ဆံပင်ဖြူနေသော လူကြီးနှင့် မျက်မှန်တပ်ထားသော အမျိုးသမီးမှာ သာမန်လူများ မဟုတ်ကြောင်း သူ ခန့်မှန်းလိုက်မိတော့သည်။

***

စူပါ-ဖမ်း(SFS)

အခန်း ၂၈ ။ စိတ်ဓာတ်ခိုင်မာလွန်းသည့် အမျိုးသမီးစုံစမ်းစစ်ဆေးရေးမှူး

"လူတစ်ယောက်ရဲ့ အရှိန်အဝါဆိုတာ သူနေထိုင်တဲ့ ပတ်ဝန်းကျင်နဲ့ ခန္ဓာကိုယ်ကို ပြုစုပျိုးထောင်မှုအပေါ်မှာ မူတည်ပါတယ်"

အရှိန်အဝါဆိုသည်မှာ အလိုအလျောက် ဖြစ်ပေါ်လာခြင်း မဟုတ်ဘဲ ပြုစုပျိုးထောင်ယူရခြင်းဖြစ်၏။ ဆံပင်ဖြူဖြူနှင့် လူကြီးမှာ ဝတ်စုံအပြည့်နှင့် တည်ငြိမ်သောအရှိန်အဝါရှိရာ သိသာလှစွာပင် အဆင့်အတန်းမြင့်မားသူ တစ်ဦး ဖြစ်သည်။ မျက်မှန်နှင့် အမျိုးသမီးမှာမူ အလွန်လှပပြီး အေးစက်သော အသွင်ရှိကာ သူမ၏ ကိုယ်ပေါ်မှ ဖော်ပြ၍မရသော မာန်မာနအချို့မှာ အထင်အရှား ပေါ်လွင်နေ၏။ လင်းယန်သည် ထိုဆံပင်ဖြူလူကြီးက ဤအမျိုးသမီးငယ်အပေါ် ရိုသေလေးစားမှု ရှိနေသည်ကိုပင် သတိပြုမိလိုက်သည်။

ချင်စုစုကတော့... ပြောနေစရာပင် မလိုတော့ချေ။ သာမန်မိန်းကလေး တစ်ယောက်သာ ဖြစ်ပြီး၊ ထိုအမျိုးသမီးနှင့်တော့ ယှဉ်၍မရနိုင်ပေ။

ပထမဆုံး စတင်စကားပြောသူမှာ ချင်အဖေ ဖြစ်သည်။

"မင်းက လူငယ်လေးလင်း မဟုတ်လား၊ ငါက စုစုရဲ့ ဖေဖေပါ"

"ဦးလေး... မင်္ဂလာပါ"

"ဒါကတော့ အထက်ကနေ ဈေးကြီးတဲ့ ဖရဲသီးအကြောင်း စုံစမ်းစစ်ဆေးဖို့ စေလွှတ်လိုက်တဲ့ စုံစမ်းစစ်ဆေးရေးမှူး ရှုချင် ပါ။ မင်းရဲ့ ဖရဲသီးခင်းကို သွားကြည့်ပြီး အခြေအနေကို စုံစမ်းချင်လို့ပါ"

လင်းယန်သည် သူတို့နှစ်ဦး၏လာရင်းကိစ္စကို သိရှိသွားပြီး ရှုချင်ကို နှုတ်ဆက်လိုက်သည်။

"မင်္ဂလာပါ"

"အင်း"

ရှုချင်သည် အလွန်ပင် အေးစက်သော်လည်း လင်းယန်နှင့် လက်ဆွဲနှုတ်ဆက်ခဲ့သည်။ သူမ၏ လက်ကလေးမှာ အနည်းငယ် အေးစက်နေသော်လည်း နူးညံ့လှ၏။ သို့သော် သူမ၏ လက်ချောင်းများပေါ်တွင် အသားမာအချို့ ရှိနေသည်မှာ စာအရေးအသား အချိန်ကြာမြင့်စွာ ပြုလုပ်ထားခြင်းကြောင့် ဖြစ်ဟန်တူသည်။

"ရွာကို သွားမှာဆိုတော့ ကျွန်တော်ပဲ လမ်းပြတာ ပိုကောင်းပါလိမ့်မယ်"

"ဒုက္ခပေးမိပြီ" ချင်အဖေက တုံ့ဆိုင်းမနေဘဲ သဘောတူလိုက်သည်။

"ဒါပေမဲ့ ကျွန်တော်ကတော့ ထွက်လာရတာ မလွယ်တော့၊ ပစ္စည်းတချို့တော့ တစ်ခါတည်း တင်သွားရမယ်" လင်းယန်အတွက် တောင်ပေါ်မှ ဆင်းလာရန် အနည်းဆုံး သုံးနာရီ ကြာမြင့်သဖြင့်၊ လက်ဗလာနှင့် ပြန်သွားရမည်ဆိုပါက အချိန်ဖြုန်းတီးရာ ရောက်ပေလိမ့်မည်။

ချင်အဖေသည် ရှုချင်ကို လှည့်ကြည့်လိုက်၏။ သူတစ်ဦးတည်း ဆုံးဖြတ်၍ မရသောကြောင့်ဖြစ်သည်။

"ရပါတယ်" ရှုချင်က နောက်ဆုံးတွင် ခေါင်းညိတ်လိုက်သည်။

ချင်အဖေ၏မျက်နှာတွင် အပြုံးများ ပြည့်နှက်သွားကာ ပြန်ပြောလိုက်၏။

"လိုအပ်မယ်ဆိုရင် ငါ လူလွှတ်ပြီး ကူသယ်ခိုင်းပေးမယ်လေ"

"မလိုပါဘူး ဦးလေး၊ ကားတွေ များသွားရင် အရှိန်နှေးသွားလိမ့်မယ်။ ပြီးတော့ ဒီတောင်လမ်းက မကျွမ်းကျင်ရင် အန္တရာယ်ရှိတယ်"

လင်းယန်က ယဉ်ကျေးစွာ ငြင်းဆိုလိုက်သည်။ တစ်ချိန်တည်းမှာပင် သူက ချင်စုစုကို အကြည့်တစ်ချက် ပေးလိုက်ရာ၊ ချင်စုစုမှာ ချက်ချင်းပင် နားလည်သွားကာ ကားတံခါးကို ဖွင့်ဝင်ပြီး အင်ဂျင်နှိုးလိုက်တော့သည်။

တကယ့်ကို ကျွမ်းကျင်သော ကိုယ်ပိုင်ယာဉ်မောင်းတစ်ဦး၏ အရည်အချင်းပင်။ အရာအားလုံးမှာ အဆင်ပြေချောမွေ့လှပေသည်။

"ဒါဆို ကျွန်တော် ကားပေါ် တက်တော့မယ်နော်"

လင်းယန်က လက်ညှိုးထိုးပြကာ ကားပေါ်သို့ တက်လိုက်သည်။ ချင်အဖေနှင့် ရှုချင်တို့မှာမူ အခြားကားတစ်စီးဖြင့် အနောက်မှ လိုက်လာကြ၏။

လမ်းခရီးတွင် ချင်စုစုသည် လင်းယန်အား ကိစ္စများစွာကို ရှင်းပြခဲ့သဖြင့် အဖြစ်မှန်ကို သူ သဘောပေါက်သွားခဲ့သည်။ ဪ... ဈေးကွက်ကုန်ဈေးနှုန်း တည်ငြိမ်အောင် လုပ်ဆောင်သူတွေ ဖြစ်နေတာကိုး!

သူ့ဖရဲသီးက ဈေးကွက်ကို ကမောက်ကမဖြစ်စေသည်ဟု သံသယရှိသဖြင့် လူလွှတ်ကာ စုံစမ်းစစ်ဆေးခိုင်းခြင်း ဖြစ်သည်။ ဤအချက်ကို လင်းယန် မငြင်းဆိုသည့်အပြင် သူတို့ကို ပို၍ပင် လေးစားမိသေးသည်။ ဤကဲ့သို့သော လူများရှိနေသဖြင့်သာ သာမန်ပြည်သူများမှာ ကောင်းမွန်ပြီး ဈေးနှုန်းသင့်တင့်သော ပစ္စည်းများကို သုံးစွဲနိုင်ခြင်း မဟုတ်လား။ ထိုစီးပွားရေးသမားများမှာလည်း မိမိတို့ စိတ်ကြိုက် ဈေးနှုန်းများကို တင်၍ ရတော့မည် မဟုတ်ပေ။

လင်းယန်ကမူ ရိုးရှင်းလှသော တောရွာသားတစ်ယောက်သာဖြစ်သဖြင့် အစစ်ဆေးခံရန် ဘာကိုမှ မကြောက်ပေ။

....

တစ်ဖက်တွင်မူ အနောက်မှ လိုက်လာသော ရှုချင်သည် လင်းယန် စီးနေသည့် လမ်းကြမ်းမောင်းကား၏ တံဆိပ်ကို မြင်လိုက်ရသောအခါ စိတ်ထဲ၌ သိသိသာသာ အံ့အားသင့်သွားရသည်။ လမ်ဘော်ဂီနီကိုတော့ သူမ သိသည် မဟုတ်လား။

"သူက ဒီလောက်ကောင်းတဲ့ ကားကြီးနဲ့ ဒီလိုလမ်းမျိုးမှာ မောင်းနေတာလား!"

"သူက ဘယ်လိုလူမျိုးပါလိမ့်"

ရှုချင်သည် ဗဟုသုတ ကြွယ်ဝသူ ဖြစ်သော်လည်း ယခုမြင်ကွင်းကြောင့် မှင်တက်သွားရရှာသည်။ ယွမ် ၆ သန်းတန်သည့် ဤ လမ်ဘော်ဂီနီ Urus ကားကြီးမှာ ရွာထဲမှ ထွက်လာစဉ်က တစ်ကိုယ်လုံး ဗွက်များ ဖုံးလွှမ်းနေခဲ့ခြင်း ဖြစ်၏! မှန်အချို့သာ သန့်ရှင်းနေတော့သည်။ ဗွက်များမှာ နေပူရှိန်ကြောင့် ခြောက်သွေ့ကာ ကားကိုယ်ထည်ပေါ်တွင် ဗွက်ခွံကြီးများသဖွယ် ဖြစ်နေ၏။

လမ်းပေါ်ရှိ အခြားယာဉ်မောင်းများမှာလည်း ဤကားကို မြင်လျှင် ညစ်ပတ်လွန်းသဖြင့် ရှောင်မောင်းကြသည်။ သို့သော် ထိုဗွက်ခွံကြီးများအောက်တွင် လူတိုင်း အားကျရသည့် လမ်ဘော်ဂီနီ ရှိနေလိမ့်မည်ဟု မည်သူက ထင်ပါ့မလဲ။ ဒါကတော့ တကယ့်ကို နှမြောစရာ ကောင်းလှပေသည်။

ရှုချင်၏စိတ်ထဲတွင် များစွာ လှုပ်ခတ်သွားရသည်။ လမ်ဘော်ဂီနီကို တည်ထောင်သူကိုယ်တိုင်ပင်လျှင် သူ့ကားမှာ ဤကဲ့သို့သော အခြေအနေနှင့် ကြုံတွေ့ရလိမ့်မည်ဟု ထင်ထားမည် မဟုတ်ပေ။

ထို့နောက် လင်းယန်က လယ်ယာသုံး ကိရိယာများကို ကားပေါ်သို့ တင်ဆောင်လာသည်ကို မြင်သောအခါ သူမမှာ ပို၍ပင် စကားလုံး ဆွံ့အသွားရတော့သည်။ ကားကို တကယ့်ကို လယ်ယာသုံးကားအဖြစ် သတ်မှတ်လိုက်ခြင်းပင်။

ချင်စုစုသည် ရှုချင်၏မျက်နှာအမူအရာကို မြင်သောအခါ စိတ်ထဲ၌ တိတ်တဆိတ် ကျေနပ်နေမိသည်။

"ဟွန့်... ပညာတွေ ဘယ်လောက်ပဲ တတ်တတ်ပေါ့လေ"

"ငါတို့ သူဌေးကို မြင်ရင်တော့ အံ့ဩလွန်းလို့ အမူအရာတောင် မထိန်းနိုင်တော့ဘူး မဟုတ်လား"

လယ်ယာသုံး ပစ္စည်းများ တင်ပြီးနောက်တွင် သူတို့ လေးဦးစလုံး လင်းယန်၏ကားဖြင့်ပင် တောင်ထဲသို့ဝင်ရန် ဆုံးဖြတ်လိုက်ကြသည်။ အကြောင်းမှာ ထိုလမ်းကို လင်းယန်တစ်ဦးတည်းသာ ကျွမ်းကျင်သောကြောင့်ပင်။

....

ရှုချင်သည် နောက်ခန်းတွင် ထိုင်နေရင်း ယွမ်သိန်းချီ တန်ဖိုးရှိသော သားရေထိုင်ခုံများပေါ်တွင် ဖုန်များ ပေကျံနေကာ လယ်ယာသုံး ပစ္စည်းများကြောင့် ခြစ်ရာများ ဖြစ်နေသည်ကို မြင်ရသောအခါ မျက်ခွံများပင် တဆတ်ဆတ်တုန်လာရတော့သည်။

ဒါ တကယ့်ကို ဖြုန်းတီးတာပဲ! သူမသည် ထိုင်ခုံကို အသေအချာ သုတ်လိုက်ပြီး၊ လုံးဝ သန့်ရှင်းသွားမှသာ ကားပေါ်သို့ တက်ထိုင်တော့သည်။

လင်းယန်က ထိုပုံစံကိုကြည့်ကာ ပြုံးလိုက်မိသည်။ ဤစုံစမ်းစစ်ဆေးရေးမှူး ရှုမှာ အညစ်အကြေး မခံနိုင်သည့် ရောဂါရှိနေပါလျက်နှင့် ဘာကြောင့် တောထဲကို လာရတာလဲ။ တကယ်ပဲ ကိုယ့်ကိုယ်ကိုယ် ဒုက္ခရှာနေခြင်းပင်!

"အားလုံးပဲ ထိုင်ခုံခါးပတ် ပတ်ထားကြနော်"

လင်းယန်က စေတနာနှင့် သတိပေးလိုက်ပြီးနောက် အင်ဂျင်ကိုနှိုးကာ ဗွက်ထူလှသော လမ်းအတိုင်း ရှေ့သို့ မောင်းနှင်လိုက်သည်။ လမ်ဘော်ဂီနီမှာ မြင်းကောင်ရေအား မည်မျှပင် ကောင်းပါစေ၊ ဗွက်လမ်းပေါ်တွင်တော့ အနည်းငယ် လျှောတိုက်နေဆဲပင် ဖြစ်၏။ ကံကောင်းသည်မှာ ဤလမ်းကို ဖြတ်သန်းခဲ့ရသည်မှာ ရက်အနည်းငယ် ရှိနေပြီဖြစ်သဖြင့် ကားဘီးရာများ ထင်နေပြီဖြစ်ရာ အနည်းငယ်တော့ သက်သာလှပေသည်။

ပြတင်းပေါက် အပြင်ဘက်ကို ကြည့်လိုက်သောအခါ အမှတ် ၂ ဆောက်လုပ်ရေးအဖွဲ့သည် လမ်းရှင်းခြင်းနှင့် မြေညှိခြင်းလုပ်ငန်းများကို စတင်နေပြီဖြစ်ကြောင်း တွေ့ရသည်။ သူတို့ နေထိုင်မည့် ယာယီအဆောင်များပင် ဆောက်ပြီးနေလေပြီ။ အလုပ်က တကယ်ကို မြန်ဆန်လှပေသည်!

"ပိုက်ဆံပေးရတာ တန်ပါတယ်"

လင်းယန် စိတ်ထဲမှ ရေရွတ်လိုက်ပြီး ကားမောင်းခြင်းကိုသာ အာရုံစိုက်လိုက်သည်။ ကားမှာ မြက်တောများကြားတွင် ဖြည်းညင်းစွာ ရွေ့လျားနေ၏။ တစ်ချိန်တည်းမှာပင် သူသည် နောက်ကြည့်မှန်မှတစ်ဆင့် အထက်မှဆင်းလာသော အမျိုးသမီးစုံစမ်းစစ်ဆေးရေးမှူးကို ခိုးကြည့်နေမိသည်။

"တကယ်ကို လှတဲ့ မိန်းကလေးပဲ၊ နှမြောစရာကောင်းတာက အေးစက်လွန်းနေတာပဲ"

"သူသာ နည်းနည်းလောက် ပြုံးပြမယ်ဆိုရင် တကယ်ကို ကြည့်ကောင်းမှာပဲ"

လင်းယန် ခေါင်းယမ်းကာ ဆက်မစဉ်းစားတော့ပေ။ မိနစ်နှစ်ဆယ်ခန့် မောင်းနှင်ပြီးနောက် တစ်ခွန်းမျှ စကားမပြောသော ရှုချင်က မနေနိုင်တော့ဘဲ မေးလိုက်သည်။

"ဘယ်လောက်အထိ ထပ်သွားရဦးမှာလဲ"

"အဝေးကြီး မရောက်သေးပါဘူး၊ မောရင် ကားပေါ်မှာ ခဏမှေးနေလိုက်လေ"

ရှုချင်၏မျက်နှာမှာ ဖြူလျော့သွားရသည်။ မှေးနေလိုက်ရမယ် ဟုတ်လား။ ဒီလောက်အထိ လှုပ်ခါနေတာ ဘယ်သူက အိပ်ပျော်မှာလဲ။

ဂေါ~ ဂေါ~

သူမ၏ဘေးမှ ဟောက်သံတစ်ခု ထွက်ပေါ်လာသဖြင့် လှည့်ကြည့်လိုက်ရာ ချင်အဖေမှာ ခေါင်းငိုက်စိုက်ကျကာ အိပ်ပျော်နေပြီဖြစ်သည်ကို တွေ့လိုက်ရ၏။ ကား၏ ပြင်းထန်သော လှုပ်ခါမှုမှာ သူ့အပေါ်တွင် ဘာမှ သက်ရောက်မှု မရှိသည့်အလားပင်။

ချင်စုစုသည်လည်း ထိုဟောက်သံကို ကြားရသဖြင့် မျက်နှာကို လက်ဖြင့် အုပ်လိုက်မိသည်။

"ဖေဖေက မနေ့ညက ကောင်းကောင်း မအိပ်ရလို့ ဖြစ်မှာပါ"

"ရပါတယ်၊ ကိစ္စမရှိပါဘူး"

လင်းယန်က ဂရုမစိုက်ပေ။ ဤကဲ့သို့သော အခြေအနေမျိုးတွင် အိပ်ပျော်နိုင်သည်မှာ ထိုလူကြီး တကယ်ကို တော်သောကြောင့်ပင်ဖြစ်၏။

လင်းယန် နောက်ထပ် ၁၀ မိနစ်ခန့် မောင်းနှင်ပြီးနောက် ရှုချင်က အနောက်မှ ရုတ်တရက် အော်ပြောလိုက်သည်။

"ကားရပ်လိုက်!"

"ဟမ်?"

လင်းယန် ဇဝေဇဝါ ဖြစ်သွားသော်လည်း ကားကို ရပ်ပေးလိုက်သည်။ ရှုချင်သည် ကားတံခါးကို တွန်းဖွင့်ကာ အပြင်သို့ ပြေးထွက်ပြီး ကုန်းအန်တော့သည်။ သိသာလှသည်မှာ ကားလှုပ်သဖြင့် မခံနိုင်ဘဲ ကားမူးသွားခြင်းပင်။

လင်းယန် ခေါင်းယမ်းလိုက်မိသည်။ ဒီလောက်ပဲ ရှိသေးတာကို။ သူမရဲ့ခန္ဓာကိုယ်က တကယ်ကို အားနည်းလွန်းနေတာပဲ။ ချင်စုစုတုန်းကဆိုရင် လမ်းဆုံးရောက်မှ အန်တာလေ။ အခုက ဘာမှ မရောက်သေးဘူး!

ရှုချင် အန်လို့ ပြီးသွားသောအခါ လင်းယန်က ရေဘူးကို ကမ်းပေးလိုက်သည်။

"ကျေးဇူးတင်ပါတယ်"

ရှုချင် ရေဖြင့် ပလုပ်ကျင်းလိုက်ပြီးမှ အနည်းငယ် သက်သာသွားသည်။

"ခဏ နားဦးမလား"

"မလိုဘူး၊ ဆက်သွားကြစို့"

မျက်နှာ ဖြူလျော့နေသော်လည်း သူမ၏အကြည့်များမှာ တည်ကြည်နေဆဲပင်။ သူမသည် ကားပေါ်သို့ ထပ်မံ တက်လိုက်ပြန်သည်။ လင်းယန် ခေါင်းယမ်းလိုက်မိ၏။ မိန်းကလေးတစ်ယောက် ဖြစ်ပါလျက်နှင့် ဘာလို့ ဒီလောက်အထိ အလျှော့မပေးရတာလဲ။ အနောက်ခန်းကို ပြန်ကြည့်လိုက်ရာ ချင်အဖေကြီးမှာတော့ သွားရည်များပင် ကျမတတ် အိပ်မောကျနေဆဲပင်။

.....

ထို့နောက်တွင်တော့ လမ်းခရီးတစ်လျှောက် အနည်းငယ် သွားလိုက်၊ ရပ်လိုက်နှင့် ဖြစ်နေတော့သည်။ အဓိကမှာ ရှုချင် အလွန်အမင်း အန်နေသောကြောင့်ဖြစ်၏။ ငယ်ငယ်ကတည်းက သူမသည် ဒုက္ခများစွာကို ခံစားကာ စာကို ကြိုးစားသင်ယူခဲ့သည်။ ပါရမီရှင်တန်းထဲသို့ ဝင်ရောက်နိုင်ခဲ့ပြီး အသက် ၂၃ နှစ်အရွယ်မှာပင် ပါရဂူဘွဲ့ကို ရရှိခဲ့သည်။ ကျောင်းပြီးသည်နှင့် အထူးခေါ်ယူခြင်းခံခဲ့ရကာ တစ်နှစ်အတွင်းမှာပင် အငယ်ဆုံးသော စုံစမ်းစစ်ဆေးရေးမှူး ဖြစ်လာခဲ့သူဖြစ်သည်။

ဒါတွေက သူမ၏အဘိုးက အငြိမ်းစား စစ်ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်နေခြင်းနဲ့ လုံးဝ မသက်ဆိုင်ဘူးနော်! ယခုတစ်ခေါက် စုံစမ်းစစ်ဆေးရေးတွင် ပါဝင်လာခြင်းမှာလည်း သူမ၏ ကိုယ်ရေးရာဇဝင် (CV) ကို ပိုမို ကောင်းမွန်စေရန်နှင့် အခြေခံလူတန်းစားများနှင့် ထိတွေ့မှု ရှိစေရန်သာဖြစ်သည်။

သို့သော်...

အော့!

ဤလှုပ်ခါလှသော တောင်လမ်းကိုတော့ သူမ လုံးဝ မခံနိုင်တော့ဘူး! နောက်ဆုံးတွင် သူမမှာ အန်စရာ ဘာမှမရှိတော့ဘဲ လေများသာ ထွက်လာတော့သည်။ လင်းယန်ပင် ကြည့်ရသည်မှာ စိတ်မကောင်း ဖြစ်လာရ၏။

"ခဏလောက် နားလိုက်ကြရအောင်ပါ" လင်းယန်က စေတနာနှင့် ပြောလိုက်သည်။

"မလိုပါဘူး၊ အလုပ်က ပိုအရေးကြီးတယ်"

ရှုချင်က တိုက်ရိုက် ငြင်းဆိုကာ ကားပေါ်သို့ ဇွတ်တက်လိုက်ပြန်သည်။ လင်းယန်လည်း ဘာမှ မတတ်နိုင်တော့ပေ။ ဖရဲသီးတစ်လုံး စုံစမ်းဖို့အတွက်နဲ့ ဒီလောက်အထိ အနစ်နာခံစရာ လိုလို့လား။ တကယ်ကို မထိုက်တန်ပါဘူး။ သို့သော် ဤစုံစမ်းစစ်ဆေးရေးမှူး ရှု၏ ကိုယ်ခံအားက အားနည်းသော်လည်း သူမ၏ စိတ်ဓာတ်ကတော့ တကယ်ကို ခိုင်မာလွန်းလှသည်။

.....

နောက်ဆုံးတွင် သုံးနာရီခန့် ကြာမြင့်ပြီးနောက် ညနေပိုင်းသို့ ရောက်မှသာ ကားရပ်နားရမည့် နေရာသို့ ရောက်ရှိလာခဲ့သည်။

"ချင်းရှန်းရွာကို ရောက်ပြီလား"

ရှုချင်၏မျက်နှာတွင် မနည်းညှစ်ထုတ်ထားရသော အပြုံးတစ်ခု ပေါ်လာသည်။ လမ်းခရီးတစ်လျှောက် သူမ ဘာတွေ ခံစားခဲ့ရသည်ကို သူမသာ အသိဆုံး ဖြစ်ပေလိမ့်မည်!

သို့သော် လင်းယန်က ခေါင်းယမ်းပြလိုက်ကာ -

"တောင်တက်လမ်း ၁၀ မိုင် လောက် ကျန်သေးတယ်"

"..."

***

All Chapters