← Chapters

အခန်း (၂၉-၃၀)

Vol. 2 Ch. 29-30

အခန်း (၂၉-၃၀)

Vol. 2 Ch. 29-30

စူပါ-ဖမ်း(SFS)

အခန်း ၂၉ ။ စုစု... ဦးလေးလို့ မြန်မြန်ခေါ်လိုက်စမ်း

ရှုချင်သည် သူမ၏ခန္ဓာကိုယ်မှာ လွင့်မျောနေသကဲ့သို့ ခံစားနေရပြီး၊ ဘယ်အချိန်မှာ အသက်ထွက်သွားမလဲပင် မသိနိုင်တော့ချေ။ သူမ၏ ဘဝတစ်လျှောက်တွင် ဤမျှအထိ ဆိုးရွားသော ဒုက္ခမျိုး တစ်ခါမှ မကြုံဖူးခဲ့ပေ။ မိမိ၏ ခိုင်မာသော စိတ်ဓာတ်ဖြင့် တောင့်ခံနိုင်လိမ့်မည်ဟု သူမ ထင်ထားခဲ့ခြင်း ဖြစ်သည်။ အခက်အခဲပေါင်းစုံကို ကျော်ဖြတ်ပြီးမှ ပန်းတိုင်သို့ ရောက်ပြီဟု ထင်မှတ်ခဲ့သော်လည်း၊ ရှေ့တွင် သွားရမည့်လမ်းမှာ အဝေးကြီး ကျန်နေသေးကြောင်း သိလိုက်ရသောအခါ...

ဘယ်လိုလုပ်ပြီး ဒီလောက်အထိ ချောင်ကျနေရတာလဲ!

သူမ၏မျက်နှာမှာ သွေးဆုတ်ဖြူလျော့နေသော်လည်း နှုတ်ခမ်းကို တင်းတင်းစေ့ကာ အရှုံးမပေးလိုသေးပေ။

"ကျွန်မ... ရပါသေးတယ်"

လင်းယန်ပင်လျှင် သူမ၏ ဇွဲနပဲကို လေးစားမိသွားသည်။

"ရှေ့ကလမ်းကို ကားသွားလို့ မရတော့ဘူး၊ ခြေလျင်လျှောက်ရမယ်"

ရှုချင် ချက်ချင်းပင် သက်ပြင်းချနိုင်တော့သည်။ ကားစီးရန် မလိုတော့ဘူးဆိုသည်မှာ သူမအတွက် အများကြီး သက်သာသွားစေသည် မဟုတ်လား။

ထိုစဉ် ချင်စုစုက ဖခင်ဖြစ်သူကို နှိုးလိုက်သည်။ ချင်အဖေသည် သမ်းဝေရင်း အညောင်းအညာ ဆန့်လိုက်၏။

"ဒီလောက်အထိ အိပ်လို့ကောင်းတာ မကြုံဖူးဘူး။ နောက်ကျရင် ခဏခဏ လာရမယ်"

သူသည် နှစ်ပေါင်းများစွာ စီးပွားရေးကိစ္စများဖြင့် ရှုပ်ထွေးနေသဖြင့် ကောင်းကောင်း အိပ်စက်ခွင့် မရခဲ့ချေ။ ယခုကဲ့သို့ လှုပ်ခါနေသော လမ်းအခြေအနေကပင် သူ့ကို ဘာမှမသိနားမလည်ခဲ့သည့် လူငယ်ဘဝကို ပြန်လည်သတိရစေကာ အေးချမ်းစွာ အိပ်ပျော်သွားစေခဲ့ခြင်းဖြစ်သည်။

သို့သော် သူ သတိရလာပြီး ရှုချင်ကို မြင်လိုက်ရသောအခါ သူမ၏ပုံစံကြောင့် လန့်သွားရသည်။

"စုံစမ်းစစ်ဆေးရေးမှူးရှု... ဘာဖြစ်လို့လဲ"

ရှုချင်က မနည်းပြုံးပြကာ -

"ဘာမှမဖြစ်ပါဘူး၊ ကားမူးသွားလို့ပါ"

ချင်အဖေလည်း အခြေအနေကို ရိပ်မိလိုက်သည်။ ဤကဲ့သို့သော လမ်းမျိုးကို လူတိုင်း ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

"လမ်းက တော်တော် သွားရခက်တာပဲ၊ ရောက်တော့မှာလား"

ရှုချင်၏အပြုံးမှာ ခါးသက်သွားရသည်။

"နောက်ထပ် ၁၀ မိုင်လောက် ကျန်သေးတယ်"

"သွားကြစို့"

သို့သော် သူမ ခြေလှမ်းနှစ်လှမ်းမျှ လှမ်းပြီးသည်နှင့် မြေကြီးပေါ်သို့ မှောက်ရက်လဲကျသွားတော့သည်။ အန်လွန်းသဖြင့် အားအင် လုံးဝ မရှိတော့ခြင်းပင်။ သူမသာ ဇွတ်တောင့်မထားပါက စောစောကတည်းက မေ့လဲသွားလောက်ပြီဖြစ်သည်။

ချင်စုစုက ရှုချင်ကို အမြန်ထူလိုက်သည်။ သူမသည် အလွန် စိုးရိမ်နေမိ၏။ ရှုချင်၏အဆင့်အတန်းမှာ ထူးခြားလှသဖြင့် ဤနေရာတွင် တစ်ခုခုဖြစ်သွားပါက ပြဿနာ အကြီးအကျယ် တက်ပေလိမ့်မည်။

"ပြန်ကြရင် ကောင်းမလား၊ ဆေးရုံ သွားပြရအောင်"

"ဒီထက် ပိုပြီး လှုပ်ခါရင် သူမ အသက်အန္တရာယ် ရှိနိုင်တယ်"

လင်းယန်က ချက်ချင်း တားဆီးလိုက်သည်။ ဤမျှ စိတ်ဓာတ်ပြင်းပြသော အမျိုးသမီးက လက်ဗလာနှင့် ပြန်သွားရန် ဘယ်လိုမှ သဘောတူမည် မဟုတ်ပေ။

"ကျွန်မရဲ့တာဝန်တွေ မပြီးသေးဘူး" သူမသည် ဤအချိန်အထိ သွားကို တင်းတင်းစေ့ကာ အလျှော့မပေးဘဲ ရှိနေဆဲပင်။

ချင်အဖေ သက်ပြင်းချလိုက်သည်။ "ဘယ်လိုလုပ်ရပါ့မလဲ"

နောက်ဆုံးတွင် လင်းယန်သည် ရှုချင်ကို ထူမကာ ကျောပေါ်သို့ ပိုးလိုက်တော့သည်။ မိန်းကလေးတစ်ယောက်ကို ကုန်းပိုးရန်မှာ သူ့အတွက် အထူးအဆန်း မဟုတ်တော့ပေ။ သူသာ အားစိုက်မည်ဆိုလျှင် သူမကို ပွေ့ချီကာ ၁၀ မိုင်ခရီးကို အေးအေးဆေးဆေး သွားနိုင်ပေသည်။

"ကျွန်တော် ကုန်းပိုးသွားပါ့မယ်။ မင်းရဲ့ အခြေအနေနဲ့ဆိုရင် လမ်းလျှောက်ဖို့ မဖြစ်နိုင်ဘူး၊ မိုးချုပ်ရင်တောင် ရွာကို ရောက်မှာ မဟုတ်ဘူး။ညဘက် တောလမ်းက အရမ်း အန္တရာယ်များတယ်"

ရှုချင်သည် အစက ငြင်းဆန်ချင်သော်လည်း လင်းယန်၏စကားကို ကြားသောအခါ နောက်ဆုံးတွင် လက်ခံလိုက်ရသည်။

"ကျေးဇူးတင်ပါတယ်"

အေးစက်သော အသံလေးထဲတွင် ရှက်ကိုးရှက်ကန်း အရိပ်အယောင်လေးများ ပါဝင်နေသည်။ သူမသည် အမျိုးသားတစ်ဦးနှင့် ဤမျှအထိ နီးကပ်စွာ တစ်ခါမှ မနေဖူးချေ။ နှလုံးသားမှာလည်း ဒိန်းဒိန်းတုန် ခုန်နေတော့သည်။

လင်းယန်ကတော့ သူမမှာ အလွန်ပေါ့ပါးသည်ဟု ခံစားရသည်။ သူ့အတွက်တော့ အလေးချိန် မရှိသလောက်ပင်။ ယခု သူ၏ ကြံ့ခိုင်မှုဖြင့်ဆိုလျှင် သူမကို ပိုးကာ မာရသွန်ပြိုင်ပွဲ ဝင်လျှင်ပင် ပထမ ရနိုင်သည် မဟုတ်လား။ ၁၀ မိုင်ခရီး ဆိုသည်မှာ ဘာမှမဟုတ်ပေ။ သူသည် လက်ထဲတွင်ပင် လယ်ယာသုံး ကိရိယာအချို့ကို ထပ်မံ သယ်ဆောင်လာခဲ့သေးသည်။

လင်းယန်၏ ကျောပေါ်တွင် မှီနေသော ရှုချင်မှာ အလွန်ခံရခက်နေသော်လည်း တောင့်ခံထားဆဲ ဖြစ်၏။ ချင်အဖေနှင့် ချင်စုစုတို့ကတော့ ပစ္စည်းအချို့ကို ဝိုင်းကူသယ်ပေးကြသည်။

သူတို့အားလုံး အတားအဆီးများကို ကျော်ဖြတ်ကာ လမ်းပေါ်သို့ ပြန်တက်ခဲ့ကြသည်။ သို့သော် အကြာကြီး မလျှောက်ရသေးခင်မှာပင် ရှုချင်မှာ ဆက်၍ တောင့်မထားနိုင်တော့ဘဲ မေ့လဲသွားခဲ့သည်။ ကံကောင်းသည်မှာ သူမ၏ အသက်ရှူသံမှာ မှန်နေသဖြင့် စိုးရိမ်စရာတော့ မရှိပေ။

လင်းယန်သည် သူ၏ကျောပေါ်မှ အမျိုးသမီးလေးကို ကြည့်ကာ သနားမိသွားသည်။

"ဘာလို့များ ဒီလောက်အထိ အပင်ပန်းခံနေရတာလဲ"

"လူငယ်လေးလင်းကတော့ ရယ်စရာတွေ ပြောနေပြန်ပြီ" ချင်အဖေသည် လူကြီးပီပီ စကားလမ်းကြောင်းကို အမြန် ပြောင်းလိုက်သည်။ ဤသည်မှာ ရှုချင်၏ ဂုဏ်သိက္ခာကို ထိန်းပေးခြင်းလည်း ဖြစ်၏။ သူမ၏အဆင့်အတန်းမှာ မရိုးရှင်းသည် မဟုတ်လား။

လူကြီးတစ်ယောက်နှင့် လူငယ်တစ်ယောက်တို့မှာ လမ်းလျှောက်ရင်း စကားလက်ဆုံ ကျနေကြသည်မှာ အလွန်ပင် ပြေလည်လှသည်။ ချင်အဖေသည် လင်းယန်၏ပြောဆိုနေထိုင်ပုံများကို သဘောကျနေမိသည်။ ဤတောတောင်ထဲတွင် တစ်ဦးကိုတစ်ဦး ကာကွယ်နေရန် မလိုသလို၊ လှည့်စားမှုများလည်း မရှိချေ။ ရုပ်ရော စိတ်ရော လန်းဆန်းသွားသကဲ့သို့ပင်။

နောက်ဆုံးတွင် ချင်အဖေသည် စိတ်လှုပ်ရှားလွန်းသဖြင့် လင်းယန်ကို ညီအစ်ကို တော်ချင်လာတော့သည်။

"စုစု... ဒီနေ့ကစပြီး သူက မင်းရဲ့ ဦးလေးလင်းပဲ"

ချင်အဖေသည် လက်ကို ဝှေ့ယမ်းကာ ဟန်တကျ ပြောလိုက်သည်။ ချင်စုစု ချက်ချင်းပင် နှုတ်ခမ်းလေး စူသွားတော့၏။

"သူက သမီးထက်တောင် ငယ်သေးတာကို၊ ဘာလို့ ဦးလေးလို့ ခေါ်ရမှာလဲ"

"ငါ မင်းကို ဒီလောက်အထိ ကျွေးမွေးလာတာတောင်၊ မင်းက ညီလေးလင်းလောက် မတော်သေးဘူး မဟုတ်လား။ ဦးလေးလို့ ခေါ်တာ ဘာဖြစ်လို့လဲ"

ချင်အဖေသည် မျက်ခုံးကို ပင့်တင်ကာ တင်းတင်းမာမာ ပြောလိုက်သည်။ နောက်ဆုံးတွင် လင်းယန်ကပင် ကြားထဲမှ ဝင်ဖျန်ဖြေပေးလိုက်ရသည်။

"အစ်ကိုချင်... စိတ်အေးအေးထားပါ၊ ကျွန်တော်တို့က အဆင်ပြေသလိုပဲ ခေါ်ကြတာပေါ့"

"ညီလေးလင်းကတော့ သူ့ဘက်ကနေ ကာပြောပေးနေပြန်ပြီ"

လင်းယန် ပြုံးလိုက်မိသည်။ ဘယ်လို ပြောရမှန်းပင် မသိတော့ပေ။ အတိုချုပ်ပြောရလျှင်... ချင်စုစု၏ဖခင်မှာ တကယ့်ကို ထူးဆန်းသော လူတစ်ယောက်ပင်ဖြစ်သည်။

သို့သော် သူ ရိပ်မိသည်မှာ ဤအစ်ကိုချင်သည် သူ့ကို မိတ်ဖွဲ့ချင်နေပြီး၊ စကားလုံးတိုင်းတွင် ချီးကျူးမှုများ ပါဝင်နေခြင်း ဖြစ်သည်။ ချင်စုစုကတော့ နားထောင်ရင်းနှင့် အလွန်ပင် ခံရခက်နေရှာသည်။ သူမ၏ အသက် ၂၀ ကျော်အတွင်း ရရှိခဲ့သော ချီးကျူးမှုများအားလုံး ပေါင်းလိုက်လျှင်ပင် ဖခင်ဖြစ်သူက ယနေ့ လင်းယန်ကို ချီးကျူးနေသလောက် မရှိပေ!

တကယ်ကို ခက်ခဲလှပေသည်။ စိတ်ထဲတွင် အနည်းငယ် မကျေနပ်သော်လည်း သူမ ကျင့်သားရနေပြီ ဖြစ်သည်။ ငယ်ငယ်ကတည်းက ဤကဲ့သို့သော နှိမ်ချမှုများကြားတွင် ကြီးပြင်းလာရသည် မဟုတ်လား။ မဟုတ်ပါက သူမ၏ ချမ်းသာသော အိမ်ခြေအခြေအနေအရ လင်းယန်အတွက် ကားမောင်းပေးစရာ အကြောင်းမရှိပေ။

အင်း... အစကတော့ သိချင်စိတ်နဲ့ စလုပ်ခဲ့တာပါလေ။

ဤကိစ္စပြီးသွားသောအခါ နှစ်ဦးသား လယ်စိုက်သည့်အကြောင်းကို အားပါးတရ ပြောဖြစ်ကြပြန်သည်။ ချင်စုစုမှာ အံ့ဩသွားရ၏။ သူမ မွေးကတည်းက ဖခင်ဖြစ်သူ မြေကြီးကိုပင် ထိတာ မမြင်ဖူးပါလျက်နှင့် အခုတော့ လယ်စိုက်သည့်အကြောင်းကို တတွတ်တွတ် ပြောနေပါလား။ လင်းယန်ကလည်း လယ်စိုက်သည့်ကိစ္စကို အလွန်ကျွမ်းကျင်နေသည်မှာ ထူးဆန်းလှသည်။

"သူက လယ်စိုက်တာကို ထူးထူးခြားခြား ဝါသနာပါတာဖြစ်မှာပါ"

"ဟို သူဌေးသားတွေလိုပေါ့၊ တချို့က ကားဝါသနာပါတယ်၊ တချို့က အလှအပ ဝါသနာပါတယ်၊ တချို့က ရှေးဟောင်းပစ္စည်း စုရတာ ဝါသနာပါတယ်"

"သူကတော့ လယ်စိုက်ရတာကို ဝါသနာပါတာပေါ့။ ဒါက သူ့ရဲ့ ဝါသနာထူးပဲ"

"ဟိုဈေးကြီးတဲ့ ဖရဲသီးဆိုတာကလည်း သူ ကစားစရာအဖြစ် လုပ်ထားတာ နေမှာပါ"

ချင်စုစု စိတ်ထဲမှ တိတ်တဆိတ် ဝေဖန်နေမိသည်။

အားလုံး စကားပြောရင်းနှင့် ၃ မိုင်ခန့် ခရီးနှင်ပြီးသောအခါ၊ အဘိုးကိုးက နွားလှည်းဖြင့် လာကြိုသည်နှင့် ဆုံကြလေသည်။ လင်းယန်သည် မေ့လဲနေသော ရှုချင်ကို နွားလှည်းပေါ်သို့ တင်ပေးလိုက်သည်။ ဤကဲ့သို့သော လမ်းမျိုးတွင် နွားလှည်းမှာ ပို၍ ငြိမ်သက်ပြီး သွားရ အဆင်ပြေလှသည်။ အဓိကကတော့ နှေးနေလို့ပဲ!

လမ်းလျှောက်ရသည်မှာ မောလှပြီဖြစ်သော ချင်စုစုသည်လည်း လှည်းပေါ်သို့ တက်ထိုင်လိုက်သည်။ ချင်အဖေကတော့ ကျန်းမာသန်စွမ်းဆဲဖြစ်ပြီး ခြေလှမ်းများမှာလည်း သွက်လက်နေဆဲပင်။ သူသည် လင်းယန်နှင့် လယ်အကြောင်း ဆက်လက် ဆွေးနွေးနေသည်။

"ညီလေးလင်း... မင်းစိုက်တဲ့ ဖရဲသီးတွေကို ငါ တကယ် ကြိုက်တယ်၊ ဒါပေမဲ့ တစ်လုံးကို ငါးထောင်နဲ့ ရောင်းတာကတော့ မင်း အရှုံးပေါ်နေတယ်လို့ ငါ ထင်တယ်!"

"ပိုက်ဆံရှာချင်ရင် အလေးချိန်နဲ့ ရောင်းရမှာလေ!"

"တစ်ကျင်း (ပေါင်) ကို တစ်ထောင်နဲ့ ရောင်းမယ်ဆိုရင်၊ အပေါ့ဆုံးအလုံးတောင် ငါးကျင်းရှိတော့ ငါးထောင် ရပြီ။ အလေးဆုံး အလုံးဆိုရင် တစ်သောင်းကျော်အထိ ရနိုင်တာပေါ့"

"ဒီဖရဲသီးရဲ့ အရသာနဲ့ဆိုရင် ရောင်းမထွက်မှာကို စိတ်ပူစရာ မလိုပါဘူး"

"ချမ်းသာတဲ့သူတွေက ဒါမျိုးဆို အရမ်းကြိုက်တာ၊ မင်း တစ်လုံးကို သုံးလေးငါးသောင်းနဲ့ ရောင်းရင်တောင် သူတို့က ပိုက်ဆံတွေ ထုတ်ပြပြီး ဝယ်ကြဦးမှာပဲ"

လင်းယန် နှုတ်ခမ်းလေး တွန့်သွားမိသည်။

ကျွန်တော့်ကို 'ဈေးအရမ်းကြီးတဲ့ ဖရဲသီး' အဖြစ်အပျက်အတွက် စုံစမ်းစစ်ဆေးဖို့ လာတာ မဟုတ်ဘူးလား။ ဘာလို့ အခုကျတော့ ကျွန်တော် ရောင်းတာ ဈေးနည်းနေတယ်လို့ ပြောနေရတာလဲ။

ချင်အဖေသည် တကယ့် စီးပွားရေးသမားပီသလှပေသည်! လောဘကြီးသည့်နေရာတွင် လင်းယန်မှာ သူ့ကို လုံးဝ မယှဉ်နိုင်ပေ။

"ရွာမှာ လမ်းမရှိတော့ ဘယ်သူမှ လာမဝယ်ကြဘူးလေ" လင်းယန်က တိုးတိုးလေး ပြန်ဖြေလိုက်သည်။

"အင်း... ဒါကတော့ ပြဿနာပဲ"

"ဒါပေမဲ့ ဒီလမ်းသာ ပေါက်သွားမယ်ဆိုရင်တော့ လူတွေအများကြီး လာမြည်းစမ်းကြမှာ အသေအချာပဲ။ ဒါနဲ့ ညီလေးလင်း... မင်း မစဉ်းစားဖူးဘူးလား၊ မင်းရဲ့ ဖရဲသီးတွေကို ခရိုင်မြို့တွေ၊ ပြည်နယ်မြို့တွေ၊ နောက်ဆုံး မြို့တော်အထိပါ တင်ပို့ရောင်းချဖို့လေ!

ငါ့မှာ လမ်းကြောင်းရှိတယ်၊ မြို့တော်က သူဌေးတွေ သွားတဲ့ ကုန်တိုက်တွေနဲ့ ချိတ်ဆက်ပေးလို့ ရတယ်။ မင်းရဲ့ ဖရဲသီးကို တစ်ကျင်းကို သုံးထောင်နဲ့ ရောင်းရင်တောင် ဝယ်မယ့်သူက တန်းစီနေမှာပဲ။ ငါတို့နှစ်ယောက် ပူးပေါင်းကြည့်ကြမလား"

မှန်ပါပေသည်။ ချင်အဖေသည် သူ့ကို အချိန်အတော်ကြာ မိတ်ဖွဲ့နေခြင်းမှာ စီးပွားရေးလုပ်ရန်အတွက်ပင် ဖြစ်သည်။ ကပ်ရောဂါအခြေအနေကြောင့် ဝင်ငွေနည်းပါးသော မိသားစုများမှာ သုံးစွဲရန် ဝန်လေးနေကြသော်လည်း၊ ချမ်းသာသောသူများကမူ ပို၍ ဈေးကြီးသော ပစ္စည်းများကိုသာ ရွေးချယ် ဝယ်ယူလိုကြသည်။

မြို့တော်ရှိ အကောင်းဆုံး ဈေးများတွင် စပျစ်သီးတစ်ခိုင်ကိုပင် ယွမ်ထောင်ချီ ရောင်းနေသည် မဟုတ်လား။ လင်းယန်၏ အနက်ရောင်ဖရဲသီးဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ချေ။ သူတို့ လိုချင်သည်မှာ "ဈေးကြီးခြင်း" ပင် ဖြစ်သည်။ ဈေးသက်သာနေလျှင် သူတို့၏ ဂုဏ်ဒြပ်နှင့် မညီဟုပင် ယူဆကြပေလိမ့်မည်။

လင်းယန်ကမူ ရယ်မောလိုက်ကာ -

"ပိုက်ဆံရတာ မရတာက အရေးမကြီးပါဘူး။ ကျွန်တော်က ပိုက်ဆံကို စိတ်မဝင်စားဘူး"

သီးနှံရောင်းဖို့ အချိန်ဖြုန်းနေမည့်အစား၊ လယ်ထဲက ပေါင်းမြက်တစ်ပင် နှုတ်လိုက်ခြင်းကပင် ပိုက်ဆံ ပိုရဦးမည် မဟုတ်လား။ ထိုသို့ အလုပ်ရှုပ်ခံနေရန် မလိုအပ်ပေ!

ထိုအစား လယ်ကို ဘယ်လို ပိုကောင်းအောင် စိုက်မလဲ၊ ထွက်ရှိလာတဲ့ သီးနှံတွေရဲ့ အရည်အသွေးကို ဘယ်လို မြှင့်တင်မလဲဆိုတာကိုပဲ သူ ပိုပြီး စိတ်ဝင်စားသည်။ လယ်စိုက်ခြင်းသည်သာ အခြေခံအကျဆုံးသော အရာ ဖြစ်ပေသည်။ စီးပွားရေးလောကထဲ ဝင်ရန် သူ စိတ်မကူးမိပေ။

အမှန်စင်စစ် သူ၏ ဖရဲသီးများ ရောင်းမထွက်ခဲ့လျှင်ပင် ဘာမှမဖြစ်ပေ။ အများဆုံးဖြစ်လျှင် လယ်ထဲမှာ ပုပ်သွားလို့ နှမြောစရာကောင်းသည်ဟုသာ ခံစားရမည်ဖြစ်သည်။

ထို့ပြင်... သူ့လယ်ထဲတွင် ဖရဲသီးအပြင် အခြားသော အဖိုးတန်သည့် အရာများစွာ ရှိနေသေးသည် မဟုတ်လား။

***

စူပါ-ဖမ်း(SFS)

အခန်း ၃၀ ။ စန္ဒကူးနီသားတွေလား? ဟင်းချက်တုန်းက အများကြီး ရှို့ပစ်လိုက်တာ

လင်းယန်သည် ရှုချင်ကို အိမ်ဝင်းထဲအထိ ပိုးလာခဲ့သော်လည်း သူမမှာ အိပ်မောကျနေဆဲဖြစ်သည်။

"ကြည့်ရတာ ဒီနေ့တော့ စုံစမ်းစစ်ဆေးဖို့ မဖြစ်နိုင်တော့ဘူး။ ညီလေးလင်းဆီမှာပဲ တစ်ရက်၊ နှစ်ရက်လောက် ထပ်ပြီး ဒုက္ခပေးရဦးမယ် ထင်တယ်"

"ရပါတယ်၊ ကိစ္စမရှိဘူး"

လင်းယန်၏အိမ်ဝင်းက ကျယ်ဝန်းပြီး အခန်းတွေလည်း အများကြီးရှိရာ ဤလူနှစ်ယောက် ထပ်တိုးလာခြင်းက ပြဿနာမဟုတ်ပေ။

သို့သော် ချင်စုစုက သတိပေးလိုက်သည်။

"ဖေဖေ... ဖေဖေ လုပ်စရာ ကိစ္စတွေ အများကြီး ရှိသေးတယ် မဟုတ်လား"

ချင်အဖေကမူ လက်ယမ်းပြကာ -

"ကိစ္စမရှိပါဘူး၊ ကိစ္စမရှိပါဘူး။ မင်မင်းဆက်ခေတ်က ကျန်ရစ်ခဲ့တဲ့ ဒီလို ရှေးဟောင်းရွာလေးမှာ သမိုင်းဝင် အငွေ့အသက်တွေ နေရာတိုင်းမှာ ရှိနေတာ။ အဖေက ပုံမှန်ဆိုရင် ဒါမျိုးကို ဝါသနာပါတာလေ၊ ဒါကြောင့် ရွာထဲမှာ သေချာပတ်ကြည့်ရဦးမယ်"

ချင်စုစု သက်ပြင်းတစ်ချက် အားပါးတရ ချလိုက်မိသည်။ သူမသည် လင်းယန်ကို အသံတိုးတိုးဖြင့် သတိပေးလိုက်၏။

"အဖေနဲ့ ပတ်သက်ရင် သတိထားနော်၊ မဟုတ်ရင် ရွာထဲက အဖိုးတန်ပစ္စည်းတွေကို သူ အကုန် သိမ်းသွားလိမ့်မယ်"

ချင်စုစုက သူမ၏ဖခင်ကို ဤမျှအထိ သစ္စာဖောက်လိမ့်မည်ဟု လင်းယန် မထင်ထားခဲ့ပေ။ ဤသားအဖနှစ်ဦး၏ ဆက်ဆံရေးမှာ တကယ်ကို ထူးဆန်းလှသည်။ လင်းယန် နားမလည်မှာ စိုးသဖြင့် ချင်စုစုက ထပ်ဖြည့်ပြောလိုက်သေးသည်။

"လင်းကော ကားဝါသနာပါသလိုပဲ၊ ဖေဖေက ရှေးဟောင်းပစ္စည်းတွေကို ဝါသနာပါတာ။ ရှင့်ရွာက အရမ်းကို သဘာဝအတိုင်းရှိနေတော့ အကောင်းအတိုင်း ကျန်နေတဲ့ ပစ္စည်းတွေ ရှိနေနိုင်တယ်။ အဲ့ဒါတွေကို သေချာ စောင့်ကြည့်ထားဦး"

ချင်စုစု ပြောပြီးသည်နှင့် ချင်အဖေသည် ကုလားထိုင်တစ်လုံးဆီသို့ အပြေးအလွှား သွားနေသည်ကို မြင်လိုက်ရသည်။

"ဝိုး! 'ဟွမ်ဟွားလီ' သားနဲ့ လုပ်ထားတဲ့ ကုလားထိုင်ပဲ!"

"ဒီပန်းလက်ရာတွေ၊ ဒီပုံစံတွေကို ကြည့်ရတာ မင်မင်းဆက်နှောင်းပိုင်းက ဖြစ်ရမယ်။ ညီလေးလင်း... ဒါကို ငါ့ကို ရောင်းပါ၊ ဈေးသာ ပြောလိုက်တော့"

လင်းယန်၏ နှုတ်ခမ်းလေး အနည်းငယ် တွန့်သွားသည်။ သူ့အိမ်မှာ တကယ်ပဲ ရှေးဟောင်းပစ္စည်းတွေ ရှိနေတာလား။

နှမြောစရာကောင်းသည်မှာ သူသည် ရှေးဟောင်းပစ္စည်းများအကြောင်း ဘာမှနားမလည်ခြင်းပင်။ မင်မင်းဆက်နှောင်းပိုင်းက ဟွမ်ဟွားလီ ပရိဘောဂဆိုလျှင် တကယ်ကို တန်ဖိုးကြီးပေလိမ့်မည်။ သို့သော် သူ ပိုက်ဆံ မလိုပေ။

"မရောင်းဘူး။ ရောင်းလိုက်ရင် ကျွန်တော် ထမင်းစားတဲ့အခါ ဘယ်ပေါ်ထိုင်ရမှာလဲ"

"ညီလေးလင်းရာ... ဒါက ရှေးဟောင်းပစ္စည်းလေ၊ မင်းက ပုံမှန်အတိုင်း ထမင်းစားတဲ့အခါ ဒါပေါ် ထိုင်နေတာလား"

"မဟုတ်လို့ ဘာလုပ်ရမှာလဲ"

"ငါ မင်းကို ပရိဘောဂအစုံလိုက်ကြီး တစ်စုံ ပြန်ပို့ပေးမယ်လေ၊ ဘယ်လို Brand မျိုးပဲဖြစ်ဖြစ် မင်း စိတ်ကြိုက်ရွေး"

ထိုစဉ် လင်းရှောင်ဝူက မကျေမနပ်ဖြင့် အော်ပြောတော့သည်။

"သမီးတို့ အိမ်က ပစ္စည်းတွေကို မယူသွားနဲ့၊ လူဆိုးကြီး!"

"မပေးဘူး! ဘာမှ မပေးဘူး"

လင်းယန်သည် ရှောင်ဝူ၏ခေါင်းလေးကို ပွတ်ပေးကာ ဧည့်သည်ကို ယဉ်ကျေးစွာ ဆက်ဆံရန် အချက်ပြလိုက်သည်။ ချင်အဖေမှာ မျက်နှာပူသွားရ၏။ သူသည် ပြည်နယ်တစ်ခုလုံးတွင် နာမည်ကြီးသူ ဖြစ်သော်လည်း ယခုအခါ ကလေးမလေးတစ်ဦး၏ ပြောဆိုခြင်းကို ခံလိုက်ရသဖြင့် တကယ်ပင် မျက်နှာပျက်သွားရရှာသည်။

"ငါ ကြည့်ရုံတင် ကြည့်တာပါ၊ ကြည့်ရုံတင်ပါ" ဟု ချင်အဖေက အမြန် ရှင်းပြလိုက်ရသည်။

"စုံစမ်းစစ်ဆေးရေးမှူးရှုရဲ့ အခြေအနေကိုပဲ အရင် ဂရုစိုက်ကြရအောင်"

လင်းယန်သည် ကုလားထိုင်ကို ဖက်ထားကာ လက်မလွှတ်နိုင်ဖြစ်နေသည့် ချင်အဖေကို ဂရုမစိုက်တော့ဘဲ ရှောင်ဝူကို ရှုချင်အား ရေတိုက်ပေးရန် ခိုင်းလိုက်သည်။ သူမ အမြန် ပြန်သက်သာလာရန် သူ မျှော်လင့်မိ၏။ အကယ်၍ အထက်က ဆင်းလာသည့် စုံစမ်းစစ်ဆေးရေးမှူးသာ ရွာထဲတွင် တစ်ခုခု ဖြစ်သွားပါက နောက်ပိုင်းတွင် ဖြေရှင်းရန် ခက်ခဲပေလိမ့်မည်။

တစ်ဖက်တွင် စူးရို့ရို့မှာမူ စိတ်အခြေအနေ သိပ်မကောင်းလှပေ။ မတွေ့ရတာ ဘယ်လောက်တောင် ကြာသေးလို့လဲ၊ အခုတော့ အမျိုးသမီး နှစ်ယောက်တောင် ခေါ်လာတယ်ပေါ့။ အထူးသဖြင့် မေ့လဲနေတဲ့သူက အဲ့ဒီလောက်တောင် လှနေရတာလား...။

"သူတို့က ဘယ်သူတွေလဲ" စူးရို့ရို့သည် လင်းယန်ကို သတိထားကာ မေးလိုက်သည်။

"ဖရဲသီးကိစ္စကို စုံစမ်းဖို့ အထက်က လွှတ်လိုက်တာလေ။ ဒါပေမဲ့ သူက ကားမူးပြီး တော်တော်လေး အန်ထားတော့ ခဏတဖြုတ်တော့ သက်သာမှာ မဟုတ်ဘူး"

စူးရို့ရို့သည် သတင်းထောက်တစ်ဦးပီပီ အခြေအနေကို နားလည်သွားသည်။

"စိတ်ချပါ၊ ရှင့်ဖရဲသီးက အဲ့ဒီဈေးနဲ့ တန်ပါတယ်၊ ဘာမှဖြစ်မှာ မဟုတ်ဘူး"

"အင်း"

စူးရို့ရို့၏အားပေးစကားကြောင့် လင်းယန် စိတ်သက်သာရာ ရသွားသည်။ ဘေးမှ ချင်စုစုကတော့ စပ်စပ်စုစု ကြည့်နေ၏။

"ငါ့ရဲ့ အချစ်ဇာတ်လမ်းက မစရသေးခင်မှာပဲ ပြီးသွားပြီလို့ ခံစားရတယ်။ နတ်သမီးလေးရို့ရို့က ဘာလို့ သူ့အိမ်မှာ ရှိနေရတာလဲ၊ ကလေးတောင် ဝိုင်းထိန်းပေးနေသေးတယ်။ ငါက နတ်သမီးလေးရို့ရို့ကို ဘယ်လိုသွားယှဉ်ရမှာလဲ"

ချင်စုစုတစ်ယောက် စိတ်ဓာတ်တွေ အကြီးအကျယ် ကျသွားရသည်။ ချမ်းသာတဲ့အိမ်က သာမန်မိန်းကလေးတစ်ယောက်အနေနဲ့ စူးရို့ရို့ကိုတော့ သူမ သိသည်။ တစ်ချိန်တုန်းက စူးရို့ရို့ဟာ Hot Search ဇယားမှာ ထိပ်ဆုံးကရှိခဲ့ပြီး "အလှဆုံး သတင်းထောက်မလေး" အဖြစ် ပရိသတ်ပေါင်းများစွာ ပိုင်ဆိုင်ထားသူ မဟုတ်လား။

"နတ်သမီးလေးရို့ရို့... ကျွန်မနဲ့ ဓာတ်ပုံတစ်ပုံလောက် တွဲရိုက်လို့ ရမလားဟင်"

"အာ... ရတာပေါ့"

စူးရို့ရို့သည် ဤမျှ ဝေးလံသော နေရာတွင် သူမ၏ပရိသတ်နှင့် တွေ့ရသဖြင့် အံ့သြသွားသော်လည်း မငြင်းခဲ့ပေ။ သို့သော် ချင်စုစုမှာ မကြာမီမှာပင် ပြဿနာတစ်ခုကို သတိပြုမိသွားသည်။ စူးရို့ရို့ ဝတ်ထားသော အဝတ်အစားမှာ မနေ့က ပစ္စည်းဝယ်စဉ်က သူမ ကိုယ်တိုင် ရွေးပေးခဲ့သည့် အဝတ်အစားများ ဖြစ်နေသည်!

သိသာတယ်... သူတို့နှစ်ယောက် ဆက်ဆံရေးက မရိုးရှင်းဘူး။

ချင်စုစု မချိပြုံး ပြုံးလိုက်မိသည်။ စူးရို့ရို့ကို ယှဉ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်မှန်း သူမ သိလိုက်ပြီ။ သူမသည် မသိစိတ်အရဖခင်ဖြစ်သူကို လှမ်းကြည့်လိုက်မိရာ... သူမ၏ဖခင်မှာတော့ မျက်လုံးများအားလုံး ရှေးဟောင်းပစ္စည်းများဆီမှာသာ ရောက်နေတော့သည်။

လင်းယန်ကတော့ ချင်စုစု၏အမူအရာ ပုံမှန်မဟုတ်သည်ကို သတိပြုမိသည်။ စူးရို့ရို့၏ဘေးတွင် သူမသည် မိမိကိုယ်ကိုယ် ယုံကြည်မှု ကင်းမဲ့နေသည့်ပုံပင်။

"စုစု... ခေါင်းမော့ထားစမ်းပါ၊ မင်းလည်း တကယ် လှပါတယ်"

"ဟင်? တကယ်လား"

လင်းယန်၏ ချီးကျူးစကားကြောင့် ချင်စုစု ချက်ချင်း ပြန်ပြုံးနိုင်သွားသည်။ သူ ငါ့ကို ချီးကျူးနေတာပဲ!

"ဒါပေမဲ့ ရို့ရို့နဲ့ ယှဉ်ရင်တော့ နည်းနည်းလေးတော့ လိုသေးတာပေါ့"

သူမ၏မျက်နှာလေး ချက်ချင်း ပြန်ညှိုးသွားရပြန်သည်။ သို့သော် သူမ ချက်ချင်း ပြန်တည်ငြိမ်သွား၏။ ချမ်းသာတဲ့ အိမ်က သာမန်မိန်းကလေးတစ်ယောက်အနေနဲ့ စူးရို့ရို့ထက် နည်းနည်းပဲ လိုတာဆိုရင်တော့ ငါလည်း တကယ် လှနေလို့ပဲပေါ့!

"ကျွန်မကတော့ Cool ဖြစ်တဲ့ ပုံစံမျိုးလို့ ထင်တယ်၊ ဟုတ်တယ်မလား၊ ဟုတ်တယ်မလား"

စူးရို့ရို့ ရယ်မောလိုက်မိသည်။ ဝန်ခံရလျှင် ချင်စုစုသည် အခြေအနေကို ပျော်စရာကောင်းအောင် လုပ်ဆောင်နိုင်စွမ်း ရှိလှသည်။

"ဟုတ်ပါတယ်၊ Cool ဖြစ်ပါတယ်"

စူးရို့ရို့၏ချီးကျူးမှုကို ရရှိလိုက်သဖြင့် ချင်စုစုတစ်ယောက် လွင့်မျောနေတော့သည်။ ခဏအတွင်းမှာပင် သူမသည် စူးရို့ရို့နှင့် ရင်းနှီးသွားကာ 'ပြိုင်ဘက်' ဆိုသည့် အဆင့်ကိုပင် မေ့သွားပုံရသည်။

လင်းယန်လည်း ဤမြင်ကွင်းကို ကြည့်ကာ သဘောကျနေမိသည်။ ချောမောလှပသော မိန်းကလေးနှစ်ဦး အတူတူရှိနေသည်ကို ကြည့်ရသည်မှာ တကယ်ကို မျက်စိပသာဒ ရှိလှပေသည်။

"ဒီအိမ်ဝင်းကို ပြင်ဖို့ အချိန်ရှာရဦးမယ်"

လင်းယန်သည် ရှောင်ဝူနှင့် နေထိုင်စဉ်က ဘာမှ မခံစားရပေ။ အိမ်ဆိုသည်မှာ မိုးလုံလေလုံလျှင် ရပြီဟု သူ ယူဆထားသောကြောင့် ဖြစ်သည်။ ယခု ဖရဲသီးခင်းကလည်း ရိတ်သိမ်းပြီးပြီ၊ အခြားသီးနှံတွေကလည်း မမှည့်သေးတော့ အားလပ်ချိန်ရနေစဉ် ဤအိမ်ဝင်းကို ပြန်ပြင်ရန် သူ စဉ်းစားလိုက်သည်။

"ဒီအိမ်က မင်မင်းဆက်က 'ကျွမ်းယွမ်' (စာမေးပွဲ ပထမရသူ) ရဲ့ အိမ်ဟောင်းလေ။ အိမ်ဝင်း သုံးဆင့်တောင် ပါတာ"

"အဆောက်အအုံကို ထိန်းသိမ်းဖို့ လိုနေပြီ၊ နောင်ကျရင် ဒီမှာ လူတွေ ထပ်လာနေဦးမှာ"

လင်းယန်သည် အတွင်းဘက် အိမ်ဝင်းမှ စတင်ပြင်ဆင်ရန် ဆုံးဖြတ်လိုက်သည်။ ထိုနေရာရှိ အဆောက်အအုံများမှာ အလွန် ဟောင်းနွမ်းနေသော်လည်း အခြေခံကောင်းမွန်နေဆဲဖြစ်သဖြင့် ပြုပြင်ရုံနှင့် နေ၍ရနိုင်သည်။ သစ်သားအိမ်များ၏ အဓိကပြဿနာမှာ ဆွေးမြည့်ခြင်း၊ ပိုးစားခြင်းနှင့် မီးဘေးတို့ပင် ဖြစ်သည်။

လင်းယန်သည် ကိရိယာများကို ယူကာ အနောက်ဘက် အိမ်ဝင်းသို့ သွားသောအခါ ချင်အဖေသည်လည်း အနောက်မှ လိုက်လာခဲ့သည်။ သို့သော် သူသည် ပျက်စီးနေသော အခန်းအချို့ကို မြင်လိုက်ရသောအခါ မျက်လုံးများ ပြူးသွားတော့သည်။

"ဘုရားရေ!"

"ဒါ... ဒါတွေအားလုံးက..."

"ဒါတွေ အားလုံးက စန္ဒကူးနီသားတွေနဲ့ ဆောက်ထားတာပဲ!"

ချင်အဖေသည် စိတ်လှုပ်ရှားလွန်းသဖြင့် အိမ်တိုင်ကြီးကို ပြေးဖက်ကာ တစ်ကိုယ်လုံး တုန်နေသည်ကို လင်းယန် ကြည့်နေမိသည်။ သူသည် ဟိုပွတ်၊ ဒီပွတ် လုပ်နေပြီး မြေပေါ်သို့ ကျနေသော သစ်သားစအချို့ကို နှမြောတသစွာ ကောက်ယူကာ သူ၏ ဈေးကြီးသော ဝတ်စုံဖြင့် ဖုန်များကို သုတ်နေတော့သည်။

"ဒါလည်း စန္ဒကူးနီသားပဲ! ဒီလောက် အဖိုးတန်တဲ့ အိမ်ကြီးကို... ဘာလို့... ဘာလို့ ဒီလိုမျိုး ပစ်ထားရတာလဲ!"

ချင်အဖေမှာ ဒေါသထွက်လွန်းသဖြင့် သွေးအန်မတတ် ဖြစ်နေရှာသည်။ လင်းယန်မှာမူ ကြောင်သွားရ၏။

"ဒါက စန္ဒကူးနီလား။ ရှောင်ဝူက ဟင်းချက်ဖို့ဆိုပြီး ဒါတွေကို အများကြီး ရှို့ပစ်လိုက်တာ"

"အင်..."

ချင်အဖေသည် နှလုံးကို ဖိထားမိကာ မျက်လုံးများ ပြူးသွားရတော့သည်။ သူ့ပုံစံမှာ တကယ်ကို ထိတ်လန့်တုန်လှုပ်နေသည့်ပုံပင်။

***

All Chapters