အခန်း (၃၁-၃၂)
Vol. 2 Ch. 31-32
စူပါ-ဖမ်း(SFS)
အခန်း ၃၁ ။ ချင်းရှန်းရွာ၏ တန်ဖိုး
ချင်အဖေတစ်ယောက် ဒေါသထွက်လွန်းသဖြင့် အသက်ထွက်လုနီးပါး ဖြစ်သွားရသည်။
ဟင်းချက်ဖို့ ထင်းစိုက်ရာမှာ စန္ဒကူးနီသားတွေကို သုံးတယ်ပေါ့? ဒါက ဘယ်လောက်တောင် ဖြုန်းတီးလိုက်တာလဲ!
သို့သော် လင်းယန်၏ တုံ့ပြန်မှုကို ကြည့်ရသည်မှာ ဤအရာသည် စန္ဒကူးနီဖြစ်မှန်း သူ လုံးဝ မသိခဲ့သည်မှာ ထင်ရှားလှသည်။
"နောက်ဆိုရင် ဒါတွေကို ထင်းအဖြစ် လုံးဝ မရှို့နဲ့တော့။ တကယ်လို့ မင်း မလိုချင်ဘူးဆိုရင် ငါ့ကို ပေးပါ၊ ငါ မင်းကို ထင်းလှည်း အစီး ၁၀ နဲ့ လဲပေးမယ်"
လင်းယန်ကမူ ရယ်မောလိုက်ကာ -
"အခုတော့ ဒါက အဖိုးတန်ပစ္စည်းမှန်း သိသွားပြီဆိုတော့ သိမ်းထားရမှာပေါ့"
ချင်အဖေ ကိုယ့်ပါးစပ်ကိုယ် ပြန်ရိုက်ချင်စိတ် ပေါက်သွားရသည်။ ဘာလို့များ ပါးစပ်က မြန်နေရတာလဲ! အကယ်၍ နောက်မှသာ ပြောခဲ့လျှင် လင်းယန်ဆီမှ စန္ဒကူးနီသားအချို့ကို လှည့်ဖြားယူနိုင်ကောင်း ယူနိုင်ပေလိမ့်မည်။ ယခုတော့ ထိုအခွင့်အရေး ဆုံးရှုံးသွားခဲ့လေပြီ။
"သေချာ ကာကွယ်ထားပါဦး၊ စန္ဒကူးနီဆိုတာ ကြီးထွားနှုန်း အရမ်းနှေးတယ်၊ ငါးနှစ်မှ သစ်ကွင်းတစ်ကွင်းပဲ တက်တာ။ အပင်ကြီးဖြစ်ဖို့ နှစ်ပေါင်း ၈၀၀ လောက် ကြာတတ်ပြီး သစ်သားတွေထဲမှာ အမာဆုံးပဲ။
အခုဈေးကွက်မှာဆိုရင် ကျင်းစူးနန်ထက်တောင် ဈေးပိုကြီးသေးတယ်။ မင်းအိမ်က ဒီအဆောက်အအုံတွေကိုတော့ ပိုက်ဆံနဲ့ တန်ဖိုးဖြတ်လို့ မရတော့ဘူး။ ဒါတွေက သမိုင်းဝင် အမွေအနှစ်တွေပဲ၊ သေချာ ဂရုစိုက် စောင့်ရှောက်ရမယ်"
ချင်အဖေ၏အကြည့်များမှာ အလွန်ပင် လောဘတက်နေပြီး သစ်သားများကို ပွတ်သပ်နေသည့် သူ၏ လက်များမှာလည်း တုန်ယင်နေတော့သည်။
"ကျွန်တော်လည်း အဲ့ဒီအတိုင်းပဲ စဉ်းစားထားပါတယ်" လင်းယန်က ထောက်ခံလိုက်သည်။
အရင်က သူနှင့် ရှောင်ဝူတို့မှာ အသက်ရှင်ဖို့ ရုန်းကန်နေရသဖြင့် ရှို့ပစ်ခဲ့မိခြင်းဖြစ်သည်။ ယခုမူ လမ်းသာ ပေါက်သွားပါက သူ့ပိုက်ဆံများကို ပစ္စည်းအဖြစ် ပြောင်းလဲကာ ရွာထဲသို့ အလုံးအရင်းနှင့် သယ်ဆောင်လာနိုင်မည် ဖြစ်သည်။ ထိုအချိန်ကျလျှင် မနက်ဖြန်ကျရင် အေးမလား၊ ဆာမလား ဆိုသည်ကို စိုးရိမ်နေရန် မလိုတော့ချေ။ မိသားစု အစဉ်အဆက် လက်ဆင့်ကမ်းလာသည့် ဤအိမ်ဝင်းကြီးကိုလည်း သေချာ ပြန်လည်ပြုပြင်ရပေမည်။
သို့သော် ဤအိမ်ဝင်း၏တန်ဖိုးမှာ ဤမျှအထိ ကြီးမားလိမ့်မည်ဟု သူ မထင်ထားခဲ့မိပေ။
"အိမ်ဝင်းထဲမှာ အသုံးမပြုတဲ့ အခန်းလွတ်တွေ အများကြီး ရှိသေးတယ်၊ အဲ့ဒီထဲက နှစ်ဆောင်လောက်ကို ဖျက်ပြီး ဒီအိမ်ဟောင်းကို ပြန်ပြင်ဖို့ သုံးရင်ရတာပဲ" လင်းယန်က မိမိ၏အကြံဉာဏ်ကို ပြောပြလိုက်သည်။
"ဟုတ်တာပေါ့၊ အသစ်တွေနဲ့ သွားဖာရင် သမိုင်းဝင် အငွေ့အသက်တွေ ပျောက်ကုန်လိမ့်မယ်" ချင်အဖေလည်း အလွန်စိတ်လှုပ်ရှားနေသည်။
"မင်းရဲ့ အိမ်ဝင်းသုံးဆင့်ထဲက ဒီအလယ်ဆောင်ကိုတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ရာချီက ပုံစံအတိုင်း ပြန်ပြင်လို့ ရတယ်။ တစ်နိုင်ငံလုံးမှာတောင် ဒီလောက်အထိ အကောင်းအတိုင်း ကျန်ရစ်တဲ့ အိမ်မျိုးက လက်ချိုးရေလို့ ရပါတယ်။ အဲ့ဒီအခါကျရင် မင်းက စန္ဒကူးနီသားတွေနဲ့ ဆောက်ထားတဲ့ အိမ်ကြီးမှာ ဧည့်သည်တွေကို ဧည့်ခံရမယ်ဆိုတော့ ဘယ်လောက်တောင် မျက်နှာပွင့်လိုက်မလဲ။
ဪ... ဒါနဲ့၊ အိမ်ဝင်းထဲမှာတော့ ဟင်းရွက်တွေ မစိုက်နဲ့တော့လေ။ နောက်ကျရင် ရှုခင်းလှလှလေးတွေ လုပ်ပြီး စူးကျိုးစတိုင် ဥယျာဉ်လေး ဖန်တီးလိုက်ရင် ပိုကောင်းမယ်"
ချင်အဖေသည် မထိန်းနိုင်တော့ဘဲ ဟိုညွှန် ဒီညွှန် လုပ်နေတော့သည်။ လင်းယန်က ခန စဉ်းစားကြည့်ပြီးနောက် ချင်အဖေ ပြောသည်မှာလည်း အဓိပ္ပာယ်ရှိသည်ဟု ယူဆလိုက်သည်။ ဤလူကြီးမှာ သမိုင်းအသိပညာ အလွန်ကြွယ်ဝသူ ဖြစ်ပေသည်။ အိမ်ဝင်းကိုလည်း သူပြောသည့်အတိုင်း ပြင်ဆင်၍ ရနိုင်ပေသည်။
သို့သော်... အချက်တစ်ချက်ကိုတော့ လင်းယန် သဘောမတူပေ။
"ရှုခင်းလုပ်တာကိုတော့ ထားလိုက်ပါဦး၊ ကျွန်တော်ကတော့ ဟင်းရွက်စိုက်ရတာကိုပဲ ပိုသဘောကျတယ်"
"ဒီလောက် ကောင်းတဲ့ အိမ်ဝင်းကြီးမှာ ဟင်းရွက်စိုက်မယ် ဟုတ်လား"
"ဟင်းရွက်ပင်တွေ ပွင့်လာရင်လည်း အရမ်းလှတာပဲ မဟုတ်လား"
"..."
ချင်အဖေမှာ စိတ်ပျက်အားငယ်သွားရသည်။ သို့သော် လင်းယန်၏ တည်ကြည်သော ပုံစံကြောင့် သူ ဘာမှ မတတ်နိုင်ပေ။ နောင်တစ်ချိန် ပြန်ပြင်ပြီးသွားမှပဲ တစ်နည်းနည်းနှင့် ကြံစည်ရမည်ဟု သူ တွေးလိုက်သည်။
ငါ သေချာပေါက် စုစုကို ဒီကောင်လေးနဲ့ လက်ထပ်ပေးရမယ်!
အဲ့ဒီကျရင် ငါက ဒီအိမ်ဝင်းမှာပဲ နေပြီး မပြန်တော့ဘူး၊ ဒီကောင်လေး ငါ့ကို ဘာမှလုပ်လို့မရတော့ဘူး!
အဲ့ဒီအချိန်ကျရင် ငါ ရှုခင်းတွေ လုပ်ချင်တာကို သူ တားရဲဦးမလား?
ဒါပေမဲ့... သူက စုစုကို ယူပါ့မလား?
ဒါမှမဟုတ်ရင်...
စုစုကို သူ့ရဲ့ရည်းစားအဖြစ် ထားရင်လည်း ဖြစ်တာပဲ
ချင်အဖေက သူ့ကို ကြံစည်နေသည်ကို လင်းယန် ရိပ်မိသည်။ သို့သော် သူ ဂရုမစိုက်ပါ။ သူသည် ချင်းရှန်းရွာထဲမှာပဲ အောင်းနေမည်ဖြစ်ရာ ဘယ်သူက သူ့ကို လာကြံစည်နိုင်မှာလဲ။ ထို့ပြင်... ရွာထဲဝင်မည့် လမ်းကိုလည်း သူကိုယ်တိုင် ငွေစိုက်ထုတ်ကာ ဖောက်လုပ်နေခြင်းဖြစ်သည်။ မည်သူမဆို ဤလမ်းကို သုံးချင်လျှင် သူ့ကို အရင် လာမေးရပေလိမ့်မည်။
"ဦးလေး ကူညီချင်တယ်ဆိုရင်တော့ အရင်ဆုံး ဒီဖုန်တွေကို သုတ်ပေးပါဦး" လင်းယန်က ခိုင်းဖော်ရသွားသဖြင့် ခိုင်းလိုက်တော့သည်။
အရင်ရက်များက ရိုက်ကူးရေးအဖွဲ့ လာနေခဲ့သော်လည်း သူတို့မှာ ရိုက်ကူးရေးနှင့်သာ အလုပ်များနေသဖြင့် အခန်းကို အကြမ်းဖျင်းသာ သန့်ရှင်းနိုင်ခဲ့သည်။ ယခု ချင်အဖေနှင့် နှစ်ဦးသား လုပ်ဆောင်ရသည်မှာ ပိုမို လွယ်ကူသွားစေသည်။
ချင်အဖေမှာ အလွန်ဝမ်းသာသွားကာ ရေပုံးကို ဆွဲပြီး အားတက်သရော အလုပ်လုပ်တော့သည်။ လင်းယန်ပင် ကြောင်သွားရ၏။
"သူ အလုပ်လုပ်တာ ဒီလောက်တောင် တက်ကြွလိမ့်မယ်လို့ မထင်ထားဘူး၊ ငါ့ထက်တောင် ပိုပြီး ဂရုတစိုက် သုတ်နေပါလား"
လင်းယန် ခေါင်းယမ်းလိုက်ကာ ရေပုံးထဲမှ ရေကို သစ်သားတိုင်ပေါ်သို့ ဝုန်းကနဲ ပက်လိုက်သည်။ ထိုမြင်ကွင်းကို မြင်လိုက်ရသော ချင်အဖေမှာ ဒေါသထွက်လွန်းသဖြင့် မျက်ခွံများပင် တဆတ်ဆတ် တုန်သွားရ၏။
"မင်း ဘာလုပ်တာလဲ! ဒီလောက် အဖိုးတန်တဲ့ အိမ်ကြီးကို မင်း ဘယ်လိုများ ဒီလိုမျိုး ဆက်ဆံရတာလဲ! မင်း သွားတော့! အမြန် သွားစမ်းပါ၊ မင်း မလိုဘူး၊ ငါ့ဘာသာငါ သုတ်မယ်"
လင်းယန် အံ့ဩသွားရသည်။
ချင်အဖေဆိုသည်မှာ ခရိုင်မြို့တွင် နာမည်ကြီးသော စီးပွားရေးလုပ်ငန်းရှင်ကြီး၊ ပြည်နယ်တစ်ခုလုံးတွင် ဩဇာရှိသူ မဟုတ်လား။ ဘယ်လိုဖြစ်ပြီး ငါ့အိမ်မှာ စေတနာ့ဝန်ထမ်း သန့်ရှင်းရေးသမား လာလုပ်နေရတာလဲ။
ချင်အဖေက ထိုသို့ လုပ်ချင်နေမှတော့ လင်းယန်လည်း မတားတော့ပေ။ အလကားရတဲ့လုပ်အားကို ဘယ်သူက မသုံးဘဲ နေပါ့မလဲ။ သူ့ဂရုစိုက်မှုကို ကြည့်ပါဦး... သူ လယ်စိုက်တာတောင် ဒီလောက် မစေ့စပ်ခဲ့ဖူးပေ!
ချင်စုစုကတော့ ထိုမြင်ကွင်းကို ကြည့်ကာ မျက်နှာကို လက်ဖြင့် အုပ်ထားမိသည်။ ရှက်လိုက်တာ!
သူဌေးသမီးဖြစ်သူ သူမက လင်းယန်အတွက် ကားမောင်းပေးရသည်မှာ ထားပါဦး။ သူမ၏ ဖခင်၊ တစ်ပြည်နယ်လုံးကို တုန်လှုပ်စေနိုင်သူကြီးက... ဒီမှာ သန့်ရှင်းရေး လာလုပ်ပေးနေတာ တကယ်ကို တက်ကြွလွန်းနေပါလား?
ထိုယွမ်သိန်းချီတန်သည့် ဝတ်စုံကြီးကို ပုံမှန်ဆိုလျှင် သူမကိုပင် ထိခွင့်မပေးချေ။ ယခုမူ ထိုဝတ်စုံကြီးနှင့်ပင် ဖုန်သုတ်နေပါလား။
"ဒီအဖေကို ငါ အဖေလို့ မခေါ်ချင်တော့ဘူး!" ဟု သူမ စိတ်ထဲမှ တိုးတိုးလေး ညည်းတွားလိုက်မိသည်။
လင်းယန်သည် ချင်အဖေ၏ ရှေးဟောင်းပစ္စည်း ချစ်မြတ်နိုးမှုကို ကောင်းကောင်းကြီး နားလည်သွားခဲ့သည်။ ချင်အဖေသည် အိမ်တွင်ရှိသော ပစ္စည်းများမှာ မည်သည့်ခေတ်က ဖြစ်ကြောင်းကိုပါ တိတိကျကျ ပြောနိုင်စွမ်း ရှိပေသည်။
"ဝိုး! ဒီစန္ဒကူးနီ စားပွဲက တောင်ပိုင်းစုန့်မင်းဆက်ပုံစံပဲ၊ ဒါပေမဲ့ ယွမ်မင်းဆက်မှာ လုပ်ထားတာ ဖြစ်ရမယ်"
"ဒီအမွှေးတိုင်ထွန်းတဲ့ စားပွဲက ထန်မင်းဆက်နှောင်းပိုင်း ပုံစံပဲ၊ ဒါပေမဲ့ မင်မင်းဆက်က အတုလုပ်ထားတာ ဖြစ်မယ်၊ မဟုတ်ရင် ဒီလောက်အထိ အကောင်းအတိုင်း ကျန်ဖို့ ခက်တယ်"
လင်းယန် နားထောင်ရင်းနှင့်ပင် ပါးစပ်အဟောင်းသား ဖြစ်နေရသည်။ မင်မင်းဆက်က အတုလုပ်ထားတာတဲ့လား! ဒါက အခုခေတ်လူတွေ မင်မင်းဆက် ပရိဘောဂတွေကို အတုလုပ်တာနဲ့ ဘာထူးမှာလဲ။ မသိတဲ့သူဆိုရင်တော့ ဒါက တကယ့် ထန်မင်းဆက်က ပစ္စည်းလို့ပဲ ထင်ကြမှာပဲ။
အိမ်ရှိ ကြွေထည်အချို့မှာလည်း တောင်ပိုင်းဆောင်မင်းဆက်ခေတ်ဖြစ်ကြောင်း ချင်အဖေက ရှာဖွေတွေ့ရှိခဲ့သည်။ ရှေးဟောင်းပစ္စည်း လောကတွင် ချင်အဖေမှာ တကယ့်ကို ပညာရှင်ကြီးပင် ဖြစ်ပေလိမ့်မည်။
ချင်အဖေ၏ ရှာဖွေမှုများကြောင့် လင်းယန်၏ ပိုင်ဆိုင်မှု တန်ဖိုးမှာလည်း တရိပ်ရိပ် မြင့်တက်လာနေသည်။ စနစ်ဖြင့် လယ်စိုက်သည့် ကောင်လေးတစ်ယောက်အဖြစ်မှ၊ မိသားစု အမွေအနှစ် အိမ်ဟောင်းကြီးထဲရှိ ပစ္စည်းများ၏ တန်ဖိုးမှာ ယွမ်သန်းပေါင်း တစ်ထောင်ကျော်လောက် ရှိနေပြီ ဖြစ်သည်။
"ချင်းရှန်းရွာက အပြင်လောကနဲ့ အရမ်း အဆက်ပြတ်နေတော့ ပစ္စည်းတစ်ခုရဖို့ မလွယ်ဘူးလေ၊ ဒါကြောင့်လည်း ရှေးဟောင်းပစ္စည်းတွေ ဒီလောက်အများကြီး ကျန်နေတာ ဖြစ်မှာပါ"
"ငါ့အိမ်မှာတောင် ဒီလောက်ရှိရင်၊ ရွာထဲက တခြားသူတွေရဲ့ အိမ်မှာကော ဘယ်လောက်တောင် ရှိမလဲ"
လင်းယန် ရိပ်မိသည်မှာ သမိုင်းဝင် အမွေအနှစ် ကာကွယ်စောင့်ရှောက်ရေး ရှုထောင့်မှ ကြည့်လျှင် ချင်းရှန်းရွာ၏ တန်ဖိုးမှာ ခန့်မှန်း၍ပင် မရနိုင်တော့ချေ။ ဤရှေးဟောင်းပစ္စည်းများကိုသာ လေလံတင် ရောင်းချမည်ဆိုပါက ယွမ်သန်းပေါင်း သောင်းချီ ရနိုင်ပေသည်။ ဤသည်မှာ မယုံနိုင်စရာပင်။
သို့သော် ဤမျှ ကြီးမားသော ရွှေတောင်ကြီးပေါ်တွင် ထိုင်နေပါလျက်နှင့် ချင်းရှန်းရွာသားများမှာ ဆင်းရဲနေကြဆဲ ဖြစ်သည်။ အဓိကမှာ ပစ္စည်းများ အပြင်သို့ မရောက်ရှိနိုင်ခြင်းကြောင့်သာဖြစ်၏။
သို့သော် ချင်အဖေ ရောက်လာခြင်းက လင်းယန်ကို အလွန် စိုးရိမ်စရာကောင်းသော ပြဿနာတစ်ခုကို သတိပြုမိစေသည်။
"အပြင်လောကကို သွားမယ့် ဒီလမ်းသာ ပေါက်သွားရင်၊ ရွာထဲက ရှေးဟောင်းပစ္စည်းတွေကို လိုချင်တပ်မက်တဲ့သူတွေ ဘယ်လောက်တောင် ရောက်လာကြမလဲ။ ဦးလေးချင်ကတော့ သိက္ခာရှိတဲ့သူမို့လို့ ဒီမှာ လာပြီး မနှိပ်စက်ပေမဲ့၊ တခြားသူတွေကတော့ ထိုသို့ ဖြစ်ချင်မှ ဖြစ်မှာ။ ငါ အရင်ဆုံး လက်ဦးမှုယူပြီး ဒါတွေကို ကာကွယ်ထားမှ ဖြစ်မယ်"
"ဟုတ်တယ်၊ ကာကွယ်ရမှာက ရှေးဟောင်းပစ္စည်းတွေတင် မဟုတ်ဘူး၊ ရွာသားတွေကိုပါ ကာကွယ်ရမှာ"
"ချင်းရှန်းရွာထဲက ဘယ်အရာကိုမှ ငါ့ခွင့်ပြုချက်မပါဘဲ ဘယ်သူမှ လာမထိစေရဘူး!"
***
စူပါ-ဖမ်း(SFS)
အခန်း ၃၂ ။ ဖရဲသီးစားတာလည်း စွဲတတ်တယ်
ချင်အဖေ၏ ပြောပြချက်များကြောင့် လင်းယန်သည် ချင်းရှန်းရွာ၏ တန်ဖိုးကို ပိုမိုနားလည်သဘောပေါက်သွားခဲ့သည်။
ဤတောနက်ကြီးထဲတွင် အဖိုးဖြတ်မရသော ရတနာများ ရှိနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ "မင်မင်းဆက်ခေတ်က ရှေးဟောင်းရွာ" ဆိုသည့် နာမည်နှင့်တင် လူဘယ်လောက်ကိုတောင် ဆွဲဆောင်နိုင်လိမ့်မလဲ။ အမြတ်အစွန်းရရန် ကြံစည်လိုသည့် ရင်းနှီးမြှုပ်နှံသူများမှာလည်း သေချာပေါက် ရောက်လာကြပေလိမ့်မည်။ ချင်းရှန်းရွာသည် လူတိုင်း ဝိုင်းကိုက်ချင်နေကြသည့် အဆီတုံးကြီးသဖွယ် ဖြစ်နေတော့သည်။
ဦးလေးချင်ကရော အဲ့ဒီလိုပဲ စဉ်းစားနေတာလား။
လင်းယန်၏အကြည့်မှာ ချင်အဖေအပေါ်သို့ ကျရောက်သွားပြီး သတိနှင့် စောင့်ကြည့်နေမိသည်။ ထိုအေးစက်သော အကြည့်ကြောင့် ချင်အဖေ၏ ကျောရိုးထဲအထိ စိမ့်သွားကာ တောသားရဲတစ်ကောင်၏အကြည့်ကို ခံနေရသကဲ့သို့ ခံစားလိုက်ရ၏။ သို့သော် သူ လှည့်ကြည့်လိုက်သောအခါတွင်မူ ထိုခံစားချက်မှာ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။
လင်းယန်၏မျက်နှာတွင် ရိုးသားလှသော အပြုံးတစ်ခု ရှိနေဆဲပင်။
"သူ့အကြည့်ထဲမှာ လောဘအရိပ်အယောင် မရှိဘူး၊ ယုံကြည်လေးစားမှုတွေပဲ ရှိနေတာ။ မဟုတ်ရင် သူက စန္ဒကူးနီသားတွေကို လိမ်ဝယ်သွားမှာပေါ့၊ အခုလို အကုန်ဖွင့်ပြောနေမှာ မဟုတ်ဘူး"
ချင်အဖေသည် စန္ဒကူးနီ ပရိဘောဂများကို ဆက်လက် ပြုပြင်ထိန်းသိမ်းနေသည်ကို မြင်ရသဖြင့် လင်းယန်က သံသယများကို ဖျက်ဆီးလိုက်သည်။ ဘာပဲဖြစ်ဖြစ် ဤလူသည် တစ်ပြည်နယ်လုံးတွင် ဩဇာရှိသူတစ်ဦး မဟုတ်လား။ ထို့ပြင်... သူ့သမီးကလည်း မိမိဘေးနားမှာ အမြဲရှိနေတာပဲလေ။ မိမိကတော့ လယ်စိုက်စရာရှိတာ ဆက်စိုက်နေရုံပင်၊ နောက်မှ ဖြစ်လာသမျှကို ရင်ဆိုင်ရုံပေါ့။
"ဒီလမ်းဖောက်ပြီးရင် လက်ထဲမှာ ပိုက်ဆံ အများကြီး ကျန်တော့မှာ မဟုတ်ဘူး။ ဒါပေမဲ့ ရွာထဲက လယ်မြေတွေကို အကုန် ကန်ထရိုက်ယူထားလို့ ရတာပဲ။ လယ်တွေ ပိုစိုက်လေ၊ စနစ်ရဲ့ ဆုကြေးတွေက ပိုများလေ ဖြစ်မှာ"
လင်းယန် ချက်ချင်းပင် ယုံကြည်မှုများ ပြည့်နှက်သွားသည်။ ရွာထဲက လူကြီးတွေကလည်း အသက်ကြီးကုန်ကြပြီ။ လယ်စိုက်ရန် မသင့်တော်တော့ချေ။ သူတို့အတွက် စားဝတ်နေရေးသာ အဆင်ပြေလျှင် လယ်မြေများကို လင်းယန်အား လွှဲပေးရန် ဝန်လေးကြမည် မဟုတ်ပေ။ မိမိအနေနှင့်လည်း ဘိုးဘွားရိပ်သာတစ်ခု ဆောက်ပေးကာ ဆရာဝန်များ ခေါ်ယူထားရန် စဉ်းစားထားလိုက်သည်။
"ဒါပေမဲ့ လမ်းပေါက်ဖို့က လပိုင်းလောက် လိုဦးမယ်။ တစ်ခုချင်းစီ အေးဆေး လုပ်သွားရမှာပေါ့"
လင်းယန် စိတ်ထဲမှ အစီအစဉ်များ ဆွဲနေမိသည်။ နောင်တစ်ချိန်တွင် ချင်းရှန်းရွာကို မည်သို့ တည်ဆောက်မည်နည်း။ တစ်နည်းအားဖြင့်ဆိုလျှင် ချင်းရှန်းရွာ တစ်ရွာလုံးမှာ သူ့ကိုယ်ပိုင် ပိုင်ဆိုင်မှုကဲ့သို့ပင်။ ဤနေရာသည် သူ့အိမ်ဖြစ်သည်။
ထိုစဉ် ချင်စုစု၏ ဝမ်းသာအားရ အော်ဟစ်သံက သူ၏ အတွေးများကို ဖြတ်တောက်လိုက်သည်။
"သူဌေး... စုံစမ်းစစ်ဆေးရေးမှူးရှု သတိရလာပြီ!"
ယခုအချိန်တွင် ရှုချင်၏ မျက်နှာမှာ ဖြူလျော့နေပြီး၊ ခြေထောက်များမှာ တုန်ယင်ကာ လမ်းလျှောက်လျှင်ပင် ယိုင်နဲ့နေတော့သည်။ သူမ ကားမူးသည်ဟု မသိပါက တစ်စုံတစ်ရာ အကြိမ်ကြိမ် ပြုကျင့်ခံထားရသည်ဟုပင် ထင်မှတ်ရပေလိမ့်မည်။
ရှုချင်သည် ခေါင်းကို ကိုင်ထားရင်း လင်းယန်ကို ကျေးဇူးတင်သော အကြည့်ဖြင့် ကြည့်လိုက်သည်။ သူမ ဝေဝေဝါးဝါးဖြစ်နေစဉ်အတွင်း သန်မာလှသော ကျောပြင်ကြီးက သူမကို ပိုးကာ ရှေ့သို့ ဆက်တိုက် လျှောက်လှမ်းနေသည်ကို အသေအချာ ခံစားမိခဲ့သည်။ ထိုအခိုက်အတန့်တွင် သူမ၏ ကမ္ဘာတစ်ခုလုံးမှာ ထိုကျောပြင်ပေါ်၌သာ ရှိနေခဲ့ပြီး၊ ဘေးတိုက် မြင်နေရသည့် သူ့မျက်နှာမှာလည်း အလင်းရောင်များ ဖြာထွက်နေသကဲ့သို့ပင်။ သူမ၏စိတ်ထဲတွင် လုံခြုံမှုအပြည့် ခံစားခဲ့ရသည်။
သို့သော် မကြာမီမှာပင် သူမသည် တည်ငြိမ်သော မျက်နှာပေးသို့ ပြန်လည် ပြောင်းလဲသွား၏။ သူမ၏ မျက်ဝန်းအောက်ခြေတွင်မူ နူးညံ့မှု အရိပ်အယောင်လေးများ ခိုအောင်းနေဆဲ ဖြစ်သည်။
"ကျေးဇူးတင်ပါတယ်"
လင်းယန်က စနောက်လိုက်သည်။ "မင်း ကံကောင်းသွားတာနော်၊ ဒီတောနက်ထဲမှာ မင်းကို ငါ လူကုန်ကူးမပစ်လိုက်တာ"
ပါးစပ်ကသာ ထိုသို့ပြောသော်လည်း ရှုချင် တစ်ခုခုဖြစ်သွားမှာကို သူက ပိုစိုးရိမ်ခဲ့သည်။ အကယ်၍ တစ်ခုခုဖြစ်ပါက အထက်က စုံစမ်းစစ်ဆေးရေးတွေ ရောက်လာဦးမည် မဟုတ်လား။
ရှုချင်၏ မျက်နှာမှာ အနည်းငယ် ပျက်သွားကာ -
"ဒါပေမဲ့ အလုပ်ကတော့ အလုပ်ပဲ၊ ကျွန်မသာ ပြဿနာတစ်ခုခု ရှာတွေ့ရင်တော့..."
"ကြိုက်သလောက် စစ်ပါ" လင်းယန်က လက်ကာပြလိုက်သည်။ သူ ဘာကို ကြောက်ရမှာလဲ။
"အိမ်မှာ ဖရဲသီးရှိတယ်၊ အခုပဲ သွားကြည့်မလား"
"ကောင်းပြီလေ"
"ယွမ်ငါးထောင်၊ ပိုက်ဆံထုတ်ပါဦး"
ရှုချင် အံကို တင်းတင်းကြိတ်လိုက်ကာ - "ရတယ်"
ယွမ်ငါးထောင်ဆိုသည်မှာ သူမအတွက်တော့ ပိုက်ဆံအနည်းငယ်သာ ဖြစ်၏။ သို့သော် သူမ ပိုက်ဆံနှင့်အတူ ထုတ်လာသည်မှာ ဓာတ်ခွဲစမ်းသပ်သည့် ကိရိယာများစွာ ဖြစ်သည်။ ထိုမြင်ကွင်းကို ကြည့်ကာ လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်သွားရ၏။
ဒီလောက်အထိ ကျွမ်းကျင်တဲ့ ပုံစံမျိုးလား။ ဖရဲသီး တစ်လုံးတည်းကိုလေ။
သို့သော် ရှုချင်က နမူနာယူကာ အသေအချာ စစ်ဆေးနေသည်ကို မြင်သောအခါ လင်းယန်ကိုယ်တိုင်လည်း စပ်စုချင်လာသည်။
"ဒီ စနစ်ကပေးတဲ့ ဖရဲသီးက သာမန်ဖရဲသီးနဲ့ ဘယ်လောက်တောင် ကွာခြားမလဲဆိုတာ သိချင်သားပဲ"
ချင်စုစုလည်း အံ့ဩနေမိသည်။ "အစ်မရှုက စီးပွားရေးပညာရှင် မဟုတ်ဘူးလား။ ဘယ်လိုလုပ် ဒါတွေပါ တတ်နေရတာလဲ"
ရှုချင် မျက်နှာလေး နီသွားကာ - "ကျွန်မက နမူနာယူတဲ့ အပိုင်းပဲ လုပ်တာပါ"
လင်းယန် နဖူးကို လက်နှင့် ပွတ်လိုက်မိသည်။ အစက တကယ့်ကို ပညာရှင်ကြီးဟု ထင်နေခဲ့မိတာ။ နောက်ဆုံးတော့လည်း ဒေတာတွေ ထွက်လာဦးတော့ အဲ့ဒီ အချက်အလက်တွေကို သူမ နားလည်ဦးမှာ မဟုတ်ပေ။
တောင်ထဲတွင် ဖုန်းလိုင်းမရှိသဖြင့် ရှုချင်သည် အချက်အလက်များကို လွှဲပို့၍ မရသေးဘဲ သိမ်းဆည်းထားရုံသာ တတ်နိုင်သေးသည်။ ထို့နောက်တွင် သူမသည် လှီးထားသော ဖရဲသီးတစ်စိတ်ကို ယူကာ သတိထားပြီး မြည်းစမ်းကြည့်လိုက်သည်။ ငါးထောင်တန် ဖရဲသီးဆိုတော့ ဤကဲ့သို့ ရှေးရိုးနည်းလမ်းနှင့်လည်း အရသာ ခွဲခြားကြည့်ရပေမည်။
ချိုမြိန်သော ဖရဲသီးရည်များ ပါးစပ်ထဲ ရောက်သွားသည်နှင့် အေးမြသော အရသာက ရင်ထဲအထိ စိမ့်ဝင်သွားကာ၊ ကားမူးသဖြင့် ဖြစ်ပေါ်နေသော မအီမသာ ခံစားချက်များမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားရသည်။ ဝေဝေဝါးဝါးဖြစ်နေသော စိတ်အာရုံမှာလည်း ကြည်လင် လန်းဆန်းလာတော့၏။
"ဒီဖရဲသီးက..."
ရှုချင်သည် အားရပါးရ တစ်လုပ်ကြီး ထပ်ကိုက်လိုက်သည်။ နွေဦးညနေခင်း၏ အပူရှိန်များမှာ ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်သွားပြီး၊ တောင်ပေါ်မှ တိုက်ခတ်လာသော လေနုအေးက ခြေဖျားမှ ထိပ်ပြောင်အထိ ဖော်ပြ၍မရသော သက်သောင့်သက်သာ ခံစားချက်ကို ပေးစွမ်းနေတော့သည်။
ဒါမှ တကယ့် လူ့ဘဝပဲ! ဟု သူမ စိတ်ထဲမှ ရေရွတ်လိုက်မိသည်။
ရှုချင် စားပြီးနောက် ထပ်မံလိုချင်နေသည့် ပုံစံကို ကြည့်ကာ လင်းယန်လည်း သိလိုက်ပြီဖြစ်သည်။
ဒီစုံစမ်းစစ်ဆေးရေးကတော့ ဒီမှာတင် ပြီးသွားပြီပေါ့... မည်မျှပင် တော်သည့်သူ ဖြစ်ပါစေ၊ သူစိုက်သည့် ဖရဲသီးကို စားလိုက်ရလျှင်တော့ ကိုယ့်ပုံရိပ်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ အရသာကို မေ့မရ ဖြစ်သွားရသည် မဟုတ်လား။
ရှုချင် စားပြီးနောက် သတိပြန်ဝင်လာချိန်တွင် စားပွဲပေါ်၌ ဖရဲသီးခွံများသာ ကျန်တော့သည်ကို တွေ့လိုက်ရ၏။
"ဘယ်လိုလဲ၊ ကျွန်တော့်ဖရဲသီးက ဒီဈေးနဲ့ တန်တယ် မဟုတ်လား" လင်းယန်က ဂုဏ်ယူစွာ မေးလိုက်သည်။
ရှုချင်ကတော့ အားမရသေးသည့်ပုံစံဖြင့် နှုတ်ခမ်းသုတ်ရင်း -
"တကယ်ကို စားလို့ ကောင်းတယ်။ ကျွန်မတောင် စွဲသွားလုနီးပါး ဖြစ်သွားတဲ့အထိ စားလို့ ကောင်းလွန်းတယ်"
***