အခန်း (၅၆၂-၅၆၄)
Vol. 38 Ch. 562-564
အပိုင်း ၅၆၂ - ဆေးနတ်သမီး၊ ပင်လယ်စိတ်ဝိဉာဉ်လျှို့ဝှက်ချက်
စုလင်းရှုံက လက်ကိုဝှေ့ရမ်းသည်။
"ရှင်ကျွန်မကို ဘာကျေးဇူးကြွေးမှ မတင်ပါဘူး... ခုနကစစ်ဆေးစမ်းသပ်မှုအတွက် အဖိုးအခ ပေးပြီးပြီ။ အဲ့ဒါကြောင့် ကုသပေးတာက လုပ်သင့်တဲ့အရာပါ.."
သို့ပေမယ့် ကျောင်လီက လေးနက်စွာဖြင့် ဆက်လက်ပြော၏။
"မိန်းကလေးက အဖိုးအခယူပြီးပြီလို့ ပြောနေပေမယ့် ဒီလိုပြင်းထန်တဲ့ ဒဏ်ရာမျိုးက အဖိုးအခ ပေးရုံလောက်နဲ့ ကျေသွားပြီလို့ ပြောလို့မရဘူး။ ကျွန်တော် ကျောင်လီက ဒီကျေးဇူးကို မှတ်ထားမှာပါ။ လိုအပ်တာရှိရင် ပြောသာပြောလိုက်။ မီးပင်လယ်ကိုပဲ ဖြတ်ရဖြတ်ရ ဓားတောင်ကိုပဲ ဖြတ်ရဖြတ်ရ ရအောင်လုပ်ပေးမယ်.."
သူသည် ကိုယ့်ကိုယ်ကိုယ် ဒုက္ခိတတစ်ယောက် ဖြစ်တော့မည်ဟု တွေးထင်ထားခဲ့၏။ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ လင်းကျီမှာ ပြိုလဲခဲ့ပြီး စွမ်းအားအားလုံးတို့ပျောက်ဆုံးကာ အသုံးမဝင်သူတစ်ယောက် ဖြစ်သွားတော့မှာ ဖြစ်၏။
သို့ပေမယ့် မထင်မှတ်စွာပင် ယခုအချိန်၌ အာရုံဦးအသစ်တစ်ခုကို ပြန်လည် တွေ့မြင်လာရသည်။
"ကျွန်တော်ကျောင်လီက မျိုးဆက်စုံမဟာမိတ်အဖွဲ့ရဲ့ စောင့်ရှောက်သူ တစ်ယောက်ပါ။ မိန်းကလေးရဲ့နာမည်ကရော ဘယ်လိုခေါ်လဲ မသိဘူး.."
ကျောင်လီက လက်သီးနှစ်ဖက်ကိုဆုပ်ကာ အရိုအသေပေးရင်းက မေး၏။
"ဒန်ဆေးအင်မော်တယ် စုလင်းရှုံပါ.."
စုလင်းရှုံက ဖြေကြားခြင်းမပြုခင်တွင် ယွဲ့အာက အားတက်သရောနှင့် ဝင်ရောက် ပြောကြား၏။
"ဒန်ဆေးအင်မော်တယ်လား... ကြားရတဲ့ နာမည်အတိုင်းပါပဲ။ ဂုဏ်သတင်း ကြီးမားလှတယ်။ ကျွန်တော်ကျောင်လီ မှတ်သားထားပါမယ်.."
ကျောင်လီက လေးနက်စွာ ခေါင်းငြိမ့်သည်။ သူသည်ချိုင်လင်းအာကိုကြည့်ကာ စိတ်လှုပ်ရှားစွာဖြင့် ပြော၏။
"ငါ့ရဲ့ ဒဏ်ရာတွေကို ကုသလို့ရတယ်... အဲ့ဒါကြောင့် နင့်ရဲ့ဒဏ်ရာကိုလည်း ကုသနိုင်မှာ အသေအချာပဲ.."
ချိုင်လင်းအာမှာလည်း စိတ်လှုပ်ရှားမှုတို့ ဆူပွက်လာခဲ့၏။ သူမ၏ ဒဏ်ရာများကို ကုသနိုင်လေသည်။
"ဟားဟား... ငါကျောင်လီ ဒဏ်ရာတွေ ကောင်းသွားခဲ့ပြီ။ ဖန်ခိုင်ဆန်းရော လော့ဒေသမှာရှိလား။ သူ့ကို သွားရှာပြီး တစ်ပွဲတစ်လမ်းလောက် စမ်းကြည့်ရအောင်.."
ကျောင်လီသည် စိတ်လှုပ်ရှားမှုဖြင့် ဝမ်းသာနေ၏။ နေရာမှခုန်ထကာ ကောင်းကင်၌ ပျောက်ကွယ်သွားသည်။
လူလုံးထွက်ပြကာ လိင်ယွင်တောင်စံအိမ်ရှိ လူများကို မှင်သက်သွားလို၏။ သူတို့၏ မျက်လုံးထဲတွင် သူသည်အသုံးမဝင်သည့် လူတစ်ယောက်ဖြစ်နေပြီ ဖြစ်၏။
သို့ပေမယ့် အထွတ်အထိပ်အခြေအနေသို့ ပြန်လည်ရောက်ရှိခဲ့လေသည်။
လီရွှမ်က ကျောင်လီ၏ စိတ်လှုပ်ရှားစွာဖြင့် ထွက်ခွာသွားမှုကိုကြည့်ကာ မနေနိုင်ဘဲ ခေါင်းကိုရမ်းသည်။
"ဒီတပည့်က တကယ့်ကို ဂရုမစိုက်တာပဲ... ပြဿနာတစ်ခုကို သတိမထားမိပြန်ဘူး.."
သို့ပေမယ့် ဤသည်မှာ သေးငယ်သည့် ပြဿနာလေးသာဖြစ်၏။ ကျောင်လီသည် ဒေါသတကြီး မျက်စိကိုပြူးကျယ်စွာ ကြည့်လိုက်သည့် အချိန်၌ ပါးစပ်လည်း ပွင့်လာမည် ဖြစ်သည်။
သို့ပေမယ့် ကိုယ်ကိုယ်တိုင် ကြည့်ရှု့ခြင်း မခံရပါက အဆင်ပြေ၏။
ဒီအချိန်၌ ကျုရှင်ကျန့်မှာ စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်နေပါသည်။ ဆရာဦးလေးဖြစ်သူ၏ ပြင်းထန်လှသည့် ဒဏ်ရာများတောင် ကုသနိုင်ရာ မျိုးဆက်စုံမဟာမိတ်အဖွဲ့ရှိ ကျန်ရှိသည့် လူများ၏ ဒဏ်ရာများလည်း ကုသနိုင်မှာ ဖြစ်သည်။
"အမချိုင်လင်း... ကျွန်မရဲ့ တောင်းဆိုချက်ကို ဘယ်လိုမြင်လဲမသိဘူး.."
စုလင်းရှုံမှာ လက်လျှော့ခြင်း မရှိသေးပေ။
"အမ်း... ငါတို့တွေ ဒဏ်ရာတွေကို အရင်ကုသတာ ကောင်းမယ်ထင်တယ်.."
ချိုင်လင်းအာ၏ နှလုံးသားမှာ တုန်ခါသွားသည်။ ဒီကောင်မလေးသည် အလွန် ကြောက်ဖို့ကောင်းလှ၏။
"ကောင်းပါပြီ.."
စုလင်းရှုံက ခေါင်းငြိမ့်သည်။
ချိုင်လင်းအာ၏ ဒဏ်ရာများကို ကုသရန်မှာ များစွာ ပိုမိုလွယ်ကူ၏။ လိုအပ်သည့် ဒန်ဆေးလုံးတို့ကို သန့်စင်ပြီးပါက ခဏအတွင်း လုံးဝပျောက်ကင်းနိုင်မှာ ဖြစ်သည်။
ထိုအချိန်၌ ချိုင်လင်းအာသည် စုလင်းရှုံ၏ ကုသမှုမှာ အမှန်တကယ်ကို အနှိုင်းမဲ့လှကြောင်းအား အံ့သြစွာတွေ့ရှိလိုက်ရ၏။
ဒန်ဆေးလုံး၏ အာနိသင်မှာ အံ့သြစရာကောင်းလောက်အောင် မှော်ဆန်လှသည်။ စုလင်းရှုံ၏ ခုနကတောင်းဆိုမှုကို တွေးမိပြီးနောက် လက်ခံလိုက်ပါက ဆုကြေးများစွာကို ရမည်အား နားလည်လိုက်၏။
"ဒီလိုလုပ်ရင်ရော အစ်မချိုင်လင်း... ရှင်သာ သဘောတူမယ်ဆိုရင် ဒန်ဆေးလုံးတွေကို ဘာအခကြေးငွေမှ မလိုဘဲ ထောက်ပံ့ပေးမယ်။ လိုအပ်တဲ့ ဆေးပင်အချို့ကို ပေးဆောင်ဖို့ပဲ လိုအပ်မယ်.."
"ပြီးတော့ ကျင့်ကြံမှုအတွက် ဒန်ဆေးလုံးတွေကိုလည်း ထောက်ပံ့ပေးနိုင်တယ်... ဥပမာအားဖြင့် ဒီဗိုင်းဝိဉာဉ်ကို အားဖြည့်ပေးတဲ့ ဆေးလုံးမျိုးပေါ့.."
"နောင်မှာ ဒဏ်ရာရရှိရင်လည်း အလကားကုပေးမယ်။ ဒါတွေအားလုံးက ဆုကြေးတွေပဲ။ အခွင့်အရေးကို ကောင်းကောင်းဖမ်းဆုပ်နော်.."
စုလင်းရှုံက ချိုင်လင်းအာကို ဆွဲဆောင်ရန်အတွက် ရက်ရောလှသည့် ဆုကြေးများကို ပြော၏။
ယွဲ့အာကလည်း ဆိုသည်။
"အစ်မချိုင်လင်း... ပင်လယ်စိတ်ဝိဉာဉ်မျိုးနွယ်မှာ ရှင်တစ်ယောက်တည်းရှိတာ မဟုတ်ဘူးနော်။ ကျွန်မတို့ရဲ့ ကမ်းလှမ်းချက်သာ ပင်လယ်စိတ်ဝိဉာဉ်မျိုးနွယ်တွေအကြားမှာ ပျံ့နှံ့သွားမယ်ဆိုရင် သေချာပေါက် ပင်လယ်စိတ်ဝိဉာဉ်မျိုးနွယ်ရဲ့ စွမ်းအားကြီးသူတွေ တိုးလျှိုးရောက်လာကြမှာ.."
"ဒီကိစ္စမှာ အရှုံးမရှိဘူး။ အကျိုးအမြတ်တွေပဲ အများကြီးရမှာ.."
ချိုင်လင်းအာမှာ စိတ်ဝင်စားသွား၏။ သူမသည် ဒန်ဆေးအင်မော်တယ် စုလင်းရှုံ၏ နာမည်ကျော်ကြားလာမည့် အချိန်အခါကို ကြိုတင်တွေးမိပြီး ဖြစ်သည်။
ယခုမျှ များပြားလှသည့် ဆုကြေးများမှာ ပင်လယ်စိတ်ဝိဉာဉ်မျိုးနွယ်ဝင်များကို သေချာပေါက် ဆွဲဆောင်နိုင်မှာဖြစ်၏။
ယခုအချိန်၌ အခွင့်အရေးက သူမ၏ မျက်စိရှေ့တွင် ကျရောက်နေပါပြီ။ သူမသာ လက်ခံလိုက်ပါက များပြားလှသည့် ဆုကြေးကို ရရှိရုံတင်မက စုလင်းရှုံနှင့်လည်း မိတ်ဆွေဆက်ဆံရေး တစ်ခုအား တည်ဆောက်နိုင်မှာဖြစ်၏။
"အားလုံးအဆင်ပြေမှာတော့ သေချာပါတယ်နော်.."
ချိုင်လင်းအာက စိုးရိမ်စွာမေးသည်။
"စိတ်ချပါ... ဘာပြဿနာမှမရှိဘူး... ကျွန်မရှင့်ကို နည်းနည်းလေးမှ အထိခိုက်ခံမှာ မဟုတ်ပါဘူး။ ကိစ္စနည်းနည်းရှိရင်တောင် ဒီမှာဆရာရှိတာပဲ.."
စုလင်းရှုံက ရင်ဘတ်ကိုပုတ်ကာ အာမခံ၏။
ချိုင်လင်းအာက အလွန်စွမ်းအားကြီးကာ ကြောက်စရာကောင်းသည့် တည်ရှိမှုဖြစ်သည့် လီရွှမ်ကို ခေါင်းလှည့်ကြည့်သည်။ သူ၏တပည့်မှာ အလွန်စွမ်းအားကြီးရာ သူဆိုလျှင် ပိုမိုကာပင် စွမ်းအားကြီးမှာ ဖြစ်၏။
"ဒဏ်ရာဒဏ်ချက်တွေရော မကျန်လောက်ဘူး မလား.."
ချိုင်လင်းအာသည် ခေါင်းငြိမ့်ရန်အတွက် အနည်းငယ် ခက်ခဲနေဆဲ ရှိသည်။
"သေချာပေါက် ဘယ်ရှိမှာလဲ.."
သူမ၏ စိတ်ပါလာပုံကို တွေ့ရပြီးနောက် စုလင်းရှုံက အမြန်အာမခံ၏။ ဒန်ဆေးလုံး တစ်ပုလင်းကို ထုတ်ကာ ပေးလိုက်သည်။
"ဒါက သစ်လွင်ခြင်း ဒန်ဆေးလုံးပဲ။ အမချိုင်လင်းအာလို စွမ်းအားကြီးမားတဲ့ လူတစ်ယောက်ဆိုရင်တောင် ဒဏ်ရာအပြင်းအထန်ရထားလည်း ဒီဆေးလုံးကို သောက်လိုက်တာနဲ့ အများစု ပြန်ကောင်းနိုင်လိမ့်မယ်.."
"ကောင်းပြီ... ငါသဘောတူတယ်.."
ချိုင်လင်းအာက ဒန်ဆေးလုံးကိုယူကာ အံကိုကြိတ်ပြီးခေါင်းငြိမ့်၏။
"ဟုတ်ပြီ.."
စုလင်းရှုံမှာ စိတ်အားထက်သန်နေ၏။ တစ်ဖက်ရှိ ယွဲ့အာက ကူညီကာ ချိုင်လင်းအာကို အိပ်ရာပေါ်၌ လှဲစေသည်။
ချိုင်လင်းအာက မည်သည့်စကားမှ ပြောနိုင်ခြင်း မရှိခင်တွင် ပါးစပ်ထဲသို့ ဆေးလုံးတစ်လုံး ချက်ချင်းရောက်လာကာ အိပ်ပျော်သွားခဲ့၏။
ကျုရှင်ကျန့်မှာ အားကျမှုတို့ဖြင့် ပြည့်နက်နေပါသည်။ မနေနိုင်ဘဲ ပြော၏။
"မိန်းကလေးစု ကျွန်တော်ကရော.."
စုလင်းရှုံက သူ့ကိုကြည့်ကာ ခေါင်းကိုရမ်းသည်။
"သွားစမ်းပါ.."
ယွဲ့အာနှင့်အတူ သူမတို့သည် အိပ်ရာကို အခန်းအတွင်းသို့ စိတ်လှုပ်ရှားစွာ တွန်းသွား၏။ ပင်လယ်စိတ်ဝိဉာဉ်မျိုးနွယ်၏ ခန္ဓာကိုယ်တည်ဆောက်မှုကို လေ့လာကာလူသားမျိုးနွယ်နှင့် မည်ကဲ့သို့ ခြားနားမည်ကို ကြည့်ရှု့မှာဖြစ်သည်။
လီရွှမ် "..."
သူသည် ချိုင်လင်းအာကို စုလင်းရှုံ၏ ခွဲစိတ်မှုအတွက် သဘောတူမည်ဟု ထင်မထားခဲ့ပေ။
"တကယ်ပဲ ပြဿနာ မရှိလောက်ပါဘူးနော်... သူတို့ကို သေချာစောင့်ကြည့်တာ ပိုကောင်းလိမ့်မယ်.."
လီရွှမ်က ကိုယ့်ကိုယ်ကိုယ် ရေရွတ်သည်။ ဤနည်းအားဖြင့် သူသည် အခန်းအတွင်းရှိ အခြေအနေအား တိတ်တဆိတ် ဆက်လက်စူးစမ်း၏။
"ဟစ်... ပင်လယ်စိတ်ဝိဉာဉ်မျိုးနွယ်တွေ အားလုံးက ဖြူဖွေးပြီး ချောမွေ့တာလား.."
"ကျောက်စိမ်းလိုပဲ အပြစ်အနာအဆာကင်းမဲ့တယ်... အမွှေးတွေလည်း မရှိဘူး... သူမပဲလား။ ဒါမှမဟုတ် ပင်လယ်စိတ်ဝိဉာဉ် မျိုးနွယ်တွေ အားလုံး အတူတူပဲလား.."
လီရွှမ်မှာ တိတ်တဆိတ် အံ့သြသွား၏။ စုလင်းရှုံနှင့် ယွဲ့အာတို့က ပင်လယ်စိတ်ဝိဉာဉ်မျိုးနွယ်နှင့် လူသားမျိုးနွယ်အကြား ခန္ဓာကိုယ်တည်ဆောက်မှု ခြားနားချက်အား လေ့လာနေပါသည်။
လီရွှမ်မှာ အမှောင်ထဲမှ တိတ်တဆိတ် ကြည့်ရှု့နေ၏။ မထင်မှတ်ထားသည့် ကိစ္စတစ်ခုခု ဖြစ်ပွားပါက သူ့အနေနှင့် အချိန်မှီဝင်ရောက်ကာ ဆိုးရွားသည့် အကျိုးဆက်တို့ ပေါ်မလာအောင် တားဆီးမည်ဖြစ်သည်။
အပိုင်း ၅၆၃ - ဆေးနတ်သမီး၊ ပင်လယ်စိတ်ဝိဉာဉ်လျှို့ဝှက်ချက်(၂)
"သင်၏တပည့် စုလင်းရှုံသည် ပင်လယ်စိတ်ဝိဉာဉ်မျိုးနွယ်နှင့် လူသားမျိုးနွယ်အကြား တည်ဆောက်မှု ခြားနားပုံတို့ကို နားလည်သဘောပေါက်လာခဲ့သည်။ သင်သည်ယခုအချိန်၌ ပင်လယ်စိတ်ဝိဉာဉ်မျိုးနွယ်နှင့် ပတ်သက်ပြီး နက်ရှိုင်းသည့် နားလည်မှုတစ်ခု ရလာခဲ့သည်။ သင့်တွင် ပင်လယ်စိတ်ဝိဉာဉ်မျိုးနွယ်၏ အစစ်အမှန် နားလည်သဘောပေါက်မှုကို ပိုင်ဆိုင်လာ၏.."
တာအိုရွှေစာအုပ်မှ တန်ပြန်အကျိုးပြုမှု ရရှိလာခဲ့၏။
"ဒီလောကကြီးမှာ ပင်လယ်စိတ်ဝိဉာဉ်မျိုးနွယ်နဲ့ပတ်သက်ပြီး ငါ့ထက်ပိုပြီး နားလည်တဲ့လူ မရှိတော့ဘူး.."
လီရွှမ်က ခံစားချက်မြင့်စွာဖြင့် သက်ပြင်းချသည်။ ပင်လယ်စိတ်ဝိဉာဉ်မျိုးနွယ်၏ အစစ်အမှန် နားလည်သဘောပေါက်မှုကို ရရှိပြီးနောက် ပင်လယ်စိတ်ဝိဉာဉ်မျိုးနွယ်ဝင်များ ကိုယ်တိုင်ပင်လျှင် သူတို့၏ တည်ရှိမှုကို လီရွှမ်လောက် နားလည်သဘောပေါက်နိုင်မည် မဟုတ်တော့ပေ။
'ဒီချိုင်လင်းအာက တကယ့်ကို အံ့သြဖို့ကောင်းတာပဲ... ပင်လယ်စိတ်ဝိဉာဉ်မျိုးနွယ်တွေ အကြားမှာ သူမကအပြစ်အနာအဆာကင်းမဲ့တဲ့ ပင်လယ်စိတ်ဝိဉာဉ် တစ်ယောက်ပဲ။ ကြီးမားတဲ့ အလားအလာလည်း ရှိတယ်။ တော်ဝင်သွေးမျိုးဆက်ကိုလည်း ပိုင်ဆိုင်ထားတယ်။ ဒါပေမယ့် လက်ရှိ ပင်လယ်စိတ်ဝိဉာဉ်မျိုးနွယ်က အဲ့ဒါကိုနားမလည်ကြဘူး..'
'အပြစ်အနာအဆာကင်းမဲ့တဲ့ ပင်လယ်စိတ်ဝိဉာဉ်တစ်ယောက်ရဲ့ ထူးခြားမှုတွေက တကယ့်ကို အံ့သြဖို့ကောင်းတာပဲ..'
လီရွှမ်သည် ချိုင်လင်းအာ၏ ထူးကဲမှုအပေါ် သက်ပြင်းချမိ၏။ ပင်လယ်စိတ်ဝိဉာဉ် မျိုးနွယ်အား စစ်မှန်သည့် နားလည်သဘောပေါက်မှု ရရှိလာပြီးနောက် သူသည် တစ်ဖက်မျိုးနွယ်များ၏ ဆုတ်ယုတ်မှုကို နားလည်လာခဲ့သည်။ သူတို့သည် တော်ဝင်သွေးမျိုးဆက်၏ တည်ရှိမှုကိုပင် သိရှိခြင်းမရှိပေ။ မည်ကဲ့သို့ အသက်သွင်းရန်ဟူသည်မှာ ပိုတောင်ဆိုးသေးသည်။
တော်ဝင်သွေးမျိုးဆက်၏ အလားအလာတို့ကို အသက်သွင်းလိုက်သည်နှင့် ပင်လယ်စိတ်ဝိဉာဉ်မျိုးနွယ်၏ လျှို့ဝှက်အမွေအနှစ်ကို လက်ခံနိုင်မှာဖြစ်သည်။
လီရွှမ်အနေနှင့် ချိုင်လင်းအာတွင် ပင်လယ်စိတ်ဝိဉာဉ်မျိုးနွယ်၏ တော်ဝင်သွေးမျိုးဆက်အား ပိုင်ဆိုင်ထားကြောင်းကို သိရှိပေမယ့် သူသည် မည်ကဲ့သို့ အသက်သွင်းရမည့် နည်းလမ်းအား သင်ကြားပေးရန် စိတ်ကူးမရှိပါ။ ဘာပဲဖြစ်ဖြစ် သူမသည် သူ၏တပည့် မဟုတ်ပေ။
ပထမဆုံးနိုးထလာချိန်၌ ချိုင်လင်းအာပြုလုပ်သည့်အရာမှာ သူမကိုယ်သူမ စစ်ဆေးကြည့်ရှူခြင်း ဖြစ်သည်။
မူမမှန်သည့် မည်သည့်အရာကိုမှ ရှာတွေ့ခြင်း မရှိမှသာလျှင် နောက်ဆုံး၌ စိတ်သက်သာရာရသွား၏။ သို့ပေမယ့် သံသယအချို့ ရှိနေဆဲဖြစ်သည်။
"ချိုင်လင်းအာ... ဒီပင်လယ်စိတ်ဝိဉာဉ်မျိုးနွယ်က တကယ့်ကို ထူးခြားတာပဲ.."
စုလင်းရှုံက အံ့ဩစွာဖြင့် ရေရွတ်သည်။
"ငါတို့ ပင်လယ်စိတ်ဝိဉာဉ်မျိုးနွယ်တွေရဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံကို နင်တကယ်ပဲ နားလည်သွားပြီလား။ လူသားအနေနဲ့ ငါတို့မျိုးနွယ်အကြား ခြားနားချက်ကို သိသွားပြီလား.."
ချိုင်လင်းအာက အံ့သြစွာမေး၏။
"ဒါပေါ့.."
စုလင်းရှုံက ခေါင်းငြိမ့်သည်။
"တကယ်တော့ ဒါက လျှို့ဝှက်ချက်ကြီးတစ်ခု မဟုတ်ပါဘူး။ ပင်လယ်စိတ်ဝိဉာဉ်မျိုးနွယ်နဲ့ လူသားမျိုးနွယ်အကြားခြားနားချက်တွေကို စိတ်ဝိဉာဉ်နယ်မြေမှာ စာရင်းပြုပြီးတာကြာခဲ့ပြီ.."
ချိုင်လင်းအာက ခေါင်းကိုရမ်းသည်။
စုလင်းရှုံသည် မှတ်တမ်းများရှိ အချက်အလက်များကို ယုံကြည်ခြင်းမရှိသောကြောင့် ကိုယ်ကိုယ်တိုင် စူးစမ်းကြည့်လိုခြင်း ဖြစ်မည်ဟု သူမတွေးမိလိုက်၏။
"အဲ့ဒါကမတူဘူး.."
စုလင်းရှုံက ခေါင်းကိုရမ်းသည်။ စိတ်ဝိဉာဉ်နယ်မြေရှိ မှတ်တမ်းများထဲတွင် ရေးသားထားသည်များမှာ သူမနားလည်သဘောပေါက်မှုလောက် နက်ရှိုင်းခြင်း မရှိပေ။
အခန်းအတွင်းမှ ထွက်ခွာပြီးနောက် ချိုင်လင်းအာသည် စံအိမ်တွင် ဆက်လက် နေထိုင်နေသေး၏။ သူမသည် စုလင်းရှုံ၏ အံ့သြစရာကောင်းလှသည့် ဆေးပညာနှင့်ပတ်သက်ပြီး အလွန်စပ်စုလိုနေပါသည်။
ကျောင်လီ၏ ဒဏ်ရာများမှာ ဆိုးရွားလှပြီး သူ့ကိုတစ်ဝက်တစ်ပြက် ဒုက္ခိတနီးပါး ဖြစ်သွားစေခဲ့၏။ အသက်ရှင်ဖို့ပင် အခွင့်အရေးအနည်းငယ်သာ ကျန်တော့သည်။ ကုသရန် မည်သည့်နည်းလမ်းမှ မရှိပါ။
အရှားပါးဆုံးနှင့် အဖိုးတန်ဆုံး ဆေးပင်များပင်လျှင် ဖြစ်၏။
သို့ပေမယ့် ရလဒ်အနေနှင့် စုလင်းရှုံက အချိန်တိုအတွင်းတွင် တစ်ဖက်လူကို လျှင်မြန်စွာ ကုသပေးခဲ့လေသည်။
စုလင်းရှုံမှာလည်း အလွန်ကျေနပ်နေ၏။ ဒီဗိုင်းဝိဉာဉ်အပေါ် လက်ရှိ သုတေသနပြုမှုသည် သူမအတွက် အကျိုးကျေးဇူးအချို့ ရရှိခဲ့၏။
ထို့အပြင် ဒီဗိုင်းဝိဉာဉ်ကို အားဖြည့်ရန်အတွက် မည်ကဲ့သို့သော ဒန်ဆေးလုံးများ သန့်စင်ရမည်အား စိတ်ကူးအသစ်များလည်း ရလာခဲ့သည်။
ထို့အပြင် ကုသခြင်းစရိတ်မှာ နည်းပါးခြင်းမရှိပေ။ မျိုးဆက်စုံမဟာမိတ်အဖွဲ့သည် လေလွင့်သိုင်းသမားအဖွဲ့အစည်းတစ်ခု ဖြစ်ပေမယ့် ဘာပဲဖြစ်ဖြစ် ကျောင်လီမှာ အသန်မာဆုံးပုဂ္ဂိုလ်တစ်ယောက် ဖြစ်၏။ ထို့ကြောင့် ဆင်းရဲခြင်း လုံးဝမရှိပေ။
"ဟားဟား... ဖန်ခိုင်ဆန်း.. ထွက်လာပြီး ငါနဲ့တိုက်ခိုက်စမ်း.."
ဒဏ်ရာများ ပျောက်ကင်းသွားပြီးနောက် ကျောင်လီသည် အထွတ်အထိပ်သို့ ပြန်လည်ရောက်ရှိသေးခြင်း မရှိသေးပေမယ့် လိင်ယွင်တောင်စံအိမ်ရှိ လူများကို သွားရောက်တိုက်ခိုက်ပြရန် စိတ်အားထက်သန်နေပါသည်။ သူ၏ ဒုက္ခိတတစ်ယောက် ဖြစ်မသွားမှုကို ကြွားဝါလို၏။
ထို့အပြင် သူ၏ဒဏ်ရာများ ပျောက်ကင်းမှုနှင့်အတူ မျိုးဆက်စုံမဟာမိတ်အဖွဲ့မှ အခြား ဒဏ်ရာရရှိသူများလည်း သေချာပေါက် ပျောက်ကင်းနိုင်မှာ ဖြစ်သည်။ ထို့ကြောင့် ချန်းယွင်နိုင်ငံဆီသို့ တည့်မတ်စွာ သွားရောက်၏။
"ကျောင်လီလား.."
ဖန်ခိုင်ဆန်းမှာ အလွန်အံ့ဩသွားသည်။ ကျောင်လီသည် လိင်ယွင်တောင်စံအိမ်၏ ဒီဗိုင်းကိရိယာဖြင့် တိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာအပြင်းအထန် ရသွားခဲ့ပြီး ဒီဗိုင်းဝိဉာဉ်နှင့် အခြေခံတို့ပင် ထိခိုက်ခဲ့ရသည်။ သူသည် တစ်ဝက်တစ်ပြက် ဒုက္ခိတဖြစ်မှာ သေချာ၏။
သို့ပေမယ့် ယခုအချိန်၌ ရှေ့တွင် အသက်ရှင်ရက်ရှိနေကာ အလွန်လည်း လန်းဆန်းတက်ကြွနေပါသည်။
တစ်ဖက်လူ၏ စွမ်းရည်တို့သည် ပြီးပြည့်စုံစွာ ကောင်းမွန်ခြင်း မရှိသေးပေမယ့် ဒဏ်ရာများမှာ ပျောက်ကင်းသွားပြီ ဖြစ်၏။
ရက်အနည်းငယ်လောက် အနားယူပြီးသည်နှင့် အထွတ်အထိပ်အခြေအနေသို့ ပြန်လည်ရောက်ရှိနိုင်မှာ ဖြစ်သည်။
"ဘယ်လိုဖြစ်နိုင်မှာလဲ.."
ဖန်ခိုင်ဆန်းသည် သူ၏ မျက်လုံးများကိုပင် ယုံကြည်နိုင်ခြင်း မရှိပေ။ မျိုးဆက်စုံမဟာမိတ်အဖွဲ့နှင့် တိုက်ပွဲအတွင်းတွင် စိတ်ဝိဉာဉ်ဂိုဏ်းမှ လူအချို့လည်း ဒဏ်ရာအပြင်းအထန် ရရှိခဲ့၏။ သူတို့၏ အခြေခံတို့ပင် ထိပါးခဲ့သည်။
များပြားလှသည့် အရင်းအမြစ်များကို ပိုင်ဆိုင်ထားလျှင်တောင် အချို့မှာ ကုသနိုင်ခြင်းမရှိဘဲ ဖြစ်နေ၏။
ဒဏ်ရာအပြင်းအထန်ရရှိထားသည့် ကျောင်လီပင်လျှင် ပြန်လည်ကောင်းမွန်နိုင်ရာ အခြားမျိုးဆက်စုံမဟာမိတ်အဖွဲ့ရှိ သိုင်းသမားများလည်း အထွတ်အထိပ်အခြေအနေသို့ ပြန်လည်ရောက်ရှိ မသွားနိုင်ပေဘူးလား။
နှိုင်းယှဉ်ကြည့်ပါက စိတ်ဝိဉာဉ်ဂိုဏ်းဘက်မှ ဆုံးရှုံးမှုသည် ပိုမိုကြီးမားသည့်ပုံ ရှိသည်။ ဒီအချိန်၌ ဖန်ခိုင်ဆန်းသည် အလွန်စိတ်ဓာတ်ကျစွာ ခံစားလာရ၏။
"ဟားဟားဟား... ငါ့ကို ပြန်ကောင်းလာမယ်လို့ မင်းမထင်ထားဘူးမလား... လာခဲ့... ငါ့ရဲ့ခွန်အား ဘယ်လောက်အထိ ပြန်ရနေပြီလဲဆိုတာကို တစ်ပွဲလောက်တိုက်ပြီး ကြည့်တာပေါ့.."
ကျောင်လီမှာ အလွန် စိတ်လှုပ်ရှားနေ၏။ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ လင်းကျီ အပိုင်းအစနှစ်ခုတို့ကို ပေါင်းစပ်ပြီးနောက် သူ၏ခွန်အားမှာ တိုးတက်လာခဲ့သည်။ ယခုအချိန်၌ စမ်းသပ်ကြည့်လိုနေ၏။
"ဘုန်း.."
ကျောင်လီက ချက်ချင်းပင် တိုက်ခိုက်မှုပြု၏။
"မင်းကို ကြောက်မယ်များထင်နေလား... လာစမ်းပါ.."
ဖန်ခိုင်ဆန်းက သူ၏တိုက်ပွဲတူကို လွှဲရမ်းကာ နှစ်ယောက်သားသည် စတင်တိုက်ခိုက်သည်။
ပြင်းထန်သော တိုက်ပွဲအပြီးတွင် ကျောင်လီသည် ပိုမိုပိုမိုကာ စိတ်လှုပ်ရှားလာခဲ့၏။ သူ၏ခွန်အားမှာ အမှန်တကယ်ကို တိုးမြင့်လာခဲ့လေသည်။
ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ စွမ်းအားတို့က သူ့အပေါ်တုံ့ပြန်မှုမှာ ပိုမိုလျှင်မြန်ပြီး ယခုအချိန်၌သူသည်အနည်းငယ် ပိုမိုစွမ်းအားကြီးမားလာပြီ ဖြစ်၏။
ဖန်ခိုင်ဆန်းလည်း ဤသည်ကို နားလည်သွားပြီးသူ၏မျက်နှာက မဲမှောင်လာခဲ့သည်။
"သူက ဘယ်လိုလုပ်ပြီးတော့ ပြန်ကောင်းလာတာလဲ.."
သူသည် ခက်ထန်စွာ ကြည့်၏။
"ချီမင်ဂိုဏ်းရဲ့ မူလနေရာက ချန်ချင်းစံအိမ်များလား... သူတို့တွေ ပတ်သက်နေတာလား.."
လျှပ်တပြက်အတွင်း ဖြစ်နိုင်ခြေတစ်ခုကို ဖန်ခိုင်ဆန်းတွေးမိလိုက်သည်။ မကြာသေးခင်က သူသည် ကျောင်လီနှင့် ပင်လယ်စိတ်ဝိဉာဉ်မျိုးနွယ်မှ အဖွဲ့ဝင်တစ်ယောက်၏ လော့ဒေသသို့ ရောက်ရှိသွားကြောင်းကို သတင်းအချက်အလက် ရရှိခဲ့၏။
ကြည့်ရသည်မှာ ချန်ချင်းစံအိမ်သို့ သွားရောက်ကြသည့်ပုံ ပေါ်သည်။ ထို့ကြောင့် ချန်ချင်းစံအိမ်မှာ မျိုးဆက်စုံမဟာမိတ်အဖွဲ့၏ လက်အောက်မှဖြစ်မည်ဟု သူသုံးသပ်ရ၏။
"ချန်ချင်းစံအိမ်က မင်းကို ကုသပေးလိုက်တာလား.."
ဖန်ခိုင်ဆန်းက နက်ရှိုင်းသည့်အသံဖြင့် မေးသည်။
"အဲ့လိုဆိုရင်ရော ဘာဖြစ်လဲ.."
ကျောင်လီက ပြောသည်။ ချန်ချင်းစံအိမ်၌ သူ၏ရောဂါများ ကုသခဲ့ခြင်းဖြစ်သည်ကို ဖုံးကွယ်ထားနိုင်ခြင်း မရှိကြောင်းအား နားလည်၏။
"ကောင်းတယ်... တကယ့်ကိုကောင်းတဲ့ ချန်ချင်းစံအိမ်ပဲ... ငါသေချာပေါက် သွားပြီးတော့ လည်ပတ်ဦးမယ်.."
ဖန်ခိုင်ဆန်းက နှာခေါင်းရှုံ့သည်။
"မင်းမှာ ချန်ချင်းစံအိမ်ကိုသွားပြီး သောင်းကြမ်းပိုင်ခွင့် မရှိဘူး.."
ကျောင်လီက နှာခေါင်းရှုံ့သည်။ သို့ပေမယ့် အနည်းငယ်နားမလည်နိုင် ဖြစ်သွား၏။ သူ၏မျက်လုံးများဖြင့် စူးစိုက်ကြည့်လိုက်ချိန်၌ ပါးစပ်က ဘယ်လိုလုပ်ပြီး ပွင့်လာခဲ့သနည်း။ သူသည် ပါးစပ်ဖွင့်ရန် ရည်ရွယ်ခဲ့ခြင်း မရှိပေ။
"ဘာကိစ္စနဲ့လဲ.."
ဖန်ခိုင်ဆန်းက မျက်မှောင်ကျုံ့ကာမေးသည်။
ကျောင်လီက သူ့ကို စူးစိုက်စွာကြည့်ရင်းက ပါးစပ်ဟနေ၏။ သူသည် တစ်ခုခုကို ပြောချင်နေဟန်ရှိသည်။ သို့ပေမယ့် ပြောစရာစကားမဲ့နေပြီး ပဟေဠိဖြစ်စွာ ခံစားနေရ၏။
"မင်းသိစရာမလိုဘူး.."
သူသည် လက်သီးချက် အနည်းငယ်ကို ထိုးပြီးနောက် နောက်သို့လှည့်ကာ ထွက်ခွာခဲ့၏။ တိုက်ပွဲကို ဆက်လက်တိုက်ခိုက်လိုခြင်း မရှိတော့ပေ။
နောက်ကိုလှည့်လိုက်သည့် အချိန်၌ ကျောင်လီ၏ မျက်လုံးများမှာ ခက်ထန်စွာရှိနေ၏။ ထို့ကြောင့် သူ၏ပါးစပ်မှာလည်း ထိန်းချုပ်နိုင်ခြင်းကင်းမဲ့စွာ ပွင့်နေပါသည်။
သူသည် နှလုံးသားထဲ၌ နာကျင်စွာ ခံစားလိုက်ရ၏။ ဒဏ်ရာများမှာ အပြီးတိုင် ပျောက်ကင်းသွားခြင်း မဟုတ်သေးပေ။
"ကြည့်ရတာ အကြွင်းအကျန် ထိခိုက်မှုနည်းနည်း ကျန်သေးတာ ဖြစ်မယ်။ ရက်အနည်းငယ်လောက် နားလိုက်တာနဲ့ အလိုလိုပြန်ကောင်းသွားမှာပါ... မိန်းကလေးစုကို သွားပြီးတော့ ကုသခိုင်းစရာ မလိုလောက်ဘူး.."
ကျောင်လီသည် စိတ်ထဲတွင် ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်၏။ သို့ပေမယ့် မျက်လုံးဖြင့် စူးစိုက်စွာ ကြည့်ရဲခြင်း မရှိတော့ပေ။ ကြည့်လိုက်တိုင်းတွင် ပါးစပ်က ဟနေပြီး သူ၏သိက္ခာကို ထိပါးစေ၏။
ဖန်ခိုင်ဆန်းက ဆက်လက်တိုက်ခိုက်ခြင်း မပြုပါ။
ခဏတာစဉ်းစားပြီးနောက် လိင်ယွင်တောင်စံအိမ်ဆီသို့ သတင်းပို့လိုက်၏။ ချန်ချင်းစံအိမ်သာ ကျောင်လီ၏ ပြင်းထန်လှသည့် ဒဏ်ရာများကို ကုသနိုင်ပါက အထင်သေးလို့ မရပေ။
သူတို့၏ အံ့သြဖို့ကောင်းလှသည့် ကုသမှု နည်းလမ်းသည် မည်သည့်နေရာမှ ရရှိလာခဲ့ခြင်း ဖြစ်သနည်း။ အဆုံးမဲ့ကြယ်တာရာအကယ်ဒမီနှင့် သက်ဆိုင်နေသည်လား။
ဖန်ခိုင်ဆန်းသည် ခဏတာစဉ်းစားပြီးနောက် စိတ်ကူးတစ်ခု ရလာခဲ့သည်။ သူသည် ချိုင်ယွင်ဟုမ်ကို ဆင့်ခေါ်ကာ စီစဉ်မှုအချို့ကို ပြုလုပ်၏။
ချန်ချင်းစံအိမ်တွင် ရှီအာ၊ ကျိုးယင်နှင့် မုန့်ရှူရှုတို့မှာ သိုင်းသမားများ၏ ဒဏ်ရာများကို ကုသရန်အတွက် ပြင်ဆင်ရင်းနှင့် အလုပ်ရှုပ်နေပါသည်။
ဒန်ဆေးလုံးမျိုးစုံတို့ကို ၎င်းတို့၏ အာနိသင်အတိုင်း စင်ပေါ်တွင် သိမ်းဆည်း၏။ ဒဏ်ရာစစ်ဆေးခြင်း စိတ်ဝိဉာဉ်ကိရိယာမှာလည်း အဆင်သင့်ဖြစ်နေပါပြီ။
အသေးစားဒဏ်ရာများ ဆိုပါက ဒန်ဆေးလုံးတစ်လုံးဖြင့် ကုသပျောက်ကင်းနိုင်၏။
သာမန် ဒဏ်ရာများအတွက် ကုသစရိတ်အဖြစ် စိတ်ဝိဉာဉ်ပုံဆောင်ခဲတစ်ခုကို ယူဆောင်မည် ဖြစ်သည်။ဒဏ်ရာပြင်းထန်ပါက သို့မဟုတ် ဒဏ်ရာရရှိထားသည့်လူမှာ စွမ်းအားကြီးပါက ကုသမှုစရိတ်မှာ ခြားနားသွားမည်ဖြစ်၏။
ချန်ချင်းစံအိမ်တွင် အလုပ်သမားတို့ နည်းပါးရာ တစ်နေ့လျှင် သက်ဆိုင်ရာ လူနာအရေအတွက်တစ်ခုကိုသာ လက်ခံကုသပေးနိုင်ပါသည်။ ဘာပဲဖြစ်ဖြစ် ဆေးကုသပေးခြင်း၏ ရည်ရွယ်ချက်မှာ ကိုယ့်ကိုယ်ကိုယ် ကျင့်ကြံရန်၊ ကိုယ်ကိုယ်တိုင်၏ ဆေးပညာကို မြှင့်တင်ရန်၊ သိုင်းပညာအဆင့်ကို မြှင့်တင်ရန်၊ အတွေ့အကြုံတို့ ရရှိရန်၊ အသိပညာတို့ ရရှိရန် ဖြစ်၏။ ထိုကိစ္စအတွက် ကိုယ်ကိုယ်တိုင်၏ ကျင့်ကြံမှုကို ထိပါးစေလို့ မဖြစ်ပေ။
"မိန်းကလေးစု... ကျွန်တော်တို့ မျိုးဆက်စုံမဟာမိတ်အဖွဲ့မှာ ဒဏ်ရာအပြင်းအထန် ရရှိထားတဲ့ လူအချို့ရှိပါတယ်... သူတို့ကိုရော ကူညီကုသပေးနိုင်မလား မသိဘူး.."
ကျောင်လီက ပြန်လာပြီးနောက် လေးစားစွာဖြင့် တောင်းဆိုသည်။
"ရပါတယ်... အဖိုးအခသာရှိရင် အဆင်ပြေတယ်.."
စုလင်းရှုံက ခေါင်းငြိမ့်သည်။ ပြီးနောက် ထပ်ပေါင်းပြော၏။
"အချို့ဒဏ်ရာတွေအတွက် အထူးစိတ်ဝိဉာဉ်ဆေးပင်တွေကို လိုအပ်လိမ့်မယ်... အဲ့ဒါကြောင့် ဆေးပင်တွေအတွက် ရှင်တို့တွေ ပြင်ဆင်ထားဖို့လိုမယ်။ ဒီမှာအားလုံးရှိနေမယ်လို့ ကျွန်မ အာမမခံနိုင်ဘူး.."
"လူနာတွေ ရောက်လာလို့ စမ်းသပ်ပြီးရင် ဘာတွေလိုအပ်လဲဆိုတာကို ကျွန်မပြောပေးမယ်.."
ကျောင်လီက စိတ်လှုပ်ရှားစွာဖြင့် ခေါင်းငြိမ့်၏။
"ဒါပေါ့... အဖိုးအခကို လုံးဝ ကျွန်တော်တို့ဘက်က မလစ်ဟင်းစေရပါဘူး။ ကုသမှုအတွက် လိုအပ်တဲ့ စိတ်ဝိဉာဉ်ဆေးပင်တွေကိုလည်း ထောက်ပံ့ပေးပါမယ်.."
သူသည် ကျုရှင်ကျန့်အား တာဝန်ပေးသည်များကို ကောင်းကောင်းလုပ်ဆောင်ရန်၊ စုလင်းရှုံ၏ စေခိုင်းမှုများကို အချိန်မရွေး စောင့်စားနေရန် မှာကြားပြီးနောက် သိန်းငှက်ပေါ်သို့တက်ကာ ထွက်ခွာသွား၏။
ချိုင်လင်းအာမှာတော့ စံအိမ်တွင် နေခဲ့လေသည်။ သူမသည် အရာအားလုံးကို သိလိုစွာရှိနေ၏။ ဒီနေရာရှိမြင်ကွင်းများသည် သူမ၏ အသိအမြင်ကို ကျယ်ပြန့်လာစေ၏။
"ချန်ချင်းစံအိမ်ရဲ့ သမားတော်... ငါ့သားရဲ့ဒဏ်ရာကို ကုသပေးလို့ရလား.."
ကြံ့ခိုင်ထွားကြိုင်းသည့် လူတစ်ယောက် လျှောက်ဝင်လာခဲ့သည်။ အားနည်းစွာ အသက်ရှူနေပြီး အချိန်မရွေး သေတော့မည့်ပုံပေါ်သည့် လူငယ်တစ်ယောက်ကို ချီရင်းက ဝင်လာခဲ့၏။
စုလင်းရှုံက မျက်မှောင်ကျုံ့ကာ ကြည့်သည်။
"တကယ့်ကို ရက်စက်တဲ့ တိုက်ခိုက်မှုပဲ... အဲ့ဒါက လူတစ်ယောက်ကို လုံးဝဒုက္ခိတ ဖြစ်သွားစေနိုင်တယ်.."
သူသန်ကြီးမှာ ဒေါသတကြီးဖြစ်သွားပြီး သူ၏မျက်လုံးများ နီရဲလာခဲ့၏။
"စိတ်ဝိဉာဉ်ဂိုဏ်းကကောင်တွေက တကယ့်ကို ယုတ်မာကြတယ်.."
"ကုသစရိတ်ပေးပါ.."
စုလင်းရှုံက အများကြီး ပြောမနေပါ။ စိတ်ဝိဉာဉ်ဂိုဏ်းမှ လူများက လုပ်ဆောင်လာသည့် အပြုအမူသည် သူမအား စမ်းသပ်ကြည့်လိုခြင်း ဖြစ်ပေလိမ့်မည်။
"ဒီမှာပါ.."
လူသန်ကြီးက ဒီဗိုင်းအဆင့် စိတ်ဝိဉာဉ်ဆေးပင်တစ်ခုကို ထုတ်သည်။
"သူ့ကို ဒီဆေးလုံးတိုက်လိုက်.."
စုလင်းရှုံက သူ့ကိုသစ်လွင်ခြင်း ဆေးတစ်လုံးအားပေးလိုက်၏။ လူငယ်၏ခွန်အားမှာ အလွန်အားနည်းလှသည်။
ထို့ကြောင့် ဒုက္ခိတဖြစ်သွားလျှင်တောင် သစ်လွင်ခြင်းဆေးလုံးတစ်လုံးက ပြီးပြည့်စုံစွာ ကောင်းမွန်ရန်အတွက် လုံလောက်၏။
အပိုင်း ၅၆၄ - ကြီးမြတ်သည့် ပုဂ္ဂိုလ်တစ်ယောက်အား တွေ့ဆုံနိုင်မည့် အခွင့်အရေး
"ဒါက... သူ့ကို ပြန်ကောင်းလာ စေနိုင်တာလား.."
ထွားကြိုင်းသည့်လူကြီးက မယုံကြည်နိုင်စွာ ကြည့်သည်။ ဆေးတစ်လုံးနှင့် မျှော်လင့်ချက်မဲ့ပြီဟု ယူဆထားသည့် လူတစ်ယောက်ကို ပြန်လည်ကောင်းမွန်လာနိုင်သည်လား။ ဤသည်မှာ ယုံကြည်ရန် ခက်ခဲလွန်းလှသည်။
သို့ပေမယ့် သူသည် လူငယ်အား ဒန်ဆေးလုံးကို ကျွေးလိုက်ဆဲ ဖြစ်၏။ ခဏအကြာ၌ လူငယ်၏ အသက်ရှူမှုတို့မှာ ပြန်လည်တည်ငြိမ်လာပြီး ဖြူရော်နေသည့် မျက်နှာက သွေးရောင် ပြန်လွှမ်းလာခဲ့သည်။
"အဖေ... ကျွန်တော် ကိုယ့်ကိုယ်ကိုယ် အများကြီး ပြန်ကောင်းလာပြီလို့ ခံစားရတယ်.."
လူငယ်၏ မျက်လုံးများက ပွင့်လာပြီး စိတ်လှုပ်ရှားစွာဖြင့် ပြော၏။
"တကယ်လား... ကောင်းလိုက်တာ ကောင်းလိုက်တာ.."
ထွားကြိုင်းသည့်လူမှာလည်း တူညီစွာ စိတ်လှုပ်ရှားနေပါသည်။
"ကျေးဇူးတင်ပါတယ် နတ်ဆေးဆရာမ... နောင်မှာကျေးဇူးပြန်ဆပ်ချင်လို့ ဂုဏ်သရေရှိ နာမည်လေးကို ပြောပြပေးလို့ရမလား.."
ကျုရှင်ကျန့်က ဝင်ရောက်ဖြေကြား၏။
"ဒါက ဒန်ဆေးအင်မော်တယ် စုလင်းရှုံပဲ.."
"ဒန်ဆေးအင်မော်တယ်..."
လူထွားကြီးက ခဏတာ ကိုယ့်ကိုယ်ကို ရေရွတ်သည်။ ထို့နောက် အကြိမ်ကြိမ် ကျေးဇူးတင်စကား ပြောကာ လူငယ်နှင့်အတူ ထွက်ခွာသွား၏။
"မိန်းကလေးစု... သူ့ကို စိတ်ဝိဉာဉ်ဂိုဏ်းတွေက လွှတ်လိုက်တာများလား... ကြည့်ရတာ သူတို့တွေ ချန်ချင်းစံအိမ်ကို ပစ်မှတ်ထားတော့မယ် ထင်တယ်။ ဒါပေမယ့် စိတ်မပူပါနဲ့။ ကျွန်တော်ကျုရှင်ကျန့်သာ ဒီနေရာမှာရှိနေရင် စိတ်ဝိဉာဉ်ဂိုဏ်းကကောင်တွေ ဘာပြဿနာမှ လာမလုပ်စေရဘူး.."
ကျုရှင်ကျန့်က ရင်ဘတ်ကိုပုတ်ကာ ယုံကြည်ချက်ကြီးစွာ ပြော၏။
"အဲ့ဒီ့စိတ်ဝိဉာဉ်ဂိုဏ်းက လူရမ်းကားတွေ ပြဿနာလာလုပ်ခဲ့ရင် ငါ့အပြစ် မဟုတ်တော့ဘူး။ ဘာပဲဖြစ်ဖြစ် ငါ.. လူမမြုပ်ခဲ့ရတာ အချိန်တော်တော်လေး ကြာပြီးနေပြီ။ လူမြုပ်တဲ့စကေးတောင်မှ သံချေးတက်နေလောက်ပြီ.."
စုလင်းရှုံက အေးစက်စွာ ပြောသည်။ ထိုသူများသည်သူမကို စိတ်ဓါတ်ပျော့ညံ့သည့် လူတစ်ယောက်ဟု ထင်နေသည်လား။
နောက်ထပ် ရက်အနည်းငယ် အတွင်းတွင် ဒဏ်ရာအပြင်းအထန် ရရှိထားသည့် သိုင်းသမားများစွာ ရောက်ရှိလာခဲ့၏။ အားလုံးတို့၏ အခြေခံမှာ ပျက်စီးကာ လင်းနယ်မြေတွင် ကုသနိုင်ခြင်း မရှိလုနီးပါး ရှိနေ၏။ အခြေခံအားဖြင့် ဒုက္ခိတများဟု ဆိုနိုင်ပါသည်။
ဒဏ်ရာရရှိသည့် သိုင်းသမားများသည် သိုင်းသခင်အဆင့်မှ စစ်ဘုရင်၊ ကောင်းကင်လူသားငယ်၊ ကောင်းကင်လူသားကြီး... စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားအထိ ပါဝင်သည်။
သိသာစွာပင် ဤသည်မှာ စိတ်ဝိဉာဉ်ဂိုဏ်းများမှ စမ်းသပ်မှု ဖြစ်၏။ သို့ပေမယ့် မျှော်လင့်ထားပြီးဖြစ်သည်။ ချန်ချင်းစံအိမ်ကို စတင် တည်ဆောက်စဉ်ကတည်းက ထိုကဲ့သို့သော အခြေအနေကို ကြုံတွေ့ရမည်ဟု တွေးထားပြီး ဖြစ်၏။
စုလင်းရှုံအနေနှင့် ဂရုစိုက်ခြင်း မရှိပေ။ လုံလောက်သည့် အခကြေးငွေသာ ရှိပါက အဆင်ပြေ၏။
သူမသည် ကိုယ်ကိုယ်တိုင် ပါဝင်ကုသရန်ပင် အလုပ်ရှုပ်ခံမနေပါ။ ယွဲ့အာက ဒန်ဆေးလုံးများကို အသုံးပြုပြီး တစ်ခါတည်း ကုပေး၏။
"စိတ်ဝိဉာဉ်ဂိုဏ်းတွေက တကယ့်ကို ရက်ရောတာပဲ.."
ယွဲ့အာသည် ဒီဗိုင်းအဆင့် စိတ်ဝိဉာဉ်ဆေးပင်အနည်းငယ်ကိုကြည့်ကာ သက်ပြင်းချမိသည်။
"စိတ်ဝိဉာဉ်ဂိုဏ်းတွေအတွက် ကုသမှုစရိတ်ကို မြှင့်တင်ဖို့အတွက် ငါးဆုံးဖြတ်လိုက်ပြီ... ခွန်အားအဆင့် ပိုပြီးမြင့်မားလေလေ အဖိုးအခပိုပြီး မြင့်မားလေပဲ။ ဆေးဖိုးကို မပေးနိုင်ဘူးဆိုရင် ထွက်သွားခိုင်းလိုက်။ သူတို့ကို အရမ်းဂရုစိုက်ပြီး ဘာမှလုပ်ပေးစရာ မလိုဘူး.."
စုလင်းရှုံက ဆုံးဖြတ်ချက်ချပြီးနောက် ပြော၏။
သူမသည် စိတ်ဝိဉာဉ်ဂိုဏ်းမှ သိုင်းသမားများအား ကုသပေးမှုအတွက် ငြင်းဆန်ခြင်း မပြုပါ။ သို့ပေမယ့် ကုသမှုစရိတ်ကိုတော့ ပြင်ဆင်ထားရပေမည်။ ထိုအခါ စိတ်ဝိဉာဉ်ဂိုဏ်းများဆီမှ ပိုမိုများပြားသည့် အရင်းအမြစ်များ ရရှိနိုင်မည်ဖြစ်၏။
လီရွှမ်မှာ စိတ်ဝိဉာဉ်ဂိုဏ်းများ၏ စမ်းသပ်မှုနှင့်ပတ်သက်ပြီး ဂရုစိုက်ခြင်း လုံးဝမရှိပါ။ ဒီဗိုင်းဆန်းကြယ်စွမ်းအား အဆင့်သည် သူ၏ ယုံကြည်ချက် အရင်းအမြစ်ဖြစ်၏။
ဒီရက်များအတွင်းတွင် မုန့်ချုံနှင့် ရွှီယန်တို့ဆီမှ တန်ပြန်အကျိုးပြုမှုများကလည်း အကြိမ်ကြိမ် ရောက်ရှိလာနေ၏။ သို့ပေမယ့် သူတို့၏ သတင်းများကတော့ ရောက်ရှိလာခြင်း မရှိသေးပေ။ ဘာပဲဖြစ်ဖြစ် ရွှီယန်နှင့်မုန့်ချုံတို့မှာ လော့ဒေသနှင့် အလွန်ဝေးကွာနေရာ သတင်းပျံ့နှံ့နိုင်မှုသည် အချိန်ယူရဦးမည် ဖြစ်၏။
"သင်၏တပည့် ရွှီယန်သည် တစ်ယောက်တည်းနှင့် စိတ်ဝိဉာဉ်ဂိုဏ်းမှ ပါရမီရှင်၅ယောက်တို့ကို အနိုင်ယူခဲ့သည်။ သင်သည် ဒီဗိုင်းသုတ်သင်ခြင်း၏ ၉ခုမြောက် အသွင်ကို ရရှိသည်.."
တာအိုရွှေစာအုပ်မှ တန်ပြန်အကျိုးပြုမှုက ရောက်ရှိလာပြန်၏။ ဒီဗိုင်းသုတ်သင်ခြင်းမှာ ၉ခုမြောက် အသွင်အထိ စုဆောင်းပြီး ဖြစ်သည်။
"သင်သည် ဒီဗိုင်းသုတ်သင်ခြင်းအသွင် ၉ခုတို့ကို ပေါင်းစပ်ပြီးနောက် ဒီဗိုင်းဆန်းကြယ်စွမ်းအားကြီး- ဒီဗိုင်းသုတ်သင်ခြင်းကို ရရှိသည်.."
"ဒီဗိုင်းဆန်းကြယ်စွမ်းအားကြီး..."
လီရွှမ်မှာ တိတ်တဆိတ် စိတ်လှုပ်ရှားသွား၏။ ဒီဗိုင်းသုတ်သင်ခြင်း၏ စွမ်းအားသည် သံသယဝင်စရာမကောင်းလောက်အောင် အလွန်ကြီးမားလှပါသည်။
အသွင်၉ခုတို့ ပေါင်းစည်းကာ ဒီဗိုင်းဆန်းကြယ်စွမ်းအားတစ်ခု ဖြစ်လာပြီးဖြစ်ရာ အသုံးပြုနိုင်တော့မည် ဖြစ်၏။
၎င်း၏စွမ်းအားသည် လက်ရှိ ပိုင်ဆိုင်ထားသည့် ဒီဗိုင်းဆန်းကြယ်စွမ်းအားများထက် မည်သို့မှ အားနည်းနေမည် မဟုတ်ပေ။
သူသည် ၎င်းကို ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ နိယာမနှင့် ပေါင်းစပ်အသုံးပြုလိုက်ပါက မည်မျှ ကြီးမားသော စွမ်းအားတို့ ထုတ်လွှတ်နိုင်မည်ကို စိတ်ကူး၍ မရနိုင်အောင် ရှိနေ၏။ သူ၏ခွန်အားသည် ထပ်မံ မြင့်တက်လာခဲ့ပြန်လေသည်။
"ရွှီယန် တိုက်ပွဲတွေအများကြီးကို တိုက်ခိုက်ခဲ့တာ... မူလဒီဗိုင်းအဆင့်ကို ချိုးဖျက်နိုင်လောက်တော့မှာ မလား။
လီရွှမ်က မျှော်လင့်စွာဖြင့် စဉ်းစားသည်။
"မုန့်ချုံလည်း မသေခြင်းရွှေခန္ဓာ ပထမအဆင့်ရဲ့ ပြီးပြည့်စုံခြင်းကို ရောက်ရှိလောက်တော့မယ်.."
ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကျင့်စဉ်ကို ကျင့်ကြံသည့် မုန့်ချုံအတွက် တိုက်ပွဲများမှတဆင့် မသေခြင်းရွှေခန္ဓာကို မြှင့်တင်ခြင်းမှာ အလွန် ထိရောက်လှသည်။
စုလင်းရှုံမှာ ဒီဗိုင်းဆန္ဒအဆင့်၏ ပြီးပြည့်စုံမှုသို့ ရောက်ရှိရန် ခြေလှမ်းဝက်သာ လိုအပ်တော့၏။ ထို့ကြောင့် မုန့်ချုံလည်း မကြာခင်တွင် အဆင့်ချိုးဖြတ်မှာ သေချာသည်။
ရက်အနည်းငယ် ကြာပြီးနောက် တာအိုရွှေစာအုပ်မှ တန်ပြန်အကျိုးပြုမှု ရောက်ရှိလာခဲ့၏။
"သင်၏တပည့် မုန့်ချုံသည် မသေခြင်းရွှေခန္ဓာ ပထမအဆင့်၏ ပြီးပြည့်စုံခြင်းသို့ ရောက်ရှိသွားသည်။ သင်သည် မသေခြင်းရွှေခန္ဓာ ဒုတိယအဆင့်၏ အသေးစားကျွမ်းကျင်မှုအဆင့်သို့ ရောက်ရှိသွားသည်။
လီရွှမ်မှာ အလွန်သက်တောင့်သက်သာ ခံစားလိုက်ရ၏။ မုန့်ချုံအား မသေခြင်းရွှေခန္ဓာ၏ တတိယအဆင့်အား အရင်ဦးဆုံး နားလည်သဘောပေါက်နိုင်ရန် မျှော်လင့်မိသည်။
ထိုအခါ သူသည် ရုပ်ပိုင်းဆိုင်ရာ သိုင်းပညာစနစ်၏ ဒီဗိုင်းဆန်းကြယ်စွမ်းအား အဆင့်သို့ ချိုးဖျက်နိုင်ပြီး ဒီဗိုင်းဆန်းကြယ်စွမ်းအားတို့အား အလိုလျောက် ဖြစ်တည်လာစေမည် ဖြစ်သည်။
ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကျင့်ကြံမှု စနစ်မှ ပေးစွမ်းလာမည့် ဒီဗိုင်းဆန်းကြယ်စွမ်းအားတို့ကို မျှော်လင့်နေမိ၏။
"ဒီကောင်မလေး စုလင်းရှုံလည်း ဒန်ဆေးသိုင်းပညာစနစ်ရဲ့ ဒီဗိုင်းဆန်းကြယ် စွမ်းအားတွေကို နားလည်သဘောပေါက်လာလောက်တယ်မလား.."
သူသည် စုလင်းရှုံကို မျှော်လင့်စွာကြည့်မိ၏။ သိုင်းစနစ်သုံးခုလုံးသာ ဒီဗိုင်းဆန်းကြယ်စွမ်းအား အဆင့်သို့ ချိုးဖျက်ပြီးပါက သူ၏ခွန်အားမှာ ခန့်မှန်း၍ မရနိုင်အောင် တိုးတက်လာမှာ ဖြစ်သည်။
ချီမန်သိုင်းပညာ စနစ်မှာတော့ အနည်းငယ် လိုအပ်နေသေး၏။ သို့ပေမယ့် ၎င်းသည် အလွန်ထူးခြားကာ ဒီဗိုင်းဆန်းကြယ်စွမ်းအားများမှာ အခြားသိုင်းစနစ် သုံးခုနှင့် တူညီနေမည် မဟုတ်လောက်ပေ။
"ဖန်းဟောင်မှာ ခရီးဆက်ဖို့ ကွာဝေးအချို့ ရှိသေးတယ်။ ဒါပေမယ့် သူလည်း အရမ်းမနှေးလောက်ဘူး။
"ချီမန်သိုင်းပညာနဲ့ ပတ်သက်ပြီး တော်တော်လေး နားလည်သဘောပေါက်မှု ရထားတာပဲ.."
လီရွှမ်သည် ထိုက်ချန်းစာအုပ်၏ ၉ခုမြောက် စာမျက်နှာကို ဆက်လက်လေ့လာ၏။ ခန္ဓာကိုယ်ကျင့်ကြံမှု စနစ်တွင် ဒီဗိုင်းဆန်းကြယ်စွမ်းအား အဆင့်ပြီးပါက မည်သည့်အဆင့် ဖြစ်မည်ကိုလည်း စတင်တွေးဆသည်။
"တော်တော်လေးတော့ ခရီးပေါက်နေပြီ... အတူတူပေါင်းစည်းဖို့အတွက် ပြဿနာကြီး မဟုတ်လောက်ဘူး။ ဒီဗိုင်းအသွင်အဆင့်နဲ့ ဟင်းလင်းပြင်ချိုးဖျက်ခြင်း အဆင့်ကို ကိုးကားလိုက်ရုံပဲ... ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကျင့်ကြံမှု စနစ်က ထူးခြားပေမယ့် အဆင့်တွေကတော့ အတူတူလောက်ပဲ.."
လီရွှမ်သည် ခဏတာစဉ်းစားပြီးနောက် ရုပ်ပိုင်းဆိုင်ရာကျင့်ကြံမှုအတွက် နောက်ဆက်တွဲ ကျင့်စဉ်အပေါ် စိတ်ကူးအချို့ ရလာခဲ့သည်။ သေသေချာချာ ဖန်တီးရန်အတွက် အချိန်တချို့ ယူရမှာသာ ရှိ၏။ တာအိုရွှေစာအုပ်၏ လမ်းညွှတ်မှုလည်းရှိရာ စွမ်းအားနည်းပါးမည်ကို စိုးရိမ်စရာ မလိုပေ။
တစ်နေ့တွင် ကျောင်လီသည် ဒဏ်ရာရရှိထားသည့် လူ၁၀ယောက်ကျော်တို့ကို ခေါ်ဆောင်လာ၏။ အားလုံးတို့မှာ ဒဏ်ရာအပြင်းအထန် ရရှိထားပြီး အခြေခံမှာ ပျက်စီးလုနီးပါး ရှိနေပါသည်။
စုလင်းရှုံမှာ စိတ်လှုပ်ရှားသွားသည်။ လူနာသည် ပိုမိုစွမ်းအားကြီးလေလေ၊ ပိုမိုဒဏ်ရာကြီးမားလေလေ ကုသချိန်၌ အကျိုးအမြတ်တို့ ပိုမိုရရှိလေ ဖြစ်၏။
နာရီအနည်းငယ် အတွင်းတွင်ပင် စုလင်းရှုံသည် ဒဏ်ရာအားလုံးတို့ကို ကုသခဲ့သည်။ သူတို့၏ ခန္ဓာကိုယ်များမှာ အားနည်းနေသေးသောကြောင့် အချိန်ခဏ အနားယူရန် လိုအပ်သည်သာ ရှိ၏။
အားဖြည့်နေဆဲ အတွင်းတွင် ဒန်ဆေးလုံးများကို သောက်သုံးခြင်းက အထွတ်အထိပ်အခြေအနေသို့ ပိုမိုမြန်ဆန်စွာ ရောက်ရှိစေသည်။ သို့ပေမယ့် ထိုဆေးလုံးများကို အခကြေးငွေနှင့် ဝယ်ယူရန် လိုအပ်၏။
ထို့ကြောင့် နောက်ထပ်ကုသခြင်း အဖိုးအခများ ထပ်မံရရှိခဲ့သည်။ ထိုအထဲတွင် အဆင့်မြင့် စိတ်ဝိဉာဉ်ဆေးပင်များနှင့် ရှားပါးကုန်ကြမ်းအချို့လည်း ပါဝင်၏။
မျိုးဆက်စုံမဟာမိတ်အဖွဲ့မှ ထိုစွမ်းအားကြီးအဖွဲ့ဝင်များသည် ကုသရာတွင် လိုအပ်သည့် စိတ်ဝိဉာဉ်ဆေးပင်များကို လူတိုင်း ထောက်ပံ့ပေးလေ့ ရှိသည်။ ဤသည်က စုလင်းရှုံကို ပိုမိုကာပင် ပျော်ရွှင်စေ၏။ နောင်တွင် ဒဏ်ရာများ လာရောက်ကုသပါက ၂၀%လျှော့ဈေးပင်ပေးမည်ဟု ပြောလိုက်လေသည်။