← Chapters

အခန်း (၅၆၅-၅၆၆)

Vol. 38 Ch. 565-566

အခန်း (၅၆၅-၅၆၆)

Vol. 38 Ch. 565-566

အပိုင်း ၅၆၅ - ကြီးမြတ်သည့် ပုဂ္ဂိုလ်တစ်ယောက်အား တွေ့ဆုံနိုင်မည့် အခွင့်အရေး(၂)

မျိုးဆက်စုံမဟာမိတ်အဖွဲ့မှ စွမ်းအားကြီး အဖွဲ့ဝင်များမှာ အံ့ဩသွားကြသည်။ ဖြစ်နိုင်သည်မှာ လောကကြီးတွင် ယခုမျှ အံ့သြစရာကောင်းသည့် ဆေးပညာတို့ ရှိနေသည်လား။

သူတို့သည် စုလင်းရှုံကို မဟာမိတ်အဖွဲ့အတွင်းသို့ ဝင်ရောက်ရန်ပင် ဖိတ်ခေါ်ဖို့ ကြိုးစားခဲ့ကြ၏။ သို့ပေမယ့် သူမက ငြင်းဆန်ခဲ့လေသည်။

ဒဏ်ရာများကို ကုသပေးပြီးနောက် မျိုးဆက်စုံမဟာမိတ်အဖွဲ့မှ ပုဂ္ဂိုလ်ကြီးများသည် သူတို့၏ ဌာနချုပ်ဆီသို့ပြန်ကာ အချိန်အချို့ယူပြီး ခန္ဓာကိုယ်ကို ပြန်လည်ထူထောင်မည် ဖြစ်၏။ ထွက်ခွာသွားချိန်၌ သူတို့သည် များပြားလှသည့် ဒဏ်ရာကုသခြင်း ဆေးလုံးများကိုလည်း ဝယ်ယူခဲ့သည်။

"မိန်းကလေးချိုင်... နင် ငါတို့နဲ့အတူတူ မပြန်ဘူးလား.."

ကျောင်လီက ချိုင်လင်းအာကို အံ့သြစွာကြည့်၏။

"မပြန်ဘူး... ညီမလေးလင်းရှုံရဲ့ ဒဏ်ရာတွေကုသပေးတဲ့ ကျေးဇူးကို ပြန်ဆပ်ဖို့ ဒီမှာနေဦးမယ်.."

ချိုင်လင်းအာက အကြောင်းပြချက်တစ်ခုကို ပေးလိုက်၏။

"ဒါဆိုလည်း ကောင်းပြီလေ.."

ကျောင်လီက အကူအညီမဲ့စွာဖြင့် ခေါင်းငြိမ့်သည်။ ချိုင်လင်းအာနှင့် သူမ၏ ပင်လယ်စိတ်ဝိဉာဉ် မျိုးနွယ်ဝင်များကို အကူအညီအဖြစ် ဖိတ်ခေါ်ထားခြင်း ဖြစ်၏။ ထို့ကြောင့် သူတို့၏ အမိန့်များကို နာခံမည်မဟုတ်ပေ။ ချိုင်လင်းအာသာ နေလိုပါက ကျောင်လီအနေနှင့် ဌာနချုပ်သို့ပြန်ရန် ဖိအားပေးလို့မရပါ။

ထို့အပြင် ချိုင်လင်းအာ၏ ကျန်ရစ်ခဲ့မှုမှာလည်း စုလင်းရှုံနှင့် ပိုမိုနီးကပ်သည့် ဆက်ဆံရေး ရရန်အတွက် ကိစ္စကောင်းဖြစ်၏။

မျိုးဆက်စုံမဟာမိတ်အဖွဲ့မှ စွမ်းအားကြီးပုဂ္ဂိုလ် အားလုံးတို့ ထွက်ခွာသွားပေမယ့် ကျုရှင်ကျန့်မှာ အရှက်မဲ့စွာဖြင့် နေရစ်ခဲ့သည်။ သူသည် ချန်ချင်းစံအိမ်၌ လူအင်အားနည်းပါးနေခြင်းကြောင့် နေထိုင်ကူညီရန်အတွက် ဆုံးဖြတ်လိုက်သည်ဟု ဆို၏။

ချိုင်လင်းအာသည် ဒီနေရာတွင် သူမအတွက် အခွင့်အလမ်းများ ရှိနေသည်ဟု မသိစိတ်က ခံစားနေရသည်။

"အကြီးအကဲ... ဒါက ကျွန်မတို့ ပင်လယ်စိတ်ဝိဉာဉ်မျိုးနွယ်ရဲ့ အထူးထုတ်ကုန် မိုးပြာရောင် ပင်လယ်စိတ်ဝိဉာဉ်ပုလဲ လက်ဖက်ရည်ပါ။ မြည်းကြည့်ပါဦး.."

ချိုင်လင်းအာက လေးစားသည့်အသွင်ဖြင့် လီရွှမ်၏နံဘေးသို့ သွားကာ လက်ဖက်ရည်တစ်အိုးကို ဆပ်သ၏။

"အင်း.."

လီရွှမ်က ခေါင်းငြိမ့်သည်။ သူသည် လက်ဖက်ရည်ခွက်ကို မကာ မြည်းကြည့်လိုက်၏။ ပြီးနောက် သူ၏မျက်လုံးများက အနည်းငယ် လင်းလက်သွားသည်။

ဒီမိုးပြာရောင်ပင် လယ်စိတ်ဝိဉာဉ်ပုလဲ လက်ဖက်ရည်မှာ အလွန်ကောင်းပါသည်။ သူလက်ရှိ သောက်သုံးနေသည့် စိတ်ဝိဉာဉ်လက်ဖက်ရည်ထက် ပိုမိုကောင်းမွန်သည့် အရသာရှိ၏။ စိတ်ဝိဉာဉ်အငွေ့အသက်လည်း ပိုမိုကာ ပါဝင်သည်။

"ကောင်းတယ်.."

သူက သဘောကျစွာ ခေါင်းငြိမ့်သည်။ ချိုင်လင်းအာ၏ နှလုံးသားထဲ၌ ဝမ်းသာသွား၏။

"အကြီးအကဲ ကြိုက်တယ်ဆိုရင် ကျွန်မလည်း ဝမ်းသာပါတယ်.."

ထိုနေ့မှစတင်ပြီး ချိုင်လင်းအာသည် လီရွှမ်၏ရှေ့တွင် အလွန့်အလွန်ကြိုးစားကာ နေထိုင်ပြသည်။ အစေခံတစ်ယောက် နီးပါးကဲ့သို့ ရှိနေ၏။

လီရွှမ်မှာ ငြင်းဆန်ခြင်း မရှိပေ။ စိတ်ပါလက်ပါဖြင့် ဂရုစိုက်ပေးမည့် လှပသည့် မိန်းကလေးတစ်ယောက် ရှိနေသည်မှာ ကျေနပ်ဖို့ကောင်းကာ အလွန်သက်တောင့်သက်သာလည်း ရှိ၏။

ဖန်းဟောင်က ပြန်လည် ရောက်ရှိလာခဲ့သည်။

"ဆရာ.. စီနီယာအစ်မ.."

သူနှင့်အတူ ယွဲ့ချန်မင်လည်း ပါလာခဲ့သည်။

"အကြီးအကဲကို နှုတ်ဆက်ပါတယ်.."

ယွဲ့ချန်မင်က လီရွှမ်ကို လေးစားစွာဖြင့် နှုတ်ဆက်သည်။

"အင်း.."

လီရွှမ်က ခေါင်းငြိမ့်၏။ သူသည် ယွဲ့ချန်မင်ကို ကြည့်လိုက်ပြီးနောက် နှလုံးသားထဲ၌ သက်ပြင်းချသည်။ အဆုံးမဲ့ကြယ်တာရာ အကယ်ဒမီ၏ မူလကြယ်တစ်ပွင့် ပီသလှပါသည်။

လီရွှမ်၏ ညွှန်ကြားမှုနှင့် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမသင်္ကေတများ၏ ထောက်ပံ့ပေးမှုအပြီးတွင် ယွဲ့ချန်မင်၏ စွမ်းအားသည် ဒီအချိန်အတွင်း ကျင့်ကြံမှုနှင့် လေ့လာမှု၌ များစွာ တိုးတက်မှုရလာခဲ့၏။

သူသည် ခန္ဓာကိုယ်အတွင်းသို့ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမ တစ်စိတ်တစ်ပိုင်းကိုပင် ပေါင်းစပ်ပြီးဖြစ်သည်။ ဤသည်မှာ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ လင်းကျီ မဟုတ်ပေ။ လင်းကျီအား သန့်စင်ခြင်းထက် ပိုမိုအဆင့်မြင့်သည့် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမစွမ်းအင်အား ပေါင်းစပ်ခြင်း ဖြစ်၏။

ဤသည်က ယွဲ့ချန်မင်ကို စိတ်ဝိဉာဉ်နယ်မြေ၏ အစွမ်းထက်ဆုံး ပုဂ္ဂိုလ်များထဲမှ တစ်ယောက် ဖြစ်လာစေသည်။ သူသည် ကျောင်လီနှင့် ချိုင်လင်းအာတို့ထပ်ပင် ပိုမို စွမ်းအားကြီးမား၏။

"အဘိုး.."

ယွဲ့အာက အဘိုးဖြစ်သူကို တွေ့ရပြီးနောက် ပျော်ရွှင်စွာ ရောက်လာခဲ့သည်။ ချိုင်လင်းအာမှာ အံ့သြသွား၏။

ယွဲ့ချန်မင်သည် မျိုးဆက်စုံ မဟာမိတ်အဖွဲ့မှ စွမ်းအားကြီး ပုဂ္ဂိုလ်များကဲ့သို့ အလွန်သန်မာသည့် အငွေ့အသက်ကို ပေးစွမ်းနေ၏။ ဤသည်မှာ စစ်မှန်သည့် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ ထို့အပြင် ထိုကဲ့သို့သော ပုဂ္ဂိုလ်သည် စုလင်းရှုံ၏ ဆရာဖြစ်သူကို အထူးလေးစား၏။

ဆိုလိုသည်မှာ ဒီအကြီးအကဲသည် အလွန်ကြောက်စရာကောင်းရပေလိမ့်မည်။ သူသည် မည်မျှ အစွမ်းထက်လိုက်သနည်း။ သူမ၏ရွေးချယ်မှုက မှန်ကန်သည်ဟု ခံစားလာရသည်။

ဖန်းဟောင် ဒီနေရာသို့ ရောက်ရှိလာခြင်းမှာ မျိုးဆက်စုံမဟာမိတ်အဖွဲ့၏ ဌာနချုပ်ရှိ မဟာမိတ်အဖွဲ့မှ ပါရမီရှင်များနှင့် စိတ်ဝိဉာဉ်ဂိုဏ်းမှ ပါရမီရှင်များကို သွားရောက်ယှဉ်ပြိုင်ရန် လာရောက်နှုတ်ဆက်ခြင်း ဖြစ်သည်။ နောင်တွင် မျိုးဆက်စုံမဟာမိတ်အဖွဲ့၏ အဓိကဌာနချုပ်မှ ခေါင်းဆောင်ဖြစ်လာကာ အဖွဲ့ကို ဦးဆောင်မှုပြုနိုင်ရန် ချောမွေ့မှုရှိအောင်လည်း ပြင်ဆင်မည် ဖြစ်၏။

ဖန်းဟောင်၏ ရောက်ရှိလာမှုက မျိုးဆက်စုံမဟာမိတ်အဖွဲ့အတွက် ကြီးမားသည့် အကျိုးကျေးဇူးတို့ ဖြစ်ပေါ်ခဲ့၏။ အထူးသဖြင့် သတင်းအချက်အလက် ရယူရာတွင်ဖြစ်သည်။ စိတ်ဝိဉာဉ်ဂိုဏ်းများကို သိသာစွာ ကျော်လွန်နိုင်၏။

ဒီ‌အ‌တောအတွင်း အတွေ့အကြုံများနှင့် ခဏတာ စကားများ ပြောပြီးနောက် လီရွှမ်က ဖန်းဟောင်ကို ခေါ်လိုက်သည်။ သူ့ကို ချီမန်သိုင်းပညာ၏ လားရာအတွက် ညွှန်ကြားချက်တို့ပေးကာ အရေးအကြီးဆုံးဖြစ်သည့် မိုးပျံသင်္ဘော တည်ဆောက်မှုအကြောင်းကိုလည်း ပြောပြ၏။

ဖန်းဟောင်မှာ ထိုစကားကိုကြားရပြီးနောက် ချက်ချင်းပင် စိတ်လှုပ်ရှားလာခဲ့သည်။ သို့ပေမယ့် ရပ်တန့်သွားပြီးပြော၏။

"ဆရာ... မိုးပျံသင်္ဘောတစ်ခုကို တည်ဆောက်တာက မခက်ခဲသလိုပဲ။ ဒါပေမယ့် ပျံသန်းဖို့အတွက် စွမ်းအင်က တော်တော်လေးကို လိုအပ်မှာ။ သိုင်းပညာကို အသုံးပြုတာထက်တောင် ပိုရင်ပိုနေလိမ့်မယ်။ အဲ့ဒါကြောင့်မလို့ စိတ်ဝိဉာဉ်သားရဲတွေကို စီးနင်းတာလောက် သက်တောင့်သက်သာရှိမှာ မဟုတ်ဘူး.."

လီရွှမ်သည် ဖန်းဟောင်ကိုကြည့်ကာ ပြောစရာစကား မဲ့သွား၏။ သူ၏တပည့်ဖြစ်သူသည် ယခုမျှ အတွေးတိမ်သည်လား။

မိုးပျံသင်္ဘောကို တည်ဆောက်ပြီးပါက ၎င်းကိုစီးနင်းရန်အတွက် အစစ်အမှန်ယွမ်အပေါ်၌ မှီခိုနေရဦးမည်လား။ စိတ်ဝိဉာဉ်ပုံဆောင်ခဲများ ရှိလေသည်။

လီရွှမ်သည် သက်ပြင်းချ၏။

"စိတ်ဝိဉာဉ်ပုံဆောင်ခဲ.."

ဖန်းဟောင်မှာ မှင်သက်သွားသည်။ သူ့အတွက် တံခါးအသစ်တစ်ခု ဖွင့်လှစ်လိုက်ပုံ ပေါ်၏။ အတွေးအမြင်အသစ်များစွာတို့ စိတ်ထဲ၌ပေါ်လာပြီး အရှက်ရမှုကိုလည်း ခံစားရကာ ခေါင်းငုံ့သွားသည်။

"ကျွန်တော် အမြင်ကျဥ်းသွားတာပါ.."

"ချီမန်သိုင်းပညာရဲ့ အနှစ်သာရက ထူးခြားမှုတွေကို ရှာဖွေဖို့သတ္တိ၊ အသစ်အသစ်တွေကို ဖန်တီးဖို့အတွက် သတ္တိ အပေါ်မှာ မူတည်တယ်။ အဲ့ဒါကိုမှတ်သားထား.."

လီရွှမ်က လေးနက်စွာဖြင့် သင်ကြား၏။

"ဟုတ်ကဲ့ပါ... တပည့်စိတ်ထဲမှာ မှတ်သားထားပါမယ်.."

ဖန်းဟောင်က လေးနက်စွာ ခေါင်းငြိမ့်သည်။

"ကောင်းပြီ... အရင်တုန်းက ရှန်ဟိုင်ကျိုးကို မင်းဖန်တီးပေးခဲ့တဲ့ အရာတွေမှာ တီထွင်ဉာဏ်စွမ်းတွေ ပြည့်နက်နေတယ်။ ချီမန်သိုင်းပညာကို လေ့လာပြီးနောက်မှ မင်းရဲ့စိတ်ကူးစိတ်သန်းတွေကို ဘောင်ခတ်မသွားစေနဲ့.."

"ပိုပြီးတော့စဉ်းစား၊ ပိုပြီးတော့ရှာဖွေ၊ ပိုပြီးတော့တီထွင်။ စိတ်ကူးရဲရမယ်။ တီထွင်ရဲရမယ်။ မင်းကိုယ်မင်းအခင်းအကျင်းတွေ၊ လက်နက်ကိရိယာ ထုလုပ်ခြင်းတွေ၊ ချိတ်တံဆိတ်တွေလောက်ပေါ်မှာ ကန့်သတ်မထားနဲ့.."

လီရွှမ်က ဆက်လက်ပြီး ညွှန်ကြားပြသမှုပေးသည်။

"ဟုတ်ကဲ့ပါဆရာ.."

ဖန်းဟောင်က လေးစားစွာ ခေါင်းငြိမ့်၏။

"ကောင်းပြီ... သွားပြီးတော့ ဖန်တီးလှည့်.."

လီရွှမ်က ခေါင်းငြိမ့်၏။

မိုးပျံသင်္ဘောကိုဖန်တီးသည့် ပင်ပန်းသည့် အလုပ်များကို တပည့်ဖြစ်သူကိုသာ လွှဲထားရပေမည်။ ဘာပဲဖြစ်ဖြစ် တပည့်လက်ခံခြင်းမှာ ဆရာကိုခစားရန် လူတစ်ယောက် ရှိလာပြီဟု ဆိုလို၏။

မိုးပျံသင်္ဘောအား တီထွင်ရန် လိုအပ်သောကြောင့် ဖန်းဟောင်သည် သူ၏ မျိုးဆက်စုံမဟာမိတ်အဖွဲ့ ဌာနချုပ်ကို သွားရောက်မည့် ခရီးစဉ်အား ဆိုင်းငံ့ထားရသည်။ စံအိမ်အတွင်း၌ စတင်အလုပ်လုပ်၏။

ပထမဆုံးအနေနှင့် သူသည် မိုးပျံသင်္ဘော၏ အသွင်အပြင်နှင့် လုပ်ဆောင်မှုတို့ကို ပုံကြမ်းဆွဲသည်။

ထိုအကြောင်းကို ကြားသိရပြီးနောက် စုလင်းရှုံလည်း အလွန်စိတ်လှုပ်ရှားလာပြီး နံဘေးမှနေကာ စိတ်ကူးများကိုပေး၏။

"ဂျူနီယာမောင်လေး... ငါက ဆေးဆရာတစ်ယောက်ဆိုတော့ လောကကြီးကို ကျယ်ကျယ်ပြန့်ပြန့် ခရီးဆက်ရမှာ။ မိုးပျံသင်္ဘောတစ်ခုနဲ့ ဆိုရင် အများကြီးပိုပြီး သင့်တော်သွားပြီ။ ချန်ချင်းစံအိမ်ကိုလည်း သင်္ဘောပေါ်မှာ တင်နိုင်မယ်ဆိုရင် ပိုကောင်းလိမ့်မယ်။ သွားလာတဲ့အခါမှာ ယာဉ်တစ်ခုအဖြစ် မြေပြင်ပေါ်မှာ စံအိမ်တစ်ခုအဖြစ် အသုံးပြုလို့ရတာပေါ့.."

"အဲ့လိုပုံစံမျိုး စိတ်ကူးကြည့်... ဘယ်လိုမျိုးလုပ်ရင်သင့်တော်နိုင်မလဲ.."

စုလင်းရှုံ၏ စကားကိုကြားရပြီးနောက် ဖန်းဟောင်သည် မိုးပျံသင်္ဘောအား ဆောက်လုပ်ခြင်းသည် လွယ်ကူမည်မဟုတ်ကြောင်းကို နားလည်လိုက်သည်။ ဂရုတစိုက် စီစဉ်မှုများ လိုအပ်၏။

သို့ပေမယ့် ဖန်တီးမှုအောင်မြင်လျှင်တော့ သူ့အတွက် ကြီးမားသည့် အောင်မြင်မှုတစ်ခုဟု ဆိုနိုင်ပေသည်။

'ဒီမိုးပျံသင်္ဘောက ဆရာ စီးနင်းဖို့အတွက်ပဲ။ အဲ့ဒါကြောင့် ဒီအတိုင်း ဖန်တီးလိုက်ရုံနဲ့ မပြီးဘူး။ လိုအပ်တဲ့ကုန်ကြမ်းတွေကိုလည်း ပေါ့ပေါ့ဆဆ အသုံးပြုလို့မရဘူး..'

ဖန်းဟောင်တွင် စိတ်ကူးတစ်ခု ရလာခဲ့သည်။ ဤနည်းအားဖြင့် သူသည် မိုးပျံသင်္ဘောအား တည်ဆောက်ရန်အတွက် တာဝန်ကြီးအပေါ်တွင် လုံးဝ နစ်မြုပ်သွားလေသည်။

ယွဲ့ချန်မင်က ဒီအခွင့်အရေးကိုယူကာ လီရွှမ်ဆီ၌ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမများကို မေးစမ်းမှု ပြုသည်။ သူသည် ကိုယ့်ကိုယ်ကိုယ် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမများနှင့် ပတ်သက်ပြီး ပိုမိုကောင်းမွန်စွာ နားလည်မှုရရန် လိုအပ်နေသည်ဟု ခံစားရ၏။

ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နက်နဲလှသည့် နိယာမများကို လူတစ်ယောက်သည် ဘယ်လိုလုပ်ပြီး အလွယ်တကူ လေ့လာနိုင်မည်နည်း။

သူသည် အရင်တုန်းက အဖြစ်အပျက်ကို ပြန်လည်စဉ်းစားမိသည်။ စိတ်ကောင်းထားကာ ရွှီယန်အား အန္တရာယ်မှ လွတ်မြောက်နိုင်ရန် ကူညီပေးလိုခဲ့၏။

ထိုအကြောင်းကြောင့်လည်း ဒီဆရာကြီးနှင့် တွေ့ဆုံကာ အခွင့်အရေးတို့ကို ရရှိခဲ့ခြင်း ဖြစ်သည်။

ချိုင်လင်းအာမှာ လီရွှမ်အတွက် လက်ဖက်ရည်ကို ပြင်ပေးရင်းက ယွဲ့ချန်မင်၏ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမများအကြောင်းကို မေးစမ်းမှုအား ကြားသိရကာ အံ့သြသွားသည်။

သူတို့သည် ယခုမျှ နက်နဲလှသည့် နိယာမများ၏ ကျင့်ကြံမှုအကြောင်းကို အမှန်တကယ် ဆွေးနွေးနေကြသည်လား။

ခဏတာတုံ့ဆိုင်းနေပြီး ရှောင်ပေးရမည်လားဟု စဉ်းစားသည်။ သို့ပေမယ့် လီရွှမ်၏ သူမအား ထွက်ခွာခိုင်းခြင်း မရှိပုံကို တွေ့ရပြီးနောက် နေရန် ဆုံးဖြတ်လိုက်၏။ လက်ဖက်ရည်ကိုငှဲ့ပေးကာ အစေခံတစ်ယောက်ကဲ့သို့ ခစားသည်။

ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမအကြောင်း အနည်းငယ် ရှင်းပြမှုလေးအတွက် လီရွှမ်သည် စိတ်ထဲထားမနေပါ။ ချိုင်လင်းအာအတွက် နားလည်သဘောပေါက်မှုတို့ ရရှိလာရန်မှာတော့ သူမ၏ ပါရမီအပေါ်၌ မူတည်နေပေလိမ့်မည်။

ကြီးမြတ်သည့် ဆရာတစ်ယောက်အား ကြုံတွေ့နိုင်ရန်အတွက် လူတစ်ယောက်သည် ကောင်းမွန်သည့် ကံကြမ္မာထူးကို လိုအပ်၏။

သူကဲ့သို့ အနှိုင်းမဲ့သည့် ဆရာသခင်တစ်ယောက်အတွက် လက်ဖက်ရည်ဆက်သခြင်းနှင့် တောက်တိုမရ ကိစ္စများအား ဆောင်ရွက်ပေးခြင်းတို့ ပြုသူများအတွက် အခွင့်အရေးများ ပေးရမည်မှာ ပုံမှန်သာဖြစ်သည်။

သူ၏လက်ကို ဝှေ့ရမ်းလိုက်ပြီးနောက် ရှေ့တွင် လှိုင်းတစ်ခု ဖွဲ့စည်းလာ၏။ ပြီးနောက် ရိုးရှင်းသည့် မျဉ်းကြောင်းတစ်ခုအား တွေ့မြင်လာရသည်။ သို့ပေမယ့် ၎င်းတွင်လောကကြီး၏ နက်ရှိုင်းသည့် အမှန်တရားအချို့ ပါဝင်နေဟန် ရ၏။

"မင်းတို့အတွက် ဒါက ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ နိယာမကို အာရုံစိုက်ပြီး လေ့လာဖို့အတွက် လုံလောက်တယ်။ နိယာမတစ်ခုကို နှံ့နှံ့စပ်စပ် နားလည်မှု ရပြီးမှပဲ နောက်ထပ် ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ နိယာမကို ဆက်ပြီးလေ့လာနိုင်မယ်.."

"နိယာမတိုင်းမှာ ကိုယ်ပိုင် နက်နဲမှုတွေရှိတယ်။ ဆန်းကြယ်မှုတွေ ရှိတယ်။ လူတစ်ယောက်ချင်းစီတိုင်းရဲ့ နားလည်နိုင်မှုကလည်း ခြားနားကြတယ်.."

"နိယာမတွေရဲ့လည်ပတ်မှု... ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ စည်းမျဉ်းတွေ... နိယာမတစ်ခုမှာ သူ့ရဲ့ကိုယ်ပိုင်စည်းမျဉ်းတွေရှိတယ်။ စည်းမျဉ်းတွေက တစ်သမတ်ထဲရှိတယ်။ ဒါပေမယ့် မပြောင်းလဲတာလည်း မဟုတ်ဘူး။ ဒါပေမယ့် အဲ့ဒီ့ပြောင်းလဲမှုတွေက စည်းမျဉ်းထဲမှာပဲ.."

"နိယာမရဲ့ စည်းမျဉ်းကို နားလည်မှု ရလာပြီဆိုရင် အဲ့ဒါတွေရဲ့ ပြောင်းလဲမှုကို မင်းတို့ ဖမ်းဆုပ်နိုင်လာလိမ့်မယ်။ ပထမဆုံးအနေနဲ့ ပြောင်းလဲမှုတွေထဲက တစ်ခုကို နားလည်အောင်လုပ်။ ဉာဏ်အလင်းရပြီးပြီဆိုရင် နောက်ထပ် ပြောင်းလဲမှုကိုလေ့လာ။ အဲ့လိုတစ်ဆင့်ချင်းစီ သွားတာကပဲ နိယာမရဲ့စည်းမျဉ်းတွေကို နားလည်မှုရလာနိုင်လိမ့်မယ်.."

လီရွှမ်က သူ၏ရှေ့တွင် ပုံဖော်ပြလိုက်သည့် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမသည် ယွဲ့ချန်မင်အား ပေးခဲ့သည့် နိယာမများစွာထဲမှ တစ်ခုဖြစ်၏။

သူသည် ယုံကြည်မှုရှိ၏။ လင်းနယ်မြေတွင် သို့မဟုတ် ထိုက်ချန်းလောက တစ်ခုလုံးတွင်ပင် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမများအား နားလည်မှုအပေါ် သူ့ထက်သာလွန်သူ မရှိလောက်ပေ။

ယွဲ့ချန်မင်က လေးစားစွာဖြင့် နားထောင်နေ၏။ သူ၏စိတ်အတွင်း၌ နားလည်မှု အရောင်အဝါတို့ ပေါ်လာခဲ့သည်။

ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမကို ကြည့်ကာ သူသည် အလွန်စိတ်လှုပ်ရှားနေ၏။ သံသယဝင်စရာ မကောင်းလောက်အောင် ဤသည်မှာ ကောင်းကင်နှင့်ကမ္ဘာမြေကြီးအား ကျော်လွန်ပြီးဖြစ်သည့် ပုဂ္ဂိုလ်တစ်ယောက်၏ ညွှန်ကြားမှုဖြစ်သည်။

စကားလုံးအနည်းငယ်က သူ့ကို ဉာဏ်အလင်းရစေကာ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမအား လေ့လာရန် လားရာတစ်ခုကို ရှာတွေ့လာစေ၏။

"ညွှန်ကြားမှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်.."

ယွဲ့ချန်မင်က လေးစားစွာ ဦးညွှတ်ပြီးနောက် ထွက်ခွာသွားသည်။ နေရာတစ်ခုကိုရှာကာ တည်ငြိမ်စွာထိုင်ပြီး သုံးသပ်၏။

ချိုင်လင်းအာမှာလည်း မှင်သက်ကာ အံ့ဩနေသည်။ ထိုသို့ဆိုပါက ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမတို့ကို အလွယ်တကူ ရေးဆွဲနိုင်သည်လား။ မည်ကဲ့သို့သော ပုဂ္ဂိုလ်မျိုးသည် ယခုကဲ့သို့ စွမ်းဆောင်နိုင်မည်နည်း။

'ကောင်းကင်နှင့်ကမ္ဘာမြေကြီးရဲ့ နိယာမကို လေ့လာတာ ဒီလောက်ရိုးရှင်းတာလား..'

သူမသည် စိတ်လှုပ်ရှားမိသလို အလွန်လည်း စိတ်အားထက်သန်လာခဲ့သည်။ သူမအတွက် ဒီနေရာတွင် နေခဲ့ရန် ရွေးချယ်ခဲ့ခြင်းမှာ အလွန်ဉာဏ်ရှိသည့် လုပ်ဆောင်ချက်ဖြစ်၏။ မည်မျှကြီးမားလှသည့် အခွင့်အရေးတစ်ခု ဖြစ်သနည်း။

လီရွှမ်ရေးဆွဲပြခဲ့သည့် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမသည် လက်တစ်ဝှေ့နှင့်အတူ ပျောက်ကွယ်သွားသည်။ သူသည် တိတ်ဆိတ်စွာဖြင့် လက်ဖက်ရည်ကို သောက်၏။

ချိုင်လင်းအာအနေနှင့် မည်မျှနားလည်သဘောပေါက်မှု ရလာမည်မှာတော့ သူမ၏ ကိုယ်ပိုင်ပါရမီအပေါ်၌ မူတည်နေပါသည်။ သူသည် တစ်ဖက်လူအား အခွင့်အရေးပေးခဲ့ပြီး ဖြစ်၏။ ဖမ်းဆုပ်နိုင်မည်လား ဟူသည်မှာ သူမနှင့်သာ သက်ဆိုင်သည်။

ချိုင်လင်းအာက ဦးညွှတ်ကာ ထွက်ခွာသွား၏။ သူမလည်း နေရာတစ်ခုကိုရှာကာ တရားထိုင်ရင်း သုံးသပ်သည်။

李 望舒:

အပိုင်း ၅၆၆ - ချမ်းသာပြီးကြီးစိုးသည့် လိင်ယွင်တောင်စံအိမ်

ချန်ချင်းစံအိမ်အတွင်းတွင် လူတိုင်းသည် အလုပ်ရှုပ်နေကြ၏။ မည်သည့် ဒဏ်ရာရရှိထားသူမှ လာရောက်ကုသခြင်း မရှိသေးပေ။ ချန်ချင်းစံအိမ်၏ ဂုဏ်သတင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ကျော်ကြားပြီးခြင်း မရှိသေးပါ။

ဖန်းဟောင်မှာ စုလင်းရှုံ၏ ကူညီမှုဖြင့် မိုးပျံသင်္ဘောတစ်ခုကို မည်ကဲ့သို့ ပြုလုပ်ရမည်အား အကြံထုတ်နေသည်။

ဤသည်မှာ သူမ၏ ပထမဆုံးအကြိမ် ဒန်ဆေးသိုင်းပညာမှလွဲ၍ အခြားကိစ္စရပ်အပေါ် အလွန်အာရုံထားခြင်းဖြစ်၏။

ယွဲ့အာမှာ ချန်ချင်းစံအိမ်ကို စီမံကွပ်ကဲနေပြီး လိုအပ်သည့် စိတ်ဝိဉာဉ်ဆေးပင်များ အစရှိသည်တို့ကို စနစ်တကျ သိမ်းဆည်းသည်။

ရှီအာမှာ ကြိုးကြိုးစားစား ကျင့်ကြံနေ၏။ ကျိုးယင်၊ မုန့်ရှူရှူနှင့် ကျုရှင်ကျန့်တို့မှာလည်း တာဝန်အသီးသီးကို ပူးပေါင်းဆောင်ရွက်နေကြ၏။ သူတို့သည် ယခုအချိန်၌ အလွန်ရင်းနှီးနေပြီး ဖြစ်သည်။

လီရွှမ်သည် တိတ်ဆိတ်စွာဖြင့် စာအုပ်ဖတ်နေပြီး ချောမောသည့် လူတစ်ယောက်အဖြစ်သာ ဆက်လက်နေ၏။

'၉ခုမြောက် စာမျက်နှာက ထိုက်ချန်းရဲ့ ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ နိယာမတွေကို ယေဘုယျ အကျဉ်းချုပ်ထားတာပဲ။ အဲ့ဒါဆိုရင် နောက်ထပ်စာမျက်နှာမှာ ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ နိယာမအကြောင်းတွေ မဟုတ်တော့ဘူးလို့ ဆိုလိုချင်တာလား..'

လီရွှမ် အတွေးနက်သွားသည်။ သူသည် ၉ခုမြောက်စာမျက်နှာအား အပြီးတိုင် မှတ်သားပြီးခြင်း မရှိသေးပေ။ ယခုအချိန်၌ ဒီစာမျက်နှာကို မှတ်သားပြီးလျှင် ထိုက်ချန်းတစ်ခုလုံး၏ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမအားလုံးကို မှတ်မိပြီးဖြစ်သည်ဟု ဆိုလိုသည်လားဟု ထင်မြင်လာမိ၏။

ထိုက်ချန်းစာအုပ်တွင် စုစုပေါင်းစာမျက်နှာ ၁၈ခုရှိသည်။ ၉ခုမြောက် စာမျက်နှာသည် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမများအား အကျဉ်းချုပ်ကာ စုစည်းထားခြင်း ဖြစ်၏။ ထိုသို့ဆိုပါက ၁၀ခုမြောက်စာမျက်နှာတွင် မည်သည်တို့ ရှိမည်နည်း။

ဖြစ်နိုင်သည်မှာ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမထက် ပိုမိုမြင့်မားသည် အဆင့်လေလား။

ဒီနေ့တွင် စိတ်ဝိဉာဉ်ဂိုဏ်းမှ စွမ်းအားကြီးပုဂ္ဂိုလ်များ ရောက်ရှိလာခဲ့သည်။ လော့ဒေသကို ဦးဆောင်နေသည့် ဖန်ခိုင်ဆန်းမှာ မရှိမဖြစ် ပါဝင်၏။ သူ၏ဘေးတွင် အခြား သူ့ထက် ပိုမိုစွမ်းအားကြီးသည့် ပုဂ္ဂိုလ်နှစ်ဦးလည်း ပါရှိသည်။

တစ်ဦးမှာ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမတစ်စိတ်တစ်ပိုင်းကိုပင် ကျင့်ကြံထား၏။ သူသည် ယွဲ့ချန်မင်ထက် အနည်းငယ်သာ အားနည်းသည်။

ဤသည်ကိုကြည့်ခြင်းအားဖြင့် လိင်ယွင်တောင်စံအိမ်မှ ရောက်ရှိလာသူများသည် သာမန်မဟုတ်ဘဲ စံအိမ်၏ စွမ်းအားကြီးဆုံး ပုဂ္ဂိုလ်များထဲမှ ပုဂ္ဂိုလ်တစ်ဦး သေချာပေါက် ပါဝင်သည်ကို သိမြင်နိုင်၏။

ထို့အပြင် ထိုဧည့်သည်၏ခါးတွင် သေးငယ်သည့်ခရမ်းရောင်တူတစ်ချောင်းကို ချိတ်ဆွဲထားပြီး‌ ၎င်း၏ပတ်ဝန်းကျင်တွင် မိုးကြိုးလှိုင်းတို့ အနည်းငယ်ရစ်ဝဲနေ၏။

ဤသည်မှာ ဒီဗိုင်းကိရိယာတစ်ခု ဖြစ်သည်။ ဒီဗိုင်းကိရိယာများမှာ အလွန်စွမ်းအားကြီးမားလှပြီး လင်းနယ်မြေ၏ သိုလှောင်အိတ်များအတွင်းတွင် ထည့်သွင်းနိုင်ခြင်း မရှိပေ။ ထို့ကြောင့် ကိုယ်ကိုယ်တိုင် သယ်ဆောင်ရန် လိုအပ်၏။

သူတို့၏နောက်တွင် လူ၁၀ယောက်ကျော်တို့ ပါလာခဲ့သည်။ အများစုမှာ ဒဏ်ရာများ ရရှိထား၏။ သူတို့၏ ဒဏ်ရာများသည် ပြင်းထန်လှပြီး လိင်ယွင်တောင်စံအိမ်၏ များပြားလှသည့် ရတနာများဖြင့်ပင် အရှင်းကောင်းမွန်အောင် ကုသနိုင်ခြင်း မရှိပေ။

ဒဏ်ရာရရှိသူများထဲမှ တစ်ယောက်မှာ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ လင်းကျီကို ကျင့်ကြံထားသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်၏။ သူ၏ ဒဏ်ရာများမှာ အလွန်ဆိုးရွားလှပြီး ကျောင်လီထက် အနည်းငယ်သာ လျော့ပါးသည်။

သူ့ကို မျိုးဆက်စုံမဟာမိတ်အဖွဲ့ရှိ ဒီဗိုင်းကိရိယာတစ်ခုအား ကိုင်ဆောင်ထားသူက တိုက်ခိုက်ခဲ့ခြင်း ဖြစ်၏။

ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမတို့ကို လေ့လာနေသည့် ယွဲ့ချန်မင်၏ မျက်လုံးများက ရုတ်တရက် ပွင့်လာကာ ဖြေညှင်းစွာ မတ်တတ်ရပ်သည်။

ကျုရှင်ကျန့်မှာ တိတ်တဆိတ် အံ့သြသွား၏။ လိင်ယွင်တောင်စံအိမ်သည် ယခုမျှ စွမ်းအားကြီးသည့် ပုဂ္ဂိုလ်တစ်ဦးကို စေလွှတ်ခဲ့သည်လား။ ဖြစ်နိုင်သည်မှာ သူတို့၏ရည်ရွယ်ချက်သည် ချန်ချင်းစံအိမ်ကို ပြန်ပေးဆွဲကာ လိင်ယွင်တောင်စံအိမ်ဆီသို့ ခေါ်ဆောင်သွားလိုခြင်းဖြစ်သည်လား။

သို့ပေမယ့် ဒီလူအုပ်စုသည် ရှေ့တံခါးမှသာ ရိုးရှင်းစွာ ဝင်ရောက်လာခဲ့ပြီး ဒဏ်ရာများကို လာရောက်ကုသခြင်းသာ ဖြစ်သည့်ဟန် ရသည်။

"ကျွန်တော်က လိင်ယွင်တောင်စံအိမ်ရဲ့ လိင်ထုံးပါ။ ကျွန်တော်တို့စံအိမ်က ဒဏ်ရာရရှိထားတဲ့ သူတွေကို ကုသဖို့အတွက် ဆေးအင်မော်တယ်ကို တွေ့ခွင့်တောင်းပါတယ်.."

ဒီဗိုင်းကိရိယာကို ကိုင်ဆောင်ထားသည့် ပုဂ္ဂိုလ်က လက်သီးနှစ်ဖက်ကိုဆုပ်ကာ ပြောသည်။

"ကိစ္စမရှိဘူး... ကုသစရိတ်သာ လုံလောက်ရင် ရတယ်။ ဒဏ်ရာကုသတာက ကိစ္စသေးလေး တစ်ခုပဲ.."

စုလင်းရှုံက စိတ်လှုပ်ရှားစွာဖြင့် ရှေ့တက်လာခဲ့သည်။

လိင်ယွင်တောင်စံအိမ်၏ အန္တရာယ်မှာတော့ သူမအနေနှင့် အနည်းငယ်မျှပင် စိုးရိမ်ခြင်းမရှိပေ။

စုလင်းရှုံကို တွေ့ရပြီးနောက် လိင်ထုံးမှာ အံ့သြသွား၏။ ဆေးအင်မော်တယ်မှာ အလွန် ငယ်ရွယ်လှသည်လား။ သူမသည် အသက်၂၀တောင် ပြည့်သေးရဲ့လား။

"ကုသစရိတ်က ကိစ္စသေးလေးပါ။ တကယ်လို့မိန်းကလေးစုသာ ကျွန်တော်တို့စံအိမ်က လူတွေကို ကုသပေးနိုင်မယ်ဆိုရင် ကုသစရိတ်ကို နှစ်ဆပေးလို့ရတယ်.."

လိင်ထုံးက ပြော၏။

စုလင်းရှုံမှာ ပိုမိုကာပင် ဝမ်းသာသွားသည်။

"လိင်ယွင်တောင်စံအိမ်က အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းထဲမှာ ပါဝင်တာ အံ့သြစရာမရှိဘူး။ တကယ့်ကို ရက်ရောတာပဲ.."

သူမသည် ဒဏ်ရာရရှိသူတို့ကို တစ်ချက်ကြည့်ကာ လျှင်မြန်စွာ နားလည်သွား၏။

"ဒီဒဏ်ရာတွေက မသေးဘူး... ကုသဖို့အတွက် တော်တော်လေး ပြဿနာများမှာ။ အဲ့ဒါကြောင့်မလို့ ကုသစရိတ်ကလည်း မနည်းလောက်ဘူး.."

လိင်ထုံးက သိုလှောင်အိတ်တစ်ခုကို ထုတ်ကာ ပြော၏။

"ဒီထဲမှာ ဒီဗိုင်းအဆင့် စိတ်ဝိဉာဉ်ဆေးပင် ၅၀ပါတယ်.."

စုလင်းရှုံက ခေါင်းကိုရမ်းသည်။

"အဲ့ဒါက စိတ်ဝိဉာဉ်ဆေးပင်တွေ အကြောင်းကို ပြောနေတာ မဟုတ်ဘူး။ ပြီးတော့ ဒီဗိုင်းအဆင့် စိတ်ဝိဉာဉ်ဆေးပင် ၅၀ကလည်း ဒီလူတွေရဲ့ ဒဏ်ရာတွေအတွက် ကုသစရိတ်ကို မလောက်ငှနိုင်ဘူး.."

လိင်ထုံးက ဒေါသထွက်ခြင်း မရှိပါ။ မျက်ခုံးပင့်စွာပြော၏။

"မိန်းကလေး... ကျေးဇူးပြုပြီး တန်ကြေးကိုပြောပါ.."

"ကောင်းပြီ ကောင်းပြီ... ခဏစောင့်.."

စုလင်းရှုံသည် ဖန်းဟောင်ဆီသို့ လျှင်မြန်စွာ သွားရှာ၏။လိင်ယွင်တောင်စံအိမ်မှ စွမ်းအားကြီးပုဂ္ဂိုလ်က ကုသစရိတ်ကို ပေးမည်ဖြစ်ရာ မိုးပျံသင်္ဘောအား ပြုလုပ်ရန်အတွက် လိုအပ်သည့် ရှားပါးအရင်းအမြစ်များကို တောင်းယူရန် အခွင့်အရေးကောင်း ဖြစ်သည်။

"ဂျူနီယာမောင်လေး... နင်လိုအပ်တဲ့ ပစ္စည်းစာရင်းကို မြန်မြန်လေးလုပ်လိုက်။ လိင်ယွင်တောင်စံအိမ်က အရမ်းချမ်းသာတယ်။ သူတို့ မတတ်နိုင်မှာကို စိုးရိမ်စရာ မရှိဘူး.."

ထိုစကားကိုကြားရပြီးနောက် ဖန်းဟောင်မှာ ချက်ချင်းပင် တက်ကြွလာခဲ့သည်။ အလွန်ရှားပါးသည့် ကုန်ကြမ်းများကို စတင်စာရင်းလုပ်၏။

"ဆရာရဲ့ မိုးပျံသင်္ဘောက အလွယ်တကူ လုပ်လို့မရဘူး။ ကြည့်လိုက်တာနဲ့ ထည်ဝါနေရမယ်။ လိင်ယွင်တောင်စံအိမ်မှာ အထူးသီးသန့် ခရမ်းရောင်မိုးကြိုးသံ ရှိတယ်။ အဲ့ဒါက ငါလိုအပ်နေတဲ့အရာပဲ.."

"အဲ့ဒီ့ ခရမ်းရောင်မိုးကြိုးသံနဲ့ဆိုရင် မိုးပျံသင်္ဘောကို ဆောက်လုပ်ပြီးတဲ့အခါမှာ သင်္ဘောရဲ့ တစ်ဝိုက်မှာခရမ်းရောင်မိုးကြိုးတွေ ရစ်ဝဲနေလိမ့်မယ်။ ကြည့်ရတာ အရမ်းကိုထည်ဝါလွန်းမှာ..."

ဖန်းဟောင်သည် လိုအပ်နေသည့် ကုန်ကြမ်းများကို ရေးချ၏။ သင်္ဘောကို ပြုလုပ်ချိန်၌ ကျရှုံးနိုင်ချေကို တွက်ဆကာ ကုန်ကြမ်းများကို နှစ်စုံစာအတွက် တောင်းလိုက်သည်။

စာရင်းကို ရရှိပြီးနောက် စုလင်းရှုံက ဒီဗိုင်းအဆင့် စိတ်ဝိဉာဉ်ဆေးပင်အချို့ကို ထပ်ပေါင်း၏။ ပြီးနောက် လိင်ထုံးကို ပေးသည်။

"ဒါက ကုသစရိတ်ပါ... အဲ့ဒါကို ပေးဆောင်ပြီးပြီဆိုရင် ကုသမှု စတင်လို့ရပြီ.."

လိင်ထုံးက စာရင်းကိုကြည့်ကာ မည်သည်မှ မပြောပေ။ လိင်ယွင်တောင်စံအိမ်၏ ချမ်းသာကြွယ်ဝမှုကြောင့် တစ်ဖက်လူသည် ကုသစရိတ်ကို မြှင့်တင်ကောက်ခံခြင်းဖြစ်ကြောင်းအား သိသာပါသည်။

"မိန်းကလေး... ဒီကုသစရိတ်က..."

ဖန်ခိုင်ဆန်းမှာ တိတ်တဆိတ် ဒေါသထွက်သွား၏။ သူက ဝင်ရောက်ပြောကြားတော့မည့် အချိန်၌ လိင်ထုံးက လက်ကိုမြှောက်ကာ တားသည်။ လေးနက်စွာ ပြော၏။

"ကုသစရိတ်က ပြဿနာမရှိဘူး... ဒါပေမယ့် မေးလို့ရမလား မိန်းကလေး... နင် သူတို့ဒဏ်ရာတွေကို တကယ်ပဲကုသပေးနိုင်တာလား.."

"ဒါပေါ့.."

စုလင်းရှုံက ခေါင်းငြိမ့်သည်။

"တကယ်လို့ ကုသစရိတ်ကိုလက်ခံပြီးမှ ကုမပေးနိုင်ရင်ရော.."

လိင်ထုံးက လေးနက်စွာမေး၏။

"ကုသလို့မရရင် လျော်ကြေးပြန်ပြီး ပေးမယ်.."

စုလင်းရှုံက မျက်ခုံးများကိုမြှင့်ကာ ရဲတင်းစွာပြော၏။

"ကောင်းတယ်.."

လိင်ထုံးက ကျေနပ်စွာ ခေါင်းငြိမ့်သည်။ ဖန်ခိုင်ဆန်းကို စာရင်းအားပေးလိုက်၏။

"ဒီကုသစရိတ်ကို နှစ်ဆပြင်ပေးလိုက်... ငါလိင်ထုံးက နှစ်ဆပေးမယ်ဆိုရင် သေချာပေါက် စကားကိုတည်တယ်.."

"ကောင်းပါပြီ.."

ဖန်ခိုင်ဆန်းမှာ ကုသစရိတ်စာရင်းနှင့်အတူ လျှင်မြန်စွာထွက်ခွာသွား၏။

"ကျေးဇူးပြုပြီးထိုင်ပါဦး လူကြီးမင်းတို့... ကုသစရိတ်ကို ရတာနဲ့ ကုသမှုကို ချက်ချင်းစတင်ပါမယ်.."

စုလင်းရှုံမှာ အပြုံးတို့ဖြင့် ဝေဆာနေ၏။ လိင်ယွင်တောင်စံအိမ်မှာ အမှန်တကယ်ကို ချမ်းသာကြွယ်ဝလှပါသည်။

လိင်ထုံးက ခေါင်းငြိမ့်ကာ ချန်ချင်းစံအိမ်၏ လူနာစောင့်ခန်းမအတွင်းရှိ ထိုင်ခုံတစ်ခု၌ ဒဏ်ရာရရှိသည့် လူနာများနှင့်အတူ ထိုင်၏။

သူသည် ဒေါသထွက်ခြင်း မရှိသလို ပြဿနာရှာမည့် ပုံစံလည်း မရပေ။ အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းများ၏ မောက်မာမှုကိုပင် ပြသခြင်းမရှိပါ။

All Chapters