← Chapters

အခန်း (၅၆၇-၅၆၈)

Vol. 38 Ch. 567-568

အခန်း (၅၆၇-၅၆၈)

Vol. 38 Ch. 567-568

အပိုင်း ၅၆၇ - ချမ်းသာပြီးကြီးစိုးသည့် လိင်ယွင်တောင်စံအိမ်(၂)

ဤသည်ကို တွေ့ရပြီးနောက် ယွဲ့ချန်မင်က ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမများကို ဆက်လက်လေ့လာ၏။ သို့ရာတွင် ချိုင်လင်းအာမှာ အနည်းငယ်စိုးရိမ်နေပါသည်။ စုလင်းရှုံဆီသို့ ကပ်လာကာပြော၏။

"ညီမလေးလင်းရှုံ... လိင်ထုံးက လိင်ယွင်တောင်စံအိမ်ရဲ့ ပဥ္စမမြောက် အကြီးအကဲပဲ။ ဒီဗိုင်းကိရိယာ ကိုင်ဆောင်သူလည်း ဖြစ်တယ်။ သူ့ရဲ့ ခရမ်းရောင်မိုးကြိုးကောင်းကင်တူက အရမ်းစွမ်းအားကြီးတယ်.."

"အခုလို ဒီလောက်များတဲ့ တောင်းခံမှုကို ဒီတိုင်းလက်ခံခဲ့တာ သူ့မှာ မကောင်းတဲ့ အကြံအစည်တစ်ခုခု ရှိမယ်ထင်တယ်.."

စုလင်းရှုံက အသာပြုံးကာ ပြော၏။

"ဒီဒဏ်ရာတွေနဲ့ ပတ်သက်ပြီးတော့ သူတို့အားလုံးကို ကျွန်မကုသပေးနိုင်တယ်။ အဲ့ဒါကြောင့်မလို့ ဘယ်လိုလှည့်ကွက်ကိုသုံးသုံး ဂရုမစိုက်ဘူး။ တကယ်လို့ ယုတ်ယုတ်မာမာ ကြံစည်လာရင်တောင်မှ ဂရုစိုက်စရာမလိုဘူး.."

"ဆရာ ပြောဖူးတယ်။ ဘယ်လိုလှည့်ကွက်တွေပဲ ဖြစ်ဖြစ် အကြွင်းမဲ့ခွန်အားကို ရင်ဆိုင်ရတဲ့အချိန်မှာ သေးသိမ်သွားရတယ်တဲ့။ ကျွန်မတို့တွေ တစ်ခါတည်း ဖျက်ဆီးပစ်လိုက်လို့ရတယ်.."

"ဒီမှာ ဆရာရှိနေတဲ့ဟာကို သူတို့တွေ တိုက်ခိုက်လိုရင် ပိုပြီးတော့ ကြီးကြီးမားမား အရှုံးပေါ်လိမ့်မယ်.."

ချိုင်လင်းအာမှာ အံ့သြသွား၏။ ကုလားထိုင်ပေါ်တွင် ဂရုမစိုက်စွာ ထိုင်နေသည့် ပုဂ္ဂိုလ်ကိုကြည့်ကာ သူမ၏စိုးရိမ်မှုတို့ ပျောက်ကွယ်သွားခဲ့သည်။

ဟုတ်ပါသည်။ ဒီလျှို့ဝှက်ဆန်းကြယ်သည့် အကြီးအကဲနှင့် မည်သည့်အကြံအစည်မဆို၊ မည်သည့်လှည့်ကွက်မဆို အလွန် သေးသိမ်လွန်းနေမှာ ဖြစ်၏။

လိင်ယွင်တောင်စံအိမ်၏ ခွန်အားသည်လည်း ဘာမှဟုတ်မည် မဟုတ်ပေ။ သူမတို့ကဲ့သို့ အားနည်းသည့်လူများကိုသာ ခြောက်လှန့်နိုင်၏။

လီရွှမ်က လိင်ထုံးတို့လူစုကို ကြည့်ကာ နှလုံးသားထဲတွင် ပြုံးသည်။

"အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းတစ်ခုတောင်မှ ဒီလို လက်သီးပုန်း လှည့်ကွက်တွေကို သုံးတာလား.."

သူသည် လိင်ထုံး၏ ရည်ရွယ်ချက်ကို အကြမ်းဖျင်းခန့်မှန်းပြီးဖြစ်၏။ စုလင်းရှုံက ဒဏ်ရာများကို ကုသပြီးချိန်၌ ဒဏ်ရာရရှိသူများမှာ လျှင်မြန်စွာ သေဆုံးကြမှာဖြစ်သည်။ ပြီးနောက် သူမကို အပြစ်တင်မည် ဖြစ်၏။ လျော်ကြေးအနေနှင့်တော့ ၄င်းကို လိင်ယွင်တောင်စံအိမ်က ဆုံးဖြတ်မှာ ဖြစ်သည်။

လိင်ယွင်တောင်စံအိမ်သည် သူ့ကို တစ်ခါတည်း လာရောက် ခြိမ်းခြောက်လာခဲ့၏။ သူသည် အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းများ၏ စွမ်းအားကို တွေးဆကာ သူတို့ကို အနည်းငယ် မြင့်မြင့်မားမား တွေးထားခဲ့သည်။ သို့ပေမယ့် အဆုံးသတ်တွင် ယခုကဲ့သို့သော လှည့်ကွက်မျိုးကို သုံးလာသည်လား။ သို့ပေမယ့် အတိအကျ ပြောရန်မှာတော့ စောလွန်းနေပါသေးသည်။

တစ်ရက်အကြာ၌ ဖန်ခိုင်ဆန်း ပြန်လာခဲ့၏။ ကုသစရိတ်တို့ကို စုလင်းရှုံအားပေးသည်။

"ကုသမှုကို စတင်လို့ရပြီလား မသိဘူး.."

လိင်ထုံးက တိတ်ဆိတ်စွာ ကြည့်နေ၏။

"ဒါပေါ့... အဲ့ဒါက ပြဿနာသေးလေးပါ.."

စုလင်းရှုံနှင့် ယွဲ့အာတို့သည် လုပ်ငန်းကို စတင်ခဲ့ကြ၏။ ဒီလူများ၏ ဒဏ်ရာများကို ကုသရာတွင် သူမတို့သည် ဒန်ဆေးလုံးများကို အသုံးပြုကာ လျှင်မြန်စွာ ဖြေရှင်းလိုက်ခြင်း မရှိပါ။ အဲ့ဒီ့အစား စုလင်းရှုံက သူမ၏ဆေးပညာကို ကိုယ်တိုင်အသုံးပြုကာ ကုသ၏။

တစ်ယောက်ချင်းစီတိုင်းကို ကုသမှုအပြီးတွင် သူမ၏ ဒန်ဆေးသိုင်းပညာကျမ်းအပေါ် နားလည်မှုနှင့် ကျွမ်းကျင်မှုလည်း တိုးတက်လာခဲ့သည်။

ဒီတစ်ကြိမ်တွင် စုလင်းရှုံသည် လူတိုင်းကို တစ်နေ့လုံး ကုသပေးခဲ့ရာ နောက်ဆုံးတွင် သူမ၏မျက်နှာ၌ ပင်ပန်းမှုတို့ ပေါ်လာခဲ့၏။

"ပြီးပြီ... သူတို့အားလုံး ပျောက်သွားပြီ.."

လိင်ထုံးနှင့် အခြားစွမ်းအားကြီးပုဂ္ဂိုလ်များမှာ တိတ်ဆိတ်စွာ ကြည့်နေကြ၏။ သို့ပေမယ့် သူတို့၏ နှလုံးသားထဲတွင် ကြီးစွာအံ့ဩနေပါသည်။

ယခုကဲ့သို့သော ဒဏ်ရာများကို လျှင်မြန်စွာ ကုသနိုင်သည်မှာ မည်ကဲ့သို့သော အံ့သြစရာကောင်းသည့် ဆေးပညာဖြစ်သနည်း။ ဤသည်မှာ သေးငယ်သည့် ဒဏ်ရာများ မဟုတ်ပေ။ အခြေခံမှာ ပြင်းထန်စွာ ထိခိုက်ထားပြီးဖြစ်၏။ မည်သည့် သိုင်းသမားအတွက် မဆို ကြီးမားသည့် ထိုးနှက်မှုဖြစ်သည်။

သို့ပေမယ့် တစ်ရက်မျှသော အချိန်တိုလေးအတွင်းတွင် သူတို့အားလုံးကို ကုသပြီးခဲ့၏။

"မိန်းကလေး... သူတို့တွေအားလုံး လုံးဝပျောက်ကင်းသွားပြီဆိုတာ သေချာရဲ့လား... ဘာဘေးထွက်ဆိုးကျိုးမှ မရှိပါဘူးနော်.."

လိင်ထုံးက လေးနက်စွာမေးသည်။

"ပွဲလာတော့မှာလား..."

ယခုအချိန်၌ ယွဲ့ချန်မင်သည် အချိန်မရွေး လှုပ်ရှားမှုပြုနိုင်ရန် တိတ်ဆိတ်စွာ ပြင်ဆင်နေ၏။ လိင်ထုံးမှာ အမှန်တကယ်ကို သန်မာပါသည်။ သို့ပေမယ့် သူ့ထက်တော့ တော်တော်လေး အားနည်းသေး၏။

ဒီရက်များအတွင်းတွင် သူ၏ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမအပေါ် နားလည်မှုမှာ ကြီးစွာတိုးတက်လာခဲ့ပြီး သူစုစည်းခဲ့သည့် နိယာမသည် ပိုမိုကာ စွမ်းအားကြီးလာခဲ့သည်။

စုလင်းရှုံက ပြုံးလျှက်နှင့်ပင် ပြော၏။

"ဒါပေါ့...

သူတို့တွေ လုံးဝပျောက်ကင်းသွားပြီ။ မယုံဘူးဆိုရင် ဒီမှာပဲ စစ်ဆေးကြည့်လို့ရတယ်။ သူတို့ခွန်အားတွေ တကယ် ပြန်ရလာပြီလားဆိုတာကို ကြည့်တာပေါ့။ ဒါပေမယ့် ကျွန်မတစ်ခါတည်း ပြောထားချင်တာက ချန်ချင်းစံအိမ်ကနေ ထွက်ခွာပြီးပြီဆိုရင် နောက်ပိုင်းကျမှ ဒဏ်ရာတွေ မပျောက်သေးဘူးလို့ လာပြောတဲ့အခါ အဲ့လိုစကားမျိုးကို ကျွန်မအသိအမှတ်ပြုမှာ မဟုတ်ဘူး.."

"ဘာပဲဖြစ်ဖြစ် ဒီကနေထွက်သွားပြီးရင် သူတို့တွေ ဘာဖြစ်မယ်ဆိုတာကို ဘယ်သူမှ မသိနိုင်ဘူးလေ.."

ခဏတာစဉ်းစားပြီးနောက် လိင်ထုံးက ခေါင်းငြိမ့်သည်။

"မိန်းကလေးပြောတာ မှန်ပါတယ်... ကျွန်တော်ကလည်း သူတို့ဒဏ်ရာတွေ အရှင်းမပျောက်ကင်းမှာကို စိုးရိမ်သွားတာပါ။ ဘာပဲဖြစ်ဖြစ် ဒီလို အံ့သြစရာကောင်းတဲ့ ကုသမှုနည်းလမ်းက တစ်ခါမှ မကြားဖူးဘူးလေ။ သူတို့ရဲ့ပျောက်ကင်းမှုကို ပိုသေချာစေဖို့အတွက် ကျွန်တော်တို့တွေ ဒီမှာ ခဏလောက်နေပြီး စောင့်ကြည့်ရင်ရော ဘယ်လိုထင်လဲ မိန်းကလေး.."

"ဒါပေမယ့် လိင်ယွင်တောင်စံအိမ်က နောက်ဆက်တွဲစောင့်ကြည့်မှုနဲ့ ကုသမှုအတွက် ကုန်ကျစရိတ်တွေကို ပေးမှာပါ.."

စုလင်းရှုံမှာ မှင်သက်သွား၏။ သူမသည် လိင်ထုံးကို စောင့်ကြည့်ရန်ဟူ၍ နေခွင့်တောင်းမည်ဟု ထင်မထားခဲ့ပေ။

လီရွှမ်မှာလည်း ဤသည်ကို အံ့သြသွား၏။ ဒီနေရာတွင် နေမည်လား။

ခဏတာ ထပ်မံစဉ်းစားပြီးနောက် သူသည် လိင်ယွင်တောင်စံအိမ်၏ ရည်ရွယ်ချက်ကို စတင်နားလည်လာခဲ့သည်။ သူတို့သည် ချန်ချင်းစံအိမ်ကို စူးစမ်းကာ လျှို့ဝှက်ဆန်းကြယ်သည့် ဒန်ဆေးသိုင်းပညာကို ခိုးယူရန်ပင် ရည်ရွယ်ထားကြသည်။

ထို့အပြင် ဒီနေရာသို့ လာရောက်ကုသမည့် မျိုးဆက်စုံမဟာမိတ်အဖွဲ့မှ အဖွဲ့သားများကိုလည်း တားဆီးမည်ဖြစ်၏။

"အဲ့လိုလည်း မဖြစ်နိုင်တာတော့ မဟုတ်ဘူး... ဒါပေမယ့် နောက်ဆက်တွဲ စောင့်ကြည့်မှုနဲ့ ကုသမှုစရိတ်က..."

စုလင်းရှုံက ပြုံးသည်။

"တစ်ရက်မှာ ဒီဗိုင်းအဆင့် စိတ်ဝိဉာဉ်ဆေးပင် တစ်ခု.."

လိင်ထုံးက ညှို့မှိုင်းသည့်အသွင်ဖြင့် ပြော၏။

"သဘောတူတယ်.."

တစ်ယောက်ယောက်က သူမဆီသို့ ဒီဗိုင်းအဆင့်စိတ်ဝိဉာဉ်ဆေးပင်တို့ကို ယူဆောင်လာရာ စုလင်းရှုံအနေနှင့် ငြင်းဆန်ခြင်း မရှိပေ။ သူမသည် ချက်ချင်းလက်ခံခဲ့၏။

ထိုကဲ့သို့သော မြန်ဆန်သည့် သဘောတူညီမှုက လိင်ထုံးကို အနည်းငယ် ကြောင်တောင်သွားစေသည်။

"ကျုရှင်ကျန့်... လူနာတွေအတွက် စောင့်ကြည့်ခန်းမ တစ်ခုကို မြန်မြန်လေး တည်ဆောက်လိုက်.."

စုလင်းရှုံက ကျုရှင်ကျန့်ကို ညွှန်ကြားသည်။

"ကောင်းပြီ... ပြဿနာမရှိဘူး.."

ကျုရှင်ကျန့်သည် ယခုအချိန်၌ ခန်းမများ ဆောက်လုပ်မှုနှင့်ပတ်သက်ပြီး အလွန်အကျွမ်းဝင်နေပြီ ဖြစ်၏။

ချက်ချင်းပင် စတင်လုပ်ဆောင်မှုပြုကာ စံအိမ်အတွင်းရှိ ဗလာကျင်းလင်း မြေကွက်လပ်တစ်ခု၌ ခန်းမတစ်ခုကို လျှင်မြန်စွာ ဆောက်လုပ်သည်။

"အဲ့လိုဆိုရင် ကျွန်တော် ပြန်ပါဦးမယ် မိန်းကလေး... နောက်ထပ် ရက်အနည်းငယ်အတွင်းမှာ ပြန်လာခဲ့ပါမယ်.."

ထိုပုံကိုတွေ့ရပြီးနောက် လိင်ထုံးက လေးစားစွာဖြင့် ဦးညွှတ်ပြီး ပြောသည်။ ဖန်ခိုင်ဆန်းက စုလင်းရှုံကို သိုလှောင်အိတ်တစ်ခုအား ပေးပြီး ပြော၏။

"ဒီထဲမှာ ဒီဗိုင်းအဆင့် စိတ်ဝိဉာဉ်ဆေးပင်၃၀ ရှိတယ်။ ကောင်းကောင်းသိမ်းထားပါ မိန်းကလေး.."

"ဂရုစိုက်ပါ.. နောက်မှတွေ့မယ်.."

စုလင်းရှုံက စိတ်လှုပ်ရှားစွာဖြင့် လက်ခံ၏။ ဒီဗိုင်းအဆင့် စိတ်ဝိဉာဉ်ဆေးပင်၃၀မှာ သူတို့သည် ချန်ချင်းစံအိမ်၌ တစ်လကြာအောင်နေမည်ဟု ဆိုလို၏။

"မိန်းကလေးစု... ခန်းမကို ဆောက်ပြီးပါပြီ.."

ကျုရှင်ကျန့်က လျှင်မြန်စွာ ရောက်ရှိလာခဲ့သည်။

"ဂုဏ်သရေရှိ ဧည့်သည်တို့... ကျေးဇူးပြုပြီး နေရာချလို့ရပါပြီ.."

စုလင်းရှုံက အသစ်ဆောက်လုပ်ထားသည့် အဆောက်အအုံအား ညွှန်ပြသည်။

"ဧည့်ခံပေးမှုအတွက် ကျေးဇူးတင်ပါတယ်.."

လိင်ယွင်တောင်စံအိမ်မှ သိုင်းသမားများက သူမကို လေးစားစွာ ကျေးဇူးတင်၏။ သူတို့သည် အဆောက်အအုံ၏ တည်နေရာနှင့် ပတ်သက်ပြီး အလွန်ကျေနပ်သွားကြသည်။ ချန်ချင်းစံအိမ်၏ ဂိတ်တံခါးအနီးတွင်ရှိရာ သူတို့အတွက် စူးစမ်းမှုပြုရန် အဆင်ပြေ၏။

ဒဏ်ရာရရှိသူများ အတွင်းတွင် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ လင်းကျီကို စုစည်းထားသည့် ပုဂ္ဂိုလ်သည် မျိုးဆက်စုံမဟာမိတ်အဖွဲ့မှ စွမ်းအားကြီးပုဂ္ဂိုလ် အများစုကို ရင်ဆိုင်နိုင်စွမ်းရှိ၏။

"သူတို့ကို ဘာလို့ နေခိုင်းတာလဲ.."

ချိုင်လင်းအာက သိလိုစွာမေးသည်။

"တစ်ရက်မှာ ဒီဗိုင်းအဆင့် စိတ်ဝိဉာဉ်ဆေးပင် တစ်ပင်လေ... ဒီလောက်ကောင်းတဲ့ အလဲအလှယ်ကို ဘယ်နေရာမှာ ရှာတွေ့နိုင်မှာလဲ.."

စုလင်းရှုံက ရယ်၏။

ထိုဒီဗိုင်းအဆင့် ဆေးပင်များနှင့် ဒန်ဆေးလုံးများ၏ အဆင့်ကို နောက်ထပ်တစ်ဆင့် မြှင့်တင်နိုင်ပေပြီ။

"ဂျူနီယာမောင်လေး... အခင်းအကျင်းတစ်ခုကို တည်ဆောက်ရအောင်.."

သူမသည် ဖန်းဟောင်ကိုရှာကာ အပြုံးတစ်ခုဖြင့်ပြော၏။

"ပြဿနာမရှိဘူး... ဒါပေမယ့် သူတို့ထဲက တစ်ယောက်က တော်တော်လေး စွမ်းအားကြီးတယ်။ သူ့ဆီကနေ ဖုံးကွယ်ထားနိုင်မှာ မဟုတ်လောက်ဘူး.."

ဖန်းဟောင်က ခေါင်းငြိမ့်သည်။ သို့ရာတွင် လိင်ယွင်တောင်စံအိမ်ရှိ ဒဏ်ရာရရှိသူများ အကြားတွင် သူ၏ လက်ရှိခွန်အားနှင့် ခင်းကျင်းထားသည့် အခင်းအကျင်း၏ ဖုံးကွယ်နိုင်မှုကို ထိုးဖောက်နိုင်သည့် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ဦး ရှိ၏။

"ကိစ္စမရှိဘူး... ဆရာရှိတာပဲ"

စုလင်းရှုံက လီရွှမ်ဆီသို့ အပြေးသွားကာ ဆရာဖြစ်သူ၏ ပုခုံးကို နှိပ်ပေးရင်းက ပြော၏။

"ဆရာ... အဲ့ဒီ့လူကို မျက်လုံးနဲ့နားကန်းအောင် လုပ်လိုက်ပါလား။ အဲ့ဒါဆိုရင် ဂျူနီယာမောင်လေးရဲ့ အခင်းအကျင်းကို သူမြင်တွေ့နိုင်မှာ မဟုတ်ဘူး.."

"ကောင်းပြီ.."

လီရွှမ်မှာ ပြောစရာစကား မဲ့နေ၏။

ဖန်းဟောင်က အခင်းအကျင်းကို တည်ဆောက်ပြီးနောက် လိင်ယွင်တောင်စံအိမ်ရှိ သူများသည် သူတို့ကိုယ်သူတို့ အတွင်းထဲ၌ လွှမ်းခြုံခြင်းခံရပြီ ဖြစ်ကြောင်းကို နားမလည်ကြပေ။ ချန်ချင်းစံအိမ်၏ အရာအားလုံးကို စောင့်ကြည့်နေသည်ဟုသာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ကြ၏။

ခန်းမအတွင်းမှထွက်ကာ ချန်ချင်းစံအိမ်အတွင်းသို့ ဝင်ရောက်ပြီး လျှို့ဝှက်ချက်တို့ကို ရှာဖွေမှုတို့ ပြုခဲ့ပင်လျှင်သူတို့သည် အခန်းအတွင်း၌သာ လှည့်လည်လျှောက်သွားနေခြင်း ဖြစ်ကြောင်းကို နားမလည်ကြပေ။

ပြောဆိုနေကြသည့် အဖြစ်အပျက်များမှာလည်း တစ်ယောက်တည်း ရေရွတ်နေခြင်းသာ ဖြစ်၏။

"ဖန်းဟောင်ရဲ့ အခင်းအကျင်းနဲ့ ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ အံ့ဖွယ်တွေက တော်တော်လေး တိုးတက်လာတာပဲ.."

လီရွှမ်မှာ ဝမ်းသာသွားသည်။

၃ရက်ကြာပြီးနောက် လိင်ထုံး ပြန်လာခဲ့၏။ သူသည် ဒဏ်ရာရရှိသူများဆီသို့ လာရောက်လည်ပတ်ခြင်းဖြစ်သည်ဟု အကြောင်းပြချက် ပေးသည်။

သို့ရာတွင် အခင်းအကျင်း၏ တည်ရှိမှုကိုမပြောနှင့် မည်သည့် ထူးခြားသည့်အရာကိုမှ မတွေ့ခဲ့ရပေ။ ဒဏ်ရာရရှိသူများနှင့် တိတ်တဆိတ် စကားပြောပြီးနောက်တွင် အဖိုးတန်သည့် အချက်အလက်အချို့ကို ရရှိခဲ့ပြီဟု ထင်သွား၏။

သူ မသိသည်မှာ ချန်ချင်းစံအိမ် အတွင်းသို့ စတင် ခြေချလိုက်သည်နှင့် သူသည် လီရွှမ်၏ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ အံ့ဖွယ်အခင်းအကျင်းအတွင်းသို့ ဝင်ရောက်ခဲ့ပြီ ဖြစ်၏။ သူမြင်သမျှ၊ ကြားသမျှအားလုံးသည် ပုံရိပ်ယောင်များသာ ဖြစ်သည်။

လီရွှမ်၏ လက်ရှိခွန်အားနှင့် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမအပေါ် နားလည်မှုတို့ကြောင့် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက် ဖြစ်သည့် လိင်ထုံးပင်လျှင် သူ၏ အခင်းအကျင်းကို အာရုံခံနိုင်ခြင်းမရှိပေ။

ဘာပဲဖြစ်ဖြစ် စိတ်ဝိဉာဉ်နယ်မြေတွင် အခင်းအကျင်းနှင့် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ အံ့ဖွယ်များသည် မကြားစဖူး ဖြစ်၏။ ထို့ကြောင့် သတိကြီးမားစွာ ထားခြင်းမရှိရာ တမင်ရှာကြည့်မှုမျိုးလည်း မလုပ်ကြပေ။

နောက်ထပ် ၃ရက်အကြာ၌ လိင်ထုံးသည် ထပ်မံရောက်ရှိလာပြန်၏။ ဒဏ်ရာရရှိသူများကို သတင်းမေးကာ စုလင်းရှုံကို ချီးကျူးမှုပြုပြီးနောက် ကျေနပ်စွာ ထွက်ခွာသွားသည်။

သို့ပေမယ့် ယွဲ့ချန်မင်နှင့် ချိုင်လင်းအာတို့၏ မျက်လုံးထဲတွင် အလွန်ထူးဆန်းလာခဲ့၏။ လိင်ထုံးသည် မည်သည်တို့ မှားယွင်းနေသနည်း။ ရံဖန်ရံခါတွင် ကိုယ့်ကိုယ်ကိုယ်ရေရွတ်ကာ ကျေးဇူးတင်စကားများကို ပြောသည်။လက်ခုပ်တီးကာပင် အသံပြုလေ့ရှိပြီး ကြည့်ရသည်မှာ စိတ်လှုပ်ရှားစရာကောင်းသည့် သတင်းတစ်ခုခုကို ကြားခဲ့ဟန်ရှိသည်။

မသိသည့်လူသာဆိုပါက လိင်ထုံးကို ရူးနေပြီဟု ထင်မိကြမှာဖြစ်သည်။

"လိင်ထုံးလို စွမ်းအားကြီးပုဂ္ဂိုလ် တစ်ယောက်တောင် ဒီအဆင့်အထိ ထိန်းချုပ်ခံရတာလား.."

ချိုင်လင်းအာမှာ သက်ပြင်းချမိသည်။

"ငါ ၉ခုမြောက်စာမျက်နှာကို မှတ်သားလို့ ပြီးခါနီးပြီ.."

လီရွှမ်မှာ စိတ်လှုပ်ရှားလာခဲ့၏။ သူသည် ထိုက်ချန်းစာအုပ်၏ ၉ခုမြောက်စာမျက်နှာအား ပြီးပြည့်စုံစွာ မှတ်သားနိုင်ပေတော့မည်။

သူ၏ ဝိဉာဉ်အခြေပေါ်တွင် တာအိုရွှေစာအုပ်က ပွင့်လာပြီး ရွှေရောင်အလင်းတို့ ထွက်ပေါ်လာ၏။

"သင်၏တပည့် ရွှီယန်သည် မူလဒီဗိုင်းအဆင့်သို့ ချိုးဖျက်သွားခဲ့သည်။ သင်၏ မူလဒီဗိုင်းစွမ်းအင်သည် အဆ၁၀၀ ကြီးထွားလာခဲ့သည်.."

လီရွှမ်မှာ ဝမ်းသာသွားသည်။ ရွှီယန်မှာ မူလဒီဗိုင်းအဆင့်သို့ ချိုးဖျက်ခဲ့ပြီး သူ၏မူလဒီဗိုင်းသည် အဆ၁၀၀အထိ ကြီးမားလာခဲ့သည်။ စွမ်းအားမှာ နောက်ထပ်တစ်ကြိမ် မြင့်တက်လာခဲ့၏။ ဒီဗိုင်းဆန်းကြယ် စွမ်းအားများ၏ အဖျက်စွမ်းအားသည် ပိုမို ကြောက်စရာကောင်းလာမှာ ဖြစ်သည်။

ခွန်အားတိုးတက်ခြင်း၏ ခံစားချက်သည် အလွန်ကောင်းမွန်လှပြီး ဆက်တိုက် တိုးတက်ခြင်းသည် ပိုမိုကာပင် ဝမ်းသာဖို့ကောင်းလှသည်။

"မူလဒီဗိုင်းအဆင့်... အဲ့ဒါဆိုရင် ဒီဗိုင်းဆန်းကြယ်စွမ်းအားအဆင့်လည်း မဝေးလောက်တော့ဘူး.."

လီရွှမ်သည် သူ၏ အကြီးဆုံးတပည့်အတွက် မြင့်မားသည့် မျှော်လင့်ချက်တို့ ရှိနေ၏။

အပိုင်း ၅၆၈ - တောင်နှင့်မြစ်ဒီဗိုင်းခန္ဓာ၊ အသက်ဓာက်လောင်ကျွမ်းခြင်း သတ်ဖြတ်ခြင်းဆန္ဒ

လီရွှမ်သည် ထိန်းချုပ်နိုင်ခြင်း မရှိစွာ မြင့်တက်လာသည့် စိတ်လှုပ်ရှားမှု တစ်ခုကို ခံစားလိုက်ရ၏။ ရွှီယန်၏ မြန်ဆန်လှသည့် အခြေခံ စုဆောင်းမှုနှင့် မူလဒီဗိုင်းအဆင့်သို့ တစ်ဆက်တည်း ချိုးဖျက်နိုင်မှုတို့သည် သူ၏ အနှိုင်းမဲ့သည့် လမ်းစဉ်နှင့် လုံးဝဆက်နွယ်နေ၏။

"ရွှီယန်ရဲ့ ဒီအဆင့်ချိုးဖျက်မှုနဲ့ဆိုရင် တကယ်လို့မတော်တဆ ကိစ္စရပ်တွေကိုသာ မကြုံတွေ့ရရင် ဒီဗိုင်းခန္ဓာတစ်ခုအဖြစ် ပြောင်းလဲနိုင်လောက်မှာ မလား.."

ဒီဗိုင်းဆန္ဒအဆင့်သို့ အဆင့်ချိုးဖျက်စဥ်တွင် ရွှီယန်သည် ဒီဗိုင်းအရိုး စိတ်ဝိဉာဉ်ခန္ဓာတစ်ခုအား ပိုင်ဆိုင်လာခဲ့၏။ ယခု မူလဒီဗိုင်းအဆင့်သို့ တက်ရောက်ချိန်၌ ထင်မှတ်မထားသည့် ကိစ္စများ ပေါ်မလာခဲ့လျှင် ဒီဗိုင်းခန္ဓာအား ရရှိနိုင်မည် ဖြစ်သည်။

ဤနည်းအားဖြင့် ဒီဗိုင်းအရိုးနှင့် ဒီဗိုင်းခန္ဓာတို့သည် ပြီးပြည့်စုံစွာ ပေါင်းစပ်သွားမှာ ဖြစ်၏။ သူ၏ပါရမီကို ပိုမိုမြင့်တက်လာစေပြီး အဆင့်တူများနှင့် နှိုင်းယှဉ်ပါက ပိုမိုစွမ်းအားကြီးလာမှာ ဖြစ်သည်။

"သင်၏တပည့် ရွှီယန်သည် တောင်နှင့်မြစ် ဒီဗိုင်းခန္ဓာအား ရရှိလာခဲ့သည်။ သင်သည် မူလတောင်နှင့်မြစ်ဒီဗိုင်းခန္ဓာအား ရရှိသည်.."

မူလတောင်နှင့်မြစ် ဒီဗိုင်းခန္ဓာကို ရရှိပြီးနောက် လီရွှမ်၏ ခွန်အားမှာ ထပ်မံ တိုးတက်လာခဲ့ပြန်၏။ သူသည်ခန္ဓာကိုယ်အတွင်း၌ တောင်နှင့်မြစ်တို့ တည်ရှိနေသည်ဟု ခံစားရပြီး သူ၏ သိုင်းပညာနိယာမများသည် တောင်နှင့်မြစ်၏ နိယာမများကဲ့သို့ ဖြစ်လာခဲ့သည်။

'ခွန်အားတိုးတက်လာတဲ့ ခံစားချက်က တကယ့်ကို အံ့သြဖို့ကောင်းတာပဲ..'

လီရွှမ်သည် စိတ်လှုပ်ရှားမှုတို့ဖြင့် ပျော်မြူးနေ၏။

"သင်၏တပည့် ရွှီယန်သည် နဂါးနိုင်လက်ဝါးသိုင်း၏ ၆ခုမြောက်အဆင့်ဖြစ်သည့် (အစစ်အမှန်နဂါးအသွင်)ကို နားလည်သဘောပေါက် လာခဲ့သည်။ သင်၏ နဂါးနိုင်လက်ဝါးသိုင်းသည် အဆင့်၆၏ အကြီးစား ပြီးပြည့်စုံမှုသို့ ရောက်ရှိသွားသည်.."

နဂါးနိုင်လက်ဝါးသိုင်းသည်လည်း အဆင့်တိုးမြင့်လာခဲ့၏။ နဂါးနိုင်လက်ဝါးသိုင်း၏ ၆ခုမြောက်အဆင့်သည် အစစ်အမှန် နဂါးအသွင်ဖြစ်သည်။ လက်ဝါးရိုက်ချက်တိုင်းသည် အစစ်အမှန် နဂါးတစ်ကောင်ကို အမိန့်ပေးနေသည့်နှယ် ရှိပြီး လက်ဝါးသဏ္ဍာန်စွမ်းအားသည် စစ်မှန်သည့် နဂါးတစ်ကောင်နှင့် ခွဲခြား၍ မရနိုင်လုနီးပါး ဖြစ်နေပါသည်။

'ငါ့ရဲ့ သိုင်းပညာ ရှေ့ဆောင်တစ်ယောက် တကယ့်ကို ပီသတယ်..'

လီရွှမ်သည် စိတ်လှုပ်ရှားစွာဖြင့် အသံပြု၏။

'ရွှီယန် မူလဒီဗိုင်းအဆင့်ကို ချိုးဖျက်ပြီးပြီ။ အဲ့ဒါကြောင့်မလို့ ဒီဗိုင်းအသွင်အဆင့်ရဲ့ ကျင့်စဉ်ကိုလည်း နားလည်သဘောပေါက်လာဖို့ မကြာလောက်တော့ဘူးမလား..'

သူသည် မျှော်လင့်မှုတို့ဖြင့် ပြည့်နက်နေ၏။ ဒီဗိုင်းအသွင်အဆင့်၏ ကျင့်စဉ်သည် ဉာဏ်အလင်းပွင့်ရန်အတွက် လွယ်ကူမှုရှိကာ လီရွှမ်တွင် ရွှီယန်အပေါ်၌ ယုံကြည်ချက်ရှိ၏။

သို့ပေမယ့် ဟင်းလင်းပြင်ချိုးဖျက်ခြင်း အဆင့်၏ ကျင့်စဉ်မှာတော့ များစွာ ပိုမိုခက်ခဲလေသည်။ ကြည့်ရသည်မှာ ရွှီယန်အနေနှင့် ဒီဗိုင်းဆန်းကြယ်စွမ်းအားအဆင့်သို့ ရောက်ရှိကာ သူ၏သိုင်းပညာ နားလည်သဘောပေါက်မှုတို့ တိုးတက်လာပြီးမှသာလျှင် ဟင်းလင်းပြင်ချိုးဖျက်ခြင်း အဆင့်၏ ကျင့်စဉ်ကို နားလည်သဘောပေါက် နိုင်ပေလိမ့်မည်။

ဒီတစ်ကြိမ်တွင် ရွှီယန်သည် အဆင့်ချိုးဖျက်ကာ ခွန်အားတို့ ကြီးစွာ မြင့်တက်လာခဲ့၏။ အထွတ်အထိပ် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားများပင်လျှင် သူ့ကို ခြိမ်းခြောက်နိုင်စွမ်း မရှိတော့ပေ။

ဟွမ်းလျန်ကဲ့သို့ အသန်မာဆုံး ပုဂ္ဂိုလ်တစ်ယောက်ပင်လျှင် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ လင်းကျီကို စုစည်းထားလျှင်တောင် ရွှီယန်ကို အနိုင်ယူနိုင်မည်မဟုတ်ပါ။

ရွှီယန်အနေနှင့် တစ်ဖက်လူကို အနိုင်ယူနိုင်ခြင်း မရှိလျှင်တောင် တစ်ဖက်လူကလည်း သူ့ကို အန္တရာယ်ပေးနိုင်မည်မဟုတ်ပေ။ ဤသည်မှာ မူလဒီဗိုင်းအဆင့်သို့ ချိုးဖျက်ခြင်းမှ ယူဆောင်လာသည့် ယုံကြည်ချက်ဖြစ်၏။

'ရွှီယန်ရဲ့ လက်ရှိခွန်အားနဲ့... စိတ်ဝိဉာဉ်ခန္ဓာကို ပိုင်ဆိုင်ထားတဲ့ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားသာ မဟုတ်ဘူးဆိုရင် ဘယ်သူမှ သူ့ရဲ့ပြိုင်ဖက်မဟုတ်နိုင်ဘူး..'

စိတ်ဝိဉာဉ်ခန္ဓာအား ပိုင်ဆိုင်ထားသည့် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်ပင်လျှင် ရွှီယန်ကို တိုက်ခိုက်လိုပါက အထွတ်အထိပ် စိတ်ဝိဉာဉ်သန့်စင်ခြင်း ကောင်းကင်လူသားအဆင့်သို့ ရောက်ရှိနေရပေလိမ့်မည်။

ဘာပဲဖြစ်ဖြစ် သိုင်းပညာပဲဖြစ်ဖြစ်၊ အခြေခံပဲဖြစ်ဖြစ် ရွှီယန်သည် လင်းနယ်မြေရှိ စိတ်ဝိဉာဉ်ခန္ဓာပိုင်ရှင် ပါရမီရှင်များထက် များစွာ ပိုမိုသာလွန်၏။

'မူလဒီဗိုင်းအဆင့်ကို ချိုးဖျက်ပြီးပြီဆိုတော့ အနှိုင်းမဲ့တဲ့လမ်းစဉ်ကို ဆက်ပြီးသုံးစရာ မလိုတော့ဘူး။ ရွှီယန်ပြီးရင် ဘာလုပ်မလဲမသိဘူး..'

လီရွှမ်မှာ သိလိုသွား၏။ လင်းနယ်မြေရှိ ဒေသ၁၈ခုတို့သည် ရွှီယန်အတွက် လှည့်လည်သွားလာရန် လုံလောက်မှုရှိပါသည်။ နေရာတိုင်းတွင် သိုင်းပညာယှဉ်ပြိုင်ပွဲများ ရှိနေပြီး ဤသည်က သူ၏သိုင်းပညာအပေါ် နားလည်သဘောပေါက်နိုင်မှုကို အကူအညီပေးမှာ ဖြစ်၏။

'လင်းနယ်မြေရဲ့ ပါရမီရှင်တွေအကြား ယှဉ်ပြိုင်ပွဲက အဖြေရှိနေပြီ... ရွှီယန်က နံပါတ်တစ်ပဲ..'

ပါရမီရှင်များအကြား ယှဉ်ပြိုင်ပွဲသည် ၁၀နှစ်ကြာမည်ဖြစ်၏။ နောက်ဆုံးတိုက်ပွဲများသို့ ရောက်ရှိချိန်၌ ရွှီယန်အနေနှင့် ဒီဗိုင်းဆန်းကြယ်စွမ်းအား အဆင့်သို့ ရောက်ရှိပြီးဖြစ်မည်ဟု ယူဆရသည်။

သူ့အနေနှင့် ဒီဗိုင်းဆန်းကြယ်စွမ်းအား အဆင့်သို့ မရောက်ရှိသေးလျှင်တောင် မူလဒီဗိုင်းအဆင့်၏ ပြီးပြည့်စုံခြင်းသို့ ရောက်ရှိပြီးဖြစ်မှာ သေချာ၏။

ဤသည်က လင်းနယ်မြေရှိ ပါရမီရှင်များကို မဆိုထားနှင့် အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းများရှိ အသန်မာဆုံးပုဂ္ဂိုလ်များပင် ရွှီယန်၏ပြိုင်ဘက် ဖြစ်မည် မဟုတ်တော့ပေ။

"သင်၏တပည့် စုလင်းရှုံသည် ဒီဗိုင်းဆန္ဒအဆင့်၏ ပြီးပြည့်စုံမှုအဆင့်သို့ အဆင့်ချိုးဖျက်သွားသည်။ သင်၏ ဒန်‌ဆေးသိုင်းပညာ လမ်းစဉ်သည် ဒီဗိုင်းဆန္ဒအဆင့်၏ အကြီးစားကျွမ်းကျင်မှုအဆင့်သို့ ရောက်ရှိသွားသည်.."

စုလင်းရှုံသည် ဒီဗိုင်းဆန္ဒအဆင့်၏ ပြီးပြည့်စုံခြင်းသို့ ချိုးဖျက်ခဲ့၏။ ထို့ကြောင့် သူမသည်လည်း အခြေခံကိုစုဆောင်းကာ မူလဒီဗိုင်းအဆင့်သို့ ချိုးဖျက်ရန် ပြင်ဆင်တော့မည် ဖြစ်သည်။

သို့ရာတွင် စုလင်းရှုံအတွက် အခြေခံကို စုစည်းရန်မှာ များစွာ ပိုမိုလွယ်ကူမည် ဖြစ်၏။ ဒဏ်ရာများကို ကုသပေးခြင်းက.. အထူးသဖြင့် စွမ်းအားကြီးပုဂ္ဂိုလ်များကို ကုသပေးခြင်းက ဆေးပညာအတွေ့အကြုံတို့ကို ရရှိနိုင်မှာ ဖြစ်သည်။

စိတ်ဝိဉာဉ် ဆေးပင်တို့ကိုလည်း ရရှိနိုင်မှာ ဖြစ်သည်။ ၎င်းတို့ကို ဒန်ဆေးများအဖြစ် သန့်စင်လို့ရ၏။ လုံလောက်သည့် အဆင့်မြင့် ဒန်ဆေးလုံးများနှင့် သူမ၏အခြေခံအား လျှင်မြန်စွာ စုစည်းနိုင်ပါသည်။

ဒန်ဆေးသိုင်းသမားတစ်ယောက်အတွက် အခြေခံကို စုဆောင်းခြင်းမှာ ဒန်ဆေးလမ်းစဉ်၏ အနှစ်သာရတစ်ခုကဲ့သို့ မြန်ဆန်လှ၏။

'စီနီယာအစ်ကိုကြီးက စွမ်းအားကြီးလွန်းတယ်..'

ဖန်းဟောင်မှာ အံ့သြသွားသည်။

ရွှီယန်၏ သတင်းတို့ ရောက်ရှိလာခဲ့၏။ သူသည် သိုင်းတစ်ထောင်ဒေသသို့ တစ်ခါတည်း သွားရောက်ကာ သိုင်းတစ်ထောင်ခန်းမကို စိန်ခေါ်ခဲ့သည်ဟု ကြားသိရသည်။

သိုင်းတစ်ထောင်ခန်းမရှိ သိုင်းသမားများစွာတို့ကို ဆက်တိုက်သတ်ဖြတ်ခဲ့ပြီး သိုင်းတစ်ထောင်ဒေသရှိ ပါရမီရှင်၅ယောက်တို့ကို တစ်ယောက်တည်း အနိုင်ယူခဲ့ကာ ဒေသတစ်ခုလုံးကို လှုပ်ခါစေခဲ့၏။

"ထူးဆန်းတယ်... သိုင်းတစ်ထောင်ခန်းမက ဘယ်လိုလုပ်ပြီး ဒီလောက်အထိ သည်းခံနေရတာလဲ.."

စုလင်းရှုံက သံသယဖြင့် မေး၏။ အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းများအကြားတွင် သိုင်းတစ်ထောင်ခန်းမသည် အကောက်ကျစ်ဆုံး ဖြစ်သည်။ ဤသည်မှာ လူတိုင်းသိသည့် ကိစ္စရပ်ဖြစ်၏။

သို့ပေမယ့် ဂိတ်တံခါးဝရှေ့တွင် စိန်ခေါ်ခြင်း ခံရလျှင်တောင် ပါရမီရှင်များအကြား ပြိုင်ပွဲ၏ စည်းမျဉ်းများကို ချိုးဖျက်ခြင်းမရှိဘဲ စွမ်းအားကြီးသူများ ဝင်ပါခြင်း မရှိခဲ့ပေ။ ဤသည်က သိုင်းတစ်ထောင်ခန်းမ၏ ပြုမူပုံနှင့် တူညီခြင်းမရှိပါ။

"နောက်ကွယ် အကြောင်းပြချက် ရှိရမယ်... ကြည့်ရတာ ပါရမီရှင်တွေအကြား ပြိုင်ပွဲရဲ့ အခြေအနေနဲ့ ပတ်သက်နေလိမ့်မယ်.."

ဖန်းဟောင်က စဉ်းစားသည်။

သိုင်းတစ်ထောင်ခန်းမတွင် အကြပ်အတည်းအချို့ ရှိရပေလိမ့်မည်။ ထိုအကြောင်းကြောင့်သာ သူတို့၏ စွမ်းအားကြီးပုဂ္ဂိုလ်များ ဝင်မပါခြင်း ဖြစ်၏။

"ဒုတိယစီနီယာကိုကလည်း အရမ်း စွမ်းအားကြီးတယ်။ တစ်ယောက်တည်းနဲ့ သရွှမ်မြို့ရဲ့ ပါရမီရှင်တိုက်ပွဲကို ကြီးစိုးထားတယ်။ စိတ်ဝိဉာဉ်ဂိုဏ်းတွေအားလုံး မျက်နှာပန်းရှုံးကုန်ပြီ.."

မုန့်ချုံ၏သတင်းလည်း ရောက်ရှိလာခဲ့၏။ ဖန်းဟောင်သည် အလွန်သွေးဆူနေပြီး ဌာနချုပ်သို့ ချက်ချင်းပင် သွားရောက်ရန် မစောင့်နိုင်တော့ပေ။

သူ၏ ကိုယ်ပိုင်ပါရမီရှင်ဟူသည့် ဂုဏ်ပုဒ်ကို ရယူကာ စိတ်ဝိဉာဉ်ဂိုဏ်းမှ ပါရမီရှင်များကို စိန်ခေါ်မည်ဖြစ်သည်။ လင်းနယ်မြေတွင် ကျော်ကြားလာမည်ဖြစ်၏။

ညီအကိုမောင်နှမ‌ လေးယောက်တို့တွင် သူသာလျှင် လုံလုံလောက်လောက် ကျော်ကြားမှုမရှိဘဲ ဖြစ်နေပါသည်။ သူ့အနေနှင့် ယွီကျိုးတွင် နာမည်တစ်ခု တည်ဆောက်ပြီးဖြစ်ပုံရပေမယ့် ယွီကျိုးမှာ အားနည်းလွန်းလှ၏။

မည်မျှပင် ကျော်ကြားစေကာမူ... သူ၏နည်းလမ်းများမှာ မည်မျှပင် ထက်မြစေကာမူ စစ်မှန်သည့် ပါရမီရှင်များ၏ အရေးတယူ ပြုမှုကို ခံရခြင်းမရှိပေ။ နောက်ဆုံးတွင် ယွီကျိုးရှိ စိတ်ဝိဉာဉ်ဂိုဏ်းများသည် အမှန်တကယ်ကို အားနည်းနေ၏။

ထို့ကြောင့် သူသည် လင်းနယ်မြေ၌ မိမိ၏ ကိုယ်ပိုင်နာမည်ကို အမှန်တကယ် တည်ဆောက်လိုနေပါသည်။ ထိုအတွက် စိတ်ဝိဉာဉ်ဂိုဏ်းများမှ ပါရမီရှင်များကို နင်းချေရမည် ဖြစ်၏။

အချိန်ရလာပါက သူ၏ ချီမန်သိုင်းပညာ၏ ခွန်အားကို ပြဿနိုင်မည် ဖြစ်သည်။ စီနီယာအစ်မ စုလင်းရှုံမှာလည်း နှိမ့်ချကာ လူသိများခြင်း မရှိပေမယ့် မကြာခင်တွင်သူမ၏ ဒန်ဆေးအင်မော်တယ်ဟူသည့် အမည်သည် လင်းနယ်မြေတလျှောက် ပျံ့နှံ့သွားမည်ဟူသည်မှာ ရှင်းလင်းလှသည်။

'ငါမိုးပျံသင်္ဘောကို အမြန်ဆုံး တည်ဆောက်ရမယ်..'

ဖန်းဟောင်က စိတ်လှုပ်ရှားစွာ စဉ်းစားသည်။ သူသည် မိုးပျံသင်္ဘောကို အမြန်ပြီးမြှောက်စေရန် ဇွဲလုံ့လထားကာ တည်ဆောက်၏။

ယခုအချိန်၌ သင်္ဘော၏ သဘောတရားများကို အတည်ပြုပြီး ဖြစ်သည်။ စတင် ထုလုပ်နိုင်နေပါပြီ။ ဤသည်မှာ သူ၏ ပထမဆုံးအကြိမ် ရှုပ်ထွေးကာ ဆန်းကြယ်သည့် မိုးပျံသင်္ဘောတစ်ခုကို ပြုလုပ်ခြင်းဖြစ်၏။ ဖြစ်စဉ်မှာလည်း အလွန်သတိထားဖို့ လိုအပ်သည်။

သူသည် အပိုင်းအစ တစ်ခုစီတိုင်းကို ဂရုပြုကာ အကန့်အသတ်ရှိသည့် ရှားပါးအရင်းအမြစ်များကို မဖြုန်းတီးမိစေရန် သတိမပျက် ထား၏။

ထို့အပြင် ဆရာ့အတွက် မိုးပျံသင်္ဘောတစ်ခုကို တည်ဆောက်ခြင်းအပြင် သူလည်းပဲ ကိုယ်ပိုင်အသုံးပြုရန်အတွက် သင်္ဘောတစ်ခုအား တည်ဆောက်လိုပါသည်။

All Chapters