ဟင်းကောင်းတစ်ခွက်အတွက် စောင့်ရကျိုးနပ်တယ်
Vol. 67 Ch. 662
ဦးစွာပထမ ၎င်းတို့သည် တောင်ပိုင်းဟုန် သားတော်ခုနစ်ပါးကို စော်ကားခဲ့ကြ၏။ ထို့နောက် သားတော်ခုနစ်ပါးမဟာညီလာခံကို နှိမ်ချခဲ့ကြပြီး၊ နောက်ဆုံး၌ ဂိုဏ်းချုပ်တစ်ဦးကို တိုက်ရိုက် ပစ်မှတ်ထား၍ စော်ကားလာကြပြန်သည်။
အကယ်၍ မိမိတို့သာတိတ်ဆိတ်စွာ ငြိမ်ခံနေခဲ့ပါက၊ ဤမျှအင်အားနည်းပါးသည့် ဂိုဏ်းတစ်ခုအား အင်အားကြီးမားလှသော နဂါးနန်းတော်ကို ရင်ဆိုင်ရန် ယွင်ဟယ်ဂိုဏ်းက ကူညီလိမ့်မည်မဟုတ်ကြောင်း ပင်လယ်ပြာဂိုဏ်း၏ တာအိုကလေးငယ်က တွေးတောမိလိုက်သည်။
ယွင်ဟယ်ဂိုဏ်းအကြီးအကဲများ၏ မျက်နှာအမူအရာများမှာလည်း ပြောင်းလဲသွားခဲ့ရာ သူမ၏ စိုးရိမ်ပူပန်မှုများမှာ အကြောင်းမဲ့မဟုတ်ကြောင်း ထင်ရှားနေပေ၏။
ဤလူများသည် တောင်ပိုင်းဟုန် သားတော်ခုနစ်ပါး၏လက်ရှိအင်အားကို အမှန်တကယ်ပင် သံယယဝင်လာကြပြီး တောင်ပိုင်းဟုန်တစ်ခုလုံးကိုပင် အထင်အမြင်သေးသည့် အမူအရာမျိုး ပြသလာကြပြီ ဖြစ်သည်။
ပို၍ဆိုးသည်မှာ နဂါးကြင်ယာတော်၏ မွေးနေ့စားပွဲသို့ အနောက်ပိုင်းဟုန်၏ အင်အားစုအများစု စုစည်းရောက်ရှိနေခြင်းပင် ဖြစ်သည်။ ဤသတင်းသာပြန့်နှံ့သွားခဲ့ပါက အကျိုးဆက်မှာ တွေးဝံ့စရာပင် မရှိတော့ချေ။
ပင်လယ်မြွေနဂါးနတ်ဆိုးသည် ဗြောင်ကျကျ လီဆယ်ပြောဆိုကာ ၎င်းတို့အား အစွမ်းကုန် နှိမ်ချနေသည်ကိုမူ ပြောနေရန်ပင် မလိုတော့ပေ။
အခြားသူများ၏ အတွေးကို ဘေးဖယ်ထားလျှင်ပင် ပင်လယ်ပြာဂိုဏ်း၏ တာအိုကလေးငယ်တွင် ရိုးရှင်းသော အတွေးတစ်ခုရှိ၏။
သူမအနေဖြင့် မိမိ၏ အထောက်အထားကို ထုတ်ဖော်ရန်အစီအစဉ်မရှိသော်လည်း၊ အနည်းဆုံးတော့ တောင်ပိုင်းဟုန်သားတော်ခုနစ်ပါး၏ အင်အားနှင့် မဟာညီလာခံ၏ ဂုဏ်သိက္ခာမှာ အခြားသူများထင်မှတ်ထားသကဲ့သို့ အားနည်းလှသည်မဟုတ်ကြောင်း ယွင်ဟယ်ဂိုဏ်း ကျင့်ကြံသူများရှေ့တွင် သက်သေပြရပေလိမ့်မည်။
ထို့ကြောင့် သူမသည် မသေမျိုးဂိုဏ်းကို ကာကွယ်ပြောဆိုသည်ဟူသော အကြောင်းပြချက်ကို အသုံးပြုကာ ပင်လယ်မြွေနဂါး မဟာနတ်ဆိုး၏ မောက်မာမှုကို နှိမ်နင်းရန် ကြိုးစားလိုက်ခြင်း ဖြစ်သည်။
သို့သော် တောင်ပိုင်းဟုန်တွင် လုံးဝပုံမှန်ဖြစ်နေသောထိုအကြောင်းပြချက်မှာ အနောက်ပိုင်းဟုန်၌မူ ချက်ချင်းပင် တစ်မျိုးတစ်မည် ရှုမြင်ခြင်းခံလိုက်ရမည်ဟု သူမ မျှော်လင့်မထားခဲ့ပေ။
ပတ်ဝန်းကျင်မှ အကြည့်များ ပိုမိုအေးစက်လာသည်ကို ခံစားလိုက်ရသောအခါ ပင်လယ်ပြာဂိုဏ်း၏ တာအိုကလေးငယ်သည် နတ်ဆိုးများဖြစ်စေ၊ ကျင့်ကြံသူများဖြစ်စေ အချင်းချင်း အဆင်မပြေခဲ့ကြသူများပင်လျှင် ယခုအခါတညီတညွတ်တည်း တပ်ပေါင်းစုတစ်ခုအဖြစ် ရပ်တည်သွားကြပြီဖြစ်ကြောင်း နားလည်လိုက်လေသည်။
အင်အားစုအများစုသည် တောင်ပိုင်းဟုန် သားတော်ခုနစ်ပါးအပေါ် အမှန်တကယ် ရန်ငြိုးမရှိကြသလို၊ ၎င်းတို့နှင့် ပတ်သက်၍ ရှင်းလင်းသော အယူအဆပင် ရှိကြလိမ့်မည်မဟုတ်ပေ။
သို့သော် ဤကဲ့သို့သော ပြင်ပလူကို ဖယ်ကြဉ်လိုသည့် စိတ်ဓာတ်မှာ အများအားဖြင့် ပင်ကိုယ်ဗီဇအရဖြစ်ပြီး အကျိုးသင့်အကြောင်းသင့် ရှိလှသည်မဟုတ်ပေ။
ရုတ်တရက်ဆိုသလို သူမသည် ထိုအခန်းအတွင်း၌ တစ်ဦးတည်းသော ပြင်ပလူဖြစ်သွားခဲ့ရ၏။
"အဲဒါက..."
ယွင်ဟယ်ဂိုဏ်း၏ တာအိုသားတော်က စကားဆိုရန် ပြင်လိုက်သော်လည်းဘေးနားရှိ အကြီးအကဲတစ်ဦးက သူ၏ အင်္ကျီလက်စကို တိတ်တဆိတ် ဆွဲလိုက်၏။ ဤကဲ့သို့ အခြေအနေမျိုးတွင် အများ၏ ဝိုင်းဝန်းတိုက်ခိုက်မှုကို မခံရစေရန် မိမိတို့သည် အနောက်ပိုင်းဟုန် အင်အားစု၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်းသတိပြု၍ ဘက်မှားမရပ်တည်မိရန် အရေးကြီးပေသည်။
ထို့ပြင် တောင်ပိုင်းဟုန် သားတော်ခုနစ်ပါး၌ တာအိုပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူ ခြောက်ဦးရှိပြီး နဂါးနန်းတော်မှလွဲလျှင် အနောက်ပိုင်းဟုန်တွင် ပြိုင်ဘက်ကင်းနီးပါး ဖြစ်ပေသည်။
အကယ်၍ ဤမျှသောအခြေအနေကိုပင် သူတို့ မကျော်လွှားနိုင်ပါက စိတ်ဓာတ်ခွန်အား လုံးဝကုန်ခမ်းနေပြီဟု ဆိုရမည်ဖြစ်ရာ၊ မည်သူကများ သူတို့နှင့်အတူ နဂါးနန်းတော်ကို ရင်ဆိုင်ရဲတော့မည်နည်း။ ထိုသို့လုပ်ခြင်းမှာ သေလမ်းရှာခြင်းနှင့်သာ တူပေလိမ့်မည်။
"..."
ပင်လယ်ပြာဂိုဏ်း၏ တာအိုကလေးငယ်သည် ပတ်ဝန်းကျင်ကို ဖြည်းညှင်းစွာ အကဲခတ်လိုက်၏။ သူမ၏ အထောက်အထားမှာ တစ်ဝက်တစ်ပျက် ပေါ်လွင်နေပြီဖြစ်ရာ အကျပ်အတည်းတစ်ခုထဲသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ခံစားလိုက်ရသည်။
ဤတိုက်ပွဲသည် နိုင်မှကို ဖြစ်မည်၊ ရှုံး၍မရချေ။
ယုတ္တိတန်တန်စဉ်းစားလျှင် တာအိုကလေးငယ်တစ်ဦးအနေဖြင့် မြို့တော်နှစ်ခုအဆင့်နှင့်သာ ယှဉ်နိုင်သော ပင်လယ်မြွေနဂါး နတ်ဆိုးကို သူမ ကြောက်ရွံ့နေရန် မလိုပေ။
သို့သော် ယခုအခါ ပင်လယ်မြွေနဂါးမဟာနတ်ဆိုးသည် လေထဲတွင် ရှိနေသော သွေးစက်ကို တစ်ချက်ပင်မကြည့်တော့ဘဲ အသာအယာ နောက်သို့ ခြေလှမ်းဆုတ်လိုက်၏။
ခန်းမတစ်ခုလုံးရှိ လူရိပ်အချို့မှာ မတ်တတ်ရပ်ရန် အသင့်ဖြစ်နေကြပြီ။
၎င်းတို့မှာ ပင်လယ်ပြာဂိုဏ်းနှင့် အဆင့်တူညီသော နတ်ဆိုးမျိုးနွယ်စုကြီးများမှ ဖြစ်ကြပြီး၊ ပွဲတက်ရောက်လာသူများမှာလည်း မျိုးနွယ်စု၏ ထိပ်တန်းများဖြစ်ကြရာ တစ်ဦးချင်းစီမှာ မာနထောင်လွှားကြသူများ ဖြစ်သည်။
တောင်ပိုင်းမှလာသည့် လူတစ်ဦးက ဤနေရာ၌ ရိုင်းစိုင်းနေသည်ကို မြင်သောအခါ ၎င်းတို့၏ သတ်ဖြတ်လိုစိတ်ကို မထိန်းချုပ်နိုင်တော့ချေ။
"တာအိုမိတ်ဆွေက တရားမျှတမှုအတွက် ရပ်တည်ချင်နေမှတော့ ဒီအရှင်ကလည်း..."
မူလပုံစံကိုခွဲခြားမရသော ပိန်ပိန်မည်းမည်း နတ်ဆိုးအိုကြီးတစ်ဦးက ဖြည်းညှင်းစွာ မတ်တတ်ရပ်ရန် ပြင်လိုက်၏။
သို့သော် စကားမဆုံးမီမှာပင် ဂုဏ်ထူးဆောင်နေရာ၌ထိုင်နေသော ကျားဖြူ၏အကြည့်အောက်တွင် အသံတိတ်သွားကာ ပြန်လည်ထိုင်ချလိုက်ရလေသည်။
"မင်းက သာမန်တောင်ပိုင်းဟုန် ကျင့်ကြံသူတစ်ယောက်ထက် ပိုလိမ့်မယ် မဟုတ်လား။"
တောင့်တင်းကြံ့ခိုင်သော ကျားဖြူမဟာနတ်ဆိုးသည် မတ်တတ်ရပ်လိုက်ကာ ကျောက်စိမ်းစားပွဲကို ကျော်ဖြတ်လျှောက်လှမ်းလာ၏။ ၎င်း၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးမတ်မတ်ရပ်လိုက်သည့်အခါ ကြမ်းပြင်ပေါ်၌အရိပ်ကြီးတစ်ခု ကျရောက်သွားပြီးနောက် ပြင်းထန်သောဖိနှိပ်မှုတစ်ခုကို ဖြစ်ပေါ်စေရာ ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။
ခန်းမထဲရှိ ကချေသည်များမှာလည်း တစ်ဦးနှင့်တစ်ဦးပူးကပ်သွားကြကာ အခြေအနေကို မသိနားမလည်ဘဲ တုန်လှုပ်နေကြ၏။
ယွင်ဟယ်ဂိုဏ်း တာအိုကလေူငယ်၏ မျက်နှာမှာလည်း ချက်ချင်းပင်ဆိုးရွားသွားခဲ့သည်။
ဤကျားဖြူ၏ နောက်ကွယ်ရှိ အင်အားစုမှာ တောင်ပိုင်းဟုန်ရှိ သားတော်ခုနစ်ပါးနှင့် မယှဉ်နိုင်သော်လည်း၊ ပြိုကွဲနေသော အနောက်ပိုင်းဟုန်တွင်မူ ၎င်းသည် ကြောက်မက်ဖွယ်ကောင်းသည့် နတ်ဆိုးအင်အားစုတစ်ခု ဖြစ်ပေသည်။
သီးသန့်ထိုင်နေသော အမျိုးသမီးတစ်ဦးသာလျှင် ၎င်းကို ယှဉ်ပြိုင်နိုင်စွမ်း ရှိပေလိမ့်မည်။
ကျားဖြူ မဟာနတ်ဆိုးမှာမူ ဤခံစားချက်ကို သဘောကျနေပုံရလေ၏။
၎င်းသည် အရှေ့သို့ ဖြည်းညှင်းစွာ လျှောက်လာသည်။ ပင်လယ်ပြာဂိုဏ်း၏ တာအိုကလေးငယ်ဘေးမှ ဖြတ်သွားသည့်တိုင် သူမကို တစ်ချက်မျှပင် လှည့်မကြည့်ချေ။
၎င်း၏ အာရုံစိုက်မှုမှာ ရှေ့သို့သာ ဦးတည်နေပြီး ခန်းမပေါက်ဝသို့ရောက်သောအခါ ထွက်ပေါက်ကို ပိတ်ဆို့လိုက်ပြီးနောက် ခေါင်းကို ရုတ်တရက် လှည့်လိုက်လေ၏။
ကျားကြီး၏ ရက်စက်ကြမ်းကြုတ်သော မျက်လုံးများထဲ၌ ဝိညာဉ်ကိုတုန်လှုပ်စေနိုင်သည့် အငြိုးအတေးများ ပြည့်နှက်နေပြီး တီးတိုးရေရွတ်လိုက်သည်။
"မင်းရဲ့ အစွမ်းအစတွေကို ဒီမှာလာပြဖို့ ငါက အခွင့်အရေးပေးမယ်လို့ ထင်နေတာလား။"
ဤအမျိုးသမီးမှာ သာမန်ကျင့်ကြံသူတစ်ဦး မဟုတ်သည်မှာ သေချာလှပေသည်။ သူမက သေချာဖုံးကွယ်ထားသော်လည်း အာဏာရှိသူတို့၏ မွေးရာပါအရှိန်အဝါကိုမူ လုံးဝ ဖုံးကွယ်ထားနိုင်ခြင်း မရှိပေ။
သူမသည် တာအိုကလေးငယ်တစ်ဦး ဖြစ်နိုင်ခြေများပြီး တောင်ပိုင်းဟုန်သားတော်ခုနစ်ပါးထဲမှ ဂိုဏ်းတစ်ခုခုမှ လာခြင်းဖြစ်ပေလိမ့်မည်။
မိမိ၏ အထောက်အထားကို ဖုံးကွယ်ကာ အခြားအင်အားစုများကို အလစ်အငိုက်ဖမ်းရန် ကြိုးစားနေခြင်းမှာ သူမ တွေးသည်ထက် ပိုနေပေပြီ။
"..."
ပင်လယ်ပြာဂိုဏ်း၏ တာအိုကလေးငယ် မျက်ခွံများ တုန်လှုပ်သွား၏။ ဤနေရာတွင်ရှိနေသည့် နတ်ဆိုးများအားလုံးထဲတွင် သူမ အနိုင်ရရန် မသေချာသည့်သူကို အမည်တပ်ရလျှင် နှစ်ဦးသာ ရှိပေလိမ့်မည်။
တစ်ဦးမှာ အစိမ်းရောင်ငှက်မွေးဝဝ်ရုံကို ဝတ်ဆင်ထားသည့် ဆွဲဆောင်မှုရှိသောအမျိုးသမီးဖြစ်ပြီး၊ အခြားတစ်ဦးမှာမူ သူမရှေ့ရှိ ဤကျားဖြူပင် ဖြစ်သည်။
နှစ်ဦးစလုံးမှာ မြို့တော်သုံးခုအဆင့်မှ ဖြစ်ကြသော်လည်း ကျားဖြူ၏ သွေးမျိုးဆက်မှာ အလွန်မြင့်မြတ်လှပေသည်။
အနိုင်ရရန် အခွင့်အရေး ၄၀ ရာခိုင်နှုန်းခန့်သာ ရှိမည်လော။
သူမသည် စိတ်ထဲမှ တိတ်တဆိတ် တွက်ချက်လိုက်ကာ သူမ၏လက်ချောင်းထိပ်များမှာ နဖူးဆီသို့ ဖြည်းညှင်းစွာ ရွေ့လျားသွား၏။
ဤအရာက လုံလောက်ပါသည်။
သူမသာ အနိုင်ရခဲ့ပါက အကူအညီတောင်းခံရန်မှာ ဆက်လက်ညှိနှိုင်း၍ ရနိုင်သေးပေသည်။
တစ်ချိန်တည်းမှာပင် အရှိန်အဝါတစ်ခုနှင့် ရစ်ပတ်ထားသောနီရဲသည့် သွေးစက်လေးသည် ကျားဖြူ မဟာနတ်ဆိုး၏ ဘေးဆီသို့ လျင်မြန်စွာ လွင့်မျောသွားလေတော့သည်။
နဂါးကြင်ယာတော်၏ မွေးနေ့စားပွဲတွင် ဤကဲ့သို့ ရင်ခုန်စိတ်လှုပ်ရှားဖွယ် မြင်ကွင်းမျိုးကို တွေ့မြင်ရလိမ့်မည်ဟု မည်သူမျှ မျှော်လင့်မထားခဲ့ကြပေ။