← Chapters

အခန်း (၁၃၀၃-၁၃၀၄)

Vol. 75 Ch. 1303-1304

အခန်း (၁၃၀၃-၁၃၀၄)

Vol. 75 Ch. 1303-1304

အပိုင်း (၁၃၀၃)

ရှမ့်လန် မြောက်ဘက်သို့ ဆက်လက် သွားရောက်ခဲ့၏။ မိုင်ပေါင်း လေးထောင်ကျော် ခရီးပေါက်အောင် ပြေးလွှားခဲ့သည်။

မြောက်ဘက်သို့ ရောက်လေ ရာသီဥတု ပိုမိုအေးစက်လာလေပင်။ လမ်းတစ်လျှောက်လုံးတွင် ရေခဲဖုံးနေသော သမုဒ္ဒရာကြီးသာ ရှိပြီး ကျွန်းများအားလုံး ရေခဲနှင့် နှင်းများအောက်တွင် ဖုံးလွှမ်းနေသည်။ သက်ရှိဟူ၍ အရိပ်အယောင်မှ မတွေ့ရချေ။

ရေခဲပြင်ပေါ်တွင် သင်္ဘောတစ်စင်းမှ မရှိ။ လမ်းတစ်လျှောက်တွင် မည်သည့် လူသားတစ်ဦးတစ်ယောက်ကိုမှ မတွေ့ရပေ။ ရှမ့်လန်၏အစီအစဉ်နှင့် ယူဆချက်များအရဆိုလျှင် ဤသို့ မဖြစ်သင့်ချေ။ လူ့ယဉ်ကျေးမှုကြီး တစ်ခုလုံး လုံးဝ ပျက်သုဉ်းသွားခြင်းမျိုး မဖြစ်နိုင်ပေ။

ရုတ်တရက် သူ ရပ်တန့်လိုက်သည်။ သူသည် လမ်းကြောင်းပြောင်းလိုက်ပြီး အရှေ့တောင်ဘက်၊ မိစ္ဆာတြိဂံနယ်မြေရှိရာ အရပ်ဆီသို့ ဦးတည်ပြေးလွှားလိုက်သည်။ ရှမ့်လန်သည် ရက်ပေါင်းများစွာ၊ ညပေါင်းများစွာ မိုင်ပေါင်း တစ်သောင်းကျော် ခရီးပေါက်အောင် ပြေးလွှားခဲ့၏။ သူ၏ ခန္ဓာကိုယ်မှာ မောပန်း နွမ်းနယ်ခြင်းကို မသိသည့်အလားပင်။ သူ၏ နှလုံးသားသည် စွမ်းအင်များကို အဆက်မပြတ် ထုတ်လွှတ်ပေးနေသကဲ့သို့ ရှိနေသည်။

နောက်ဆုံးတွင် သူသည် မိစ္ဆာတြိဂံနယ်မြေ ရှေ့မှောက်သို့ ရောက်ရှိလာခဲ့သည်။ ထို့နောက် သူသည် ရေခဲရိုက်ခံလိုက်ရသကဲ့သို့ တောင့်တင်းသွားပြီး လုံးဝ မလှုပ်ရှားတော့ချေ။ မိစ္ဆာတြိဂံနယ်မြေသည် တစ်ချိန်က သူ့အတွက် အလွန် ရင်းနှီးကျွမ်းဝင်ခဲ့သော နေရာတစ်ခု ဖြစ်ခဲ့ဖူး၏။ ဤနေရာသည် တစ်ချိန်က လောက၏ တားမြစ်နယ်မြေ ဖြစ်ခဲ့ဖူးသည်။ အန္တရာယ်အရှိဆုံး နေရာတစ်ခု ဖြစ်ခဲ့၏။ မည်သည့် လူသားမှ ဝင်ရောက်နိုင်ခြင်း မရှိ၊ သဘာဝလွန် အင်အားစုများပင်လျှင် မဝင်ရောက်နိုင်ခဲ့ကြချေ။

ဤနေရာတွင် လောကတံတိုင်း ရှိခဲ့ဖူးသည်။ ထူထဲလှသော အနက်ရောင် မြူခိုးများသည် မိုင်ပေါင်းထောင်ချီ ဖုံးလွှမ်းထားပြီး ပင်လယ်နှင့် ကောင်းကင်ကို ဆက်စပ်ပေးထားခဲ့၏။ အနက်ရောင် မြူခိုးများထဲတွင် မရေမတွက်နိုင်သော လေဆင်နှာမောင်းများနှင့် လျှပ်စီးများရှိနေခဲ့သည်။ ဤနေရာသည် ငရဲဘုံနှင့် တူလှသည်။

ယခုမူ လောကတံတိုင်းကြီး မရှိတော့ချေ။ အနက်ရောင် မြူခိုးများလည်း ကွယ်ပျောက်သွားခဲ့ပြီး လေဆင် နှာမောင်းများ မရှိတော့သလို၊ လျှပ်စီးများလည်း ပျောက်ကွယ်သွားခဲ့၏။ ဘာဆိုဘာမှ ကျန်မနေတော့ချေ။

ဤနေရာရှိ ပင်လယ်ပြင်သည် လုံးဝ ရေခဲပြင် ဖြစ်နေခဲ့သည်။ ပျောက်ဆုံးနိုင်ငံ အင်ပါယာ၏ အပျက်အစီး များကား ရှိနေဆဲပင်။ ထိုလှပသော အိမ်ရာအဆောက်အအုံများသည် တစ်ချိန်က ပင်လယ်ရေပြင် အထက်တွင် တစ်ဝက်၊ ရေအောက်တွင် တစ်ဝက် ရှိနေခဲ့ဖူး၏။

ယခု ပင်လယ်ရေပြင်ခဲသွားသည့်အခါမှာတော့ ဤမြို့တော် အပျက်အစီးများသည်လည်း ထူထဲသော ရေခဲလွှာကြီး အောက်တွင် ဖုံးလွှမ်းသွားရသည်။ ပင်လယ်မွန်းစတား တစ်ကောင်ကိုမှ မမြင်ရချေ။ မိစ္ဆာတြိဂံနယ်မြေ တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။

ဘုရင်မ မီဒူဆာ၏ ရုပ်တုကြီးကော ...... ရှမ့်လန်သည် မိစ္ဆာတြိဂံနယ်မြေ၏ အလယ်ဗဟိုသို့ ဆက်လက် ပြေးလွှား သွားလိုက်သည်။ ရှမ့်လန်အတွက်မူ ဘုရင်မမီဒူဆာ၏ ရုပ်တုသည် အလံတိုင်တစ်ခု၊ အရေးကြီးသော လမ်းညွှန်မှတ်တိုင်တစ်ခု ကဲ့သို့ပင်။

တစ်ရက် ကြာပြီးနောက် ရှမ့်လန်သည် မိစ္ဆာတြိဂံနယ်မြေ၏ ဗဟိုချက်မသို့ ရောက်ရှိလာခဲ့သည်။ ဘုရင်မ မီဒူဆာ၏ ရုပ်တုကြီး မရှိတော့ချေ။ မူလက ထိုနေရာတွင် တောင်ကြီးတစ်လုံးအလား မတ်မတ်ရပ်တည် နေခဲ့ဖူး၏။ အချိန်အများစုတွင် မျက်စိဖြင့်မမြင်နိုင်သော်လည်း ယခုတစ်ကြိမ်တွင်မူ လုံးဝ ပျောက်ကွယ် သွားခဲ့သည်။

ရှေးဟောင်းကာလ ပျက်သုဉ်းခြင်းကြီး ဖြစ်ပေါ်ပြီးနောက် ဘုရင်မ မီဒူဆာသည် ကျောက်ဖြစ်ရုပ်ကြွင်းအဖြစ် ပြောင်းလဲသွားခဲ့သော်လည်း ပျောက်ဆုံးနိုင်ငံ အင်ပါယာ၏ အမွေအနှစ်ကို လုံးဝ ပျက်သုဉ်းမသွားစေရန် အစွမ်းကုန် ကြိုးစား ထိန်းသိမ်းထားခဲ့ဖူး၏။

ယခုမူ ပျောက်ဆုံးနိုင်ငံ အင်ပါယာ၏ အပျက်အစီးများမှာ အမှန်တကယ် မရှိတော့ဘူးလား။ မိစ္ဆာတြိဂံ နယ်မြေလည်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။ ပျောက်ဆုံးနိုင်ငံ မိစ္ဆာမယ်ဆော်ကြီးသည် မရေမတွက်နိုင်သော ပင်လယ်မွန်းစတားများနှင့်အတူ ထွက်ပြေး လွတ်မြောက်သွားခဲ့ခြင်း ဖြစ်နိုင်သည်။ သူတို့ အောင်မြင်ခဲ့ကြပါရဲ့လား။ မည်သည့်နေရာသို့ ထွက်ပြေးသွားကြသနည်း။

... ...

ရှမ့်လန်သည် ရေခဲပြင်ပေါ်တွင် လဲလျောင်းရင်း ရေခဲနှင့် နှင်းများ ဖုံးလွှမ်းနေသော မြို့တော် အပျက်အစီးများ ကို ငေးကြည့်နေမိသည်။ သူသည် အအေးဒဏ်ကို မခံစားရသလို၊ ဆာလောင်မှုကိုလည်း မသိရှိတော့ချေ။ ကောင်းကင်မှ ကြယ်များကိုသာ တိတ်ဆိတ်စွာ မော့ကြည့်နေမိ၏။

သူ့စိတ်ထဲတွင် မှတ်ဉာဏ်များ ပြည့်စုံစွာ ရှိနေသည်။ ရှမ့်လန်နှင့် ပတ်သက်သော မှတ်ဉာဏ်များ ဖြစ်၏။ သို့သော်ငြား ထိုအရာမှလွဲ၍ အခြား ဘာမှ မရှိတော့ချေ။ ဘုရင်မ မီဒူဆာ၏ မှတ်ဉာဏ်အပိုင်းအစများ၊ တော်ဝင်ကပ်ဘေး ဉာဏ်ရှင်ဘုရင်၏ ဝိညာဉ်အစိတ်အပိုင်းများ အားလုံး ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

အမှန်စင်စစ်တွင် ရှမ့်လန် ကိုယ်တိုင် နားလည်ထားပြီးသော သူ၏ ဝိညာဉ်အစိတ်အပိုင်း ဖြစ်လာခဲ့ပြီးသော အရာများကမူ ကျန်ရှိနေဆဲ ဖြစ်သည်။ အရေးကြီးဆုံးအချက်မှာ အလယ်အလတ်အဆင့် နဂါး ဉာဏ်အလင်းပွင့်ခြင်း ရှိနေသေးခြင်းပင်။ ထို့ကြောင့် သူ့တွင် ဉာဏ်ပညာ အကြီးမားဆုံးသော ဦးနှောက် ရှိနေဆဲ ဖြစ်၏။

သို့သော်ငြား AI မှတ်ဉာဏ်တုမှာ ပျောက်ကွယ်သွားခဲ့သည်။ ပျောက်ကွယ်သွားသည်ဟု ဆိုခြင်းထက် မလိုအပ်တော့၍ မရှိတော့ခြင်းဟု ဆိုလျှင် ပိုမှန်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် AI မှတ်ဉာဏ်တုထဲရှိ အချက်အလက် အားလုံးသည် ရှမ့်လန်၏ ဦးနှောက် အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့သောကြောင့်ပင်။

ရှမ့်လန်အနေဖြင့် ရှုပ်ထွေးသော တွက်ချက်မှုများကို ကိုယ်တိုင် ပြုလုပ်နိုင်ရန်အတွက် AI မှတ်ဉာဏ်တုကို မလိုအပ်တော့ချေ။ စူပါကွန်ပျူတာတစ်လုံးထက်ပင် ပိုမိုမြန်ဆန်စွာ တွက်ချက်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။

သူသည် ရေခဲပြင်ပေါ်တွင် ငြိမ်သက်စွာ လဲလျောင်းရင်း တွေးတောနေမိ၏။

ရက်ပေါင်းများစွာ၊ ညပေါင်းများစွာ ကြာပြီးနောက် ရှမ့်လန်သည် ရေခဲပြင်ပေါ်မှ ထလိုက်ပြီး မြောက်ဘက်သို့ နောက်တစ်ကြိမ် ထပ်မံ ပြေးလွှားလိုက်ပြန်သည်။ ယခုတစ်ကြိမ် သူ၏ခရီးပန်းတိုင်မှာ သူ၏ အခြေစိုက်စခန်းဖြစ်သော နုရှောင့်မြိုပင် ဖြစ်သည်။

ရှမ့်လန်သည် ချန်မြို့တော်နှင့် ရန်မြို့တော်တို့ကို သိမ်းပိုက်နိုင်ခဲ့သော်လည်း အဓိပ္ပာယ်တစ်မျိုးဖြင့် ဆိုရလျှင် ဤလောကပေါ်တွင် သူ့အတွက် တစ်ခုတည်းသော အိမ်မှာ နုရှောင့်မြို့သာ ဖြစ်သည်။ ရေမသောက်၊ အစာမစားဘဲ ကြာမြင့်စွာနေခဲ့သော်လည်း ရှမ့်လန်သည် ပို၍ ပို၍သာ လျင်မြန်စွာ ပြေးလွှားနေခဲ့၏။ သူ၏ ခန္ဓာကိုယ်ထဲရှိ စွမ်းအားများမှာ ကုန်ခမ်းသွားခြင်း မရှိသည့်အလားပင်။

... ...

နုရှောင့်မြို့သို့ သွားရာခရီးမှာ မိုင်ပေါင်း နှစ်သောင်းခန့် ကွာဝေးသည်။ လမ်းတစ်လျှောက်တွင် မည်သည့် လူသား၊ သင်္ဘော၊ လေတပ်ဖွဲ့၊ မည်သည့်အရာကိုမှ မတွေ့ရသေးချေ။

ရက်ပေါင်းများစွာ၊ ညပေါင်းများစွာ ကြာပြီးနောက် ရှမ့်လန်သည် နုရှောင့်မြိုသို့ ရောက်ရှိလာခဲ့သည်။

ဤနေရာရှိ ပင်လယ်ပြင်မှာလည်း လုံးဝ ရေခဲပြင် ဖြစ်နေခဲ့ပြီ ဖြစ်၏။ နုရှောင့်မြို့ကြီးမှာ ရှိနေဆဲပင်။ မည်သည့် ပျက်စီးထိခိုက်မှုမှ မရှိဘဲ အကောင်းပကတိ တည်ရှိနေခြင်း ဖြစ်သည်။ သို့သော်ငြား ထူထဲလှသော ရေခဲပြင်ကြီးအောက်တွင် ဖုံးလွှမ်းလျက် ရှိနေ၏။ အိမ်ရာ အဆောက်အအုံအားလုံးကို မှန်တစ်ချပ်ဖြင့် အုပ်မိုးထားသကဲ့သို့ ကြည်လင်တောက်ပနေသည်။ ထိုအရာမှာ ထူထဲသော ရေခဲလွှာကြီးပင် ဖြစ်သည်။

မြို့တော်ကြီး တစ်ခုလုံး အေးခဲတိတ်ဆိတ်နေခဲ့၏။ လူတစ်ယောက်မှ မရှိချေ။ မည်သည့် အိမ်ထဲတွင်မှ လူတစ်ယောက်မှ မရှိသလို၊ အလောင်း တစ်ခုမှ လည်း မရှိချေ။ နုရှောင့်မြို့သည် တစ်ချိန်က အလွန် စည်ကား သိုက်မြိုက်ခဲ့ဖူး၏။ ရှမ့်လန်၏ စက်မှုဇုန် ဗဟိုချက်မ ဖြစ်ခဲ့၏။

အထွတ်အထိပ်သို့ ရောက်ရှိချိန်က အလုပ်သမား သုံးသိန်းကျော် ရှိခဲ့ပြီး စစ်သည်အင်အား သုံးသိန်းကျော်သည် လေ့ကျိုးကျွန်းစု ပေါ်တွင် စုဝေးခဲ့ကြဖူး၏။ နုရှောင့်မြို့ကြီးသည် ဆက်လက် တိုးချဲ့လာခဲ့ရာ နောက်ဆုံးတွင် မိုင်ပေါင်းဆယ်ချီ ရှည်လျားသော မြို့တော်ကြီး ဖြစ်လာခဲ့သည်။ ယခုမူ ဗလာဟင်းလင်း ဖြစ်နေသည်။ သေမင်းတမန် တိတ်ဆိတ်မှုမျိုးပင်။

သူ အုပ်ချုပ်ခဲ့ရာ ဗဟိုချက်မဖြစ်သော ရဲတိုက်ကြီးအတွင်း၌လည်း မည်သူမှ မရှိတော့ချေ။ နှင်းခဲများသည် အိမ်တော်၏ နေရာတိုင်း၊ လက်မတိုင်းကို နေရာယူထားခဲ့ပြီ ဖြစ်၏။ ရှမ့်လန်သည် လေ့ကျိုးကျွန်း စံအိမ်တော် ဆီသို့ အရှိန်ဖြင့် ပြေးသွားလိုက်သည်။

ထိုနေရာ၌လည်း ဗလာဟင်းလင်း ဖြစ်နေဆဲပင်။ လူတစ်ယောက်မှ မရှိ၊ အလောင်း တစ်ခုမှ မရှိချေ။ စံအိမ်တော်တစ်ခုလုံးသည် ရေခဲများဖြင့် လုံးဝ ဖုံးလွှမ်းနေခဲ့၏။

ရှမ့်လန်၏ မိသားစုအားလုံး ဤနေရာတွင် နေထိုင်ခဲ့ကြဖူး၏။ သူ၏ ဇနီး၊ ကလေးများ၊ ယောက္ခမ၊ မွေးစားဖခင်၊ မွေးစားမိခင်၊ ညီငယ်၊ နင်ယွမ်ရှန်း၊ မိဖုရားကြီးပျံ့၊ နင်ယန်၊ ရှမ့်လီ၊ ရှမ့်မီ စသည်ဖြင့် သူ၏ ဆွေမျိုးသားချင်းများ၊ သူ၏ ကလေးများအားလုံး ဤနေရာတွင် နေထိုင်ခဲ့ကြဖူးသည်။ ယခုမူ သူတို့အားလုံး လုံးဝ ပျောက်ကွယ်သွားခဲ့ကြပြီ ဖြစ်သည်။

နင်ယွမ်ရှန်း၏ စကားသံများပင် ရှမ့်လန်၏ စိတ်ထဲတွင် ပဲ့တင်ထပ်နေသယောင် ရှိသည်။ နင်ယွမ်ရှန်းက သူသည် ယုံကြည်ချက်အသစ်၊ ဆက်လက် အသက်ရှင်သန်ရန် ယုံကြည်ချက်ကို ရှာတွေ့ခဲ့ပြီဖြစ်ကြောင်း၊ ရှမ့်လန် ပြန်လာမည့်အချိန်ကို ဤနေရာတွင် ထိုင်၍ စောင့်မျှော်နေမည်ဖြစ်ကြောင်း ပြောခဲ့ဖူး၏။

နင်ယွမ်ရှန်းနှင့် နှုတ်ဆက်လမ်းခွဲခဲ့သည်မှာ မနေ့တစ်နေ့ကလိုပင် ခံစားနေရဆဲ ဖြစ်၏။ နှုတ်ဆက် လမ်းခွဲချိန်က နင်ယွမ်ရှန်းကို ဖက်လိုက်စဉ် ခံစားလိုက်ရသည့် ပိန်လှီပြီး တုန်ယင်နေသော ခန္ဓာကိုယ်၏ အထိအတွေ့ကို သူ ရှင်းလင်းစွာ မှတ်မိနေဆဲပင်။

“ယောက္ခထီ’ကြီး... ဘယ်ရောက်နေလဲ။”

“ငါရဲ့ ကလေးတွေ... မိန်းမ... မင်းတို့ ဘယ်ရောက်နေကြတာလဲ။ ဒီလောကကြီးထဲမှာ ယဉ်ကျေးမှုတွေ ကျန်နေသေးရဲ့လား။ ကျန်းလီ... ခင်ဗျားက ယုတ်မာလွန်းတဲ့ မိစ္ဆာပဲ။ ဒီလောကကြီးအပေါ် ခင်ဗျား ဘာတွေ လုပ်လိုက်တာလဲ။”

... ...

ထို့နောက်တွင် ရှမ့်လန်သည် နုရှောင့်မြို့ကို ဆက်လက် စူးစမ်းရှာဖွေခဲ့သည်။ သူသည် ဆက်စပ်မှုရှိသော မှတ်တမ်းအချို့ သို့မဟုတ် သတင်းစကားအချို့ကို ရှာဖွေလိုခဲ့ခြင်း ဖြစ်၏။ သူအတွက် ဘာမှချန်မထားခဲ့ဘဲ ထွက်ခွာသွား၍ မဖြစ်နိုင်ချေ။

သို့သော်ငြား ရှမ့်လန်သည် နေရာအနှံ့ လိုက်လံရှာဖွေခဲ့သော်လည်း မည်သည့်အရာကိုမှ ရှာမတွေ့ခဲ့ပေ။ ထိုအစား သူသည် ရေးသားထားသော မှတ်တမ်းများစွာကို တွေ့ခဲ့ရသည်။ ထိုအရာများထဲတွင် စမ်းသပ်မှု မှတ်တမ်းများ သာမက လျှို့ဝှက်ကောင်စီမှ အစီရင်ခံစာများနှင့် ကလေးများ၏ အိမ်စာများပင် ပါဝင်သည်။

သို့ရာတွင် ရေးသားထားသော မှတ်တမ်းအားလုံးသည် ရက်စွဲတစ်ခု၌ ရပ်တန့်သွားခဲ့သည်။ ထိုနေ့ရက်မှာ ဒီဇင်ဘာလ (၉) ရက်နေ့ ဖြစ်၏။ ထိုနေ့ရက်သည် ကျန်းလီ ပြန်လည်ပေါ်ထွက်လာသောနေ့ ဖြစ်သလို၊ ရှေးဟောင်း ယဉ်ကျေးမှုကြီး လောကကို လွှမ်းမိုးသွားမည့်နေ့လည်း ဖြစ်၏။

ရေးသားထားသော မှတ်တမ်းအားလုံးသည် ထိုနေ့ရက်၌ ရပ်တန့်သွားခဲ့၏။ ကလေးများ၏ ဒိုင်ယာရီများပင် မချွင်းချန်ပေ။ ရှမ့်လန်သည် ဒိုင်ယာရီများစွာကို တွေ့လိုက်ရသည်။ ထိုအထဲတွင် သူ၏ သမီးဖြစ်သူ ရှမ့်မီနှင့် သားဖြစ်သူ ရှမ့်လီတို့၏ ဒိုင်ယာရီများလည်း ပါဝင်သည်။

သူ၏သမီးဖြစ်သူ ရှမ့်မီသည် မင်းသမီးလေးအဖြစ် မွေးဖွားလာသူဖြစ်ရာ သူမ၏ ဒိုင်ယာရီမှာလည်း မင်းသမီးလေးတစ်ပါး၏ ဒိုင်ယာရီ ပီသလှသည်။ ဒိုင်ယာရီထဲတွင် သူမ၏အစ်မဖြစ်သူ ယောင်ယောင်နှင့် သူမ၏ဖခင်ကို လွမ်းဆွတ်တမ်းတကြောင်း ရေးသားထားသည်။ ထို့နောက်တွင် တနေ့တာအတွက် သင်ယူ လေ့လာခဲ့ရသည်များကို ရေးသားထား၏။

“ဒီနေ့ ပန်းချီအတန်းမှာ သမီး ကောင်းကောင်း မလုပ်နိုင်ခဲ့ဘူး။ ပညာရှိ အာညာက သမီးကို ဝေဖန်ခဲ့တယ်။ ဆရာက ပြောတယ်။ သမီး ဆွဲထားတဲ့ လင်းပိုင်ပုံက အသက်ဝိညာဉ်မပါဘူးတဲ့၊ အထူးသဖြင့် မျက်လုံးနှစ်လုံးက အသက်မဲ့ နေတယ်တဲ့။ ဖန်တီးမှုဖြစ်စဉ်ကို သမီး မနှစ်သက်ခဲ့သလို၊ ပန်းချီကားထဲက လင်းပိုင်လေးကို အသက်သွင်းပေးဖို့လည်း သမီး မတွေးခဲ့မိဘူး။ သမီး အရမ်း စိတ်ဓာတ်ကျပြီး စိတ်မကောင်း ဖြစ်မိတယ်။ ဘာလို့လဲဆိုတော့ သမီး ဖေဖေ့ကို အရမ်းလွမ်းနေလို့ စိတ်က တခြား ရောက်နေခဲ့တာကိုး။

တောင်းပန်ပါတယ် လင်းပိုင်လေးရယ်။ မင်းပုံကို ဆွဲတုန်းက သမီး သေချာ အားမစိုက်ခဲ့မိဘူး။ မင်းကို အသက် ဝိညာဉ် ထည့်မပေးခဲ့မိဘူး။ အဲဒါကြောင့် မင်းအနေနဲ့ တခြားလောကတစ်ခုမှာ မွေးဖွားလာနိုင်မှာ မဟုတ်တော့ဘူး။ တောင်းပန်ပါတယ် ငါ့ရဲ့ လင်းပိုင်လေးရယ်။”

ဤသည်မှာ ရှမ့်မီ၏ ဒိုင်ယာရီပင် ဖြစ်သည်။ သူမသည် (၁၁) နှစ်အရွယ်သာ ရှိသေးပြီး ဖြူစင်မှုများနှင့် စိတ်ကူးယဉ်မှုများဖြင့် ပြည့်နှက်နေခဲ့၏။ သူမသည် ပန်းချီကားကို ကောင်းမွန်စွာ ဆွဲနိုင်သရွေ့ ပန်းချီကားထဲရှိ တိရစ္ဆာန်ငယ်လေးများကို အသက်သွင်းပေးနိုင်မည်ဟုပင် ခံစားမိနေပုံပင်။

ပန်းချီကားသည် အသက်ဝိညာဉ်နှင့် ပြည့်စုံနေသရွေ့ ပန်းချီကားထဲမှ တိရစ္ဆာန်ငယ်လေးသည် အခြားလောက တစ်ခုတွင် မွေးဖွားလာလိမ့်မည်ဟု ယုံကြည်ထားခဲ့ရှာသည်။ သူမသည် စစ်မှန်သော မင်းသမီးလေးတစ်ပါး ဖြစ်သည်။ သူမ၏ နှလုံးသားတစ်ခုလုံးသည် ပန်းရောင်သန်းနေပြီး ပြီးပြည့်စုံသော ဖြူစင်ခြင်း၊ ကြင်နာခြင်းတို့ဖြင့် ပြည့်နှက်နေခဲ့သည်။

ရှမ့်လန်သည် သမီးဖြစ်သူ၏ ဒိုင်ယာရီကို ကြည့်ရင်း နှလုံးသားများ အရည်ပျော်ကျသွားမတတ် ခံစားလိုက်ရ၏။ ရှမ့်မီသည် တစ်ချိန်က သူ့အချစ်ဆုံး ဖြစ်ခဲ့ဖူးသည်။ ထျန်းရွဲ့မြို့တွင် ရှိစဉ်က သူသည် သူမကို နေ့တိုင်းလိုလို ပွေ့ဖက်၊ ချီပိုးထားလေ့ ရှိ၏။ ဆားမစားတတ်သေးသည့် အရွယ်ကပင် သူသည် ဖရဲစေ့များကို ခွာပြီး သူမအား ကျွေးခဲ့ဖူး၏။

ထိုစဉ်က ရှမ့်မီ၌ သွားမပေါက်သေးသဖြင့် ဖရဲစေ့တစ်စေ့ကို ပါးစပ်ထဲတွင် တစ်နာရီကြာအောင် ငုံထားနိုင်ခဲ့၏။

ရှမ့်မီသည် ငယ်စဉ်တည်းက ကောင်းစွာ ကာကွယ်စောင့်ရှောက်ခြင်း ခံခဲ့ရသည်။ သူမ၏ မြင်ကွင်းထဲတွင် မြင်တွေ့ရသော အရာအားလုံးသည် လှပသော အိပ်မက်တစ်ခုအလား ဖြစ်နေခဲ့၏။ ယခု သူမ ဘယ်ရောက်သွား သနည်း။

ယောင်ယောင်၏ ဝိညာဉ်မိခင်မှာ မီဒူဆာမျိုးနွယ် ဘုရင်မနာလူ ဖြစ်သောကြောင့် ရှမ့်လန်သည် ယောင်ယောင်ကို ကြိုတင်၍ ပို့ဆောင်ထားခဲ့ခြင်း ဖြစ်သည်။ သူမ ဆက်လက် နေထိုင်နေပါက အသက်အန္တရာယ် ရှိနိုင်သည်။ သို့သော်ငြား ယခုအခါ ရှမ့်မီပင် ပျောက်ဆုံးသွားခဲ့သည်။

ထို့နောက် ရှမ့်လန်သည် ရှမ့်လီ၏ ဒိုင်ယာရီကို တွေ့လိုက်ရသည်။ ဤကလေး၏ လက်ရေးသည် အမှန်တကယ် ကောင်းမွန်ပြီး စေ့စပ်သေချာလှသည်။ ဤမျှ ငယ်ရွယ်သော အရွယ်နှင့်ပင် သူ၏ စွမ်းရည်မှာ အတော်လေး လေးနက် နက်ရှိုင်းနေခဲ့ပြီ ဖြစ်၏။

သူ၏ ဒိုင်ယာရီသည် တာဝန်ဝတ္တရားများဖြင့် ပြည့်နှက်နေသည်။ သူသည် (၁၀) နှစ်အရွယ်သာ ရှိသေး သော်လည်း အရေးကြီးသော ကိစ္စရပ်များကို တွေးတောနေခဲ့ပြီ ဖြစ်သည်။ ဒိုင်ယာရီထဲတွင် သူသည် ဦးစွာပထမ တနေ့တာအတွက် တော်ဝင်ချန်မင်းဆက်၏ သမိုင်းကြောင်းအပေါ် သူ၏အမြင်များကို ရေးသားထားပြီး၊ ထို့နောက်တွင် ဂဏန်းသင်္ချာအပေါ် သူ၏ အမြင်များကို ဆက်လက် ရေးသားထားသည်။

အတိုချုပ် ပြောရလျှင် သူ၏ ဒိုင်ယာရီသည် ရေးသားထားသော အစီရင်ခံစာ တစ်စောင်ကဲ့သို့ အလွန်လေးနက် တည်ကြည်နေသည်။ သို့သော်ငြား ဒိုင်ယာရီဆိုသည်မှာ အလွန် ကိုယ်ရေးကိုယ်တာဆန်သော စာသား ဖြစ်သောကြောင့် ပေါ့ပေါ့ပါးပါး ရှိသင့်သည်။ ပုံစံချခြင်း၊ သို့တည်းမဟုတ် အရေးအသား ပုံစံများကိုပင် အာရုံစိုက်နေရန် မလိုအပ်ချေ။

သို့သော်ငြား ရှမ့်လီ၏ ဒိုင်ယာရီ တစ်ခုလုံးသည် ခမ်းနားလေးနက်ပြီး စနစ်ကျလွန်းနေသည်။ ရှမ့်လီသည် ဒိုင်ယာရီကို စာလုံးတစ်လုံးချင်း၊ စာကြောင်းတစ်ကြောင်းချင်း ဖြောင့်တန်းညီညာစွာ ရေးသားနေပုံကို ရှမ့်လန် ခံစားမိနေသည်။

ရှမ့်လန်၏ ကလေးတစ်ယောက်စီတွင် မတူညီသော ကိုယ်ရည်ကိုယ်သွေးများ ရှိကြရာ ရှမ့်လီသည် အလွန် ထူးခြားသူ ဖြစ်သည်။ သူသည် အလွန် ထက်မြက်သူ မဟုတ်သလို ရှမ့်ယီ သို့မဟုတ် လိုကီလောက် မထက်မြက်ချေ။ သူ၏ IQ သည် ပျမ်းမျှထက် အနည်းငယ်သာ ပိုသော်လည်း သူသည် အလွန်တရာ လေးနက်တည်ကြည်သူ ဖြစ်၏။

မည်သည့်အရာကို လုပ်သည်ဖြစ်စေ သူသည် အကောင်းဆုံး လုပ်ဆောင်တတ်ပြီး ပြီးပြည့်စုံမှုကို ဂရုမူတတ်သလို၊ မိမိကိုယ်ကိုလည်း အလွန်မြင့်မားသော ကိုယ်ကျင့်တရား စံနှုန်း သတ်မှတ်ထားသူ ဖြစ်သည်။

သူ လေးငါးနှစ်သား အရွယ်ကတည်းက လူကြီးလေးတစ်ယောက်ကဲ့သို့ ဖြစ်နေခဲ့၏။ သို့သော်ငြား ရင့်ကျက်လွန်းသော ရှမ့်ယီနှင့် မတူသည်မှာ ရှမ့်လီ၏ လေးနက်တည်ကြည်မှုတွင် ကလေးတစ်ယောက်၏ ချစ်စရာကောင်းသော စိတ်နေသဘောထားများ ပါဝင်နေသည်။

နှစ်နှစ်၊ သုံးနှစ်သား အရွယ်ကတည်းက ရှမ့်လီသည် အနာဂတ်တွင် ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်ကြီး တစ်ဦး ဖြစ်လာလိမ့်မည်ဟု လူတိုင်းလိုလို သုံးသပ်ခဲ့ကြသည်။ အကယ်၍ ရှမ့်ယီသာ ပေါ်မလာခဲ့ပါက ရှမ့်လီသည် ရှမ့်လန်၏ အကောင်းဆုံး အမွေဆက်ခံသူ ဖြစ်လာပေလိမ့်မည်။ အမှန်စင်စစ်တွင် နင်ယွမ်ရှန်းနှင့် နင်ကျန်းနှစ်ဦးစလုံးသည် ရွှဲ့ပြည်နယ်ကို ရှမ့်ယီအား လက်ဆင့်ကမ်းပေးလိုကြ၏။

အပိုင်း (၁၃၀၄)

ဒိုင်ယာရီထဲတွင် ရှမ့်လီသည် နောက်ဆုံး၌ သူ၏ စိတ်သောကများကို ရေးချထားခဲ့သည်။ “ကျုပ်က အဖေ့ရဲ့ သား၊ အမေ့ရဲ့ သား ဖြစ်ပါတယ်။ အဘိုးနဲ့ ဦးရီးတော်ကို စိတ်ပျက်အောင် မလုပ်ချင်ပါဘူး။ နင်မျိုးနွယ်ဝင် တစ်ယောက်အနေနဲ့ တာဝန်ကျေချင်ပါတယ်။ ဒါပေမဲ့ ကျုပ်ရဲ့မျိုးရိုးနာမည်က ကျန်း ဖြစ်နေတယ်။ ဒါက ကိုယ်ကျင့်တရားနဲ့ မညီဘူးလား ၊ ညီလားဆိုတာ မသိပါဘူး။”

ရှမ့်လန်သာမက ရှမ့်လီသည်လည်း ငယ်ငယ်ရွယ်ရွယ်နှင့် ထိုကဲ့သို့သော စိတ်သောကများ ရှိနေခဲ့သည်လား။ သူ၏ကိုယ်ကျင့်တရား စံနှုန်းမှာ မြင့်မားလွန်းလှပေသည်။ မင်းသမီး နင်ယန်၏ သား၊ နင်မျိုးနွယ်၏ မြေးတစ်ဦးအနေဖြင့် သူသည် နင်ယွမ်ရှန်းနှင့် နင်ကျန်းတို့ကို စိတ်ပျက်အောင် မလုပ်လိုချေ။ သို့သော်ငြား အခြားတစ်ဖက်တွင်လည်း ကျန်းမိသားစု၏ သားတစ်ဦးအနေဖြင့် ရွှဲ့ပြည်နယ်ကို ဆက်ခံရသည်မှာ မှားယွင်းသည်ဟု ခံစားနေရ၏။

သူသည် (၁၀) နှစ်အရွယ်တည်းက ဤပြဿနာကို စတင် တွေးတောနေခဲ့ပြီ ဖြစ်သည်။ ရှမ့်လန်သည် ကလေးနှစ်ယောက်၏ ဒိုင်ယာရီများကို ကိုင်လျက် ရင်ဘတ်ပေါ်တွင် တင်ထားလိုက်သည်။ ထို့နောက် နှာခေါင်းနားသို့ ကပ်ကာ ထိုစာအုပ်များမှ ရနံ့ကို ရှူရှိုက်ရန် ကြိုးစားလိုက်သည်။

“ကလေးတွေ... ငါ့ကလေးလေးတွေ... မင်းတို့ကို ကာကွယ်မပေးနိုင်ခဲ့တဲ့အတွက် ဖေဖေ တောင်းပန်ပါတယ်။ ငါ့ရဲ့ မိန်းမတွေ ... ငါ့ရဲ့ကလေးတွေ ..... ငါ့ရဲ့ မိတ်ဆွေတွေ ဘယ်ကိုရောက်ကုန်ကြတာလဲ။”

ရှမ့်လန် မျက်လုံးများကို မှိတ်ထားလိုက်ရာ သူ့ရှေ့တွင် ကလေးနှစ်ယောက် ရှိနေသကဲ့သို့ ခံစားလိုက်ရ၏။ တစ်ယောက်က ပန်းချီဆွဲနေပြီး အခြားတစ်ယောက်က စာရေးနေသည်။ သူသည် ဒိုင်ယာရီနှစ်အုပ်ကို သူနှင့်အတူ သိမ်းဆည်းထားလိုသော်လည်း ထိုသို့ မလုပ်ဆောင်နိုင်ချေ။ အဘယ်ကြောင့်ဆိုသော် သူ၏ ဝိသေသလက္ခဏာ ပေါ်သွားနိုင်ချေ ရှိသောကြောင့်ပင်။

သူသည် ဒိုင်ယာရီများကို မူလနေရာတွင် ဂရုတစိုက် ပြန်ထားလိုက်သည်။ ဤနေရာတွင် အလွန်အေးသောကြောင့် ထိုစာအုပ်များ ပျက်စီးသွားမည် မဟုတ်ချေ။

... ...

ရှမ့်လန်သည် နုရှောင့်မြို့၏ ရဲတိုက်ကြီး အပေါ်ဆုံးသို့ တက်ရောက်သွားပြီး အဝေးသို့ လှမ်းမျှော်ကြည့် လိုက်သည်။ သူ၏ မြင်ကွင်းတစ်ဆုံးတွင် အရာအားလုံးသည် လုံးဝ တိတ်ဆိတ်ငြိမ်သက်နေဆဲ ဖြစ်၏။ လူတစ်ယောက်မှ မရှိသလို၊ လှုပ်ရှားမှု အရိပ်အယောင် တစ်စုံတစ်ရာမှလည်း မတွေ့ရပေ။

အချိန် မည်မျှ ကုန်ဆုံးသွားခဲ့ပြီကို သူ သိလို၏။ တော်ဝင်ချန်အင်ပါယာ၊ ဝူ၊ ချောင်၊ ရွဲ့ နှင့် အခြားသော နိုင်ငံများ ရှိသေးရဲ့လား။ လူ့ယဉ်ကျေးမှုကြီး ကျန်ရှိနေသေးရဲ့လား။

ပုံမှန် တွက်ချက်ကြည့်မည် ဆိုပါက မရှိနိုင်တော့ဟု ဆိုရမည်။ အဘယ်ကြောင့်ဆိုသော် ဤနေရာရှိ အပူချိန်သည် အနှုတ် ခုနစ်ဆယ် သို့မဟုတ် ရှစ်ဆယ် ဒီဂရီ စင်တီဂရိတ်သို့ ကျဆင်းနေသောကြောင့်ပင်။

သူသည် ဂြိုဟ်တစ်ခုလုံးတွင် အပူဆုံး ဖြစ်သင့်သော တောင်ဘက်ပင်လယ်တွင် ရောက်ရှိနေသော်လည်း ဤနေရာသည် လုံးဝ ခဲနေခဲ့၏။ ဤသည်ကို ကြည့်ခြင်းအားဖြင့် လောကကြီးတစ်ခုလုံး ရေခဲဖုံးသွားခဲ့ပြီ ဖြစ်ကြောင်း၊ အမြင့်ဆုံး အပူချိန်မှာ အနှုတ် ငါးဆယ် ဒီဂရီ စင်တီဂရိတ် ဖြစ်ကြောင်း သက်သေပြနေသည်။ ယေဘုယျအားဖြင့် ဆိုရလျှင် ဤလောက၏ယဉ်ကျေးမှုသည် ပျက်သုဉ်းသွားခဲ့ပြီ ဖြစ်နိုင်၏။ သို့သော်ငြား ရှမ့်လန် မယုံကြည်နိုင်ခဲ့ချေ။

နုရှောင့်မြို့မှ ထွက်ခွာရမည့်အချိန်သို့ ရောက်ရှိလာခဲ့သည်။ ရှမ့်လန်သည် နုရှောင့်မြို့ကို အဓိပ္ပာယ်ပါပါ တစ်ချက် လှမ်းကြည့်လိုက်သည်။

“နှုတ်ဆက်ခဲ့ပါတယ်။ ငါ့ရဲ့ အိမ်လေးရေ...”

သူ၏ နောက်ထပ်ပန်းတိုင်မှာ ရွှမ်ဝူမြို့သို့ သွားရောက်ရန် ဖြစ်၏။ ဤသည်မှာ ဤလောကသို့ သူ ရောက်ရှိလာပြီးနောက် ပထမဆုံးသော အိမ် ဖြစ်ခဲ့ဖူးသည်။ ရွှမ်ဝူအိမ်တော်သည် နုရှောင့်မြို့မှ မိုင်ပေါင်း နှစ်ထောင်အောက်သာ ကွာဝေး၏။

ရှမ့်လန်သည် အနောက်ဘက်သို့ ဦးတည်၍ ဆက်လက် ပြေးလွှားသွားခဲ့သည်။

... ...

နာရီအနည်းငယ် ကြာပြီးနောက် ရှမ့်လန်သည် ရေခဲဖုံးနေသော ပင်လယ်ပြင်တစ်လျှောက် ပြေးလွှားလာခဲ့ရာ ကုန်းမြေကို ပြန်လည် မြင်တွေ့လိုက်ရသည်။ အမှန်စင်စစ်တွင်မူ ကုန်းမြေနှင့် ပင်လယ်ကြား နယ်နိမိတ်မှာ အလွန် ဝေဝါးနေသည်။ အဆုံးအစမဲ့ ရေခဲနှင့် နှင်းများသာ ရှိပြီး ပင်လယ်ပြင်သည် လုံးဝ ခဲနေခဲ့၏။

သို့သော်ငြား ကုန်းမြေပေါ်တွင် တောင်တန်းများ၊ မြို့များနှင့် ကျေးရွာများ ရှိနေသည်။ ရှမ့်လန်သည် ရွှဲ့ပြည်နယ်၏ မြေပေါ်သို့ ခြေချလိုက်မိ၏။ ဤနေရာတွင် အလွန်အေးစက်နေသော်လည်း သူ၏ နှလုံးသား မှာမူ ပို၍ပင် အေးစက်နေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဤနေရာရှိ အိမ်များ၊ မြို့ပြများသည် လုံးဝ ဗလာဟင်းလင်း ဖြစ်နေသောကြောင့်ပင်။

လူတစ်ယောက်မှ မရှိချေ။ မြေပြင်ပေါ်ရှိ နှင်းများသည် ဆယ်မီတာကျော် မြင့်မားသော်လည်း ခြေရာတစ်ရာမှ မရှိပေ။ လူသားတို့၏ ခြေရာကို မဆိုထားနှင့်၊ ငှက်များ၊ သားရဲတိရစ္ဆာန်များပင် မရှိချေ။ လောကကြီးတစ်ခုလုံး ရပ်တန့်နေသကဲ့သို့ပင်။

ရှမ့်လန် လျင်မြန်စွာ ပြေးလွှားလာခဲ့ရာ ရင်းနှီးကျွမ်းဝင်နေသော ရွှမ်ဝူမြို့သို့ ရောက်ရှိလာခဲ့သည်။ ရင်းနှီး ကျွမ်းဝင်နေသော မြို့ရိုးကြီး ဖြစ်သော်လည်း စိမ်းသက်နေပြန်၏။ အဘယ်ကြောင့်ဆိုသော် ရေခဲနှင့် နှင်းများ လုံးဝ ဖုံးလွှမ်းနေသဖြင့် အကြမ်းဖျင်း ပုံသဏ္ဍာန်ကိုသာ မြင်တွေ့ရသည်။

ရွှမ်ဝူမြို့ တစ်ခုလုံးသည် ရေခဲနှင့် နှင်းလွှာများအောက်တွင် ဖုံးလွှမ်းနေခဲ့သည်။ ရှမ့်လန် မြို့ထဲသို့ ဝင်ရောက် လာခဲ့၏။ အိမ်များသည် ရေခဲနှင့် နှင်းများအောက်တွင် နစ်မြုပ်လုနီးပါး ဖြစ်နေကြသည်။ ရေခဲနှင့် နှင်းများကို တူးဖော်ကြည့်လိုက်သော်လည်း ဗလာဟင်းလင်းသာ ဖြစ်နေဆဲပင်။

ရွှမ်ဝူမြို့ရှိ အိမ်အားလုံးသည် လူသူကင်းမဲ့နေပြီး လမ်းမများပေါ်တွင်လည်း ခြောက်ကပ်နေခဲ့သည်။

‘ဒါက ပုံမှန် မဟုတ်ဘူး။ တကယ့်ကို ပုံမှန် မဟုတ်ဘူး။’

ဤကဲ့သို့သော ပတ်ဝန်းကျင် အနေအထားမျိုးတွင် သက်ရှိလူသားများ မရှိလျှင်တောင် အလောင်းများ ရှိနေသင့်သည်။ ထို့အပြင် ရာသီဥတု အလွန်အေးသဖြင့် ဆယ်စုနှစ်များစွာ ကြာလျှင်ပင် အလောင်းများ ပုပ်သိုးသွားမည် မဟုတ်ချေ။ အလောင်းများ ပုပ်သိုးသွားသည် ထားဦး။ အရိုးစုများတော့ ကျန်ရှိနေသင့်သည်။ သို့သော်ငြား ဘာမှ မရှိချေ။ လုံးဝ ဗလာဟင်းလင်း ဖြစ်နေ၏။

ဤအရာသည် ထူးဆန်းလွန်းသည်၊ ဆန်းကြယ်လွန်းလှသည်။ အဘယ်ကြောင့် မြို့ထဲတွင် သက်ရှိလူသား တစ်ယောက်မှ၊ အလောင်း တစ်ခုမှ မရှိရသနည်း။ ရှမ့်လန်သည် ရွှမ်ဝူမြို့မှ ထွက်ခွာပြီး ရွှမ်ဝူမြို့စားကြီး၏ စံအိမ်တော်၊ ကျင်းမိသားစု၏ ရဲတိုက်ကြီးဆီသို့ အပြေးသွားလိုက်သည်။

... ...

ဤနေရာကို ရှမ့်လန်၏ စစ်မှန်သောအိမ်ဟု သတ်မှတ်နိုင်သည်။ သူနှင့် မူလန်တို့သည် ဤနေရာတွင် ပျော်ရွှင်စရာ အကောင်းဆုံး အချိန်များကို ကုန်ဆုံးခဲ့ကြဖူး၏။ ထိုအချိန်က သူသည် ကျင်းမိသားစုသို့ ဝင်ရောက်စသာ ရှိသေးသည်။ သူသည် ရွှမ်ဝူစံအိမ်တော်တွင် တစ်နှစ်နီးပါး နေထိုင်ခဲ့ဖူး၏။

သူ၏ အေးဆေးတည်ငြိမ်သော နေ့ရက်များ မည်သည့်အချိန်က ကုန်ဆုံးသွားခဲ့သနည်း။ စုနန်ကို သတ်ဖြတ်ရန် ခရီးစတင်ပြီး မြို့တော် ထျန်းရွဲ့သို့ ဝင်ရောက်ခဲ့ချိန်က ဖြစ်၏။ ထိုအချိန်မှစ၍ ရှမ့်လန်သည် အလွန် အလုပ်ရှုပ်သော ဘဝထဲသို့ ဝင်ရောက်ခဲ့ရသည်။ သူ၏ ရန်သူများကို တစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်ခဲ့ရသည်။

ရန်သူစာရင်းထဲမှ နောက်ဆုံးနာမည်ကို ဖယ်ရှားလိုက်သည်နှင့် အနားယူကာ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းတော့မည်ဟု အမြဲ တွေးထင်ခဲ့ဖူးသည်။ သို့သော်ငြား တော်ဝင်ရန် အင်ပါယာသေဆုံးပြီးနောက် သူ၏အကြီးမားဆုံးသော ရန်သူ၊ မိုးကောင်းကင်အောက်ရှိ အကြီးမားဆုံးသော ရန်သူသည် သူ့ထံသို့ ဆင်းသက် လာခဲ့သည်။ သူ၏ ဖခင် ... ကျန်းလီပင် ဖြစ်၏။

ရှမ့်လန်သည် ရွှမ်ဝူစံအိမ်တော်ထဲသို့ ဝင်ရောက်လာခဲ့သည်။ ယခုအခါ ရွှမ်ဝူနယ်စားကြီး၏ စံအိမ်တော်ဟု ခေါ်ဆိုရပေမည်။ ထူးဆန်းသည်မှာ ရွှမ်ဝူမြို့သည် နှင်းများဖုံးလွှမ်းနေသော်လည်း ကျင်းမိသားစု၏ စံအိမ်တော်မှာမူ ဖုံးလွှမ်းခြင်း မရှိချေ။ ဤနေရာရှိ နှင်းများသည် တစ်ပေခန့်သာ ထူသည်။

ဤသည်မှာ သိသာထင်ရှားစွာပင် ပုံမှန် မဟုတ်ချေ။ ဤနေရာသည်လည်း နှင်းများ ဖုံးလွှမ်းနေသင့်သည်။ အဘယ်ကြောင့် တစ်ပေခန့်သာ ထူရသနည်း။ သို့သော်ငြား နှင်းပြင်ပေါ်တွင် ခြေရာများ မရှိချေ။ သူ နင်းလျှော်လာသည့် ခြေရာများသာ ရှိ၏။

သူသည် စစ်ရေးပြကွင်း၊ ပင်မခံတပ်တို့ကို ဖြတ်ကျော်ပြီး နောက်ဖေးခြံဝင်းသို့ ရောက်ရှိလာခဲ့သည်။

ဤနေရာသည် ရှမ့်လန်နှင့် မူလန်တို့၏ ခြံဝင်းငယ်လေး ဖြစ်၏။ သူတို့သည် ရေတွက်၍မရနိုင်သော ပျော်ရွှင်ဖွယ်ရာ၊ အံ့ချီးဖွယ်ရာ နှစ်ကာလများကို ဤနေရာတွင် ကုန်ဆုံးခဲ့ကြသည်။ သဘာဝကျစွာပင် သူတို့ ရှက်ရွံ့ခြင်း မရှိခဲ့သော အချိန်ကာလများလည်း ဖြစ်ခဲ့၏။

သူသည် အခန်းထဲသို့ ဝင်လိုက်သည်။ အပြင်ဘက်တွင် စာကြည့်ခန်း ရှိ၏။ သန့်ရှင်းသပ်ရပ်နေဆဲပင်။ နှင်းများ မရှိချေ။ ရှမ့်လန်သည် နံရံတစ်ခုအောက်တွင် ရပ်လိုက်သည်။ ဤနံရံသည် သူ၏ ရန်သူစာရင်းကို ရေးသားခဲ့သော နံရံဖြစ်၏။ သို့သော်ငြား အင်္ဂတေအလွှာဖြင့် ဖုံးအုပ်ထားသဖြင့် ယခုအခါ ဗလာဖြစ်နေသည်။

ရှမ့်လန်သည် အင်္ဂတေကို ခွာလိုက်ရာ ရန်သူစာရင်း ပေါ်ထွက်လာခဲ့သည်။ အမည်အများစုမှာ ကြက်ခြေခတ်ခြင်း ခံထားရပြီ ဖြစ်၏။ စုနန်၊ အိမ်ရှေ့စံ၊ ရွှယ်မိသားစု နှင့် အခြားသူများ၊ သဘာဝကျစွာပင် တော်ဝင်ရန်အင်ပါယာ၏ အမည်မှာ စာရင်းထဲတွင် မပါရှိချေ။ နောက်ဆုံးရေးသားထားသည်မှာ ကောကျင်း ဖြစ်၏။

‘အား... အတော်လေး ကိုးရိုးကားရား နိုင်တာပဲ။’

ရှမ့်လန်၏ ရန်သူစာရင်းတွင် ဟာသများစွာ ပါဝင်နေသည်။ တချို့မှာ ရန်သူအစစ်များ ဖြစ်ကြသော်လည်း တချို့မှာမူ သစ္စာရှိ လက်အောက်ငယ်သားများ ဖြစ်လာခဲ့ကြ၏။ စုနန်သည် ထိုသူများထဲမှ တစ်ဦး ဖြစ်သည်။ တချို့မှာ ချစ်သူများ ဖြစ်လာကြသော တချို့မှာ ရန်သူများ ဖြစ်၏။ ထိုသူမှာ ရှစ်ချင်းချင်း ဖြစ်ရပေမည်။ တချို့မှာ သားအဖသဖွယ် ရင်းနှီးသွားကြသူများ ဖြစ်၏။ နင်ယွမ်ရှန်းမှာ ထိုသူများထဲမှ တစ်ဦး ဖြစ်မည်။

ကောကျင်း ဆိုသည်မှာ မင်းသားကျင်းဟု အသံထွက် ဆင်တူသည်။ ထိုစဉ်က ရှမ့်လန်သည် ရွှဲ့ပြည်နယ်တွင် ရှိနေသေးသဖြင့် မင်းသားဟူသော စကားလုံးကို မရေးရဲခဲ့ချေ။

ယခုအခါ ‘မင်းသား’ ဟူသော စကားလုံးဘေးတွင် မျက်နှာတစ်ခု ရေးဆွဲထားသည်ကို တွေ့ရသည်။ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်တို့ ပါရှိသော်လည်း မျက်နှာထား မရှိချေ။ လျှာထုတ်ထားပြီး နားရွက်များမှာ ခွေးနားရွက်များ ဖြစ်၏။ မျက်နှာ အသွင်အပြင်ကို ကြည့်ရသည်မှာ ရှမ့်လန်၏ မျက်နှာနှင့် တူနေသည်။

ဤပုံကို ရှမ့်လန် ရေးဆွဲခဲ့ခြင်း ဖြစ်၏။ သူ ကိုယ်တိုင် လုပ်ဆောင်ခဲ့သည်ဟု ဆိုရပေမည်။ ဆိုလိုရင်းမှာ

‘ကျုပ်က မင်းသားကျင်းကို ကျုပ်ရန်သူလို့ သတ်မှတ်တယ်။ အခု ဒီနာမည်ကို ကျုပ် ပြန်ရုပ်သိမ်းချင်တယ်။ ကျုပ် ရှမ့်လန်က ကတိမတည်ဘူး။ ဒါကြောင့် ကျုပ်က အရှက်မရှိဘူး။ ကျုပ်က ခွေးတစ်ကောင်ပဲ။’

ခွေးပေါက်စလေး၏ နားရွက်များကိုပင် ပင်းအာ ရေးဆွဲပေးခဲ့ခြင်း ဖြစ်၏။ ပင်းအာသည် တစ်ချိန်က ရှမ့်လန်နှင့် အရင်းနှီးဆုံးသော သူတစ်ဦး ဖြစ်ခဲ့ဖူးသည်။ သူတို့ အတူတကွ ကုန်ဆုံးခဲ့သော အချိန်များသည် မူလန်နှင့် ကုန်ဆုံးခဲ့သော အချိန်များထက်ပင် ပိုမို ကြာရှည်ခဲ့၏။ သူမသည် ရှမ့်လန်အပေါ်တွင်သာ စိတ်နှစ်ထားခဲ့သည်။ ရှမ့်လန်သည် သူမ၏ လောကတစ်ခုလုံး ဖြစ်ခဲ့သည်။

သို့သော်ငြား နောက်ပိုင်းတွင် ရှမ့်လန် အလွန်အလုပ်များလာသဖြင့် သူတို့နှစ်ဦး အတူရှိချိန် နည်းပါးလာ ခဲ့ရသည်။ ထို့ကြောင့် ပင်းအာသည် ကလေးများကိုသာ အာရုံစိုက်ခဲ့သည်။ သူမသည် ကလေးများကို ကောင်းမွန်စွာ စောင့်ရှောက်ခဲ့၏။

ဤကောင်မလေးက ရက်စက်ပြီး အထက်ဖားအောက်ဖိ လုပ်တတ်သော်လည်း ဇနီကောင်း၊ မိခင်ကောင်းတစ်ယောက်ဖြစ်သည်။ သူမသည် ခင်ပွန်းနှင့် ကလေးများကို ကောင်းမွန်စွာ ပြုစု စောင့်ရှောက်ခဲ့၏။ သူ့အတွက် မီးဖိုချောင်တွင်သာမက အိပ်ခန်းထဲတွင်ပါ ထိပ်တန်းအဆင့် ရှိသူ ဖြစ်သည်။

ရှမ့်လန်သည် နံရံပေါ်ရှိ ရန်သူစာရင်းကို ကြည့်ရင်း စိတ်ဝင်တစား ဖြစ်နေမိ၏။ ခေတ္တမျှ ကြာပြီးနောက် အချိန်အတော်ကြာပြီးနောက် ရေနွေးကြိုကာ ထုံးများကို ဖျော်စပ်ပြီး ရန်သူစာရင်းကို ထုံးပြန်သုတ် လိုက်တော့၏။

... ...

ရှမ့်လန်သည် ရွှမ်ဝူမြို့စားကြီး၏ စံအိမ်တော်မှ ထပ်မံ ထွက်ခွာလာခဲ့သည်။ ဤနေရာတွင် မည်သူမှ မရှိချေ။ ဆက်လက် နေထိုင်နေခြင်းသည် သူ၏ ဝမ်းနည်းမှုကို ပိုမို တိုးပွားစေရုံသာ ရှိပေလိမ့်မည်။ သို့သော်ငြား မျှော်လင့်ချက် ရောင်ခြည်တစ်ခု ရှိနေသေး၏။ ဤနေရာရှိ အိမ်များကို သန့်ရှင်းရေး လုပ်ထားကြောင်း တွေ့ရသည်။ ဤနေရာရှိ နှင်းများသည် တစ်ပေခန့်သာ မြင့်၏။ တစ်စုံတစ်ယောက် ရောက်ရှိခဲ့ပုံ ရသည်။ ထို့အပြင် လွန်ခဲ့သော လအနည်းငယ် အတွင်းက ဖြစ်နိုင်သည်။

ထို့ကြောင့် ဤလောကကြီး ပျက်သုဉ်းသွားခြင်း မရှိသေးပေ။ မျှော်လင့်ချက် ရှိနေသေး၏။ ရှမ့်လန်၏ ခန့်မှန်းချက်အရ ဤလောကသည် အလွန် အေးစက်နေပြီ ဖြစ်သည်။ အသက်ရှင် ကျန်ရစ်သူများ ရှိလျှင်ပင် သူတို့သည် ကြီးမားသော စုဝေးရာနေရာအချို့တွင် နေထိုင်ရန် လိုအပ်ပေလိမ့်မည်။ ထိုမှသာ ဗဟို အပူပေး စနစ်ကို ရရှိနိုင်မည်။

သို့သော်ငြား အစားအစာက မည်သည့်နေရာက ရမည်နည်း။ ဤမျှ အေးစက်သောရာသီဥတုတွင် မည်သည့် အပင်ကိုမှ စိုက်ပျိုးရန် မဖြစ်နိုင်ချေ။ သဘာဝကျစွာပင် မွေးမြူရေး လုပ်ငန်းများကိုလည်း လုပ်ဆောင်နိုင်မည် မဟုတ်ပေ။

သို့သော်ငြား စုဝေးရာနေရာတစ်ခု ရှိခဲ့လျှင် ထိုနေရာသည် ရွှဲ့ပြည်နယ်၊ ထျန်းနန်စီရင်စု၏ မြို့တော် ဖြစ်သော ထျန်းနန်မြို့ ပင် ဖြစ်သင့်သည်။ အကယ်၍ ထျန်းနန်ပြည်နယ်တွင် စုဝေးရာ နေရာတစ်ခုမှ မရှိပါက အသက်ရှင်ကျန်ရစ်သူ အလွန်နည်းပါးသည်ဟု ဆိုလိုခြင်း ဖြစ်၏။ မြို့တော်ထျန်းရွဲ့တွင်သာ မျှော်လင့်ချက် ရှိတော့မည် ဖြစ်သည်။

ထို့ကြောင့် ရှမ့်လန်၏ ပထမဆုံး ခရီးပန်းတိုင်မှာ ထျန်းနန်မြို့ပင် ဖြစ်သည်။ ဤနေရာမှ မိုင်ပေါင်း ခုနစ်ရာအောက်သာ ကွာဝေး၏။ ရှမ့်လန်သည် နှင်းဖုံးနေသော မြေပြင်ကို ဖြတ်ကျော်ကာ ထျန်းနန်မြို့ဆီသို့ နောက်တစ်ကြိမ် အရှိန်ဖြင့် ပြေးလွှားသွားလိုက်၏။

နာရီအနည်းငယ် ကြာပြီးနောက် ...

ရှမ့်လန်သည် ထျန်းနန်မြို့၏ အရှေ့ဘက်ရှိ မြင့်မားသော တောင်တစ်လုံး ပေါ်တွင် ရပ်နေမိသည်။ သူသည် ထျန်းနန်မြို့ကို လှမ်းမြင်လိုက်ရပြီး အလွန်တရာ တုန်လှုပ်ဖွယ်ရာကောင်းသော မြင်ကွင်းတစ်ခုကို တွေ့လိုက်ရသည်။

ထူးဆန်းသည်လား။ အံ့ဩစရာလား။ ရင်သပ်ရှုမောဖွယ်လား။ အံ့ဖွယ်အမှုလား။

ထျန်းနန်မြို့သည် ရှိနေဆဲ ဖြစ်သော်လည်း လုံးဝ ပြောင်းလဲသွားခဲ့သည်။ ထျန်းနန်မြို့၏ ဧရိယာ တစ်ခုလုံးသည် အဆပေါင်း နှစ်ဆယ်ကျော် တိုးချဲ့လာခဲ့၏။

မူလက ထျန်းနန်မြို့တွင် လူဦးရေ သုံးသိန်းသာ ရှိခဲ့၏။ ဧရိယာမှာ စတုရန်းကီလိုမီတာ သုံးဆယ်အောက်သာ ရှိခဲ့သည်။ ယခုအခါ ဤမြို့ကြီးသည် စတုရန်းကီလိုမီတာ နှစ်ထောင်ကျော် ကျယ်ဝန်းနေပြီ ဖြစ်သည်။

‘ဒီမြို့ရဲ့ ဧရိယာက ရန်မြို့တော်ထက်တောင် ပိုကျယ်နေပါလား။’

ဤသည်မှာ အထူးဆန်းဆုံး အရာ မဟုတ်သေးပေ။ ပို၍ တုန်လှုပ်စရာ ကောင်းသည်မှာ မြို့တော်တစ်ခုလုံးကို လွှမ်းခြုံထားသော အလွန် ကြီးမားသည့် အမိုးခုံးကြီး ရှိနေခြင်းပင်။

ဤအမိုးခုံးကြီးသည် အချင်း ကီလိုမီတာ ရှစ်ဆယ်ကျော် ရှိသည်။ အမိုးခုံးအောက်ရှိ ဧရိယာမှာ စတုရန်း ကီလိုမီတာ ငါးထောင်ကျော် ရှိ၏။

မြောက်ဝင်ရိုးစွန်းရှိ ကျောက်စိမ်းဖြူမြို့တော်တွင်လည်း ထိုကဲ့သို့သော အမိုးခုံးကြီးတစ်ခု ရှိခဲ့ဖူးသည်။ အချင်း နှစ်ထောင်၊ သုံးထောင် မိုင်ခန့် ရှိခဲ့၏။ သို့သော်ငြား ထိုအမိုးခုံးမှာ အဖြူရောင် ဖြစ်ပြီး သူ့ရှေ့ရှိ ထျန်းနန်မြို့၏ အမိုးခုံးမှာမူ အပြာရောင် သန်းနေပြီး တစ်ဖက်ကို ဖောက်ထွင်း မြင်နိုင်သော အရာဖြစ်သည်။

All Chapters