← Chapters

အခန်း (၁၃၀၅-၁၃၀၆)

Vol. 75 Ch. 1305-1306

အခန်း (၁၃၀၅-၁၃၀၆)

Vol. 75 Ch. 1305-1306

အပိုင်း (၁၃၀၅)

ဤအမိုးခုံးသည် ထျန်းနန်မြို့တစ်ခုလုံးကို ကာကွယ်ပေးထားသည့် ကြီးမားသော စွမ်းအင်ဒိုင်းကြီး တစ်ခုအလား ဖြစ်နေ၏။ ဤအမိုးခုံးမှာ တစ်ဖက်ကို ဖောက်ထွင်းမြင်နိုင်သဖြင့် အတွင်းဘက်ရှိ ပြည့်သိပ် နေသော အိမ်များကို ရှမ့်လန် အကြမ်းဖျင်း မြင်တွေ့နေရသည်။ သစ်တောအုပ်ကြီး တစ်ခုအလားပင်။

ထို့အပြင် ဤအိမ်များသည် ထူးဆန်းစွာ မြင့်မားနေကြ၏။ အနိမ့်ဆုံးမှာ မီတာ ဆယ်ဂဏန်း ရှိပြီး အမြင့်ဆုံးမှာ မီတာ ရာဂဏန်း ရှိသည်။ သို့သော်ငြား ခေတ်သစ် လောကမြေမှ မိုးမျှော်တိုက်များနှင့် မတူချေ။ ရှေးဆန်ပြီး ရိုးရှင်းနေဆဲ ဖြစ်၏။

ရှမ့်လန် နားလည်လိုက်သည်။ ဤအမိုးခုံးသည် ပြင်ပမှ အအေးဒဏ်ကို ကာကွယ်ပေးထားပြီး မြို့ထဲရှိ လူများကို အသက်ရှင်သန်စေနိုင်ခြင်း ဖြစ်၏။ သို့သော်ငြား အစားအစာနှင့် စွမ်းအင်ကို မည်သည့်နေရာက ရသနည်း။ ဤမျှ ကြီးမားသော မြို့ကြီးထဲတွင် လူမည်မျှ နေထိုင်ကြသနည်း။ အလွန် များပြားလိမ့်မည်။

သံသယဖြစ်ဖွယ် မရှိဘဲ ဤမျှကြီးမားသော အမိုးခုံးကြီး၊ ဤမျှ တုန်လှုပ်ဖွယ်ကောင်းသော မြို့တော်နှင့် ဤမျှ ရှုပ်ထွေးသောပုံစံသည် ကျန်းလီ၏ လက်ရာသာ ဖြစ်ရပေမည်။ ထိုကဲ့သို့သော မြို့တစ်မြို့ကို တည်ဆောက်နိုင်စွမ်း သူတစ်ဦးတည်း၌သာ ရှိသည်။

မီတာ ဆယ်ဂဏန်း၊ ရာဂဏန်းရှိသော အိမ်များ ဖြစ်သော်လည်း မိုးမျှော်တိုက်များ မဟုတ်ဘဲ ရှေးဟောင်းပုံစံများဖြင့် ပြည့်နှက်နေသည်။ အမှန်တကယ်ပင် ဆန့်ကျင်ဘက် အလှတရားဖြစ်၏။

ထို့နောက် သူ ဤမြို့ထဲသို့ ဝင်သင့်လား။ သူ ဝင်လို့ ရနိုင်မည်လား။ ဟုတ်ပေသည်။ ရနိုင်၏။ အမိုးခုံး၏ အရှေ့ဘက်တွင် ဝင်ပေါက်တစ်ခု ရှိသည်။ လူများ ပြည့်သိပ်နေပြီး အမိုးခုံးအတွင်းရှိ ထျန်းနန်မြို့ထဲသို့ အဆက်မပြတ် ဝင်ရောက်နေကြသည်။

လူတိုင်းသည် လုပ်သားများ ဖြစ်ကြသည်။ အဘယ်ကြောင့်ဆိုသော် ရေခဲ၊ ကျောက်တုံးနှင့် သစ်သားများကို အမိုးခုံးထဲသို့ အဆက်မပြတ် သယ်ဆောင်နေကြသောကြောင့်ပင်။ အကယ်၍ ရှမ့်လန် ဝင်ရောက်လိုပါက အလွန် လွယ်ကူလှသည်။ ကျောက်တုံးကြီး တစ်တုံးကို ဆွဲသွားလိုက်ရုံသာဖြစ်၏။

... ... ...

နှစ်နာရီ ကြာပြီးနောက် ရှမ့်လန်သည် မြေပြင်ပေါ်ရှိ လူအုပ်ကြီးထဲတွင် ပေါ်လာခဲ့သည်။ ဤသူများသည် အနိမ့်ဆုံးအလွှာမှ လူများ ဖြစ်နိုင်၏။ သူတို့သည် ထူထဲသော ဝါဂွမ်းအင်္ကျီများကို ဝတ်ဆင်ထားကြပြီး စွတ်ဖားများ ကို ရုန်းကန် ဆွဲနေကြရသည်။ တိရစ္ဆာန်များကဲ့သို့ တစ်လှမ်းချင်း တစ်လှမ်းချင်းဖြင့် အမိုးခုံးထဲသို့ ဝင်ရောက်နေကြသည်။

ရှမ့်လန်သည်လည်း ကြီးမားသော စွတ်ဖားတစ်ခုကို ဆွဲထားသည်။ စွတ်ဖားပေါ်ရှိ ကျောက်တုံးကြီးများမှာ ပေါင် နှစ်ထောင်ခန့် လေးလံ၏။ သူသည် အခြား လုပ်သားများနှင့် အတူတူပင်၊ ပိုမိုမြန်ဆန်ခြင်း မရှိသလို ပိုမိုနှေးကွေးခြင်းလည်း မရှိချေ။

ဤလူအုပ်စုသည် သောင်းနှင့်ချီ ရှိသော်လည်း ဆူညံသံ လုံးဝ မရှိချေ။ ဖိနှိပ်မှုနှင့် မျှော်လင့်ချက် ကင်းမဲ့သော လေထုဖြင့် ပြည့်နှက်နေသည်။ ဤမြင်ကွင်းသည် ဗော်လဂါမြစ်ကြောင်း လေဆွဲသမားများ ပန်းချီကားနှင့် အနည်းငယ် တူညီနေ၏။ လုပ်သားတိုင်း၏ မျက်လုံးများသည် ထုံထိုင်းနေပြီး လုံးဝ အေးခဲသွားသကဲ့သို့ ဖြစ်နေကြသည်။

(ဗော်ဂါမြစ်ကြောင်း လှေဆွဲသမားများ ပန်းချီသည် ရုရှားပန်းချီဆရာ llya Repin ၏ နာမည်ကြီး ပန်းချီကားဖြစ်သည်။ လူ ၁၁ ယောက် ကြိုးကြီးတစ်ချောင်းနှင့် လှေကြီးတစ်စင်းကို ဆွဲနေသည့်ပုံဖြစ်ပြီး တစ်ယောက်ချင်းစီ၏ မျက်နှာသွင်ပြင်များက ခက်ခဲမှု၊ ပင်ပန်းမှုများကို ဖော်ညွှန်းနေသည်။ အဝတ်အစားများ ကလည်း ဟောင်းနွမ်းနေသည်။ ထို ၁၁ ယောက်ထဲတွင် ၁ ယောက်သည် ခေါင်းမော့ပြီး တက်ကြွနေပုံ ရှိသည်။ ထိုသူကို မျှော်လင့်ချက်၊ အနာဂတ် ပြောင်းလဲမှုဟု ရည်ညွှန်းသည်။ ယနေ့အထိ ရုရှားနိုင်ငံ စိန့်ပီတာဘတ် မြို့တွင် ထိန်းသိမ်းထားသည်။ - ဘာသာပြန်သူ)

ဤကျွန်အုပ်စုထဲတွင် ရောနှောကာ ရှမ့်လန်သည် ကြီးမားသော မြို့တံခါးကြီးရှေ့သို့ ရောက်ရှိလာ ခဲ့သည်။ ဤမြို့တံခါးကြီးသည် မီတာ ရာပေါင်းများစွာ မြင့်မားပြီး မီတာ သုံးဆယ် ကျယ်ဝန်းသည်။ တောင်ငယ်တစ်လုံး အလားပင်။

ထို့အပြင် မြို့တံခါးတစ်ခုလုံးသည် အမိုးခုံးထဲတွင် မြှုပ်နှံထားသကဲ့သို့ ရှိနေ၏။ အမိုးခုံးထဲသို့ ဝင်လိုသူ မည်သူမဆို ဤကြီးမားသော မြို့တံခါးကြီးကို ဖြတ်သန်းသွားရမည်။ အရှေ့၊ အနောက် ၊ တောင်၊ မြောက် ဟူ၍ ထိုကဲ့သို့သော မြို့တံခါးကြီး လေးခု ရှိသင့်သည်။

ဤမြို့တံခါး လျှောက်လမ်းသည် အလွန်ရှည်လျားပြီး မီတာ နှစ်ရာ သုံးရာခန့် ရှိသည်။ လုံးဝ မှောင်မိုက်နေပြီး ကိုယ့်လက်ချောင်း ကိုယ်ပင် မမြင်ရချေ။

ရှမ့်လန်၏ ဘေးပတ်ဝန်းကျင်တွင် စွတ်ဖားဆွဲနေသော လုပ်သားများ ရှိနေကြသည်။ သူတို့အားလုံး အသက်ရှူနေကြပြီး နှလုံးခုန်သံများ ရှိနေသော်လည်း မည်သူမှ အသံမထွက်ကြချေ။ ဤလျှောက်လမ်းထဲတွင် အထူးသဖြင့် စိတ်ဓာတ်ကျစရာ ကောင်းလှ၏။

နောက်ဆုံးတွင် မီတာ သုံးရာ လျှောက်လမ်း ဆုံးသွားခဲ့သည်။ ရှမ့်လန်သည် အမိုးခုံးထဲသို့ ဝင်ရောက်ခဲ့ပြီး ထျန်းနန်မြို့ထဲသို့ ရောက်ရှိလာခဲ့သည်။ ထို့နောက် သူ လုံးဝ မင်သက်သွားရသည်။ ယခင်က အဝေးရှိ တောင်ပေါ်တွင် ရှိနေစဉ်က အမိုးခုံး၏ စွမ်းအင်ဒိုင်းကြောင့် ရှင်းလင်းစွာ မမြင်ခဲ့ရချေ။ ပြည့်သိပ်နေသော အိမ်များကိုသာ မြင်တွေ့ခဲ့ရသည်။

ယခုမူ ရှမ့်လန်သည် မြို့တော်၏ အလှတရားကြောင့် လုံးဝ မှင်သက်သွားခဲ့ရသည်။ အမိုးခုံးအတွင်းတွင် ဤမျှ ခမ်းနားထည်ဝါသော မြို့တစ်မြို့ ရှိနေလိမ့်မည်ဟု သူ မထင်မှတ်ခဲ့မိချေ။ နွေဦးရာသီကဲ့သို့ နွေးထွေးနေပြီး ငှက်များ တေးဆိုနေကြကာ ပန်းများ မွှေးပျံ့နေသည်။ ထို့အပြင် အောက်ဆီဂျင်ပါဝင်မှုမှာ ယခင် လောကထက် ဆယ်ရာခိုင်နှုန်းခန့် ပိုမိုမြင့်မားနေသဖြင့် သူ အနည်းငယ် ယစ်မူးသွားသကဲ့သို့ ခံစားလိုက်ရ၏။

‘ဒါက ကောင်းကင်ဘုံက မြို့တော် တစ်ခုပါပဲလား။ မိုးပေါ်က မြို့တော် တစ်ခုပါလား။’

မြို့ထဲတွင် အိမ်များ ပြည့်သိပ်နေပြီး ဆယ်ထပ်၊ တချို့မှာ ထို့ထက် ပိုမြင့်မားကြသည်။ ရှမ့်လန်သည် ဤမျှ ကြီးမားသော မြို့ကြီးက အစားအစာ ပြဿနာကို မည်သို့ ဖြေရှင်းသနည်းဟု ယခင်က တွေးတောခဲ့ဖူး၏။ အိမ်များပေါ်တွင် အစားအစာများ စိုက်ပျိုးထားကြသည်။

ဆယ်ထပ်မြင့်သော အိမ်တစ်လုံးသည် လယ်ယာမြေများသာ ဖြစ်ပြီး အဆပေါင်းများစွာ ပိုမိုကျယ်ဝန်းသော မြေနေရာနှင့် ညီမျှနေသည်။ ထို့အပြင် ဤအထူး လယ်ယာမြေများပေါ်ရှိ သီးနှံများသည် ယခင်လောကနှင့် မတူညီချေ။ ကျင်းကန်တောင် ရှေးဟောင်း အပျက်အစီးများထဲမှ သီးနှံများနှင့် အလွန် တူညီနေ၏။

ဤသည်တို့မှာ ပြုပြင်မွမ်းမံထားသော ရှေးဟောင်း သီးနှံများ ဖြစ်ကြသည်။ အံ့မခန်း အထွက်နှုန်းနှင့် အံ့မခန်း ရှင်သန်နိုင်စွမ်း ရှိကြသည်။ မြို့ထဲရှိ အိမ်တိုင်းသည် မိုးပေါ်က ဥယျာဉ်တစ်ခုကဲ့သို့ပင်။ လယ်ယာမြေများ သာမက ဥယျာဉ်များ၊ ရေကန်များနှင့် စားကျက်မြေများပင် ရှိသည်။

မြို့တော်၏ ထောင့်တိုင်းတွင် ပျားရည်ကဲ့သို့ စီးဆင်းနေသော စမ်းချောင်းများနှင့် သစ်ပင်စိမ်းများဖြင့် ပြည့်နှက်နေ၏။ ရှမ့်လန်သည် မိုင်ပေါင်း သောင်းချီ လျှောက်လှမ်းခဲ့ပြီးပြီ ဖြစ်၏။ နေရာတိုင်းတွင် ရေခဲနှင့် နှင်းလောကသာ ရှိခဲ့သည်။ လူ့ယဉ်ကျေးမှုကြီး ပျက်သုဉ်းသွားပြီဟု ထင်မှတ်ရလောက်အောင် သက်ရှိ အရိပ်အယောင် မရှိခဲ့ချေ။

နုရှောင့်မြို့သည် သေမင်းတမန် တိတ်ဆိတ်နေခဲ့၏။ ရွှမ်ဝူမြို့သည် သေမင်းတမန် တိတ်ဆိတ်နေခဲ့၏။ အဆုံးအစမဲ့ အေးစက်မှုနှင့် လူသူကင်းမဲ့ခြင်းတို့ကို ဖြတ်ကျော်ပြီးနောက် သူသည် ထျန်းနန်မြို့ထဲသို့ ဝင်ရောက် လာခဲ့သည်။ ကောင်းကင်ဘုံသို့ ဝင်ရောက်လာသကဲ့သို့ အမှန်တကယ်ပင် ခံစားလိုက်ရသည်။ အမိုးခုံး အပြင်ဘက်သည် ငရဲဘုံ ဖြစ်ပြီး အမိုးခုံး အတွင်းဘက်သည် ကောင်းကင်ဘုံ ဖြစ်သည်။

... ...

သို့သော်ငြား ဤသည်မှာ တင်းကျပ်သော အဆင့်အတန်း ခွဲခြားမှု ရှိသည့် မြို့တစ်မြို့လည်း ဖြစ်သည်။ မြို့တစ်ခုလုံးသည် ဧရာမ ပိရမစ်ကြီး တစ်ခုနှင့် တူလှ၏။ လုပ်သားများသည် မီးခိုးရောင် တိရစ္ဆာန်များကဲ့သို့ မြို့၏ အောက်ခြေတွင် နေထိုင်ကြရ၏။

မြို့လယ်ခေါင်တွင်မူ မီတာ ထောင်ပေါင်းများစွာ မြင့်မားသော တောင်ကြီးတစ်လုံးအလား ဧရာမ ပိရမစ်ကြီး တစ်ခု ရှိနေသည်။ မဟုတ်သေးပေ။ ပို၍ တိကျစွာ ပြောရလျှင် မြို့တစ်ခုလုံးသည် လှေကားထစ် ပိရမစ်ကြီး တစ်ခုကဲ့သို့ ဖြစ်နေခြင်းပင်။ အလွှာလိုက် အလွှာလိုက် ရှိနေပြီး အလယ်ရှိ အမြင့်ဆုံး နေရာသည် ထျန်းနန်မြို့၏ အုပ်ချုပ်ရေး ဗဟိုချက်မ ဖြစ်သည်။

မြို့ထဲရှိ လမ်းတိုင်းကို စစ်သည်များက စောင့်ကြပ်နေကြ၏။ ကောင်းကင်တွင် လေတပ်တော်သည် တစ်စင်းပြီးတစ်စင်း ပျံသန်းနေပြီး နေရာတိုင်းကို စောင့်ကြည့်နေသည်။ ဤမြို့သည် ကောင်းကင်ဘုံ ဆန်သော်လည်း အလွန် စိတ်ဓာတ်ကျစရာလည်း ကောင်းလှပေ၏။

ရှမ့်လန်သည် စားကျက်မြေများကို ဂရုတစိုက် ကြည့်ရှုလိုက်သည်။ တစ်ချက်ကြည့်လိုက်သည်နှင့် ထူးဆန်းနေ၏။ စားကျက်မြေများသည် အိမ်များပေါ်တွင် အမှန်တကယ် ရှိနေခြင်းပင်။ သို့သော်ငြား အနီးကပ် ကြည့်ရှုလိုက်ချိန်မှာတော့ စားကျက်မြေများထဲရှိ နွားများနှင့် သိုးများသည် ရုပ်သေးများကဲ့သို့ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

သူတို့၏ လှုပ်ရှားမှု အတိုင်းအတာသည် သုံးမီတာထက် မပိုဘဲ အချိန်အများစုတွင် ငြိမ်သက်နေကာ မြက်များကိုသာ ထုံထိုင်းစွာ စားသောက်နေကြ၏။ အထူးဆန်းဆုံးအရာမှာ မြက်များကို စားလိုက်သည်နှင့် လျင်မြန်စွာ ပြန်လည် ပေါက်ရောက်လာခြင်းပင်။ သာမန်မျက်စိဖြင့် မြင်နိုင်သောနှုန်းဖြင့် ကြီးထွားလာ နေခြင်း ဖြစ်၏။

ဤနေရာရှိ နွားများနှင့် သိုးများသည် KFC မွေးမြူရေးခြံမှ ကြက်များနှင့် တူလှပေသည်။ ဥဖောက်ချိန်မှ သတ်ဖြတ်ချိန်အထိ တစ်လခန့်သာ ကြာမြင့်၏။ ဘဝစက်ဝန်း တစ်လျှောက်လုံးတွင် သူတို့သည် မလှုပ်ရှားဘဲ ထုံထိုင်းစွာ စားသောက်ရုံသာ ရှိသည်။

ဤနေရာရှိ လုပ်သားများသည်လည်း ထိုနည်းလည်းကောင်းပင်။ မရေမတွက်နိုင်သော ပုရွက်ဆိတ်များကဲ့သို့ စက်ရုပ်ဆန်ဆန် အလုပ်လုပ်နေကြ၏။ သူတို့၏ မျက်လုံးများသည် ထုံထိုင်းနေပြီး သူတို့၏ လှုပ်ရှားမှုများ သည်လည်း ထုံထိုင်းနေ၏။

မြို့ထဲရှိ လူတိုင်းသည် တိကျသော စက်ကိရိယာကြီးတစ်ခု၏ အစိတ်အပိုင်းများကဲ့သို့ ဖြစ်နေကြသည်။ အမိန့်တစ်ခုအတိုင်း လည်ပတ်နေပြီး အပိုအလုပ် ဘာမှ လုပ်မည် မဟုတ်သကဲ့သို့ပင်။

ဤမြို့ထဲတွင် လူမည်မျှ ရှိသနည်း။

နှစ်သန်းလား။ သုံးသန်းလား။ သို့မဟုတ် ဤထက် ပိုများမလား။ စစ်တပ် အင်အား တစ်ခုတည်းကပင် သုံးသိန်းကျော် ရှိနေသည်။ သူ၏ မြင်ကွင်းအတွင်း၌ပင် လေတပ် အင်အားသည် နှစ်သောင်းကျော် ရှိနေသည်။

ထို့အပြင် ရှမ့်လန်သည် မရေမတွက်နိုင်သော နဂါးအရှိန်အဝါ ပစ်လွှတ်စင်များကိုလည်း မြင်တွေ့ရသည်။ အရွယ်အစား အမျိုးမျိုး ရှိကြ၏။ အငယ်ဆုံးမှာ လေး၊ ငါးမီတာသာ ရှိပြီး အကြီးဆုံးမှာ မီတာ တစ်ရာကျော် ရှိ၏။

အိပ်မက်ဆိုးကျောက်တုံး စက်သေနတ်များလည်း ရှိပြီး မြို့၏ ထောင့်တိုင်းလိုလိုတွင် တွေ့ရသည်။ မြို့၏ မည်သည့် အစိတ်အပိုင်းတွင် ဆူပူအုံကြွမှု ဖြစ်ပွားသည်ဖြစ်စေ ချက်ချင်း သုတ်သင်ရှင်းလင်းပစ်နိုင်သည်။ ဤမြို့၏ စစ်ရေးအင်အားသည် အလွန် အားကောင်း၏။ မြင်တွေ့ရသော ပစ်ခတ်အားသည် နုရှောင့်မြို့ထက် ဆယ်ဆမက သာလွန်နေသည်။

မြို့သည် အလွန်ကြီးမားသော်လည်း အလွန် တိတ်ဆိတ်နေသည်။ လူတိုင်းလိုလိုတွင် ကိုယ်ပိုင် တာဝန်များ ရှိကြသော်လည်း သူတို့သည် ဉာဏ်ရည်ရှိသော လူသားများနှင့် မတူဘဲ စက်ရုပ်များနှင့် ပို၍ တူနေသည်။ ရှမ့်လန်သည် သူတို့အား စက်ရုပ်များ ဖြစ်မည်ဟု အမှန်တကယ် သံသယဝင်မိ၏။ အဘယ်ကြောင့်ဆိုသော် သူတို့၏ ခြေလှမ်းများသည် ပေတံဖြင့် တိုင်းတာထားသကဲ့သို့ အတိအကျ တူညီနေသောကြောင့်ပင်။

သို့သော်ငြား မကြာမီမှာပဲ ရှမ့်လန်သည် ဤအတွေးကို ဖျောက်ဖျက်လိုက်မိသည်။

“ဒေါင်... ဒေါင်... ဒေါင်... ဒေါင်...”

မြို့လယ်ခေါင်ရှိ မီတာထောင်ချီ မြင့်မားသော ပိရမစ်ကြီးပေါ်မှ ခေါင်းလောင်းသံသည် မြို့တစ်မြို့လုံး ပဲ့တင်ထပ်သွားခဲ့သည်။

ထို့နောက် လူတိုင်း ဒူးထောက်လိုက်ကြသည်။ သူတို့ ဘာလုပ်နေသည်ဖြစ်စေ၊ မည်သည့် ဝိသေသလက္ခဏာ ရှိသည်ဖြစ်စေ၊ ကျွန်များ၊ လယ်သမားများ၊ စစ်တပ်တစ်ခုလုံး၊ နွားများနှင့် သိုးများပင်မကျန် မြို့လယ်ရှိ မီတာထောင်ချီ မြင့်မားသော ပိရမစ်ကြီးဘက်သို့ ညီညာစွာ ဒူးထောက်လိုက်ကြ၏။

“အရှင် သက်တော်ရာကျော် ရှည်ပါစေ၊ သက်တော်ရာကျော် ရှည်ပါစေ၊ သက်တော်ရာကျော် ရှည်ပါစေ။”

“တော်ဝင်ကျန်း အင်ပါယာ သက်တော်ရာကျော် ရှည်ပါစေ။”

“သက်တော်ရာကျော် ရှည်ပါစေ။”

“သက်တော်ရာကျော် ရှည်ပါစေ၊ သက်တော်ရာကျော် ရှည်ပါစေ။”

သန်းနှင့်ချီသောလူများသည် အလုပ်အားလုံးကို ချထားပြီး တညီတညွတ်တည်း အော်ဟစ်လိုက်ကြသည်။ သန်းနှင့်ချီသောလူများသည် လူတစ်ယောက်တည်းကဲ့သို့ပင် ဖရိုဖရဲဖြစ်ခြင်း မရှိချေ။ သူတို့၏ အသံများသည် ကောင်းကင်ကို တုန်လှုပ်သွားစေသည်။

ဖြစ်စဉ်တစ်ခုလုံးသည် သုံးမိနစ်သာ ကြာမြင့်သည်။ သန်းနှင့်ချီသောလူများသည် မြေကြီးပေါ်တွင် ဒူးထောက်ကာ သုံးမိနစ်ကြာအောင် သက်တော်ရာကျော် ရှည်ပါစေ ဟု အော်ဟစ်နေခြင်းမှလွဲ၍ အခြား ဘာမျှ မလုပ်ကြချေ။

သူတို့ အော်ဟစ်နေသော အရှင်ဆိုသည်မှာ ဘယ်သူနည်း။ ကျန်းလီပင် ဖြစ်ရပေမည်။ တော်ဝင်ချန် အင်ပါယာ မဟုတ်တော့ဘဲ တော်ဝင်ကျန်း အင်ပါယာ ဖြစ်နေခဲ့၏။

သုံးမိနစ် ပြည့်ပြီးနောက် အခမ်းအနား ပြီးဆုံးသွားခဲ့သည်။ လူတိုင်း မတ်တတ်ရပ်ပြီး အလုပ်ပြန်လုပ်ကြသည်။ သူတို့သည် စက်ရုပ်များကဲ့သို့ စေ့စပ်သေချာလှသည်။ ရှမ့်လန်၏အဖွဲ့သည် စွတ်ဖားကို မြို့ထဲသို့ ဆွဲသွင်းလာခဲ့ရာ အလုပ်ပြီးဆုံးသည်ဟု သတ်မှတ်ရပေမည်။ ထို့နောက် ဤအရင်းအမြစ်များကို ရထားတွဲကြီး တစ်ခုပေါ်သို့ တင်ဆောင်ကာ သံလမ်းများမှတဆင့် မြို့ထဲရှိ သတ်မှတ်ထားသော နေရာတစ်ခုသို့ ပို့ဆောင်လိုက်သည်။

ဤမြို့တွင် ရထားလမ်း ရှိနေ၏။ အလွန် ခေတ်မီသည်ဟု ထင်ရသော်လည်း တရုတ်ပြည်မှ ရှေးဟောင်း ယန္တရား တစ်ခုကဲ့သို့ ရိုးရှင်းနေပြန်၏။ သို့သော်ငြား အိပ်မက်ဆိုးကျောက်တုံးဖြင့် မောင်းနှင်ထားသဖြင့် အလွန် အဆင့်မြင့်လှ၏။

ရှမ့်လန် ပါဝင်သော သောင်းနှင့်ချီသည့် လုပ်သားအဖွဲ့သည် မြို့ထဲသို့ မဝင်ရသေးခင်မှာပဲ ချက်ချင်း မောင်းထုတ်ခြင်း ခံလိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် မီးခိုးရောင် တိရစ္ဆာန်များ ဖြစ်ကြသဖြင့် မြို့ထဲသို့ ဝင်ရောက်ရန် အရည်အချင်း မပြည့်မီသောကြောင့်ပင်။

ထို့နောက် သူတို့သည် ကျောက်တုံးကြီးများနှင့် ရေခဲများကို သယ်ဆောင်ရန် အမိုးခုံး အပြင်ဘက်သို့ ထွက်ခွာကြရသည်။ ထို့အပြင် သူတို့၏ နေထိုင်ရာနေရာသည် မြို့ထဲတွင် မဟုတ်ဘဲ အမိုးခုံး၏ အစွန်းရှိ မြေအောက်ဂူထဲတွင် ဖြစ်သည်။ သူတို့သည် အသိုက်ထဲတွင်သာ နေထိုင်နိုင်သော အလုပ်သမား ပုရွက်ဆိတ်များနှင့် အမှန်တကယ် တူလှသည်။

သူတို့ မြို့မှ ထွက်ခွာချိန်တွင် တစ်စုံတစ်ခုကို ရရှိသည်။ ထိုအရာကို စားသုံးပြီးနောက် သူတို့၏ ခန္ဓာကိုယ်များ ပူနွေးလာပြီး အအေးဒဏ်ကို မခံစားရတော့ချေ။

ရှမ့်လန်သည် တဇွတ်ထိုး မလုပ်ဆောင်ခဲ့ပေ။ သူသည် မြို့ထဲသို့ ဝင်ရောက်လိုသော်လည်း၊ ပိရမစ်ကြီး၏ ထိပ်ဆုံးသို့ သွားရောက်ကာ ဤသန်းနှင့်ချီသော လူဦးရေရှိသည့် မြို့ကြီး၏ အုပ်စိုးသူ ဘယ်သူလဲ၊ သူ ရင်းနှီးသော သူများ ဟုတ်မဟုတ် သွားရောက် ကြည့်ရှုလိုသော်လည်း သူသည် အမိန့်ကို နာခံပြီး ကျွန်များနှင့်အတူ မြို့ပြင်သို့ ထွက်ခွာကာ ကျောက်တုံးကြီးများကို ဆက်လက် တူးဖော်ခဲ့၏။

ထိုအချိန်၌ပင် လက်နက်အပြည့်အစုံ တပ်ဆင်ထားသော စစ်သည်အဖွဲ့တစ်ဖွဲ့သည် သူ့ရှေ့တွင် ရုတ်တရက် ပေါ်လာခဲ့သည်။ သူတို့ တစ်ဦးစီတိုင်းသည် ရှေးဟောင်း သံချပ်ကာများကို ဝတ်ဆင်ထားကြပြီး အားလုံးသည် အထူးစစ်သည်တော်များ ဖြစ်ကြသည်။ ယခင်က ကောင်းကင်ကို အန်တုနိုင်သော အထူးစစ်သည်တော် များသည် ယခုအခါ စံသတ်မှတ်ချက် ဖြစ်လာခဲ့သည်လား။

အပိုင်း (၁၃၀၆)

“ဒီကို လာခဲ့...”

ရှေးဟောင်း အထူးစစ်သည်တော် ဒါဇင်ပေါင်းများစွာသည် ရှမ့်လန်ကို ဝိုင်းရံလိုက်ပြီး လူသူကင်းမဲ့သော နေရာတစ်ခုသို့ ခေါ်ဆောင်သွားလိုက်ကြသည်။

“မင်း ပြန်ရောက်လာပြီလား။” စစ်သည်ခေါင်းဆောင်က ရှမ့်လန်ကို တိုးတိုးလေး မေးလိုက်၏။

ရှမ့်လန် မင်သက်သွားပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။

“သွားကြစို့။ မြို့စားကြီးက မင်းကို တွေ့ချင်နေတယ်။”

စစ်သည်ခေါင်းဆောင်က ပြောလိုက်၏။ “ကျုပ်နောက် လိုက်ခဲ့...”

ထို့နောက် နှင်းလင်းယုန် တစ်ကောင် ကောင်းကင်မှ ဆင်းသက်လာခဲ့သည်။ ဤသည်မှာ ကြီးမားသော လင်းယုန်နက်ကြီး တစ်ကောင်ဖြစ်ပြီး ကျောပေါ်တွင် ရထားလုံးတစ်စီး ပါရှိသည်။ ဤသည်မှာ ပျံသန်းနေသော ရထားလုံးကဲ့သို့ပင်။

ရှမ့်လန်သည် စစ်သည်ခေါင်းဆောင်နောက်သို့ လိုက်ပါကာ ရထားလုံးပေါ်သို့ တက်လိုက်သည်။ ကြီးမားသော လင်းယုန်နက်ကြီးသည် ကောင်းကင်သို့ ပျံတက်သွားပြီး အလယ်ရှိ ပိရမစ်ထိပ်ဆုံးသို့ ဦးတည်ပျံသန်းသွား လေတော့သည်။

... ...

မိနစ်အနည်းငယ် ကြာပြီးနောက် ကြီးမားသော လင်းယုန်နက်ကြီးသည် မီတာထောင်ပေါင်းများစွာ မြင့်မားသော ပိရမစ်ထိပ်ဆုံးသို့ ဆင်းသက်လိုက်သည်။ အဝေးမှ ကြည့်လျှင် ဤနေရာသည် ပိရမစ်၏ ထိပ်ဖျားသာ ဖြစ်သော်လည်း ဆင်းသက်ပြီးနောက်တွင်မူ ရဲတိုက် အဆောက်အအုံများ စုဝေးရာ နေရာတစ်ခု ဖြစ်နေသည်ကို တွေ့ရ၏။

ဤနေရာသည် သန်းနှင့်ချီသော ပြည်သူများ၊ သိန်းနှင့်ချီသော စစ်သည်များ၏ အထွတ်အထိပ် အုပ်ချုပ်ရေး ဗဟိုဌာန ဖြစ်ပေသည်။ ဤနေရာရှိ ဗိသုကာ လက်ရာဟန်သည် ကျန်းလီ၏ ရှေးဟောင်းနန်းတော်နှင့် အလွန် တူညီနေသည်။ မီးခိုးရောင်၊ ဖိနှိပ်မှု၊ ရိုးရှင်းမှုနှင့် လျှို့ဝှက်ဆန်းကြယ်မှုတို့ဖြင့် ပြည့်နှက်နေ၏။ သို့သော်ငြား ဤမြို့ထဲရှိ မရေမတွက်နိုင်သော အိမ်များသည် ကြီးမားသော ပိရမစ်ပုံသဏ္ဍာန် ဖော်ဆောင်ထားပြီး အရှေ့တိုင်းနှင့် အနောက်တိုင်းဟူ၍ ခွဲခြားထားခြင်း မရှိပေ။

ရှမ့်လန်ကို မှောင်မိုက်သော လျှို့ဝှက်အခန်းတစ်ခုထဲသို့ ခေါ်ဆောင်သွားပြီး ထိုနေရာတွင် ငြိမ်သက်စွာ ထိုင်စောင့်နေစေ၏။ သူသည် နှစ်နာရီကြာအောင် စောင့်ဆိုင်းခဲ့ရသည်။ အပြင်ဘက်မှ ခြေသံများ ကြားလိုက်ရပြီးနောက် အမျိုးသမီးတစ်ဦး၏ အသံ ထွက်ပေါ်လာခဲ့သည်။

“မြို့စားကြီးက မအားဘူး။ ဒါကြောင့် မေးမြန်းဖို့ ကျွန်မကို လွှတ်လိုက်တယ်။” ဤအမျိုးသမီး၏ အသံမှာ အနည်းငယ် ရင်းနှီးနေသယောင် ရှိသည်။

“ကောင်းပါပြီ။”

တံခါးပွင့်လာပြီး အမျိုးသမီးတစ်ဦး ဝင်လာခဲ့သည်။ သူမသည် အနက်ရောင် ဂါဝန်ရှည်ကို ဝတ်ဆင်ထားပြီး မုဆိုးမတစ်ဦးကဲ့သို့ ဝတ်ဆင်ထားကာ ကျောပေးလျက် ရှမ့်လန် ရှိရာသို့ ဝင်လာခဲ့ခြင်း ဖြစ်၏။

“ကျွန်မတို့ နောက်ဆုံး တွေ့ပြီးကတည်းက ရှင် နေကောင်းမယ်လို့ ယုံကြည်ပါတယ်။” အမျိုးသမီးက လှည့်ကြည့်လိုက်ရာ လှပပြီး ရင်းနှီးနေသော မျက်နှာလေး တစ်ခု ပေါ်ထွက်လာခဲ့သည်။ သူမက အမှန်တကယ်ပင် ရှမ့်လန်၏ ပထမဆုံး ဇနီးသည် ရှစ်ချင်းချင်း ဖြစ်နေခဲ့သည်။ တကယ်ကို ကြာခဲ့ပြီဖြစ်သည်။

... ...

ရှမ့်လန်သည် ရှစ်ချင်းချင်းနှင့် မတွေ့ရသည်မှာ မည်မျှကြာမြင့်နေပြီနည်း။ နုရှောင့်မြို့တော်ကို အောင်နိုင်ပြီး ကျိုးကျောင်းယန်ကို အပြီးတိုင် နှိမ်နင်းကာ သူမကို ကယ်တင်ပြီးတည်းက လုံးဝနီးပါး မတွေ့ဖြစ်တော့ကြောင်း သူ မှတ်မိနေသည်။

သဘာဝအရ ရှမ့်လန်က တော်ဝင်ချန်အင်ပါယာတွင် အင်အားကြီးမားလာသည်နှင့်အမျှ ရှစ်ချင်းချင်း၏ စီးပွားရေး လုပ်ငန်းများကလည်း ရေစုန်ပမာ အရှိန်အဟုန်ဖြင့် တိုးတက်လာကာ အရှေ့နှင့် အနောက်ရှိ ပိုးထည်ကုန်သွယ်မှုအားလုံးနီးပါးကို လက်ဝါးကြီးအုပ်ထားနိုင်ခဲ့သည်။ သူမ၏ ချမ်းသာကြွယ်ဝမှုကို စကားလုံးများဖြင့်ပင် ဖော်ပြ၍မရနိုင်တော့ပေ။

အတိတ်က သူမ၏ဖခင် ရှစ်ကွမ်ယွင်သည် ဆယ်စုနှစ်ပေါင်းများစွာ ကြိုးစားရုန်းကန်ခဲ့ရပြီးမှ ရွှေဒင်္ဂါး တစ်သန်းခန့် ကို ခက်ခက်ခဲခဲ ရှာဖွေနိုင်ခဲ့ခြင်း ဖြစ်၏။ သို့ပေမည့် ရှစ်ချင်းချင်း၏ ကုန်သွယ်ရေး ယာဉ်တန်းက ရှီလွန်အင်ပါယာသို့ တစ်ခေါက်သွားရုံဖြင့် သူမဖခင် တစ်သက်တာလုံး ရှာဖွေခဲ့ရသည့် ဝင်ငွေနီးပါးကို ရရှိခဲ့၏။

နှစ်အနည်းငယ်အတွင်း ရှစ်ချင်းချင်း၏ ချမ်းသာကြွယ်ဝမှုမှာ တိုင်းပြည်တစ်ပြည်နှင့်ပင် ညီမျှနေပြီဟု ဆိုနိုင်သည်။ ထို့အပြင် သူမသည် တော်ဝင်ချန်အင်ပါယာ၏ ဘဏ္ဍာရေးဝန်ကြီးဌာန ကုန်သွယ်ရေးရာဌာနနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနတို့တွင် ရာထူးများ ရရှိထားပြီး အဆင့်ငါးအရာရှိတစ်ဦးဖြစ်လာကြောင်း ဝန်ကြီးအဖွဲ့၏ အစီရင်ခံစာများ တွင် ရှမ့်လန် အမှတ်မထင် တွေ့ဖူးသော်လည်း အထူးတလည် ဂရုမစိုက်ခဲ့ပေ။

ဤနှစ်များအတွင်း ရှမ့်လန်မှာ သူမနှင့်တွေ့ဆုံရန် အချိန်မရှိခဲ့သလို ရှစ်ချင်းချင်းကလည်း ရှမ့်လန်နှင့် တွေ့ဆုံရမည့်အရေးကို တမင်သက်သက် ရှောင်လွှဲနေခဲ့သည်။

သူမသည် ကျန်းချွန်းဟွာကဲ့သို့ မျက်နှာပြောင်တိုက်ပြီး အရှက်ကင်းမဲ့စွာဖြင့် ရှမ့်လန်ကို အတင်းအကျပ် လက်ထပ်မည့်သူမျိုး မဟုတ်ဘဲ ဂုဏ်သိက္ခာရှိသော အမျိုးသမီးတစ်ဦး ဖြစ်၏။ သို့ပေမည့် ရှမ့်လန်ကို လက်မထပ်ရလျှင်လည်း အခြားမည်သူ့ကိုမှ လက်ထပ်မည်မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် သူမကို လက်ထပ်ရဲမည့်သူ မရှိသောကြောင့်ပင်။

ဤကဲ့သို့ ခြောက်နှစ်၊ ခုနစ်နှစ်တာ ကာလအတွင်း ရှမ့်လန်နှင့် ရှစ်ချင်းချင်းတို့ တွေ့ဆုံခဲ့ရသည်မှာ အလွန် နည်းပါးခဲ့သည်။

ယခုဆိုလျှင် နှစ်ပေါင်းမည်မျှ ကြာမြင့်သွားခဲ့ပြီနည်း။ ရှစ်ချင်းချင်းသည် ယခင်ကလိုပင် နုပျိုနေဆဲဖြစ်ပြီး အသားအရေ နှင့် အလှအပကိုသာ ကြည့်မည်ဆိုပါက ယခင်နှစ်များကထက်ပင် ပိုမိုလှပနေသေး၏။ သို့ပေမည့် သူမ၏ အကြည့်နှင့် ဟန်ပန်အမူအရာများမှာမူ များစွာ ရင့်ကျက်တည်ငြိမ်နေပုံရ၏။

သဘာဝအရ ရှမ့်လန်က သူမကို တစ်ချက်သာ ကြည့်လိုက်ခြင်း ဖြစ်၏။ ထို့အပြင် သူ၏အကြည့်များတွင် မည်သည့် စိတ်လှုပ်ရှားမှုမျှ မရှိဘဲ တည်ငြိမ်နေသည်။

ရှစ်ချင်းချင်းက ပေါ့ပေါ့ပါးပါး မေးလိုက်၏။ “ဘယ်နေရာကို ပြောတာလဲ။”

သူမ၏ ဟန်ပန်အမူအရာများက တကယ်ကို ပြောင်းလဲသွားခဲ့ပြီး အေးစက်ခက်ထန်ကာ အခြားသူတစ်ဦးအပေါ် အကြွင်းမဲ့ အာဏာစက် လွှမ်းမိုးထားသည့် အရှိန်အဝါမျိုး အပြည့်အဝ ရှိနေသည်။

ရှမ့်လန်က တိတ်ဆိတ်စွာဖြင့် ဘာမှမပြောချေ။

ရှစ်ချင်းချင်းက ခပ်ပေါ့ပေါ့ မေး၏။ “ကျွန်မက အရည်အချင်းမမီလို့ ရှင့်ရဲ့ အစီရင်ခံစာကို နားထောင်ခွင့်မရှိဘူးလို့ ခံစားနေရ တာလား။”

ရှမ့်လနက ယခင်ကလိုပင် တိတ်ဆိတ်စွာ နေလိုက်၏။

ရှစ်ချင်းချင်း ပျင်းရိစွာ ထိုင်လိုက်ပြီး ဝိုင်နီတစ်ခွက်ကို မိမိဘာသာ ငှဲ့လိုက်၏။ ပမာဏမှာ မီလီလီတာ သုံးရာခန့်ရှိပြီး ထိုခွက်ကို တစ်ကျိုက်တည်း မော့သောက်လိုက်သည်။

ရှစ်ချင်းချင်းက အမိန့်ပေးလိုက်၏။ “မြို့စားမင်းကို လာခဲ့ဖို့ ပြောလိုက်။”

အပြင်မှ စစ်သည်တော်က ပြန်ပြောသည်။ “ကောင်းပါပြီ။”

အပြင်ဘက်ရှိ စစ်သည်တော်က ထွက်ခွာသွား၏။

ထို့နောက် လျှို့ဝှက်ခန်းထဲတွင် ငြိမ်သက်စွာဖြင့် ရှစ်ချင်းချင်းက ဝိုင်များကို တစ်ခွက်ပြီးတစ်ခွက် ဆက်တိုက်သောက်နေပေသည်။ ဝိုင်ပမာဏမှာ အလွန်များပြားလွန်းရာ ဝိုင်နီဖြစ်ပင်လျှင် အနည်းငယ် အန္တရာယ်ရှိနိုင်သည်။

ခဏအကြာတွင် လူငယ် စစ်သူကြီးတစ်ဦး ဝင်ရောက်လာ၏။ သူ၏အရပ်မှာ တစ်မီတာကျော်ခန့်ရှိပြီး တောင့်တင်း သန်မာကာ အစွမ်းထက်သော ခွန်အားများကို ခံစားရစေသည်။ သိမ်းငှက်တစ်ကောင်ပမာ စူးရှသော မျက်လုံးများ ရှိသည်။ ထို့အပြင် သူက အမြဲတမ်း မျက်မှောင်ကြုတ်ထားလေ့ရှိသည်နှင့် တူ၏။ သူ၏ မျက်နှာမှာ အလွန် ပိန်ချုံးနေပြီး ခမ်းနားထည်ဝါသော ခန္ဓာကိုယ်နှင့် ဆန့်ကျင်ဘက် အချိုးအစား ဖြစ်နေ၏။

ဒါက ထျန်းနန်မြို့တော်ရဲ့ မြို့စားမင်းလား။

လူငယ်မြို့စားမင်းက မေးလိုက်၏။ “ပြောလေ… ဘယ်နေရာလဲ။”

ရှမ့်လန်က ခဏတာ စဉ်းစားပြီးနောက် မြေပုံရှေ့သို့ သွားကာ သူ ပြန်လည်နိုးထလာခဲ့သော နေရာကို လက်ဖြင့် ထောက်ပြလိုက်သည်။

လူငယ်မြို့စားမင်းက ဆို၏။ “အို… ဒီနေရာလား။ တကယ့် ကြွက်တွေလိုပဲ ရိုက်လို့ကို မကုန်နိုင်ဘူး။”

ထို့နောက် သူက မြေပုံကို ဆွဲဖြဲလိုက်သည်။

လူငယ်မြို့စားမင်းက အော်ခေါ်လိုက်၏။ “လူလာခဲ့စမ်း။”

တပ်မှူးတစ်ဦး ဝင်ရောက်လာသည်။

မြို့စားမင်းက အမိန့်ပေးလိုက်၏။ “လေကြောင်းတပ်ဖွဲ့ သုံးထောင်ကို စေလွှတ်လိုက်။ ဒီနေရာကနေ လီသုံးဆယ် ပတ်လည်ကို အပြောင်ရှင်းအောင် ဖျက်ဆီးပစ်လိုက်။”

ထိုတပ်မှူးက မေးလိုက်သည်။ “ကောင်းပါပြီ … သခင်ကြီး ဘယ်လက်နက်ကို သုံးရမလဲ။”

မြို့စားမင်းက ပြတ်သားစွာ ဖြေ၏။ “ငရဲဘောလုံး။ အတိုချုပ်ပြောရရင် လီသုံးဆယ် ပတ်လည်ကို ပြောင်ရှင်းနေအောင် ဖျက်ဆီးပစ်ရမယ်။ ကြွက်တစ်ကောင်တောင် အရှင်မထားနဲ့။”

တပ်မှူးက ပြောသည်။ “ကောင်းပါပြီ။”

ဤတပ်မှူးက အမိန့်စာကို ယူဆောင်ကာ ထွက်ခွာသွားပြီးနောက် တစ်ခဏအကြာတွင် ….

ဝှစ်… ဝှစ်… ဝှစ်… ဝှစ်…

လေကြောင်းတပ်ဖွဲ့ သုံးထောင်က ကောင်းကင်ယံသို့ ပျံတက်သွားပြီး ထျန်းနန်မြို့တော်မှ ထွက်ခွာသွားတော့သည်။

ထိုအချိန်မှာပင် ဧရာမ ပျံသန်းရေးယာဉ်ကြီး သုံးစီးလည်း ပါဝင်သွားသည်။ ထိုအရာက ဘာဖြစ်သနည်း။ လေယာဉ်ပျံ နှင့် တူသလို လေသင်္ဘောနှင့်လည်း တူသည်။ သို့သော်ငြား အနှစ်ချုပ် ပြောရလျှင် ဧရာမသားရဲကြီးနှင့် ပိုတူ၏။

ဤသည်မှာ ဆင့်ကဲပြောင်းလဲထားသော ကောင်းကင်ခံတပ်ကြီးများ ဖြစ်ပြီး တစ်ချိန်က နုရှောင့်မြို့တော်ရှိ ကောင်းကင်ခံတပ်များထက် အဆပေါင်းများစွာ ပိုမိုကြီးမားကာ ကောင်းကင်ခံတပ် တစ်ခုစီတိုင်းတွင် သီးခြား စွမ်းအင်ဗဟိုချက်များ ပါရှိသည်။ အပေါ်တွင် သိပ်သည်းများပြားလှသော လက်နက်အမျိုးမျိုးကို တပ်ဆင်ထားပြီး အသေးစား နဂါးစွမ်းအား လွှတ်တင်ရေးစက်များလည်း အဆက်မပြတ် ပါရှိသည်။

ထို့အပြင် ပျံသန်းသည့် အမြန်နှုန်းမှာလည်း အလွန်မြန်ဆန်လှပြီး လင်းယုန်ကြီးများကို အလွယ်တကူ ကျော်တက်သွားနိုင်ကာ တကယ့်ကို အစွမ်းထက်သော ကောင်းကင်စိုးမိုးသူများ ဖြစ်လာသည်။ အကယ်၍ အတိတ်ကသာ ရှမ့်လန်တွင် ဤလက်နက်မျိုး ရှိခဲ့ပါက တစ်ကမ္ဘာလုံးကို အလွယ်တကူ သိမ်းပိုက်နိုင်မည်မှာ အသေအချာပင်။

တစ်ခဏအတွင်းမှာပဲ ဤလေကြောင်းတပ်ဖွဲ့ သုံးထောင်မှာ အမြင်အာရုံထဲမှ ပျောက်ကွယ်သွားပြီး တောင်ဘက်ဆီသို့ ပျံသန်းသွားကာ ရှမ့်လန်ပြောခဲ့သော နေရာကို သွားရောက် ဖျက်ဆီးတော့မည်။

ဤသည်မှာ ဘာနှင့် တူသနည်း။ စူပါအင်အားကြီး နိုင်ငံတစ်ခုက အကြမ်းဖက်သမားတွေ ဘယ်မှာလဲဟု မေးလိုက်သည်နှင့် တူပေသည်။ ထို့နောက် စုံစမ်းစစ်ဆေးမှုများ မလုပ်တော့ဘဲ အစွမ်းထက်သော လေကြောင်းတပ်ဖွဲ့ ကို တိုက်ရိုက်စေလွှတ်ကာ ထိုဒေသကို ကမ္ဘာမြေပေါ်မှ လုံးဝ ဖျက်ဆီးပစ်လိုက်ခြင်း ဖြစ်၏။

ကြမ်းဖက်သမားဖြစ်စေ၊ မည်သူဖြစ်စေ တိုက်ရိုက် သေဆုံးသွားရမည်။

မြို့စားမင်းက မေးလိုက်၏။ “အဒေါ်… မြို့တော်မှာ ကောင်းကောင်းမနေဘဲ ဘာလို့ ဒီလို ခေါင်ဖျားတဲ့နေရာမှာ လာနေချင်ရတာလဲ။ မြို့တော်မှာ အရာရာတိုင်းက ဒီထက်ပိုကောင်းတာကို ကျုပ်တောင် နည်းလမ်းပေါင်းစုံ သုံးပြီး ပြောင်းရွှေ့ချင်နေတာ။”

ရှစ်ချင်းချင်းက ပြန်ဖြေလေသည်။ “ဒီနေရာက ငါ့ရဲ့ ဇာတိမြေလေ။”

မြို့စားမင်းက ဆို၏။ “ဒါပေမဲ့ အရှင်က မြို့တော်မှာ ရှိနေတာလေ။”

ရှစ်ချင်းချင်းက ရှင်းပြသည်။ “သူ မြို့တော်မှာ မရှိပါဘူး။ မြောက်ဝင်ရိုးစွန်း အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်ပြီးတည်းက သူ ဘယ်သူ့ကိုမှ အတွေ့မခံတော့ဘူး။ အိမ်ရှေ့စံလည်း သူ့ကို မတွေ့ရသလို မိဖုရားတွေလည်း သူ့ကို မတွေ့ရဘူး။”

သို့ပေမည့် ဤအချိန်တွင် ဤမြို့စားမင်းက မည်သူဖြစ်ကြောင်းကို ရှမ့်လနနောက်ဆုံးတွင် သိရှိသွားခဲ့ပြီ ဖြစ်၏။

သူ၏ ညီငယ် ရှန်ကျန့်၏ သား ရှမ့်ချန်ပင် ဖြစ်သည်။

ထို့ကြောင့် မြင်မြင်ချင်း ရင်းနှီးနေသလို သူ ခံစားနေရခြင်းဖြစ်သည်။ ငယ်ငယ်တုန်းက ရှမ့်လန် သူ့ကို မကြာခဏ ချီပိုးခဲ့ဖူးပြီး သူနှင့် ရှန်မီတို့ မောင်နှမနှစ်ယောက်ကလည်း ဆက်ဆံရေး အလွန်ကောင်းကြ၏။

မထင်မှတ်ဘဲ ရှမ့်ချန်ပင် ဤမျှ ကြီးပြင်းလာခဲ့ပြီလား။ အနည်းဆုံးတော့ အသက်သုံးဆယ်လောက် ရှိနေပြီမဟုတ်ပါလား။

တစ်နည်းအားဖြင့် ပြောရလျှင် ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်သွားခဲ့ပြီလား။ ရှမ့်ချန်က ထျန်းနန်ပြည်နယ်ရဲ့ မြို့စားမင်းတောင် ဖြစ်လာခဲ့ပြီလား။

ထိုအချိန်မှာပဲ အပြင်ဘက်မှ စစ်အရာရှိတစ်ဦး၏ အသံ ထွက်ပေါ်လာ၏ “မြို့စားမင်း… ရေနက်တပ်ဖွဲ့က လျှို့ဝှက်စစ်သည် လာရောက် သတင်းပို့ပါတယ်။”

မြို့စားမင်းရှမ့်ချန်က မျက်မှောင်ကြုတ်ကာ ညည်းတွားလိုက်သည်။ “အဆုံးမရှိတော့ဘူးပဲ၊ ပင်ပန်းလိုက်တာ။ ဒီကျိန်စာသင့်နေတဲ့နေရာမှာ ကျုပ် မနေချင်တော့ဘူး။ တောရိုင်းနေရာ၊ တောရိုင်းနေရာကြီးပဲ။ အဒေါ်… အဆက်အသွယ်ရှာပြီး ကျုပ်ကို မြို့တော်ဆီ ပြောင်းပေးပါအုံး။”

ရှစ်ချင်းချင်းက ပြန်ပြော၏။ “ငါက အဆက်အသွယ် ရှာပေးရအုံးမလား။ အုပ်ချုပ်နေတဲ့ အိမ်ရှေ့စံက မင်းရဲ့ ညီ၊ နယ်စပ်ကို ကာကွယ်နေတဲ့ သွေးဘုရင်ကလည်း မင်းရဲ့ ညီ၊ အင်ပါယာက မင်းရဲ့ ဦးလေး။ မင်းက တော်ဝင်မိသားစုရဲ့ ဆွေမျိုးရင်းချာဖြစ်နေတာ ငါ့ထက်တောင် ပိုပြီး ရင်းနှီးနေသေးတာ မဟုတ်ဘူးလား။”

ရှမ့်ချန် က ဆိုသည်။ “ဘယ်သူပြောလဲ။ အဒေါ်က အင်ပါယာဘုရင်ရဲ့ ဇနီးတွေထဲက တစ်ယောက်ဆိုတာ လူတိုင်း သိတာပဲ။ မိဖုရားဆိုတဲ့ နာမည်မရှိပေမဲ့ မိဖုရားတစ်ပါးရဲ့ အာဏာကို ပိုင်ဆိုင်ထားတာပဲ။”

ရှစ်ချင်းချင်းက သရော်လှောင်ပြောင်စွာ ပြောလိုက်၏။ “မြောက်ဝင်ရိုးစွန်း အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်ပြီးကတည်းက ငါတို့ရဲ့ အမြင့်မြတ်ဆုံး အင်ပါယာဘုရင်က ဘယ်အမျိုးသမီးကိုမှ အထိအတွေ့ မခံတော့ဘူး။ သူ့ကိုတောင် မတွေ့ရတာ ဘာမိဖုရားလဲ။”

ဤအချက်အလက်များကို ကြားပြီးနောက် ရှမ့်လန်၏ ရင်ထဲတွင် တုန်လှုပ်မသွားဘဲ မနေနိုင်တော့ပေ။

ဒါက… ဒါက ဘာလဲ။

သူတို့ပြောနေတဲ့ အမြင့်မြတ်ဆုံး အင်ပါယာဘုရင်ဆိုတာ ကျန်းလီ မဟုတ်ဘဲ ရှမ့်လန်ဖြစ်နေတာလား။ အနည်းဆုံးတော့ တစ်ကမ္ဘာလုံးက ထိုသူကို ရှမ့်လန်လို့ ထင်မှတ်နေကြမည်ပင်။

ရှမ့်ချန်က ရှင်းပြလိုက်သည်။ “ကျုပ်တို့ရဲ့ အင်ပါယာဘုရင်က ပိုမိုမြင့်မားတဲ့ ရည်မှန်းချက် ရှိတယ်။ သူက အဆင့်နိမ့် ခံစားချက်တွေကနေ လုံးဝ ကင်းကွာသွားပြီ။ သူ လုပ်သမျှအရာအားလုံးက ဒီကမ္ဘာကြီးကို ကယ်တင်ဖို့အတွက်ပဲ။”

အပြင်ဘက်ရှိ စစ်အရာရှိက တိုးညင်းသောအသံဖြင့် ခေါ်လိုက်၏။ “သခင်ကြီး…”

မြို့စားမင်းရှမ့်ချန်က ပြန်ဖြေသည်။ “သိပြီ၊ သိပြီ… သူ့ကို ဝင်လာခိုင်းလိုက်။”

ခဏအကြာတွင် ရေနက်တပ်ဖွဲ့မှ လျှို့ဝှက်စစ်သည်တစ်ဦး ဝင်ရောက်လာ၏။ သူက အောက်ခြေအဆင့် အလုပ်ကြမ်းသမား နှင့် အတိအကျ တူညီနေပြီး မျက်နှာမှာ ညစ်ပတ်ပေရေနေကာ ခွဲခြား၍မရနိုင်ပေ။ မုတ်ဆိတ်မွေးများ နှင့် ဆံပင်များမှာ ရှုပ်ပွနေပြီး ဆယ်နှစ်ကျော်မျှ မပြုပြင်ရသေးသည်နှင့်ပင် တူ၏။

ထိုရေနက်တပ်ဖွဲ့ လျှို့ဝှက်စစ်သည်က သတင်းပို့သည်။ “သခင်ကြီး… ကျုပ်က ဒီကျေးကျွန်တွေကြားထဲမှာ ခိုအောင်းနေပြီး သက်ဆိုင်ရာ သံသယရှိသူတွေကို အကြမ်းဖျင်း စုံစမ်းပြီးပါပြီ။ ဒါက စာရင်းပါ။ စုစုပေါင်း သုံးဆယ့်ကိုးယောက် ရှိပါတယ်။ သူတို့က ကောလာဟလတွေ ဖြန့်နေပြီး ကျုပ်တို့ရဲ့ တော်ဝင်အင်ပါယာကို ဖြုတ်ချဖို့ ကြိုးစားနေကြပါတယ်။ အင်ပါယာဘုရင်ရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းအောင် လုပ်နေပြီး အဓိကရုဏ်းကြီး တစ်ခုဖန်တီးဖို့ ပြင်ဆင်နေကြပါတယ်။”

မြို့စားမင်းရှမ့်ချန်က သရော်လှောင်ပြောင်စွာ မေးလိုက်၏။ “အဓိကရုဏ်း ဟုတ်လား။ ဒီခိုင်းကျွဲနွား အုပ်စုလေးကို အားကိုးပြီးတော့လား။”

ရှစ်ချင်းချင်းက သတိပေးလိုက်သည်။ “စကားအသုံးအနှုန်းကို သတိထားပါ။ ငါတို့ အင်ပါယာမှာ ကျေးကျွန်ဆိုတာ မရှိဘူး။ ခိုင်းကျွဲနွားဆိုတာလည်း မရှိဘူး။ သူတို့က ပြန်လည်ပေးဆပ်နေကြရုံ သတ်သတ်ပဲ။”

All Chapters