← Chapters

အခန်း (၁၃၀၉-၁၃၁၀)

Vol. 75 Ch. 1309-1310

အခန်း (၁၃၀၉-၁၃၁၀)

Vol. 75 Ch. 1309-1310

အပိုင်း (၁၃၀၉)

ဤနေရာရှိ ရေသည် ကျောက်စိမ်းကဲ့သို့ ကြည်လင်နေပေသည်။ ရေကန်အလယ်တွင် လက်ရာ မြောက်သော မျှော်စင်ဆောင်တစ်ခု မြင့်မားစွာ တည်ရှိနေ၏။

ရှစ်ချင်းချင်းသည် ကွေးကောက်သော တံတားအတိုင်း လျှောက်လှမ်းသွားလိုက်၏။ သူမ၏ လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်ရာ နောက်မှ လူများ ချက်ချင်း လူစုခွဲသွားကြသည်။

ရှစ်ချင်းချင်း မျှော်စင်ဆောင်ထဲသို့ ဝင်ရောက်လာခဲ့သည်။ အတွင်းရှိ အရာအားလုံးသည် ရှေးဆန်နေသည်။ ပရိဘောဂများ၊ အသုံးအဆောင်များ၊ စောင်များနှင့် စာအုပ်များပင် ရှေးဟောင်းပုံစံ ဖြစ်နေ၏။

ပြိုင်ဘက်ကင်း လှပသော အရှေ့တိုင်း အလှမယ်လေး တစ်ဦးသည် အတွင်း၌ ငြိမ်သက်စွာ ထိုင်လျက် စာဖတ်နေသည်။ သူမသည် အင်ပါယာ၏ မင်းသမီး ချန်လဲ့၊ ကျန်းမီ (ရှမ့်မီ) ပင် ဖြစ်သည်။

“အဒေါ်...”

ရှစ်ချင်းချင်းကို မြင်လိုက်ရသည့်အခါ ကျန်းမီ မတ်တတ်ရပ်ပြီး နှုတ်ဆက်လိုက်သည်။

ဆယ်စုနှစ် များစွာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်၏။ တစ်ချိန်က တန်ဖိုးထားရသော ကလေးငယ်လေးသည် ကြီးပြင်းလာပြီး စစ်မှန်သော မင်းသမီးလေးတစ်ပါး ဖြစ်လာခဲ့သည်။ သူမသည် ငယ်စဉ်ကကဲ့သို့ပင် အိပ်မက်ဆန်နေဆဲ ဖြစ်၏။ လှုပ်ရှားမှုတိုင်း၊ အပြုအမူတိုင်းသည် တော်ဝင်မိသားစု၏ နူးညံ့သိမ်မွေ့ခြင်းနှင့် ကြင်နာခြင်းတို့ဖြင့် ပြည့်နှက်နေ၏။

သူမ၏ မိခင်ပင်းအာသည် ရှမ့်မီကို မွေးဖွားပြီးစက ပြောခဲ့ဖူးသည်။ “ဒီကလေးက မင်းသမီးလေးပဲ။ ကျွန်မဗိုက်ထဲက မွေးလာတာကလွဲရင် ကျွန်မနဲ့ ဘာမှ မဆိုင်ဘူး။ သူ့အဖေရဲ့ မြင့်မြတ်တဲ့ အငွေ့အသက်တွေ အကုန်လုံး အမွေရထားတာ။”

သူမသည် ငယ်စဉ်တည်းက မင်းသမီးလေးတစ်ပါး ဖြစ်ရခြင်းကို နှစ်သက်ခဲ့သည်။ အပြုံးတိုင်း၊ မျက်မှောင်ကြုတ်ခြင်းတိုင်း၊ လှုပ်ရှားမှုတိုင်း၊ မျက်နှာထားတိုင်းသည် မိမိကိုယ်ကို တင်းကြပ်စွာ စည်းကမ်း သတ်မှတ်ထားသူ ဖြစ်၏။

“မီလေး... သမီး ဒီနေ့ အစား သိပ်မဝင်ဘူးလို့ ကြားတယ်။”

ရှစ်ချင်းချင်းက ပြောလိုက်သည်။ “ဘာဖြစ်လို့လဲ။ အဒေါ်က စိတ်ပြေလက်ပျောက် ဖြစ်အောင် ထျန်းနန်မြို့ကို လိုက်ပို့ပေးတာလေ။ ဘာလို့ မပျော်ရတာလဲ။”

ကျန်းမီက ပြန်ဖြေလိုက်၏။ “သမီးက နေအိမ်ဟောင်းကို သွားပြီး နုရှောင့်မြို့ကို သွားကြည့်ချင်တာ။ နောက်ဆုံးကျတော့ အတားခံလိုက်ရတယ်။”

သူမ ပြောသော နေအိမ်ဟောင်း ပြောသည်မှာ ရွှမ်ဝူမြို့စားကြီး၏ စံအိမ်တော်၊ ကျင်းမိသားစု၏ စံအိမ်တော် ဖြစ်သည်။ သူမ၏ မိခင် ပင်းအာသည် ထိုနေရာတွင် ကြီးပြင်းခဲ့ရခြင်း ဖြစ်သည်။

ရှစ်ချင်းချင်းက ပြောလိုက်သည်။ “သူတို့က သမီးရဲ့ လုံခြုံရေးကို စိတ်ပူလို့ပါ။ ဒီရက်ပိုင်း အကြမ်းဖက် သမားတွေက အရမ်း သောင်းကျန်းနေတယ်။ ထျန်းနန်မြို့ တစ်ခုလုံး အရိပ်ထဲမှာ လှုပ်ရှားနေကြပြီး ငြိမ်းချမ်းမှု မရှိဘူး။ အမိုးခုံးထဲမှာတော့ အဆင်ပြေပေမဲ့ အပြင်ထွက်လိုက်ရင် အန္တရာယ်နဲ့ ကြုံရနိုင်တယ်။”

ကျန်းမီက ပြောလိုက်သည်။ “သမီး သိပါတယ်၊ ဒါကြောင့် သူတို့ကို အပြစ်မတင်ပါဘူး။”

ရှစ်ချင်းချင်းက တိုးတိုးလေး ပြောလိုက်သည်။ “ရေနက်တပ်ဖွဲ့က ဒီအကြမ်းဖက်သမားတွေရဲ့ အသေးစိတ် စာရင်းကို ရထားပြီးပြီ။ ဒီနေ့ သူတို့ကို ဖမ်းဆီးပြီး သုတ်သင်ရှင်းလင်းကြလိမ့်မယ်။ ဒါကြောင့် မနက်ဖြန်လောက်ဆို လုံခြုံရေး သတိပေးချက် ပယ်ဖျက်နိုင်လောက်တယ်။ အဲဒီကျရင် အဒေါ်က သမီးကို ရွှမ်ဝူမြို့စားကြီးရဲ့ စံအိမ်တော်ဆီ လိုက်ပို့ပေးမယ်လေ၊ ဟုတ်ပြီလား။”

ကျန်းမီ ခေါင်းညိတ်ပြလိုက်သည်။

ထိုအချိန်တွင်အစေခံမလေးတစ်ဦး လက်ဖက်ရည်လာပို့ပြီး စားပွဲပေါ်တွင် ရိုသေစွာ ချပေး၏။

“အဒေါ်... လက်ဖက်ရည် သောက်ပါအုံး။” မင်းသမီး ကျန်းမီက ပြောလိုက်သည်။

ရှစ်ချင်းချင်းသည် လက်ဖက်ရည်ခွက်ကို ကိုင်လိုက်ပြီး တင့်တယ်စွာ သောက်လိုက်၏။ ထိုအချိန်၌ လက်ဖက်ရည်ပေါ်တွင် စာသားတစ်ကြောင်း ပေါ်လာခဲ့သည်။

“အရှင်မင်းသမီး၊ မြင့်မြတ်သော သခင်မ... ကျွန်မတို့ အဆင်သင့် ဖြစ်ပါပြီ။ မနက်ဖြန်ကျရင် အရှင်မင်းသမီးကို ကယ်ထုတ်ပြီး အမှောင်အင်ပါယာထဲကနေ အလင်းနယ်မြေဆီ ခေါ်ထုတ်သွားပါတော့မယ်။”

အိမ်ဖော်မလေး၏ မျက်နှာပေါ်တွင် မည်သည့် ခံစားချက်မှ မရှိသလို၊ ဘာမှလည်း မပြောခဲ့ချေ။ လက်ဖက်ရည် ချပေးပြီးနောက် သူမသည် တိတ်ဆိတ်စွာ ထွက်ခွာသွား၏။

သူမ ကွေးကောက်သော တံတားပေါ်မှ ထွက်ခွာသွားသည်နှင့် ရေနက်တပ်ဖွဲ့မှ အမျိုးသမီး စစ်သည်အချို့ ရှေ့ထွက်လာပြီး သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးကို တစ်လက်မမှ မကျန် ရှာဖွေစစ်ဆေးကြသည်။

ရှစ်ချင်းချင်းသည် မင်းသမီးကျန်းမီနှင့် စကားပြောနေဆဲပင်။ စကားလုံးတိုင်းသည် ပုံမှန်သာ ဖြစ်၏။ သို့သော်ငြား သူတို့၏ လက်များသည် သူတစ်ပါး မမြင်နိုင်သော နေရာတွင် အထူး လျှို့ဝှက်သင်္ကေတများကို တိတ်တဆိတ် ရိုက်နှိပ်နေကြသည်။ သူတို့သည် ဤနည်းလမ်းဖြင့် ဆက်သွယ်နေကြခြင်း ဖြစ်၏။

“အဒေါ်... သူတို့အန္တရာယ် ရှိနိုင်မလား။ ရေနက်တပ်ဖွဲ့စစ်သည်တွေ ဒီနေ့ပုန်ကန်မှုကို နှိမ်နင်းဖို့ သွားကြတယ်။” မင်းသမီး ကျန်းမီက ပြောလိုက်သည်။

ရှစ်ချင်းချင်းက ပြောလိုက်၏။ “သမီးကို ကယ်တင်ဖို့အတွက် အရာအားလုံးက တန်ဖိုးရှိပါတယ်။”

မင်းသမီး ကျန်းမီက ပြောလိုက်သည်။ “သမီးတစ်ယောက်တည်းအတွက်နဲ့ ဒီလောက် ကြီးမားတဲ့ တန်ဖိုး ပေးဆပ်ရတာ မတန်ပါဘူး။”

ရှစ်ချင်းချင်းက ပြော၏။ “သမီးက သူ့ရဲ့သမီးလေ။ အလင်းနိုင်ငံတော်က သမီးကို ကယ်တင်ဖို့ ကြီးမားတဲ့ တန်ဖိုး ပေးဆပ်ရမယ် ဆိုရင်တောင် တန်ပါတယ်။”

မင်းသမီး ကျန်းမီက ပြောလိုက်သည်။ “ဒီတစ်ခေါက် သမီးကို ကယ်တင်ဖို့ ဘယ်သူ ဦးဆောင်မလဲ။ အလင်းမင်းသမီးလား၊ သခင်ကြီး ဟုန်ရွှဲ့လား။”

ရှစ်ချင်းချင်းက ပြောလိုက်သည်။ “မနက်ဖြန်ကျရင် သမီး သိရမှာပါ။ အမှောင်အင်ပါယာထဲကနေ၊ ဒီငရဲပြည် ကနေ ထွက်ပြေး လွတ်မြောက်နိုင်သရွေ့ အဆင်ပြေပါတယ်။ အလင်းနယ်မြေမှာမှ သမီးအတွက် စစ်မှန်တဲ့ အနာဂတ် ရှိမှာပါ။ သမီးရဲ့ မိသားစုဝင်တွေ အများကြီးလည်း အဲဒီမှာ စောင့်နေကြတယ်။”

... ... ...

ရှမ့်လန်သည် ရေနက်တပ်ဖွဲ့၏ ကင်းလှည့်တပ်ဖွဲ့ဝင် တစ်သောင်းနှင့်အတူ အမိုးခုံး၏ အစွန်းဘက်သို့ လိုက်ပါ သွားခဲ့သည်။ ဤနေရာတွင် မရေမတွက်နိုင်သော မြေအောက်ဂူများ ရှိသည်။ ဤဂူထဲတွင် လူပေါင်း တစ်သန်းကျော် နေထိုင်ကြ၏။ သူတို့၏ ဘဝများသည် တိရစ္ဆာန်များထက်ပင် ဆိုးရွားလှပေသည်။ သူတို့သည် အမှန်တကယ်ပင် ပုရွက်ဆိတ်များကဲ့သို့ ဖြစ်နေကြသည်။

သူတို့သည် မြေပေါ်ရှိ အိမ်များတွင် နေထိုင်ရန် အရည်အချင်း မပြည့်မီကြချေ။ မြို့ထဲသို့ ဝင်ရောက်ရန်ပင် အရည်အချင်း မရှိကြပေ။ သူတို့သည် တစ်နေ့လျှင် ဆယ်နာရီကျော် အလုပ်လုပ်ကြရပြီး အမိုးခုံး အပြင်ဘက်မှ အရင်းအမြစ် အမျိုးမျိုးကို စုဆောင်းကာ မြို့ထဲသို့ ပြန်လည် ပို့ဆောင်ပေးကြရသည်။ အရေးအကြီးဆုံး အရာမှာ ရေ ဖြစ်၏။

အမိုးခုံး တစ်ခုတည်းဖြင့် ပြီးပြည့်စုံသော ဂေဟစနစ် မရှိနိုင်သဖြင့် ရေအရင်းအမြစ် အများစုကို အပြင်ဘက်မှ စုဆောင်းရသည်။ ရေခဲ စုဆောင်းခြင်းသည် အရေးကြီးဆုံး အလုပ် ဖြစ်လာခဲ့သည်။ ထျန်းရွှေမြို့ရှိ လူပေါင်း တစ်သန်းကျော်သည် ထိုကဲ့သို့သော အလုပ်သမား ပုရွက်ဆိတ်များ ဖြစ်ကြသည်။

သူတို့ နေထိုင်ရာ နေရာကို ရပ်ကွက် (၁၉) ခု ခွဲခြားထား၏။ ရပ်ကွက်တစ်ခုစီသည် ကြီးမားသော ဂူအုပ်စုကြီး ဖြစ်သည်။ ရပ်ကွက်တစ်ခုစီတွင် လူဦးရေ ရှစ်သောင်းနီးပါး နေထိုင်ကြ၏။

ရေနက်တပ်ဖွဲ့ သူလျှိုများ၏ အစီရင်ခံစာအရ ရန်လိုသော အကြမ်းဖက်သမားများသည် (၁၃) ရပ်ကွက်နှင့် (၁၉) ရပ်ကွက်တို့တွင် ပုန်းအောင်းနေကြကြောင်း သိရသည်။ သူတို့သည် ဤရပ်ကွက်နှစ်ခုရှိ ရွေးနုတ်ခံရသူများ (ကျေးကျွန်များ) ကို ဆူပူအုံကြွမှု ဖြစ်စေရန်နှင့် အမိုးခုံး၏ စွမ်းအင်တိုင်များကို ဖောက်ခွဲပစ်ရန် ကြံစည်နေကြခြင်း ဖြစ်သည်။

ထို့ကြောင့် ကင်းလှည့်တပ်ဖွဲ့ဝင် တစ်သောင်းကို အဖွဲ့နှစ်ဖွဲ့ ခွဲလိုက်သည်။ အဖွဲ့တစ်ဖွဲ့သည် (၁၃) ရပ်ကွက်သို့ သွားပြီး၊ အခြားတစ်ဖွဲ့သည် (၁၉) ရပ်ကွက်သို့ သွားကြသည်။ ရှမ့်လန်သည် ဖမ်းဆီးရေး စစ်ဆင်ရေး ဆောင်ရွက်ရန်အတွက် (၁၃) ရပ်ကွက်သို့ သွားသော အဖွဲ့နှင့်အတူ လိုက်ပါသွားခဲ့ရ၏။

“သေချာ ကြည့်ထားကြ၊ အကြမ်းဖက်သမားတွေရဲ့ မျက်နှာတိုင်းကို မှတ်ထားကြ။ ဒါတွေက အင်ပါယာရဲ့ ရန်သူတွေပဲ။ အရှင့်ရဲ့ အုပ်ချုပ်မှုကို ဖြုတ်ချဖို့ ကြိုးစားနေကြတာ။ သူတို့က လူသားမျိုးနွယ်တစ်ခုလုံးနဲ့ ယဉ်ကျေးမှု တစ်ခုလုံးရဲ့ ရန်သူတွေပဲ။”

“ဝင်သွားတာနဲ့ ချက်ချင်း ဖမ်းဆီးကြ။ ခုခံရင် အကုန် သတ်ပစ်။ (၁၃) ရပ်ကွက်ထဲမှာ အကြမ်းဖက်သမား အယောက် ၂၀၊ သွေးထိုးလှုံ့ဆော် ခံထားရသူ အယောက် ၃၀၀ နဲ့ ကောလာဟလတွေကြောင့် ညစ်ညမ်းသွားတဲ့ ရွေးနုတ်ခံရသူ အယောက် ၂၀၀၀ ရှိတယ်။ ဒီလူ အယောက် ၂၃၂၀ လုံးကို ဖမ်းဆီးရမယ်။”

“မြန်မြန် လုပ်ကြ။ နှစ်နာရီအတွင်း အကုန်လုံး ဖမ်းဆီးနိုင်အောင် ကြိုးစားကြ။ ကြားကြလား။”

“ကြားပါတယ်။” ရေနက်တပ်ဖွဲ့၏ ကင်းလှည့်တပ်ဖွဲ့ဝင် ငါးထောင်က ပြန်လည် ဖြေကြားလိုက်ကြသည်။

“သွားကြ...”

ကင်းလှည့်တပ်ဖွဲ့ဝင် ငါးထောင်သည် ဖမ်းဆီးရန်အတွက် (၁၃) ရပ်ကွက်ထဲသို့ ချက်ချင်း ဝင်ရောက် သွားကြ၏။

ထိုအချိန်၌ လူတစ်ယောက် ကောင်းကင်မှ ဆင်းသက်လာခဲ့သည်။ လူတိုင်း လန့်သွားကြပြီး တညီတညွတ်တည်း ဒူးထောက်လိုက်ကြသည်။ “မြို့စားမင်းကို ဂါရဝပြုပါတယ်။”

သာမန် မြို့စားမင်းသာဆိုလျှင် ရေနက်တပ်ဖွဲ့က အာရုံစိုက်မည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် အင်ပါယာကို အထူးတမန်တော်များက အုပ်ချုပ်နေသဖြင့် ရေနက်တပ်ဖွဲ့၏အာဏာသည် များစွာ ကြီးမားလာသောကြောင့်ပင်။ ထို့ကြောင့် ပြည်နယ်တိုင်းရှိ ရေနက်တပ်ဖွဲ့တပ်မှူးများသည် မြို့စားမင်းကို သိပ်ပြီး အလေးမထားကြပေ။

သို့သော်ငြား တောင်ဘက်ကောင်းကင် ပြည်နယ်မှာမူ ခြွင်းချက် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မြို့စားမင်းသည် အင်ပါယာဘုရင်၏ တူတော်မောင် ဖြစ်သောကြောင့်ပင်။ မြို့စားမင်းရှမ့်သည် စိတ်မရှည်သလို၊ ပျင်းရိသလို ဖြစ်နေဆဲပင်။ သူသည် ရှမ့်လန်ကို တစ်ချက် ကြည့်လိုက်၏။ အခြားသူများသည် အထူးသံတမန်အပေါ် ယဉ်ကျေးကြသော်လည်း သူကမူ အမြဲတမ်း မောက်မာနေခဲ့သည်။

“အကုန် အဆင်သင့် ဖြစ်ပြီလား။” မြို့စားမင်း ရှမ့်က တည်ငြိမ်စွာ မေး၏။

ရေနက်တပ်ဖွဲ့တပ်မှူးက ဖြေလိုက်သည်။ “ဖြစ်ပါပြီ အရှင်...”

မြို့စားမင်း ရှမ့်က မေး၏။ “ခင်ဗျားတို့ ဘာလုပ်ဖို့ ပြင်ဆင်ထားလဲ။”

ရေနက်တပ်ဖွဲ့တပ်မှူးက ဖြေသည်။ “စာရင်းထဲက လူတွေကို အမြန်ဆုံး ဖမ်းဆီးမှာပါ။ စုစုပေါင်း လူဦးရေ နှစ်ထောင် သုံးရာ နှစ်ဆယ် ရှိပါတယ်။”

သူက စာရင်းကို ကမ်းပေးလိုက်သည်။ မြို့စားမင်းရှမ့်သည် တစ်ချက်ကြည့်လိုက်ပြီး မြေကြီးပေါ်သို့ ပေါ့ပေါ့ပါးပါး ပစ်ချလိုက်၏။

ရေနက်တပ်ဖွဲ့တပ်မှူးက အမြန် ကောက်ယူလိုက်ရသည်။

“အရမ်း အလုပ်များနေတယ်။ စေ့စပ်သေချာအောင် လုပ်...” မြို့စားမင်းရှမ့်က ပြောလိုက်သည်။

ရေနက်တပ်ဖွဲ့တပ်မှူးက မေး၏။ “ဒါဆို မြို့စားမင်းရဲ့ အစီအစဉ်အတိုင်းလား။”

မြို့စားမင်းရှမ့်က ပြောလိုက်သည်။ “အကုန်လုံးကို တစ်ခါတည်း သတ်ပစ်လိုက်။”

ရေနက်တပ်ဖွဲ့တပ်မှူးက တုန်ယင်သော အသံဖြင့် ပြောလိုက်၏။ “အရှင်... ဒီ... ဒီမှာ လူဦးရေ ခုနစ်သောင်း ရှိပါတယ်။”

မြို့စားမင်းရှမ့်က ပြောလိုက်သည်။ “ပြဿနာ ရှိလို့လား။ ဒီလိုခိုင်းကျွဲနွားတွေက ကျုပ်တို့ လိုချင်သလောက် ရနိုင်တာပဲ။”

ရေနက်တပ်ဖွဲ့တပ်မှူး၏ ဦးရေပြားများ ထုံကျင်သွားရသည်။ လူနှစ်ထောင်ကျော်ကို တစ်ပြိုင်နက် ဖမ်းဆီးသည်က ပြဿနာ မရှိချေ။ ရေနက်တပ်ဖွဲ့က တာဝန်ယူရဲသည်။ သို့သော်ငြား အကြမ်းဖက်သမား ဒါဇင်အနည်းငယ်ကို ဖမ်းဆီးရန် အောက်တန်းအကျဆုံး ကျွန်များ ဖြစ်လင့်ကစား လူဦးရေ ခုနစ်သောင်းကို သတ်ဖြတ်ခြင်းမှာ ရက်စက်လွန်းလှသည်။ ရေနက်တပ်ဖွဲ့သည် ဤတာဝန်ကို မယူနိုင်ချေ။

မြို့စားမင်းရှမ့်က ပြောလိုက်သည်။ “ဘာတာဝန်လဲ။ ကျုပ် တာဝန်ယူမယ်။”

ထို့နောက် သူသည် ရှမ့်လန်ကို ကြည့်ပြီး ပြောလိုက်သည်။ “မင်း မကြိုက်ရင် မြို့တော်ကို ဘယ်အချိန်မဆို လျှို့ဝှက် အစီရင်ခံစာ ရေးပို့လို့ ရတယ်။ ဒါပေမဲ့ ဒီမတိုင်ခင်မှာတော့ ကျုပ်မှာ အဆုံးအဖြတ် ပေးခွင့် ရှိတယ်။ ဒါ့အပြင် မင်းကလည်း အလင်းနယ်မြေက ပုန်ကန်သူတွေကို သုတ်သင်ဖို့ လျှို့ဝှက်တာဝန် ထမ်းဆောင်နေတာပဲ မဟုတ်လား။ ကျုပ် ဒီသောက်ကျိုးနည်း နေရာကို ငြီးငွေ့နေပြီ။ မြန်မြန် လုပ်ကြ...”

“ဟုတ်ကဲ့ပါ။” ရေနက်တပ်ဖွဲ့တပ်မှူးက ပြောလိုက်သည်။

“လုပ်ကြ... (၁၃) ရပ်ကွက်ထဲက လူတိုင်းကို သတ်ပစ်...” ရေနက်တပ်ဖွဲ့တပ်မှူးက တုန်ယင်သော အသံဖြင့် အမိန့်ပေးလိုက်၏။

ချက်ချင်းပဲ ရေနက်တပ်ဖွဲ့တပ်မှူး ငါးထောင်သည် (၁၃) ရပ်ကွက်ထဲသို့ ဝင်ရောက်ပြီး သတ်ဖြတ်ပွဲကြီး စတင်လိုက်ကြတော့သည်။

“ရွှီ... ရွှီ... ရွှီ...”

အိပ်မက်ဆိုးကျောက်တုံး ရိုင်ဖယ်များနှင့် အိပ်မက်ဆိုးကျောက်တုံး စက်သေနတ်များက မီးပွင့်သွားကြ၏။

(၁၃) ရပ်ကွက် တစ်ခုလုံးသည် စတုရန်းကီလိုမီတာ ဆယ်ဂဏန်းခန့် ရှိပြီး လူဦးရေ ခုနစ်သောင်း နေထိုင်ကြသည်။

ရေနက်တပ်ဖွဲ့၏ ကင်းလှည့်တပ်ဖွဲ့သည် ပြင်းထန်စွာ ပစ်ခတ်လိုက်ရာ တစ်ခဏအတွင်း မရေမတွက်နိုင်သော လူများမှာ ခုခံနိုင်စွမ်း မရှိဘဲ သေဆုံးသွားကြရသည်။ လူအများစုမှာ သူတို့ မည်သို့ သေဆုံးသွားသည်ကိုပင် မသိလိုက်ကြချေ။

ဤဖြစ်စဉ်အတွင်း မြို့စားမင်းရှမ့်သည် ရှမ့်လန်ကို ရုတ်တရက် ကြည့်ကာ ပြောလိုက်၏။ “မြင့်မြတ်သော သခင်မ ရှစ်ချင်းချင်းက အထူးသံတမန်ကို တွေ့ပြီးပြီလား။”

ရှမ့်လန်သည် တိတ်ဆိတ်နေပြီး စကားတစ်ခွန်းမှ မဆိုခဲ့ပေ။ “ကောင်းပြီလေ။ ကျုပ် မမေးတော့ပါဘူး၊ မမေးတော့ပါဘူး။” မြို့စားမင်းရှမ့်က အထင်သေးစွာ ပြောလိုက်သည်။

မိနစ်ပိုင်းမျှအကြာတွင် အတွင်းဘက်ဆီမှ တိုက်ခိုက်သံများ ထပ်မံ ထွက်ပေါ်လာခဲ့သည်။ ခုခံနေသူ တစ်စုံတစ်ယောက် ရှိနေသည်မှာ ထင်ရှား၏။ ၁၃ ရပ်ကွက်အတွင်း၌ ကာလကြာရှည်စွာ ခြုံခိုစောင့်ဆိုင်း နေကြသည့် သူပုန်တပ်ဖွဲ့များ ဖြစ်နိုင်၏။

နာရီဝက်ခန့် အကြာတွင် ရေနက်တပ်မှူးသည် အပြင်သို့ ထွက်လာပြီး ဒူးထောက်လိုက်သည်။ “မြို့စားမင်း... အားလုံးကို ရှင်းလင်း သုတ်သင်ပြီးပါပြီ။”

မြို့စားမင်းရှမ့်က မေးမြန်းလိုက်၏။ “အထိအခိုက် အကျအဆုံး အခြေအနေ ဘယ်လိုရှိလဲ။”

ရေနက်တပ်မှူးက ပြန်လည် ဖြေကြားလိုက်သည်။ “ကျုပ်တို့ဘက်က လူငါးရာကျော် ကျဆုံးပါတယ်။”

မြို့စားမင်းရှမ့်က မဲ့ပြုံး ပြုံးလိုက်၏။ “သူပုန် အယောက် ၂၀ လောက်ပဲ ရှိတယ်လို့ မင်း ပြောခဲ့တယ် မဟုတ်လား။”

ရေနက်တပ်မှူးက ခေါင်းငုံ့ထားလိုက်သည်။ “ကျုပ်ရဲ့ အပြစ်ပါ။”

မြို့စားမင်းရှမ့်က ဆက်လက်ကာ မေးမြန်းလိုက်၏။ “သူပုန် စုစုပေါင်း ဘယ်နှစ်ယောက် ရှိသလဲ။ လက်နက် အင်အား ဘယ်လောက်ပါလဲ။”

ရေနက်တပ်မှူးက ပြန်ဖြေလိုက်သည်။ “သူပုန် ၁၀၀ လောက် ရှိပါတယ်။ သူတို့ဆီမှာ ပါတဲ့ လက်နက်တွေက အရမ်းခေတ်ဟောင်းလွန်းပါတယ်။ အိပ်မက်ဆိုးကျောက်တုံး လက်နက်တွေ မပါပါဘူး။ ဒါပေမဲ့ သူတို့က သိုင်းပညာ အရမ်းကောင်းကြတော့ ကျုပ်တို့ဘက်က အထိနာသွားပါတယ်။”

မြို့စားမင်းရှမ့်က ပြောလိုက်၏။ “ဒီလူတွေက လက်မလျှော့ကြသေးပါလား။ ဒီလောက် အင်အားလေးနဲ့ ကျုပ်တို့ရဲ့ အင်အားကြီး အင်ပါယာကို ဖြိုချချင်နေကြတယ်။ သူတို့ တိုက်ခိုက်လို့ အောင်မြင်သွားတော့ရော ဘာဖြစ်မှာလဲ။ ကျုပ်လို မြို့စားမင်းတစ်ယောက်လောက်ပဲ အရှက်ရသွားမှာပေါ့။ ပြီးတော့ မင်းလို ရေနက်တပ်မှူး လောက်ပဲ ကံဆိုးသွားမှာပေါ့။ သူတို့က ကျုပ်တို့အင်ပါယာကို လှုပ်ခါနိုင်မှာတဲ့လား။ ပုရွက်ဆိတ်က သစ်ပင်ကြီးကို လှုပ်ချင်နေတာပဲ။”

ထို့နောက် မြို့စားမင်းရှမ့်သည် သူ၏ ခမ်းနားထည်ဝါသော ရထားလုံးပေါ်သို့ ပြန်တက်ကာ နေရာ ယူလိုက်သည်။ သူသည် ဝိုင်အရက်ကို တိတ်ဆိတ်စွာ သောက်သုံးနေလိုက်သည်။

အပိုင်း (၁၃၁၀)

နောက်ထပ် နာရီဝက်ခန့် အကြာ၌ ယာဉ်ပျံတစ်စီး ကောင်းကင်ယံမှ ဆင်းသက်လာခဲ့သည်။

“မြို့စားမင်း... ၁၉ ရပ်ကွက်တစ်ခုလုံးကို ရှင်းလင်းပြီးပါပြီ။ စုစုပေါင်း လူဦးရေ ငါးသောင်းကို သုတ်သင်ခဲ့ပါတယ်။ အလင်းနယ်မြေက သူပုန် ၅၀ ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။”

မြို့စားမင်းရှမ့် က မေးမြန်းလိုက်၏။ “ကဲ... ကျုပ်ကို ပြောစမ်းပါ။ ဒီနေရာကို စိမ့်ဝင်လာတဲ့ သူပုန်တွေကို အကုန်ရှင်းပစ်လိုက်ပြီဆိုတာ သေချာရဲ့လား။”

ရေနက်တပ်မှူးက ဖြေလိုက်သည်။ “အကုန် ရှင်းပစ်လိုက်ပြီလို့ ထင်ပါတယ်။”

“ချီးတဲ့မှ…”

မြို့စားမင်းရှမ့်သည် ရေနက်တပ်မှူးကို လက်ညှိုးထိုးကာ အေးစက်စက် ပြောလိုက်သည်။ “မနက်ဖြန်ကျမှ တစ်စုံတစ်ရာ ဖြစ်လာခဲ့ရင် ခင်ဗျားကို အရှင်လတ်လတ် အရေခွံခွာပစ်မယ်။”

ထို့နောက် မြို့စားမင်းရှမ့်သည် အတောင်ပံပါသော မြင်းပျံကို စီးနင်းကာ ထွက်ခွာသွား၏။

...

ခဏအကြာတွင် မြို့စားမင်းရှမ့် သည် ယာယီနန်းတော်၏ အပြင်ဘက်သို့ ဆင်းသက်လိုက်သည်။

“ဂါရဝပြုပါတယ် မြို့စားမင်း...” ရေနက်တပ်မှူးသည် သိမ်းငှက်တစ်ကောင်ပမာ တံခါးဝ၌ စောင့်ကြပ်နေဆဲ ဖြစ်၏။ မြို့စားမင်းရှမ့် ကို မြင်လိုက်ရသည့်အခါ သူက ရိုသေစွာ ဦးညွှတ်လိုက်၏။

မြို့စားမင်းရှမ့်က ခေါင်းညိတ်ပြလိုက်၏။ သူသည် ရေနက်တပ်မှူးကို သိပ်ပြီး အရေးမစိုက်လှပေ။ ယာယီနန်းတော် အတွင်းသို့ ဝင်ရောက်ရန် ပြင်ဆင်လိုက်သည်။

ခဏအကြာ၌ မိန်းမစိုးတစ်ဦး ထွက်လာပြီး ဒူးထောက်လိုက်၏။

“ဂါရဝပြုပါတယ် မြို့စားမင်း...” သူသည် တံခါးဝ၌ ဒူးထောက်ကာ မြို့စားမင်းရှမ့် ၏ လမ်းကို ပိတ်ဆို့ထားလိုက်သည်။

မြို့စားမင်းရှမ့် က မေးလိုက်၏။ “ဘာဖြစ်လို့လဲ။ ကျုပ်ရဲ့ တော်ဝင်မျိုးရိုးက မသန့်စင်လို့လား။ ကျုပ်မျိုးရိုး နာမည်က ကျန်း မဟုတ်ဘဲ ရှမ့် ဖြစ်နေလို့ ယာယီနန်းတော်ထဲ ဝင်ခွင့်မရှိဘူးလား။ ကျန်းမိသားစုနဲ့ ရှမ့်မိသားစု က မခွဲခြားဘူးဆိုတာ မမေ့နဲ့အုံး။ အရှင်ကိုယ်တိုင်ကလည်း မျိုးရိုးနာမည် ပြောင်းလဲဖို့ အမိန့်မထုတ်ပြန်ထားဘူး။”

မိန်းမစိုးသည် ဒူးထောက်လျက် ဦးတိုက်လိုက်သည်။ “ဒီကျွန်အိုကြီး မဝံ့ရဲပါဘူး။ ကျုပ်တို့ မျက်လုံးထဲမှာ ကျန်းမိသားစုနဲ့ ရှမ့်မိသားစုက သခင်တွေချည်းပါပဲ။”

မြို့စားမင်းရှမ့် က ပြောလိုက်၏။ “ဒါဆို ဘာလို့ ကျုပ်လမ်းကို ပိတ်နေရတာလဲ။ မင်းသမီးက ကျုပ်ရဲ့ အစ်မတော်။ ကျုပ်တို့က ငယ်ငယ်တည်းက ရင်းနှီးခဲ့ကြတာ။ အရင်းမဟုတ်ပေမဲ့ အရင်းထက် ပိုနီးစပ်ကြတယ်။ ကျုပ်သွားပြီး သူ ဘာဖြစ်နေလဲ ကြည့်လိုက်အုံးမယ်။”

မိန်းမစိုးက ဦးတိုက်ကာ ပြောလိုက်သည်။ “မြို့စားမင်း... မင်းသမီး အိပ်နေပါပြီ။”

မြို့စားမင်းရှမ့် က ပြောလိုက်၏။ “ဪ... အိပ်ပျော်နေပြီလား။ ကျုပ်အစ်မတော်က ငယ်ငယ်တည်းက ပုံမှန်ဘဝမျိုးနဲ့ နေထိုင်ခဲ့တာကို ကျုပ်မေ့လုနီးပါးပဲ။ ညသန်းခေါင်ထိ မအိပ်ဘဲနေတတ်တဲ့ ကျုပ်နဲ့တော့ မတူဘူးပေါ့။ ဒါနဲ့ ဒီနေ့ အစ်မတော် ပျော်ရဲ့လား။”

မိန်းမစိုးက ဖြေလိုက်သည်။ “သူ... သိပ်မပျော်ပါဘူး။ ဒီတစ်ခေါက် နုရှောင့်မြို့ နဲ့ ရွှမ်ဝူမြို့စား အိမ်တော်ကို သွားလည်ဖို့ သူ လာခဲ့တာပါ။ ဒါပေမဲ့ နောက်ဆုံးကျတော့ အတားခံလိုက်ရတယ်။”

မြို့စားမင်းရှမ့် က ပြောလိုက်၏။ “ကျုပ်လည်း အထင်လွဲခံရတာပါပဲ။ ဒီရက်ပိုင်း သိပ်မငြိမ်းချမ်းဘူးလေ။ အလင်းနယ်မြေက သူပုန်တွေက အရမ်းမောက်မာနေကြတယ်။ ဘေးကင်းမှာ မဟုတ်ဘူးလို့ ကျုပ် စိုးရိမ်တာကြောင့် အစ်မတော်ကို အိမ်တော်ဟောင်းဆီ မသွားခိုင်းခဲ့တာပါ။ အဲဒီနေရာကို ကျုပ်လည်း အရမ်းလွမ်းပါတယ်။

ထားလိုက်ပါတော့။ မနက်ဖြန်မှပဲ သွားကြတာပေါ့။ မနက်ဖြန်ကျရင် ကျုပ် ကိုယ်တိုင် သူ့ကို အဖော်ပြုပေးမယ်။ ဘာပဲဖြစ်ဖြစ် သူပုန် အများစုကို ရှင်းလင်းပြီးပြီပဲ။ အဘိုးကြီး... ပြင်ဆင်စရာရှိတာ ပြင်ဆင်ထားလိုက်။ မနက်ဖြန် မနက်ကျရင် ကျုပ် မင်းသမီးကို ရွှမ်ဝူမြို့စား အိမ်တော်ဆီ လိုက်ပို့ပေးမယ်။”

“ကောင်းပါပြီ။” မိန်းမစိုးသည် ဒူးထောက်လျက် ဦးတိုက်လိုက်၏။

မြို့စားမင်းရှမ့် ထွက်ခွာသွားသည်။ မိန်းမစိုးသည် နန်းဆောင်အတွင်းသို့ အလျင်အမြန် ဝင်ရောက်သွားပြီး ခန်းမထဲသို့ ရောက်ရှိသွား၏။ သူသည် ဦးတိုက်လျက် လျှောက်တင်လိုက်သည်။

“မင်းသမီး... သူပုန်တွေကို ရှင်းလင်းပြီးပါပြီ။ အပြင်မှာ ငြိမ်းချမ်းနေလောက်ပါပြီ။ မနက်ဖြန်ကျရင် ကျုပ်တို့ ရွှမ်ဝူမြို့စားအိမ်တော်ကို သွားကြမယ်။ ပြီးရင် နုရှောင့်မြို့ဆီ ဆက်သွားကြမယ်။”

ကျန်းမီ၏ နူးညံ့ပြီး စိတ်လှုပ်ရှားနေသည့်အသံသည် အတွင်းဘက်မှ ထွက်ပေါ်လာခဲ့၏။ “ကောင်းပြီ။”

...

နာရီအနည်းငယ်အကြာ၌ ရွှမ်ဝူမြို့စား အိမ်တော်ဟောင်းနှင့် မိုင်ပေါင်းများစွာ ဝေးကွာသော ဂူတစ်လုံးထဲတွင် စစ်သည် ဒါဇင်ပေါင်းများစွာ တိတ်ဆိတ်စွာ ထိုင်နေကြ၏။ သူတို့ တစ်ဦးချင်းစီ၏ အဝတ်အစားများပေါ်တွင် နေမင်းပုံစံ တံဆိပ်များ ရိုက်နှိပ်ထားကြသဖြင့် သူတို့ကို အလင်းနယ်မြေဟု ခေါ်ဆိုကြခြင်း ဖြစ်သည်။ သို့သော်ငြား ကျန်းလီကိုလည်း နေမင်းဟု တင်စားခေါ်ဝေါ်ကြသည်။

စစ်သည်များကို ဦးဆောင်သူသည် ဖရိုဖရဲဖြစ်နေသော ဆံပင်၊ မုတ်ဆိတ်မွေးများနှင့် ပိန်လှီသော ခန္ဓာကိုယ် ရှိပြီး မျက်ဝန်းများထဲတွင် မောပန်းနွမ်းနယ်မှုတို့ ပြည့်နှက်နေ၏။ သူသည်ကား ပျောက်ဆုံးနေသည်မှာ ကြာမြင့်ပြီဖြစ်သော ကောင်းကင်ပင်လယ်နန်းဆောင်မှ ကျူးဟုန်ရွှဲ့ပင်။

စစ်သည် ဒါဇင်ပေါင်းများစွာတို့သည် တိတ်ဆိတ်စွာ စားသောက်နေကြ၏။

“ဒီသောက်တလွဲမီးကလည်းကွာ... ရေနွေးတောင် မဆူဘူး။ အသားလည်း ချက်လို့ မရဘူး။” စစ်သည်တစ်ဦး က ညည်းတွား လိုက်သည်။

ဤနေရာ၌ လေဖိအား နည်းပါးလွန်းလှသဖြင့် ရေဆူမှတ်မှာ ၁၀၀ ဒီဂရီ စင်တီဂရိတ်သို့ မရောက်ရှိနိုင်ပေ။ ထို့ကြောင့် အသားများကို ကျက်အောင် ချက်ပြုတ်၍ မရနိုင်ခြင်း ဖြစ်သည်။ ထို့အပြင် အပူချိန်မှာလည်း အလွန်အမင်း နိမ့်ကျလွန်း၏။ အသားကို ထုတ်လိုက်သည်နှင့် ချက်ချင်း အေးစက်သွားသည်။ ပါးစပ်ထဲသို့ ရောက်ရှိချိန်တွင်မူ ခဲနေလေ၏။

ကျူးဟုန်ရွှဲ့သည် အသားတစ်ဖတ်ကို ယူလိုက်ပြီး ထုံထိုင်းစွာ ဝါးလိုက်၏။ လွန်ခဲ့သော နှစ်ပေါင်း ၃၀ တည်းက သူ၏သိုင်းပညာသည် အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ ယခုအခါ၌ သူ မည်မျှ စွမ်းအားကြီးမား နေပြီနည်း။ ထျန်းရွှဲ့မြို့တိုက်ပွဲအပြီးတွင် သူသည် မိုင်တစ်သော်းသဲကန္တာရသို့ ထွက်ခွာသွားခဲ့ပြီး နောက်ထပ် ပေါ်လာခြင်း မရှိတော့ပေ။

စစ်သည်တစ်ဦးက မေးလိုက်သည်။ “စစ်သေနာပတိ... ထျန်းနန်မြို့ထဲက ကျုပ်တို့ ညီအစ်ကိုတွေ အကုန် သေသွားကြပြီလား။ ဘာသတင်းမှ မကြားရသေးဘူး။”

ကျူးဟုန်ရွှဲ့ တိတ်ဆိတ်နေ၏။

“စစ်သေနာပတိ... ကျုပ်တို့ အလင်းနယ်မြေမှာ စစ်သည်တွေ နည်းသထက် နည်းလာပြီ။ အင်ပါယာက အရမ်း အားကောင်းလွန်းတယ်။ ကျုပ်တို့ မျှော်လင့်ချက် ရှိပါသေးရဲ့လား။”

“နှစ်ပေါင်း ၃၀ နီးပါး ကုန်ဆုံးသွားခဲ့ပြီ။ အရှင်ရှမ့်လန်သာ အသက်ရှင်နေသေးရင် ပေါ်လာတာ ကြာလှပြီ။ သူ... သူ သေဆုံးသွားပြီလား။”

“စစ်သေနာပတိ... ကျုပ်တို့မှာ မျှော်လင့်ချက် ရှိသေးရဲ့လား။ နန်းဆောင်သခင်ရဲ့ သီအိုရီအရဆိုရင် ဒီလောကကြီး က မပျက်စီးခင် နှစ်တစ်ရာအောက်ပဲ ခံတော့မှာဆို။”

စစ်သည်များ၏စကားကို ကြားရသော်လည်း ကျူးဟုန်ရွှဲ့သည် စကားတစ်ခွန်းမှ မဆိုခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် မျှော်လင့်ချက် ရှိ၊ မရှိ ဆိုသည်ကို သူကိုယ်တိုင်လည်း မသိရှိသောကြောင့်ပင်။ ရှမ့်လန် သေဆုံးသွားပြီလား၊ ပြန်လာမည်လား ဆိုသည်ကိုလည်း သူ မသိရှိပေ။ သို့သော်ငြား မျှော်လင့်ချက် မရှိသည်ထက်စာလျှင် မျှော်လင့်ချက် ရှိနေခြင်းက ပိုကောင်းသည် မဟုတ်ပါလား။ ဤသည်မှာ သူ့ဆရာ သူ့ကို ပြောပြခဲ့ဖူးသည့် စကားပင်။

ထိုနှစ်များဆီက အရှင်ရှမ့်လန် ရန်မြို့တော်သို့ မြောက်ပိုင်းစစ်ဆင်ရေး မထွက်ခွာမီ သူ့ဆရာ ကျိုးရှီသည် လာရောက်လည်ပတ်ခဲ့ပြီး အဆင်ပြေသည်ဖြစ်စေ၊ မပြေသည်ဖြစ်စေ မိုင်တစ်သောင်း သဲကန္တာရဆီသို့ လာရောက် လည်ပတ်ရန် ဖိတ်ခေါ်ခဲ့ဖူးသည်။

ယခုအခါ နှစ်ပေါင်း ၃၀ နီးပါး ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သော်လည်း အရှင်သည် နောက်ထပ် ပြန်လည် ပေါ်ထွက်လာခြင်း မရှိတော့ပေ။ အနာဂတ်၌ မျှော်လင့်ချက် ရှိပါသေးသည်လား။ အလင်းရောင် ရှိပါသေးသည်လား။

ထိုအချိန်တွင် မီးနီရောင် ငှက်တစ်ကောင် ပျံသန်းလာပြီး မီးလုံးတစ်လုံးပမာ ဂူထဲသို့ တိုးဝင်လာခဲ့သည်။ ကျူးဟုန်ရွှဲ့က လက်ကို ဆန့်ထုတ်လိုက်၏။ မီးနီရောင် ငှက်ကလေးသည် သူ၏ လက်ဖဝါးပေါ်သို့ ဆင်းသက် လိုက်ပြီး နှစ်ချက် သုံးချက်ခန့် ဆိတ်သည်။ ကျူးဟုန်ရွှဲ့၏ မျက်ဝန်းများ တုန်ခါသွားခဲ့၏။

“ပြင်ဆင်ကြ... မနက်ဖြန် ရွှမ်ဝူမြို့စား အိမ်တော်ဟောင်းမှာ တိုက်ပွဲ ရှိလိမ့်မယ်။ လူနှစ်ယောက်ကို ကယ်ထုတ်ပြီး အလင်းနယ်မြေဆီ ခေါ်လာခဲ့ရမယ်။”

“ကောင်းပါပြီ။”

ယခုတစ်ကြိမ်၌ ကျူးဟုန်ရွှဲ့သည် ရှစ်ချင်းချင်းနှင့် မင်းသမီးရှမ့်မီတို့ နှစ်ဦးကို ကယ်တင်ရန် အဝေးကြီးမှ လာရောက်ခဲ့ခြင်း ဖြစ်သည်။

...

အကယ်၍ ကောင်းကင်ယံမှ ငုံ့ကြည့်လိုက်မည် ဆိုပါက လောကကြီးတစ်ခုလုံးသည် ဧရာမ ပင့်ကူအိမ်ကြီး တစ်ခုအဖြစ် ပြောင်းလဲသွားကြောင်း တွေ့မြင်ရပေလိမ့်မည်။ အမိုးခုံးမြို့တော် ၁၉၉ ခုသည် ပင့်ကူအိမ်၏ ဆုံမှတ်များသဖွယ် တည်ရှိနေကြ၏။

အမိုးခုံးမြို့တော်များကို ဆက်သွယ်ထားသည့် အထူးလမ်းကြောင်းများ ရှိနေပြီး ထိုရှေးဟောင်းအထူး လမ်းကြောင်းများကိုလည်း စွမ်းအင်အလွှာတစ်ခုဖြင့် ကာကွယ်ထားသဖြင့် မြို့တော်များ လျင်မြန်စွာ ရွေ့လျားနိုင်စေရန် အာမခံချက် ပေးထားသည်။

ဤသည်မှာ ရှေးဟောင်းမြို့ပြ တည်ဆောက်ပုံနှင့် တူညီနေသည် မဟုတ်ပါလား။ ဟုတ်ပေသည်။ များစွာ တူညီမှု ရှိလှ၏။

ထိုစဉ်က တောင်ပိုင်းပင်လယ်ဒေသ ရှေးဟောင်းအပျက်အစီးများ၊ ကျင်းကန်တောင်ထိပ် ရှေးဟောင်းအပျက်အစီးများနှင့် ရှေးဟောင်းရင်ပြင် အပျက်အစီးများကိုလည်း အထူးလမ်းကြောင်းများဖြင့် ဆက်သွယ် ထားခဲ့သည်။ ထို့အပြင် မိစ္ဆာတြိဂံနယ်မြေနှင့် ပျောက်ဆုံးနိုင်ငံတော် အပျက်အစီးများ ကြားရှိ ပင်လယ်ကြမ်းပြင်၌လည်း အထူးလမ်းကြောင်း တစ်ခု ရှိနေခဲ့သည်။

ယခင်က ရှေးဟောင်း အပျက်အစီးများစွာကို ရှာဖွေတွေ့ရှိခဲ့ဖူး၏။ တချို့မှာ မြေကြီးထဲတွင် လုံးဝ နစ်မြုပ် နေသော်လည်း တချို့မှာမူ အမိုးခုံးများ ဖုံးအုပ်လျက် အကောင်းပကတိ ကျန်ရှိနေသေး၏။

ထိုအချိန်က ရှမ့်လန် အလွန် သိချင်ခဲ့မိသည်။ ကြီးမားသည့် ပျက်သုဉ်းခြင်း ဖြစ်ပျက်ပြီးနောက် ဤရှေးဟောင်းမြို့တော်များသည် မြေကြီးထဲသို့ နစ်မြုပ်သွားခဲ့သော်လည်း အဘယ်ကြောင့် အကောင်းပကတိ ကျန်ရှိနေရသနည်း။

အဘယ်ကြောင့် အကာအရံများဖြင့် ဖုံးအုပ်ထားရသနည်း။ ကြီးမားသည့် ပျက်သုဉ်းခြင်း ဆိုသည်မှာ အဘယ်နည်း။ မြို့တော်များကို ကာကွယ်ရန် အဘယ်ကြောင့် အမိုးခုံးများ တည်ဆောက်ခဲ့ရသနည်း။

မူလခေါင်းစဉ်သို့ ပြန်သွားရလျှင် ယခုအချိန်၌ ကျန်းအင်ပါယာတွင် အမိုးခုံးမြို့တော် ၁၉၉ ခု ရှိပြီး လောကမြေပြင် တစ်ခုလုံး၌ ဧရာမ ပင့်ကူအိမ်ကြီးသဖွယ် ဖြန့်ကျက်ထားသည်။ ထိုပင့်ကူအိမ်ကြီး၏ ဗဟိုချက် မှာကား မြောက်ဝင်ရိုးစွန်း မြင့်မြတ်သော မြို့တော်ပင် ဖြစ်သည်။

ယခုအချိန်၌ မြောက်ဝင်ရိုးစွန်း မြင့်မြတ်သောမြို့တော်တွင် ရှေးဟောင်းနန်းတော်ကြီး တစ်ခု ပေါ်ပေါက် လာခဲ့ပြီ ဖြစ်သည်။ ပတ်ဝန်းကျင်တည်နေရာတစ်ခုလုံးက မှောင်မိုက်နေဆဲဖြစ်သော်လည်း မြောက်ဝင်ရိုးစွန်း မြင့်မြတ်သော မြို့တော်၏ နန်းတော်တစ်ခုလုံးမှာမူ လင်းထိန်နေ၏။

ဤနေရာ၌ စစ်မှန်သော လူသားဟူ၍ မရှိပေ။ အားလုံးမှာ ရှေးဟောင်း အပျက်အစီးများကြားတွင် မြှုပ်နှံခံ ထားရသည့် လူသားကျောက်ဖြစ်ရုပ်ကြွင်းများသာ ဖြစ်ကြ၏။ သူတို့သည် နိုးထလာခဲ့ကြပြီ ဖြစ်သော်လည်း တစ်ဦးစီတိုင်းမှာ လမ်းလျှောက်အလောင်းကောင်များသဖွယ် ဖြစ်နေကြသည်။

သူတို့၏ ခန္ဓာကိုယ်များသည်လည်း ထာဝရ ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့ပြီး ဖြစ်၏။ ကျောက်ဖြစ်ရုပ်ကြွင်း များနှင့် တူသလို သလင်းကျောက်များနှင့်လည်း တူနေသည်။ သူတို့၌ အသွေးအသားဖြင့် ပြုလုပ်ထားသော ခန္ဓာကိုယ်မျိုး လုံးဝ မရှိတော့ပေ။

ဤရှေးဟောင်း ရုပ်သေးစစ်တပ်ကြီးမှာ အရေအတွက်အားဖြင့် ဂဏန်းသင်္ချာအရ ရေတွက်၍ပင် မရနိုင်အောင် များပြား၏။ မည်းမည်းသည်းသည်းဖြင့် ကောင်းကင်ကိုပင် ဖုံးလွှမ်းထားသည်။ ကျန်းလီ၏ အင်ပါယာတွင် ထာဝရ ဝိညာဉ်နှင့် စွမ်းအင်ခန္ဓာကိုယ် ပိုင်ဆိုင်ထားသည့် ရှေးဟောင်းလူသား သုံးသိန်းအောက်သာ ရှိသည်။ သူတို့သည် အင်ပါယာ၏ ပိရမစ်ထိပ်ဖျား၌ ရှိနေကြသူများ ဖြစ်၏။ ပြန်လည် နိုးထလာသော ရုပ်သေးတပ်သား များကမူ ရေတွက်၍ မကုန်နိုင်အောင်ပင်။

ယခုအချိန်၌ ကျန်းလီ၏ မြောက်ဝင်ရိုးစွန်း နန်းတော်ကြီးမှာ Lich King (world of Warcraft ထဲမှ) ၏ ရေခဲသရဖူ ခံတပ်ကြီးထက် အဆပေါင်း တစ်ရာကျော် ပိုမို ကြီးမားလှပေသည်။ လောကမြေ၏ မြောက်ဘက်အစွန်းကို ဖုံးလွှမ်းထားသည့် ဧရာမ မကောင်းဆိုးဝါးကြီး တစ်ကောင်အလားပင်။

အကယ်၍ အမိုးခုံးမြို့တော် ၁၉၉ ခုနှင့် အထူးလမ်းကြောင်းများသည် ဧရာမ ပင့်ကူအိမ်ကြီး တစ်ခုကို ဖန်တီးထားသည် ဆိုပါက မြောက်ဝင်ရိုးစွန်း နန်းတော်ကြီးသည် ထိုပင့်ကူအိမ်ကြီးထဲမှ မကောင်းဆိုးဝါး ကြီးပင် ဖြစ်ပေလိမ့်မည်။

ဤအထူးလမ်းကြောင်းများသည် သူ၏ လက်တံများ ဖြစ်ကြ၏။ ဧရာမ ပိုက်ကြီး ၁၉၉ ခုသည် လောက မြေကြီး၏ ဗဟိုချက်ဆီသို့ ထိုးဖောက်ဝင်ရောက်ကာ မြောက်ဝင်ရိုးစွန်း နန်းတော်ကြီး တစ်ခုလုံးကို ထောက်ပံ့ပေးရန် စွမ်းအင်များကို အငမ်းမရ စုပ်ယူနေကြသည်။

ထို့ကြောင့် ကျန်းလီသည် လောကမြေလွှာ တစ်ခုလုံး၏ စွမ်းအင်များကို အရူးအမူး ဝါးမြိုနေခြင်း ဖြစ်ပေ၏။

၂၉ နှစ် ရှိခဲ့ပြီ ဖြစ်၏။ မြောက်ဝင်ရိုးစွန်း၌ သူ ပြန်လည် နိုးထလာခဲ့ချိန်မှစ၍ ထွက်ခွာသွားခြင်း မရှိခဲ့ပေ။ သူသည် ဤကြီးမားကျယ်ပြန့်လှသော ကျန်းအင်ပါယာကြီးကို အုပ်ချုပ်ရာ၌ အကူအညီဖြစ်စေရန် သိန်းပေါင်းများစွာသော ရှေးဟောင်းလူသားများကို နေရာအနှံ့သို့ စေလွှတ်ထားခဲ့သည်။ သူသည် ကျန်းအင်ပါယာ မြို့တော် (ယခင် မီးတောက်မြို့တော်) သို့ တစ်ခေါက်မျှပင် မသွားရောက်ခဲ့ဖူးပေ။

.........

မြောက်ဝင်ရိုးစွန်း နန်းတော်အတွင်းသည် တောင်ကြီးတစ်လုံးပမာ မြင့်မားပြီး စကြဝဠာကြီးတစ်ခုပမာ ကျယ်ပြောလှသည်။ ငရဲသလင်းကျောက်များဖြင့် ပြုလုပ်ထားသော ပလ္လင်သည် အထင်ကြီးလောက်စရာ မကောင်းသလို အာဏာစက် ပြင်းထန်ပုံလည်း မရပေ။ သံပလ္လင်ကြီးကဲ့သို့ ထူးဆန်းအံ့သြဖွယ်ရာ သို့မဟုတ် ကြောက်မက်ဖွယ်ရာလည်း ကောင်းမနေပေ။ ၎င်းသည် သာမန် ပလ္လင်တစ်ခုကဲ့သို့ပင်။

ကျန်းလီသည် ရုပ်တုတစ်ခုပမာ မလှုပ်မယှက် ငြိမ်သက်စွာ ထိုင်နေသည်။ ယခု သူ မည်သို့သော ပုံပန်း သဏ္ဍာန် ရှိနေသနည်း။ ရှမ့်လန်၏ ခန္ဓာကိုယ်လား။ မဟုတ်ပေ။ တိတိကျကျ ပြောရလျှင် သူ၏ ခန္ဓာကိုယ်မှာ မည်သည့်အရာ ဖြစ်သည်ကို ပြောပြရန် ခက်ခဲ၏။

အဘယ်ကြောင့်ဆိုသော် သူ၏ တစ်ကိုယ်လုံးကို အနက်ရောင် သံချပ်ကာဖြင့် ဖုံးအုပ်ထားပြီး မျက်လုံးပေါက် နှစ်ခုကိုသာ မြင်တွေ့နေရသောကြောင့်ပင်။

ထိုမျက်လုံး နှစ်လုံးထဲတွင်လည်း ငရဲသလင်းကျောက် အလင်းရောင်များဖြင့် ပြည့်နှက်နေပြီး အစိုင်အခဲ ဖြစ်နေသော ငရဲသလင်းကျောက်များလည်း ဖြစ်သည်။ ထိုကဲ့သို့ပင် သူသည် မလှုပ်မယှက် ရှိနေပြီး သူ၏ မျက်လုံးနှစ်လုံးမှာလည်း ခဲနေသကဲ့သို့ ဖြစ်နေ၏။

အချိန်အတော်ကြာပြီးနောက် ရုတ်တရက် သူ၏ မျက်လုံးများ အရည်ပျော်ကျလာသည်။ အစိုင်အခဲ ဖြစ်နေသော ငရဲသလင်းကျောက်များမှ လှုပ်ခတ်နေသော ငရဲသလင်းကျောက် အလင်းတန်းများ အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။ ထို့နောက် သူသည် လက်ကို အနည်းငယ် ဖွင့်လိုက်သည်။

တစ်ခဏအတွင်း၌ ခန်းမကြီးတစ်ခုလုံးတွင် စွမ်းအင်ထောင်ချောက် တစ်ခု ပေါ်လာခဲ့၏။ ၎င်းသည်လည်း ငရဲသလင်းကျောက်များဖြင့် ပြုလုပ်ထားသော စွမ်းအင်ထောင်ချောက်ပင်။

အတွင်းထဲ၌ လူတစ်ယောက် ရှိနေ၏။ တိတိကျကျ ပြောရလျှင် သူမသည် လူသားနှင့် မတူပေ။ အဘယ်ကြောင့်ဆိုသော် သူမ၏ ကျောဘက်တွင် အနက်ရောင် အတောင်ပံများ ရှိနေသောကြောင့် ဖြစ်၏။ သူမ၏မျက်နှာမှာ လူသားနှင့် ဆင်တူသော်လည်း ခန္ဓာကိုယ်မှာမူ များစွာ ကွာခြားလှပေသည်။ အသေအချာ ကြည့်လိုက်လျှင် သူမ၏ မျက်နှာ အသွင်အပြင်ကို မြင်တွေ့နိုင်သေး၏။

ရန်ယင်ယင် ပင် ဖြစ်သည်။

All Chapters