← Chapters

အခန်း (၁၃၁၃-၁၃၁၄)

Vol. 75 Ch. 1313-1314

အခန်း (၁၃၁၃-၁၃၁၄)

Vol. 75 Ch. 1313-1314

အပိုင်း (၁၃၁၃)

မြို့ဝန်အိမ်တော်အတွင်း၌ နုရှောင့်မြို့ဝန်မှာ ပျင်းရိလေးတွဲ့နေဆဲပင် ဖြစ်၏။ သူ၏မျက်လုံးများထဲ၌ မာနတရားများနှင့် မောက်မာမှုများ ပြည့်နှက်နေခဲ့၏။

“ရွှမ်ဝူမြို့စား အိမ်တော်ကို လိုက်ပို့ပေးရမလား။” ရှမ့်ချန်က မေးလိုက်သည်။

ရှစ်ချင်းချင်းက ပြန်လည်ဖြေကြားလိုက်သည်။ “မလိုဘူး။ ရှင်လိုက်သွားရင် သူတို့ကို လန့်သွားစေလိမ့်မယ်၊ ဒီတစ်ခေါက် ခေါင်းဆောင်လာတာက ကျူးဟုန်ရွှဲ့... သူက အရေးပါတဲ့လူပဲ၊ ကျွန်မတို့ သူ့ကို လန့်ပြေး သွားအောင် လုပ်လို့မဖြစ်ဘူး။ ကျွန်မတို့က အမဲလိုက်ပြီး ပုံတူကူးချရမဲ့ စီမံကိန်းအပြင် စိမ့်ဝင်ထိုးဖောက်မဲ့ စီမံကိန်းကိုပါ လုပ်ဆောင်ရမှာ။ ရှင် အဆင်သင့် ဖြစ်ပြီလား။”

ရှမ့်ချန်က ပြောလိုက်၏။ “ဒါပေါ့။ အဆင်သင့်ဖြစ်ပြီ၊ သူ့ကို ဖမ်းမိတာနဲ့ အချိန်တိုအတွင်း သူ့ရဲ့ မှတ်ဉာဏ်တွေကို ဖတ်ပြီး ကျုပ်တို့ ရှေးဟောင်းလူသားသစ်တွေက ကျူးဟုန်ရွှဲ့ပုံစံ ပုံတူကူးယူလိုက်ရုံပဲ။ ပြီးရင် အလင်းနယ်မြေထဲကို အတူတူ စိမ့်ဝင်သွားလို့ ရပြီ။”

ရှစ်ချင်းချင်းက ဆက်ပြောလိုက်သည်။ “အလင်းနယ်မြေထဲမှာ ကျွန်မတို့လူတွေ လုံလောက်အောင် ရှိနှင့်နေပြီ။ ကျွန်မတို့ တိုက်ခိုက်မှု စတင်ပြီး ရှမ့်လန်အပေါ် သစ္စာရှိတဲ့ တစ်ခုတည်းသော အဖွဲ့အစည်းကို အပြီးတိုင် ဖျက်ဆီးပစ်လို့ ရတယ်။ ဒီလိုဆိုရင် ရှမ့်လန် ပြန်လာရင်တောင် သူ့မှာ လက်အောက်ငယ်သား ဆိုလို့ တစ်ယောက်မှ ရှိတော့မှာ မဟုတ်ဘူး။”

ရှမ့်ချန်က ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်၏။ “ဒါက အထက်အမိန့် လိုတယ်၊ ကျုပ်တို့က အမိန့်အတိုင်း လုပ်စရာရှိတာ လုပ်ရုံပဲ၊ သွားကြစို့။ မင်းလည်း သွားသင့်ပြီ။”

… … …

ဆယ့်ငါးမိနစ်ခန့် ကြာမြင့်ပြီးနောက် ရှစ်ချင်းချင်းသည် မင်းသမီးရှမ့်မီနှင့် အတူလိုက်ပါလာခဲ့၏။ ကောင်းကင်တပ်သား တစ်ထောင်၏ အစောင့်အရှောက်အောက်တွင် သူတို့သည် ကျူးဟုန်ရွှဲ့အား အမဲလိုက်ရန် ပြင်ဆင်မှုအပြည့်ဖြင့် ရွှမ်ဝူမြို့စား အိမ်တော်သို့ ပျံသန်းထွက်ခွာသွားကြသည်။

ကျူးဟုန်ရွှဲ့၏ လူများမှာမူ ရွှမ်ဝူမြို့စားအိမ်တော် အနီးရှိ လိုဏ်ဂူတစ်ခုထဲ၌ ပုန်းအောင်းနေကြပြီး မင်းသမီး ရှမ့်မီနှင့် ရှစ်ချင်းချင်းတို့ ရောက်ရှိလာမည့် အချိန်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြ၏။

မင်းသမီး ရှမ့်မီသည် အရှင်ရှမ့်လန်၏ သွေးသားရင်း ဖြစ်သည်။ သူမကို ကယ်ထုတ်ပြီး အလင်းနယ်မြေသို့ မဖြစ်မနေ ပို့ဆောင်ပေးရမည်ဟု သူတို့ စိတ်ဆုံးဖြတ်ထားကြသည်။

… …

ရှမ့်လန်သည် တွေးတောနေဆဲ ဖြစ်၏။ သူ့ခေါင်းထဲ၌ စဉ်းစားစရာများ များပြားလွန်းနေခဲ့သည်။ ပထမဆုံး အနေဖြင့် သူ၏ ပြုပြင်မွမ်းမံထားသော ခန္ဓာကိုယ်နှင့် ပတ်သက်၍ မသိနားမလည်နိုင်သည့် အချက်များ များပြားလွန်းနေ၏။ သိုင်းပညာ ရှုထောင့်အရ ကြည့်လျှင် သူသည် သိပ်ပြီး သန်မာလှပုံ မရချေ။

သို့သော်ငြား ရှမ့်လန်သည် သုညဒီဂရီအောက် ဒီဂရီပေါင်းများစွာ အေးခဲနေသည့် ပတ်ဝန်းကျင်၌ တစ်လကျော်ကြာအောင် လှည့်လည်သွားလာခဲ့ပြီး ဖြစ်သည်။ ဘေးကင်းလုံခြုံနေသည်သာမက မောပန်း နွမ်းနယ်ခြင်းကိုပင် အနည်းငယ်မျှ မခံစားခဲ့ရပေ။

ပြင်ပလောက၏ အောက်ဆီဂျင် ပမာဏသည် ယခင်ရှိခဲ့ဖူးသည်ထက် ၅၀ ရာခိုင်နှုန်းအောက် လျော့နည်း နေသော်လည်း ရှမ့်လန်သည် မည်သည့် နေမထိထိုင်မသာဖြစ်မှုကိုမှ မခံစားရပေ။ ထို့အပြင် ရှမ့်လန်သည် တစ်လလုံးလုံး အစာမစားခဲ့သော်လည်း မည်သို့မှ မခံစားရချေ။ ဤကဏ္ဍများတွင်မူ သူသည် အလွန်တရာ သန်မာနေခဲ့ပြီ ဖြစ်သည်။

မျက်နှာပြောင်းလဲသည့် နည်းပညာနှင့် ပတ်သက်၍မူ ရှမ့်လန် စမ်းသပ်လေ့လာခြင်း မပြုရသေးပေ။ ယခု သူ လေ့လာလိုသည်မှာ သူ့တွင် မည်ကဲ့သို့သော တိုက်ခိုက်မှု စွမ်းရည်မျိုး ရှိနေသနည်း ဟူသည့် အချက်ပင် ဖြစ်၏။

သူ၏ လက်ရှိ သိုင်းပညာ အဆင့်အတန်းမှာ အနည်းငယ် ပိုကောင်းမွန်လာရုံသာ ရှိပြီး သန်မာသည်ဟု ဆိုနိုင်ရန် များစွာ လိုသေးသည်။ ထို့အပြင် သူသည် ရှေးဟောင်းဘုရင်လက်စွပ်၊ နဂါးဓားနှင့် နဂါး နှလုံးသားတို့ကို လက်လွှတ်ဆုံးရှုံးခဲ့ရပြီး ဖြစ်သည်။ သူ့တွင် အခြား မည်သည့် တိုက်ခိုက်ရေး နည်းလမ်းများ ရှိသေးသနည်း။ စွမ်းအင်ဝဲကတော့လား။

ချက်ချင်းပဲ ရှမ့်လန်၏ စိတ်အာရုံထဲ၌ စွမ်းအင်ဝဲကတော့ တစ်ခု ဖွဲ့စည်းဖြစ်ပေါ်လာခဲ့သည်။ ထို့နောက် ဝဲကတော့သည် လက်မောင်းတစ်လျှောက်မှတဆင့် လက်ဝါးပြင်ဆီသို့ ရွေ့လျားလာပြီး လှုပ်ရှားရန် အသင့်အနေအထား သို့ ရောက်ရှိလာခဲ့သည်။

“ကောင်းလိုက်တာ။” စွမ်းအင်ဝဲကတော့မှာ လုံးဝ ပြဿနာ မရှိပေ။ ထို့အပြင် ယခင်ကနှင့် လုံးဝ ကွဲပြား ခြားနားနေသည်။ ယခင်ကဆိုလျှင် စွမ်းအင်ဝဲကတော့ကို အသုံးပြုရန် ပြင်ဆင်ချိန်ယူရပြီးမှ ထုတ်လွှတ် နိုင်သော်လည်း ယခုမူ မျက်စိတစ်မှိတ်အတွင်း ပြီးမြောက်သွားခဲ့သည်။ သူ အလိုရှိသည်နှင့် စွမ်းအင် ဝဲကတော့ကို ချက်ချင်း ထုတ်လွှတ်နိုင်သည်။ ဤတိုက်ခိုက်မှု တစ်ခုတည်းနှင့်ပင် လုံလောက်အောင် သန်မာနေခဲ့ပြီ ဖြစ်၏။

အမှန်တကယ်ပင် ထူးဆန်းလှ၏။ ရှမ့်လန်၏ ကိုယ်ထဲ၌ နဂါးနှလုံးသား မရှိတော့သော်လည်း စွမ်းအင်များမှာ အကန့်အသတ်မရှိ ဖြစ်နေပုံရပြီး နဂါးနှလုံးသား ရှိစဉ်ကထက်ပင် ပိုမို ပြည့်ဝနေသည်။ ရှေးဟောင်းဘုရင် လက်စွပ် မရှိလျှင်ပင် သူသည် ပြီးပြည့်စုံသော အကာအကွယ်ကို ရရှိထားပြီး အမျိုးမျိုးသော ကြမ်းတမ်းသည့် ပတ်ဝန်းကျင်များ၌ ရှင်သန်နိုင်စွမ်း ရှိနေသည်။ နဂါးဓား မရှိလျှင်ပင် တိုက်ခိုက်မှုများကို ထုတ်လွှတ်နိုင်စွမ်း ရှိနေသေးသည်။

ရှမ့်လန်သည် သူ၏အတွင်းစိတ်အာရုံကို ဆက်လက်ခံစားကြည့်ရှုရာ ပို၍ ထူးဆန်းသော အရာတစ်ခုကို တွေ့ရှိလိုက်ရပြန်သည်။ သူ၏ ခန္ဓာကိုယ် နက်ရှိုင်းသောနေရာ၌ ယူရေနီယမ်စွမ်းအင် ရှိနေပြီး ၎င်းမှာ နဂါးသွေးခြင်ဆီနှင့် ရောစပ်နေသည့် ယူရေနီယမ် စွမ်းအင်များ ဖြစ်နေသည်။ ထိုအရာက ဘာကို သက်သေပြနေသနည်း။ သူသည် ယူရေနီယမ် ဓာတ်ရောင်ခြည် တိုက်ခိုက်မှုများကို ထုတ်လွှတ်နိုင်သည်ဟု ဆိုလိုခြင်းလား။

‘မဖြစ်နိုင်ပါဘူး။ ဒီလောက်ကြီးတော့ မကြမ်းတမ်းနိုင်လောက်ပါဘူး၊ ဟုတ်တယ်မလား။’

ရှမ့်လန် နောက်တစ်ကြိမ် ထပ်မံပြင်ဆင်ကြည့်ရာ စွမ်းအင်ဝဲကတော့ အတွင်းသို့ ယူရေနီယမ် ဓာတ်ရောင်ခြည် စွမ်းအင်များကို အမှန်တကယ် ရောနှောထည့်သွင်းနိုင်ပြီး ဓာတ်ရောင်ခြည် တိုက်ခိုက်မှုများကို တိုက်ရိုက် ဖန်တီးနိုင်ကြောင်း တွေ့ရှိလိုက်ရ၏။

ဤသည်မှာ လွန်ကဲစွာ သန်မာလွန်းနေပြီး ကောင်းကင်ဘုံ ၏ လက်ဆောင်ကို ဖြုန်းတီးရာပင် ကျနေသည်။ စွမ်းအင်ဝဲကတော့ထဲသို့ ဓာတ်ရောင်ခြည်စွမ်းအင် ရောနှောခြင်းမှာ ဖြုန်းတီးရာ အရောက်ဆုံးနှင့် အရိုင်းစိုင်းဆုံးသော ယူရေနီယမ် တိုက်ခိုက်မှု ပုံစံသာ ဖြစ်သည်ဟု ရှမ့်လန် ခံစားမိလိုက်သည်။

နျူကလီးယား ဖြိုခွဲခြင်းကဲ့သို့သော ပိုမို အဆင့်မြင့်သည့် ယူရေနီယမ် တိုက်ခိုက်မှုမျိုးကို နောက်ပိုင်းတွင် ပြုလုပ်နိုင်ကောင်း ပြုလုပ်နိုင်ပေလိမ့်မည်။

သူ၏ ခန္ဓာကိုယ် ဗဟိုချက်ရှိ ယူရေနီယမ် စွမ်းအင်မှာ အလွန် သန့်စင်ကြောင်း ရှမ့်လန် ခံစားမိသော်လည်း သူ၏ခန္ဓာကိုယ် မျက်နှာပြင်ပေါ်တွင်သော်လည်းကောင်း၊ သွေးထဲတွင်သော်လည်းကောင်း မည်သည့် ဓာတ်ရောင်ခြည်မှ မရှိကြောင်း တွေ့ရ၏။

‘ဒါက... ဒါက သိပ်ကို ထူးဆန်းလွန်းမနေဘူးလား။’

အလွန်မြင့်မားသော သန့်စင်မှုရှိသည့် ယူရေနီယမ် စွမ်းအင်များမှာ ခန္ဓာကိုယ် အတွင်းပိုင်း နက်ရှိုင်းစွာ တည်ရှိနေသော်လည်း ခန္ဓာကိုယ်ကို မည်သည့် ဓာတ်ရောင်ခြည်သင့် ထိခိုက်မှုမှ မဖြစ်စေပေ။

မကြာမီ ရှမ့်လန်သည် ကျန်းမျိုးနွယ်၏ ဧရာမနဂါးကြီးကို သတိရသွားခဲ့သည်။ ရှေးဦးနဂါးရေကန်၌ နိဗ္ဗာနဘုံသို့ ကူးပြောင်းခြင်း ပြီးဆုံးသွားချိန်ကလည်း ဤအတိုင်းပင် ဖြစ်သည်။ နျူကလီးယား ဖြိုခွဲခြင်း တိုက်ခိုက်မှု မပြုလုပ်သရွေ့ ၎င်း၏ ခန္ဓာကိုယ်မှ ဓာတ်ရောင်ခြည် လုံးဝ ထွက်ပေါ်လာခြင်း မရှိခဲ့ပေ။

သို့သော်ငြား ထိုအရာက နဂါးဖြစ်ပြီး ရှမ့်လန်က လူသားသာ ဖြစ်သည်။ လွန်ခဲ့သော (၂၉) နှစ်တာ ကာလအတွင်း သုညအဖွဲ့အစည်းက သူ့အပေါ် မည်သည့် မှော်ပညာများ အသုံးပြုခဲ့သနည်း။

အမှန်စင်စစ် ရှမ့်လန်သည် ကိစ္စတစ်ခုနှင့် ပတ်သက်၍ အမြဲ စိုးရိမ်ပူပန်နေခဲ့မိသည်။ သူ၏ခန္ဓာကိုယ်ကို ကျန်းလီက ထောက်ပံ့ပေးထားခြင်း ဖြစ်ပြီး ထိုခန္ဓာကိုယ်ကို အသုံးပြု၍ ပုန်းကွယ်နေသော အင်အားစုများကို ချေမှုန်းဖျက်ဆီးရန် ရည်ရွယ်ထားခြင်း ဖြစ်မည်ကိုပင်။

ယခုကြည့်ရသည်မှာ ထိုသို့ ဖြစ်လာနိုင်ခြေ အလွန် နည်းပါးပုံရသည်။ သူ၏ ခန္ဓာကိုယ်မှာ ထင်မှတ်ထား သည်ထက် များစွာကျော်လွန်ကာ အလွန်တရာ အစွမ်းထက်မြက်လွန်းနေသောကြောင့် ဖြစ်၏။

နောက်ဆက်တွဲအနေဖြင့် ရှမ့်လန် လုပ်စရာများစွာ ရှိနေသေးသည်။ မည်သည့် သိုင်းပညာကိုမျှ သင်ယူစရာ မလို၊ ဆက်လက်၍ ဉာဏ်အလင်းပွင့်အောင် ရှာဖွေရုံသာ လိုအပ်သည်။ အကယ်၍ သင်ယူလိုက်မည် ဆိုပါက သူတစ်ပါး၏ သိုင်းပညာသာ ဖြစ်လာပေလိမ့်မည်။

ရှမ့်လန်သည် ကိုယ်ပိုင်သိုင်းပညာကို ဖန်တီးလိုသူဖြစ်ရာ အမျိုးမျိုးသော တိုက်ခိုက်မှု ပုံစံများ ဖြစ်နိုင်ခြေ ရှိသည်။ သူ၏ ဉာဏ်အလင်းပွင့်မှုက ပိုမိုမြင့်မားသော အဆင့်တစ်ခုသို့ ရောက်ရှိသွားပါက စွမ်းအင်ဝဲကတော့ ကို အသုံးပြု၍ နျူကလီးယား ဖြိုခွဲခြင်း တိုက်ခိုက်မှုကိုပင် ထုတ်လွှတ်နိုင်ကောင်း ထုတ်လွှတ်နိုင်ပေလိမ့်မည်။

သို့သော်ငြား ယနေ့အတွက် ဉာဏ်အလင်းပွင့်အောင် ကျင့်ကြံခြင်းမှာ ဤနေရာတွင် ရပ်တန့်ရပေတော့မည်။ သူ ချက်ချင်း ထွက်ခွာရမည် ဖြစ်သည်။ သူ၏ သုံးသပ်ချက်သာ မမှားယွင်းပါက ဤရှစ်ချင်းချင်းသည် အတုဖြစ်ပြီး ရှမ့်ချန်သည်လည်း အတုသာ ဖြစ်သည်။ သူတို့နှစ်ဦးစလုံးသည် ရှေးဟောင်းလူသားသစ်များ ဖြစ်ကြပြီး သူတို့ မည်သည်ကို ပြုလုပ်လိုကြသနည်း။

ရှမ့်လန် ခြေလှမ်းတစ်လှမ်း လှမ်းလိုက်ပြီး ပြတင်းပေါက်ကို ဖွင့်ကာ အရှေ့ဘက် အရပ်ဆီသို့ လှမ်းမျှော်ကြည့် လိုက်၏။ ခမ်းနားထည်ဝါသော ကောင်းကင်တပ်တော်တစ်ခု အရှေ့ဘက်သို့ ပျံသန်းသွားနေသည်ကို ချက်ချင်း မြင်တွေ့လိုက်ရသည်။ နန်းတော်ရှိရာ အရပ်ဆီသို့ ဦးတည်ပျံသန်းသွားခြင်း ဖြစ်၏။

ဤသည်မှာ အဆင့်အတန်း အလွန်မြင့်မားသော၊ တော်ဝင်မိသားစုဝင်များ၏ အဆောင်အယောင် အခမ်းအနား ဖြစ်သည်။ အလွန် သိုသိပ်စွာ သွားလာနေပြီး ကျန်းမျိုးနွယ်၏ အလံတော် ပါရှိခြင်း မရှိသော်လည်း ရှမ့်လန်က တစ်ချက်ကြည့်ရုံဖြင့် မှတ်မိနေခဲ့သည်။

မည်သူ ဖြစ်နိုင်မည်နည်း။ အကယ်၍ ရှစ်ချင်းချင်းသာ ဆိုပါက တော်ဝင်မိသားစုဝင်တစ်ဦး၏ အဆောင် အယောင်ကို အသုံးပြုရန် အရည်အချင်း ပြည့်မီခြင်း မရှိသေးပေ။ အဘယ်ကြောင့်ဆိုသော် သူမသည် ရှမ့်လန်နှင့် အမှန်တကယ် လက်ထပ်ထိမ်းမြားရခြင်း မရှိသေးသောကြောင့်ပင်။

‘သူတို့ ဘယ်ကို သွားနေကြတာလဲ။’

အဖြေတစ်ခု ရှမ့်လန်၏ ခေါင်းထဲသို့ ချက်ချင်း ဝင်ရောက်လာသည်။ နုရှောင့်မြို့ သို့မဟုတ် ရွှမ်ဝူမြို့စား အိမ်တော်၊ ဤနှစ်နေရာမှ တစ်နေရာသာ ဖြစ်ပေလိမ့်မည်။ ထို့အပြင် ဤကောင်းကင်ရထားလုံးသည် အမျိုးသမီးစီး ရထားလုံး ဖြစ်ကြောင်း ထင်ရှားနေသဖြင့် အတွင်းမှ တော်ဝင်မိသားစုဝင် ဆိုသူမှာ ရှမ့်လန်၏ သမီး သို့မဟုတ် ရှမ့်လန်၏ ဇနီးသာ ဖြစ်နိုင်၏။

သို့သော်ငြား ရှမ့်လန်၏ ကောက်ချက်ချမှုအရဆိုလျှင် သူ့မိသားစုသည်လည်း ရှေးဟောင်းလူသားများ၏ အယောင်ဆောင်ခြင်းကို ခံထားရပြီး ဖြစ်ပေမည်။ အင်ပါယာ၏ အထက်တန်းလွှာတစ်ခုလုံးကို ရှေးဟောင်း လူသားသစ်များအဖြစ် ပြောင်းလဲပစ်လိုက်ပြီ ဖြစ်သည်။ ရှမ့်ချန်ကဲ့သို့သော တော်ဝင်ဆွေမျိုးများပင် ခြွင်းချက် မရှိခဲ့ရာ တော်ဝင်မိသားစု၏ တိုက်ရိုက် သွေးသားရင်းများ ဆိုလျှင် ပြောဖွယ်ရာပင် ရှိမည် မဟုတ်ပေ။

ရှမ့်လန်၏ စိတ်အာရုံက နောက်ဆက်တွဲ ဖြစ်လာမည့် အရာများကို လျင်မြန်စွာ တွေးတောလိုက်မိသည်။ အကယ်၍ ရှေးဟောင်းလူသားများက တော်ဝင်မိသားစုအဖြစ် ဟန်ဆောင်ကာ ရွှမ်ဝူမြို့စား အိမ်တော်သို့ သွားရောက်ကြသည် ဆိုပါက မည်သည့် ရည်မှန်းချက်ကို ရယူလိုသောကြောင့်နည်း။

ထို့အပြင် လမ်းကြောင်းရှင်းရန် ယမန်နေ့ညက အပြစ်မဲ့သော ကျွန်အများအပြားကိုပင် သတ်ဖြတ်ခဲ့ကြသည် မဟုတ်ပါလား။ တော်လှန်ရေး တပ်သားအနည်းငယ်ကို ဖမ်းဆီးရန် သက်သက်လား။ မဟုတ်ပေ။ ထိုထက် များစွာ ပိုလွန်နေပေလိမ့်မည်။ သူတို့၌ အခြား မည်သည့်ရည်ရွယ်ချက်များ ရှိနေသေးသနည်း။ ရှမ့်လန်နှင့် သက်ဆိုင်နေမည်လား။

ဤအတွေးများက လျှပ်စီးလက်သကဲ့သို့ လျင်မြန်စွာ ဖြတ်သန်းသွားခဲ့သည်။ ထို့နောက် ရှမ့်လန်သည် ရေနက်တပ်ဖွဲ့မှ ထွက်ခွာခဲ့ပြီး မြို့ပြင်ဘက်ရှိ အမိုးခုံးဆီသို့ လျှောက်သွားလိုက်၏။

“သံတမန်မင်း... တာဝန်နဲ့ ခရီးထွက်အုံးမလို့လား ခင်ဗျာ။” ထိုရေနက်တပ်ဖွဲ့မှ တပ်မှူးသည် ချက်ချင်း အပြေးအလွှား ရောက်ရှိလာပြီး သူ၏လက်ထဲ၌ ပစ္စည်းအမြောက်အမြားကို ယူဆောင်လာခဲ့သည်။ လိုအပ်သည့် ပစ္စည်းဟူသမျှ အားလုံးနီးပါး ပါဝင်သည်။

ရေနက်တပ်ဖွဲ့ အရာရှိက မေးလိုက်၏။ “အင်ပါယာမြို့တော်ကို ပြန်မှာလား။ အပြင်ထွက်မှာလား ခင်ဗျာ။”

ရှမ့်လန်က ထိုသူ့ကို တစ်ချက်သာ ကြည့်လိုက်ပြီး ပြန်လည်ဖြေကြားခြင်း မပြုပေ။

ရေနက်တပ်ဖွဲ့ အရာရှိက ပြောလိုက်သည်။ “ဒါတွေက လက်ဆောင် သေးသေးမွှားမွှားလေးတွေပါ။ သံတမန်မင်း လက်ခံပေးပါ၊ အင်ပါယာမြို့တော်ကို ပြန်ရောက်ရင် ကျုပ်အတွက် ကောင်းသတင်းလေးများ ပြောပေးပါအုံး။”

ရှမ့်လန်သည် လက်ဆောင်များ အပြည့်ပါသော သေတ္တာကို တစ်ချက်ကြည့်လိုက်ရာ သူ၏ မျက်နှာထားက ပို၍ပင် အေးစက်သွားသည်။ ထို့နောက် စကားတစ်ခွန်းမှ မဆိုဘဲ ထွက်ခွာသွားတော့၏။

ရေနက်တပ်ဖွဲ့ အရာရှိသည် ဦးညွှတ်အရိုအသေပြုရင်း ရှက်ကိုးရှက်ကန်း အပြုံးဖြင့် ရှမ့်လန်ကို နှုတ်ဆက်လိုက်ရသည်။

ဤလူ၏ အပြုအမူမှာ အလွန် စိတ်ဝင်စားဖွယ် ကောင်း၏။ လူရှေ့သူရှေ့တွင်မူ အလွန် အေးစက်တည်ငြိမ်ပြီး အထက်လူကြီး ပုံစံ ဖမ်းနေသော်လည်း ကွယ်ရာ၌မူ ရှမ့်လန်၏ မျက်နှာရစေရန် အစွမ်းကုန် ကြိုးစားနေခြင်း ဖြစ်၏။

ရှမ့်လန် ထွက်ခွာသွားပြီးနောက် ရေနက်တပ်ဖွဲ့အရာရှိတစ်ဦးက လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ “အရှင်... ကျုပ်တို့က သူ့ကို ဒီလိုဆက်ဆံဖို့ လိုလို့လား၊ ရေနက်တပ်ဖွဲ့မှာ သူ့ရာထူးက အရှင့်ထက် နိမ့်ပါတယ်။”

ရေနက်တပ်ဖွဲ့ အရာရှိကြီးက အေးစက်စွာ ပြောလိုက်၏။ “မင်း ဘာသိလို့လဲ။ ငါတို့လို သာမန်လူတွေက ရာထူးဘယ်လောက်ကြီးကြီး သူတို့ရှေ့ရောက်ရင် အစေခံတွေပဲ၊ သူတို့ရာထူး ဘယ်လောက်နိမ့်နိမ့် သူတို့က သခင်တွေပဲကွ။”

ဤစကားများက အနည်းငယ် ဆွေးမြေ့ဖွယ် ကောင်းလှသည်။ မန်ချူးခအင်ပါယာ ခေတ်ကဲ့သို့ပင် ဟန်လူမျိုး အရာရှိများ ရာထူး မည်မျှကြီးမားပါစေ၊ ပါးမျိုးနွယ်စုများ၏ သားသမီးများ ရှေ့မှောက်တွင်မူ အစေခံများသာ ဖြစ်ခဲ့ကြသည်။

ကျန်းအင်ပါယာ၌ ရှေးဟောင်းလူသားသစ်များသည် စစ်မှန်သော အခွင့်ထူးခံ လူတန်းစားများ ဖြစ်ကြသည်။ သူတို့သည် ပိရမစ်၏ထိပ်ဆုံးတွင် ရှိနေကြသူများ ဖြစ်သည်။ ထို့အပြင် ရှမ့်လန်က လာဘ်ပေးလာဘ်ယူ မလုပ်သည်မှာလည်း ပုံမှန်ပင် ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ရှေးဟောင်းလူသားများသည် ဤကိစ္စမျိုးတွင် ဆန္ဒမရှိသလောက် ဖြစ်သောကြောင့်ပင်။

သူတို့၏မျက်လုံးထဲတွင် ရွှေနှင့် ကျောက်သံပတ္တမြားများသည် ကျောက်စရစ်ခဲများနှင့် မခြားနားပေ။ ထို့အပြင် သူတို့သည် အမြဲတစေအေးစက်၍ မာနကြီးကာ သာမန်လူသားများကို ပုရွက်ဆိတ်များသဖွယ် အထင်သေး တတ်ကြ၏။

ထို့အပြင် ရှမ့်လန်သည် မြို့မှ ထွက်ခွာရန် မည်သည့် မှတ်ပုံတင်ခြင်း၊ တိုကင်ပြသခြင်းမျှ ပြုလုပ်ရန် မလိုအပ်ပေ။ သူ၏ ပုံပန်းသဏ္ဍာန်နှင့် မျက်နှာသည် အမြင့်ဆုံးသော ဖြတ်သန်းခွင့် လက်မှတ်ပင် ဖြစ်သည်။ အင်ပါယာ ဥပဒေအရ တရားဝင် ခွင့်ပြုချက်မရှိဘဲ မည်သူမျှ မြို့တွင်းမှ အဝင်အထွက် ပြုလုပ်ခွင့် မရှိပေ။ အခြား အမိုးခုံးမြို့များသို့လည်း သွားလာခွင့် မရှိကြချေ။

ရှေးဟောင်းလူသားများသာလျှင် အင်ပါယာနယ်နိမိတ်အတွင်း၊ သို့မဟုတ် လောကနယ်နိမိတ် တစ်ခုလုံးသို့ လွတ်လပ်စွာ သွားလာခွင့် ရှိကြသည်။ အကြောင်းမှာ ပြင်ပလောက၏ ကြမ်းတမ်းသော ပတ်ဝန်းကျင်တွင် အချိန်ကြာမြင့်စွာ ရှင်သန်နိုင်စွမ်း ရှိသူများမှာ ရှေးဟောင်းလူသားများသာ ဖြစ်သောကြောင့်ပင်။

သာမန်လူသားစစ်သည်များအတွက်မူ ခက်ခဲလှသည်။ ထို့ကြောင့် လောကအနှံ့ လှည့်လည်၍ အလင်းနယ်မြေ တော်လှန်ရေး တပ်ဖွဲ့များ၏ စခန်းများကို ရှာဖွေရန်အ ရှေးဟောင်းလူသားများကိုသာ တာဝန်ပေးလေ့ရှိသည်။ တွေ့ရှိသည်နှင့် အနီးဆုံးမြို့သို့ ချက်ချင်း သတင်းပို့ကြရသည်။ ထို့နောက် မြို့စားမင်းက အစွမ်းထက်သော ကောင်းကင်တပ်တော်ကို စေလွှတ်၍ ထိုစခန်းများကို အပြီးတိုင် ချေမှုန်းဖျက်ဆီးပစ်လေ့ရှိသည်။

အပိုင်း (၁၃၁၄)

ထင်ထားသည့်အတိုင်းပင် ရှမ့်လန် ထျန်းနန်မြို့၏ အမိုးခုံးအပြင်ဘက်သို့ လှမ်းထွက်လိုက်သည်နှင့် ကောင်းကင်ယံမှ ကြီးကျယ်ခမ်းနားသော ကောင်းကင်တပ်တော် တစ်ခု ပျံသန်းရောက်ရှိလာ၏။ ကောင်းကင်တပ်သား ထောင်ပေါင်းများစွာနှင့် ဧရာမ ကောင်းကင်ခံတပ်ကြီး အချို့ ပါဝင်သည်။

ရှမ့်လန်က ရှမ့်မြို့စားမင်းအား သတင်းပို့ပြီးနောက် တော်လှန်ရေးတပ်ဖွဲ့စခန်းများကို ဗုံးကြဲရန် စေလွှတ် လိုက်ခြင်း ဖြစ်ပေမည်။ တစ်ရက်ကျော်ကျော် ကာလအတွင်း သူတို့ ပြန်ရောက်လာကြပြီ ဖြစ်ရာ အမှန်တကယ်ပင် လျင်မြန်လှ၏။

ဤအချက်ကို ကြည့်ခြင်းအားဖြင့် ကျန်းအင်ပါယာ၏အင်အားမှာ အမှန်တကယ် ကြောက်မက်ဖွယ် ကောင်းကြောင်း သိသာနိုင်သည်။ အလင်းနယ်မြေ တော်လှန်ရေး တပ်ဖွဲ့ ဆိုသည်မှာ သူတို့နှင့် ယှဉ်လျှင် လုံးဝ ခေတ်နောက်ကျ ကျန်ရစ်နေခဲ့ပြီ ဖြစ်သည်။

ရှမ့်လန်သည် အလုပ်သမားတစ်ဦးကဲ့သို့ ဝတ်ဆင်ထားပြန်သည်။ ဝတ်ရုံခြုံ၍ မျက်နှာဖုံး တပ်ဆင်ကာ အရှေ့ဘက်ရှိ ရွှမ်ဝူအိမ်တော်ဆီသို့ ဦးတည်ပြေးလွှားသွားလိုက်၏။ သူ၏ အမြန်နှုန်းမှာ ပို၍ ပို၍ မြန်ဆန်လာသည်။ နောက်ဆုံးတွင် တစ်နာရီလျှင် ကီလိုမီတာ ၂၀၀ နှုန်းကို ကျော်လွန်သွားခဲ့ပြီး ဖျတ်ခနဲ လှုပ်ရှားရုံမျှသာ မြင်ရတော့၏။

ထိုအချိန်တွင် ကောင်းကင်ပေါ်မှ အင်ပါယာ မြင်းစီးတပ်ဖွဲ့ တစ်ဖွဲ့သည် သူ့ကို တွေ့ရှိသွားပြီး ကြားဖြတ်ဟန့်တား စစ်ဆေးမေးမြန်းရန် ချက်ချင်း ထိုးဆင်းလာကြသည်။

“မင်းတို့ အသက်မရှင်ချင်တော့ဘူးလား။ သူ့ပုံစံကို ကြည့်လိုက်အုံး။ အရပ်က ဒီလောက်ရှည်ပြီး လက်တံတွေက ဒီလောက်ရှည်တာ၊ တာဝန်ထမ်းဆောင်နေတဲ့ အင်ပါယာ သံတမန်အစစ်ပဲ။ သွားတားရင် မင်းတို့ အလကား သေကုန်လိမ့်မယ်။” ဘေးမှ အရာရှိတစ်ဦးက လက်အောက်ငယ်သား၏ မိုက်မဲမှုကို ချက်ချင်း တားဆီးလိုက်၏။

… … …

နာရီအနည်းငယ် ကြာမြင့်ပြီးနောက် ရှစ်ချင်းချင်းနှင့် မင်းသမီးကျန်းမီ၏ မြင်းပျံစီးတပ်ဖွဲ့သည် ရွှမ်ဝူမြို့ ကောင်းကင်ယံထက်သို့ ရောက်ရှိလာကြ၏။

“မင်းသမီး... ဒီကို လူတစ်ယောက် ရောက်ခဲ့ပုံရတယ်။” မင်းသမီး ကျန်းမီ၏ လုံခြုံရေးကို တာဝန်ယူ ထားရသော ရေနက်တပ်ဖွဲ့မှ လက်ရွေးစင်စစ်သည်တော်များသည် ရွှမ်ဝူမြို့ နှင်းပြင်၌ ပုံမှန်မဟုတ်သော ခြေရာများကို ချက်ချင်း တွေ့ရှိလိုက်ကြသည်။ ထို့အပြင် ခြေရာဖျက် ဖျက်ဆီးထားသည့် လက္ခဏာများလည်း တွေ့ရသည်။

“မင်းသမီး... သတိထားပါ။” ရေနက်တပ်ဖွဲ့ စစ်သည်တော် ထောင်ပေါင်းများစွာက မင်းသမီး ကျန်းမီကို အလယ်၌ထား၍ ချက်ချင်း ဝိုင်းရံကာကွယ်လိုက်ကြ၏။

“အသံလှိုင်း တိုက်ခိုက်ရေး သားရဲတွေ... ဝေဟင်ကနေ စစ်ဆေးကြ။” ရေနက်တပ်ဖွဲ့ စစ်သည်တော်က အမိန့်ပေးလိုက်သည်။

“အမိန့်အတိုင်းပါ”

အမိန့်သံ ဆုံးသည်နှင့် ဒါဇင်နှင့်ချီသော အသံလှိုင်း တိုက်ခိုက်ရေး သားရဲများသည် ရွှမ်ဝူမြို့သို့ ထိုးဆင်း ပျံသန်းသွားကြ၏။ ထို့နောက် အသံလှိုင်း တိုက်ခိုက်ရေး သားရဲအားလုံးသည် ပါးစပ်များကို ရုတ်တရက် ဖွင့်ဟ၍ အသံလှိုင်း တိုက်ခိုက်မှုများကို ထုတ်လွှတ်လိုက်ကြ၏။

“ဘုန်း... ဘုန်း... ဘုန်း...”

ချက်ချင်းပဲ ရွှမ်ဝူမြို့အောက်ရှိ နှင်းများမှာ ပြာမှုန့်များအဖြစ် ပြောင်းလဲသွားရသည်။ အိမ်ခြေအားလုံးမှာလည်း တစစီ ကြေမွ ပျက်စီးသွားသည်။

“ဘုန်း... ဘုန်း... ဘုန်း...”

သူတို့သည် မြေပြင်ကို ရှင်းလင်းရန် အသံလှိုင်း တိုက်ခိုက်ရေး သားရဲများကို အမှန်တကယ် အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ရွှမ်ဝူမြို့တစ်ခုလုံးမှာ ထွန်ယက်ခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး မည်သည့်နေရာမှ လွတ်ကျန်ရစ်ခြင်း မရှိတော့ပေ။

နာရီဝက်မျှသာ ကြာမြင့်သည့် တိုတောင်းသောအချိန်အတွင်း၌ ရွှမ်ဝူမြို့တစ်ခုလုံးသည် အပျက်အစီး ပုံကြီးအဖြစ် ပြောင်းလဲသွားခဲ့ရသည်။ ကျန်းအင်ပါယာ၏ အသံလှိုင်း တိုက်ခိုက်ရေး သားရဲများမှာ အမှန်တကယ်ပင် အားကောင်းလွန်းလှသည်။

လွန်ခဲ့သော (၂၉) နှစ်က အသံလှိုင်း တိုက်ခိုက်ရေး သားရဲများနှင့် နှိုင်းယှဉ်လျှင် ယခု သားရဲများ၏ တိုက်ခိုက်နိုင်စွမ်းမှာ အဆပေါင်းများစွာ ပိုမို ပြင်းထန်၏။

“ဘေးကင်းကြောင်း အတည်ပြုပါတယ်။” ရေနက်တပ်ဖွဲ့ တပ်မှူး ရောက်လာပြီး သတင်းပို့သည်။

“ရွှမ်ဝူမြို့ထဲက ခြေရာတွေက လူတစ်ယောက်တည်း ကျန်ခဲ့တဲ့ ခြေရာတွေ ဖြစ်ပါလိမ့်မယ်၊ ပြီးတော့ ခြေရာ အရွယ်အစားအရ ဆိုရင် သံတမန် ဖြစ်ဖို့များပါတယ်။” ရေနက်တပ်ဖွဲ့ စစ်သည်တော်များမှာ အမှန်တကယ် အံ့မခန်း စွမ်းဆောင်နိုင်သူများ ဖြစ်ကြသည်။ ရှေးဟောင်းလူသားများ၏ ခြေရာ လက္ခဏာများကိုပင် သူတို့က ရှင်းလင်းစွာ မှတ်မိနေကြသေး၏။

ကျန်းမီသည် အောက်ဘက်ရှိ ရွှမ်ဝူမြို့ကို တွေဝေငေးမောစွာ ကြည့်နေမိသည်။ အတော်ကြာမှ သူမက တိုးညင်းစွာ ပြောလိုက်သည်။ “နောက်တစ်ခါ ကျွန်မ မလာတော့ဘူး။ ကျွန်မလာတိုင်း မြို့တစ်မြို့ကို ဖျက်ဆီးပစ်ရမယ် ဆိုရင် အရှေ့ဘက်လောကမှာ မြို့ဘယ်နှစ်မြို့များ ကျန်တော့မှာလဲ။”

ရေနက်တပ်ဖွဲ့တပ်မှူးသည် အသံလှိုင်း တိုက်ခိုက်ရေးသားရဲပေါ်၌ ချက်ချင်း ဒူးထောက်ချလိုက်ပြီး ပြောလိုက်သည်။ “ကျုပ်မှာ အပြစ်ရှိပါတယ်။ မင်းသမီး... ကျေးဇူးပြုပြီး အပြစ်ပေးတော်မူပါ။”

မင်းသမီး ကျန်းမီက ပြောလိုက်၏။ “ထားလိုက်ပါတော့။ ရှင်တို့က ကျွန်မကို ကာကွယ်ပေးရုံ သက်သက်ပါပဲ။ အပြစ်ပေးချင်ရင် ကျွန်မကအရင် အပြစ်ပေးခံရမှာပါ။”

ထိုစကားထွက်လာသည်နှင့် ရေနက်တပ်ဖွဲ့ တပ်မှူးသာမက ရှိရှိသမျှသော ရေနက်တပ်ဖွဲ့ စစ်သည်တော် အားလုံး ဒူးထောက်ချလိုက်ကြသည်။ သူတို့သည် သာမန် လူသားစစ်သည်များ ဖြစ်ကြသည်။ ကျန်းမင်းဆက် အပေါ် သူတို့ထားရှိသော ကြောက်ရွံ့မှုမှာ အရိုးထဲအထိ စွဲနေခဲ့ပြီ ဖြစ်သည်။ သူတို့၏ ကိုးကွယ်မှုသည်လည်း အရိုးထဲအထိ စွဲနေခဲ့ပြီ ဖြစ်သည်။

ရှစ်ချင်းချင်းက ဘေးမှနေ၍ ဝင်ပြောလိုက်၏။ “ကဲပါ။ ဝမ်းနည်းမနေကြပါနဲ့တော့၊ ခရီးဆက်ကြရအောင်။”

ထို့နောက် ရေနက်တပ်ဖွဲ့ ကောင်းကင်တပ်တော် တစ်ထောင်သည် တဖန် ပြန်လည် ပျံတက်သွားကြပြီး ရွှမ်ဝူအိမ်တော်ရှိရာသို့ ပျံသန်းသွားကြ၏။ ရွှမ်ဝူမြို့နှင့် ရွှမ်ဝူမြို့စား အိမ်တော်အကြား အကွာအဝေးမှာ မိုင်ဒါဇင် အနည်းငယ်မျှသာ ဝေးကွာသဖြင့် အလွန် လျင်မြန်စွာ ရောက်ရှိသွားကြသည်။

ရှစ်ချင်းချင်းနှင့် မင်းသမီး ကျန်းမီတို့သည် အပြင်ဘက်၌ ဦးစွာ နေရစ်ခဲ့ကြသည်။ ရေနက်တပ်ဖွဲ့ တပ်မှူးက လက်ရွေးစင် အထူးတပ်ဖွဲ့ဝင်များကို ကိုယ်တိုင် ဦးဆောင်၍ မြို့စားအိမ်တော်အတွင်းသို့ ဝင်ရောက်သွားကြသည်။ သူတို့သည် နေရာအနှံ့အပြားကို ရှာဖွေကြပြီး ခြုံခိုတိုက်ခိုက်မည့်သူ မရှိကြောင်း သေချာစေခဲ့၏။

ဤရှာဖွေမှုသည် တစ်နာရီကျော် ကြာမြင့်ခဲ့သည်။ ရွှမ်ဝူမြို့စားအိမ်တော်သည် ရွှမ်ဝူမြို့ထက် များစွာ သေးငယ်သော်လည်း အင်ပါယာ၏ နေအိမ်တော် ဖြစ်သည်။ မည်သည့် ပျက်စီးမှုကိုမျှ ပြုလုပ်၍ မရသောကြောင့် အသံလှိုင်း တိုက်ခိုက်ရေး သားရဲများ၏ အသံလှိုင်းဖြင့် ရှင်းလင်းပစ်ရန် မဖြစ်နိုင်ပေ။

လက်တွေ့တွင်မူ ရေနက်တပ်ဖွဲ့တပ်မှူးလည်း အလွန် ဇဝေဇဝါ ဖြစ်နေရသည်။ ရွှမ်ဝူမြို့စားအိမ်တော်မှာ ဤမျှ အရေးပါပါလျက်နှင့် အဘယ်ကြောင့် အမိုးခုံး စွမ်းအင် အကာအကွယ် မရှိရသနည်း။ အဘယ်ကြောင့် အစောင့်တပ်ဖွဲ့များ အထူးတလည် စေလွှတ်မထားရသနည်း။

နုရှောင့်မြို့သည်လည်း ထို့အတူပင်။ ကျန်းအင်ပါယာ၏ မြို့တော်ဟောင်းဖြစ်ပါလျက်နှင့် လုံးဝ စွန့်ပစ်ထားခြင်း ခံရသည်။ အမှန်တကယ် နားမလည်နိုင်ဖွယ်ရာပင်။ သို့သော်ငြား ထိုကိစ္စသည် မင်းဆက်၏ ကိစ္စသာ ဖြစ်သည်။ အစေခံများ ဖြစ်ကြသည့် သူတို့ ရေနက်တပ်ဖွဲ့ တပ်မှူးများ အနေဖြင့် အဘယ်ကြောင့်မှန်း မသိသလို၊ မေးမြန်းရဲခြင်းလည်း မရှိကြပေ။

“မင်းသမီး... အတွင်းထဲမှာ ဘေးကင်းပါတယ်၊ ဝင်လို့ရပါပြီ။” ရေနက်တပ်ဖွဲ့ တပ်မှူးက ပြောလိုက်သည်။ ထို့နောက် သူသည် အတော်ဆုံး လက်ရွေးစင် အထူးတပ်ဖွဲ့ဝင်များကို ဦးဆောင်ကာ နောက်မှ လိုက်ပါသွား၏။ သူတို့သည် မင်းသမီး၏ လုံခြုံရေးကို လုံးဝ အပြည့်အဝ တာဝန်ယူပေးရမည်။

မင်းသမီး ကျန်းမီ မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။ “စစ်ဆေးပြီးပြီ မဟုတ်ဘူးလား။ ကျွန်မ ဒီမှာ တစ်ယောက်တည်း တိတ်တိတ်ဆိတ်ဆိတ်လေး နေချင်လို့ပါ။”

ရေနက်တပ်ဖွဲ့ တပ်မှူးသည် နှင်းပြင်ပေါ်၌ ချက်ချင်း ဒူးထောက် ဦးတိုက်လိုက်သည်။ သူက တုန်ယင်သော အသံဖြင့် လျှောက်တင်လိုက်၏။ “မင်းသမီး... ကျုပ်ကိုသတ်မယ်ဆိုရင်တောင် မင်းသမီးကို တစ်ယောက်တည်း ဝင်ခွင့်မပြုရဲပါဘူး၊ မင်းသမီးရဲ့ အဖိုးတန်တဲ့ ခန္ဓာကိုယ် တစ်စုံတစ်ရာ ဖြစ်သွားခဲ့ရင် ကျုပ် တစစီ ကြေမွသွားရင်တောင် ပြန်ပေးဆပ်နိုင်မှာ မဟုတ်ပါဘူး။”

ထိုသူသည် ဒူးထောက်ချလိုက်ပြီး မလှုပ်မယှက် ငြိမ်သက်နေသည်။ ရှေးဟောင်း သံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားသော်လည်း သူ၏နဖူးပြင်သည် မြေပြင်နှင့် ထိကပ်နေခဲ့၏။ ထိုနေရာရှိ အပူချိန်မှာ ရေခဲမှတ်အောက် ဒီဂရီ ၇၀၊ ၈၀ ခန့် ရှိနေသဖြင့် အလွန်တရာ အေးခဲလှပေသည်။

မင်းသမီး ကျန်းမီက အမိန့်ပေးလိုက်၏။ “ကောင်းပြီ။ ရှင်တို့ကို ဒုက္ခမပေးတော့ဘူး။ အများဆုံး လူဆယ်ယောက်လောက်ပဲ ခေါ်လာခဲ့ပါ။”

ရေနက်တပ်ဖွဲ့ တပ်မှူးက ပြန်လည်ဖြေကြားလိုက်သည်။ “အမိန့်တော်အတိုင်းပါ။”

ထို့နောက် မင်းသမီးကျန်းမီသည် ရွှမ်ဝူနယ်စား အိမ်တော်အတွင်းသို့ ဝင်ရောက်လာခဲ့၏။

ရှစ်ချင်းချင်းသည် သူမ၏အနောက်မှ ကပ်လိုက်လာပြီး အစောင့်များအား တိုးညင်းသောအသံဖြင့် သတိပေးလိုက်သည်။ “အရမ်း အနားမကပ်ပါနဲ့။”

ရေနက်တပ်ဖွဲ့ တပ်မှူးက ရိုသေစွာဖြင့် တုံ့ပြန်လိုက်၏။ “ဟုတ်ကဲ့ပါ မင်းသမီး။”

..............

မင်းသမီးကျန်းမီ (ရှမ့်မီ) သည် ရွှမ်ဝူနယ်စား အိမ်တော်အတွင်း၌ တိတ်ဆိတ်စွာ လျှောက်လှမ်းနေခဲ့၏။ သူမသည် နေရာတစ်နေရာသို့ ရောက်တိုင်း ရပ်တန့်ကာ အတိတ်ကို တမ်းတနေခဲ့သည်။ သူမ၏ လှပသော မျက်ဝန်းအိမ်ကြီးများထဲတွင် ပျော်ရွှင်မှုတို့ ပြည့်နှက်နေသည်။

ကျန်းမီက ပြောလိုက်၏။ “သမီး ငယ်ငယ်တုန်းက ဒီနေရာမှာ ကိုကိုရှမ့်ချန်နဲ့ တူတူပုန်းတမ်း ကစားခဲ့ဖူးတယ်။ ဒါပေမဲ့ အဲဒီတုန်းက သမီးက အရမ်းငယ်လွန်းတော့ ဘာမှ မမှတ်မိတော့ဘူး။ မေမေ ပြောပြလို့သာ သိရတာ။ ဝမ်းနည်းစရာကောင်းတာက ဒီဥယျာဉ်ကြီးတစ်ခုလုံး ခြောက်သွေ့ညှိုးနွမ်းသွားပြီ။”

ထို့နောက် ကျန်းမီသည် ရေခဲများ ဖုံးလွှမ်းနေသော ရေကန်ဘေးသို့ ရောက်ရှိလာခဲ့သည်။ ကျန်းမီ၏ အသံတွင် ကြည်နူးဖွယ်ရာ အမှတ်တရများ ပြည့်နှက်နေသည်။ “အိမ်ပြန်ရောက်တိုင်း ဖေဖေက အလုပ် အရမ်းရှုပ်နေတတ်တယ်လို့ မေမေ ပြောပြဖူးတယ်။ ဒါပေမဲ့ အချိန်ရတိုင်း ဖေဖေက သမီးကို ပွေ့ချီပြီး ဒီရေကန်မှာ ငါးမျှားလေ့ရှိတယ်တဲ့။ ငါးမျှားနေရင်းနဲ့ သမီးကို ဖရဲစေ့လေးတွေ ခွာခွာကျွေးတတ်တယ် တဲ့လေ။”

ကျန်းမီ၏လေသံသည် လွမ်းမောဖွယ်ရာ အတိတ်ရိပ်တို့ဖြင့် ဖုံးလွှမ်းနေခဲ့၏။

“နှမြောစရာ ကောင်းလိုက်တာ။ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတော်ကြာ ဖေဖေ့ကို သမီး မတွေ့ခဲ့ရဘူး။ အဒေါ်ရှစ်... သမီး ဖေဖေ့ကို အရမ်းလွမ်းတာပဲ။”

ကျန်းမီ၏အသံ၌ မျက်ရည်စတို့ စွန်းထင်းလာခဲ့သည်။ “သမီး ဖေဖေ့ကို အရမ်းလွမ်းတယ်။ အစ်မ ယောင်ယောင် ကိုလည်း အရမ်းလွမ်းတာပဲ။”

ရှစ်ချင်းချင်းသည် ကျန်းမီ၏ ပခုံးကို ဖက်ပြီး ညင်သာစွာ ပြောဆိုလိုက်၏။ “သမီးလေး... အပြင်မှာ အရမ်းအေးတယ်။ လေထုကလည်း ပါးလွန်းတယ်။ တို့တွေ ဒီမှာ အကြာကြီး နေလို့မဖြစ်ဘူး။ နောက်ထပ် ၁၅ မိနစ်လောက်နေရင် ပြန်ကြစို့။”

မင်းသမီး ကျန်းမီက ပြောလိုက်သည်။ “ဟုတ်ကဲ့ပါ။ ဒါဆိုရင် ဖေဖေ့ရဲ့ ခြံဝန်းဆီ သွားကြည့်ရအောင်။ ဖေဖေ့ရဲ့ စာကြည့်ဆောင်ဆီပေါ့။ သမီး အဲဒီနေရာကို အိမ်မက်မက်နေတာ အကြိမ်ပေါင်း မနည်းတော့ဘူး။”

ထို့နောက် သူမသည် ရှမ့်လန်နှင့်မူလန်တို့၏ ခြံဝန်းဆီသို့ သွားကာ စာကြည့်ဆောင်ဆီသို့ ဦးတည် လျှောက်လှမ်းလိုက်၏။

ရေနက်တပ်ဖွဲ့ တပ်မှူးသည် သူတို့နောက်သို့ လိုက်ပါသွားချင်သော်လည်း ရှစ်ချင်းချင်းက မျက်ရိပ်ပြလိုက် သောကြောင့် တုံ့ဆိုင်းသွားခဲ့ရ၏။ ထို့နောက် စိုးရိမ်ပူပန်စွာဖြင့် အပြင်ဘက်၌သာ စောင့်ဆိုင်းနေခဲ့ပြီး မင်းသမီးကျန်းမီအား တစ်ဦးတည်း ဝင်ရောက်ခွင့် ပြုလိုက်သည်။ ယောက်ျားသား တစ်ယောက်အနေဖြင့် မင်းသမီးရှိရာ အခန်းထဲသို့ ဝင်ရောက်ရန် သူ မဝံ့ရဲခဲ့ပေ။

အတိုင်းအဆမဲ့ လှပသော မင်းသမီးကျန်းမီသည် ရှမ့်လန်၏ စာကြည့်ဆောင်ထဲသို့ ဝင်ရောက်လာပြီး ရန်သူစာရင်း နံရံကို လက်ဖြင့် လှမ်း၍ ထိတွေ့လိုက်၏။ ဤအရာသည်ကား ကျန်းမိသားစု၏ ဒဏ္ဍာရီပုံပြင် တစ်ပုဒ်သဖွယ် ဖြစ်နေခဲ့သည်။

စကားစပ်မိသူတိုင်းသည် ရန်သူစာရင်း နံရံအကြောင်းကို ပြောဆိုလာတတ်ကြသည်။ အထူးသဖြင့် ပင်အာ ဖြစ်ပေသည်။ နုရှောင့်မြို့ရှိ ပျော်ရွှင်ဖွယ်ရာအိမ်တော်၌ နေထိုင်စဉ်က သူမသည် အနည်းဆုံး အကြိမ်တစ်ရာ မက ပြောဆိုခဲ့ဖူး၏။

အဘယ်ကြောင့်ဆိုသော် မင်းသားကျင်း၏ အမည်ပေါ်တွင် အရှက်မဲ့သော ခွေးနားရွက်ပုံ ရေးဆွဲခဲ့သူမှာ ပင်အာ ဖြစ်သောကြောင့်ပင်။ သူမသည် ဂုဏ်ယူဝင့်ကြွားလွန်းသောကြောင့် နင်ယွမ်ရှန်းနှင့် တွေ့တိုင်း ထိုအကြောင်းကို ပြောပြလေ့ရှိသည်။

နင်ယွမ်ရှန်းမှာ အကြိမ်တစ်ရာမက ကြားဖူးနားဝ ရှိနေပြီး နားရွက်များပင် အသားမာ တက်နေပြီ ဖြစ်သော်လည်း ကြားရတိုင်း ပထမဆုံးအကြိမ် ကြားရသူပမာ ပျော်ရွှင်စွာ ရယ်မောတတ်သည်။ ကျန်းမီသည် လက်ကို ဆန့်ထုတ်လိုက်ပြီး နံရံပေါ်ရှိ စာလုံးများကို ဖျက်ပစ်ချင်သကဲ့သို့ ညင်သာစွာ ပွတ်သပ်လိုက်မိ၏။

ထိုအချိန်တွင် လူရိပ်တစ်ခုသည် အခန်းထဲ၌ ပေါ်လာခဲ့သည်။ ထိုသူမှာ အလင်းနိုင်ငံတော်မှ တပ်မှုးကြီး ကျူးဟုန်ရွှဲ့ ဖြစ်ပေသည်။ မနေ့ကမူ သူသည် မုတ်ဆိတ်မွေးများ ရှည်လျားကာ ဆံပင်များ ရှုပ်ပွနေခဲ့၏။ ယနေ့တွင်မူ သပ်ရပ်စွာ ဖြီးသင်ထားသည်။ သူသည် ခန့်ညားချောမောနေဆဲ ဖြစ်သော်လည်း အတော်ပင် ပိန်ကျသွားပြီး ပင်ပန်းနွမ်းနယ်နေပုံ ပေါက်နေ၏။ မျက်လုံးများသည် ချိုင့်ဝင်နေပြီး မျက်ဖြူသားများတွင် သွေးကြောများ ယှက်သန်းနေသည်။

ကျူးဟုန်ရွှဲ့သည် ဒူးထောက်ကာ ဦးတိုက်လိုက်၏။ “တော်ဝင်ချန်အင်ပါယာမှ ကျူးဟုန်ရွှဲ့... မင်းသမီးကို ဂါရဝပြုပါတယ်။”

မင်းသမီး ကျန်းမီ အနည်းငယ် အံ့အားသင့်သွားရသည်။ အလင်းနိုင်ငံတော် မဟုတ်ဘူးလား။ အဘယ်ကြောင့် တော်ဝင်ချန် အင်ပါယာ ဖြစ်နေရသနည်း။

သူမ မသိရှိခဲ့ပေ။ အလင်းနိုင်ငံတော် ဆိုသည်မှာ အောက်ခြေကျွန်များ၏ ခေါ်ဝေါ်မှုသာ ဖြစ်၏။ ကျန်းအင်ပါယာသည် အလွန်တရာ မှောင်မိုက်လွန်းလှသောကြောင့် တော်လှန်ရေးတပ်များက ၎င်းတို့ကိုယ်ကို အလင်းနိုင်ငံတော်ဟု တင်စားခေါ်ဝေါ်ခဲ့ကြခြင်း ဖြစ်ပေသည်။

သို့သော်ငြား ကောင်းကင်ပင်လယ် နန်းဆောင်၏ တရားဝင် မှတ်တမ်းများတွင် အလင်း နိုင်ငံတော်ဟု မသုံးနှုန်းဘဲ တော်ဝင်ချန် အင်ပါယာဟုသာ သုံးနှုန်း၏။

လောကသည် ခေါင်းဆောင်တစ်ဦး လိုအပ်သည်။ ကောင်းကင်ပင်လယ်နန်းဆောင်မှ ကျိုးရှီက သူသည် ခေါင်းဆောင်မဖြစ်နိုင်ဟု ခံယူထား၏။ တစ်ခုတည်းသော အလံတော်မှာ ရှမ့်လန်သာ ဖြစ်နိုင်သည်။ ထို့ကြောင့် လွန်ခဲ့သော နှစ် ၂၀ ခန့်က ကောင်းကင်ပင်လယ်နန်းဆောင်သည် တော်ဝင်ချန် အင်ပါယာအပေါ် သစ္စာရှိကြောင်း ကြေညာခဲ့ပြီး အရှင်ရှမ့်လန် ပြန်လာမည်ဟု ကျိုးရှီက ခိုင်မာစွာ ယုံကြည်ထားခဲ့သည်။

All Chapters