← Chapters

အခန်း (၁၃၁၅-၁၃၁၆)

Vol. 75 Ch. 1315-1316

အခန်း (၁၃၁၅-၁၃၁၆)

Vol. 75 Ch. 1315-1316

အပိုင်း (၁၃၁၅)

ကျန်းမီသည် မွန်မြတ်သိမ်မွေ့စွာဖြင့် ပြန်လည် ဂါရဝပြုလိုက်၏။ “မင်္ဂလာပါ တပ်မှုးကြီးကျူး... ကျွန်မတို့...”

သူမ ပြောချင်သည်မှာ မည်သို့ ထွက်ခွာကြမည်နည်းဟူ၍ ဖြစ်သည်။ အင်ပါယာမှ ထွက်ခွာ၍ အလင်းနယ်မြေ သို့ မည်သို့ သွားကြမည်နည်း။

ထိုအချိန်တွင် ကျူးဟုန်ရွှဲ့က ဖြတ်မေးလိုက်သည်။ “အဲဒါ ထျန်းနန်မြို့ ရေနက်တပ်ဖွဲ့တပ်မှူး ထျန်းမို မဟုတ်လား။”

သူ စကားဆုံးသည်နှင့် တပြိုင်နက် ရေနက်တပ်ဖွဲ့ တပ်မှူးသည် အထူးတပ်ဖွဲ့ဝင် ဆယ်ဦးနှင့်အတူ ဒုန်းစိုင်း ဝင်ရောက်လာခဲ့တော့၏။ ရေနက်တပ်ဖွဲ့ တပ်မှူးက အော်ဟစ်လိုက်သည်။ “မင်းသမီး... သခင်မလေး... သွားကြမယ်။ သွားကြမယ်။”

ထို့နောက် မင်းသမီး ကျန်းမီနှင့် ရှစ်ချင်းချင်းတို့၏ ရှေ့တွင် ကာဆီးရပ်လိုက်ပြီး သူ၏ ရှေးဟောင်းဓားကို ဆွဲထုတ်ကာ ကျူးဟုန်ရွှဲ့အား ချက်ချင်းပဲ ဝိုင်းရံထားလိုက်သည်။

ကျူးဟုန်ရွှဲ့က လက်သီးဆုပ် ဂါရဝပြုပြီး ပြောလိုက်၏။ “တပ်မှူးထျန်းမို... ကျုပ်က တော်ဝင်ချန် အင်ပါယာရဲ့ ကျူးဟုန်ရွှဲ့ပါ။”

ရေနက်တပ်ဖွဲ့တပ်မှူး၏ မျက်နှာထားသည် အကြီးအကျယ် ပြောင်းလဲသွားခဲ့၏။ တော်လှန်ရေးတပ်၏ တပ်မှုးကြီး၊ အထူးအဆင့် ပုဂ္ဂိုလ်ကြီး ကျူးဟုန်ရွှဲ့ ဖြစ်နေခဲ့သည်။ ထိုသူ ကိုယ်တိုင် လာရောက်ခဲ့သည်လား။

တပ်မှူးထျန်းမိုက အေးစက်စွာ ပြောလိုက်၏။ “ကျူးဟုန်ရွှဲ့... အခုချိန်မှာ တော်ဝင်ချန်အင်ပါယာ ဆိုတာ မရှိတော့ဘူး။ အင်ပါယာ ကိုယ်တိုင် အမိန့်ထုတ်ပြီး ကျန်းအင်ပါယာလို့ ပြောင်းလဲခဲ့ပြီးပြီ။ အခု ကျုပ်တို့ အင်ပါယာက လောကတစ်ခုလုံးကို အုပ်စိုးနေပြီ၊ မိုးအောက်မြေပြင်မှာ ရှိသမျှအရာအားလုံးက အင်ပါယာ ပိုင်ဆိုင်တာချည်းပဲ။ ခင်ဗျားတို့လို လူပြက်တွေက ခုခံနေတာကို ရပ်တန်းကရပ်ပြီး ချက်ချင်း အညံ့ခံလိုက်စမ်း။”

ကျူးဟုန်ရွှဲ့သည် ဓားကို မဆွဲထုတ်ဘဲ အလွန် တည်ငြိမ်နေပုံ ပေါ်သည်။ သူသည် ထျန်းမိုကို ကြည့်ကာ မေးလိုက်သည်။ “တပ်မှူးထျန်းမို... ခင်ဗျားက ဘယ်သူ့ကို သစ္စာစောင့်သိတာလဲ။”

ရေနက်တပ်ဖွဲ့ တပ်မှူး ထျန်းမိုက ဖြေ၏။ “ဒါပေါ့။ အမြင့်မြတ်ဆုံးသော အင်ပါယာကိုလေ။”

ထျန်းမို၏ အသံတွင် ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ထွက်ပေါ်လာသော ရူးသွပ်ကိုးကွယ်မှုများ ပြည့်နှက်နေ၏။ အင်ပါယာ ဟူသော စကားလုံးကို ပြောလိုက်ရုံဖြင့် ရေမရှောင်၊ မီးမရှောင် စွန့်စားရဲသူ တစ်ယောက်အဖြစ် ခံစားလိုက်ရသကဲ့သို့ပင်။

ကျူးဟုန်ရွှဲ့က မေးလိုက်သည်။ “ဒါဆိုရင် ခင်ဗျားက ဘယ်အင်ပါယာကို သစ္စာစောင့်သိတာလဲ။”

တပ်မှူးထျန်းမိုက အေးစက်စွာ ပြောဆိုလိုက်၏။ “ရိုင်းစိုင်းလိုက်တာ။ ခင်ဗျားက အင်ပါယာရဲ့ နာမည်တော်ကို တပ်ခေါ်မလို့လား။”

ကျူးဟုန်ရွှဲ့က ဆိုသည်။ “ကျုပ်ကတော့ တော်ဝင်ချန်အင်ပါယာရဲ့ အရှင်ရှမ့်လန်ကို သစ္စာစောင့်သိတယ်။ ကျုပ်ရဲ့ အရှင်က ပြည်သူတွေကို သားသမီးအရင်းလို ချစ်ခင်မြတ်နိုးတယ်။ တခြားသူတွေက သူ့နာမည်ကို တပ်ခေါ်ရင်လည်း ဘယ်တုန်းကမှ အပြစ်မယူခဲ့ဘူး။ ကျုပ် သစ္စာစောင့်သိတဲ့ အရှင်နဲ့ ခင်ဗျား သစ္စာစောင့်သိတဲ့သူက အတူတူပဲလားလို့ သိချင်မိတယ်။”

တပ်မှူးထျန်းမိုက ဒေါသတကြီး ပြောလိုက်၏။ “ကျုပ်က တော်ဝင်အင်ပါယာကျန်းကို သစ္စာစောင့်သိတာပေါ့။ ပေါက်ကရတွေ မပြောနဲ့။ ခင်ဗျားတို့က သူပုန်တွေပဲ။ ခင်ဗျားတို့ ကောင်းကင်ပင်လယ်နန်းဆောင်က ဆယ်စုနှစ်များစွာ တော်ဝင်အင်ပါယာနဲ့ ရန်ဘက်ပြုလာခဲ့တာ။ လူတွေရဲ့စိတ်နှလုံးကို လမ်းလွဲအောင် မလုပ်နဲ့။”

ကျူးဟုန်ရွှဲ့က ပြောလိုက်သည်။ “တပ်မှူးထျန်းမို... ဒီတစ်ခေါက် ကျုပ်လာခဲ့တာက မင်းသမီး ကျန်းမီကို ကယ်တင်ပြီး အမှောင်အင်ပါယာကနေ ထွက်ခွာဖို့၊ အလင်းနယ်မြေဆီ ခေါ်သွားပေးဖို့ သခင်မလေးရှစ်ရဲ့ ကတိစကားကို တည်ဖို့ လာခဲ့တာ။ ခင်ဗျားသာ အရှင်ရှမ့်လန်ကို သစ္စာစောင့်သိတယ် ဆိုရင် ဘာရွေးချယ်ရမယ် ဆိုတာ သိသင့်တယ်။”

ကျူးဟုန်ရွှဲ့၏ စကားများသည် သူ၏ လောကကြီး တစ်ခုလုံးကို ဇောက်ထိုးမိုးမျှော် ဖြစ်သွားစေသောကြောင့် တပ်မှူးထျန်းမိုသည် ဒေါသအိုး ပေါက်ကွဲသွား၏။

“ရိုင်းစိုင်းလိုက်တာ။ မိုက်ရိုင်းလိုက်တာ။ ခင်ဗျားက အင်ပါယာကို အမှောင်အင်ပါယာလို့ စွပ်စွဲရဲတယ်လား။ တော်ဝင်အင်ပါယာကျန်းအပေါ် သစ္စာစောင့်သိဖို့ ခင်ဗျားမှာ ဘာအရည်အချင်း ရှိလို့လဲ။ ကျုပ်တို့က အရှင်မင်းကြီးရဲ့ သစ္စာအရှိဆုံး ကျွန်တွေပဲ။ သစ္စာဖောက်... ခင်ဗျားက လူထုစိတ်ကို လှည့်စားရဲတယ်ပေါ့။ သေစမ်း။”

တပ်မှူးထျန်းမိုသည် သူ၏ ရှေးဟောင်းသံချပ်ကာ ဓားကို ဝှေ့ယမ်းလိုက်ပြီး အော်ဟစ်လိုက်သည်။ ထို့နောက် တပ်မှူးထျန်းမိုသည် ကျူးဟုန်ရွှဲ့အား တစ်စစီ ခုတ်ပိုင်းပစ်ရန် ပြင်လိုက်၏။ အင်ပါယာအား စော်ကားသော စကားတစ်ခွန်းမှ သူ ထပ်မကြားလိုတော့ပေ။

ထိုအချိန်တွင် မင်းသမီးကျန်းမီက ပြောလိုက်သည်။ “တပ်မှူးထျန်းမို... သူ ပြောတာ မှန်တယ်။ ဒါက အမှောင်အင်ပါယာပဲ။ လက်ရှိ တော်ဝင်အင်ပါယာကျန်းက ကျွန်မအဖေ အစစ် မဟုတ်ဘူး။ သူက မြောက်ဘက်ဝင်ရိုးစွန်း နန်းတော်ကနေ ဘယ်တော့မှ အပြင်မထွက်ဘူး။ သူက ကမ္ဘာကြီးကို ဖျက်ဆီးခဲ့တဲ့ တရားခံပဲ။ အလင်းနယ်မြေက တော်ဝင်ချန်အင်ပါယာကသာ တရားဝင်ပြီး ကျွန်မအဖေရဲ့ သစ္စာရှိ လက်အောက်ငယ်သားတွေပဲ။”

တပ်မှူးထျန်းမိုသည် ထိုစကားကို ကြားချိန်မှာတော့ တစ်ကိုယ်လုံး တုန်ခါသွားခဲ့ရ၏။ သူ အော်ဟစ် လိုက်၏။ “မင်းသမီး... သူများ လှည့်စားတာကို မခံပါနဲ့။ ကျုပ်တို့ အင်ပါယာက ကြီးမြတ်ပါတယ်။ တော်ဝင်အင်ပါယာ ကျန်းဆိုတာ အရှင်မင်းကြီး ရှမ့်လန်ပါပဲ။ အမြင့်မြတ်ဆုံးသော အရှင်ရှမ့်လန်ပါ။”

မင်းသမီး ကျန်းမီက မေးသည်။ “ရှင်က ပိုသိသလား။ ကျွန်မက ပိုသိသလား။”

တပ်မှူးထျန်းမိုသည် သူ့ဘဝကြီးကိုပင် သံသယ ဝင်လာမိတော့သည်။ သူ တုန်ယင်စွာဖြင့် ပြောလိုက်၏။ “ဒါ... ဒါ လှည့်ကွက်တစ်ခုပဲ၊ ဒါ သေချာပေါက် လှည့်ကွက်တစ်ခုပဲ။ သွား... မင်းသမီးနဲ့ သခင်မလေးရှစ်... မြန်မြန် ထွက်သွားကြပါ။ ခင်ဗျားတို့ မှိုင်းမိနေပြီ။”

နောက်တစ်စက္ကန့်တွင် မင်းသမီးကျန်းမီသည် ဓားတစ်လက်ဖြင့် သူမ၏ လည်ပင်းကို တေ့ထားလိုက်သည်။ သူမသည် တပ်မှူးထျန်းမိုကို ကြည့်ကာ ပြောလိုက်သည်။ “ရှင် ယုံအောင် ကျွန်မ မပြောပြတတ်ဘူး။ ဒါပေမဲ့ ရှင် လက်နက်ချပြီး လမ်းဖယ်ပေးရမယ်။ ကျွန်မ တပ်မှုးကြီး ကျူးဟုန်ရွှဲ့နဲ့အတူ အလင်းနယ်မြေဆီ လိုက်သွားမယ်။ အဖေ့ရဲ့အင်ပါယာဆီ သွားမယ်။ အမှောင်အင်ပါယာနဲ့ မိစ္ဆာကောင် တော်ဝင်အင်ပါယာ ကျန်း ဆီကနေ ဝေးရာကို ထွက်သွားချင်တယ်။”

တပ်မှူးထျန်းမို တုန်လှုပ်သွားခဲ့၏။ သူ မည်သို့ လုပ်ဆောင်ရမည်ကို မသိတော့ချေ။

“မဖြစ်ဘူး။ လုံးဝ မဖြစ်ဘူး။ မင်းသမီး... သူခိုးတွေရဲ့ မှိုင်း အမိမခံပါနဲ့။”

ထျန်းမိုသည် ဒူးထောက်ချလိုက်ပြီး အားကုန်သုံးကာ ဦးတိုက်လိုက်သည်။ “သခင်မလေးရှစ်... တစ်ခုခု ပြောပါအုံး၊ တစ်ခုခု ပြောပါအုံး။ မင်းသမီးလေး မှိုင်းမိနေပြီ။”

ရှစ်ချင်းချင်းက ပြောလိုက်၏။ “မင်းသမီးက မှိုင်းမိနေတာ မဟုတ်ဘူး။ ရှင်တို့တွေကမှ မှိုင်းမိနေကြတာ။ မြောက်ဘက်ဝင်ရိုးစွန်း နန်းတော်ထဲက တော်ဝင်အင်ပါယာကျန်းဆိုတာ အရှင်ရှမ့်လန် မဟုတ်ဘူး။ ကမ္ဘာကြီးကို ဖျက်ဆီးခဲ့တဲ့ တရားခံပဲ။”

ထိုစကားလုံးများသည် တပ်မှူးထျန်းမိုအတွက် မိုးကြိုးပစ်ချလိုက်သကဲ့သို့ပင်။ သူ၏ ဘဝအမြင်အားလုံး ဇောက်ထိုးမိုးမျှော် ဖြစ်ကုန်သည်။

“မဖြစ်နိုင်ဘူး။ ဒါ လုံးဝ မဖြစ်နိုင်ဘူး။ ကျုပ်တို့ရဲ့ တော်ဝင်အင်ပါယာ ကျန်းက ကမ္ဘာကြီးကို ကယ်တင်ခဲ့တာ။ တော်ဝင်ကျန်း အင်ပါယာကသာ စစ်မှန်ပြီး အမြင့်မြတ်ဆုံး အုပ်စိုးသူပဲ။ ဒါ လိမ်ညာနေတာ။ ဒါ သေချာပေါက် လိမ်ညာနေတာပဲ။”

တပ်မှူးထျန်းမိုသာမက ရှိသမျှသော အထူးတပ်ဖွဲ့ဝင် အားလုံးသည် သူတို့၏ဘဝများကို အကြီးအကျယ် သံသယ ဝင်နေခဲ့ကြ၏။

မည်သို့ ဖြစ်နိုင်မည်နည်း။ ဆယ်စုနှစ်များစွာ သူတို့ သစ္စာစောင့်သိခဲ့သော တော်ဝင်အင်ပါယာကျန်းသည် အရှင်ရှမ့်လန် အစစ် ဖြစ်နေပါလျက်နှင့် မင်းသမီးနှင့် သခင်မလေးရှစ်က အဘယ်ကြောင့် ကမ္ဘာဖျက်ဆီးသူဟု ပြောနေရသနည်း။ အဘယ်ကြောင့် အတုအယောင်ဟု ပြောနေရသနည်း။

ကျူးဟုန်ရွှဲ့သည် သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည်။ “ဟူး...”

ထို့နောက် သူသည် ဓားကို လျင်မြန်စွာ ဆွဲထုတ်လိုက်၏။ ၀.၁ စက္ကန့်ပင် မကြာလိုက်ချေ။ ဓားပြန်ဝင်သွားခဲ့ပြီ ဖြစ်သည်။ ရေနက်တပ်ဖွဲ့တပ်မှူး ထျန်းမိုနှင့် ရေနက်တပ်ဖွဲ့ အထူးတပ်ဖွဲ့ဝင် ဆယ်ဦးကျော်တို့သည် ချက်ချင်းပဲ အသက်ပျောက်သွားခဲ့ကြရသည်။

နှစ်ပေါင်း သုံးဆယ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်၏။ သူ၏ သိုင်းပညာသည် အမှန်တကယ်ပင် အံ့မခန်း တိုးတက်လာခဲ့သည်။ ကြောက်မက်ဖွယ်ရာ အဆင့်သို့ ရောက်ရှိနေခဲ့သည်။ တပ်မှူးထျန်းမို၏ သိုင်းပညာမှာ အလွန် မြင့်မားသည်။ ရှေးဟောင်း သံချပ်ကာများ ဝတ်ဆင်ထားသော အထူးတပ်ဖွဲ့ဝင် ဆယ်ဦးကျော်နှင့် ပေါင်းစပ်ထားလျှင်ပင် ကျူးဟုန်ရွှဲ့က ဓားချက်တစ်ချက်တည်းဖြင့် အပြတ်ရှင်းပစ် လိုက်နိုင်၏။

ကျူးဟုန်ရွှဲ့က ပြောလိုက်သည်။ “အချိန်မရှိတော့ဘူး။ မြန်မြန် သွားကြစို့။ ကျုပ် ကိုယ်ပိုင် ပျံသန်းရေး သားရဲတွေ ပြင်ဆင်ထားပါတယ်။ မင်းသမီးနဲ့ သခင်မလေး... လိုက်ခဲ့ကြပါ။”

ထို့နောက် ကျူးဟုန်ရွှဲ့သည် နောက်ဖေးခြံဝန်းဆီသို့ ဦးတည် လျှောက်လှမ်းသွား၏။

မင်းသမီး ကျန်းမီနှင့် ရှစ်ချင်းချင်းတို့သည်လည်း ရွှမ်ဝူနယ်စားအိမ်တော်၏ နောက်ကျောဘက်ရှိ ချောက်ကမ်းပါးကြီးဆီသို့ လျင်မြန်စွာ လိုက်ပါသွားကြသည်။

ယခင်က ဤနေရာတွင် ရေနက်တပ်ဖွဲ့ အစောင့်များ ရှိနေခဲ့၏။ သို့သော်ငြား ကျူးဟုန်ရွှဲ့၏ လက်အောက်မှ ကျွမ်းကျင်ပညာရှင်များက ရှင်းလင်းထားပြီး ဖြစ်သည်။ အားလုံး တိတ်ဆိတ်ငြိမ်သက်နေပြီး လူစားထိုးထားပြီး ဖြစ်၏။

ကျူးဟုန်ရွှဲ့သည် စားပွဲပေါ်တွင် ကုလားထိုင်နှစ်လုံး တင်လိုက်သည်။ “မင်းသမီး၊ သခင်မလေးရှစ်... ခွင့်လွှတ်ပါ။”

ရှစ်ချင်းချင်းနှင့် မင်းသမီးကျန်းမီတို့ ထိုင်လိုက်ကြ၏။

ကျူးဟုန်ရွှဲ့သည် ကုလားထိုင် နှစ်လုံးကို ဆွဲမကာ မီတာ ရာချီ မြင့်မားသော ချောက်ကမ်းပါးထိပ်သို့ ပေါ့ပါးစွာ ပျံတက်သွားခဲ့သည်။ ကမ်းပါးထိပ်သို့ ရောက်ချိန်မှာတော့ စီးနင်းရမည့် သားရဲကောင် သုံးကောင်က အဆင်သင့် စောင့်ဆိုင်းနေကြပြီ ဖြစ်သည်။

ကျူးဟုန်ရွှဲ့က ပြောလိုက်၏။ “မင်းသမီး... သွားကြစို့။”

မင်းသမီးကျန်းမီက ပြန်ပြောလိုက်သည်။ “နောက်ဆုံးအနေနဲ့ တစ်ချက်လောက် ကြည့်ပါရစေအုံး။ ဘယ်တော့များမှ ပြန်ရောက်လာမလဲ မသိနိုင်တော့ဘူး။”

ကျူးဟုန်ရွှဲ့သည် ဦးညွှတ်ကာ မင်းသမီး၏ နောက်တွင် ရပ်နေလိုက်၏။ သူ၏အကြည့်တို့သည် ခြေဖျားအောက်တွင်သာ ရှိနေပြီး ကျော်လွန်၍ ကြည့်ရှုခြင်း မပြုရဲပေ။

ရှစ်ချင်းချင်းက ရုတ်တရက် ပြောလိုက်သည်။ “တပ်မှုးကြီး ကျူးဟုန်ရွှဲ့... ရှင် ပင်ပန်းသွားပြီ။”

ကျူးဟုန်ရွှဲ့က ဦးညွှတ်ရင်း ပြန်ပြောလိုက်၏။ “မဝံ့ရဲပါဘူး။”

ရှစ်ချင်းချင်းက ဆက်ပြောသည်။ “ကျွန်မ ငယ်ငယ်တုန်းကဆိုရင် တပ်မှုးကြီး ကျူးဟုန်ရွှဲ့နဲ့ ကျွန်မက မိတ်ဆွေတစ်ပိုင်းလို့ ပြောလို့ရတယ်။ ကျွန်မအဖေက ကျူးမိသားစုကို အမြဲတမ်း မျက်နှာလိုမျက်နှာရ လုပ်ချင်ခဲ့တာ။”

ကျူးဟုန်ရွှဲ့ ကြောင်အသွားရ၏။ ရှစ်ချင်းချင်းက အဘယ်ကြောင့် ဤမျှ ပေါ့ပျက်ပျက် စကားများကို ပြောနေရသနည်း။ သို့သော်ငြား သူသည် ခါးကို ပို၍ ကိုင်းညွှတ်လိုက်ပြီး ပြောလိုက်၏။ “ကျုပ်က အရှင်မင်းကြီးရဲ့ လက်အောက်ငယ်သားပါ။ သခင်မလေးအနေနဲ့ မြှောက်ပင့်တဲ့ စကားတွေ ထပ်မပြောပါနဲ့တော့။ ကျုပ် သေတာကိုပဲ လိုလားပါတယ်။”

သို့သော်ငြား ထိုအချိန်၌ ကျူးဟုန်ရွှဲ့၏ ခန္ဓာကိုယ်သည် ရုတ်တရက် တောင့်တင်းသွားခဲ့ရသည်။

“ဖောင်း ဖောင်း ဖောင်း ဖောင်း...”

သူ၏ ရှေးဟောင်းသံချပ်ကာမှ အားပြင်းသော စွမ်းအင်တစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး သူ၏ နှလုံးသားကို ချက်ချင်း တိုက်ခိုက်လိုက်တော့၏။

ကျူးဟုန်ရွှဲ့သည် လုံးဝ အကာအကွယ်မဲ့နေခဲ့သည်။ သူ၏ နှလုံးသားမှာ တည့်တည့် ထိမှန်ခံလိုက်ရပြီး ရပ်တန့်သွားသည်အထိ ဖြစ်သွားရ၏။ သူသည် တောင့်တောင့်ကြီး ဖြစ်ကာ မြေပြင်ပေါ်သို့ လဲကျသွားပြီး မလှုပ်မယှက် ဖြစ်သွားခဲ့သည်။

ရှစ်ချင်းချင်းက အေးစက်စွာ ပြောလိုက်၏။ “ကျူးဟုန်ရွှဲ့... ကျူးဟုန်ရွှဲ့... ရှမ့်လန်ရဲ့ လက်ပါးစေ ဖြစ်သွားပြီးတဲ့နောက် ရှင့်လိုလူက ဒီလောက်ထိ ရှေးရိုးစွဲပြီး သစ္စာရှိတဲ့ လက်အောက်ငယ်သားတစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ကျွန်မ မထင်ထားခဲ့ဘူး။ ချက်ကောင်း တစ်ချက်တည်းတောင် မခံနိုင်ပါလား။

ရှင့် သိုင်းပညာ မြင့်မားတော့ရော ဘာလုပ်ရမှာလဲ။ ရှေးဟောင်း သံချပ်ကာအကြောင်း ကျွန်မတို့ ဘယ်လောက် သိထားလဲဆိုတာ ရှင် သိရဲ့လား။ ရှင်က ကျွန်မတို့ကို အရမ်း လေးစားနေတော့ ကျွန်မကို အနားကပ်ခွင့် ပေးလိုက်မိတာပေါ့။

ရှင့့််ရဲ့ ရှေးဟောင်း သံချပ်ကာ အကာအကွယ်ကို ထိန်းချုပ်ဖို့ ကျွန်မအတွက် ၃ မိနစ်ပဲ လိုအပ်တယ်။ စောစောက ရှင့်နှလုံးကို ပစ်လွှတ်လိုက်တဲ့ လျှပ်စစ်စီးကြောင်းက ပျံသန်းရေး သားရဲကောင် တစ်ထောင် လောက်ကို ဓာတ်လိုက်သေစေနိုင်တယ်။ ဒါပေမဲ့ ရှင့်ကိုတော့ မေ့လဲရုံလောက်ပဲ ဖြစ်စေခဲ့တာလား။ ရှင်က တကယ်ပဲ စွမ်းအားကြီးတာပဲ။”

စကားပြောနေစဉ်တွင် ရှစ်ချင်းချင်း၏ မျက်နှာသည် တစ်ချိန်လုံး ပြောင်းလဲနေပြီး ရှေးဟောင်းလူသား မျက်နှာနှင့် ရှစ်ချင်းချင်း၏ လှပသော မျက်နှာတို့ တလှည့်စီ ဖြစ်ပေါ်နေသည်။

ရှေးဟောင်းလူသား အမျိုးသမီး (ရှစ်ချင်းချင်း အတု) က အေးစက်စွာ ပြောလိုက်၏။ “ဒီမျက်နှာကို ကျွန်မ တကယ် မုန်းတယ်။ အရမ်း နိမ့်ကျလွန်းတယ်။ ဒါပေမဲ့ ကျွန်မမှာ ရွေးချယ်စရာ မရှိဘူး။ သူ့အသွင် ဆောင်ထားရတာကိုး။”

ထိုအချိန်တွင် မင်းသမီးကျန်းမီသည် လုံးဝ ကြောင်အသွားပုံ ရသည်။ အတော်ကြာမှ သူမသည် အံ့အားသင့်စွာ အော်ဟစ်လိုက်ပြီး ကျူးဟုန်ရွှဲ့၏ရှေ့တွင် ကာဆီးရပ်လိုက်ကာ ရှစ်ချင်းချင်းအတု၏ ရန်မှ ကာကွယ်ပေးလိုက်မိသည်။

မင်းသမီးကျန်းမီက အော်ဟစ်လိုက်၏။ “ရှင်... ရှင်က ရှစ်ချင်းချင်း မဟုတ်ဘူး။ ရှင်က အဒေါ်ရှစ် မဟုတ်ဘူး။ ရှင်က မိစ္ဆာကောင်ရဲ့ လက်ပါးစေပဲ။ ရှင်က မိစ္ဆာကောင်ရဲ့ လက်ပါးစေပဲ။ ကယ်ကြပါအုံး။ ကယ်ကြပါအုံး။ တော်ဝင်ချန်အင်ပါယာရဲ့ စစ်သည်တော်တွေ ဘယ်မှာလဲ။”

ရှစ်ချင်းချင်း အတုက လက်ခုပ်တီးလိုက်၏။ ချက်ချင်းပဲ လူရိပ်အများအပြားသည် ကမ်းပါးထိပ်သို့ ရောက်ရှိလာကြသည်။ သူတို့အားလုံးမှာ ရှေးဟောင်းလူသားများ ဖြစ်ကြသည်။

ရှစ်ချင်းချင်း အတုက ပြောလိုက်၏။ “ကျူးဟုန်ရွှဲ့ရဲ့ လက်အောက်ငယ်သားတွေကို ကျွန်မတို့ ရှင်းလင်းပြီးပြီ။ မင်းသမီး... ရှင့်ကို ကျွန်မတို့က ငါးစာအဖြစ်သုံးပြီး ကျူးဟုန်ရွှဲ့ကို ဖမ်းတာလေ။ ဒါတင် မကသေးဘူး။ ကျွန်မတို့က ကျူးဟုန်ရွှဲ့ရဲ့ မှတ်ဉာဏ်တွေကို ကူးယူပြီး အလင်းနယ်မြေဆီ ခိုးဝင်မယ်။ ရန်သူ့ အမာခံ နေရာတွေဆီ ထိုးဖောက်ဝင်ရောက်မယ်။ ဟား ဟား ဟား။”

မင်းသမီးကျန်းမီသည် လက်ကို ဆန့်ထုတ်ကာ ကျူးဟုန်ရွှဲ့အား ကာကွယ်ပေးထားလိုက်၏။ သူမက ပြောလိုက်သည်။ “ကျွန်မက မင်းသမီးတစ်ပါးပဲ။ သူ့ကို ထိခွင့်မပေးဘူး။ တပ်မှုးကြီး ကျူးဟုန်ရွှဲ့... သတိထားပါအုံး။ သတိထားပါအုံး။”

ရှစ်ချင်းချင်း အတုက အေးစက်စွာ ပြောလိုက်၏။ “မင်းသမီး ဟုတ်လား။ ရှင်က ရှမ့်လန်ရဲ့ သမီး၊ နိမ့်ကျတဲ့ လူသား အမျိုးသမီးတစ်ယောက် သက်သက်ပဲ။ ရှင့်ကိုယ်ရှင် တကယ်ပဲ အင်ပါယာ မင်းသမီးလို့ ထင်နေတာလား။ ရှင်လည်း အဖမ်းခံရမှာပဲ။ ပြီးရင် တခြား ရှေးဟောင်းလူသားတစ်ယောက်က ရှင့်ရဲ့ ပုံစံကို ယူပြီး ကျူးဟုန်ရွှဲ့အတုနဲ့အတူ အလင်းနယ်မြေဆီ ခိုးဝင်သွားလိမ့်မယ်။ ဘယ်သူမှ ရှင့်ကို လာကယ်နိုင်မှာ မဟုတ်ဘူး။ ရှင်က မင်းသမီး ဟုတ်လား။ ရှင်က အသုံးမဝင်တဲ့ သတ္တဝါသတ်သတ်ပဲ။”

အပိုင်း (၁၃၁၆)

မင်းသမီးကျန်းမီ၏ မျက်ရည်များ ပိုးပိုးပေါက်ပေါက် ကျဆင်းလာခဲ့ရသည်။ သူမ အော်ဟစ် အကူအညီ တောင်းသော်လည်း မိုးနတ်မင်းကရော မြေနတ်မင်းကပါ ပြန်လည် ဖြေကြားခြင်း မရှိခဲ့ချေ။

ရှစ်ချင်းချင်း အတုက အမိန့်ပေးလိုက်၏။ “လုပ်လိုက်။”

ချက်ချင်းပဲ ရှေးဟောင်းလူသား အများအပြား ရှေ့တိုးလာကြသည်။ သူတို့သည် အိပ်မက်ကျောက်တုံးများကို ထုတ်ယူလိုက်ကြပြီး မင်းသမီးကျန်းမီနှင့် ကျူးဟုန်ရွှဲ့အား မေ့လဲသွားစေရန် ပြုလုပ်တော့မည်။

သို့သော်ငြား နောက်တစ်စက္ကန့်တွင် လူရိပ်တစ်ခုသည် သူတို့ရှေ့တွင် ပေါ်လာသကဲ့သို့ ရှိသည်။ ထိုသူသည် ဝတ်ရုံကို မလိုက်ပြီး မျက်နှာဖုံးတပ်ထားသော မျက်နှာကို ဖော်ပြလိုက်၏။ သူ၏ မျက်ဝန်းများသည် မင်းသမီး ကျန်းမီကို စိုက်ကြည့်နေခဲ့သည်။ သူသည်ကား ရှမ့်လန်ပင် ဖြစ်သည်။

......

‘ဒါ ရှမ့်မီပါလား။’

ရှမ့်လန် ခေတ္တမျှ ကြောင်အသွားရပြီးနောက် သူမ၏ မျက်နှာ၊ မျက်ဝန်းနှင့် အမူအရာများကို သေချာစွာ ကြည့်ရှုလိုက်မိသည်။ ဤအရာမှာ သူ တယုတယ မြတ်နိုးခဲ့ရသော ရှမ့်မီ ဟုတ်ပါရဲ့လား။ ငယ်စဉ်က သူ ရင်ခွင်ထဲထည့်ပြီး ပွေ့ချီခဲ့ရသော ရှမ့်မီလေး ဟုတ်ပါရဲ့လား။ ဖရဲစေ့များ ခွာကျွေးခဲ့ရသော ရှမ့်မီ ဟုတ်ပါရဲ့လား။ အစစ်လား။ ဒါမှမဟုတ် အတုလား။

ရှမ့်လန်သည် မည်သည့် ဟာကွက်ကိုမှ ရှာမတွေ့ခဲ့ပေ၊ အနည်းငယ်မျှပင် မတွေ့ရချေ။ အရိုးထဲထိ စိမ့်ဝင်နေသော နူးညံ့သိမ်မွေ့မှုနှင့် ကြင်နာမှုတို့ကို ဖုံးကွယ်ထား၍ မရနိုင်ပေ။

ရှမ့်လန်၏ ပုံစံကို မြင်လိုက်ရသဖြင့် ရှမ့်မီလည်း ခေတ္တမျှ ကြောင်အသွားရသည်။

ထိုရှစ်ချင်းချင်း အတုသည်လည်း လန့်သွားပုံရ၏။ သူမက ဖြည်းညင်းစွာ ပြောလိုက်၏။ “နံပါတ် ၁၂၁၉၃၅... ရှင် ဒီမှာ ဘာလုပ်နေတာလဲ။ ဒီမှာ ရှင့်အတွက် တာဝန် မရှိဘူး။”

သူတို့နှစ်ဦးသည် အမှန်တကယ် သိကျွမ်းကြပြီး အမျိုးအစားတူများ ဖြစ်ကြသည်။ နှစ်ဦးစလုံးသည် ရှေးဟောင်း လူသားများ ဖြစ်ကြ၏။ သို့ပေမည့် ဤသူမှာ နံပါတ် ၁၂၁၉၃၅ ဖြစ်နေသော်လည်း ထိုသူ သေဆုံးသွားပြီ ဖြစ်ကြောင်းနှင့် ရှမ့်လန်က ထိုသူ၏ ပုံစံကို ယူထားကြောင်း ရှစ်ချင်းချင်း မသိရှိခဲ့ပေ။

ထို့အပြင် ဤအမည်မှာ အလွန် ထူးဆန်းလှ၏။ ဤရှေးဟောင်း လူသားအုပ်စုတွင် အမည်နာမများ မရှိဘဲ ကုဒ်နံပါတ်များသာ ရှိကြသည်။ ရှေးဟောင်း လူသား စုစုပေါင်း ၃ သိန်း ရှိရာ အဆင့်နံပါတ် မြင့်လေ ပို၍ စွမ်းအားကြီးလေဟု ဆိုလိုသည်လား။ ရှမ့်လန် ဟန်ဆောင်ထားသော သူမှာ ၁ သိန်း ၂ သောင်းကျော် အဆင့်တွင် ရှိသဖြင့် သာမန်အဆင့်ခန့်သာ ဖြစ်သည်။

ရှမ့်လန်သည် ကျူးဟုန်ရွှဲ့ကို လက်ညှိုးထိုးပြပြီး ပြော၏။ “သူ့ကို ကျုပ်ဆီ ပေးပါ။ ကျုပ် သူ့ကို ခေါ်သွားချင်တယ်။”

ရှစ်ချင်းချင်း အတုက ပြောလိုက်သည်။ “နံပါတ် ၁၂၁၉၃၅... ရှင့်ရဲ့ အဆင့်အတန်းနဲ့ တာဝန်ကို သတိရပါအုံး။ ရှင့်တာဝန်က တော်လှန်ရေးတပ်ရဲ့ အမာခံစခန်းတွေကို ရှာဖွေဖို့ပဲ။ ကျူးဟုန်ရွှဲ့ကိုဖမ်းတဲ့ တာဝန်က ရှင်နဲ့ ဘာမှ မဆိုင်ဘူး။ ရှင့်ရဲ့ အဆင့်အတန်းနဲ့ ဒီတာဝန်ကို ပြီးမြောက်အောင် မလုပ်နိုင်ဘူး။”

သူမသည် သူမ၏ရှေ့မှ ရှေးဟောင်းသံတမန်မှာ အတုဖြစ်ကြောင်း မသိရှိသေးဘဲ လေးလေးနက်နက် သတိပေးလိုက်ခြင်းသာ ဖြစ်၏။

ကျန်းမီသည် ရှမ့်လန်ကို စိုက်ကြည့်နေခဲ့၏။ တစ်စုံတစ်ခုကို ရှာဖွေချင်သကဲ့သို့ ရှိသော်လည်း ဘာကိုမှ ရှာမတွေ့ခဲ့ချေ။

ရှမ့်လန်က ပေါ့ပါးစွာ ပြောလိုက်၏။ “ကျူးဟုန်ရွှဲ့ကို ကျုပ်ဆီ ပေးပါ။”

ရှစ်ချင်းချင်းအတု၏ မျက်နှာထား ပြောင်းလဲသွားခဲ့ရသည်။ ဤအရာက ပုံမှန် မဟုတ်တော့ပေ။ ကျန်းအင်ပါယာသည် အလွန်တရာ တင်းကျပ်လှပြီး ရှေးဟောင်းလူသားတိုင်း၏ နံပါတ်စဉ်သည် သူတို့၏ အာဏာကို သတ်မှတ်ပေးထား၏။ လုံးဝ ကျော်လွန်၍ မရနိုင်ပေ။ နံပါတ်စဉ် အမြင့်ဆုံးသူများသည် နံပါတ်စဉ် အနိမ့်ဆုံး သူများအပေါ် အကြွင်းမဲ့ အာဏာ သက်ရောက်သည်။

ချက်ချင်းပဲ ရှစ်ချင်းချင်းအတုသည် ခြေတစ်လှမ်း ဆုတ်လိုက်ပြီး ရှေးဟောင်း စစ်ဓားကို ဆွဲထုတ်ကာ အေးစက်စွာ ပြောလိုက်၏။ “ရှင့်ရဲ့ နံပါတ်စဉ်ကို ပြပါ။”

ရှမ့်လန်၏ မျက်ဝန်းများ လက်ခနဲ ဖြစ်သွားပြီး နံပါတ် ၁၂၁၉၃၅ သည် သူ၏ မျက်လုံးထဲတွင် အလွယ်တကူ ပေါ်လာခဲ့သည်။ သူ၏ လက်ရှိ ခန္ဓာကိုယ်မှာ အလွန် သန်မာလှပြီး အရာအားလုံးကို ဟန်ဆောင်နိုင်စွမ်း ရှိပေသည်။

ရှစ်ချင်းချင်း အတုသည် ပို၍ပင် ကြောင်အသွားရ၏။ ဘာဖြစ်နေသနည်း။ သူမရှေ့မှ လူက သူမ၏ အမိန့်ကို ဖီဆန်ရဲသည်လား။

ရှစ်ချင်းချင်း အတုက အေးစက်စွာ ပြောလိုက်၏။ “သူ့ကို ဖမ်းပြီး မြို့တော်ကို ပြန်ခေါ်သွားကြ။ ပြီးရင် သူ့ကို ခွဲစိတ်စစ်ဆေးပြီး ဘာတွေ မှားယွင်းနေလဲ ဆိုတာ ကြည့်ရမယ်။ သူ့ကို ဖမ်းချုပ်လိုက်။”

ချက်ချင်းပဲ ရှေးဟောင်းလူသား ဆယ်ဦးကျော်သည် ရှမ့်လန်ဆီသို့ ခုန်အုပ်လာကြတော့သည်။

“ဖောင်း ဖောင်း ဖောင်း ဖောင်း...”

လူတိုင်း၏ လက်နက်မှ အားပြင်းသော လျှပ်စစ်စီးကြောင်းများ ထွက်ပေါ်လာခဲ့၏။ ရေတွက်၍ မရနိုင်သော မိုးကြိုးသွားများကဲ့သို့ ရှမ့်လန်၏ ခန္ဓာကိုယ်ကို ရိုက်ခတ်လိုက်ကြသည်။ သို့သော်ငြား ထိုလျှပ်စစ် စီးကြောင်းများ ရှမ့်လန်၏ ခန္ဓာကိုယ်ကို ရိုက်ခတ်လိုက်ချိန်မှာတော့ မည်သည့် တုန့်ပြန်မှုမှ မရှိခဲ့ပေ။ ထို့အစား ထိုအရာများကို သူက ဝါးမျိုပစ်လိုက်၏။

ရှမ့်လန် ကိုယ်တိုင်လည်း အံ့အားသင့်သွားရသည်။ ‘ငါ့ခန္ဓာကိုယ်က ဒီလောက်တောင် မိုးကောင်းကင်ကို အန်တုနိုင်တယ်လား။ ကြောက်မက်ဖွယ် ကောင်းလွန်းတယ်။’

ထို့နောက် ရှမ့်လန် ရုတ်တရက် လက်ကို မြှောက်လိုက်၏။

“ဖောင်း ဖောင်း ဖောင်း...”

သူ စောဏက ဝါးမြိုထားသော လျှပ်စစ်စီးကြောင်းများ ရုတ်တရက် ပြန်ကန်ထွက်လာခဲ့၏။ ချက်ချင်းပဲ ရှေ့မှ ရှေးဟောင်း လူသား စစ်သည်တော် သုံးဦး လွင့်ထွက်သွားပြီး လှုပ်ရှားနိုင်စွမ်း ခေတ္တမျှ ဆုံးရှုံးသွားကြရသည်။ သို့သော်ငြား နောက်ထပ် လူဆယ်ဦးကျော်က သူ့ဆီသို့ ပြေးဝင်လာကြဆဲ ဖြစ်သည်။

“ရွှစ် ရွှစ် ရွှစ်...”

ရှမ့်လန်သည် စွမ်းအင်ဝဲကတော့ အများအပြားကို ဆက်တိုက် ပစ်လွှတ်လိုက်သည်။ ချက်ချင်းပဲ ရှေးဟောင်းလူသားများ ၏ ခန္ဓာကိုယ် ထက်ဝက်ကျော်ခန့် ချက်ချင်း ကြေမွသွားပြီး အဝေးသို့ လွင့်စင်သွားကြ၏။ ဤစွမ်းအင်ဝဲကတော့သည် တကယ်ကို အစွမ်းထက်လှသည်။ ယခင်ကထက် များစွာ ပိုမို အားကောင်းလာခဲ့ပြီ ဖြစ်၏။

သို့သော်ငြား ထို ရှေးဟောင်းလူသား စစ်သည်တော်များ လွင့်ထွက်သွားပြီးနောက် သူတို့၏ ခန္ဓာကိုယ်များ သိသိသာသာ ကြေမွသွားသဖြင့် သေချာပေါက် သေဆုံးသွားသင့်သည်။ သို့ရာတွင် ထိုသူတို့ မသေဆုံးခဲ့ကြချေ။ ထို့အစား သူတို့၏ ကြေမွသွားသော ခန္ဓာကိုယ်များသည် တဖြည်းဖြည်း ပြန်လည် စုစည်းလာပြီး ပြန်လည် ဖြစ်တည်လာကြသည်။

‘ချီးတဲ့မှ...’

ဤတစ်ကြိမ်တွင်တော့ ရှမ့်လန်လည်း ကြောင်အသွားရ၏။ ရှေးဟောင်းလူသားများက ဤမျှ အစွမ်းထက်သည်လား။ ကျန်းလီ ပြုပြင်မွမ်းမံထားသော ရှေးဟောင်းလူသားများက ဤမျှအထိ အားကောင်းသည်လား။

ရှမ့်လန်၏ စွမ်းအင်ဝဲကတော့သည် ယခင်ကထက် များစွာ ပိုမို အားကောင်းနေပြီ ဖြစ်သည်။ ထိုစဉ်က သူသည် ရင်ဝူမင်ကို တစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်ခဲ့၏။ ယခုအခါတွင်မူ အတွေ့ရ အများဆုံး အမျိုးအစား ဖြစ်သည့် ရှေးဟောင်းလူသား စစ်သည်တော် တစ်ဦးကိုပင် မသတ်ဖြတ်နိုင်တော့ပေ။ ဆိုလိုသည်မှာ မည်သည့် ရှေးဟောင်းလူသား စစ်သည်တော်၏ သိုင်းပညာ စွမ်းအင်မဆို ထိုစဉ်က ရင်ဝူမင်ထက် များစွာ သာလွန်နေသည် ဟူ၍လား။

‘ဒါက... ဒါက သိပ်ကို ကြီးကျယ်လွန်းရာ ကျမနေဘူးလား၊ သိပ်ကို ကြောက်စရာ ကောင်းလွန်းမနေဘူးလား။’

ကျန်းလီ၏ လက်အောက်တွင် ဤကဲ့သို့သော ရှေးဟောင်းလူသစ်ပေါင်း ၃ သိန်း ရှိနေသည် မဟုတ်ပါလား။ မည်သို့ တိုက်ခိုက်ကြမည်နည်း။

ထို့နောက် ရှမ့်လန်သည် စွမ်းအင်ဝဲကတော့များကို ဆက်လက် ပစ်လွှတ်သော်လည်း အကြိမ်တိုင်းတွင် ဤ ရှေးဟောင်းလူသား စစ်သည်တော်များကို နောက်ဆုတ်သွားစေရုံသာ တတ်နိုင်သည်။ သူတို့၏ ခန္ဓာကိုယ်များ ကြေမွသွားလျှင်ပင် မူလအခြေအနေသို့ ပြန်လည် ရောက်ရှိနိုင်ကြသည်။

ထိုကဲ့သို့ပင် ရှေးဟောင်းလူသား စစ်သည်တော် ဆယ်ဦးကျော်သည် ဆက်လက် တိုးကပ်လာပြီး ရှမ့်လန်ကို ဝိုင်းရံထားလိုက်ကြ၏။

ရှစ်ချင်းချင်း အတုသည် ရှမ့်လန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ကျူးဟုန်ရွှဲ့နှင့် ကျန်းမီတို့ကို ခေါ်ဆောင်ကာ ချက်ချင်းပဲ ထွက်ခွာသွားသည်။

ရှစ်ချင်းချင်း အတုက အမိန့်ပေးလိုက်၏။ “သူ့ကို ဖမ်းချုပ်ထား... သူ့ဦးနှောက်ကို ဖြတ်ပြီး မြို့တော်ကို ယူလာခဲ့၊ ခွဲစိတ်စစ်ဆေးပြီး ဘာပြဿနာရှိလဲ ဆိုတာ ရှာဖွေရမယ်။ သူ ဘာလို့ ငါ့အမိန့်ကို ဖောက်ဖျက်ရတာလဲ ဆိုတာ သိမှဖြစ်မယ်။”

“ကောင်းပါပြီ။”

ချက်ချင်းပဲ ဤ ရှေးဟောင်းလူသား စစ်သည်တော်များသည် တိုက်ခိုက်နည်းဗျူဟာကို ပြောင်းလဲ လိုက်ကြသည်။ သူတို့သည် အခြေခံအကျဆုံး နည်းလမ်းဖြစ်သည့် ဝင်ဆောင့်ခြင်းကို အသုံးပြုကြသည်။

သို့သော်ငြား ဤသည်မှာ အလွန် ကြောက်မက်ဖွယ်ရာကောင်းသော ဝင်ဆောင့်ခြင်း ဖြစ်သည်။ သူတို့၏ ခန္ဓာကိုယ်များသည် ချက်ချင်းပဲ ဖောက်ထွင်းမြင်နိုင်သော အခြေအနေသို့ ပြောင်းလဲသွားပြီး ရူးသွပ်မတတ် အရှိန် မြှင့်တင်လိုက်ကြ၏။ စွမ်းအင် အမြောက်ဆံများကဲ့သို့ ရှမ့်လန်၏ခန္ဓာကိုယ်ကို ဝင်ဆောင့်လိုက်ကြ၏။

“ဘုန်း... ဘုန်း.. ဘုန်း… ဘုန်း...”

ရှေးဟောင်းလူသား စစ်သည်တော် ဆယ်ဦးကျော်သည် ရှမ့်လန်ကို ဝိုင်းရံကာ လျှပ်စီးများပမာ ဝင်ဆောင့်ပြီး ဗုံးကြဲ တိုက်ခိုက်ကြသည်။ သူတို့တစ်ဦးစီသည် တစ်စက္ကန့်လျှင် အကြိမ် ၃၀ ခန့် ဝင်ဆောင့်ကြရာ ရှမ့်လန်မှာ တစ်စက္ကန့်လျှင် အကြိမ် ၅၀၀ ခန့် ထိမှန်ခံနေရခြင်း ဖြစ်သည်။

ထို့အပြင် ဝင်ဆောင့်မှု တစ်ကြိမ်စီသည် အထူးစွမ်းအင်ဗုံးတစ်လုံးနှင့် ညီမျှသည်။ ဤ ရှေးဟောင်းလူသားများ၏ တိုက်ခိုက်နည်းမှာ ဤမျှ ထူးဆန်းလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားနိုင်ချေ။ ရှမ့်လန်၏ခန္ဓာကိုယ်သည် ရူးသွပ်မတတ် ဝင်ဆောင့်ခံနေရပြီး အကြိမ်တိုင်းတွင် ကျယ်လောင်သော ပေါက်ကွဲသံများ ထွက်ပေါ်နေ၏။ ဗုံးပေါင်းများစွာ ပေါက်ကွဲနေသကဲ့သို့ပင်။

“ဘုန်း... ဘုန်း.. ဘုန်း… ဘုန်း...”

မျက်စိတစ်မှိတ် အတွင်းမှာပဲ မီတာ ရာချီ မြင့်မားသော ချောက်ကမ်းပါးကြီးသည် တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာသော တုန်ခါမှုလှိုင်းများကြောင့် တစ်စစီ ကြေမွပျက်စီးသွားခဲ့ရသည်။

ထိုအချိန်တွင် ရှမ့်လန်သည်လည်း တိုက်ခိုက်မှုများနှင့် ပေါက်ကွဲမှုများကြောင့် မူးဝေနေခဲ့ပြီ ဖြစ်သည်။ သို့သော်ငြား အရေးကြီးဆုံးအချက်မှာ သူ ပိတ်မိနေခြင်းပင်။ ဤ ရှေးဟောင်းလူသားများ၏ ရူးသွပ်ဖွယ်ရာ တိုက်ခိုက်မှုများကြားတွင် သူ ပိတ်မိနေခဲ့၏။

စွမ်းအင်ဝဲကတော့သည်လည်း ဆက်လက် တောင့်ခံနိုင်စွမ်း မရှိတော့ချေ။ အချိန်နှောင်းသွားခဲ့ပြီ ဖြစ်သည်။ ဤ ရှေးဟောင်းလူသား စစ်သည်တော်များသည် မသေမျိုးနီးပါး ဖြစ်နေပြီး ဝင်ဆောင့်သည့် အရှိန်မှာလည်း မြန်ဆန်လွန်းလှသည်။

သို့သော်ငြား ဤကဲ့သို့သော တိုက်ခိုက်မှုမျိုးတွင် ရှမ့်လန်သည် ထိုသူတို့၏ ကိုယ်ပိုင် ခန္ဓာကိုယ်များ တစ်စစီ ပြိုကွဲပျက်စီးနေသည်ကို မြင်တွေ့နေရ၏။ ဤအချိန်တွင် ရှစ်ချင်းချင်း အတုသည် ကျူးဟုန်ရွှဲ့နှင့် ကျန်းမီတို့ကို ခေါ်ဆောင်ကာ ထွက်ပြေးသွားပြီး ပို၍ ဝေးကွာသွားခဲ့ပြီ ဖြစ်၏။

‘မဖြစ်ဘူး။ ဒီလို ခံစစ်အနေအထားကို ချက်ချင်း ပြောင်းလဲပစ်မှ ဖြစ်မယ်။’

ဤ ရှေးဟောင်းလူသား စစ်သည်တော်များကို မည်သို့ ဖျက်ဆီးရမည်နည်း။ စောဏက ရှစ်ချင်းချင်း အတုက ပြောသွားသည်မှာ သူတို့၏ ဦးနှောက်ကို ဖြတ်ပြီး သုတေသနပြုရန် မြို့တော်သို့ ယူဆောင်လာခဲ့ ဟူ၍ ဖြစ်သည်။ ယခုအခါ ရှမ့်လန်သည် သူတို့၏ ခေါင်းများကို ဖြတ်တောက်ရန် နည်းလမ်း ရှာရတော့မည်။

သို့ပေမည့် မည်သို့ လုပ်ရမည်နည်း။ တိုက်ခိုက်ခံနေရစဉ်တွင် ရှမ့်လန်၏ စိတ်အာရုံများ အလျင်အမြန် လှုပ်ရှားနေခဲ့၏။ အတိုင်းအတာ တစ်ခုအထိ ပြောရလျှင် ရှမ့်လန်၏ လက်ရှိ ခန္ဓာကိုယ်သည်လည်း သုညသာ ဖြစ်သည်။ အရာအားလုံးကို ကိုယ်တိုင် နားလည်သဘောပေါက်ပြီး တီထွင်ဖန်တီးယူရမည်။ တိုက်ခိုက်နည်း အမျိုးမျိုး ဆိုသည်မှာ ဖြစ်နိုင်ခြေ ရှိသည်။

ရှမ့်လန်၏ စိတ်အာရုံသည် လျင်မြန်စွာ အလုပ်လုပ်နေ၏။ ရှေးဟောင်းဘုရင် လက်စွပ်နှင့် နဂါးနှလုံးသားကို ဝတ်ဆင်ထားစဉ်က သူသည် နဂါးနောင်တ အပါအဝင် ရှေးဟောင်း လက်နက်ကိရိယာ အားလုံးကို ထိန်းချုပ် ရပ်တန့်နိုင်ခဲ့၏။

ယခုအခါ သူ၏ ဝိညာဉ်စွမ်းအားသည် ယခင်ကထက် များစွာ၊ များစွာ ပိုမို အားကောင်းနေပြီ ဖြစ်ရာ ဤ လူသစ်များကို မလှုပ်မယှက် ဖြစ်အောင် လုပ်နိုင်မည်လား။ ရှမ့်လန်၏ စိတ်အာရုံသည် စိတ်စွမ်းအင် ညီမျှခြင်း တစ်ခုကို လျင်မြန်စွာ ပုံဖော်လိုက်သည်။

မိနစ်အနည်းငယ် အကြာတွင် နှိုင်းယှဉ်၍ မရနိုင်လောက်အောင် အားကောင်းသော စိတ်စွမ်းအင် ညီမျှခြင်း တစ်ခုသည် သူ၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်ပေါ်လာသည်။ ပတ်ဝန်းကျင်လေထုသည် အနည်းငယ် တုန်ခါသွားခဲ့၏။ ဗုံးငယ်တစ်လုံး ပေါက်ကွဲသွားသကဲ့သို့ပင်။

တစ်ခဏချင်း အတွင်းမှာပင် ရှေးဟောင်းလူသား စစ်သည်တော် ဆယ်ဦးကျော်သည် အားလုံး ခဲသွားသကဲ့သို့ ဖြစ်ကာ မလှုပ်မယှက် ဖြစ်သွားကြသည်။ ထို့နောက် ရှမ့်လန်၏ ဓားသည် လျှပ်စီးပမာ လှုပ်ရှားလိုက်၏။

“ရွှပ် ရွှပ် ရွှစ် ရွှစ်...”

တစ်ခဏချင်း အတွင်းမှာပဲ ရှေးဟောင်းလူသား စစ်သည်တော်ဆယ်ဦးကျော်၏ ခေါင်းများအားလုံး ပြတ်တောက်သွားခဲ့ပြီ ဖြစ်သည်။ ထိုတင်သာ မကသေးပေ။ သူသည် သူတို့၏ခေါင်းများကို တိုက်ရိုက် ခွဲစိတ်လိုက်ပြီး ဦးနှောက်များကို ထုတ်ယူလိုက်သည်။

ရှမ့်လန် မျှော်လင့်ထားသည့်အတိုင်းပင် သူတို့၏ဦးနှောက်များသည် သာမန်လူများ၏ ဦးနှောက်များ မဟုတ်တော့ဘဲ ငရဲသလင်းကျောက်ဖြင့် ထုပ်ပိုးထားသော ဝိညာဉ်စွမ်းအင် အစုအဝေးများ ဖြစ်နေကြ၏။

ထိုစဉ်က ကျန်းလီသည် သူတို့၏ ဝိညာဉ်များကို ခန္ဓာကိုယ်မှ ခွဲထုတ်ကာ ငရဲသလင်းကျောက်များဖြင့် ထုပ်ပိုးပြီး ရှေးဟောင်းခေတ် ကြီးမားသည့် ပျက်သုဉ်းခြင်း ဘေးအန္တရာယ်မှ ရှောင်တိမ်းရန် အာကာသ ယာဉ်ဖြင့် အာကာသထဲသို့ လွှတ်တင်ခဲ့ခြင်း ဖြစ်သည်။ ဤလောကသို့ ပြန်လည် ရောက်ရှိလာပြီးနောက် သူသည် အဆင့်မြင့် နဂါးဉာဏ်အလင်းကို အသုံးပြုကာ ဤရှေးဟောင်းလူသားများအတွက် စွမ်းအင် ခန္ဓာကိုယ်များ ဖန်တီးပေးခဲ့ခြင်း ဖြစ်သည်။

ရှေးဟောင်း သံချပ်ကာ လိုအပ်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ရှေးဟောင်းလူသား တိုင်း၏ စွမ်းအင်ခန္ဓာကိုယ် သည် အလွန် သန်မာနှင့်ပြီး ဖြစ်သောကြောင့်ပင်။ ဓားပြီးလှံပြီး ဖြစ်ရုံသာမက စွမ်းအင်ဝဲကတော့ ကိုပင် ခုခံနိုင်စွမ်း ရှိသည်။ ထိခိုက်ပျက်စီးသွားလျှင်ပင် လျင်မြန်စွာ ပြန်လည် ပြုပြင်နိုင်၏။ လုံးဝ သတ်၍ မသေနိုင်ပေ။ မိုးကောင်းကင်ကို အန်တုနိုင်လွန်းအားကြီးနေ၏။

All Chapters